မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နေဟမိကျမ်းမှ ပေါ်လွင်ချက်များ

နေဟမိကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

နေဟမိ​ကျမ်း​မှ ပေါ်လွင်​ချက်​များ

ဧဇရ​ကျမ်း​နိဂုံးပိုင်း​မှ အဖြစ်အပျက်​များ  ဖြစ်ပျက်​ပြီး​သည်​မှာ တစ်ဆယ့်​နှစ်နှစ်​လွန်​ခဲ့ပြီ။ ယခု မေရှိယ​ပေါ်ထွန်း​မည့် သီတင်း ၇၀ ကို အစပျိုး​ပေး​သည့် ဖြစ်ရပ်​တည်း​ဟူသော “ယေရုရှလင်​မြို့ကို တစ်ဖန်​တည်ထောင်​ပြုစု​စေခြင်း​ငှာ အမိန့်တော်​ရှိသည်​နေ့” အစပြု​ပါ​တော့​မည်။ (ဒံယေလ ၉:၂၄-၂၇) နေဟမိ​ကျမ်း​သည် ယေရုရှလင်​မြို့ရိုး​ကို ဘုရားသခင့်​လူမျိုးတော် ပြန်လည်​တည်ဆောက်​ခြင်း​အကြောင်း​နှင့်​ဆိုင်သော ရာဇဝင်​ကျမ်း​ဖြစ်၏။ ယင်းသည် ဘီစီ ၄၅၆ မှ ဘီစီ ၄၄၃ နောက်ပိုင်း​အထိ၊ ၁၂  နှစ်​ကျော်​ကြာ​သော အရေးပါသည့်​ကာလ​ကို ငုံ​မိ​သည်။

မြို့ဝန်မင်း​နေဟမိ​ရေးသားခဲ့​သော ဤ​ကျမ်း​သည် ယေဟောဝါ​ကို လုံးဝ​မှီခို​အားထား​ပြီး မဆုတ်မနစ်​လုပ်ဆောင်​သည့်​အခါ စစ်မှန်သော​ဝတ်ပြုရေး မြှင့်တင်​ခံရ​ပုံ​ကို​ဖော်ပြ​သည့် စိတ်​လှုပ်ရှား​ဖွယ် မှတ်တမ်း​တစ်ခု​ဖြစ်သည်။ ယေဟောဝါ​၏​အလိုတော်​ဖြစ်မြောက်ရေး​အတွက် ကိစ္စရပ်​များ​ကို ကိုယ်တော်​လမ်းကြောင်း​ပေး​ပုံ​ကိုလည်း ဤ​မှတ်တမ်းက ထင်ထင်ရှားရှား​ဖော်ပြ​သည်။ ခိုင်မာ​ပြတ်သား​ပြီး သတ္တိ​ရှိသော​ခေါင်းဆောင်​တစ်ဦး၏ အတ္ထုပ္ပတ္တိ​လည်း​ဖြစ်သည်။ ‘ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၍ တန်ခိုး​နှင့်​ပြုပြင်’ တတ်​သည်​ဖြစ်​ရာ နေဟမိ​ကျမ်း​သည် စစ်မှန်သော​ဝတ်ပြုသူ​အားလုံး​ကို အဖိုးတန်​သင်ခန်းစာများ​ပေး​သည်။—ဟေဗြဲ ၄:၁၂

“မြို့ရိုး​ကို လက်​စ​သတ်​ကြ​၏”

(နေဟမိ ၁:၁–၆:၁၉)

နေဟမိ​သည် ရှုရှန်​နန်းတော်​တွင် ဘုရင်​အာတဇေရဇ် လော​န်​ဂ​င်​မ​နပ်စ်​၏ ကျွန်​ယုံ​တော်​တစ်ဦး​ဖြစ်သည်။ သူ၏​လူမျိုး​သည် “ကြီးစွာ​သော​ဆင်းရဲခြင်း၊ ကဲ့ရဲ့​ခြင်း​ကို ခံရ​ကြ​၏။ ယေရုရှလင်​မြို့ရိုး​သည်​ပြိုပျက်​လျက်၊ မြို့တံခါး​လည်း မီးလောင်​၍ ကုန်ပြီ” ဟူသော သတင်းကို​ကြား​သော် အလွန်​ဝမ်းနည်း​ကြေကွဲ​လေ​သည်။ ထို​အခါ လမ်းညွှန်မှု​ရဖို့ ဘုရားသခင်​ထံ စိတ်​ထက်သန်​စွာ ဆုတောင်း​လေ​၏။ (နေဟမိ ၁:၃၊ ၄) မကြာမီ​ပင် သူ၏​ဝမ်းနည်းမှုကို ရှင်ဘုရင် သတိပြုမိ​သဖြင့် ယေရုရှလင်​မြို့​သို့​သွား​ရန် အခွင့်အလမ်း​ပွင့်​သွား​သည်။

