မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်ပေါ်နှင့် မြေကြီးပေါ်ရှိအရာများကို စုစည်းခြင်း

ကောင်းကင်ပေါ်နှင့် မြေကြီးပေါ်ရှိအရာများကို စုစည်းခြင်း

ကောင်းကင်ပေါ်​နှင့် မြေကြီးပေါ်​ရှိ​အရာများ​ကို စုစည်း​ခြင်း

“မိမိ​သဘော​တော်​မြတ်​နှင့်​အညီ . . . ကောင်းကင်ပေါ်​ရှိ​အရာများ၊ မြေကြီးပေါ်​ရှိ​အရာများ ခပ်သိမ်း​ကို ခရစ်တော်​၌ ပြန်လည်​စုစည်း​စေခြင်း​ပင်​ဖြစ်​သတည်း။”—ဧဖက် ၁:၉၊ ၁၀၊ က​ဘ။

၁။ ကောင်းကင်၊ မြေကြီး​နှင့်​ပတ်သက်​သည့် ယေဟောဝါ​၏ “သဘော​တော်​မြတ်” ကား အဘယ်နည်း။

စကြဝဠာ​တစ်ခွင် ငြိမ်သက်မှု! ယင်းသည် “ငြိမ်သက်ခြင်း​၏​အရှင် ဘုရားသခင်” ယေဟောဝါ​၏ မွန်မြတ်သော ရည် ရွယ်​တော်​မူ​ချက်​ဖြစ်​ပေ​သည်။ (ဟေဗြဲ ၁၃:၂၀) ကိုယ်တော်​၏ “သဘော​တော်​မြတ်” သည် “ကောင်းကင်ပေါ်​ရှိ​အရာများ၊ မြေကြီးပေါ်​ရှိ​အရာများ ခပ်သိမ်း​ကို ခရစ်တော်​၌ ပြန်လည်​စုစည်း​စေ” ရန်ဖြစ်​ကြောင်း တမန်​တော်​ပေါလု​ရေးသား​ရန် ကိုယ်တော်​မှုတ်သွင်း​ပေး​တော်​မူ​ခဲ့​၏။ (ဧဖက် ၁:၉၊ ၁၀က​ဘ) ဤ​အခန်းငယ်​တွင် “ပြန်လည်​စုစည်း” ဟူ၍ ဘာသာ​ပြန်ဆို​ထား​သည့် ကြိယာ​က အဘယ်အရာကို ဖော်ညွှန်း​သနည်း။ ကျမ်း​ပညာရှင် ဂျေ. ဘီ. လိုက်​ဖွတ်​က ဤသို့​ဖော်ပြ​၏– “အဆိုပါ​အသုံးအနှုန်း​သည် စကြဝဠာ​တစ်ခုလုံး​၏ သဟဇာတ​ဖြစ်မှု​နှင့်​သက်ဆိုင်​၏။ ယင်း​တွင် ကွဲပြား​ခြားနား​သော​အရာများ ပါဝင်​လိမ့်​မည်​မဟုတ်။ ယင်း​တွင်​ပါဝင်​သည့် အရာ​မှန်သမျှ ခရစ်တော်​၌​ဗဟို​ပြုပြီး ပေါင်းစည်း​ကြလိမ့်မည်။ အပြစ်​နှင့်​သေခြင်း၊ ဝမ်းနည်းခြင်း​နှင့် စိတ်ထိခိုက်​ခြင်း​အပြင် ဆင်းရဲ​ဝေဒနာ​ခံရ​ခြင်း​တို့ ရှိတော့မည်​မဟုတ်။”

“ကောင်းကင်ပေါ်​ရှိ​အရာများ”

