မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူမျိုးအပေါင်းတို့အား သက်သေဖြစ်”

“လူမျိုးအပေါင်းတို့အား သက်သေဖြစ်”

“လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်”

“သင်တို့သည် . . . မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်။”—တမန်​တော် ၁:၈

၁။ တပည့်​များသည် မဿဲ ၂၄:၁၄ တွင်​မှတ်တမ်း​တင်ထားသော ပရောဖက်ပြုချက်​ကို အဘယ်​အချိန်​နှင့် အဘယ်​နေရာတွင် ဦးဆုံး​ကြား​ခဲ့​ကြ​သနည်း။

မဿဲ ၂၄:၁၄ တွင်​မှတ်တမ်း​တင်ထားသော ယေရှု၏​စကား​များ​ကို  ကျွန်ုပ်​တို့​မှ​အများစု​သည် အလွတ်​ရ​ကြသည်။ ယင်းသည် အမှန်ပင် ထူးခြား​ဖွယ်​ပရောဖက်ပြုချက်​ပါ​တကား။ အဆိုပါ​စကား​ကို တပည့်​များ ကြား​ခါ​စ​က သူတို့​စိတ်ထဲ အဘယ်အရာ​ပေါ်လာ​မည်​ကို စဉ်းစား​ကြည့်​ပါ။ အချိန်​ကား အေဒီ ၃၃ ခုနှစ်​ဖြစ်သည်။ တပည့်​များသည် ယေရှု​နှင့် သုံးနှစ်​ခန့်​နေခဲ့​ကြ​ပြီး ယခု ကိုယ်တော်​နှင့်အတူ ယေရုရှလင်​မြို့​သို့ ရောက်လာ​ကြ​၏။ ကိုယ်တော်​၏​အံ့ဖွယ်အမှု​များ​ကို မြင်ပြီး ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို ကြား​ခဲ့​ကြသည်။ ယေရှု​သွန်သင်ပေး​သော တန်ဖိုး​ဖြတ်​မရ​သည့်​အမှန်တရားကို သူတို့ နှစ်သက်​လက်ခံ​ကြ​သကဲ့သို့ လူအားလုံး လက်ခံ​မည်​မဟုတ်​ကြောင်း သူတို့ ကောင်းစွာ​သဘောပေါက်​ကြသည်။ ယေရှု​တွင် တန်ခိုး​အရှိန်အဝါ​ကြီးသော ရန်သူများ​ရှိ၏။

၂။ တပည့်​များသည် အဘယ်​အန္တရာယ်များ​နှင့် စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​ကြ​ရမည်​နည်း။

တပည့်​လေးဦး​သည်  သံလွင်​တောင်ပေါ်​တွင် ယေရှု​နှင့်အတူ ထိုင်​နေပြီး မိမိတို့ နောင်​တွင်​ရင်ဆိုင်​ရမည့် အန္တရာယ်များ​နှင့် စိန်ခေါ်ချက်​များ​အကြောင်း ကိုယ်တော်​မိန့်ဆို​ရာ​များ​ကို  စူးစိုက်​နားထောင်​နေကြ​သည်။ ထို​အချိန်​မတိုင်မီ​က  ယေရှုသည် မိမိ​ကွပ်မျက်​ခံရ​တော့​မည့်​အကြောင်း  သူတို့ကို  မိန့်ဆိုခဲ့သည်။ (မဿဲ ၁၆:၂၁) သူတို့လည်း ရက်ရက်စက်စက် အတိုက်အခံပြု​ခံရ​မည်​ကို ယခု ကိုယ်တော်​ရှင်းပြ​၏။ “လူများ​တို့သည် သင်တို့ကို ညှဉ်းဆဲခြင်း၊ အသေ​သတ်​ခြင်း​ကို​ခံစေ​ခြင်း​ငှာ အပ်နှံ​ကြလိမ့်မည်။ ငါ​၏​နာမ​ကြောင့်​လည်း ခပ်သိမ်း​သော​လူမျိုး​တို့သည် သင်တို့ကို မုန်း​ကြလိမ့်မည်” ဟု​ကိုယ်တော်​မိန့်ဆိုခဲ့သည်။ ထို​မျှ​မ​က​သေး​ချေ။ ပရောဖက်​အတုအယောင်​များသည် လူများစွာကို လှည့်ဖြား​ကြလိမ့်မည်။ အချို့​သည် ထိမိ​လဲသွား​ပြီး သစ္စာဖောက်​ကာ အချင်းချင်း​မုန်း​ကြလိမ့်မည်။ “အများ​သော​သူတို့” သည် ဘုရားသခင်​နှင့်​သမ္မာကျမ်းစာ​ကို ချစ်​မြတ်နိုး​စိတ် အေးစက်​သွား​စေ​ကြ​မည်။—မဿဲ ၂၄:၉-၁၂

၃။ မဿဲ ၂၄:၁၄ တွင်​တွေ့ရ​သော ယေရှု၏​စကား​များသည် အဘယ်ကြောင့် အမှန်တကယ်​ပင် မှင်တက်​ဖွယ်​ကောင်း​သနည်း။