ယေရုရှလင်​မြို့​သို့​ရောက်​သော် နေဟမိ​သည် ညအမှောင်​တွင် မြို့ရိုး​ကို ကြည့်ရှု​စစ်ဆေး​ပြီး ပြန်လည်​တည်ဆောက်​ရန် မိမိ၏​အစီအစဉ်ကို ဂျူး​များ​အား အသိပေး​လေ​သည်။ ဆောက်လုပ်ရေး​စတင်​သည်​နှင့် အတိုက်အခံ​ကြုံ​ရလေ​၏။ သို့သော် နေဟမိ​၏ ရဲရင့်​သော​ဦးဆောင်မှု​ကြောင့် “မြို့ရိုး​ကို​လက်​စ​သတ်​ကြ​၏။”—နေဟမိ ၆:၁၅

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁:၁; ၂:၁—ဤ​အခန်းငယ်​နှစ်ခု​တွင်​ဖော်ပြ​ထားသော “နန်းစံ​နှစ်​ဆယ်” ကို တစ်နှစ်​တည်း​မှ စ​ရေတွက်ခြင်း​လော။ မှန်ပါသည်။ အာတဇေရဇ်​မင်းကြီး​နန်းစံ နှစ်​ဆယ်နှစ်​မြောက်​ဖြစ်သည်။ သို့သော် ရေတွက်​ပုံ​ချင်း မတူ​ပါ။ အာတဇေရဇ်​နန်းတက်​သည့်​နှစ်မှာ ဘီစီ ၄၇၅ ဖြစ်သည်ဟု သမိုင်း​အထောက်အထား​က ဖော်ပြ​သည်။ ဗာဗုလုန်​ကျမ်း​ပညာရှင်​များသည် ပါးရှား​ဘုရင်​များ​နန်းစံ​သည့်​ကာလ​ကို နိသန်လ (မတ်/ဧပြီလ) မှ​နောက် နိသန်လ​အထိ ရေတွက်​လေ့​ရှိကြ​ရာ အာတဇေရဇ်​နန်း​စတက်​သည့်​နှစ်မှာ ဘီစီ ၄၇၄၊ နိသန်လ​မှ​စတင်​သည်။ ထို့​ကြောင့် နေဟမိ ၂:၁ ပါ နန်းစံ​နှစ်​ဆယ်​သည် ဘီစီ ၄၅၅၊ နိသန်လ​မှ အစပြု​သည်။ နေဟမိ ၁:၁ ပါ ခိသလုလ (နိုဝင်ဘာ/ဒီဇင်ဘာ​လ) သည် ယခင်​နှစ် ဘီစီ ၄၅၆ ခုနှစ်​၏​ခိသလုလ​ဖြစ်သည်။ အာတဇေရဇ်​နန်းစံ​နှစ်​ဆယ်နှစ်​မြောက်​၏ ခိသလုလ​ဟု​လည်း နေဟမိ ရည်ညွှန်း​သည်။ ဤ​တွင် နေဟမိ​သည် မင်းကြီး​နန်း​ဆက်ခံ​သည့်​ရက်စွဲ​မှ ရေတွက်​နေခြင်း​ဖြစ်​ပေမည်။ နေဟမိ​သည် ယနေ့​ဂျူး​တို့​အခေါ် လောက​နှစ်​မှ အချိန်​စ​တွက်​ခြင်း​လည်း​ဖြစ်​နိုင်​သည်။ အဆိုပါ​လောက​နှစ်​သည် စက်တင်ဘာ/အောက်တိုဘာ​လ​နှင့်​ညီသော တိရှရိ​လ​တွင် စတင်​သည်။ မည်သို့​ပင်​ဖြစ်စေ ယေရုရှလင်​မြို့ကို​ပြန်လည်​တည်ထောင်​ရန် အမိန့်​ရသည့်​နှစ်မှာ ဘီစီ ၄၅၅ ခုနှစ်​ဖြစ်သည်။