၂။ စုစည်း​ရန်လို​သည့် “ကောင်းကင်ပေါ်​ရှိ​အရာများ” ကား မည်သူ​များ​နည်း။

တမန်​တော်​ပေတရု​သည် ခရစ်ယာန်စစ်​များ​၏ ထူးမြတ်​သည့်​မျှော်လင့်ချက်ကို ဤသို့​အကျဉ်း​ရုံး​ရေးသားခဲ့​သည်– “ဖြောင့်မတ်ခြင်း​တရား​တည်နေရာ မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်​ကို ငါ​တို့သည် ကတိတော်​နှင့်​အညီ မျှော်လင့်​ကြ​၏။” (၂ ပေတရု ၃:၁၃) ဤ​တွင်​ကတိပြု​ထား​သည့် “မိုးကောင်းကင်​သစ်” သည် အုပ်ချုပ်ခွင့်​အာဏာ​အသစ်​ဖြစ်သော မေရှိယနိုင်ငံတော်​ကို ရည်ညွှန်း၏။ ဧဖက်​မြို့သား​များ​ထံ ပေး​ပို့​သည့်​စာ​တွင် ပေါလု​ဖော်ပြ​ခဲ့​သော “ကောင်းကင်ပေါ်​ရှိ​အရာများ” သည် “ခရစ်တော်​၌” စုစည်း​ခြင်း​ခံရ​မည်​ဖြစ်သည်။ ၎င်းတို့မှာ ခရစ်တော်​နှင့်အတူ ကောင်းကင်​ဘုန်းဝင်စား​ရန် ရွေးချယ်ခံ​ရသည့် အရေအတွက် အကန့်အသတ်​ရှိ လူသားများ​ဖြစ်​ကြသည်။ (၁ ပေတရု ၁:၃-၅) အရေအတွက် ၁၄၄,၀၀၀ ရှိသည့် အဆိုပါ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို ကောင်းကင်​နိုင်ငံတော်​တွင် ခရစ်တော်​နှင့်အတူ တွဲဖက်​အမွေခံများ​ဖြစ်​ရန် “မြေကြီး​မှ၊” တစ်နည်း​အားဖြင့် “လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ” ရွေးနုတ်​ထား​သည်။—ဗျာ. ၅:၉၊ ၁၀; ၁၄:၃၊ ၄; ၂ ကောရိန္သု ၁:၂၁; ဧဖက် ၁:၁၁; ၃:၆

၃။ ဝိညာဉ်​တော်​ဖွား​များသည် မြေကြီးပေါ်​ရှိ​စဉ်​တွင်​ပင် ‘ကောင်းကင်​အရပ်၌ နေရာ’ ရသည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ယေဟောဝါ​၏​ဝိညာဉ်​သားများ​ဖြစ်လာ​ရန် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် တစ်ဖန်​မွေးဖွား​ခံရ​ကြသည်။ (ယောဟန် ၁:၁၂၊ ၁၃; ၃:၅-၇) “သား” များ​အဖြစ် ယေဟောဝါ​မွေးစား​လိုက်​ရာ သူတို့သည် ယေရှု၏​ညီတော်​များ​ဖြစ်လာ​ကြ​၏။ (ရောမ ၈:၁၅; ဧဖက် ၁:၅) ထို့​ကြောင့် သူတို့သည် မြေကြီးပေါ်​ရှိ​စဉ်​တွင်​ပင် ‘ယေရှု​ခရစ်​အားဖြင့် ထမြောက်​၍ ကောင်းကင်​အရပ်၌ နေရာ’ ရသည်​ဟု​ဆိုနိုင်​သည်။ (ဧဖက် ၁:၃; ၂:၆) မြင့်မားသော ဤ​ဝိညာဉ်​ရေး​အခွင့်အရာကို သူတို့​ရရှိ​ခြင်း​မှာ ကောင်းကင်​တွင် သီးသန့်​ဖယ်​ထား​သည့် “[သူတို့] အမွေ​၏​စ​ရန်၊” “ကတိတော်​နှင့်ယှဉ်သော သန့်ရှင်းသော​ဝိညာဉ်​တော်​၏ တံဆိပ်​ခတ်​ခြင်း​ကို ခံရ​ကြ” ခြင်း​ကြောင့်​ဖြစ်သည်။ (ဧဖက် ၁:၁၃၊ ၁၄; ကောလောသဲ ၁:၅) ထို့​ကြောင့် “ကောင်းကင်ပေါ်​ရှိ​အရာများ” ဟူသည် ဤသူတို့​ပင်​ဖြစ်သည်။ စုစည်း​ရန်လို​သည့် သူတို့၏​အရေအတွက်​ကို ယေဟောဝါ သတ်မှတ်​ထားပြီး​သား​ဖြစ်၏။

