မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏ကမ္ဘာသစ်တွင် စစ်မှန်သော ကြွယ်ဝမှု

ဘုရားသခင်၏ကမ္ဘာသစ်တွင် စစ်မှန်သော ကြွယ်ဝမှု

ဘုရားသခင်​၏​ကမ္ဘာသစ်​တွင် စစ်မှန်သော ကြွယ်ဝမှု

ခရစ်ယာန်​အိမ်ထောင်ဦးစီး​ဖြစ်သူ ဒေးဗစ်​သည် * အမေရိကန်​ပြည်ထောင်စု​သို့ ပြောင်းရွှေ့​ခဲ့​ပြီး မိမိ၏ လုပ်ရပ်​မှန်ကန်​သည်​ဟု ယုံကြည်​ထား​သည်။ သားမယား​ကို ချန်ရစ် မထား​လို​သော်လည်း မိမိ​တွင် ငွေ​များများ​ရှိ​မှ​သာ ၎င်းတို့၏​ဘဝကို  တိုးတက်​ကောင်းစား​စေနိုင်​မည်​ဟု တထစ်ချ​ယူဆ ထား​သည်။ သို့​နှင့် နယူးယောက်​မှ ဆွေမျိုး​များ​၏​ဖိတ်ခေါ်ချက်​ကို သူ​လက်ခံ​လိုက်ပြီး မကြာမီ ထို​တွင်​အလုပ်​ရလေ​သည်။

သို့သော် အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ ဒေးဗစ်​၏​အပြုသဘောထား ပျောက်ဆုံး​စ​ဖြစ်လာ​သည်။ ဝိညာဉ်​ရေး​လုပ်ဆောင်မှုများ​အတွက် အချိန်​မပေးနိုင်​သလော​က် ဖြစ်နေ​ပြီ။ တစ်ချိန်​တွင် ဘုရားသခင်​အား ယုံကြည်​ကိုးစားမှု ပျောက်ဆုံး​လု​နီးပါး​ဖြစ်​ခဲ့​သည်။  အကျင့်ပျက်​ပြား​ရန် သွေးဆောင်​ခံ​မိ​ပြီး​မှ သူ၏​အခြေအနေ​မှန်​ကို  သဘောပေါက်​သွားလေသည်။ ချမ်းသာ​ကြွယ်ဝ​ဖို့​ကို​သာ အာရုံစိုက်ခဲ့​ခြင်း​က သူ့​အား အရေးပါသော​အရာ​မှန်သမျှမှ တဖြည်းဖြည်း​ဝေးကွာ​သွား​စေ​နေသည်။ သူ,မပြောင်းလဲ​လျှင် မဖြစ်​တော့​ချေ။

ဒေးဗစ်​နည်းတူ ဘဝ​တိုးတက်​ကောင်းစား​ရေး​အတွက် ဆင်းရဲသော​နိုင်ငံ​များ​မှ လူများစွာ​သည် တိုင်းတစ်ပါး​သို့ နှစ်စဉ်​ပြောင်းရွှေ့​နေကြ​သည်။ ဤသူတို့​၏​ဝိညာဉ်​ရေး​သည် အများအားဖြင့်  အကြီးအကျယ်​ကျရှုံး​သွား​သည်။ ‘ချမ်းသာ​ကြွယ်ဝ​ဖို့​ကြိုးစား​နေတဲ့ ခရစ်ယာန်​တစ်ဦး​ဟာ ဘုရားသခင်​ရှေ့မှာ​ကော ချမ်းသာ​နိုင်​ပါ့​မလား’ ဟု​အချို့​သိ​လို​ကြသည်။ နာမည်ကြီး​စာရေး​ဆရာများ​နှင့် ဘာသာရေး​ခေါင်းဆောင်​များ​က ချမ်းသာ​နိုင်​ပါ​သည်​ဟု​ဆို​ကြ​၏။ သို့သော် ဒေးဗစ်​နှင့်​အခြားသူ​တို့ သိရှိ​လာ​ကြ​သည့်​အတိုင်း တစ်ခု​ကို​လက်လွှတ်​ဆုံးရှုံး​ခံ​မှ အခြား​တစ်ခု​ကို ရရှိနိုင်​မည်​ဖြစ်သည်။—လုကာ ၁၈:၂၄

