မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏သည်းခံခြင်းကို တုပကြလော့

ယေဟောဝါ၏သည်းခံခြင်းကို တုပကြလော့

ယေဟောဝါ​၏​သည်းခံခြင်း​ကို တုပ​ကြလော့

‘ထာဝရ​ဘုရားသခင်​သည် ကတိတော်​အရာ​မှာ နှေး​တော်​မ​မူ။ . . . သည်းခံ​တော်​မူ​၏။’—၂ ပေတရု ၃:၉

၁။ လူသားများ​ကို ယေဟောဝါ ပေးသနား​ထားသော တု​နှိုင်း​မမီ​ဆုကျေးဇူး​ကား အဘယ်နည်း။

အဘယ်သူမျှ​မပေးနိုင်​သည့်  အရာတစ်ခု​ကို ယေဟောဝါ​ပေးသနား​ထား​သည်။  အလွန်​နှစ်သက်ဖွယ်​ကောင်းပြီး အလွန်​တန်ဖိုး​ကြီးသော ၎င်း​အရာ​ကို ဝယ်ယူ၍​မရ​သည့်​ပြင် ရ​သင့်​ရထိုက်​ရာ​လည်း မဟုတ်​ချေ။ ကိုယ်တော်​ပေးသနား​သော ၎င်း​အရာ​မှာ ထာဝရ​အသက်​ဖြစ်​ပြီး ကျွန်ုပ်​တို့​မှ​အများစု​သည် မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​နေထိုင်ကြ​ရမည်။ (ယောဟန် ၃:၁၆) နှစ်သက်​ကြည်နူး​စ​ရာ​ပါ​တကား။ အလွန်​ဝမ်းနည်း​ကြေကွဲ​စေသည့် ခိုက်ရန်​ဖြစ်မှု၊ အကြမ်းဖက်မှု၊ ဆင်းရဲမှု၊ ရာဇဝတ်မှု၊ ဖျားနာ​မှု​နှင့် သေခြင်း​တို့​ပင် ရှိတော့မည်​မဟုတ်​ချေ။ မေတ္တာ​နှင့်​အုပ်ချုပ်​မည့် ဘုရားသခင့်​နိုင်ငံတော်​တွင် အေးချမ်း​သာယာ စည်းလုံးစွာ နေထိုင်ကြ​ရတော့မည်။ အဆိုပါ​ပရဒိသု​ကို ကျွန်ုပ်​တို့ အလွန်​တောင့်တ​လှ​ပါ​၏။—ဟေရှာယ ၉:၆၊ ၇; ဗျာ. ၂၁:၄၊ ၅

၂။ ယေဟောဝါ​သည် စာတန်​၏​စနစ်ဆိုး​ကို အဘယ်ကြောင့် မဖျက်ဆီး​သေး​သနည်း။

ယေဟောဝါ​ကိုယ်တော်တိုင်​လည်း ကမ္ဘာ​မြေပေါ် ပရဒိသု​တည်ထောင်​မည့်​အချိန်ကို မျှော်လင့်​စောင့်စား​လျက်​ရှိသည်။ ကိုယ်တော်​သည် ဖြောင့်မတ်ခြင်း​နှင့် တရား​မျှတခြင်း​ကို နှစ်သက်​တော်​မူ​သော​အရှင်​ဖြစ်၍​တည်း။ (ဆာလံ ၃၃:၅) မိမိ၏​ဖြောင့်မတ်​သော​မူများ​ကို ဂရုမစိုက်​သော၊ မိမိ၏​အခွင့်အာဏာကို မလေးမခန့်​ပြုသော၊ မိမိ၏​လူ​တို့ကို ညှဉ်းပန်း​နှိပ်စက်​သော ဤ​လောကကို ကိုယ်တော် မြင်​ပြင်း​ကတ်​တော်​မူ​သည်။ သို့​တိုင် စာတန်​၏​စနစ်ဆိုး​ကို ကိုယ်တော် မဖျက်ဆီး​ရ​သေး​သော ခြေမြစ်​ခိုင်လုံ​သည့် အကြောင်း​များ​ရှိ၏။ ထို​အကြောင်း​များ​တွင် ကိုယ်တော်​၏​ပိုင်သ​အုပ်စိုးမှု​နှင့်​ဆက်နွှယ်​နေသည့် အမှားအမှန်​အရေးကိစ္စ​များ​ပါဝင်​သည်။ အဆိုပါ​အရေးကိစ္စ​များ​ကို ဖြေရှင်း​ရာ​တွင် ယနေ့ လူအများ​၌ မ​တွေ့ရှိ​ရသော အထူး​နှစ်သက်ဖွယ်​အရည်အသွေး​တစ်ခု​ဖြစ်သည့် သည်းခံခြင်း​ကို ယေဟောဝါ​တင်ပြ​တော်​မူ​သည်။

၃။ (က) သမ္မာကျမ်းစာ​တွင် “သည်းခံခြင်း” ဟု​ပြန်ဆို​ထားသော ဂရိ​နှင့်​ဟေဗြဲ​စကားလုံး​များ​၏ အဓိပ္ပာယ်​ကား​အဘယ်နည်း။ (ခ) ယခု အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​တွင် “သည်းခံခြင်း” ဟူ၍ သုံးကြိမ်​ပြန်ဆို​ထားသော ဂရိ​စကားလုံး တစ်လုံး​ရှိ၏။ စာသား​အရ “စိတ်ရှည်ခြင်း” ဟု​အဓိပ္ပာယ်​ရှိသည်။ “သည်းခံခြင်း” အတွက် ဂရိ​နှင့်​ဟေဗြဲ​စကားလုံး နှစ်ခုစလုံး​တွင် ချုပ်တည်း​ခြင်း​နှင့် အမျက်ထွက်​နှေး​ခြင်း​ဟု သဘောဆောင်​သည်။ ယေဟောဝါ သည်းခံနေ​ခြင်း​သည် ကျွန်ုပ်​တို့ကို မည်သို့​အကျိုး​သက်ရောက်​သနည်း။ ယေဟောဝါ​နှင့် ကိုယ်တော့်​သစ္စာရှိ​ကျေးကျွန်​များ​၏ သည်းခံခြင်း​နှင့် ခံနိုင်ရည်​ရှိ​ခြင်း​တို့မှ အဘယ်​သင်ခန်းစာ​ရရှိနိုင်​သနည်း။ ယေဟောဝါ​၏​သည်းခံခြင်း​သည် အကန့်အသတ်​ရှိကြောင်း မည်သို့​သိရှိ​ရသနည်း။ ကြည့်​ကြ​စို့။

