မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အချိန်တန်၍ပြောသောစကားသည် အလွန်လျောက်ပတ်ပေ၏’

‘အချိန်တန်၍ပြောသောစကားသည် အလွန်လျောက်ပတ်ပေ၏’

‘အချိန်တန်​၍​ပြော​သော​စကား​သည် အလွန်​လျောက်ပတ်​ပေ​၏’

ယေဟောဝါသက်သေ​များ​၏ တစ်ရက်​စည်းဝေးပွဲ​တစ်ခု​တွင် ကင်မ်​သည် နှစ်နှစ်ခွဲ​အရွယ်​သမီးလေးကို ငြိမ်ငြိမ်​ထိုင်​စေရန် ထိန်း​နေရင်း အတတ်နိုင်ဆုံး အာရုံစိုက်​နားထောင်​ကာ မှတ်စု​ယူ​ခဲ့​သည်။ အစီအစဉ်​ပြီးသွား​သည့်​အခါ ကင်မ်​နှင့်​တစ်တန်း​တည်း​ထိုင်​နေသော ခရစ်ယာန်​ညီအစ်မ​တစ်ဦး​က ကင်မ်​တို့​ဇနီး​မောင်နှံ​အနေ​နှင့် မိမိတို့၏​သမီးလေးကို စည်းဝေး​အစီအစဉ်​အတွင်း ကောင်းကောင်း​ထိန်းထား​နိုင်​သည့်​အတွက် ချီးမွမ်း​စကား​ဆို​ခဲ့​သည်။ ထို​ချီးမွမ်း​စကား​သည် နှစ်​အတန်ကြာ​ခဲ့ပြီ​ဖြစ်သော်လည်း ယနေ့​ထက်​ထိ​ပင် ကင်မ်​အတွက် အလွန်​အရေးပါ​လေ​သည်။ သူ​ဤသို့​ဆို​၏– “အစည်းအဝေးတွေမှာ အရမ်း​ပင်ပန်း​တဲ့​အခါ အဲဒီ​ညီမ​ရဲ့​စကား​ကို ပြန်ကြား​ယောင်​မိတယ်။ သူ့ရဲ့​ကြင်နာ​တဲ့​စကား​က ကျွန်မ​သမီးကို ဆက်​လေ့ကျင့်​သွန်သင်​ပေး​ဖို့ အားပေးမှု​ဖြစ်စေ​တုန်း​ပဲ။” အခန့်သင့်​စကား​များသည် လူတစ်ဦးကို အားပေးမှု​ဖြစ်စေ​နိုင်​ပါ​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– ‘အချိန်တန်​၍​ပြော​သော​စကား​သည် အလွန်​လျောက်ပတ်​ပေ​၏။’—သု. ၁၅:၂၃

အချို့​သူတို့သည် သူတစ်ပါးကို​ချီးမွမ်း​ရန် ဝန်​လေး​နေ​ပေမည်။ တစ်ခါတစ်ရံ ကျွန်ုပ်​တို့၏​ချွတ်ယွင်းချက်​များ​ကို အာရုံစိုက်​နေခြင်း​က ယင်း​သို့​ပြု​ရန် ခက်ခဲ​စေနိုင်​သည်။ ခရစ်ယာန်​တစ်ဦး ဤသို့​ဆို​သည်– “ကျွန်တော့်​အတွက်​တော့ ချီးမွမ်း​စကားပြော​ရတာက ရွှံ့နွံ​ထဲ​ရောက်နေ​သလိုပဲ။ သူများကို​ဆွဲတင်​လေ​လေ ကိုယ်​က​တော့ နစ်​ဝင်​လေ​လေ​လို့ ခံစား​ရတယ်။” ရှက်ကြောက်ခြင်း၊ ယုံကြည်​စိတ်ချမှု​မရှိခြင်း​နှင့် အခြားသူများ နားလည်မှု​လွဲ​မည်​ကို စိုးရိမ်ခြင်း​စ​သည်​တို့​ကြောင့်​လည်း သူတစ်ပါးကို​ချီးမွမ်း​ရန် ဝန်​လေး​နိုင်​သည်။ ထို့​ပြင် မိမိ​ကိုယ်တိုင်​က ချီးမွမ်း​မခံရ​ဘဲ ကြီးပြင်း​လာ​မည်​ဆိုလျှင် သူတစ်ပါးကို​ချီးမွမ်း​ရန် အခက်တွေ့​နိုင်​သည်။