၄:၁၇၊ ၁၈—လက်တစ်ဖက်​တည်း​နှင့် မည်သို့​ဆောက်လုပ်​နိုင်​ပါ​မည်​နည်း။ ဝန်ထမ်း​သူများ​အဖို့ ယင်းသည် ပြဿနာ​မဟုတ်ပါ။ ဝန်များ​ကို သူတို့၏​ဦးခေါင်း သို့​မဟုတ် ပခုံး​ပေါ် ထမ်း​ထားပြီး လက်တစ်ဖက်​နှင့် ထိန်းပေး​ပြီး​နောက် အခြား “လက်တစ်ဖက်​နှင့် လက်နက်ကို​ကိုင်” နိုင်​ကြ​ပါ​သည်။ လက်နှစ်ဖက်​နှင့်​အလုပ်လုပ်​ရသော ဆောက်လုပ်ရေး​သမားများ​မူ “ခါး​၌​ဓား​ဆွဲ​လျက်​တည်လုပ်​ကြ​၏။” သို့ဖြင့် ရန်သူ​တိုက်ခိုက်​လာ​ခဲ့​သော် တိုက်ပွဲဝင်​ဖို့ အသင့်ရှိနေ​ကြသည်။

၅:၇—နေဟမိ​သည် အဘယ်​နည်းဖြင့် ‘မှူးမတ်​နှင့် မင်း​အရာရှိ​တို့ကို အပြစ်တင်’ ခဲ့​သနည်း။ ထို​သူတို့သည် မောရှေ​ပညတ်​ကို​ချိုးဖောက်​ပြီး ဂျူး​အမျိုးသားချင်း​များ​ကို အတိုး​ကြီး​စား​နေကြ​သည်။ (ဝတ်ပြုရာ ၂၅:၃၆; တရားဟောရာ ၂၃:၁၉) အတိုးနှုန်း​ကိုလည်း မြှင့်​ထား​ကြသည်။ လစဉ် တစ်​ရာ​ပုံ​တစ်​ပုံ အတိုး​ယူ​လျှင်​ပင် တစ်နှစ်​လျှင် ၁၂ ရာခိုင်နှုန်း​ဖြစ်​ပေမည်။ အခွန်ဆောင်​ရခြင်း​နှင့် အစာ​ခေါင်းပါး​ခြင်း​တို့​ကြောင့် ဝန်ပိနေ​သူတို့အား ထိုသို့​အမြတ်​ထုတ်ခြင်း​သည် ရက်စက်​ရာ​ရောက်​သည်။ နေဟမိ​သည် ဘုရားသခင့်​ပညတ်တော်​ကို​ထောက်ပြ​ပြီး သူဌေး​သူကြွယ်​များ​ကို ပဲ့ပြင်​ဆုံးမ​ကာ သူတို့၏​အမှား​ကို​ဖော်ထုတ်ခြင်း​ဖြင့် အပြစ်တင်​ခဲ့​သည်။

၆:၅—လျှို့ဝှက်​စာ​များ​ကို တံဆိပ်​ခတ်​ထားသော​အိတ်ထဲ ထည့်​လေ့​ရှိရာ သမ္ဘာ​လတ်​သည် “တံဆိပ်​မ​ခတ်​သော​စာ” ကို အဘယ်ကြောင့်​ပို့​ရသနည်း။ သမ္ဘာ​လတ်​သည် စာ​တွင်​ပါ​သော သူ၏​စွပ်စွဲချက်​များ​ကို လူသိရှင်ကြား​ဖြစ်​စေလို၍ အိတ်​ဖွင့်ပေး​စာ  ပို့လိုက်​ခြင်း​ဖြစ်​နိုင်​သည်။  ယင်းကြောင့် နေဟမိ​သည် အမျက်​ဒေါသ​ထွက်​ပြီး သူ့​အနေ​နှင့် ခုခံ​ကာကွယ်​ရန် ဆောက်လုပ်ရေး​လုပ်ငန်း​ကို​ရပ်နား​ထား​လိမ့်​မည်​ဟု သူ​ယူမှတ်ခဲ့​ပေမည်။ သို့​မဟုတ် စာ​တွင်​ပါ​သော​အကြောင်းအရာများ​ကြောင့် ဂျူး​တို့သည် ထိတ်လန့်​သွားပြီး ဆောက်လုပ်ရေး​လုပ်ငန်း​ကို လုံးလုံး​ရပ်တန့်​ကြ​မည်​ဟု သမ္ဘာ​လတ်​ယူဆ​ခဲ့​ပေမည်။ သို့သော် နေဟမိ​သည် ကြောက်လန့်​မသွား​ဘဲ တည်ငြိမ်​စွာ​ဖြင့် ဘုရားသခင်​ပေး​သည့်​တာဝန်​ကို ဆက်​လုပ်ဆောင်ခဲ့​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁:၄; ၂:၄; ၄:၄၊ ၅အရေးကြုံ​လာသော​အခါ သို့​မဟုတ် အရေးကြီး​ဆုံးဖြတ်ချက်​များ ချ​ရမည့်​အခါ ကျွန်ုပ်​တို့သည် ‘ဆုတောင်းခြင်း​အမှုကို အမြဲ​ပြု’ ပြီး သီအိုကရက်တစ်​ညွှန်ကြားမှု​အတိုင်း ပြုမူ​ဆောင်ရွက်​သင့်​သည်။—ရောမ ၁၂:၁၂