ယေဟောဝါ​၏​သည်းခံခြင်း​ကို သုံးသပ်

၄။ ယေဟောဝါ​၏​သည်းခံခြင်း​နှင့်​ပတ်သက်​၍ တမန်​တော်​ပေတရု​က မည်သို့​ရေးသားခဲ့​သနည်း။

ယေဟောဝါ​၏​သည်းခံခြင်း​နှင့်​ပတ်သက်​၍ တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့​သည်– ‘ချစ်သူ​တို့၊ ထာဝရ​ဘုရားသခင်​မှာ ကာလ​တစ်ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​လည်းကောင်း၊ အနှစ်​တစ်ထောင်​သည် တစ်ရက်​ကဲ့သို့​လည်းကောင်း​ဖြစ်သည်​အရာတစ်ခု​ကို မမေ့လျော့​ကြ​နှင့်။ လူ​အချို့​တို့သည် နှေး​ခြင်း​ကို​မှတ်​သည်​အတိုင်း ထာဝရ​ဘုရားသခင်​သည် ကတိတော်​အရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အဘယ်သူမျှ​မပျက်စီး​ဘဲ ရှိသမျှ​တို့သည် နောင်တ​ရစေ​ခြင်း​ငှာ အလိုတော်​ရှိ၍ ငါ​တို့ကို သည်းခံ​တော်​မူ​၏။’ (၂ ပေတရု ၃:၈၊ ၉) ယေဟောဝါ​၏​သည်းခံခြင်း​ကို နားလည်​သဘောပေါက်​နိုင်​ရန် ဤ​တွင်​ဖော်ပြ​ထားသော အချက်​နှစ်ချက်​ကို ကျေးဇူးပြု​၍ ဂရုစိုက်​ပါ။

၅။ အချိန်ကို  ယေဟောဝါ  ရှုမြင်ပုံသည်  ကိုယ်တော်​၏​လုပ်ရပ်များ​အပေါ် မည်သို့​အကျိုး​သက်ရောက်​သနည်း။

ပထမ​တစ်ချက်​မှာ အချိန်ကို ကျွန်ုပ်​တို့​ရှုမြင်​သကဲ့သို့ ယေဟောဝါ မ​ရှုမြင်ခြင်း​ဖြစ်သည်။ ထာဝစဉ်​အသက်ရှင်​တော်​မူ​သော ကိုယ်တော်​အတွက် အနှစ်​တစ်ထောင်​သည် တစ်ရက်​ကဲ့သို့​ဖြစ်၏။ ကိုယ်တော်​သည် အချိန်ကို မ​မှု​သော်လည်း အရေးယူ​ဆောင်ရွက်ရန် နှေး​တော်​မ​မူ​ချေ။  အတိုင်းအဆမဲ့​ဉာဏ်ပညာ​ရှင်  ယေဟောဝါ​သည် သက်ဆိုင်သူ​အားလုံး​၏​အကျိုးကို ဆောင်ရွက်​ပေး​ရန် အကောင်းဆုံး​အချိန်ကို  အတိအကျ သိရှိ​တော်​မူ​ပြီး ထို​အချိန်ကို  စိတ်ရှည်​စွာ စောင့်ဆိုင်း​လျက်​ရှိ၏။ သို့သော် ထို​အချိန်​မတိုင်မီ မိမိ​ကျေးကျွန်​များ ခံစား​နေရ​သည့် ဆင်းရဲ​ခက်ခဲ​မှုများ​ကို ယေဟောဝါ မသိ​ဟု မယူမှတ်​သင့်​ချေ။ ကိုယ်တော်​သည် ‘သနားခြင်း​ကရုဏာ’ ရှိသော​ဘုရားသခင်​ဖြစ်​ပြီး ချစ်ခြင်း​မေတ္တာ​၏​ပြယုဂ်​ဖြစ်​တော်​မူ​သည်။ (လုကာ ၁:၇၈; ၁ ယောဟန် ၄:၈) ခေတ္တ​ခွင့်ပြု​ထား​သည့် ဆင်းရဲ​ခက်ခဲ​မှု​ကြောင့် ဖြစ်ပေါ်​လာသော ဆိုးကျိုး​များ​ကို ကိုယ်တော် လုံးဝ​ပယ်ဖျက်​ပေး​နိုင်စွမ်း​ရှိ​တော်​မူ​၏။—ဆာလံ ၃၇:၁၀