မည်သို့​ဆို​စေ၊ ချီးမွမ်း​ခြင်း​ကြောင့် နှစ်ဦး​နှစ်ဖက်​အကျိုး​ခံစားရ​ကြောင်း သိထားခြင်းက အခန့်သင့်​အချိန်တွင် သူတစ်ပါးကို အတတ်နိုင်ဆုံး ချီးမွမ်း​စကား​ဆို​ရန် လှုံ့ဆော်ပေး​ပါ​မည်။ (သု. ၃:၂၇) ထိုသို့​ပြုခြင်း​ဖြင့် အဘယ်​အကျိုးကျေးဇူး​ခံစားရ​မည်​နည်း။ အကျိုးကျေးဇူး​တချို့​ကို အကျဉ်းချုပ်​သုံးသပ်ကြည့်​ကြ​စို့။

အကျိုးကျေးဇူးများ

လျောက်ပတ်​သော ချီးမွမ်း​စကား​သည် ချီးမွမ်း​ခံရ​သူအား ယုံကြည်​စိတ်ချမှု​ရှိစေသည်။ ခရစ်ယာန်​ဇနီးသည် အီလင်း​က ဤသို့​ဆို​သည်– “လူတွေ ကျွန်မ​ကို​ချီးမွမ်း​ကြ​တဲ့​အခါ ငါ့ကို သူတို့​ယုံကြည်​စိတ်ချ​ကြ​ပါ​လားလို့ ခံစား​ရတယ်။” မိမိကိုယ်ကို ယုံကြည်​စိတ်ချမှု​မရှိသူ​ကို ချီးမွမ်း​စကား​ဆို​ခြင်း​က ထို​သူအား အခက်အခဲ​များ​ကို​ရင်ဆိုင်​နိုင်​ရန် ရဲစွမ်းသတ္တိ​ရှိစေ​ကာ ပျော်ရွှင်မှု​ခံစားရ​စေ​သည်။ အထူးသဖြင့် ချီးမွမ်း​ထိုက်​သော​လူငယ်များသည် ချီးမွမ်း​စကား​မှ အကျိုး​ခံစား​ကြ​ရသည်။ မိမိ၏​အပျက်သဘောထား​ကြောင့် စိတ်ဓာတ်ကျ​နေ​သူ ဆယ်ကျော်သက်​တစ်ဦး ဤသို့​ဝန်ခံ​သည်– “ဘုရားသခင့်​မျက်နှာသာ​ရအောင် ကျွန်မ အတတ်နိုင်ဆုံး​ကြိုးစား​တယ်။ ဒါပေမဲ့ တစ်ခါ​တ​လေ ဘာပဲ​လုပ်​လုပ် မထူး​ပါ​ဘူးလို့ ခံစား​ရတယ်။ တစ်ယောက်ယောက်​ဆီက ချီးမွမ်း​စကား​ကြား​ရတဲ့အခါ ကျွန်မ​ပျော်​တယ်။” ကျမ်းစာ​ပါ ဤ​ပညာရှိ​စကား​က အလွန်​မှန်​ပေ​သည်– “လျောက်ပတ်​သော​စကား​သည် ငွေ​အပြော​က်​မှာ​စီ​ချယ်​သော ရွှေ​ရှောက်​ချို​သီး​နှင့်​တူ​၏။”—သု. ၂၅:၁၁