စုစည်း​ခြင်း​စတင်

၄။ “ကောင်းကင်ပေါ်​ရှိ​အရာများ” စုစည်း​ခြင်း​ကို မည်သည့်​အချိန်တွင် မည်သို့​စတင်​ခဲ့​သနည်း။

ယေဟောဝါ​၏ “စီမံ​ခန့် ခွဲ​မှု” သို့​မဟုတ် စီမံ​အုပ်ချုပ်ပုံ​နှင့်​အညီ “ကောင်းကင်ပေါ်​ရှိ​အရာများ” စုစည်း​ခြင်း​ကို “ချိန်းချက်သော​အချိန်ကာလ​များ ပြည့်စုံ​သည့်​အခါ” စတင်​ရန်ဖြစ်​၏။ (ဧဖက် ၁:၁၀က​ဘ) သတ်မှတ်​ထားသော ထို​အချိန်​သည် အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ဆိုက်ရောက်​လာ​၏။ ထို​နေ့ရက်​တွင် တမန်​တော်​များနှင့် တပည့်​နောက်လိုက်​များ​ဖြစ်သော အမျိုးသား၊ အမျိုးသမီးများ​အပေါ် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်းခဲ့​သည်။ (တမန်​တော် ၁:၁၃-၁၅; ၂:၁-၄) ယင်းက ပဋိညာဉ်​သစ် စတင်​လာပြီ​ဖြစ်​ကြောင်း သက်သေထူ​၏။ သို့ဖြင့် ခရစ်ယာန်​အသင်းတော်​နှင့် ဝိညာဉ်​ရေး​ဣသရေလလူ​မျိုးသစ်​ဖြစ်သော “ဘုရားသခင်​၏​ဣသရေလ​အမျိုး” စတင်​ပေါ်ပေါက်​လာ​သည်။—ဂလာတိ ၆:၁၆; ဟေဗြဲ ၉:၁၅; ၁၂:၂၃၊ ၂၄

၅။ ယေဟောဝါ​သည် ဇာတိ​ဣသရေလ​လူမျိုး​အစား ‘လူမျိုး’ သစ်​တစ်မျိုး​ကို အဘယ်ကြောင့် ဖြစ်ပေါ်​စေ​ခဲ့​သနည်း။

ဇာတိ​ဣသရေလ​လူမျိုး​နှင့်​ဖွဲ့​ခဲ့​သည့် ပညတ်ပဋိညာဉ်​သည် ကောင်းကင်​တွင် အစဉ်အမြဲ​အမှုဆောင်​မည့် “မင်း​စည်းစိမ်​ရှိသော​ယဇ်ပုရောဟိတ်​မျိုး [“ယဇ်ပုရောဟိတ်​နိုင်ငံ၊” သမ္မာ]၊ သန့်ရှင်းသော​လူမျိုး” ကို မဖြစ်​ပေါ်​စေ​ခဲ့​ချေ။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​ကို ယေရှု​က “ဘုရားသခင်​၏​နိုင်ငံတော်​ကို သင်တို့​မှ​နုတ်​၍ နိုင်ငံတော်​၏​အသီးကို သီး​အံ့​သော​လူမျိုး​အား ပေး​ရ​လတ္တံ့” ဟု​မိန့်ဆိုခဲ့​၏။ (မဿဲ ၂၁:၄၃) အဆိုပါ​ဝိညာဉ်​ရေး ဣသရေလ​လူမျိုး​ကို ပဋိညာဉ်​သစ်​ထဲ ဆောင်ကြဉ်း​ခံရ​သည့် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြင့် ဖွဲ့စည်းထား​၏။ ထို​သူတို့​ထံ တမန်​တော်​ပေတရု ဤသို့​စာရေး​ခဲ့​သည်– “သင်တို့​မူ​ကား မှောင်မိုက်​ထဲ​မှ အံ့ဖွယ်သော​အလင်းတော်​ထဲ​သို့ ခေါ်သွင်း​တော်​မူ​သော​အရှင်​၏ ဂုဏ်​ကျေးဇူးတော်​များ​ကို ဖော်ပြ​စေခြင်း​ငှာ ရွေးချယ်​တော်​မူ​သော​အမျိုး​ဖြစ်​ကြ​၏။ ယဇ်ပုရောဟိတ်​နိုင်ငံ၊ သန့်ရှင်းသော​လူမျိုး၊ ပိုင်ဆိုင်​တော်​မူ​သော​လူမျိုး​ဖြစ်​ကြ​၏။ အထက်​ကလူ​မျိုး​မဟုတ်သော်လည်း ယခု​တွင် ဘုရားသခင်​၏​လူမျိုးတော်​ဖြစ်​ကြ​၏။” (၁ ပေတရု ၂:၉၊ ၁၀သမ္မာ) ဇာတိ​ဣသရေလ​လူမျိုး​သည် ယေဟောဝါ​နှင့်​ပ​ဋိ ညာ​ဉ်​ဖွဲ့​ထားသော​လူမျိုး မဟုတ်​တော့​ချေ။ (ဟေဗြဲ ၈:၇-၁၃) ယေရှု​ကြို​ဟောခဲ့​သည့်​အတိုင်း မေရှိယနိုင်ငံတော်​တွင်​ပါဝင်​ရသည့် အခွင့်ထူး​ကို ထို​သူတို့​ထံ​မှ​နုတ်ယူ​ကာ ၁၄၄,၀၀၀ အရေအတွက်​ရှိသော ဝိညာဉ်​ရေး​ဣသရေလ​လူမျိုး​အား ပေးအပ်​ခဲ့​သည်။—ဗျာ. ၇:၄-၈

ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ်​ထဲ ဆောင်ကြဉ်း​ခံရ

၆၊ ၇။ ယေရှုသည် ဝိညာဉ်​တော်​ဖွား​ညီတော်​များနှင့် အဘယ်​အထူး​ပဋိညာဉ်ဖွဲ့​ခဲ့​ပြီး ယင်းက သူတို့​အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

အောက်မေ့ရာပွဲကို ယေရှု​အစပြု​ကျင်းပ​သော​ည​တွင် သစ္စာရှိ​တမန်​တော်​များ​ကို ကိုယ်တော် ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ငါသည် စုံစမ်း​နှောင့်ယှက်ခြင်း​ကို​ခံ​စဉ်​တွင် သင်တို့သည် ငါ​၌​မှီဝဲ​သော​သူ​ဖြစ်​ရာ​၏။ ငါ့​ခမည်းတော်​သည် ငါ့​အား နိုင်ငံ​ကို​ပေး​တော်​မူ​သည်​နှင့်​အညီ၊ သင်တို့သည် ငါ​၏​နိုင်ငံ​တွင် ငါ့​စားပွဲ​၌ စားသောက်​သော​အခွင့်​ကိုလည်း​ကောင်း၊ တရား​ပလ္လင်​ပေါ်မှာ​ထိုင်၍ ဣသရေလလူ​တစ်ဆယ့်​နှစ်မျိုးကို အုပ်စိုး​ရသော​အခွင့်​ကိုလည်း​ကောင်း ငါသည် သင်တို့​အားပေး​မည်။” (လုကာ ၂၂:၂၈-၃၀) ဤ​တွင် ယေရှုသည် “သေ​သည်​တိုင်အောင် သစ္စာစောင့်” ကာ ‘အောင်မြင်သူ​များ’ ဖြစ်​ကြ​မည့် ဝိညာဉ်​တော်​ဖွား​ညီတော် ၁၄၄,၀၀၀ နှင့် ဖွဲ့​ခဲ့​သည့် အထူး​ပဋိညာဉ်​တစ်ခု​ကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်။—ဗျာ. ၂:၁၀;  ၃:၂၁