၆။ ဘုရားသခင်​နှင့်​ပတ်သက်ပြီး မည်သို့​မယူမှတ်​သင့်​သနည်း။ အဘယ်ကြောင့်​နည်း။

မှန်ပါသည်၊ မျှော်လင့်​တောင့်တ​ရာ​တစ်ခုခု​ကို စောင့်မျှော်​နေရ​ခြင်း​သည် မလွယ်ကူ​ချေ။ (သု. ၁၃:၁၂) သို့​ဖြစ်၍ လူတို့သည် မိမိတို့​ကတိ​အတိုင်း ချက်ချင်း​မပြု​လုပ်​လျှင် ပြု​လုပ်ပေး​တော့​မည်​မဟုတ်​ဟု အခြားသူများ ယူမှတ်​ပေမည်။ ဘုရားသခင်​ကိုလည်း ထိုသို့​ယူမှတ်​ခြင်း​သည် မိုက်မဲ​လိုက်​လေ​ခြင်း။ ဘုရားသခင်​၏​သည်းခံခြင်း​ကို နှေးကွေး​ခြင်း​ဟု ကျွန်ုပ်​တို့ ယူမှတ်​မည်​ဆိုလျှင် တဖြည်းဖြည်း​နှင့် သံသယဝင်​လာပြီး စိတ်ဓာတ်ကျ​လာ​ကာ ဝိညာဉ်ရေးတွင် ငိုက်မျဉ်း​လာနိုင်​သည်။ ထို​ထက်​ဆိုး​သည်​မှာ ရှေ့အခန်း​ငယ်​တွင် ပေတရု​သတိပေး​ခဲ့​သည့်​အတိုင်း ယုံကြည်ခြင်း​ကင်းမဲ့​သော ပြက်ရယ်ပြု​တတ်​သူများ​၏​လှည့်စားမှု​ကို ခံရ​နိုင်​ပေမည်။ သူတို့က “သခင်​ဘုရား​ကြွလာ​မည်​ဟူသော ကတိတော်​သည် အဘယ်​မှာ​ရှိ​သနည်း။ ဘိုးဘေး​များ အိပ်ပျော်​သည်​နောက် ခပ်သိမ်း​သော​အရာ​တို့သည် ဖန်ဆင်း​စ​က​ဖြစ်​သကဲ့သို့ ဖြစ်မြဲ​ဖြစ်​ကြ​၏​ဟု​ဆို​လျက် ကဲ့ရဲ့​ခြင်း​နှင့်​တကွ ပေါ်လာ​ကြလိမ့်မည်။”—၂ ပေတရု ၃:၄

၇။ ယေဟောဝါ​၏​သည်းခံခြင်း​နှင့် လူ​တို့ကို ကိုယ်တော် နောင်တ​ရစေ​လို​ခြင်း​သည် မည်သို့​ဆက်နွှယ်​သနည်း။

ပေတရု​၏​စကား​များ​မှ သိရှိ​ရသည့် ဒုတိယ​အချက်​မှာ ယေဟောဝါ​သည် လူသား​အားလုံး​ကို နောင်တ​ရ​စေလို၍ သည်းခံ​တော်​မူ​ခြင်း​ဖြစ်သည်။ လမ်းဆိုး​များ​မှ ခေါင်းမာ​မာ​နှင့် ပြန်​မ​လှည့်လာ​သူများ​သည် ယေဟောဝါ​၏​ကွပ်မျက်ခြင်း​ကို ခံရ​လိမ့်​မည်။ သို့သော် ဘုရားသခင်​သည် လူဆိုး​တစ်ဦး သေဒဏ်​ခံရ​ခြင်း​ကို နှစ်သက်​တော်​မ​မူ​ချေ။ ယင်းအစား နောင်တ​ယူ​ပြောင်းလဲ​၍ လမ်းဆိုး​များ​မှ ပြန်​လှည့်လာ​ကာ ဆက်​အသက်ရှင်​စေ​လို​၏။ (ယေဇကျေလ ၃၃:၁၁) ထို့​ကြောင့် လူ​တို့​အသက်ရှင်ဖို့ အခွင့်အရေး​အလုံအလောက်​ရ​ရန် ကိုယ်တော် သည်းခံနေ​တော်​မူ​ပြီး ကမ္ဘာ​တစ်ခွင် သတင်းကောင်း​ဟောပြောနေ​စေ​သည်။

၈။ ရှေး​ဣသရေလ​လူမျိုး​နှင့် ဘုရားသခင်​ဆက်ဆံပုံ​တွင် ကိုယ်တော်​၏​သည်းခံခြင်း​ကို မည်သို့​တွေ့ရှိ​နိုင်​သနည်း။

ရှေး​ဣသရေလ​လူမျိုး​နှင့် ဘုရားသခင်​ဆက်ဆံပုံ​တွင်​လည်း ကိုယ်တော်​၏​သည်းခံခြင်း​ကို တွေ့မြင်​ရ၏။ သူတို့၏​မနာခံမှု​ကို ရာစုနှစ်​နှင့်​ချီ​ပြီး သည်းခံ​တော်​မူ​ခဲ့​၏။ ကိုယ်တော်​၏​ပရောဖက်​များ​အားဖြင့် သူတို့ကို ထပ်ခါတလဲ​လဲ ဤသို့​တိုက်တွန်း​ခဲ့​သည်– ‘မကောင်းသော​လမ်း​တို့ကို  ရှောင်​ကြလော့။ ငါသည် သင်တို့​ဘိုးဘေး​တို့​၌​ထားသော​တရား၊ ငါ့​ကျွန်​ပရောဖက်​တို့ဖြင့် ပေး​လိုက်​သော​တရားကို အကုန်အစင်​ကျင့်​၍ ငါ့​စီရင်ထုံး​ဖွဲ့​ချက်​တို့ကို စောင့်ရှောက်​ကြလော့။’ ရလဒ်​ကား​အဘယ်နည်း။ “သူတို့သည် နားမထောင်” ကြ​ချေ။—၄ ဓမ္မ​ရာဇဝင် ၁၇:၁၃၊ ၁၄