ချီးမွမ်း​စကား​သည် လူတစ်ဦးကို အားပေး​လှုံ့ဆော်မှု​ဖြစ်စေ​နိုင်​သည်။ “ချီးမွမ်း​စကား​ကြား​ရတာက ပို​ပြီး​ကြိုးစား​လုပ်ဆောင်​စေတယ်၊ ကျွန်တော့်​ရဲ့​ခရစ်ယာန်​ဓမ္မ​အမှု​အရည်အသွေးကို​လည်း တိုးတက်စေ​တယ်” ဟု​အချိန်ပြည့်​အမှုဆောင်​တစ်ဦး​က ပြော​သည်။ ကလေး​နှစ်ဦး​မိခင်​က မိမိ၏​ကလေး​များသည် အစည်းအဝေး​တွင် အဖြေပေး​သည့်​အတွက် အခြားသူများ​ထံ​မှ ချီးမွမ်း​စကား​ကြား​ရသောအခါ သူတို့ ပို​၍​အဖြေပေး​လို​ကြ​ကြောင်း သတိပြုမိ​ခဲ့​သည်။ ချီးမွမ်း​စကား​သည် လူငယ်များ​အား ခရစ်ယာန်​အသက်တာတွင် တိုးတက်မှု​ရှိစေသည်။ အမှန်​မှာ ကျွန်ုပ်​တို့အားလုံး​သည် တန်ဖိုး​ထား​လေးစား​ခံရ​ကြောင်း ယုံကြည်​စိတ်ချ​ဖို့​လို​သည်။ စိတ်ဖိစီးမှု​ပြည့်နေ​သည့် ဤ​လောကတွင် ကျွန်ုပ်​တို့ စိတ်ပျက်​အားလျော့​မိ​နိုင်​သည်။ ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​က “တစ်ခါ​တ​လေ စိတ်ဓာတ်ကျ​တဲ့​အခါ ချီးမွမ်း​စကား​ကြား​ရတာက ကျွန်တော့်​ရဲ့​ဆုတောင်းချက် ဖြေကြား​ခံရ​သလိုပဲ” ဟု​ဆို​သည်။ အလားတူ အီလင်း​က​လည်း “တစ်ခါ​တ​လေ ဘုရားသခင်​ဟာ ကျွန်မ​ကို​ချစ်ခင်​နှစ်သက်​ကြောင်း အခြားသူ​တွေ​က​တစ်ဆင့် ဖော်ပြ​နေတယ်လို့ ခံစား​မိတယ်” ဟု​ဆို​သည်။

ချီးမွမ်း​ခံရ​ခြင်း​သည် ရင်းနှီး​ဖော်ရွေမှု​ကို ဖြစ်ပေါ်​စေနိုင်​သည်။ စိတ်ရင်းမှန်​ဖြင့်​ချီးမွမ်း​ခြင်း​က ထောက်ထား​စာနာ​ကြောင်း​ပြ​ရာ​ရောက်​ပြီး ဖော်ရွေမှု၊ လုံခြုံမှု​နှင့် လေးစားမှု​တို့​လွှမ်းခြုံ​သော​ဝန်းကျင်​ကို ဖြစ်ပေါ်​စေ​၏။ ယင်းက ကျွန်ုပ်​တို့၏​ခရစ်ယာန်​ရောင်းရင်း​များ​ကို အမှန်တကယ်​ချစ်​ကြောင်း၊ တန်ဖိုး​ထား​ကြောင်း တင်ပြ​ရာ​ရောက်​သည်။ မိခင်​ဖြစ်သူ​ဂျို​စီ​က ဤသို့​ဆို​သည်– “အရင်တုန်းက ဘာသာ​မတူတဲ့​မိသားစုမှာ အမှန်တရား​ဘက် မားမားမတ်မတ်​ရပ်တည်ခဲ့​ရတယ်။ အဲဒီတုန်းက ဝိညာဉ်​ရေး​ရင့်ကျက်သူတွေရဲ့ ချီးမွမ်း​စကား​တွေ​ကြောင့် လက်မလျှော့​ဖို့  ကျွန်မ စိတ်​ဒုန်း​ဒုန်း​ချ​လိုက်တယ်။” ကျွန်ုပ်​တို့သည် အမှန်ပင် “အချင်းချင်း​အင်္ဂါ​ချင်း​ဖြစ်​ကြ​၏။”—ဧဖက် ၄:၂၅