၁:၁၁–၂:၈; ၄:၄၊ ၅၊ ၁၅၊ ၁၆; ၆:၁၆ယေဟောဝါ​သည် စိတ်ရင်းမှန်​ဖြင့်​တောင်း​သော မိမိ​ကျေးကျွန်​များ​၏​ဆုတောင်းချက်​များ​ကို နားညောင်း​တော်​မူ​၏။—ဆာလံ ၈၆:၆၊ ၇

၁:၄; ၄:၁၉၊ ၂၀; ၆:၃၊ ၁၅နေဟမိ​သည် သနား​ကြင်နာ​တတ်​သူ​ဖြစ်သော်လည်း ဖြောင့်မတ်ခြင်း​တရား​အတွက် ခိုင်မာ​ပြတ်သား​၍ လုပ်​ရဲ​ကိုင်​ရဲ​သူ​အဖြစ် ပုံသက်သေ​ကောင်း​ပြ​ခဲ့​သည်။

၁:၁၁–၂:၃နေဟမိ ဝမ်းမြောက်​ရသည့် အဓိက​အကြောင်းရင်း​မှာ ဖလားတော်ဝန်​အဖြစ် ဂုဏ်​ရှိသည့်​ရာထူး​ရထားခြင်းကြောင့်​မဟုတ်ဘဲ စစ်မှန်သော​ဝတ်ပြုရေး တိုးတက်စေ​ခွင့်​ရခြင်း​ကြောင့်​ဖြစ်သည်။ ယေဟောဝါ​၏​ဝတ်ပြုရေး​နှင့် ယင်းကို မြှင့်တင်​ပေး​သည့်​အရာ​မှန်သမျှ​သည် ကျွန်ုပ်​တို့​အဓိက​အလေးထား​ရာ၊ ကျွန်ုပ်​တို့ကို ဝမ်းမြောက်​စေသည့်​အကြောင်း ဖြစ်​သင့်​သည်မဟုတ်​လော။

၂:၄-၈မြို့ရိုး​ပြန်​တည်ဆောက်​ဖို့ နေဟမိ​ကို ယေရုရှလင်​မြို့​သို့ ခရီးထွက်​ခွင့်​ပေး​ရန် အာတဇေရဇ်​ကို ယေဟောဝါ​လှုံ့ဆော်​ပေး​ခဲ့​သည်။ ‘ရှင်ဘုရင်​၏​စိတ်နှလုံး​သည် ရေ​ချောင်း​ကဲ့သို့​ဖြစ်၍ ယေဟောဝါ​၏​လက်တော်​၌​ရှိသဖြင့် အလိုတော်​ရှိသည်​အတိုင်း လှည့်​စေတော်မူ​၏’ ဟု နယပုံပြင် ၂၁:၁ က​ဆို​သည်။

၃:၅၊ ၂၇စစ်မှန်သော​ဝတ်ပြုရေး အကျိုးအတွက် အလုပ်ကြမ်း​လုပ်​ရခြင်း​ကို အောက်ကျ​သည်​ဟု “တေကော​မင်းတို့” နည်းတူ မယူမှတ်​သင့်​ချေ။ ယင်းအစား အားသွန်ခွန်စိုက်​လုပ်ဆောင်ခဲ့​ကြသော တေကော​မြို့သား​များ​ကို ကျွန်ုပ်​တို့​အတုယူ​နိုင်​သည်။

၃:၁၀၊ ၂၃၊ ၂၈-၃၀အချို့​သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ လိုအပ်သော​နေရာများ​သို့ ပြောင်းရွှေ့​နိုင်​ကြသော်လည်း ကျွန်ုပ်​တို့​အများစုမှာ မိမိတို့​အရပ်ဒေသ​တွင်​နေပြီး စစ်မှန်သော​ဝတ်ပြုရေးကို ထောက်ပံ့​ကူညီ​ပေး​ကြသည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​လုပ်ငန်း​နှင့် သဘာဝဘေးဒဏ် ကယ်ဆယ်​ရေး​လုပ်ငန်းများ​အပြင် အရေး​အကြီးဆုံး​မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်ခြင်း​ဖြင့် ထိုသို့​ပြုလုပ်​နိုင်​ကြသည်။

