မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအား တွေ့ရှိရန်ကိုယ်တော်ကူညီပေးခဲ့

ယေဟောဝါအား တွေ့ရှိရန်ကိုယ်တော်ကူညီပေးခဲ့

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​အား တွေ့ရှိ​ရန်​ကိုယ်တော်​ကူညီ​ပေး​ခဲ့

ဖ​လော​ရဲ​န့်စ် က​လာ့ခ် ပြောပြ​သည်

အသည်းအသန်​ဖြစ်နေ​တဲ့ ကျွန်မ​ခင်ပွန်း​ရဲ့​လက်ကို​ကိုင်​ပြီး သူ​ပြန်​ကျန်းမာ​လာစေဖို့ အင်္ဂလီကန်​တစ်ယောက်​အနေနဲ့ ဘုရားသခင်​ဆီ ကျွန်မ​ဆုတောင်း​ခဲ့​တယ်။ ပြီး​တော့ သူ​သာ​ပြန်​ကျန်းမာ​ခဲ့ရင် ဘုရားသခင်​ကို ကျွန်မ​တွေ့အောင်​ရှာ​မယ်။ အဲဒီအခါ ကိုယ်တော်​ရဲ့​ပိုင်ဆိုင်ရာ​ဖြစ်စေ​မယ်​လို့ ကျွန်မ​ကတိပြု​လိုက်တယ်။

ဖ​လော​ရဲ​န့်စ် ချူလင်း​ဆို​တဲ့ ကျွန်မ​ကို ၁၉၃၇၊ စက်တင်ဘာ ၁၈ ရက်မှာ အနောက်​သြစတြေးလျ​ရဲ့ ဝေးခေါင်​တဲ့ ကင်​ဘာ​လီ​ကုန်းပြင်မြင့်​က အဘော်​ရီ​ဂျင်​နယ်​လ် အွန်​ဘာ​ဂူ​ရီ​ရပ်ကွက်မှာ မွေးဖွားခဲ့တယ်။

အပူအပင်​ကင်း​ပြီး ပျော်စရာ​ကောင်း​တဲ့ အဲဒီ​ကလေး​ဘဝကို ကျွန်မ​အမှတ်ရနေ​ဆဲ​ပါ။ ဘုရားသခင်​အကြောင်း ပြီး​တော့ သမ္မာကျမ်းစာ​နဲ့​ပတ်သက်​တဲ့ အခြေခံ​အကြောင်း​တချို့​ကို ချာ့ခ်ျ​ခရစ်ယာန်​သာသနာပြု​အဖွဲ့​ဆီက ကျွန်မ​သိရှိ​ရပေမဲ့ ခရစ်ယာန်မူ​တွေ​ကို သင်ပေးခဲ့​တာ​က​တော့ ကျွန်မ​ရဲ့​အမေ​ပဲ။ ကျွန်မ​ကို ကျမ်းစာ​မှန်မှန်​ဖတ်ပြ​တဲ့​အတွက် ငယ်ငယ်​လေး​က​ထဲ​က ဝိညာဉ်​ရေးရာ​တွေ​ကို ကျွန်မ​ချစ်​မြတ်နိုး​ခဲ့​တယ်။ ပြီး​တော့ ချာ့ခ်ျ​ခရစ်ယာန်​သာသနာပြု​ဖြစ်​တဲ့ ကျွန်မ​ရဲ့​အဒေါ်​တစ်ယောက်ကို​လည်း ကျွန်မ​သိပ်​အားကျမိ​တာ။ သူ့​ခြေရာ​နင်း​ချင်​ခဲ့​တယ်။

အရင်က ဖော​ရက်စ် ရေး​ဗား​မ​စ်​ရှင်​လို့​ခေါ်​တဲ့ ကျွန်မ​တို့​ရပ်ကွက်မှာ မူလ​တန်း​ကျောင်း​ပဲ​ရှိခဲ့တယ်။ မနက်ပိုင်း နှစ်နာရီ​ပဲ ကျွန်မ​ကျောင်းတက်​ခဲ့​ရတယ်။ အဲဒါ​ကြောင့် ကျွန်မ​ရဲ့​ပညာရေး​အဆင့်​ဟာ အရမ်း​နိမ့်​တဲ့​အတွက် အဖေက စိတ်ပူ​လာတယ်။ သူ့​သားသမီးတွေကို ပညာတတ်​စေ​ချင်​တဲ့​အတွက် အွန်​ဘာ​ဂူ​ရီ​ကနေ ဝင်​ဒမ်​မြို့ကို ပြောင်းရွှေ့​ဖို့ အဖေ​ဆုံးဖြတ်​လိုက်တယ်။ အဲဒီ​ကနေ​ပြောင်းရွှေ့​တဲ့​နေ့ဟာ ကျွန်မ​အတွက် တကယ်​ဝမ်းနည်း​ရတဲ့​နေ့​ဖြစ်​ပေမဲ့ ဝင်​ဒမ်​မြို့​ရောက်တော့ နောက်​လေးနှစ်​လုံးလုံး ၁၉၄၉ ကနေ ၁၉၅၂ ခုနှစ်​အထိ တစ်​နေ​ကုန် ကျောင်းတက်​နိုင်​ခဲ့​တယ်။ ဒီလို​ပညာ​သင်ကြား​နိုင်အောင် စီစဉ်​ပေး​ခဲ့​တဲ့​အဖေ့ကို ကျွန်မ​သိပ်​ကျေးဇူး​တင်​တာ​ပဲ။