ချီးမွမ်း​စကားပြော​လို​ခြင်း​က သူတစ်ပါး​၏​ကောင်းကွက်​ကို တွေ့ မြင်​စေ​သည်။ ကျွန်ုပ်​တို့သည် သူတစ်ပါး​၏​အားနည်းချက်ကို မဟုတ်ဘဲ အရည်အသွေးကောင်း​ကို ရှာဖွေ​ကြသည်။ “အခြား​သူတွေရဲ့​လုပ်ဆောင်မှုကို တန်ဖိုး​ထား​မယ်​ဆိုရင် သူတို့ကို​ချီးမွမ်း​ဖို့ ကူညီ​ပေး​မှာ​ဖြစ်တယ်” ဟု​ခရစ်ယာန်​အကြီးအကဲ​ဖြစ်သူ ဒေးဗစ်​က ဆို​သည်။ ယေဟောဝါ​နှင့် ကိုယ်တော်​၏​သားတော်​ပင် မစုံလင်သူ​လူသားများ​အား အလွန်​ချီးမွမ်း​ခဲ့​သည်ကို သတိရ​နေခြင်း​က ကျွန်ုပ်​တို့​လည်း သူတစ်ပါးကို​ချီးမွမ်း​ရန် စေ့ဆော်​ပေး​သည်။—မဿဲ ၂၅:၂၁-၂၃; ၁ ကောရိန္သု ၄:၅

ချီးမွမ်း​ခံထိုက်​သူများ

ယေဟောဝါ​ဘုရားသခင်​သည် ဖန်ဆင်း​ရှင်​ဖြစ်သော​ကြောင့် ချီးမွမ်း​ခံထိုက်​သူများ​တွင် ဦးဆုံး​ပုဂ္ဂိုလ်​ဖြစ်​တော်​မူ​သည်။ (ဗျာ. ၄:၁၁) ကိုယ်တော်​သည် မိမိကိုယ်ကို​ယုံကြည်​စိတ်ချမှု​ရှိ​ရန် သို့​မဟုတ် အားပေး​လှုံ့ဆော်မှု​ဖြစ်စေ​ရန် ကျွန်ုပ်​တို့​ထံ​မှ ချီးမွမ်း​စကား​များ မလို​အပ်​ချေ။ သို့သော် ယေဟောဝါ​၏​စိုးရွံ့ဖွယ်​ကောင်းခြင်း​နှင့် ချစ်ခင်​ကြင်နာ​ခြင်း​တို့ကို ကျွန်ုပ်​တို့​ချီးမွမ်း​ကြ​သည့်​အခါ ကိုယ်တော်​သည် ကျွန်ုပ်​တို့​ထံ ချဉ်းကပ်​လာပြီး ကိုယ်တော်​နှင့်​ကောင်းသော​ဆက်ဆံ​ရေး ရရှိစေ​သည်။ ထို့​ပြင် ဘုရားသခင်​အား ချီးမွမ်း​ခြင်း​က ကျွန်ုပ်​တို့၏​အောင်မြင်​ပြီးမြောက်မှု​များ​အပေါ် တော်ရုံ​သင့်​ရုံ​ရှုမြင်​စေပြီး ယေဟောဝါ​ကြောင့်​သာ ထိုသို့​အောင်မြင်​နေရ​ခြင်း​ဖြစ်သည်ဟု ခံစား​စေ​သည်။ (ယေရမိ ၉:၂၃၊ ၂၄) ယေဟောဝါ​အား ချီးမွမ်း​ရန် လှုံ့ဆော်ပေး​သည့် နောက်​အကြောင်းရင်း​တစ်ခု​မှာ ကိုယ်တော်​သည် ထိုက်တန်​သူအား​လုံး​ကို ထာဝရ​အသက်​ရမည့်​အလားအလာ ကမ်း​လှမ်း​ထားခြင်း​ဖြစ်​ပေ​သည်။ (ဗျာ. ၂၁:၃၊ ၄) ရှေးခေတ်​မှ​ဘုရင်​ဒါဝိဒ်​သည် “ဘုရားသခင်​၏​နာမတော်​ကို ထောမနာ​သီချင်းဆို” လို​စိတ်​နှင့် “ကျေးဇူးတော်​ကို​ပြ​၍ ဘုရားသခင်​ကို ချီးမွမ်း” လို​စိတ်​ပြင်းပြ​ခဲ့​သည်။ (ဆာလံ ၆၉:၃၀) ကျွန်ုပ်​တို့၏​သဘောထား​လည်း အလားတူ​ဖြစ်ပါစေ။