ငွေ​ကိုယ်နှိုက်​သည် မဆိုး​ပါ

ငွေ​သည်  လူတို့၏​တီထွင်မှု​တစ်ခု​ဖြစ်၏။  အခြား​တီထွင်မှု​များ​နည်းတူ ငွေ​ကိုယ်နှိုက်​သည် မဆိုး​ပါ။ အမှန်​အားဖြင့် ယင်းသည် ဖလှယ်​ရေး​ပစ္စည်း​တစ်ခုမျှသာ​ဖြစ်၏။ ယင်းကို တော်မှန်​စွာ​အသုံးပြု​လျှင် အကျိုး​ရှိ၏။ ဥပမာ၊ အထူးသဖြင့် နွမ်းပါး​မှု​နှင့်​ဆက်နွှယ်​နေသော ပြဿနာ​များ​ကို​ဖြေရှင်း​ရာ​တွင်  သမ္မာကျမ်းစာ​အသိအမှတ်ပြု​သည်​အတိုင်း  “ငွေ​သည် ကွယ်ကာ​တတ်၏။” (ဒေ. ၇:၁၂) ယု​တ်စွ​အဆုံး အချို့​သူတို့​အတွက် “ငွေ​မူ​ကား အရာရာကို​နိုင်” ပုံ​ရှိသည်။—ဒေ. ၁၀:၁၉

သမ္မာကျမ်းစာ​က ပျင်းရိခြင်း​ကို ပြစ်တင်​ရှုတ်ချ​ပြီး အလုပ်​ကြိုးစား​ရန် တိုက်တွန်း​ထား​သည်။ ကျွန်ုပ်​တို့သည် ကိုယ့်​မိသားစုကို ထောက်ပံ့​ကျွေးမွေး​ကြ​ရမည်။ ငွေ​အနည်းငယ်​ပိုလျှံ​မည်​ဆိုလျှင် “ဆင်းရဲသော​သူအား ပေးကမ်း​ဝေငှ” စ​ရာ​ရှိ​မည်​ဖြစ်သည်။ (ဧဖက် ၄:၂၈; ၁ တိမောသေ ၅:၈) ထို့​ပြင် ခြိုးခြံ​စွာ​နေခြင်း​ကို အားပေး​မည့်​အစား မိမိတို့၏​ပိုင်ဆိုင်ရာ​များ​ကို သုံးစွဲ​ကြ​ရန် သမ္မာကျမ်းစာ​တိုက်တွန်း​ထား​သည်။ “[ကျွန်ုပ်​တို့၏] အဖို့​ကို​ခံ​၍” ကြိုးစား​လုပ်ဆောင်မှု​၏​အကျိုးကို ခံစား​ပါ​ဟု​ဆို​သည်။ (ဒေ. ၅:၁၈-၂၀) ချမ်းသာ​ကြွယ်ဝသော သစ္စာရှိ​အမျိုးသား၊ အမျိုးသမီးများ​စွာ​အကြောင်း သမ္မာကျမ်းစာ​ဖော်ပြ​ထား​သည်။