၉။ ယေရှုသည် မိမိ​ခမည်းတော်​၏​သည်းခံခြင်း​ကို မည်သို့​ထင်ဟပ်ပြ​ခဲ့​သနည်း။

နောက်ဆုံး​တွင် ယေဟောဝါ​သည် မိမိ၏​သားတော်ကို စေလွှတ်​လိုက်​သည်။  ထို​သားတော်​သည်  ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​ရန် ဂျူး​များ​ကို အနူးအညွတ်​တောင်းပန်​ခဲ့​သည်။ ယေရှုသည် မိမိ​ခမည်းတော်​၏​သည်းခံခြင်း​ကို အပြည့်အဝ​ထင်ဟပ်ပြ​ခဲ့​သည်။ မကြာမီ ကွပ်မျက်​ခံ​ရတော့မည်​ကို သိရှိ​သော ယေရှု​က ဤသို့​ညည်းတွား​ခဲ့​၏– “အို​ယေရုရှလင်​မြို့၊ ယေရုရှလင်​မြို့ သင်သည် ပရောဖက်​တို့ကို သတ်​မြဲ​ရှိ၏။ သင်​ရှိရာသို့ စေလွှတ်​သော​သူကိုလည်း ကျောက်ခဲ​နှင့်​ပစ်မြဲ​ရှိ၏။ ကြက်မ​သည်  မိမိ​သားငယ်​တို့ကို အတောင်​အောက်​၌ စုရုံး​သကဲ့သို့ သင်၏​သားတို့​ကို စုရုံး​စေခြင်း​ငှာ ကြိမ်ဖန်​များစွာ ငါ​အလိုရှိ​ပြီ။ သင်​မူ​ကား အလို​မရှိ။” (မဿဲ ၂၃:၃၇) အဆိုပါ​ရင်​နင့်​ဖွယ်​စကား​များ​မှာ တစ်ဦး​တစ်ယောက်ကို အပြစ်ပေး​ရန် ဇော​ကပ်​နေသော အကြင်နာတရား​မဲ့သည့် တရားသူကြီး​၏​စကား​မဟုတ်ဘဲ လူ​တို့ကို  သည်းခံ​ကာ  မေတ္တာ​တရား​ထား​ရှိသည့် မိတ်ဆွေ​တစ်ဦး၏​စကား​များ​ဖြစ်သည်။ ကောင်းကင်​ခမည်းတော်​နည်းတူ ယေရှုသည် လူ​တို့ကို နောင်တ​ရစေ​လို​ပြီး တရား​စီရင်ခြင်း​မှ လွတ်မြောက်​စေ​လို​သည်။ အချို့​သည် ယေရှု၏​သတိပေး​ချက်​များ​ကို လက်ခံ​ကြသော​ကြောင့် အေဒီ ၇၀ ပြည့်နှစ်​တွင် ယေရုရှလင်​မြို့​အပေါ် ကျရောက်​သော ကြောက်မက်​ဖွယ်​တရား​စီရင်ချက်​မှ  လွတ်မြောက်​ခဲ့​သည်။—လုကာ ၂၁:၂၀-၂၂

၁၀။ ဘုရားသခင်​၏​သည်းခံမှု​သည် ကျွန်ုပ်​တို့အတွက် အဘယ်​နည်းဖြင့် အကျိုးရှိ​သနည်း။

၁၀ ဘုရားသခင်​၏​သည်းခံမှု​သည်  လက်ဖျား​ခါ​လောက်​အောင် အံ့ဩစရာ​ကောင်း​သည်မဟုတ်​လော။ လူ​တို့ ဤမျှ​လောက်​နာမခံ​သည့်​ကြား​မှ ယေဟောဝါ​သည် ကျွန်ုပ်​တို့​တစ်ဦးစီ​နှင့် သန်းနှင့်ချီ​သော​အခြား​သူတို့ကို မိမိ​အကြောင်း သိရှိ​စေပြီး ကယ်တင်ခြင်း​မျှော်လင့်ချက်​ပေး​ထား​၏။ ပေတရု​က “ငါ​တို့​သခင်​ဘုရား သည်းခံ​တော်​မူ​ခြင်း​သည် ကယ်တင်​မည်​အကြောင်း​ဖြစ်သည်ဟု မှတ်​ကြလော့” ဟု​ခရစ်ယာန်​ချင်း​များ​ထံ စာရေး​ခဲ့​သည်။ (၂ ပေတရု ၃:၁၅) ယေဟောဝါ​၏​သည်းခံမှု​ကြောင့် ကျွန်ုပ်​တို့ ကယ်တင်ခြင်း​ရနိုင်​သည့် အခွင့်အရေး​ရှိ​လာ၍ ကျေးဇူး​တင်​ကြသည်​မဟုတ်လော။ ယေဟောဝါ​၏​အမှုတော်ကို နေ့စဉ် ထမ်းဆောင်​သည့်​အခါ ကျွန်ုပ်​တို့ကို ဆက်​သည်းခံ​ပေး​တော်​မူ​ပါ​ဟု ဆုတောင်း​ကြသည်​မဟုတ်လော။—မဿဲ ၆:၁၂

၁၁။ ယေဟောဝါ​၏​သည်းခံမှု​ကို သဘောပေါက်ခြင်းက ကျွန်ုပ်​တို့အား အဘယ်အရာကို ပြုလုပ်​စေ​သနည်း။

၁၁ ယေဟောဝါ သည်းခံ​ရသည့်​အကြောင်းကို ကျွန်ုပ်​တို့ သဘောပေါက်​လာ​လျှင် ကိုယ်တော်​သည် ကတိတော်​အရာ​မှာ နှေး​တော်​မူ​သည်​ဟု ယူမှတ်​မည်​မဟုတ်ဘဲ ကယ်တင်​တော်​မူ​မည်​ကို​သိ​ပြီး စိတ်ရှည်ရှည်​နှင့် စောင့်စား​နေ​မည်။  (မြည်တမ်းစကား ၃:၂၆) ဘုရားသခင့်​နိုင်ငံတော် လာပါစေ​ဟု ဆုတောင်း​နေကြ​စဉ် ထို​ဆုတောင်းချက်​ကို ဖြေကြား​ပေး​ရမည့်​အကောင်းဆုံး​အချိန်ကို ဘုရားသခင်​သိ​ရှိကြောင်း ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​ကြသည်။ ထို့​ပြင် ကျွန်ုပ်​တို့၏​ညီအစ်ကို​များနှင့်​လည်းကောင်း၊ ကျွန်ုပ်​တို့​ဟောပြောသော​သူများ​နှင့်​လည်းကောင်း ဆက်ဆံ​ရာ​တွင် ဘုရားသခင်​ရေးရာ​သည်းခံမှု​ကို ပြသခြင်း​ဖြင့် ယေ​ဟာ​ဝါ​အား တုပ​လို​ကြ​၏။ ကျွန်ုပ်​တို့သည်​လည်း မည်သူမျှ မပျက်စီး​ဘဲ နောင်တ​ယူ​ပြောင်းလဲ​လာ​ကာ သူတို့ကို ထာဝရ​အသက်​မျှော်လင့်ချက်​ရရှိစေ​လို​ကြသည်။—၁ တိမောသေ ၂:၃၊ ၄