အမေက ဒေသန္တရ​ဆရာဝန်​ဆီ​မှာ အလုပ်လုပ်တယ်။ ကျွန်မ​အသက် ၁၅ နှစ်မှာ ကျောင်းထွက်​တော့ အဲဒီ​ဆရာဝန်​က ဝင်​ဒမ်​ဆေးရုံ​မှာ သူနာပြု​အဖြစ် အလုပ်လုပ်​မလားလို့​မေးတော့ ဝမ်းသာ​အားရ​လက်ခံ​လိုက်တယ်။ အဲဒီတုန်းက အလုပ်အကိုင်​အရမ်း​ရှား​တာ။

သိပ်​မကြာခင်​မှာ မျက်နှာ​ဖြူ​တစ်ယောက်​ဖြစ်​တဲ့ မွေးမြူရေး​ခြံ​လုပ်သား အဲ​လက်​ခ်​နဲ့ ကျွန်မ​ဆုံတွေ့​ခဲ့​တယ်။ ၁၉၆၄ ခုနှစ်​မှာ ကျွန်မ​မှန်မှန်​သွား​နေကျ အင်္ဂလီကန်​ချာ့ခ်ျ​ရှိတဲ့ ဒါ​ဘီ​မြို့မှာ ကျွန်မ​တို့​လက်ထပ်ခဲ့​ကြတယ်။ တစ်နေ့​ကျ​တော့ ကျွန်မ​တို့​အိမ်ကို ယေဟောဝါသက်သေ​တွေ​ရောက်​လာတယ်။ ကျွန်မ​လုံးဝ​စိတ်မဝင်စား​ဘူး နောက်​တစ်ခါ မလာ​ပါ​နဲ့​လို့ သူတို့ကို ပြော​ဖြစ်အောင်​ပြော​လိုက်တယ်။ ဒါပေမဲ့​လည်း ဘုရားသခင်​မှာ ယေဟောဝါ​ဆို​တဲ့ ကိုယ်ပိုင်​နာမတော်​ရှိတယ်လို့ သူတို့​ပြော​ခဲ့​တာ​ကို ကျွန်မ​စိတ်ဝင်စား​မိတယ်။

“ကိုယ့်​ဘာသာ​ကိုယ် ဆု​မ​တောင်း​တတ်​ဘူးလား”

၁၉၆၅ ခုနှစ်​မှာ ကျွန်မ​ဘဝဟာ အတော်လေး​ခက်ခဲ​လာတယ်။ ကျွန်မ​ရဲ့​ခင်ပွန်း​မြင်း​ပေါ်​က​ကျ​တာ နှစ်ခါ၊ ကားတိုက်မှု​ဖြစ်​လို့​တစ်ခါ​ကြောင့် ဒဏ်ရာ​တွေ​ရခဲ့တယ်။ သက်သာ​လာလို့ အလုပ်​ပြန်​လုပ်နိုင်​ခဲ့​တယ်။ ဒါပေမဲ့ သိပ်​မကြာ​ပါ​ဘူး မြင်း​ပေါ်​က ပြုတ်ကျ​ပြန်​ရော။ ဒီ​တစ်ခါ သူ့ရဲ့​ခေါင်း​မှာ ဒဏ်ရာ​ပြင်းပြင်းထန်ထန်​ရသွားတယ်။ ကျွန်မ​ဆေးရုံ​ရောက်တဲ့အခါ ဆရာဝန်​က မျှော်လင့်ချက်​မရှိတော့ဘူးလို့​ပြော​တော့  ကျွန်မ​ဝမ်းနည်း ပက်လက်​ဖြစ်သွား​တယ်။ သူနာပြု​ဆရာမ​တစ်ယောက်​က ဒေသခံ ခရစ်ယာန်​ဘုန်းကြီး​ကို ကျွန်မ​ဆီ​လာ​ကူညီ​ပေး​ဖို့​ပြော​တော့ သူက “အခု​မ​အား​သေး​ဘူး။ မနက်ဖြန်​မှ​လာမယ်” လို့​ပြော​တယ်။