ချမ်းသာ​ကြွယ်ဝသော သစ္စာရှိ​အမျိုးသား၊ အမျိုးသမီးများ

ဘုရားသခင်​၏​သစ္စာရှိ​ကျေးကျွန် အာဗြဟံ​သည် သိုး​နွား​အုပ်​ကြီး၊ ရွှေငွေ​များစွာ​အပြင် ရာ​နှင့်​ချီ​သော​အစေခံကျွန်​များ ရှိခဲ့​သည်။ (ကမ္ဘာဦး ၁၂:၅; ၁၃:၂၊ ၆၊ ၇) ဖြောင့်မတ်​သူ​ယောဘလည်း ခြံမွေး​တိရစ္ဆာန်၊ အစေခံကျွန်​များနှင့် ရွှေငွေ​ဥစ္စာ​ရှိ​ကာ အတော်အတန်​ချမ်းသာ​ကြွယ်ဝ​ခဲ့​သည်။ (ယောဘ ၁:၃; ၄၂:၁၁၊ ၁၂) ယခု​ခေတ်​စံနှုန်း​အရ​ပင် ဤ​ပုဂ္ဂိုလ်​များသည် သူကြွယ်​များ​ဖြစ်​ကြ​ပြီး ဘုရားသခင့်​ရှေ့တော်တွင်​လည်း ချမ်းသာ​ကြွယ်ဝသူ​များ​ဖြစ်​ခဲ့​ကြသည်။

တမန်​တော်​ပေါလု​က အာဗြဟံ​အား ‘ယုံကြည်ခြင်း​ရှိသူ​အပေါင်း​တို့၏​အဘ’ ဟု​ခေါ်ဆို​ခဲ့​သည်။ အာဗြဟံ​သည် တွန့်တို​သူ​မဟုတ်သကဲ့သို့ စည်းစိမ်​တပ်မက်​လွန်း​သူလည်း မဟုတ်​ချေ။ (ရောမ ၄:၁၁; ကမ္ဘာဦး ၁၃:၉; ၁၈:၁-၈) ယောဘ​ကိုလည်း ဘုရားသခင်​ကိုယ်တော်တိုင်​က “စုံလင်​ဖြောင့်မတ်​သော​သူ” ဟု​ဖော်ပြ​ခဲ့​သည်။ (ယောဘ ၁:၈) ယောဘသည် ဆင်းရဲသား​များ​ကို​ကူညီ​ရန် အမြဲ​အသင့်​ရှိခဲ့​၏။ (ယောဘ ၂၉:၁၂-၁၆) အာဗြဟံ​နှင့်​ယောဘ​တို့သည် မိမိတို့​စည်းစိမ်​ကို ကိုးစား​မည့်​အစား ဘုရားသခင်​အား ကိုးစား​ခဲ့​ကြသည်။—ကမ္ဘာဦး ၁၄:၂၂-၂၄; ယောဘ ၁:၂၁၊ ၂၂; ရောမ ၄:၉-၁၂

နောက်ထပ်​နမူနာ​တစ်ခု​မှာ ဘုရင်​ရှောလမုန်​ဖြစ်၏။ ရှောလမုန်​သည် ယေရုရှလင်​မြို့ရှိ ဘုရားသခင်​၏​ထီးနန်း​ကို​အမွေခံ​ရသူ​အဖြစ် ဉာဏ်ပညာ​သာမက ကြွယ်ဝ​သည့်​ဥစ္စာ​စည်းစိမ်​နှင့် ဂုဏ်​အသရေ​ကို​ပါ အပ်နှင်း​ခံ​ခဲ့​ရသည်။ (၃ ဓမ္မ​ရာဇဝင် ၃:၄-၁၄) သူ၏​အသက်တာတွင် အများအားဖြင့် သစ္စာရှိခဲ့​သည်။ သို့သော် အသက်ကြီး​ပိုင်း​တွင် ရှောလမုန်​၏ ‘စိတ်နှလုံးတော်​သည် မိမိ​ဘုရားသခင်​ရှေ့တော်၌ စုံလင်ခြင်း​မရှိတော့​ပေ။’ (၃ ဓမ္မ​ရာဇဝင် ၁၁:၁-၈) အမှန်​မှာ သူ၏​ဝမ်းနည်းဖွယ်​အတွေ့အကြုံ​က ရုပ်ပစ္စည်း​ကြွယ်ဝခြင်း​၌ ထောင်ချောက်များ​ရှိကြောင်း ဖော်ပြ​သည်။ ၎င်း​တို့​မှ​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