ခရစ်ယာန်​ရောင်းရင်း​များလည်း သင့်တော်​သလို ချီးမွမ်း​ခံထိုက်​ပါ​သည်။ ကျွန်ုပ်​တို့​ချီးမွမ်း​ပေး​သည့်​အခါ “အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု​ကြ” ပါ​ဟူ​သည့် ဘုရားသခင်​၏​မိန့်မှာချက်ကို လိုက်နာ​နေကြ​ခြင်း​ဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄) ဤ​ကိစ္စ​တွင် စံ​ပြု​ထိုက်​သူ​မှာ တမန်​တော်​ပေါလု​ဖြစ်သည်။ ရောမ​အသင်းတော်​ထံ သူ​ဤသို့​ရေးခဲ့​၏– “သင်တို့၏​ယုံကြည်ခြင်း​အရာ​သည် မြေတစ်ပြင်လုံး၌ အနှံ့အပြား​ကျော်စော​သည်​ဖြစ်၍ သင်တို့​အကြောင်းကြောင့် ယေရှု​ခရစ်​အားဖြင့် ငါ​၏​ဘုရားသခင်​ကျေးဇူးတော်​ကို ရှေးဦး​စွာ​ငါ​ချီးမွမ်း​၏။” (ရောမ ၁:၈) အလားတူ တမန်​တော်​ယောဟန်​သည် ခရစ်ယာန်​ချင်း​ဖြစ်သူ ဂါယု​၏ “သမ္မာ​တရား၌​ကျင်လည်” သည့် ပုံသက်သေ​ကောင်း​ကို ချီးမွမ်း​ခဲ့​သည်။—၃ ယောဟန် ၁-၄

ယနေ့ ခရစ်ယာန်​ရောင်းရင်း​တစ်ဦး​သည် ခရစ်ယာန်​အရည်အသွေး​တစ်ခု​ကို ထူးထူးခြားခြား​တင်ပြ​သည့်​အခါ၊ အစည်းအဝေး​တွင် ကောင်းစွာ​ဟောပြော​တင်ဆက်​သည့်​အခါ သို့​မဟုတ် လှိုက်လှိုက်လှဲလှဲ​ဖြေဆို​သည့်​အခါ သူ့​အား ကျေးဇူး​တင်​ကြောင်း​ပြော​ရန် အခွင့်ကောင်း​ဖြစ်၏။ ကလေး​တစ်ဦး​သည် အသင်းတော်​အစည်းအဝေး​တွင် ကျမ်းချက်​များ​ကို လိုက်​ဖွင့်​ရန် ကြိုးစား​သည့်​အခါ ကျွန်ုပ်​တို့ ချီးမွမ်း​စကား​ဆိုနိုင်​သည်။ အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သော အီလင်း​က ဤသို့​ဆို​သည်– “ကျွန်မ​တို့​ရဲ့ အရည်အချင်းတွေ​က တစ်ယောက်​နဲ့​တစ်ယောက် မတူကြဘူး။ သူတစ်ပါးရဲ့​လုပ်ဆောင်မှုကို သတိပြု​ခြင်း​အားဖြင့် ဘုရားသခင့်​လူမျိုး​တွေ​ရဲ့ အရည်အချင်း​အမျိုးမျိုးကို ကျေးဇူး​တင်​ကြောင်း​ပြ​နိုင်တယ်။”