ယေရှုသည် ဤသို့​သော​စိတ်ဓာတ်ကျ​စ​ရာ​အခြေအနေ​များ​ကို ဖော်ပြ​ပြီး​နောက် တပည့်​များ​ကို အံ့သြ​သွား​စေသည့်​စကား မိန့်ဆိုခဲ့သည်။ ကိုယ်တော်​က ‘လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော သတင်းကောင်းကို လောက​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည် ဖြစ်လတ္တံ့’ ဟု​မိ​န့်​ခဲ့​သည်။ (မဿဲ ၂၄:၁၄) မှန်ပါသည်၊ ဣသရေလ​နိုင်ငံ​တွင် ယေရှု​အစပြု​ခဲ့​သော ‘အမှန်တရား​ဘက်၌ သက်သေခံ’ ခြင်း​လုပ်ငန်း​သည် ကမ္ဘာ​တစ်ဝန်း တိုးချဲ့​သွား​နေရ​မည်​ဖြစ်သည်။ (ယောဟန် ၁၈:၃၇) အမှန်တကယ်​ပင် မှင်တက်​သွား​စေသည့် ပရောဖက်ပြုချက်​ပါ​တကား။ ထို​သက်သေခံခြင်း​လုပ်ငန်း​ကို “နိုင်ငံ​အရပ်ရပ်ရှိ​သမျှ” သို့​တိုးချဲ့​ခြင်း​သည် စိန်ခေါ်ချက်​ဖြစ်​ပေမည်။ ‘ခပ်သိမ်း​သော​လူမျိုး​တို့၏​မုန်းတီးမှု’ ကြား​မှ ထိုသို့​လုပ်ဆောင်​ရခြင်း​မှာ အံ့ဖွယ်အမှု​အမှန်​ဖြစ်၏။ ကြီးမားသော​ဤ​လုပ်ငန်း ဖြစ်မြောက်အောင်​မြင်​ခြင်း​က ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​နှင့်​တန်ခိုး​သာမက မေတ္တာတော်၊ သက်ညှာမှု​နှင့် သည်းခံမှု​တို့ကို​ပါ ထင်ရှားစေ​လိမ့်​မည်။ ထို့​ပြင် ကိုယ်တော့်​ကျေးကျွန်​များသည်​လည်း မိမိတို့​ယုံကြည်ခြင်း​နှင့် ဆက်ကပ်​ဝတ်ပြုမှု​တို့ကို ဖော်ပြ​ခွင့်​ရရှိကြလိမ့်မည်။

၄။ သက်သေခံခြင်း​လုပ်ငန်း​ကို ထမ်းဆောင်​ရန် မည်သူ​တို့အား မိန့်မှာ​ထား​သနည်း။ ယေရှုသည် အဘယ်​အားရှိစရာ​စကား​ကို မိန့်ဆိုခဲ့​သနည်း။

မိမိ၏​တပည့်​များသည် အလွန်​အရေးကြီးသော​လုပ်ငန်း​ကို ထမ်းဆောင်​စ​ရာ​ရှိသည်​ဟု အတိအလင်း ယေရှု​ဖော်ပြ​ခဲ့​သည်။ ကောင်းကင်​သို့ မတက်ကြွမီ တပည့်​များ​ရှေ့ ကိုယ်ယောင်​ထင်ရှားပြ​ကာ ဤသို့​မိန့်ဆို​၏– “သင်တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်​တော်​ဆင်းသက်​သောအခါ သင်တို့သည် တန်ခိုး​ကို​ခံရ​၍ ယေရုရှလင်​မြို့မှ​စ​သော ယုဒပြည်၊ ရှမာရိ​ပြည်၊ မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ ဖြစ်​ကြလိမ့်မည်။” (တမန်​တော် ၁:၈) မကြာမီ အချို့​သူများ​လည်း သူတို့နှင့်​အတူ ပူးပေါင်း​လာ​ကြ​မည်​ဖြစ်သည်။ သို့​တိုင် တပည့်​များ​၏​အရေအတွက် နည်း​ပေမည်။ ဘုရားသခင်​၏​တန်ခိုး​ကြီး​သည့် သန့်ရှင်းသော​ဝိညာဉ်တော်သည် ကိုယ်တော်​အပ်နှင်း​ထားသော ဤ​တာဝန်​ကို ပြီးမြောက်​စေနိုင်​ကြောင်း သိရှိ​လိုက်ရ​သည့်​အတွက် အားရှိစရာ​ပင်။

၅။ တပည့်​များသည် သက်သေခံခြင်း​လုပ်ငန်း​နှင့်​ပတ်သက်​၍ အဘယ်အရာကို မသိ​ခဲ့​ကြ​သနည်း။

“လူမျိုးတကာ​တို့ကို”  သတင်းကောင်း​ဟောပြောပြီး  “တပည့်​ဖြစ်စေ”  ရမည်ဟု  မိန့်မှာ​ခံရ​ကြောင်း တပည့်​များ​သိရှိ​ကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) သို့သော်  အဘယ်​အထိ နှံ့နှံ့စပ်​စပ် သက်သေခံ​ရမည်၊ အဘယ်​အချိန်တွင်  အဆုံးတိုင်​မည်​ကို သူတို့​မသိကြ​ချေ။ ကျွန်ုပ်​တို့​လည်း မသိကြ​ချေ။ ထို​ကိစ္စ​များ​ကို ယေဟောဝါ​တစ်ပါး​တည်း​သာ ဆုံးဖြတ်​ရမည်​ဖြစ်သည်။ (မဿဲ ၂၄:၃၆) ယေဟောဝါ ကျေနပ်​သည့်​အထိ သက်သေခံ​ပြီး​သောအခါ  ဤ​စနစ်ဆိုး​ကို  အဆုံးတိုင်​စေမည်။ ယေဟောဝါ ရည်ရွယ်​ထား​သည့်​အတိုင်းအတာ​အထိ ဟောပြောခြင်း​လုပ်ငန်း​ကို ဆောင်ရွက်​ပြီး​ကြောင်း ထို​အခါ​မှ​သာ ခရစ်ယာန်​များ သိမြင်​လာ​ကြ​မည်​ဖြစ်သည်။ အဆိုပါ​ကနဦး​တပည့်​များသည် ဤ​နောက်ဆုံး​ကာလ​တွင် သက်သေခံခြင်း​လုပ်ငန်း ယခု​လောက် ကျယ်ပြန့်​လာ​မည်​ကို အဘယ်နည်း​နှင့်​မျှ မ​မှန်းဆ​နိုင်​ကြ​ချေ။

ပထမ​ရာစု​တွင် သက်သေခံခြင်း

၆။ အေဒီ ၃၃ ခုနှစ်​တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။ ၎င်းနောက်​မကြာမီ မည်သို့​ဖြစ်လာ​သနည်း။