ခရစ်ယာန်​ဘုန်းကြီး​ကို ကျွန်မ​နဲ့​အတူ ဆုတောင်း​စေ​ချင်​တဲ့​အကြောင်း ခရစ်ယာန်​သီလရှင်​တစ်ပါး​ကို ပြောပြ​မိ​တော့ သူက “ရှင် ဘယ်လို​ဖြစ်နေ​တာလဲ။ ကိုယ့်​ဘာသာ​ကိုယ် ဆု​မ​တောင်း​တတ်​ဘူးလား” လို့​ပြော​တယ်။ ဒါနဲ့ ချာ့ခ်ျ​ထဲ​က​ရုပ်ပုံတွေ​ဆီ​မှာ ကူညီ​ပေး​ပါ​လို့ ကျွန်မ​ဆုတောင်း​တော့​လည်း ဘာ​အကူအညီ​မှ မရခဲ့​ဘူး။ ကျွန်မ​ရဲ့​ခင်ပွန်း ဒီ​တောင်​ကို ကျော်​နိုင်​မယ့်​ပုံ​မရှိဘူး။ ဒါနဲ့ ‘သူ​သာ​သေသွား​ရင် ငါ​ဘယ်လို​လုပ်​ရ​ပါ့​မလဲ’ လို့​စဉ်းစား​မိတယ်။ အဲဒီအပြင် ကျွန်မ​ရဲ့​ကလေး​သုံးယောက်​ဖြစ်​တဲ့ ခရစ္စတင်း၊ နာ​နက်​ထ်​နဲ့ ဂျက်ဖရီ​တို့အတွက်​လည်း တွေးပူ​မိတယ်။ အဖေ​မရှိဘဲ သူတို့​ဘယ်လို စခန်း​သွား​ကြ​မှာ​လဲ​စ​သည်​ဖြင့်​ပေါ့။ တော်​ပါ​သေး​ရဲ့၊ သုံးရက်ကြာ​တော့ ကျွန်မ​ခင်ပွန်း​ပြန်​သတိ​လည်​လာပြီး ၁၉၆၆၊ ဒီဇင်ဘာ​လ ၆ ရက်​နေ့မှာ ဆေးရုံ​ဆင်း​နိုင်တယ်။

သူ​အတော်လေး ပြန်ထူ​ထူထောင်​ထောင်  ရှိလာ​ပေမဲ့ ဦးနှောက်​မှာ ထိခိုက်​ဒဏ်ရာ​ရသွားလို့ မေ့လျော့​တတ်​တဲ့​အပြင် အခု​ဆိုရင် ခက်ထန်​ကြမ်းတမ်း​လာပြီး စိတ်​အပြောင်းအလဲ မြန်​လာ​တတ်တယ်။ ကလေး​တွေ​နဲ့​ပေါင်းရခက်​ပြီး လူကြီးတွေ​လို သူတို့​မနေ​တတ်​တဲ့​အခါ တအား​စိတ်ဆိုး​လာ​တတ်တယ်။ သူ့ကို ကြည့်ရှုပြုစု​ရတာ​လည်း မလွယ်​ဘူး။ သူ့​အတွက် ကျွန်မ​ပဲ အစစအရာရာ​လုပ်ပေး​နေ​ရတယ်။ အရေးအဖတ်​တောင် ပြန်​သင်ပေး​ရတယ်။ သူ့ကို​ကြည့်ရှု​ပြုစု​ရ၊ အိမ်မှုကိစ္စ​တွေ​ကိုလည်း လျစ်လျူရှုလို့​မရ​နဲ့ နောက်ဆုံး​တော့ ကျွန်မ စိတ်​ပန်း​လူ​ပန်း​ဖြစ်လာ​တော့​တယ်။ ကျွန်မ​ရဲ့​ခင်ပွန်း မတော်တဆ​ထိခိုက်မှု​ဖြစ်​ပြီး ခု​နစ်​နှစ်​ကြာ​တော့ ကျွန်မ​ရဲ့​ကျန်းမာ​ရေး​အတွက် ခဏလောက်​ခွဲနေ​ဖို့ ဆုံးဖြတ်​ခဲ့​ကြတယ်။

ဒါနဲ့ ကလေး​တွေ​ကို​ခေါ်​ပြီး တောင်ဘက်​ပိုင်း​မှာ​ရှိတဲ့ ပါ့​သ်​မြို့ကို ကျွန်မ​ပြောင်းရွှေ့​နေထိုင်ခဲ့တယ်။ မ​ပြောင်း​ခင်​မှာ အနောက်​သြစတြေးလျ၊ ကူ​နူနူ​ရာ​မြို့လေးမှာ​နေတဲ့ ကျွန်မ​ရဲ့​ညီမလေး​ဟာ ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ​လေ့လာ​နေမှန်း​သိလိုက်​ရတယ်။ မြေကြီး​ပရဒိသု​အကြောင်း ကျမ်းစာ​ကတိတော်​ကို ပုံဖော်​ထား​တဲ့ ထာဝရ​အသက်​သို့​ပို့ဆောင်သော သမ္မာတရား * စာအုပ်​ထဲ​က ရုပ်ပုံ​တစ်​ပုံ​ကို သူ​ပြ​တယ်။ ပြီး​တော့ ဘုရားသခင်​မှာ ယေဟောဝါ​ဆို​တဲ့ နာမတော်​ရှိတဲ့​အကြောင်း အဲဒီ​စာအုပ်​ထဲ​ကနေ သူ​ပြ​တော့ ကျွန်မ​စိတ်ဝင်စား​သွားတယ်။ ကျွန်မ​ရဲ့​ချာ့ခ်ျ​မှာ ဒီ​အကြောင်းကို တစ်ခါ​မှ​မကြား​ဖူး​တဲ့​အတွက် ပါ့​သ်​မြို့မှာ​အခြေကျ​တာ​နဲ့ ယေဟောဝါသက်သေ​တွေ​ဆီ ဖုန်း​ဆက်​မယ်​လို့ ဆုံးဖြတ်​လိုက်တယ်။