မိသားစုတွင်

ကျွန်ုပ်​တို့၏​မိသားစုဝင်​များ​ကို ကျေးဇူး​တင်​ကြောင်း ပြောဆိုခြင်း​ကော မည်သို့​နည်း။ ဇနီး​နှင့်​ခင်ပွန်း​တို့သည် မိသားစု​၏​ဝိညာဉ်​ရေး၊ စိတ်ဓာတ်​ရေး​နှင့် ရုပ်ပစ္စည်း​အရ​ထောက်ပံ့​ပေး​ရန် အချိန်၊ ခွန်အား​နှင့် မေတ္တာပါပါ​ဂရုစိုက်​ပေး​မှု များစွာ​လို​သည်။ ၎င်း​တို့​အချင်းချင်း​နှင့် ကလေး​များ​ထံ​မှ ချီးမွမ်း​စကား ကြား​ထိုက်​သည်​မှာ သေချာ​သည်။ (ဧဖက် ၅:၃၃) ဥပမာ၊ အရည်အချင်း​ရှိ ဇနီးသည်​တစ်ဦး​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သူ၏​သားသမီးတို့​သည် ထ၍ အမိကို​ကောင်းချီး​ပေး​တတ်ကြ​၏။ သူ၏​ခင်ပွန်း​က​လည်း . . . သူ့ကို​ချီးမွမ်း​တတ်၏။”—သု. ၃၁:၁၀၊ ၂၈၊ ၂၉

ကလေး​များလည်း ချီးမွမ်း​ခံထိုက်​ပါ​သည်။ ဝမ်းနည်းစရာမှာ မိဘ​အချို့​သည် မိမိတို့​ဖြစ်စေချင်​ရာ​ကို​သာ တောင်းဆို​တတ်ကြ​သော်လည်း ကလေး​များ​၏ နာခံမှု​ရှိ​ရှိ​နှင့် တလေးတစား ကြိုးစား​အားထုတ်မှုကို​ကား မ​ချီးမွမ်း​ပေး​တတ်ကြ​ချေ။ (လုကာ ၃:၂၂) ကလေး​တစ်ဦး​ငယ်ရွယ်စဉ်​တွင် ချီးမွမ်း​ပေးခြင်း​က ကလေး​အား တန်ဖိုး​ရှိသည်၊ လုံခြုံ​သည်​ဟု ခံစား​စေ​သည်။

သူတစ်ပါးကို​ချီးမွမ်း​ရန် ကြိုးစား​အားထုတ်​ရသည်​မှန်​သော်လည်း ထိုသို့​ပြုခြင်း​မှ အကျိုးများစွာ ခံစားရ​ပါ​လိမ့်​မည်။ ချီးမွမ်း​ခံထိုက်​သူတို့အား ကြိုးစား​ချီးမွမ်း​လေ​လေ ပျော်ရွှင်မှု ပို​ခံစားရ​လေ​လေ​ဖြစ်သည်။—တမန်​တော် ၂၀:၃၅