ပထမ​ရာစု​တွင် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​သည် အံ့ဖွယ်ကောင်း​လောက်​အောင် တိုးတက်​ခဲ့​သည်။ အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေ​ပွဲနေ့​တွင်  တပည့် ၁၂၀ ခန့်​သည် ယေရုရှလင်​မြို့ရှိ အထက်ခန်း​မ​တွင် စုဝေး​ရောက်ရှိ​နေကြ​သည်။ သူတို့​အပေါ် ဘုရားသခင်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော် သွန်းလောင်းခဲ့​သည်။ တမန်​တော်​ပေတရု​သည် ဤ​အံ့ဖွယ်အမှု​၏​ဆိုလိုချက်​ကို အားတက်သရော ရှင်းပြ​ခဲ့​ရာ လူ ၃,၀၀၀ ခန့်​သည် ယုံကြည်သူများ​ဖြစ်လာ​ပြီး နှစ်ခြင်း​ခံ​ခဲ့​ကြသည်။ ၎င်း​သည် ပဏာမ​မျှ​သာ​ရှိသေး၏။ ဘာသာရေး​ခေါင်းဆောင်​များသည် သတင်းကောင်း​ဟောပြောခြင်း ရပ်တန့်​သွား​ရန် ကြိုးစား​ခဲ့​ကြသော်လည်း ‘ကယ်တင်ခြင်း​သို့​ရောက်​သော​သူတို့ကို နေ့စဉ်​မပြတ် ဘုရားသခင်​သည် သင်း​ဝင် [တပည့်​များ​ဖြစ်လာ] စေတော်မူ​၏။’ မကြာမီ “အရေအတွက်​အားဖြင့် လူ​ငါး​ထောင်​မျှ​လောက်”  ရှိလာ​လေ​သည်။ ထို့နောက် “သခင်​ဘုရား​၌ ယုံကြည်​သော​ယောက်ျား၊ မိန်းမ​အပေါင်းတို့သည်” တပည့်​များ​ဖြစ်လာ​ကြ​၏။—တမန်​တော် ၂:၁-၄၊ ၈၊ ၁၄၊ ၄၁၊ ၄၇; ၄:၄; ၅:၁၄

၇။ ကော်နေလိ ဘာသာ​ပြောင်း​ဝင်လာ​ခြင်း​သည် အဘယ်ကြောင့် ထူးခြားသော​အဖြစ်အပျက်​ဖြစ်သနည်း။

အေဒီ ၃၆ ခုနှစ်​တွင် ထူးခြားသော​အဖြစ်အပျက်​နောက်တစ်ခု​ဖြစ်သည့် တစ်ပါး​အမျိုးသား ကော်နေလိ ဘာသာ​ပြောင်း​ပြီး နှစ်ခြင်း​ခံ​ခဲ့​သည်ကို တွေ့မြင်​ရ၏။ ဘုရားသခင်​ကို ချစ်​ကြောက်​ရိုသေ​သော ထို​သူ​ထံ​သွား​ရန် တမန်​တော်​ပေတရု​ကို ညွှန်ကြား​ရာ​တွင် ‘လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ’ ပါ​ဟူသော ယေရှု၏​မိ​န့်မှာ​ချက်​သည် နိုင်ငံ​အရပ်ရပ်ရှိ ဂျူး​တို့အတွက်​သာ​မဟုတ်​ကြောင်း ယေဟောဝါ​ဖော်ပြ​လိုက်ခြင်း​ပင်။ (တမန်​တော် ၁၀:၄၄၊ ၄၅) ဦးဆောင်နေသူ​များ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ သတင်းကောင်းသည် ဂျူး​မဟုတ်သော တစ်ပါး​အမျိုးသားများ​အတွက်​လည်း​ဖြစ်​ကြောင်း ယုဒပြည်​ရှိ တမန်​တော်​များနှင့် အသက်ကြီးသူ​များ  သိမြင်​လာပြီး​နောက် ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​ကြသည်။  (တမန်​တော် ၁၁:၁၊ ၁၈)  ထို​အချိန်အတွင်း ဟောပြောခြင်း​လုပ်ငန်း​သည် ဂျူး​တို့​စပ်ကြား တိုးတက်​အောင်မြင်​လျက်​ရှိ၏။  နှစ်​အနည်းငယ်​အကြာ၊ ဖြစ်​နိုင်​ခြေ  အေဒီ  ၅၈  ခုနှစ်​ခန့်​တွင် တစ်ပါး​အမျိုးသား​ယုံကြည်သူများ​အပြင် “ယုံကြည်​သော​ယုဒ​လူ” သောင်း​နှင့်​ချီ​၍​လည်း​ရှိလာ​၏။—တမန်​တော် ၂၁:၂၀

၈။ သတင်းကောင်းသည်  လူတစ်ဦး​စီ​အပေါ်  မည်သို့​အကျိုး​သက်ရောက်​သနည်း။

ပထမ​ရာစု​ခရစ်ယာန် အရေအတွက် တိုးများ​လာ​ခြင်း​က အားရစရာ​အမှန်​ဖြစ်သော်လည်း ထို​အရေအတွက်​များ  ကိုယ်စား​ပြု​သည့်  လူတစ်ဦးစီကို​ပါ  ထည့်​စဉ်းစား​ရန် ဘယ်တော့​မျှ မမေ့​ပါ​နှင့်။ သူတို့​ကြား​လိုက်ရ​သော  ကျမ်းစာ​သတင်းတရား​က အမှန်ပင်​တန်ခိုး​ပါ​၏။  (ဟေဗြဲ ၄:၁၂) ထို​သတင်းတရား​က သက်ဝင်​ယုံကြည်သူများ​၏ အသက်တာကို အကြီးအကျယ် ပြောင်းလဲ​စေ​ခဲ့​သည်။ ထို​သူတို့သည် ကိုယ်ကျင့်တရား သန့်ရှင်း​စေပြီး လူသစ်​ကို​ဝတ်ဆင်​ကာ ဘုရားသခင်​၏​မိတ်ဆွေများ ဖြစ်လာ​ကြ​၏။ (ဧဖက် ၄:၂၂၊ ၂၃) ယနေ့လည်း ထို​နည်းတူ​ပင်။ သတင်းကောင်းကို  လက်ခံသူ​အားလုံး  ထာဝစဉ်​အသက်ရှင်​နိုင်​မည့်  အံ့ချီးဖွယ်​အလားအလာ​ရှိကြသည်။—ယောဟန် ၃:၁၆