၄:၁၄အတိုက်အခံ​များ​ကြုံ​ရသည့်​အခါ ကျွန်ုပ်​တို့​လည်း ‘ကြီးမြတ်​၍ ကြောက်မက်​ဖွယ်​ဖြစ်​တော်​မူ​သော ဘုရားသခင်’ ကို​အောက်မေ့​ခြင်း​ဖြင့် ကြောက်စိတ်​ကို ပျောက်စေ​နိုင်​သည်။

၅:၁၄-၁၉ခရစ်ယာန်​ကြီးကြပ်မှူး​များ​အတွက် နေဟမိ​သည် နှိမ့်ချ​ခြင်း၊ တစ်ကိုယ်ကောင်း​မ​ဆန်​ခြင်း၊ အမြော်အမြင်​ရှိ​ခြင်း​တို့  တင်ပြ​ရာ​တွင် အလွန်​ကောင်းသော​ပုံသက်သေ​ဖြစ်၏။ ဘုရားသခင့်​ပညတ်တော်​ကို မဖြစ်​မနေ လိုက်နာ​စေ​ခဲ့​သော်လည်း သူ့​ကိုယ်ကျိုး​အတွက် အခြား​သူများကို ပိုင်စိုးပိုင်နင်း​မ​လုပ်ခဲ့​ချေ။ ယင်းအစား ဖိနှိပ်ခံ​ရသူ​များနှင့် နွမ်းပါး​သူများကို သူ​စာနာ​ထောက်ထား​ခဲ့​သည်။ နေဟမိ​သည် ရက်ရောမှု​တင်ပြ​ရာ​တွင် ဘုရားသခင့်​ကျေးကျွန်​အားလုံး​အတွက် ထူးခြား​ထင်ရှားသော ပုံသက်သေ​ကောင်း​ဖြစ်သည်။

“အို​အကျွန်ုပ်၏​ဘုရားသခင် ကျေးဇူးပြု​ပါ​မည်​အကြောင်း အကျွန်ုပ်​ကို​အောက်မေ့​တော်​မူ​ပါ”

(နေဟမိ ၇:၁–၁၃:၃၁)

ယေရုရှလင်​မြို့ရိုး လက်​စ​သတ်​ပြီး​သည်​နှင့် နေဟမိ​သည် မြို့တံခါး​များ​ကို​တပ်ဆင်​ပြီး မြို့တော်​လုံခြုံရေး​အတွက် အစီအစဉ်များ​ရေးဆွဲ​လေ​လည်။ ထို့နောက် ဆွေစဉ်မျိုးဆက်​စာရင်း​ကောက်​သည်။ လူများ​အပေါင်းတို့သည် လာ၍ “ရေ​တံခါး​လမ်း​တွင်​စည်းဝေး” ကြသောအခါ မောရှေ​ပညတ္တိကျမ်း​စာ​ကို ယဇ်ပုရောဟိတ်​ဧဇရ​က ဖတ်ပြ​ပြီး နေဟမိ​နှင့်​လေဝိ​သားတို့​က ပညတ်တရား​တော်​အကြောင်း ရှင်းပြ​ကြသည်။ (နေဟမိ ၈:၁) သကေနေပွဲ​အကြောင်း သိလာ​သောအခါ ၎င်း​ပွဲတော်​ကို ဝမ်းသာ​အားရ ကျင်းပ​ကြ​လေ​သည်။