ဒါပေမဲ့​လည်း တကယ်တမ်း သူတို့နဲ့​ဆက်သွယ်​ဖို့ ကျွန်မ​တွန့်ဆုတ်​နေတယ်။ တစ်​ညနေခင်း​မှာ တံခါး​ခေါင်းလောင်း​မြည်​လို့ ကျွန်မ​သားက သွား​ကြည့်​ပြီး “မေမေ​ဖုန်း​ဆက်​မယ်​ဆို​တဲ့​လူတွေ ရောက်နေတယ်” လို့​ပြန်​ပြေး​လာ​ပြော​တယ်။ နည်းနည်း​အံ့အားသင့်​သွားတာ​နဲ့ ကျွန်မ​က “ငါ​မရှိဘူးလို့​ပြောလိုက်” လို့​ပြော​ခိုင်း​တော့ သားက “မေမေ​ပဲ လိမ်​မပြော​ရ​ဘူးဆို” လို့ပြန်​ပြော​တယ်။ အောင့်သက်သက်​နဲ့ ကျွန်မ တံခါး​သွား​ဖွင့်ပေး​လိုက်တယ်။ ဧည့်သည်​တွေ​ကို ကျွန်မ​ကြိုဆို​တဲ့​အခါ သူတို့က ကျွန်မ​ကို ကြောင်​ပြီး​ကြည့်​နေကြ​တာ သတိထား​မိတယ်။ တကယ်တော့ ပြောင်း​သွားတဲ့ အရင်​အိမ်ငှား​ဆီ​ကို သူတို့​လာကြတာ။ ဒါပေမဲ့​လည်း သူတို့ကို အိမ်ထဲ​ဖိတ်ခေါ်​လိုက်ပြီး မေးခွန်းတွေ တရ​စပ်​မေးလိုက်​တာ ကျမ်းစာ​ထဲ​က စိတ်​ကျေနပ်စရာ​ကောင်း​တဲ့​အဖြေ​တွေ ရခဲ့တယ်။

နောက်​တစ်ပတ်​မှာ ထာဝရ​အသက်​သို့​ပို့ဆောင်သော သမ္မာတရား​စာအုပ်​ကို​သုံးပြီး သက်သေခံတွေ​နဲ့ ကျွန်မ​ကျမ်းစာ​မှန်မှန်​စလေ့လာ​တော့​တယ်။ ဒီလို​လေ့လာ​တဲ့​အခါ ဝိညာဉ်​ရေးရာ​တွေ​ကို ချစ်​မြတ်နိုး​စိတ် ပြန်​ပေါ်လာ​တယ်။ နှစ်ပတ်​ကြာ​တော့ ခရစ်တော်​ယေရှုရဲ့​သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်​ခဲ့​တယ်။ တနင်္ဂနွေ​အစည်းအဝေး​တိုင်း​ကို စတက်​ကြည့်​ပြီး မကြာခင်​မှာ ကြား​ရက်မှာ​ကျင်းပ​တဲ့ အစည်းအဝေးတွေကို​ပါ ကျွန်မ​တက်​နေပြီ​လေ။ အဲဒီအပြင် ကျွန်မ​သင်ယူ​နေတဲ့​အရာ​တွေ​ကိုလည်း တခြား​သူတွေကို ပြန်​ပြောပြ​တယ်။ ကျမ်းစာ​အမှန်တရားကို တခြား​သူတွေ​သိအောင် ကူညီ​ပေး​တာ​က ကျွန်မ​ရဲ့​စိတ်ဓာတ်​ကို​မြှင့်တင်​ပေး​ပြီး စိတ်​လှုပ်ရှားမှု​ပိုင်း​အတွက်​လည်း အကျိုးရှိ​တာ​ကို ကျွန်မ​သတိပြုမိတယ်။ အဲဒီနောက် ခြောက်​လ​ကြာ​တော့ ပါ့​သ်​မြို့ ခရိုင်​စည်းဝေးကြီး​မှာ ကျွန်မ​နှစ်ခြင်း​ခံ​ခဲ့​တယ်။

ဝိညာဉ်​ရေး​မှာ တိုးတက်​လာတာ​နဲ့​ပဲ “မိန်းမသည်​လည်း မယုံကြည်​သော​ခင်ပွန်း​ရှိ၍၊ ထို​ခင်ပွန်း​သည် မိမိ​မယား​နှင့်​နေခြင်း​ငှာ​အလို​ရှိလျှင် မကွာစေ​နှင့်” ဆို​တဲ့ ၁ ကောရိန္သု ၇:၁၃ မှာ ပါ​တဲ့ ကျမ်းစာမူ​အပါအဝင် အိမ်ထောင်ရေး​နဲ့​ပတ်သက်​တဲ့ ယေဟောဝါ​ရဲ့​အမြင်ကို ကျွန်မ ပို​နားလည်​လာတယ်။ အဲဒီ​ကျမ်းချက်​ကြောင့် အဲ​လက်​ခ်​ဆီ​ပြန်​သွားဖို့ ကျွန်မ​တိုက်တွန်း​ခံ​ခဲ့​ရတယ်။