စိတ်ထားမှန်​ဖြင့် ချီးမွမ်း​ပေးခြင်း၊စိတ်ထားမှန်​ဖြင့် ချီးမွမ်း​ခံ​ခြင်း

ချီးမွမ်း​ခံရ​ခြင်း​က အချို့​သော​သူတို့​အတွက် စမ်းသပ်မှု​တစ်ခု​ဖြစ်​နိုင်၏။ (သု. ၂၇:၂၁) ဥပမာ၊ မာန​ထောင်လွှား​သူ​တစ်ဦး​အဖို့​မူ ယင်းသည် ဘဝ​မြင့်​သွား​စေနိုင်​သည်။ (သု. ၁၆:၁၈) ထို့​ကြောင့် သတိထား​စ​ရာ​လို​ပါ​သည်။ တမန်​တော်​ပေါလု​က ဤ​လက်တွေ့ကျ​အကြံပေး​ခဲ့​သည်– “သင်တို့သည် ကိုယ်ကို​ထင်​သင့်​သည်​အတိုင်း​ထက်​လွန်​၍​မထင်​ဘဲ ဘုရားသခင်​သည် လူ​အသီးအသီး​တို့အား ယုံကြည်ခြင်းကို ဝေပေး​တော်​မူ​သည်​နှင့်​အညီ ကိုယ်ကို​လျောက်ပတ်​စွာ​ထင်​ရမည်​အကြောင်း ငါသည် ကိုယ်​ခံရ​သော​ကျေးဇူးတော်​ကို အမှီပြုလျက် သင်တို့တွင်​ရှိသမျှ​သော​သူတို့ကို မှာ​ထား​၏။” (ရောမ ၁၂:၃) ကိုယ့်​ကိုယ်ကို​အထင်ကြီး​လွန်း​ခြင်း​ထောင်ချောက်​ထဲ ကျ​မသွားဖို့ အခြား​သူတို့ကို ကူညီ​ပေး​ရန် ဉာဏ်​ထက်မြက်မှု သို့​မဟုတ် ရုပ်ရည်​လှပမှု​စ​သည့် ထူးခြားချက်​များ​အပေါ် အာရုံမစိုက်​ခြင်း​က ပညာရှိရာ​ရောက်​သည်။ သို့​အစား ၎င်းတို့၏​အကျင့်ကောင်း​များ​ကို ချီးမွမ်း​ပေး​သင့်​သည်။

စိတ်ထားမှန်​ဖြင့် ချီးမွမ်း​ပေး​သည့်​အခါ​နှင့် စိတ်ထားမှန်​ဖြင့် ချီးမွမ်း​ခံရ​သည့်​အခါ ထို​ချီးမွမ်း​စကား​များ​က အကျိုး​ဖြစ်ထွန်း​စေနိုင်​သည်။ ကျွန်ုပ်​တို့​လုပ်ဆောင်ခဲ့​သည့် ကောင်းမှု​မှန်သမျှ​အတွက် ယေဟောဝါ​ထံ အကြွေးတင်​နေကြောင်း အသိအမှတ်ပြု​ရန် လှုံ့ဆော်​ခံရ​နိုင်​သည်။ ထို့​ပြင် ချီးမွမ်း​စကား​က အကျင့်ကောင်း​များ​ကို ဆက်​ကျင့်ကြံ​ရန် အားပေးမှု​ဖြစ်စေ​နိုင်​သည်။

ကျွန်ုပ်​တို့​အားလုံးပေး​နိုင်​သည့် လက်ဆောင်​တစ်မျိုး​မှာ စိတ်ရင်းမှန်​နှင့် ထိုက်တန်​သော ချီးမွမ်း​စကား​ဆို​ခြင်း​ဖြစ်၏။ တစ်ဦး​တစ်ယောက်ကို လေးလေးနက်နက် ချီးမွမ်း​စကား​ဆို​သောအခါ ထို​သူ​အတွက် ကျွန်ုပ်​တို့​သိထား​သည်ထက် ပို​၍​တာသွား​ပေမည်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