အကန့်အသတ်​ရှိ အဆိုပါ​အုပ်စု​သည် အသွေးအသား​ရှိ လူသားများ​အဖြစ် မြေကြီးပေါ် ထာဝစဉ်​နေထိုင်​ရမည့် မျှော်လင့်ချက်​အားလုံး​ကို လက်လွှတ်​လိုက်​ကြသည်။ သူတို့သည် ကောင်းကင်​တွင် ခရစ်တော်​နှင့်အတူ​စိုးစံ​ကာ ပလ္လင်​များ​ပေါ်​ထိုင်၍ လူသား​တို့ကို တရား​စီရင်​ကြ​မည်။ (ဗျာ. ၂၀:၄၊) အောက်မေ့ရာပွဲ​တွင်​အသုံးပြုသည့် မုန့် နှင့်​စပျစ်​ဝိုင်ကို ဝိညာဉ်​တော်​ဖွား​များ​သာ သုံးဆောင်​ကြ​ပြီး “အခြားသိုး” မူ အဘယ်ကြောင့် မသုံးဆောင်​ကြ​ကြောင်း ဖော်ပြ​သည့်  ကျမ်းချက်​တချို့​ကို ယခု ဆန်းစစ်​ကြည့်​ကြပါစို့။—ယောဟန် ၁၀:၁၆

၈။ မုန့်ကို ဝိညာဉ်​တော်​ဖွား​များ သုံးဆောင်​ကြ​ခြင်း​က အဘယ်အရာကို ညွှန်ပြ​သနည်း။ (စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်​ကို​ရှု။)

အဆိုပါ​ဝိညာဉ်​တော်​ဖွား​များသည် ခရစ်တော်​နည်းတူ ဆင်းရဲခြင်း​ကို​ခံ​ကာ ကိုယ်တော်​ကဲ့သို့ အသေခံရန်​အသင့်ရှိ​ကြသည်။ ထို​အုပ်စုအဝင်​ဖြစ်သော ပေါလု​က သူသည် “ထမြောက်​တော်​မူ​ခြင်း​၏ တန်ခိုး​ကိုလည်း​ကောင်း၊ ဆင်းရဲခံ​တော်​မူ​ခြင်း​ကို ဆက်ဆံ​၍​ခံ​ခြင်း​ကိုလည်း​ကောင်း သိကျွမ်းခြင်း​ငှာ . . . ခရစ်တော်​ကို​အမြတ်ရ” ရန် မည်သည့်​အရာ​ကို​မဆို စွန့်လွှတ်​ဖို့​အသင့်​ရှိကြောင်း ဖော်ပြ​ခဲ့​၏။ မှန်ပါသည်၊ ‘ကိုယ်တော် အသေခံ​တော်​မူ​သည်​နည်းတူ’ ပေါလု​လည်း အသေခံရန်​အသင့်ရှိ​၏။ (ဖိလိပ္ပိ ၃:၁၁) ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များစွာ​သည် သူတို့၏​အသွေးအသား​ခန္ဓာ​တွင် “ယေရှု၏​အသေခံ​တော်​မူ​ခြင်း​ကို . . . တင်ဆောင်​လျက်​နေရ​ကြ​၏။”—၂ ကောရိန္သု ၄:၁၀သ​မ။