ဒါ​ဘီ​သို့ ပြန်ရောက်​ခြင်း

ကျွန်မ​ရဲ့​ခင်ပွန်း​နဲ့ ငါး​နှစ်​ကျော်​ခွဲနေ​ပြီး​တဲ့​နောက် ၁၉၇၉၊ ဇွန်လ ၂၁ ရက်​နေ့မှာ ဒါ​ဘီ​မြို့ကို ကျွန်မ​ပြန်​ရောက်​လာတယ်။ သူ​ဘယ်လိုများ တုံ့ပြန်​မလဲ​လို့ စိုးရိမ်​နေတာ။ ကျွန်မ​ကို​ဝမ်းမြောက်​ဝမ်းသာ​ပြန်​လက်ခံ​လို့ အံ့အားသင့်မိ​တယ်။ ဒါပေမဲ့ ကျွန်မ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်သွား​တာ​ကို သူ​သိပ်​သဘောမကျ​ဘူး။ ဒါနဲ့ ပါ့​သ်​မြို့ကို မသွား​ခင် ကျွန်မ​တက်​နေကျ သူ့​ချာ့ခ်ျ​ကို​လိုက်​တက်​ဖို့ ပြော​လှာ​တယ်။ ကျွန်မ  မလိုက်​နိုင်​တဲ့​အကြောင်း သူ့ကို​ရှင်းပြတယ်။ ခရစ်ယာန်​ဇနီး​ကောင်း​တစ်ယောက်​ဖြစ်​ဖို့၊ သူ့ရဲ့​ဦးစီးမှု​ကို လေးစားဖို့ ကျွန်မ​အတတ်နိုင်ဆုံး​ကြိုးစား​ခဲ့​တယ်။ ယေဟောဝါ​အကြောင်း၊ အနာဂတ်​နဲ့​ပတ်သက်​တဲ့ ကိုယ်တော့်​ကတိတော်​တွေ​အကြောင်း ပြော​စမ်း​ကြည့်​ပေမဲ့ စိတ်မဝင်စား​ဘူး။

ကြာ​လာတော့ ကျွန်မ​ရဲ့​ဘဝ​ပုံစံ​သစ်​ကို အဲ​လက်​ခ်​လက်ခံ​လာ​ရုံ​မ​က​ဘူး စည်းဝေးကြီး​တွေ၊ စည်းဝေးပွဲ​တွေ​နဲ့ ပတ်စဉ်​အစည်းအဝေးတွေကို ကျွန်မ​တက်​နိုင်​ရအောင် ပိုက်ဆံ​ထုတ်ပေး​တယ်။ ခရစ်ယာန်​ဓမ္မ​အမှုမှာ​အသုံးပြု​ဖို့ ကား​ဝယ်​ပေး​လို့ သူ့ကို အရမ်း​ကျေးဇူး​တင်​တာ​ပဲ။ ဩစတြေးလျ​ရဲ့ ဒီ​ဝေးခေါင်​တဲ့​ဒေသမှာ ကား​ဟာ တကယ်​တန်ဖိုး​ရှိတာ။ ကျွန်မ​တို့​အိမ်မှာ တိုက်နယ်​ကြီးကြပ်မှူး​နဲ့ ညီအစ်ကို၊ ညီအစ်မ​တွေ​ပါ တစ်ည​နှစ်​ည  လာ​တည်း​တတ်တယ်။ အဲဒါ​ကြောင့် သက်သေခံ​အတော်များများကို အဲ​လက်​ခ်​သိကျွမ်း​လာပြီး သူတို့နဲ့​ပေါင်းသင်း​ရတာ သူ​ပျော်​ပုံ​ရတယ်။

ယေဇကျေလ​ကဲ့သို့ ခံစားရ

ညီအစ်ကို၊ ညီအစ်မ​တွေ အလည်လာတဲ့အခါ ကျွန်မ​ပျော်​ရပေမဲ့ အခက်အခဲ​တစ်ခု​တော့ ကြုံ​ရတယ်။ ဒါ​ဘီ​မြို့မှာ သက်သေခံ​ဆို​လို့ ကျွန်မ​တစ်ယောက်ပဲ​ရှိတာ။ အနီးဆုံး​အသင်းတော်က ၁၃၅  မိုင်​ဝေး​တဲ့  ဘ​ရွန်း​မြို့မှာ​ရှိတယ်။ ဒါ​ကြောင့် သတင်းကောင်းကို​ဖြန့်​ဖို့ အတတ်နိုင်ဆုံး​ကြိုးစား​မယ်​လို့ ဆုံးဖြတ်​လိုက်တယ်။ ယေဟောဝါ​ရဲ့​အကူအညီနဲ့ အစီအစဉ်​လုပ်ပြီး တစ်အိမ်​မှ​တစ်အိမ်  တစ်​ယောတ်​တည်း စ​သက်သေခံ​တယ်။ ဒီလိုလုပ်​ရတာ လွယ်​တော့​မလွယ်​ဘူး၊ ဒါပေမဲ့ “ငါ့ကို​ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ခရစ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏” ဆို​တဲ့ တမန်​တော်​ပေါလု​ရဲ့​စကား​ကို အမြဲ​သတိ​ရတယ်။—ဖိလိပ္ပိ ၄:၁၃