ဘုရားသခင်​၏ လုပ်ဖော်ဆောင်ဖက်​များ

၉။ ကနဦး​ခရစ်ယာန်​များသည် မိမိတို့ အဘယ်​အခွင့်အရေး​နှင့်​တာဝန် ရရှိ​ထား​ကြောင်း အသိအမှတ်ပြု​ခဲ့​ကြ​သနည်း။

ဖြစ်မြောက်​ခဲ့​ရာ​များသည် မိမိတို့​ကြောင့်​ဖြစ်သည်ဟု ကနဦး​ခရစ်ယာန်​များ မ​ဝင့်ကြွား​ခဲ့​ကြ​ချေ။ “သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တန်ခိုး” ဖြင့် မိမိတို့ ဓမ္မ​အမှုဆောင်​နေသည်​ကို သူတို့​အသိအမှတ်ပြု​ကြသည်။ (ရောမ ၁၅:၁၃၊ ၁၉) ယေဟောဝါ​ကြောင့် ဝိညာဉ်​ရေး​တိုးတက်​နေခြင်း​ဖြစ်သည်။ တစ်ချိန်တည်း​တွင် အဆိုပါ​ခရစ်ယာန်​များ​က မိမိတို့ “ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်” ဖြစ်​ရခြင်း​သည် အခွင့်အရေး​တစ်ခု​ဖြစ်​သကဲ့သို့ တာဝန်​လည်း​ဖြစ်​ကြောင်း သိရှိ​ကြသည်။ (၁ ကောရိန္သု ၃:၆-၉သမ္မာ) ထို့​ကြောင့် ယေရှု၏​သတိပေး​ဆုံးမချက်​နှင့်​အညီ မိမိတို့​ရရှိ​ထား​သည့်​လုပ်ငန်း​တွင် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့​ကြ​၏။—လုကာ ၁၃:၂၄

၁၀။ ကနဦး​ခရစ်ယာန်​အချို့​သည် နိုင်ငံ​အရပ်ရပ်​တွင် သက်သေ​ခံရန် မည်သို့​ကြိုးစား​လုပ်ဆောင်ခဲ့​ကြ​သနည်း။

၁၀ “တစ်ပါး​အမျိုးသား​တို့​နှင့်​ဆိုင်သော  တမန်​တော်” ပေါလု​သည် မိုင်​ထောင်နှင့်ချီ ကုန်း​တစ်တန်၊ ရေ​တစ်တန် ခရီးထွက်​ပြီး ရောမ​ခရိုင် အာရှနယ်​နှင့် ဂရိ​နိုင်ငံ​တို့​တွင် အသင်းတော်များ​စွာ​ကို တည်ထောင်​ခဲ့​၏။ (ရောမ ၁၁:၁၃) ထို့​ပြင် ရောမ​အပြင် စပိန်​နိုင်ငံ အထိ​ပင် ခရီးထွက်​ခဲ့​ဖွယ်​ရှိ၏။ ‘အရေဖျားလှီး​ခြင်း​ကို​ခံ​သော​သူတို့တွင် . . . သတင်းကောင်းကို’ ဟောပြောရန် တာဝန်​အပ်နှင်း​ခံရ​သော တမန်​တော်​ပေတရု​သည်လည်း ထို​အချိန်​က ဂျူး​များစွာ​နေထိုင်​သည့် ဗာဗုလုန်​သို့ ခရီးထွက်​ခဲ့​သည်။ (ဂလာတိ ၂:၇-၉; ၁ ပေတရု ၅:၁၃) သခင်​ဘုရား​၏​အမှုတော်ကို ကြိုးစား​လုပ်ဆောင်ကြ​သူများ​တွင် တ​ရု​ဖဲ​န​နှင့် တ​ရု​ဖောသ​အစ​ရှိသော အမျိုးသမီးများ​လည်း​ပါ​သည်။ ပေရသိ​အမည်​ရှိသော အမျိုးသမီး​တစ်ဦး​လည်း “သခင်​ဘုရား​၏​အမှုတော်ကို​ကြိုးစား”  လုပ်ဆောင်​သည်​ဟု​ဆို​၏။—ရောမ ၁၆:၁၂

၁၁။ တပည့်​များ​၏​ကြိုးစား​အားထုတ်မှု​များ​ကို ယေဟောဝါ မည်သို့​ကောင်းချီး​ပေး​ခဲ့​သနည်း။