ရုပ်ပစ္စည်း​ကြွယ်ဝခြင်း​၏ ထောင်ချောက်များ

အန္တရာယ်​အရှိဆုံး​မှာ ငွေ​ကို​တပ်မက်​ခြင်း​နှင့် ငွေ​ဖြင့်​ဝယ်ယူ​နိုင်​သည့်​အရာများ​ကို တပ်မက်​ခြင်း​တို့​ဖြစ်၏။ ချမ်းသာ​ကြွယ်ဝခြင်း​က လူ​အချို့​ကို မရောင့်ရဲ​နိုင်​သည့် လောဘ​တက်လာ​စေ​သည်။ ရှောလမုန်​နန်းစံချိန်​အစပိုင်း​တွင် လူတချို့​၌ ထို​ဆန္ဒရှိ​ကြောင်း သူ​သတိပြုမိ​ကာ ဤသို့​ရေးသားခဲ့​၏– ‘ငွေ​ကို​တပ်မက်သော​သူသည် ငွေ​နှင့်​အလိုဆန္ဒ​မပြေ​နိုင်။ စည်းစိမ်​ကို​တပ်မက်သော​သူသည် စည်းစိမ်​တိုးပွား​သော်လည်း မရောင့်ရဲ​နိုင်။ ထို​အမှုအရာ​သည်လည်း အချည်းနှီး​ဖြစ်၏။’ (ဒေ. ၅:၁၀) နောက်ပိုင်း​တွင် ယေရှု​နှင့်​ပေါလု​သည်လည်း ထို​စဉ်းလဲ​သော​တပ်မက်မှု​အကြောင်း ခရစ်ယာန်​များ​ကို သတိပေး​ခဲ့​သည်။—မာကု ၄:၁၈၊ ၁၉; ၂ တိမောသေ ၃:၂

ငွေ​ကို တစ်စုံတစ်ရာ​ဖြစ်မြောက်ရေး​အတွက်သာ​မဟုတ်​တော့​ဘဲ အဓိက​ထား​လာသော​အခါ လိမ်လည်​ရန်၊ ခိုး​ရန်၊ သစ္စာဖောက်​ရန်​အပါအဝင် အကျင့်ပျက်​ပြား​ရန် သွေးဆောင်​ခံရ​လျှင် မလွန်ဆန်​နိုင်​တော့​ပေ။ ခရစ်တော်​၏​တမန်​တော်​တစ်ဦး​ဖြစ်သူ ယုဒရှကာရုတ်​သည် ငွေ ၃၀ ဖြင့် မိမိ​သခင်​အား သစ္စာဖောက်​အပ်နှံ​ခဲ့​သည်။ (မာကု ၁၄:၁၁; ယောဟန် ၁၂:၆) ငွေ​ကို အလွန်အကျွံ​တပ်မက်​လာ​သူ​အချို့​သည် ဘုရားသခင့်​အစား ငွေ​ကိုကိုး​ကွယ်​သည့်​အထိ​ပင် ဖြစ်သွား​၏။ (၁ တိမောသေ ၆:၁၀) ထို့​ကြောင့် ခရစ်ယာန်​များသည် ငွေ​များများ​ရှာ​ရခြင်း​၏ အဓိက​ရည်ရွယ်ချက် အမြဲ​မှန်ကန်​ဖို့ လို​သည်။—ဟေဗြဲ ၁၃:၅