ပရောဖက်​များ​၏​သည်းခံခြင်း​ကို သုံးသပ်

၁၂၊ ၁၃။ ယာကုပ် ၅:၁၀ အရ ပရောဖက်​ဟေရှာယ​သည် သည်းခံမှု​ပြသ​ရာ​တွင် မည်သို့​အောင်မြင်​ခဲ့​သနည်း။

၁၂ ယေဟောဝါ​၏​သည်းခံမှု​ကို သုံးသပ်ခြင်း​ဖြင့် ကျွန်ုပ်​တို့သည်  ထို​အရည်အသွေးကို  တန်ဖိုး​ထား​လေးမြတ်​လာပြီး ပျိုးထောင်​နိုင်၏။ မစုံလင်​သော​လူသားများ​သည် သည်းခံခြင်း​ကို ပျိုးထောင်​ရန် မလွယ်ကူ​သော်လည်း ယင်းကို ပျိုးထောင်​နိုင်​သည်။ ဘုရားသခင်​၏​ရှေး​ကျေးကျွန်​များ​မှ ကျွန်ုပ်​တို့ သင်ယူ​နိုင်​သည်။ တပည့်​ဖြစ်သူ ယာကုပ်​က ဤသို့​ရေးသားခဲ့​သည်– ‘ငါ့​ညီအစ်ကို​တို့၊ ထာဝရ​ဘုရားသခင်​၏​နာမတော်​ကို အမှီပြု၍ ဟောပြောသော​ပရောဖက်​တို့သည် ဆင်းရဲ​ခက်ခဲ​မှု​တွေ့​ခြင်း၊ သည်းခံခြင်း​၏​ပုံသက်သေ​ကို​ပြ​ကြပြီ​ဟု မှတ်​ကြလော့။’ (ယာကုပ် ၅:၁၀) ကျွန်ုပ်​တို့ ရင်ဆိုင်​နေရ​သည့် အခက်အခဲ​များ​ကို​ပင် အခြားသူများ ရင်ဆိုင်​ဖြေရှင်း​ခဲ့​ကြောင်း သိရှိ​ရခြင်း​သည် စိတ်သက်သာရာ​ရစေ​ပြီး အားရှိစရာ​လည်း​ဖြစ်၏။

၁၃ ဥပမာ၊ ပရောဖက်​ဟေရှာယ​သည် သူ၏​တာဝန်​ကို ထမ်းဆောင်​ရာ​တွင် အမှန်ပင် သည်းခံ​ခဲ့​ရ၏။ ယေဟောဝါ​သည် ၎င်းနှင့်​ပတ်သက်ပြီး ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ထို​လူမျိုး​ရှိရာသို့​သွားပြီး​လျှင် သင်တို့သည်​ကြား​လျက်​ပင် အနက်​ကို​နားမလည်​ဘဲ ကြားကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာရုံမပြု​ဘဲ မြင်ကြ​လိမ့်​မည်​ဟု​ပြော​လော့။ သူတို့​မျက်စိ​မမြင်၊ နား​မကြား၊ စိတ်နှလုံး​မသိ၊ အကျင့်​မပြောင်းလဲ၊ သူတို့​အနာ​ရောဂါ​ကို ငါ​မငြိမ်း​စေ​ရသည်​တိုင်အောင် သူတို့​စိတ်နှလုံး​ကို မိုက်​စေ​လော့။ သူတို့​နား​ကိုလည်း ထိုင်း​စေ​လော့။ သူတို့​မျက်စိ​ကိုလည်း ပိတ်​လော့။” (ဟေရှာယ ၆:၉၊ ၁၀) ဟေရှာယ​သည် လူ​တို့​မတုံ့ပြန်​သည့်​ကြား​မှ ယေဟောဝါ​၏​သတိပေး​ချက်​သတင်းတရားကို ၄၆ နှစ်​တိုင် သည်းခံ​စိတ်ရှည်​စွာ ကြေညာ​ခဲ့​လေ​၏။ ထို​နည်းတူ၊ ကျွန်ုပ်​တို့သည်​လည်း သည်းခံ​မည်​ဆိုလျှင် သတင်းကောင်းကို လူ​တို့ လက်မခံ​သည့်​ကြား​မှ ဟောပြောခြင်း​လုပ်ငန်း​တွင် ခံနိုင်ရည်​ရှိ​နိုင်​ကြ​မည်။

၁၄၊ ၁၅။ ဆင်းရဲ​ခက်ခဲ​မှုများ​နှင့် စိတ်ဓာတ်ကျ​ခြင်း​ကို ယေရမိ​အား အဘယ်အရာက ကျော်လွှား​အောင်မြင်​စေ​သနည်း။

၁၄ ပရောဖက်​များသည် အမှုတော်​ဆောင်​သည့်​အခါ လူတို့၏​တုံ့ပြန်မှု​ကို မရရှိ​သည့်​အပြင် ညှဉ်းပန်း​နှိပ်စက်မှု​ကိုလည်း ခံ​ခဲ့​ကြ​ရ​ရှာ​သည်။ ယေရမိ​သည် ထိတ်​တုံး​ခတ်​ခံ​ခဲ့​ရသည်။ “လှောင်အိမ်” ထဲ​ထည့်​ထား​ခံ​ခဲ့​ရသည်။ မြေတွင်း​ထဲ ပစ်ချ​ခံ​ခဲ့​ရသည်။ (ယေရမိ ၂၀:၂; ၃၇:၁၅; ၃၈:၆) သူ​ကူညီ​ပေး​လို​သော​သူများ​က​ပင် သူ့ကို ထိုသို့​ညှဉ်းပန်း​ခဲ့​ခြင်း​ဖြစ်သည်။ သို့​တိုင် ယေရမိ​သည် စိတ်​မ​နာကြည်း​သည့်​အပြင် လက်တုံ့​လည်း​မပြန်​ခဲ့​ချေ။ ဆယ်စုနှစ်​များစွာ သည်းခံ​ခဲ့​၏။