၁၁ ယေဟောဝါ​သည် သူတို့နှင့် အခြား​ထက်သန်​သော  လုပ်ဖော်ဆောင်ဖက်​များ​၏ ကြိုးစား​အားထုတ်မှု​များ​ကို ကြွယ်ဝ​စွာ ကောင်းချီး​ပေး​တော်​မူ​ခဲ့​သည်။ နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ သက်သေခံ​ရမည်ဟု ယေရှု​ကြိုဟော​ပြီး အနှစ် ၃၀ မပြည့်မီ ပေါလု​က “ဧဝံဂေလိတရား”ကို “ကောင်းကင်​အောက်​၌​ရှိသမျှ​သော ဝေနေယျ​သတ္တဝါ​တို့အား ဟောပြော” ခဲ့ပြီ​ဟု ရေးသားခဲ့​သည်။ (ကောလောသဲ ၁:၂၂၊ ၂၃) ထို​အချိန်​က အဆုံးတိုင်​ခဲ့​သလော။ တစ်နည်း​အားဖြင့် အဆုံးတိုင်​ခဲ့​သည်​ဟု ဆို​၍​ရ၏။ ဝတ်ပြုရာ​အိမ်တော်​နှင့်​တကွ ယေရုရှလင်​မြို့ကို ရောမ​စစ်တပ်​များ ဖျက်ဆီး​ခဲ့​ချိန် အေဒီ ၇၀ ပြည့်နှစ်​တွင် ဂျူး​အစီအစဉ်​စနစ် အဆုံးတိုင်​ခဲ့​သည်။ သို့သော် စာတန်​၏​ကမ္ဘာ့​အစီအစဉ်​စနစ်​ကို ယေဟောဝါ​မဖျက်ဆီး​မီ သာ၍​ကျယ်ကျယ်​ပြန့်ပြန့် သက်သေခံဖို့​လို​သေး​ကြောင်း ကိုယ်တော် စိတ်ပိုင်းဖြတ်​ခဲ့​သည်။

ယနေ့ သက်သေခံခြင်း

၁၂။ ကနဦး​ကျမ်းစာ​ကျောင်းသား​များသည် ဟောပြောရန် မိန့်မှာချက်ကို မည်သို့​သဘောပေါက်ခဲ့​ကြ​သနည်း။

၁၂ ဘာသာရေး​အယူဖောက်ပြန်မှု  အတန်ကြာ​လွှမ်းမိုး​ပြီး​နောက်  ၁၉ ရာစု​နှောင်းပိုင်းတွင် စစ်မှန်သော ဝတ်ပြုရေးကို  ပြန်လည်​တည်ထောင်​ခဲ့​သည်။ ထို​အချိန်​က ကျမ်းစာ​ကျောင်းသား​များ​ဟု လူသိ​များ​ခဲ့​သော ယေဟောဝါသက်သေ​များသည် ကမ္ဘာ​တစ်ဝန်း တပည့်​ဖြစ်စေ​ပါ​ဟူသော မိန့်မှာချက်ကို ကောင်းစွာ​သဘောပေါက်​လာ​ခဲ့​ကြသည်။  (မဿဲ ၂၈:၁၉၊ ၂၀) ၁၉၁၄ ခုနှစ်​တိုင်​လေ​သော် ဟောပြောခြင်း​လုပ်ငန်း​တွင် တက်တက်ကြွကြွ​ပါဝင်သူ ၅,၁၀၀ ခန့်​ရှိပြီး ၆၈ နိုင်ငံ​သို့ သတင်းကောင်း​ရောက်ရှိ​နေသည်။ သို့သော် အဆိုပါ​ကနဦး​ကျမ်းစာ​ကျောင်းသား​များသည် မဿဲ ၂၄:၁၄ ၏​အဓိပ္ပာယ်​အပြည့်အဝ​ကို နားမလည်​ခဲ့​ကြ​ချေ။ ၁၉ ရာစု​နှောင်းပိုင်းတွင်  ကျမ်းစာ​အသင်းများ​က သတင်းကောင်း​ပါရှိ​သော သမ္မာကျမ်းစာ​ကို ဘာသာ​စကား​များစွာ​ဖြင့် ပြန်ဆို​ပြီး  ကမ္ဘာ​တစ်ဝန်း​သို့  ပုံနှိပ်​ထုတ်ဝေ​ခဲ့​၏။ ထို့​ကြောင့် လူမျိုးအပေါင်း​တို့အား သက်သေ​အဖြစ်​ဟောပြောခဲ့ပြီ​ဟု ကျမ်းစာ​ကျောင်းသား​များ​က ဆယ်စုနှစ်​အနည်းငယ်​ကြာ ယူမှတ်ခဲ့​ကြသည်။

၁၃၊ ၁၄။ ၁၉၂၈ ခုနှစ်​ထုတ် ကင်းမျှော်စင်​တွင် ဘုရားသခင်​၏​အလိုတော်နှင့် ရည်ရွယ်တော်မူချက်​နှင့်​ပတ်သက်​၍ အဘယ်​ပိုမို​ရှင်းလင်း​သော​နားလည်မှု​ကို ဖော်ပြ​ထား​သနည်း။

၁၃ ယေဟောဝါ​သည်  မိမိ၏​လူမျိုး​အား မိမိ၏​အလိုတော်နှင့် ရည်ရွယ်တော်မူချက်​တို့ကို တဖြည်းဖြည်း ရှင်းလင်းစွာ သိ​နားလည်​လာ​စေ​ခဲ့​သည်။ (သု. ၄:၁၈) ၁၉၂၈  ခုနှစ်၊ ဒီဇင်ဘာ​လ ၁  ရက်​နေ့​ထုတ် ကင်းမျှော်စင်​က ဤသို့​ဆို​ခဲ့​သည်– “သမ္မာကျမ်းစာ​ကို ဖြန့်ဝေခြင်း​က ကြိုပြော​ထားသော ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော  ဧဝံဂေလိတရား  ဟောပြောခြင်း ပြီးပြီ​ဟု ကျွန်ုပ်​တို့ ပြော​နိုင်​သလော။ လုံးဝ​မပြော​နိုင်​ချေ။ ဤသို့​သမ္မာကျမ်းစာ​ကို​ဖြန့်ချိ​သော်လည်း  ကမ္ဘာ​ပေါ်​ရှိ ဘုရားသခင်​၏​သက်သေခံ​အုပ်စုငယ်​သည် ဘုရားသခင်​၏ [ရည်ရွယ်ချက်] ကို​ရှင်းပြ​သော စာပေ​များ​ပုံနှိပ်​၍ အဆိုပါ​သမ္မာကျမ်းစာ​များ ဝေငှ​ထားခဲ့​သည့် အိမ်များ​ထံ ပြန်လည်ပတ်​ရန် လို​သေး​သည်။ ထိုသို့​မပြု​လုပ်​လျှင် ကျွန်ုပ်​တို့​ခေတ်တွင် မေရှိယနိုင်ငံတော် တည်ထောင်​ကြောင်းကို လူ​တို့​သိ​ကြ​မည်​မဟုတ်​ချေ။”