ဥစ္စာ​ရှာ​သည့်​အခါ မသိသာ​မထင်ရှား​သည့်​အန္တရာယ်များ​စွာ ကြုံ​နိုင်​စ​ရာ​အကြောင်း​ရှိသည်။ ဦးဆုံး​အနေ​နှင့် အလွန်​ချမ်းသာ​ကြွယ်ဝ​လာသော​အခါ မိမိကိုယ်ကို​သာ ကိုးစား​စိတ်​ပေါ်လာ​တတ်​သည်။ ထို့​ကြောင့် ယေရှုသည် “စည်းစိမ်ဥစ္စာ​၏​လှည့်စားခြင်း” အကြောင်း​မိန့်ဆို​ရာ​တွင် ယင်းကို​ထည့်သွင်း​ဖော်ပြ​ခဲ့​သည်။ (မဿဲ ၁၃:၂၂) အလားတူ​ပင် ကျမ်း​ရေးသူ ယာကုပ်​က စီးပွားရေး​အစီအစဉ်များ​ဆွဲ​သည့်​အခါ ဘုရားသခင်​အား ဘေးချိတ်​မထား​ရန် ခရစ်ယာန်​များ​ကို သတိပေး​ခဲ့​သည်။ (ယာကုပ် ၄:၁၃-၁၆) ငွေ​ရှိသူတို့​အတွက် ငွေ​သည် အတော်အတန် လွတ်လပ်မှု​ပေး​ပုံ​ရသော​ကြောင့် ဘုရားသခင်​ကိုကိုး​စား​သည်ထက် ငွေ​ကိုကိုး​စားခြင်း​အန္တရာယ် အမြဲ​ရှိသည်။—သု. ၃၀:၇-၉; တမန်​တော် ၈:၁၈-၂၄

ဒုတိယ​အနေ​နှင့် အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သော ဒေးဗစ်​တွေ့ရှိ​လာ​သည်​မှာ ဥစ္စာ​ရှာ​ခြင်း​အတွက် အချိန်​နှင့်​ခွန်အား များစွာ​စိုက်ထုတ်​ရ​သဖြင့် ဝိညာဉ်​ရေး​လုပ်ဆောင်မှုများ​မှ တဖြည်းဖြည်း သူ​ဝေးကွာ​သွားခဲ့​ခြင်း​ဖြစ်သည်။ (လုကာ ၁၂:၁၃-၂၁) ချမ်းသာသူ​တို့သည် မိမိတို့​ငွေ​ကို အပျော်အပါး​နှင့်​ကိုယ်ရေးကိုယ်တာ​အတွက် အဓိက​ထား​အသုံးပြုရန် မပြတ်​သွေးဆောင်​ခံ​နေကြ​ရသည်။

ရှောလမုန်​သည် ဝိညာဉ်​ရေး​ကျဆင်း​သွား​ရခြင်း​မှာ ဉာဏ်​ထိုင်း​သွား​သည်​အထိ စည်းစိမ်​ယစ်​ခဲ့​သောကြောင့် ဖြစ်​နိုင်​မည်​လော။ (လုကာ ၂၁:၃၄) တစ်ပါး​အမျိုးသမီးများ​ကို မယူ​ရန် ဘုရားသခင်​တားမြစ်​ထား​ကြောင်း သူ​ကောင်းစွာ​သိထား​သည်။ သို့​တိုင် မောင်းမ​မိ​ဿံ​တစ်ထောင်​အထိ သူ​သိမ်းယူ​ခဲ့​သည်။ (တရားဟောရာ ၇:၃) တိုင်းတစ်ပါး​ဇနီး​များ​၏ မျက်နှာသာ​ကို​ရ​လို​၍ ယုံကြည်ခြင်း​ရောနှော​ခဲ့​သည်။ အစောပိုင်း​တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ရှောလမုန်​၏​စိတ်နှလုံး​သည် ယေဟောဝါ​ထံ​တော်​မှ တဖြည်းဖြည်း​ဝေးကွာ​သွားခဲ့သည်။