၁၅ ညှဉ်းပန်း​နှိပ်စက်မှု​နှင့် ကဲ့ရဲ့​ပြောင်လှောင်မှု​တို့​ကြောင့် ယေရမိ နှုတ်ပိတ်​မသွား​သကဲ့သို့ ယနေ့ ကျွန်ုပ်​တို့​လည်း ယင်း​တို့​ကြောင့် နှုတ်ပိတ်​သွားခြင်း​မရှိကြ​ချေ။ မှန်ပါသည်၊ ကျွန်ုပ်​တို့ တစ်ခါတစ်ရံ စိတ်ဓာတ်ကျ​ပေမည်။ ယေရမိ​လည်း စိတ်ဓာတ်ကျ​ခဲ့​ဖူး​သည်။ သူက ‘ထာဝရ​ဘုရားသခင်​၏​နှုတ်မြွက်တော်​သည် အကျွန်ုပ်​၌​ကဲ့ရဲ့​ခြင်း၊ အစဉ်​ပြ​က်​ပြ​ယ်​ခြင်း​ကို ခံ​စ​ရာ​အကြောင်း​ဖြစ်ပါ​၏။ ထို့​ကြောင့် ငါသည် နှုတ်မြွက်တော်​ကို မကြား​မပြော၊ နာမတော်​ကို အမှီပြု၍ မဟောဘဲ​နေမည်ဟု သဘောထား’ သည်။ ထို​အခါ အဘယ်အရာ​ဖြစ်​ခဲ့​သနည်း။ ယေရမိ မဟောဘဲ​နေခဲ့​သလော။ သူက ‘ငါ့​အရိုး​တို့​၌​ချုပ်​ထား​၍ လောင်​သော​မီး​ကဲ့သို့ နှုတ်မြွက်တော်​သည် ငါ့​နှလုံး​၌​ဖြစ်သော​ကြောင့် အလွန်​ငြီးငွေ့​သဖြင့် အောင့်၍​မနေနိုင်’ ဟု​ပြောဆို​၏။ (ယေရမိ ၂၀:၈၊ ၉) လူတို့၏​ကဲ့ရဲ့​လှောင်ပြောင်မှု​ကို သူ​အာရုံစိုက်ခဲ့​ချိန်​က မပျော်​နိုင်​ကြောင်း သတိပြုပါ။ သို့သော် အရေးကြီး​ပြီး နှစ်​လို့​ဖွယ်​ကောင်းသော သတင်းတရားကို သူ​ပြန်​အာရုံစိုက်​သည့်​အခါ တစ်ဖန်​ပျော်ရွှင်​လာ​လေ​၏။ ထို့​ပြင် ယေဟောဝါ​သည် “အား​ကြီးသော​သူ​ကဲ့သို့” ယေရမိ​ဘက်၌​ရှိသည့်​အတွက် သူသည် ဘုရားသခင့်​နှုတ်မြွက်တော်​ကို စိတ်အား​ထက်သန်​စွာ သတ္တိရှိရှိ ကြွေးကြော်​နိုင်​ရန် ခွန်အား​ပြန်​ပြည့်​လာ​လေ​၏။—ယေရမိ ၂၀:၁၁

၁၆။ သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့ မည်သို့​ဆက်လက်​အားရ​ရွှင်လန်း​နိုင်​ကြ​သနည်း။

၁၆ ပရောဖက်​ယေရမိ​သည် သူ၏​လုပ်ငန်း​တွင် ပျော်မွေ့​ခဲ့​သလော။ အမှန်ပင် ပျော်မွေ့​ခဲ့​၏။ ယေဟောဝါ​အား သူ​ဤသို့​လျှောက်ဆို​ခဲ့​သည်– ‘ယေဟောဝါ​ဘုရားသခင် အကျွန်ုပ်​တွေ့သော နှုတ်မြွက်တော်​ကို ခံယူ​ပါ​ပြီ။ နှုတ်မြွက်တော်​သည် အကျွန်ုပ် ဝမ်းမြောက်​ရွှင်လန်းစရာ​အကြောင်း​ဖြစ်ပါ​၏။ နာမတော်​ဖြင့် အကျွန်ုပ်​ကို ခေါ်ဝေါ်​ပါ​၏။’ (ယေရမိ ၁၅:၁၆) ယေရမိ​သည် စစ်မှန်သော​ဘုရားသခင်​အား ကိုယ်စား​ပြု​ခွင့်​နှင့် ကိုယ်တော်​၏​နှုတ်မြွက်တော်​ကို ဟောပြော​ခွင့်​ရရှိ​ခြင်း​တို့အတွက် ရွှင်လန်း​အားရခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ရွှင်လန်း​အားရ​နိုင်​ကြ​ပါ​သည်။ ထို့​ပြင် ကမ္ဘာ​တစ်ဝန်း​ရှိ ဤမျှ​များပြား​သော​သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို လက်ခံ​ပြီး နောင်တ​ယူ​ပြောင်းလဲ​လာ​ကာ ထာဝရ​အသက်​လမ်းပေါ် လျှောက်လှမ်း​နေကြ​သည်ကို တွေ့မြင်​၍ ကောင်းကင်တမန်​များ ဝမ်းသာ​သကဲ့သို့ ကျွန်ုပ်​တို့​လည်း အားရ​ဝမ်းသာ​ကြ​၏။—လုကာ ၁၅:၁၀

‘ယောဘ​၏​ခံနိုင်ရည်’