အထူးသဖြင့် အဘော်​ရီ​ဂျင်​နီ​လူမျိုး​ချင်း​တွေ​ကြား ကျွန်မ​သက်သေခံ​တာ​ကို ဒေသခံ​ဓမ္မ​ဆရာ​တွေ​က မကြိုက်ကြဘူး။ ကျွန်မ​ကို ခြိမ်းခြောက်​ဖို့နဲ့ ဆက်​မ​ဟော​နိုင်​ဖို့ ကြိုးစား​ကြတယ်။ ဒါပေမဲ့​လည်း သူတို့​အတိုက်အခံလုပ်​လေ ဆက်​ဟော​ဖို့ ကျွန်မ​ရဲ့​စိတ်​ဆုံးဖြတ်ချက် ခိုင်မာ​လာ​လေ​ပဲ။ ယေဟောဝါ​ရဲ့​အကူအညီ​ရဖို့​လည်း မှန်မှန်​ဆုတောင်း​တယ်။ ယေဇကျေလ​ကို​မိန့်မှာ​ခဲ့​တဲ့ ဒီ​အားပေး​စကား​ကို မကြာမကြာ ပြန်သတိရ​တယ်– “သူတို့​မျက်နှာ​တစ်ဖက်၌ သင်၏​မျက်နှာကို​လည်းကောင်း၊ သူတို့​နဖူး​တစ်ဖက်၌ သင်၏​နဖူးကို​လည်းကောင်း ငါ​ခိုင်ခံ့​စေပြီ။ သင်၏​နဖူးကို  ကျောက်​ထက်မက စိန်​ထက်​သာ၍ ခိုင်မာ​စေပြီ။ သူတို့သည် ပုန်ကန်​တတ်သော​အမျိုး​ဖြစ်၍ သင်သည်​မကြောက်​နှင့်။ သူတို့​မျက်နှာ​ရည်​ကြောင့် စိတ်မပျက်​နှင့်။”—ယေဇကျေလ ၃:၈၊ ၉

ချာ့ခ်ျ​ခရစ်ယာန်​အုပ်စု​က လူ​နှစ်ယောက် ကျွန်မ​ဈေးဝယ်​တဲ့​အခါ ခဏ​ခဏ ရ​စ်​သီ​ရ​စ်​သီ​လာ​လုပ်ကြတယ်။ တခြား​ဈေးဝယ်​သူတွေ အာရုံစိုက်​လာစေဖို့ လေသံ​ကျယ်ကျယ်​နဲ့ ကျွန်မ​ကို လှောင်ပြောင်​ကြတယ်။ သူတို့ကို ကျွန်မ​ဂရုမစိုက်​ဘူး။ တစ်ခါ​တော့ စိတ်ဝင်စား​တဲ့​အမျိုးသမီး​တစ်ယောက်​ဆီ ကျွန်မ​ပြန်လည်ပတ်​နေတုန်း ဒေသခံ​ချာ့ခ်ျ​က တရားဟော​ဆရာ​တစ်ယောက်​က ကျွန်မ​ကို ယေရှုကို မယုံကြည်​သူ​လို့ စွပ်စွဲ​တယ်။ ကျွန်မ​လက်ထဲက ကျမ်းစာ​ကို​ဆွဲ​လု၊ ကျွန်မ​မျက်နှာ​ရှေ့ ယမ်း​လိုက်ပြီး လက်ထဲ ပြန်​ထိုးထည့်​ပေး​တယ်။ သူ့​မျက်လုံးကို စိုက်ကြည့်​ပြီး အေးအေးဆေးဆေး ခိုင်ခိုင်​မာမာနဲ့ ယောဟန် ၃:၁၆ ကိုကိုး​ကား​ပြီး ယေရှုကို ကျွန်မ​ယုံကြည်တဲ့​အကြောင်း​ပြော​လိုက်တယ်။ ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ကျွန်မ​ပြန်ဖြေ​တာ​ကို သူ​အံ့အားသင့်​ပြီး ဘာမှ​မပြော​ဘဲ ထွက်သွား​တော့​တယ်။

ဒါ​ဘီ​မြို့နယ်​မှာ​ရှိတဲ့ အဘော်​ရီ​ဂျင်​နီ​တွေ​ကို ဟောပြော​ရတာ သိပ်​ပျော်​တာ​ပဲ။ ဒေသခံ​ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​က ရပ်ကွက်​တစ်ခု​ကလူ​တွေ​ဆီ ကျွန်မ​သွား​မ​ဟော​နိုင်​ရအောင် ကြိုးစား​တားဆီး​သေး​တယ်၊ ဒါပေမဲ့ သူ​ပြောင်းရွှေ့​သွားရတယ်။ အဲဒါ​ကြောင့် အဲဒီ​ရပ်ကွက်​ကလူ​တွေ​ဆီ​သွားပြီး ကျမ်းစာ​သတင်းတရား​ဟောပြောနိုင်​ခဲ့​တယ်။ ကျွန်မ​ရဲ့​အဒေါ်​လို ခရစ်ယာန်​သာသနာပြု​ဖြစ်ချင်​ခဲ့​တာ အခုတော့ ကျမ်းစာ​အကြောင်း လူတွေ​သိလာ​ရအောင် ကူညီ​ပေး​နေတဲ့ ခရစ်ယာန်​သာသနာပြု​အလုပ်ကို ကျွန်မ​လုပ်​နေရ​ပြီ​လေ။ အဘော်​ရီ​ဂျင်​နီ​အတော်များများလည်း သတင်းတရားကို လက်ခံ​ကြ​တဲ့​အတွက် ကျမ်းစာ​သင်အံမှု​အများကြီး စ​နိုင်​ခဲ့​တယ်။