၁၄ ထို​နေ့စွဲ​ထုတ်  ကင်းမျှော်စင်​က​ပင်  ဤသို့​ထပ်​ဖော်ပြ​၏– “၁၉၂၀ ပြည့်နှစ်​တွင် . . . မဿဲ ၂၄:၁၄ ပါ​သခင့်​ပရောဖက်ပြုချက်​ကို ကျမ်းစာ​ကျောင်းသား​များ ရှင်းလင်းစွာ နားလည်​လာ​ခဲ့​ကြသည်။ ကမ္ဘာ​တစ်ဝန်း​ရှိ တစ်ပါး​အမျိုးသားများ သို့​မဟုတ် လူမျိုး​အားလုံး​ကို သက်သေ​အဖြစ် ဟောပြော​ရမည့် “ဧဝံဂေလိတရား” သည် မ​ရောက်လာ​သေး​သည့် ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​မဟုတ်ဘဲ ကမ္ဘာ​ပေါ်​တွင် မေရှိယ​ဘုရင် အုပ်စိုး​နေပြီ​ဖြစ်​ကြောင်း တစ်နည်း​အားဖြင့်​ဖော်ပြ​သည့် ဧဝံဂေလိတရား​ဖြစ်သည်​ကို ထို​အချိန်​က သူတို့​သိရှိ​လာ​ကြ​၏။”

၁၅။ ၁၉၂၀ ပြည့်လွန်​နှစ်များ​မှ​စ၍ သက်သေခံခြင်း​လုပ်ငန်း​သည် မည်မျှ​ကျယ်ပြန့်​ခဲ့ပြီ​နည်း။

၁၅ ၁၉၂၀ ပြည့်လွန်​နှစ်များ​မှ “သက်သေခံ​အုပ်စုငယ်”  သည် တဖြည်းဖြည်း အုပ်စုကြီး​ဖြစ်လာ​၏။ နောင်​ဆယ်စုနှစ်​များစွာ​တွင် “အခြားသိုး” မှ “လူအုပ်ကြီး” ကို ခွဲခြား​သိရှိ​လာပြီး စတင်​စုစည်း​လာ​လေ​သည်။  (ယောဟန် ၁၀:၁၆; ဗျာ. ၇:၉) ယနေ့ နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် သတင်းကောင်း​ကြွေးကြော်​သူ ၆,၆၁၃,၉၅၀ ဦး​ရှိ၏။ တကယ့်ကို ထူးခြား​လှ​သည့် ပရောဖက်ပြုချက် ပြည့်စုံမှု​ပါ​တကား။ ယခင်​က ‘ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား’ ကို​ဤမျှ​ကျယ်ကျယ်ပြန့်ပြန့် တစ်ခါမျှ မဟောပြော​ခဲ့​ဖူး​ချေ။ ယခင်​က ကမ္ဘာ​ပေါ်​တွင် ယေဟောဝါ​၏​သစ္စာရှိ​ကျေးကျွန်​များ ဤမျှ​လောက် မများ​ခဲ့​ဖူး​ချေ။

၁၆။ လွန်ခဲ့သော လုပ်ငန်းတော်နှစ်​တွင် အဘယ်အရာ​ပြီးမြောက်​ခဲ့​သနည်း။

၁၆ အဆိုပါ​သက်သေခံ​အုပ်စုကြီး​သည် ၂၀၀၅ လုပ်ငန်းတော်နှစ်​အတွင်း အလုပ်များ​ခဲ့​ကြသည်။ ၂၃၅ နိုင်ငံ​၌ သတင်းကောင်း​ကြွေးကြော်​ခြင်း​လုပ်ငန်း​တွင်  နာရီ​ပေါင်း တစ်​ဘီလီယံ​ကျော် အသုံးပြု​ခဲ့​ကြပြီ။ ပြန်လည်ပတ်မှု သန်းနှင့်ချီ ပြု​ခဲ့​ကြပြီ။ ကျမ်းစာ​သင်အံမှု သိန်း​နှင့်​ချီ​၍ ကျင်းပ​ခဲ့​ကြပြီ။ သူတစ်ပါးကို ဘုရားသခင့်​စကားတော် ပြောပြ​ရန် သူတို့၏​အချိန်​နှင့် ဥစ္စာ​အင်ခွင်များကို စိတ်လို​ကိုယ်​လျောက် ပေးဆက်​ခဲ့​သော ယေဟောဝါသက်သေ​များ​က အဆိုပါ​လုပ်ငန်း​ကို ဆောင်ရွက်​ခဲ့​ကြသည်။ (မဿဲ ၁၀:၈) ယေဟောဝါ​သည် မိမိ၏​တန်ခိုး​ကြီးမား​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​အကူအညီ​ဖြင့် မိမိ၏​အလိုတော်​ပြီးမြောက်​စေရန် မိမိ​ကျေးကျွန်​များ​ကို ဆက်၍​ခွန်​အားပေး​လျက်​ရှိသည်။—ဇာခရိ ၄:၆

ဝီရိယ​စိုက်ထုတ်​၍ သက်သေခံခြင်း

၁၇။ သတင်းကောင်း​ဟောပြောခြင်း​နှင့်​ပတ်သက်​၍ ယေရှု၏​စကား​ကို ယေဟောဝါ​၏​လူ​တို့ မည်သို့​တုံ့ပြန်​လျက်​ရှိကြ​သနည်း။