၁၇၊ ၁၈။ ယောဘသည် အဘယ်​နည်းဖြင့် ခံရပ်​ခဲ့​သနည်း။ ရလဒ်​ကား​အဘယ်နည်း။

၁၇ တပည့်​ဖြစ်သူ​ယာကုပ်​သည် ရှေးပရောဖက်​များ​အကြောင်း ဖော်ပြ​ပြီး​နောက် ဤသို့​ရေးသားခဲ့​သည်– ‘ယောဘသည် ခံနိုင်ရည်​ရှိကြောင်းကို သင်တို့​ကြား​ရပြီ။ ထာဝရ​ဘုရားသခင်​သည် မိမိ​အမှုကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အလွန်​သနားစုံမက်​တော်​မူ​ကြောင်းကို​လည်း သိမြင်​ရ​ကြပြီ။’ (ယာကုပ် ၅:၁၁က​ဘ) ဤ​တွင် “ခံနိုင်ရည်” ဟု​ပြန်ဆို​ထားသော ဂရိ​စကားလုံး​သည် ရှေ့အခန်း​ငယ်​တွင် ယာကုပ်​သုံးခဲ့​သော “သည်းခံခြင်း” နှင့် အလားတူ​သော​အဓိပ္ပာယ်​ရှိ၏။ ကျမ်း​ပညာရှင်​တစ်ဦး​က အဆိုပါ​စကားလုံး​နှစ်လုံး​၏ ကွာခြား​ချက်​ကို ထောက်ပြ​၍ ဤသို့​ရေးသားခဲ့​သည်– “ရှေ့အခန်း​ငယ်​ပါ စကားလုံး​မှာ ကျွန်ုပ်​တို့ကို လူများ​ကဲ့ရဲ့​ဆဲဆို​သည့်​အခါ သည်းခံခြင်း​ကို​ဆိုလို​ပြီး နောက်​အခန်းငယ်​ပါ စကားလုံး​မှာ ဆင်းရဲ​ခက်ခဲ​သော အခြေအနေ​များ​ကြား​တွင် သတ္တိရှိရှိ​ကြံ့ကြံ့ခံ ရပ်တည်ခြင်း​ကို​ဆိုလို​၏။”

၁၈ ယောဘသည် ရင်​နင့်​စ​ရာ​ကောင်း​လောက်​အောင် ဆင်းရဲ​ခက်ခဲ​မှု ခံ​ခဲ့​ရ​ရှာ​သည်။ သူ့​စီးပွား ပျက်​သွား​သည်။ သားသမီး​များ သေး​ဆုံးသွား​သည်။ နာကျင်​သော​ရောဂါ ခံစား​ရပြီး မိမိကို ယေဟောဝါ အပြစ်ပေးခြင်း​ဖြစ်သည်ဟု မဟုတ်မမှန်​စွပ်စွဲ​ခံ​ခဲ့​ရသည်။ ထို​စဉ်​က ယောဘသည် ရေငုံ​နှုတ်ဆိတ်​မနေ​ဘဲ သူ၏​အခြေအနေ​ကို ညည်းတွား​ပြီး ဘုရားသခင်​ထက် မိမိ​ဖြောင့်မတ်​သည်​ဟု​ပင် သွယ်ဝိုက်​ပြောဆို​ခဲ့​သည်။ (ယောဘ ၃၅:၂) သို့သော် သူသည် တစ်ခါမျှ ယုံကြည်ခြင်း​မပျက်​ခဲ့​သည့်​ပြင် သမာဓိကို​လည်း မချိုးဖျက်​ခဲ့​ချေ။ ဘုရားသခင်​ကို ယောဘ​အပြစ်တင်​လိမ့်​မည်​ဟု စာတန်​ပြော​သကဲ့သို့ ယောဘ မပြု​ခဲ့​ချေ။ (ယောဘ ၁:၁၁၊ ၂၁) ရလဒ်​ကား​အဘယ်နည်း။ ယေဟောဝါ​သည် “ယောဘ​၏​ရှေ့​ဖြစ်​ဟန်​ကို ကောင်းချီး​ပေး​တော်​မူ​သည်ထက် နောက်​ဖြစ်​ဟန်​ကို သာ၍​ကောင်းချီး​ပေး​တော်​မူ” သည်။ (ယောဘ ၄၂:၁၂) ယေဟောဝါ​သည် ယောဘ​ကို ပြန်​ကျန်းမာ​စေပြီး သူ၏​စည်းစိမ်ဥစ္စာ​ကို နှစ်ဆ​တိုးများ​စေ​သည်။ ချစ်​မြတ်နိုးသူ​များနှင့်​အတူ ပြည့်စုံ​ကုံလုံ​သည့် ပျော်ရွှင်သော​အသက်တာဖြင့် နေထိုင်​စေ​ခဲ့​သည်။ ယောဘသည် သစ္စာရှိ​ရှိ​ခံရပ်​ခဲ့​ခြင်း​ကြောင့် ယေဟောဝါ​အား ပိုမို​သိကျွမ်း​လာ​လေ​သည်။

၁၉။ ယောဘ​၏​ခံနိုင်ရည်​မှ အဘယ်​သင်ခန်းစာ​ရသနည်း။

၁၉ ယောဘ​၏​ခံနိုင်ရည်​မှ အဘယ်​သင်ခန်းစာ​ရရှိကြ​သနည်း။ ယောဘ​နည်းတူ၊ ကျွန်ုပ်​တို့​လည်း ဖျားနာ​မှု သို့​မဟုတ် တခြား​ဆင်းရဲ​ခက်ခဲ​မှုများ ခံ​ကြ​ရ​ပေမည်။ ကျွန်ုပ်​တို့ စမ်းသပ်ခံ​ရဖို့ ယေဟောဝါ အဘယ်ကြောင့်​ခွင့်ပြု​သည်ကို အပြည့်အဝ​နားလည်​ကြ​မည်​မဟုတ်ပေ။ သို့​တိုင် ကျွန်ုပ်​တို့ သစ္စာစောင့်​ထိန်း​နေကြ​မည်​ဆိုလျှင် ကောင်းချီး​ခံစားရ​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်၏။ ယေဟောဝါ​သည် မိမိ​အား စိတ်ရင်းမှန်​ဖြင့် ရှာဖွေသူ​များ​ကို အကျိုးပေး​မည်​မှာ သေချာ​သည်။ (ဟေဗြဲ ၁၁:၆) ယေရှု​က ‘အကြင်သူသည် အဆုံးတိုင်အောင် ခံနိုင်ရည်​ရှိ၏။ ထို​သူသည် ကယ်တင်ခြင်း​သို့ ရောက်​လိမ့်​မည်’ ဟု​မိန့်ဆိုခဲ့သည်။—မဿဲ ၁၀:၂၂က​ဘ; ၂၄:၁၃၊ က​ဘ။