နှလုံး​ထိမိ​ခဲ့​သည့် စာ​တစ်စောင်

နယ်လှည့်​ကြီးကြပ်မှူး​တစ်ဦး​သည် ဆောင်း​ရာသီ​၏ အေးစိမ့်​သည့်​နေ့တစ်နေ့​တွင် ၎င်း​တို့​ဇနီး​မောင်နှံ အမှုဆောင်​လုပ်ငန်း​မှ နေအိမ်​သို့​ပြန်လာ​စဉ်​က အဖြစ်အပျက်​တစ်ခု​ကို ကောင်းကောင်း​မှတ်မိ​သည်။ သူ​ဤသို့​ပြော​သည်– “ကျွန်တော့်​ဇနီး​က အရမ်း​ချမ်း​နေပြီး စိတ်ဓာတ်​ကျနေ​တယ်။ ဆက်​မလုပ်နိုင်တော့ဘူး​လို့ ပြော​တယ်။ ‘အသင်းတော်​တစ်ခုမှာပဲ အချိန်ပြည့်​အမှုဆောင်​တွေ​အနေ​နဲ့ တစ်​နေရာ​တည်း​မှာပဲ​နေပြီး ကျမ်းစာ​သင်အံမှု​တွေ​ကျင်းပ​ရင် ဘယ်လောက်​ကောင်း​မလဲ’ လို့​သူပြောတယ်။ ကျွန်တော်​က ဘာ​ဆုံးဖြတ်ချက်​မှ​မချ​သေး​ဘဲ ‘ဒီ​အပတ်​အဆုံးအထိ ဆက်လုပ်​ရအောင်၊ ဒီတော့​မှ မင်း​ဘယ်လို​ခံစား​ရမလဲ​ဆိုတာ ကြည့်​မယ်။ အကယ်၍ ရပ်နား​လိုက်​ဖို့ ဆန္ဒ​ပြင်းပြ​နေ​သေး​တယ်​ဆိုရင် မင်း​ခံစားချက်​ကို စဉ်းစား​ပေး​မယ်’ လို့​ပြော​လိုက်တယ်။ အဲဒီ​နေ့ပဲ စာတိုက်​မှာ ကျွန်တော့်​ဇနီး​နာမည်​နဲ့ စာ​တစ်စောင် ဌာနခွဲရုံး​က ရောက်နေတယ်။ လယ်ကွင်း​လုပ်ငန်းမှာ ခံနိုင်ရည်​ရှိ​ရှိ​နဲ့ ကြိုးစား​လုပ်ဆောင်နေ​တာ​ကို လှိုက်လှိုက်လှဲ​လှဲ​ချီးမွမ်း​ထားပြီး အပတ်​တိုင်း အိပ်ရာ​ပြောင်းအိပ်​ရတဲ့ အခက်အခဲ​ကို​နားလည်​ကြောင်း အဲဒီ​စာ​ထဲမှာ ရေးထားတယ်။ အဲဒီ​ချီးမွမ်း​စကား​ကြောင့် သူ့ရဲ့​နှလုံး​ထိမိ​သွားပြီး နယ်လှည့်​လုပ်ငန်း​က ရပ်နား​မယ်​လို့ တစ်ခါ​မှ​မပြောတော့ဘူး။ ကျွန်တော်​က နား​ချင်​တယ်လို့​ပြော​ရင်တောင် ဆက်​လုပ်ဖို့ အကြိမ်ကြိမ်​အားပေးခဲ့တယ်။” ဤ​မောင်နှံ​သည် နယ်လှည့်​လုပ်ငန်း​တွင် အနှစ် ၄၀ နီးပါး ပါဝင်​ခဲ့​သည်။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သင့်​အသင်းတော်တွင် မည်သူ​တို့သည် ချီးမွမ်း​ခံထိုက်​သနည်း

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

သားသမီး​များသည် မေတ္တာပါပါ ဂရုစိုက်​ခြင်း​နှင့် ချီးမွမ်း​ပေးခြင်း​ကို ရ​လိုကြ