နောက်​တစ်ကြိမ်​စည်းဝေး​ကြ​ပြန်၍ “ဣသရေလ​အမျိုးစစ်” ဖြစ်သော​သူတို့သည်  တစ်မျိုးသားလုံး​၏​အပြစ်ကို  ဖော်ပြ​တောင်းပန်​ကြ​ပြီး လေဝိ​သားတို့​က ဣသရေလ​လူမျိုး​နှင့် ဘုရားသခင်​ဆက်ဆံပုံ​များ​ကို ပြန်လည်​သုံးသပ်ကြ​ကာ လူတို့က “ဘုရားသခင်​၏​တရားတော်​အတိုင်း ကျင့်​ပါ​မည်​ဟူ၍” ကျိန်ဆို​ကြသည်။ (နေဟမိ ၉:၁၊ ၂; ၁၀:၂၉) ယေရုရှလင်​မြို့တွင် နေထိုင်သူ​ဦးရေ​နည်းသော​ကြောင့် မြို့ပြင်​တွင်​နေထိုင်သူ ဆယ်ဦး​အနက် တစ်ဦး​ကို မြို့ထဲ​တွင်​ဝင်ရောက်​နေထိုင်ရန် မဲ​စနစ်​ဖြင့်​ရွေး​ကြသည်။ ထို့နောက် မြို့ရိုး​ကို အခမ်းအနား​ဖြင့် ဖွင့်လှစ်​ကြ​ရာ “ယေရုရှလင်​မြို့​ဝမ်းမြောက်​သံ​ကို ဝေး​သော​အရပ်၌ ကြား​ရ​ကြ​၏။” (နေဟမိ ၁၂:၄၃) ယေရုရှလင်​မြို့​သို့​ရောက်​ပြီး တစ်ဆယ့်​နှစ်နှစ်​အကြာတွင် နေဟမိ​သည် သူ့​တာဝန်​ကို​ထမ်းဆောင်​ဖို့ အာတဇေရဇ်​ထံ ပြန်သွား​သည်။ မကြာမီ ဂျူး​များ​ကြား မသန့်ရှင်းမှု​ပေါ်လာ​ပြန်​သည်။ ယေရုရှလင်​မြို့​သို့ နေဟမိ​ပြန်လာ​သောအခါ အခြေအနေ​ကို​ပြုပြင်​တည့်မတ်​ပေး​ဖို့ ချက်ချင်း​အရေးယူ​လုပ်ဆောင်ခဲ့​သည်။ သူကိုယ်တိုင်​နှင့်​ပတ်သက်​၍​မူ “အို​အကျွန်ုပ်၏​ဘုရားသခင် ကျေးဇူးပြု​ပါ​မည်​အကြောင်း အကျွန်ုပ်​ကို​အောက်မေ့​တော်​မူ​ပါ” ဟု​နှိမ့်ချစွာ တောင်းလျှောက်​လေ​သည်။—နေဟမိ ၁၃:၃၁

ကျမ်းစာ​မေးခွန်းများ အဖြေ–

၇:၆-၆၇—ဇေရုဗဗေလ​နှင့်အတူ ယေ​ရုရှ​လင်​မြို့​သို့ ပြန်လာ​သော အကြွင်းအကျန်​များနှင့်​ဆိုင်​သည့်  နေဟမိ​၏​စာရင်း​သည် ဧဇရ​ဖော်ပြ​သော အိမ်ထောင်စု​တစ်ခုစီ​၏​စာရင်း​နှင့် အဘယ်ကြောင့်​မတူ​သနည်း။ (ဧဇရ ၂:၁-၆၅) ဧဇရ​နှင့်​နေဟမိ​တို့​သုံး​သော မူလ​စာရင်း​နှစ်ခု​ခြားနား​သောကြောင့် ဖြစ်​နိုင်​သည်။ ဥပမာ၊ နေရင်းပြည်​သို့​ပြန်​ရန် စာရင်း​ပေး​သူ​အရေအတွက်​နှင့် အမှန်တကယ်​ပြန်သွား​သူ​အရေအတွက် မတူ​ခြင်း​ဖြစ်​နိုင်​သည်။ အစပိုင်း​တွင် မိမိတို့​မျိုးရိုး​စာရင်း​ကို မဖော်​ပြ​နိုင်​သော်လည်း နောက်ပိုင်း​မှ​ဖော်ပြ​သော ဂျူး​အချို့​ရှိသောကြောင့် စာရင်း​နှစ်ခု​ကွာ​ရခြင်း​လည်း​ဖြစ်​နိုင်​သည်။ မည်သို့​ဆို​စေ​ကာ​မူ မှတ်တမ်း​နှစ်ခုစလုံးက ကျွန်​များနှင့် သီချင်းသည်​များ​အပြင် ကနဦး​ပြန်လာ​သူ​အရေအတွက်​မှာ ၄၂,၃၆၀ ရှိသည်​ဟု​ဆို​၏။

၁၀:၃၄—လူ​တို့​ထံ​မှ  အဘယ်ကြောင့်  ထင်း​အလှူ​တောင်း​သနည်း။ မောရှေ​ပညတ်​တွင် ထင်း​ပူဇော်ရာ​ယဇ် ပေး​ရမည်ဟု ပညတ်​မထား​ပါ။ လိုအပ်​လာသော​ကြောင့် ထိုသို့​တောင်းဆို​ရခြင်း​ဖြစ်သည်။ ယဇ်​ပလ္လင်​ပေါ်​တွင် ယဇ်များ​ကို​ပူဇော်​ဖို့ ထင်း​အတော်များများ​လိုအပ်​ခဲ့​သည်။ ဣသရေလ​လူမျိုး​မဟုတ်သော ဝတ်ပြုရာ​အိမ်တော်​ကျွန်​များ​ဖြစ်သည့် နက်​သ​နင်​များ အလုံအလောက်​ရှိ​ပုံ​မရချေ။ ထို့​ကြောင့် ထင်း​အလုံအလောက်​ရှိနေ​စေဖို့ မဲချ​ခဲ့​ကြ​ရသည်။