‘ယေဟောဝါ​၏​နေ့ရက်​သည် လာ​လိမ့်​မည်’

၂၀။ ယေဟောဝါ​၏​နေ့ရက် လာ​လိမ့်​မည်​ကို အဘယ်ကြောင့် တပ်အပ်ပြော​နိုင်​ကြ​သနည်း။

၂၀ ယေဟောဝါ​သည် သည်းခံ​သော်လည်း တရား​မျှတ​သည့်​အတွက်  လူဆိုးများ​ကို အမြဲ​သည်းခံနေ​မည်​မဟုတ်​ချေ။ ကိုယ်တော်​၏​သည်းခံမှု​သည် အတိုင်းအတာ​တစ်ခု​အထိ​သာ​ရှိ၏။ ပေတရု​က ဤသို့​ရေးသားခဲ့​သည်– “[ဘုရားသခင်​သည်] ရှေး​လောကဓာတ်​ကိုလည်း နှမြော​တော်​မ​မူ။” နောဧ​နှင့် သူ၏​မိသားစု​သည် အသက်ရှင်​ကျန်ရစ်​ခဲ့​သော်လည်း ဘုရားသခင်​အား မကိုးကွယ်​သော လောကသား​များသည် ရေ​လွှမ်းမိုး၍ ဖျက်ဆီး​ခံ​ခဲ့​ရသည်။ ယေဟောဝါ​သည် သောဒုံ​နှင့်​ဂေါမောရ​မြို့သား​များ​ကိုလည်း ပြာပုံ​ဖြစ်သွား​သည့်​အထိ တရား​စီရင်​ခဲ့​သည်။ အဆိုပါ​တရား​စီရင်ချက်​များသည် ‘မတရားသော​အကျင့်ကို ကျင့်​အံ့​သော​သူတို့​အတွက် ပုံသက်သေ’ ဖြစ်၏။ ယင်းကို​ထောက်​ပြီး ‘ယေဟောဝါ​၏​နေ့ရက်​သည် လာ​လိမ့်​မည်’ ကို ကျွန်ုပ်​တို့ တပ်အပ်ပြော​နိုင်​ကြသည်။—၂ ပေတရု ၂:၅၊ ၆; ၃:၁၀

၂၁။ ကျွန်ုပ်​တို့၏​သည်းခံမှု​နှင့် ခံနိုင်ရည်​ကို မည်သို့​ပြသ​နိုင်​သနည်း။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းအရာကို သုံးသပ်ကြ​မည်​နည်း။

၂၁ သို့​ဖြစ်၍  အချို့​သူများ  နောင်တ​ယူ​ပြောင်းလဲ​လာပြီး ကယ်တင်ခြင်း​ရနိုင်​ရန် ကူညီ​ပေးခြင်း​ဖြင့် ယေဟောဝါ​၏​သည်းခံမှု​ကို  တုပ​ကြ​စို့။  ကျွန်ုပ်​တို့ ဟောပြောသော သတင်းကောင်းကို လက်မခံ​သည့်​ကြား​မှ  သည်းခံ​ဟောပြောခြင်း​ဖြင့် ပရောဖက်​များ​ကိုလည်း  တုပ​ကြ​စို့။ ထို့​ပြင် ယောဘ​နည်းတူ စမ်းသပ်မှု​များ​ကို ခံရပ်​ပြီး သမာဓိ​စောင့်ထိန်း​ကြ​မည်​ဆိုလျှင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ကောင်းချီး​များစွာ​ပေး​မည်​ဟု ယုံကြည်​စိတ်ချ​နိုင်​ကြ​ပါ​သည်။ ယေဟောဝါ​သည် ကမ္ဘာ​တစ်ခွင်​တွင် သတင်းကောင်း​ဟောပြောရန် မိမိလူ​တို့၏​ကြိုးစား​အားထုတ်မှုကို မည်သို့​ကြွယ်ဝ​စွာ​ကောင်းချီး​ပေး​ကြောင်း သဘောပေါက်​သည့်​အခါ  ခရစ်ယာန်​ဓမ္မ​အမှု​တွင်  ကျွန်ုပ်​တို့ ပျော်ရွှင်​ရန် အကြောင်းရင်း​များစွာ​ရှိ၏။ နောက်​ဆောင်းပါး​တွင် ယင်းကို တွေ့ရ​လိမ့်​မည်။

သင်​မှတ်မိ​သလော

• ယေဟောဝါ​သည် အဘယ်ကြောင့် သည်းခံ​တော်​မူ​သနည်း။

• ပရောဖက်​များ​၏​သည်းခံမှု​မှ အဘယ် သင်ခန်းစာ ရရှိကြ​သနည်း။

• ယောဘသည် ခံနိုင်ရည်​ကို မည်သို့ ပြသ​ခဲ့​သနည်း။ ရလဒ်​ကား​အဘယ်နည်း။

• ယေဟောဝါ​၏​သည်းခံမှု​သည် အတိုင်းအတာ တစ်ခု​ထိ​သာ​ရှိကြောင်း ကျွန်ုပ်​တို့ မည်သို့ သိရှိ​ရသနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေရှုသည် မိမိ​ခမည်းတော် ၏​သည်းခံမှု​ကို အပြည့်အဝ ထင်ဟပ်ပြ​ခဲ့

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ယေရမိ​၏​သည်းခံမှု​ကို ယေဟောဝါ မည်သို့​ဆုချ​တော်​မူ​ခဲ့​သနည်း

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယောဘ​၏​ခံနိုင်ရည်​ကို ယေဟောဝါ မည်သို့​ဆုချ​တော်​မူ​ခဲ့​သနည်း