ဝိညာဉ်​ရေး​လိုအပ်ချက်​ကို သိမြင်ခြင်း

ငါး​နှစ်လုံး​လုံး ဒါ​ဘီ​မြို့မှာ ယေဟောဝါသက်သေ​ဆို​လို့ ကျွန်မ​တစ်ယောက်တည်း​ပဲ​ရှိတယ်။ ယုံကြည်ခြင်း​တူ​တဲ့​သူတွေနဲ့ အစည်းအဝေးတွေ မှန်မှန်​မ​တက်​ရတဲ့​အတွက် ဝိညာဉ်​ရေး​မှာ အားရှိ​နေဖို့​ခက်တယ်။ တစ်ခါ​တော့ ကျွန်မ​အရမ်း​စိတ်ဓာတ်ကျ​တာ​နဲ့  ကားမောင်း​ထွက်သွား​လိုက်တယ်။  ညနေစောင်း​မှ​အိမ်​ပြန်​ရောက်တဲ့အခါ ညီအစ်မ​တစ်ယောက်​နဲ့ သူ့​ကလေး ခု​နစ်​ယောက်​က ကျွန်မ​ကို​စောင့်မျှော်​နေကြ​တယ်။ မိုင်​အတော်​ဝေး​တဲ့  ဘ​ရွန်း​အသင်းတော်​ကနေ သူတို့​လာပြီး ကျွန်မ​အတွက်​စာအုပ်စာတမ်း​တွေ ယူလာ​ပေး​တယ်။ အဲဒီ​အချိန်​ကစပြီး  ဘက်​တီ​ဘာ​တာ​ဖီးလ်​ဆို​တဲ့ ဒီ​ညီအစ်မ​ဟာ ဒါ​ဘီ​မြို့ကို တစ်လ​တစ်ခါ​လာပြီး စ​နေ​တနင်္ဂနွေ​နှစ်​ရက် ကျွန်မ​အိမ်မှာ​တည်း​ပြီး အမှုဆောင်​အတူ​ထွက်၊ ကင်းမျှော်စင် အတူ​လေ့လာ​ကြဖို့ စီစဉ်​ခဲ့​တယ်။ ကျွန်မ​လည်း ဘ​ရွန်း​မြို့ကို တစ်လ​တစ်ခါ​သွားလည်တယ်။

ဘ​ရွန်း​မြို့က ညီအစ်ကို​တွေ​က တော်တော်လေး​ကူညီ​ပေး​ကြ​ပါ​တယ်။ တစ်ခါ​တ​လေ ဒါ​ဘီ​မြို့ကို​လာပြီး ကျွန်မ​နဲ့​အတူ လယ်ကွင်း​လုပ်ငန်းမှာ ပါဝင်​ကြတယ်။ ဒါ​ဘီ​မြို့ကို ဖြတ်သွား​ဖြတ်​လာ​လုပ်တဲ့​အခါတိုင်း ကျွန်မ​ဆီ​ဝင်ပြီး အမှုဆောင်​ကူ​ထွက်​ပေး​ကြဖို့ တခြား​မြို့က ညီအစ်ကို၊ ညီအစ်မ​တွေ​ကိုလည်း သူတို့​တိုက်တွန်း​အားပေးကြတယ်။ ခရီး​သွားလာတဲ့ ညီအစ်ကို​ညီအစ်မ​တွေ​က​လည်း ကျွန်မ​အတွက် လူထု​ဟောပြောချက်​တိတ်ခွေ​တွေ ယူလာ​ပေး​ကြတယ်။ တချို့​ဆိုရင် ကျွန်မ​နဲ့​အတူ ကင်းမျှော်စင်​လေ့လာ​တယ်။ ဒီလို​ခဏ​တစ်​ဖြုတ် အလည်​လာကြတာ ကျွန်မ​အတွက် တကယ်​အားရှိစရာ​ပဲ။