‘သင်တို့သည် ဘုရားသခင်​၏​အစေ​ကိုလည်း​ကောင်း၊ လောက​စည်းစိမ်​အစေ​ကိုလည်း​ကောင်း မခံနိုင်​ကြ’ ဟူသော​ယေရှု၏​အကြံပေး​ချက် မှန်ကန်ကြောင်း ဤ​နမူနာ​များ​က ရှင်းလင်းစွာ​ဖော်ပြ​သည်။ (မဿဲ ၆:၂၄) သို့​ဆိုလျှင် ယခု​လူအများ​ရင်ဆိုင်​နေကြ​ရသည့် စီးပွားရေး​ပြဿနာ​များ​ကို ခရစ်ယာန်​တစ်ဦး မည်သို့ အောင်မြင်စွာ​ဖြေရှင်း​နိုင်​မည်​နည်း။ ထို​ထက်​ကား ရှေ့ရေး ပိုမို​ကောင်းမွန်​လာရန် အဘယ်​မျှော်လင့်ချက်​ရှိ​သနည်း။

ရှေ့တွင်​ရှိ​မည့် စစ်မှန်သော​ကြွယ်ဝမှု

ဘိုးဘေး​အာဗြဟံ​နှင့် ယောဘ​တို့​အပြင် ဣသရေလ​လူမျိုး​နှင့်​မတူဘဲ ယေရှု၏​နောက်လိုက်​များသည် ‘လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ’ ရမည့်​တာဝန်ရ​ရှိ​ထား​ကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) သူတို့​တာဝန်​ကျေပွန်​ရန် လောက​ရေးရာ​တွင် အသုံးပြု​မည့်​အချိန်​နှင့်​ခွန်အား​ကို ဤ​အတွက်​အသုံးပြုရန် လို​ပေမည်။ ထို့​ကြောင့် အောင်မြင်မှု​ရရှိရန် “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦးစွာရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့” ဟူသော ယေရှု၏​မှာကြားချက်​အတိုင်း လုပ်ဆောင်ရန်​ဖြစ်သည်။—မဿဲ ၆:၃၃

ဒေးဗစ်​သည် မိသားစု​နှင့်​ဝိညာဉ်​ရေး​ကို​ပါ ဆုံးရှုံး​လု​နီးပါး​ဖြစ်​ပြီး​နောက် ဘဝ​လမ်းကြောင်း​မှန်​ပေါ် ပြန်ရောက်​လာ​သည်။ ဒေးဗစ်​သည် ကျမ်းစာ​လေ့လာခြင်း၊ ဆုတောင်းခြင်း​နှင့် ခရစ်ယာန်​အမှုဆောင်ခြင်း​တို့ကို ဘဝတွင် ပြန်၍​ဦးစား​ပေး​ခဲ့​ရာ ယေရှု​ကတိ​ထား​သည့်​အတိုင်း အခြား​ကိစ္စ​များလည်း အဆင်ပြေ​သွားလေသည်။ သူ့​မိသားစု​နှင့်​ဆက်ဆံ​ရေး​လည်း တဖြည်းဖြည်း​ပြန်ကောင်း​လာ​သည့်​အတွက် ပျော်ရွှင်မှု​နှင့်​ရောင့်ရဲမှု ပြန်​ရှိလာ​သည်။ သို့သော် ယခု​အထိ သူ​အလုပ်​ကြိုးစား​နေရ​ဆဲ​ဖြစ်၏။ သူသည် နေ့ချင်း​ည​ချင်း​ကြီးပွား​မလာ​ပါ။ သူ၏​အထိ​နာ​သည့်​အတွေ့အကြုံ​မှ အဖိုးတန်​သင်ခန်းစာများ ရရှိခဲ့သည်။

