မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ကမ္ဘာဦး ၄၄:၅ တွင် ရည်ညွှန်း​ထား​ပုံ​ရသည့်​အတိုင်း ဘုရားသခင်​၏​သစ္စာရှိ​ကျေးကျွန် ယောသပ်​သည် ရှေ့​ဖြစ်​ဟော​ရန် ငွေ​ဖလား​ကို အသုံးပြု​ခဲ့​သလော။

ယောသပ်​သည် ရှေ့​ဖြစ်​ဟော​နည်း​တစ်မျိုး​မျိုးကို လိုက်စား​ခဲ့​သည်​ဟု ယူဆ​စ​ရာ​အကြောင်း​မရှိပေ။

အနာဂတ်​ကို​သိနိုင်​ရန် နတ်​ဝိဇ္ဇာ​အတတ်​အသုံးပြုခြင်း​အကြောင်း ယောသပ် မှန်ကန်​စွာ​နားလည်​ထား​သည်ကို သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ အစောပိုင်းက ဖာရော​၏​အိပ်မက်​ကို ယောသပ်​အနက်​ဖွင့်ပေး​သည့်​အခါ ယေဟောဝါ​တစ်ပါး​တည်း​သာ ရှေ့​ဖြစ်ရပ်​များ​ကို ကြားသိ​စေနိုင်​ကြောင်း သူ​ထပ်ခါတလဲ​ပြောဆို​ခဲ့​သည်။ ထို့​ကြောင့်​ပင် ရှေ့​ဖြစ်​ဟော​နည်းဖြင့်​မဟုတ်ဘဲ ယောသပ်​ကိုးကွယ်​သည့် စစ်မှန်သော​ဘုရားသခင်​က​သာ သူ့​အား အနာဂတ်​အကြောင်း အသေးစိတ်​သိရှိ​စေ​ကြောင်း ဖာရော​ကိုယ်တိုင်​ယုံကြည်ခဲ့​သည်။ (ကမ္ဘာဦး ၄၁:၁၆၊ ၂၅၊ ၂၈၊ ၃၂၊ ၃၉) နောက်ပိုင်း မောရှေ​ကို​ပေး​သော​ပညတ်​တွင် နတ်​ဝိဇ္ဇာ​အတတ် သို့ မဟုတ် ရှေ့ဖြစ်ဟောခြင်းကို ယေဟောဝါ​တားမြစ်​ထားခြင်း​က ကိုယ်တော်​တစ်ပါး​တည်း​သာ အနာဂတ်​ကို​ကြိုဟော​နိုင်​ကြောင်း အတည်ပြု​သည်။—တရားဟောရာ ၁၈:၁၀-၁၂

သို့​ဆိုလျှင် ယောသပ်​သည် ‘အနာဂတ်​ကို​ဟော’ ရန် ငွေ​ဖလား​ကို​အသုံးပြု​သည်​ဟု မိမိ၏​ကျွန်​မှ​တစ်ဆင့် အဘယ်ကြောင့်​ပြော​ရသနည်း။ * (ကမ္ဘာဦး ၄၄:၅) ယင်း​သို့​ပြောဆို​ရသည့် အခြေအနေ​ကို​ဆန်းစစ်​ရန် လို​သည်။

အလွန်​အစာ​ခေါင်းပါး​သောကြောင့် ယောသပ်​၏​အစ်ကို​များသည် အစားအစာ​ဝယ်​ရန် အီဂျစ်​ပြည်​သို့ ခရီးနှင်​ခဲ့​ကြသည်။ လွန်ခဲ့သော​နှစ်များ​က ဤသူတို့​ပင် ယောသပ်​အား ကျွန်​အဖြစ်​ရောင်းစား​ခဲ့​ကြသည်။ ယခု​မူ ၎င်း​တို့​အကူအညီ​တောင်းခံ​သော အီဂျစ်​ပြည်​၏​ရိက္ခာဝန်​သည် မိမိတို့၏​ညီရင်း​ဖြစ်နေ​မှန်း မသိကြ​ပေ။ ယောသပ်လည်း အဖြစ်မှန်​ကို​ဖွင့်ပြော​မည့်​အစား သူတို့ အမှန်တကယ်​နောင်တ​ရ၊ မရ သိ​လို​ကာ သွေး​တိုး​စမ်း​ရန် ဆုံးဖြတ်​ခဲ့​သည်။ ထို့​ပြင် ညီ​ငယ်​ဗင်ယာမိန်​နှင့် ဗင်ယာမိန်​ကို​အလွန်​ချစ်သော ဖခင်​ယာကုပ်တို့​အား သူတို့ မည်မျှ​ချစ်​ကြောင်းကို​လည်း​သိ​လို​၍ ယောသပ် ပရိယာယ်​သုံးခဲ့​ခြင်း​ဖြစ်သည်။—ကမ္ဘာဦး ၄၁:၅၅–၄၄:၃