အကူအညီ​ထပ်​ရလာ

နှစ်​အတော်ကြာ အနောက်​သြစတြေးလျ တောင်ဘက်​ပိုင်း​က အငြိမ်းစား​မောင်နှံစုံ အာသာ​နဲ့ မေရီ​ဝေး​လ​စ္စ​တို့​က အေးမြ​တဲ့​ရာသီ​ရောက်​တိုင်း သုံးလ​လုံးလုံး ကျွန်မ​ဆီ​လာ​နေပြီး အားပေး​ကူညီ​တယ်။ ညီအစ်ကို​ဝေး​လ​စ္စ​က အစည်းအဝေးတွေကို ကိုင်​ပြီး လယ်ကွင်း​လုပ်ငန်းမှာ ဦး​ဆောင်ပေး​တယ်။ ပို​ပြီး​ဝေးခေါင်​တဲ့ ကင်​ဘာ​လီ​ကုန်းပြင်မြင့်​မှာ​ရှိတဲ့ မွေးမြူရေး​ခြံ (ကျွဲ နွား​ခြံ​ကြီး) တွေ​ကို  ကျွန်မ​တို့ ရောက်​အောင်​သွား​ကြတယ်။ ညီအစ်ကို​နဲ့ ညီအစ်မ​ဝေး​လ​စ္စ​တို့ ပြန်သွား​တိုင်း ကျွန်မ​စိတ်​ထဲမှာ ဟာတာတာ​ဖြစ်​ရတယ်။

နောက်ဆုံး ၁၉၈၃ အကုန်ပိုင်း​မှာ ဒါ​ဘီ​မြို့ကို သားလေး​ယောက်​ရှိတဲ့ ဒယ်​နီ​နဲ့ ဒ​နီး​စ် စ​တာ​ဂျန် မိသားစု​ပြောင်းရွှေ့​လာမယ်​ဆို​တဲ့ သတင်းကောင်း​ကြား​လိုက်ရတယ်။ သူတို့​ရောက်လာ​ပြီး​နောက် အစည်းအဝေးတွေ မှန်မှန်​ကျင်းပ​နိုင်တယ်။ လယ်ကွင်း​လုပ်ငန်းမှာလည်း အတူတူ​ပါဝင်​နိုင်​ကြတယ်။ ၂၀၀၁ ခုနှစ်​မှာ အသင်းတော်​တစ်ခု​ဖွဲ့စည်း​ခဲ့​တယ်။ အခု​ဆိုရင် ဒါ​ဘီ​မြို့မှာ ကျွန်မ​တို့​ရဲ့​ဝိညာဉ်​ရေး​ကို ဂရုစိုက်​တဲ့ အကြီးအကဲ​နှစ်ယောက်​နဲ့ ဓမ္မ​အမှုထမ်း​တစ်ယောက်​ရှိပြီး ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၂၄ ယောက်​ရှိတဲ့ တက်ကြွ​တဲ့​အသင်းတော်​လေး​တစ်ခု ရှိနေပြီ။ တစ်ခါ​တ​လေ အစည်းအဝေး​တက်​သူ ၃၀ နီးပါး​ရှိတယ်။

နောက်ကြောင်း​ကို​ပြန်​ကြည့်​ရင် ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​နိုင်​ဖို့ ကိုယ်တော်​ကူညီ​ပေး​ခဲ့​တဲ့​အတွက် သိပ်​အားရ​တာ​ပဲ။ ကျွန်မ​ရဲ့​ခင်ပွန်း​က အခုထိ ကျွန်မ​ရဲ့​ယုံကြည်ချက်ကို လက်မခံ​သေး​ပေမဲ့ တခြား​နည်းတွေနဲ့ ကျွန်မ​ကို ဆက်​ထောက်ပံ့​ပေး​နေပါတယ်။ ကျွန်မ​ရဲ့​သမီး​နှစ်ယောက်၊ မြေး​နှစ်ယောက်​နဲ့ တူမ​တစ်ယောက် အားလုံး​ငါး​ယောက် နှစ်ခြင်း​ခံ​ပြီး​တဲ့ သက်သေခံတွေ​ဖြစ်နေ​ကြပြီ။ အဲ့ဒီ​အပြင် ဆွေမျိုး​တချို့က ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ​လေ့လာ​နေကြ​တယ်။

ယေဟောဝါ​ကို ရှာတွေ့​အောင် ကျွန်မ​ကို ကိုယ်တော်​ကူညီ​ပေး​ခဲ့​တဲ့​အတွက် တကယ်​ကျေးဇူး​တင်​တယ်။ အစဉ်​ထာဝရ ကိုယ်တော်​ရဲ့​ပိုင်ဆိုင်ရာ​ဖြစ်​ဖို့ ကျွန်မ​စိတ်ပိုင်းဖြတ်​ထား​ပါ​တယ်။—ဆာလံ ၆၅:၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့၊ ယခု ပုံ​မ​နှိပ်​တော့​ပါ။

[စာမျက်နှာ ၁၅ ပါ မြေပုံ/ ရုပ်ပုံများ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဩစတြေးလျ

ဝင်​ဒမ်

ကင်​ဘာ​လီ ကုန်းပြင်မြင့်

ဒါ​ဘီ

ဘ​ရွန်း

ပါ့​သ်

[Credit Lines]

Kangaroo and lyrebird: Lydekker; koala: Meyers

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဝင်​ဒမ်​ဆေးရုံ​တွင် ၁၉၅၃ ခုနှစ်​၌ သူနာပြု​လုပ်​စဉ်​က

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၂၀၀၅ ခုနှစ်၊ ဒါ​ဘီ​အသင်းတော်