၁၇ သတင်းကောင်း​ဟောပြောကြ​မည်​ဟု ယေရှု​မိန့်ဆိုခဲ့သည်​မှာ အနှစ် ၂,၀၀၀ နီးပါး​ရှိပြီး​ဖြစ်သော်လည်း ဤ​လုပ်ငန်း​တွင်​ပါဝင်​နေသော ဘုရားသခင့်​လူတို့၏ စိတ်အား​ထက်သန်မှု​သည် လျော့နည်း​မသွား​ချေ။ ကောင်းမှု​ပြု​ရာ​တွင် ကျွန်ုပ်​တို့ ခံနိုင်ရည်​ရှိ​ခြင်း​ဖြင့် ယေဟောဝါ​၏​မေတ္တာတော်၊ သက်ညှာမှု​နှင့် သည်းခံမှု​စ​သည့် အရည်အသွေးများ​ကို ထင်ဟပ်ပြ​နေကြောင်း ကျွန်ုပ်​တို့ သိရှိ​ကြသည်။ ယေဟောဝါ​နည်းတူ ကျွန်ုပ်​တို့သည်​လည်း အဘယ်သူကိုမျှ​မပျက်စီး​စေ​လို​ဘဲ နောင်တ​ယူ​ပြောင်းလဲ​ပြီး ကိုယ်တော်​ထံ ပြန်လှည့်​လည်​လာ​စေ​လို​ကြသည်။ (၂ ကောရိန္သု ၅:၁၈-၂၀; ၂ ပေတရု ၃:၉) ဘုရားသခင်​၏​ဝိညာဉ်တော်ဖြင့် စိတ်အားကြီး​သော ယေဟောဝါသက်သေ​များသည် မြေကြီးစွန်း​တိုင်အောင် သတင်းကောင်းကို ဇွဲ​န​ပဲ​နှင့် ဟောပြောနေကြ​သည်။ (ရောမ ၁၂:၁၁) ထို့​ကြောင့် နေရာတကာ​မှ​လူတို့သည် အမှန်တရားကို လက်ခံ​ပြီး ယေဟောဝါ​၏​မေတ္တာပါ​ညွှန်ကြားမှု​ကို လိုက်လျှောက်​လျက်​ရှိကြသည်။ ပုံ​နမူနာ​အချို့​ကို သုံးသပ်ကြည့်​ပါ။

၁၈၊ ၁၉။ သတင်းကောင်းကို တလိုတလား​လက်ခံသူ​အချို့​၏ အဘယ်​တွေ့ ကြုံ​မှုများ​ကို သင်​ဖော်ပြ​နိုင်​သနည်း။

၁၈ ချားလ်စ်​သည် ကင်​ညာ​နိုင်ငံ အနောက်ပိုင်း​မှ လယ်သမား​တစ်ဦး​ဖြစ်သည်။  ၁၉၉၈  ခုနှစ်​တွင် ဆေး​ရွက်​ကြီး​ပေါင်ချိန် ၁၈,၀၀၀ ကျော်​ရော​င်း​ခဲ့​ရာ အတော်ဆုံး​ဆေး​ရွက်​ကြီး​လယ်သမား​ဟူသော အမည်​ဖြင့် ဂုဏ်ပြု​လက်မှတ်​ရရှိခဲ့သည်။ ထို​အချိန်တွင် သူသည် ကျမ်းစာ​စ​သင်​နေပြီ။ မကြာမီ ဆေး​ရွက်​ကြီး​စိုက်ပျိုးခြင်း​က ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ပါ​ဟူသော ယေရှု၏​မိန့်မှာချက်ကို ချိုးဖောက်​ရာ​ရောက်​ကြောင်း သူသိ​ရှိလာ​လေ​သည်။ (မဿဲ ၂၂:၃၉) ‘အတော်ဆုံး​ဆေး​ရွက်​ကြီး​လယ်သမား’ ဟူသည် အမှန်​အားဖြင့် ‘အတော်ဆုံး​လူသတ်သမား’ ဖြစ်​ကြောင်း ချားလ်စ်​သိရှိ​လာ​သည့်​အခါ ဆေး​ရွက်​ကြီး​အပင်များ​ကို အဆိပ်​ဖျန်း​၍ မျိုး​တုံး​ပစ်လိုက်​သည်။ သူသည် အပ်နှံ​ပြီး နှစ်ခြင်း​ခံသည့်​အထိ  တိုးတက်လာ​ကာ ယခု မှန်မှန်ရှေ့ဆောင်​အနေ​နှင့်​ရော၊ ဓမ္မ​အမှုထမ်း​အနေ​နှင့်​ပါ အမှုဆောင်​လျက်​ရှိသည်။