သို့ ဖြစ်၍ ယောသပ်​သည် အစ်ကို​တို့ ၏​အိတ်ထဲ ရိက္ခာ​အပြည့်​ဖြည့်ပေး​ရန်၊ သူတို့​ငွေ​ကို အိတ်​အသီးသီး​တွင် ပြန်​ထည့်​ပေး​ရန်​နှင့် မိမိ၏​ငွေ​ဖလား​ကို ဗင်ယာမိန်​၏​အိတ်ဝ​တွင် ထည့်​ထား​ရန် မိမိ၏​ဝန်​စာရေး​တစ်ဦး​အား စေခိုင်း​လေ​သည်။ ဤသို့​စေခိုင်း​ရာ​တွင် ယောသပ်​သည် အီဂျစ်​ပြည်​၏​ရိက္ခာဝန်​တစ်ဦး​အဖြစ် လုပ်ဆောင်နေ​ခြင်း​ဖြစ်၏။ ဘာမျှ​မသိ​ရှာ​သော အစ်ကို​များ​ရှေ့တွင် ရိက္ခာဝန်​တစ်ဦး​ကဲ့သို့ သူ​ပြောဆို​ပြုမူ​ခဲ့​သည်။

အစ်ကို​များနှင့် ထိပ်တိုက်​တွေ့​သည့်​အခါ ဆက်၍​ပရိယာယ်​ဆင်​ပြီး “ငါ​ကဲ့သို့​သော​ယောက်ျား​သည် ထူးဆန်းသော​ဉာဏ်​ရှိကြောင်းကို သင်တို့​မသိကြ​သလော​ဟု​ဆို​၏။” (ကမ္ဘာဦး ၄၄:၁၅) သို့​ဖြစ်၍ ယင်း​ဖလား​သည် သူ၏​ပရိယာယ်​ဆင်​မှု​တွင် အသုံးပြုသည့်​အရာတစ်ခု​မျှ ဖြစ်​ပုံ​ရှိသည်။ အမှန်​မှာ ဗင်ယာမိန်​သည် ထို​ဖလား​ကို မခိုး​သကဲ့သို့ ယောသပ်လည်း ရှေ့​ဖြစ်​ဟော​ရန် ထို​ဖလား​ကို အသုံးမပြု​ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ရှေးခေတ်​က ယင်း​လုပ်ရပ်​အကြောင်း​ရေးသား​ရာ​တွင် အဖ်.စီ.ကွက်​ခ်​တည်းဖြတ်​သည့် အဓိပ္ပာယ်​ရှင်းလင်း​ဖွင့်ပြချက်​ပါ​သော သမ္မာကျမ်းစာ (The  Holy Bible, With an Explanatory and Critical Commentary) က ဤသို့​ရှင်းပြ​၏– “ဖလား​ကို​သုံး​၍ ရှေ့​ဖြစ်​ဟော​နည်း​သည် ရွှေငွေ​ရတနာများ​ကို ဖလား​ရှိ​ရေ​ထဲ​ချ​ကာ ၎င်းတို့၏​ပုံပန်း​ကို ဆန်းစစ်ခြင်း သို့​မဟုတ် မှန်ကြည့်​သကဲ့သို့ ရေ​ထဲ​ကြည့်​ခြင်း​ဖြစ်သည်။” ကျမ်း​ဋီကာ​ဆရာ ခရစ္စတိုဖာ ဝေါ​ဒ်ဝါ့သ်​က ဤသို့​ဆို​သည်– “တစ်ခါတစ်ရံ ခွက်​ထဲ​ရေဖြည့်​ပြီး ထို​ရေ​ထဲ နေ​ထိုး​သည့်​အခါ စိတ်ထဲ​ပေါ်လာ​သည့်​ပုံ​အားဖြင့် အဖြေပေး​သည်။”