အမေရိကန်​သို့​ပြောင်းရွှေ့​ခဲ့​ခြင်း​သည် ပညာရှိ​၏​လော​ဟု ဒေးဗစ်​စဉ်းစားမိ​ပြီး နောက်နောင် ဆုံးဖြတ်ချက်​များ​ချ​သည့်​အခါ ငွေ​ကို ဘယ်​သောအခါ​မျှ အဓိက​မထား​တော့​ဟု စိတ်ပိုင်းဖြတ်​ခဲ့​သည်။ ဘဝတွင် ငွေ​ဖြင့်​ဝယ်​၍​မရ​သော အဖိုး​အထိုက်ဆုံး​အရာများ​မှာ သာယာသော​အိမ်ထောင်၊ မိတ်ဆွေကောင်း​များ၊ ဘုရားသခင်​နှင့်​ကောင်းသော​ဆက်ဆံ​ရေး​တို့​ဖြစ်​ကြောင်း ယခု သူ​သဘောပေါက်​လေ​ပြီ။ (သု. ၁၇:၁၇; ၂၄:၂၇; ဟေရှာယ ၅၅:၁၊ ၂) မှန်ပါသည်၊ ကိုယ်ကျင့်တရား​ကောင်းခြင်း​သည် ရုပ်ပစ္စည်း​ကြွယ်ဝခြင်း​ထက် များစွာ​အဖိုးထိုက်​သည်။ (သု. ၁၉:၁; ၂၂:၁) ယခု ဒေးဗစ်​သည် မိသားစု​နှင့်အတူ ဦးစား​ပေး​သင့်​ရာ​များ​ကို ဦးစား​ပေး​ရန် စိတ်ပိုင်းဖြတ်​ထား​လေ​သည်။—ဖိလိပ္ပိ ၁:၉

လူတို့သည် ကိုယ်ကျင့်တရား​ကောင်းသော ကြွယ်ဝ​ချမ်းသာ​သည့် လူ့​အဖွဲ့အစည်း​တစ်ခု​တည်ထောင်​ရန် ကြိုးစား​ခဲ့​ကြသော်လည်း မအောင်မြင်​ပါ။ သို့သော် ကျွန်ုပ်​တို့​ပျော်ရွှင်​ကျေနပ်​စွာ အသက်ရှင်​နေထိုင်​နိုင်​ရန် လိုအပ်သော​ရုပ်ပစ္စည်း​နှင့် ဝိညာဉ်​ရေး​ကြွယ်ဝမှု​ကို ဘုရားသခင်​၏​နိုင်ငံတော်​က ဆောင်ကြဉ်း​ပေး​မည်​ဟု ကိုယ်တော်​ကတိ​ထား​တော်​မူ​သည်။ (ဆာလံ ၇၂:၁၆; ဟေရှာယ ၆၅:၂၁-၂၃) စစ်မှန်သော​ကြွယ်ဝမှု​သည် ဝိညာဉ်​ရေး​ကောင်းခြင်း​အပေါ်​မူတည်​ကြောင်း ယေရှု​သွန်သင်​ပေး​ခဲ့​သည်။ (မဿဲ ၅:၃) ထို့​ကြောင့် ကျွန်ုပ်​တို့ ဆင်းရဲ​သည်​ဖြစ်စေ၊ ချမ်းသာ​သည်​ဖြစ်စေ ယခု​အချိန်တွင် ဝိညာဉ်​ရေး​ကို​ဦးစား​ပေးခြင်း​က လာ​လတ္တံ့​သော ဘုရားသခင့်​ကမ္ဘာသစ်​တွင်​နေထိုင်ရန် အသင့်ပြင်​ဆင်​နိုင်​သည့် အကောင်းဆုံး​နည်းလမ်း​ဖြစ်သည်။ (၁ တိမောသေ ၆:၁၇-၁၉) ထို​ကမ္ဘာ​သည် ရုပ်ပစ္စည်း​ရော ဝိညာဉ်ရေးတွင်​ပါ ချမ်းသာ​ကြွယ်ဝသော လူ့​ဘောင်​တစ်ခု​ဖြစ်​မည်​မှာ သေချာ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 နာမည်​ပြောင်း​ထား​သည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံများ]

ယောဘသည် မိမိ၏​စည်းစိမ်​ကို မကိုးစား​ဘဲ ယေဟောဝါ​အားကိုး​စား​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

ဘဝတွင် အဖိုး​အထိုက်ဆုံး​အရာများ​ကို ငွေ​ဖြင့်​မဝယ်​ယူ​နိုင်