၁၉ ယေဟောဝါ​သည်  ကမ္ဘာချီ​သက်သေခံခြင်း​လုပ်ငန်း​အားဖြင့်  လူမျိုးများ​ကို  လှုပ်ခါ​လိုက်​ရာ နှစ်သက်ဖွယ်သော​အရာ​ဖြစ်သည့် လူ​တို့ ဘုရားသခင့်​အိမ်တော်​သို့ ဝင်လာ​နေကြ​ကြောင်း ထင်ရှား​သည်။ (ဟဂ္ဂဲ ၂:၇) ပေါ်တူဂီ​နိုင်ငံ​တွင် နေထိုင်​သော ပေ​သရို​သည် အသက် ၁၃ နှစ်အရွယ်​တွင် ခရစ်ယာန်​ဘုန်းကြီး​ဖြစ်​ရန် ကျမ်းစာ​ကျောင်းတက်​ခဲ့​သည်။ သူ၏​ပန်းတိုင်​မှာ ခရစ်ယာန်​သာသနာပြု​တစ်ဦး​အဖြစ် ကျမ်းစာ​သင်ပေး​ရန်ဖြစ်​သည်။ သို့သော် ကျမ်းစာ​ကျောင်းတွင် သမ္မာကျမ်းစာ​ကို စ​တိ​လောက်​သာ သင်ပေး​သောကြောင့် မကြာမီ ကျောင်းထွက်​လိုက်​၏။ ခြောက်​နှစ်​အကြာတွင် လ​စ္စ​ဘ​န်​တက္ကသိုလ်​၌ စိတ်​ပညာ ဆည်းပူး​လေ​တော့​သည်။ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ အဒေါ်​နှင့်​နေထိုင်ခဲ့​ရာ သူက ကျမ်းစာ​လေ့လာ​ရန် အားပေးခဲ့​သည်။ ထို​အချိန်တွင် ပေ​သရို​သည် ဘုရားသခင်​တည်ရှိ​ကြောင်း မသေချာ​မရေရာ​ဖြစ်နေ​သောကြောင့် သမ္မာကျမ်းစာ လေ့လာ​ရမည်၊ မ​လေ့လာ​ရမည်ကို ဝေခွဲမရ​ဖြစ်နေ​၏။ ချီတုံချတုံ​ဖြစ်နေ​ရသည့်​အကြောင်း စိတ်​ပညာ​ပါမောက္ခ​တစ်ဦး​ကို ပြောပြ​ခဲ့​ရာ ဝေခွဲမရ​ဖြစ်နေ​သူသည် စိတ်​ပညာ​အရ မိမိကိုယ်ကို ဖျက်ဆီး​လို​စိတ် ဖြစ်ပေါ်​လာ​တတ်​သည်​ဟု ထို​ပါမောက္ခ​က ရှင်းပြ​၏။ ထို​အခါ ပေ​သရို​သည် သမ္မာကျမ်းစာ​လေ့လာ​ရန် ဆုံးဖြတ်​လိုက်​လေ​သည်။ မကြာမီ​က သူ​နှစ်ခြင်း​ခံ​လိုက်ပြီး ယခု သူကိုယ်တိုင် ကျမ်းစာ​သင်အံမှုများ ကျင်းပ​နေ​လေ​ပြီ။

၂၀။ လူမျိုး​တို့ကို ဤမျှ​ကျယ်ကျယ်​ပြန့်ပြန့် သက်သေခံခြင်း​သည် အဘယ်ကြောင့် ဝမ်းမြောက်စရာ​ဖြစ်သနည်း။

၂၀ လူမျိုးများ​ကို အဘယ်​အထိ သက်သေခံ​ရမည်၊ အဘယ်​အချိန်နာရီ​တွင် အဆုံးတိုင်​မည်​တို့ကို ကျွန်​ပ်​တို့​မသိ​ရှိကြ​သေး​ချေ။ သို့သော် မကြာမီ အဆုံးတိုင်တော့​မည်​ကို​သာ သိရှိ​ထား​ကြ​၏။ ဤမျှ​ကျယ်ကျယ်ပြန့်ပြန့် သတင်းကောင်း​ဟောပြောနေ​ခြင်း​သည် လူ့အစိုးရ​များ​ကို ဘုရားသခင့်​နိုင်ငံတော် အစားထိုး​တော့​မည့်​အချိန် နီး​လာ​ကြောင်း ဖော်ပြချက်​တစ်ခုမျှသာ​ဖြစ်သည့်​အတွက် ကျွန်ုပ်​တို့ ဝမ်းမြောက်​ကြသည်။ (ဒံယေလ ၂:၄၄၊ ၄၅) အချိန်ကုန်​လာ​သည်​နှင့်​အမျှ သန်းနှင့်ချီ​လူတို့သည် သတင်းကောင်းကို လက်ခံ​လာ​လျက်​ရှိရာ ယင်းသည် ကျွန်ုပ်​တို့၏​ဘုရားသခင် ယေဟောဝါ​အား ချီးမွမ်း​ဂုဏ်တင်ရာ​ရောက်​သည်။ ဆက်​သစ္စာ​ရှိကြ​ပြီး မိမိတို့၏​ကမ္ဘာချီ​ညီအစ်ကို​များနှင့်​အတူ လူမျိုးအပေါင်း​တို့အား သက်သေခံခြင်း​လုပ်ငန်း​တွင် ဆက်​အလုပ်များ​နေကြ​ရန် သန္နိ​ဋ္ဌာန်​ချ​နိုင်​ကြ​ပါစေ။ ထိုသို့​ပြုခြင်း​ဖြင့် ကျွန်ုပ်​တို့​ရော၊ ကျွန်ုပ်​တို့၏​သတင်းစကားကို နားထောင်သူ​တို့​ပါ  ကယ်တင်ခြင်း​ရရှိပါ​လိမ့်​မည်။—၁ တိမောသေ ၄:၁၆

သင်​မှတ်မိ​သလော

မဿဲ ၂၄:၁၄ သည် အဘယ်ကြောင့် ဤမျှ ထူးခြားသည့် ပရောဖက်ပြုချက်​တစ်ခု ဖြစ်သနည်း။

• ကနဦး​ခရစ်ယာန်​များသည် ဟောပြောခြင်း​တွင် မည်သို့​ကြိုးစား​အားထုတ်​ခဲ့​ကြ​သနည်း။ ရလဒ်​ကား အဘယ်နည်း။

• ကျမ်းစာ​ကျောင်းသား​များသည် လူမျိုးအပေါင်း​အား သက်သေ​ခံရန် လိုအပ်ကြောင်း မည်သို့​သဘောပေါက်​လာ​ခဲ့ ကြ​သနည်း။

• လွန်ခဲ့သော​လုပ်ငန်းတော်နှစ်​အတွင်း ယေဟောဝါ​လူတို့၏​ဆောင်ရွက်မှု​ကို သုံးသပ်​ရာ​၌ အဘယ်အရာကို သင်,အားရ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ မြေပုံ/ ရုပ်ပုံများ]

ပေါလု​သည် သတင်းကောင်း​ဟောပြောရန် မိုင်​ထောင်နှင့်ချီ​၍ ကုန်း​တစ်တန်၊ ရေ​တစ်တန် ခရီးထွက်​ခဲ့

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ကော်နေလိ​နှင့် သူ၏​မိသားစုကို သက်သေ​ခံရန် ပေတရု​ကို ယေဟောဝါ ညွှန်ကြား​ခဲ့