၁၃:၆—နေဟမိ​သည် မည်မျှ​ကြာကြာ ယေရုရှလင်​မြို့တွင် မရှိ​သနည်း။ “အင်​တန်​ကာလ​ကြာပြီး​မှ” နေဟမိ​သည် ယေ​ရုရှ​လင်​မြို့​သို့​ပြန်​ရန် ရှင်ဘုရင်​ထံ​တော်​၌ အခွင့်​တောင်း​သည်​ဟူ၍​သာ  သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ ထို့​ကြောင့် သူ​မရှိသည့်​အချိန် အတိအကျ​ကို​သိဖို့ မဖြစ်​နိုင်​ပါ။ သို့သော် ယေရုရှလင်​မြို့​သို့ သူ​ပြန်ရောက်​လာသော​အခါ ယဇ်ပုရောဟိတ်​များ​ကို ထောက်ပံ့ခြင်း​မရှိ​သကဲ့သို့ ဥပုသ်​ပညတ်​ကိုလည်း လိုက်နာခြင်း​မရှိကြောင်း နေဟမိ​တွေ့ရှိ​လေ​သည်။ လူများစွာ​သည် တိုင်းတစ်ပါး​အမျိုးသမီးများနှင့် အိမ်ထောင်​ကျ​ပြီး သူတို့၏​ကလေး​များသည် ဂျူး​ဘာသာ​စကား​ကို​ပင် မပြော​တတ်​တော့​ချေ။ အခြေအနေ ဤမျှ​ဆိုး​နေသည်​ဖြစ်​ရာ နေဟမိ​မရှိသည့်​ကာလ အတော်အတန်​ကြာ​၍​ဖြစ်​မည်။

၁၃:၂၅၊ ၂၈—နေဟမိ​သည် ဒုံရင်း​အခြေအနေ​သို့ ပြန်ရောက်​သွား​သည့်​ဂျူး​များ​ကို “အပြစ်တင်” သည့်​အပြင် အခြား​အဘယ်​ပဲ့ပြင်​သွန်သင်မှု​များ ပြု​ခဲ့​သနည်း။ နေဟမိ​သည် ဘုရားသခင့်​ပညတ်တော်​တွင်​ပါ​သော ကျိန်ခြင်း​များ​ကို​ရွတ်ပြ​ပြီး သူတို့ကို​ကဲ့ရဲ့​သည်။ သူတို့ကို တရား​စီရင်​ဒဏ်ပေး​ပြီး “အချို့​တို့ကို​ရိုက်” ခဲ့​သည်။ ကျင့်ဝတ်​မ​စောင့်ထိန်းမှု​ကို ဒေါသ​ထွက်​ကြောင်း​ပြ​သည့်​အနေ​နှင့် သူတို့၏ ‘ဆံပင်​ကို​နုတ်’ ခဲ့​သည်။ ဟော​ရ​နိ​လူ သမ္ဘာ​လတ်​၏​သမီးကို ထိမ်းမြား​ယူ​သော ယဇ်ပုရောဟိတ်မင်း​ဧ​လျာ​ရှိ​ပ်​၏​မြေး​ကိုလည်း သူ​နှင်ထုတ်​ခဲ့​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၈:၈ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သွန်သင်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကို လူများ​နားလည်စေ​ခြင်း​ငှာ ပီသ​စွာ​ဖတ်ရွတ်​ပြ​၍ မှန်ကန်​စွာ အနက်​ပြန်​လျက် သက်ဆိုင်ပုံ​ကို ရှင်းပြ​ခြင်း​ဖြင့် အဓိပ္ပာယ်​ဖွင့်ပြ​ကြသည်။

၈:၁၀မိမိ၏​ဝိညာဉ်​ရေး​လိုအပ်ချက်​ကို​သိရှိပြီး ယင်းကို ဖြည့်ဆည်း​ပေးခြင်း၊ သီအိုကရက်တစ်​လမ်းညွှန်မှုကို လိုက်လျှောက်ခြင်း​ဖြင့် ‘ယေဟောဝါ​၏​ဝမ်းမြောက်ခြင်း’ ၌​ပျော်မွေ့နိုင်​ကြသည်။ ထို့​ကြောင့် သမ္မာကျမ်းစာ​ကို ဝီရိယ​ရှိ​ရှိ​လေ့လာခြင်း၊ ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်ခြင်း၊ ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် စိတ်​ထက်သန်​စွာ​ပါဝင်ခြင်း​တို့သည် အလွန်​အရေးကြီး​လှ​ပေ​သည်။

၁၁:၂အမွေဥစ္စာ​များ​ကို​ထားရစ်​ပြီး ယေရုရှလင်​မြို့​သို့ ပြောင်းရွှေ့​နေထိုင်ခြင်း​သည် အကုန်အကျ​ရှိ​မည့်​အပြင် အဆင်မပြေမှု​များလည်း ရှိ​ပေမည်။ စေတနာအလျောက် ထိုသို့​ပြုခဲ့ကြသူ​များသည် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ကို တင်ပြ​ခဲ့​ကြသည်။ ကျွန်ုပ်​တို့​လည်း စည်းဝေးကြီး​များနှင့် အခြား​အချိန်​အခါ​များ​တွင် သူတစ်ပါး​အကျိုးကို စေတနာ​ဖြင့်​ထမ်းဆောင်​ခွင့်​ရသည့်​အခါ အလားတူ​စိတ်ဓာတ်​မျိုး တင်ပြ​နိုင်​ပါ​သည်။

၁၂:၃၁၊ ၃၈၊ ၄၀-၄၂သီချင်းဆို​ခြင်း​သည် ယေဟောဝါ​အား ကျေးဇူး​တင်​ချီးမွမ်း​ရန် နည်းလမ်း​ကောင်း​တစ်ခု​ဖြစ်၏။ ထို့​ကြောင့် ခရစ်ယာန်​အစည်းအဝေး​များ​တွင် စိတ်နှလုံး​အပြည့်​ဖြင့် သီဆို​သင့်​သည်။

၁၃:၄-၃၁ကျွန်ုပ်​တို့​ဘဝ​ထဲ​သို့ ရုပ်​ဝါဒ​လိုက်စားခြင်း၊ အကျင့်​ယိုယွင်းခြင်း​နှင့် အယူဖောက်ပြန်​ခြင်း​တို့ တဖြည်းဖြည်း​စိမ့်ဝင်​မလာ​စေဖို့ သတိပြု​ကြ​ရမည်။

၁၃:၂၂နေဟမိ​သည် ဘုရားသခင်​အရှေ့ မိမိ​စာရင်း​ရှင်း​ရမည်ကို ကောင်းစွာ​သိရှိ​ထား​သည်။ ကျွန်ုပ်​တို့​လည်း ယေဟောဝါ​ထံ စာရင်း​ရှင်း​ရမည်ကို သတိပြု​ကြ​ရမည်။

ယေဟောဝါ​၏​ကောင်းချီး မရ၍​မဖြစ်

‘ထာဝရ​ဘုရားသခင်​သည် အိမ်ကို​ဆောက်​တော်​မ​မူလျှင် ဆောက်​သော​သူတို့သည် အချည်းနှီး​လုပ်ဆောင်ကြ​၏’ ဟု ဆာလံဆရာ​သီဆို​ခဲ့​သည်။ (ဆာလံ ၁၂၇:၁) အဆိုပါ​စကား​များ​မှန်ကန်ကြောင်း နေဟမိ​ကျမ်း​က အလွန်​တင့်တယ်လှ​ပ​စွာ ပုံဖော်​ပြ​ပါ​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ​မှာ ရှင်းနေပါသည်။ ကျွန်ုပ်​တို့ လုပ်ဆောင်လေသမျှ​၌ အောင်မြင်​လိုလျှင် ယေဟောဝါ​၏​ကောင်းချီး​ရ​မှ​ဖြစ်​မည်။ ကျွန်ုပ်​တို့၏​ဘဝတွင် စစ်မှန်သော​ဝတ်ပြုရေးကို အဓိက​မထား​လျှင် ယေဟောဝါ​ထံ​မှ ကောင်းချီး​ရနိုင်​ပါ​မည်​လော။ သို့​ဖြစ်၍ နေဟမိ​ကဲ့သို့ ယေဟောဝါ​၏​ဝတ်ပြုရေး​နှင့် ယင်း​တိုးတက်ရေး​ကို အဓိက​ထား​ကြပါစို့။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

‘ရှင်ဘုရင်​၏​စိတ်နှလုံး​သည်​ရေ​ချောင်း​ကဲ့သို့​ဖြစ်၍​ယေဟောဝါ​၏​လက်တော်​၌​ရှိ’

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လုပ်​ရဲ​ကိုင်​ရဲ​ပြီး သနား​ကြင်နာ​တတ်​သူ နေဟမိ​ယေရုရှလင်​မြို့​သို့​ရောက်လာ

[စာမျက်နှာ ၁၀၊ ၁၁ ပါ ရုပ်ပုံများ]

သမ္မာကျမ်းစာ​ကို သင် ‘အဓိပ္ပာယ်​ဖွင့်ပြ’တတ်​သလော