၉။ အောက်မေ့​ရာ​မုန့်​သည် အဘယ်​ခန္ဓာကိုယ်​ကို ကိုယ်စား​ပြု​သနည်း။

သခင့်​ညစာ​စားပွဲ​ကို စတင်​ကျင်းပ​စဉ် ယေရှု​က “ဤ​မုန့်​ကား ငါ​၏​ကိုယ်​ဖြစ်၏” ဟု​မိန့်တော်မူသည်။ (မာကု ၁၄:၂၂) ကိုယ်တော်​သည် မကြာမီ သွေး​ထွက်​သည်​အထိ ရိုက်နှက်​ခံရ​တော့​မည့် မိမိ၏​ပကတိ​ခန္ဓာကိုယ်​ကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ တဆေးမဲ့​မုန့်​သည် ထို​ခန္ဓာကိုယ်​ကို လျောက်ပတ်​စွာ​တင်စား​၏။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ သမ္မာကျမ်းစာ​တွင် တဆေး​ကို အပြစ် သို့​မဟုတ် ဆိုးညစ်မှု​အဖြစ် တင်စား​ဖော်ပြ​ထား​သည်။ (မဿဲ ၁၆:၄၊ ၁၁၊ ၁၂; ၁ ကောရိန္သု ၅:၆-၈) ယေရှုသည် စုံလင်သူ​ဖြစ်​ရာ ကိုယ်တော်​၏​လူ့​ခန္ဓာကိုယ်​သည် အပြစ်​နှင့်​ကင်းစင်​တော်​မူ​၏။ ကိုယ်တော်​သည် ထို​စုံလင်သော​ခန္ဓာကိုယ်​ကို အပြစ်ဖြေရာ​ယဇ်​အဖြစ် ပူဇော်​မည်​ဖြစ်သည်။ (ဟေဗြဲ ၇:၂၆; ၁ ယောဟန် ၂:၂) ထိုသို့​ကိုယ်တော်​လုပ်ဆောင်ခြင်းက ကောင်းကင်​အသက်တာ​မျှော်လင့်​သူ​ဖြစ်စေ၊ ပရဒိသု​မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် မျှော်လင့်​သူ​ဖြစ်စေ သစ္စာရှိ​ခရစ်ယာန်​အားလုံး​အတွက် အကျိုးရှိ​မည်​ဖြစ်​ပေ​သည်။—ယောဟန် ၆:၅၁

၁၀။ အောက်မေ့​ရာ​စပျစ်​ဝိုင်ကို သုံးဆောင်​သူတို့သည် “ခရစ်တော်​၏​အသွေးတော်​ကို” အဘယ်​နည်းဖြင့် “ဆက်ဆံ​သုံးဆောင်” ကြ​သနည်း။

၁၀ အောက်မေ့ရာပွဲ​တွင် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ သုံးဆောင်​ကြ​သည့် စပျစ်​ရည်​နှင့်​စပ်လျဉ်း၍ ပေါလု​က “ငါ​တို့​ကောင်းချီး​ပေး​ကြသော မင်္ဂလာ​ဖလားတော်​သည် ခရစ်တော်​၏​အသွေးတော်​ကို ဆက်ဆံ​သုံးဆောင်ခြင်း​မဟုတ်လော” ဟု​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၁၀:၁၆သ​မ) စပျစ်​ရည်​သုံးဆောင်​သူများ​သည် အဘယ်​နည်းဖြင့် “ခရစ်တော်​၏​အသွေးတော်​ကို ဆက်ဆံ​သုံးဆောင်” ကြ​သနည်း။ သူတို့​ကိုယ်တိုင် ရွေးနုတ်​ခံရ​ဖို့​လို​နေသည်​ဖြစ်​ရာ ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ် ဆက်သ​ရာ​တွင် သူတို့ လုံးဝ​မပါဝင်နိုင်​ကြ​ချေ။ ခရစ်တော်​အသွေး​၏ ကယ်တင်ခြင်း​တန်ခိုး​ကို ယုံကြည်ခြင်း​အားဖြင့် သူတို့သည် အပြစ်လွှတ်​ခံရ​ပြီး ဖြောင့်မတ်​ရာ​သို့​ရောက်​ကာ ကောင်းကင်​အသက်တာကို ရရှိ​ကြသည်။ (ရောမ ၅:၈၊ ၉; တိတု ၃:၄-၇) ခရစ်တော်​သွန်းလောင်းခဲ့​သော အသွေးတော်​အားဖြင့် ခရစ်တော်​နှင့်​ပူးတွဲ​အမွေခံ​မည့်​သူ ၁၄၄,၀၀၀ တို့သည် အပြစ်ကင်း​စင်​၍ “စင်ကြယ်” ကာ ‘သန့်ရှင်းသူ​များ’ ဖြစ်လာ​ကြ​၏။ (ဟေဗြဲ ၁၀:၂၉; ဒံယေလ ၇:၁၈၊ ၂၇; ဧဖက် ၂:၁၉) ခရစ်တော်​သည် မိမိ​သွန်းလောင်းခဲ့​သည့် အသွေးတော်​အားဖြင့် “အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ အကျွန်ုပ်​တို့ကို​ယူ၍  . . . ဘုရားသခင်​အဖို့ ရွေးနုတ်​တော်​မူ​၏။ အကျွန်ုပ်​တို့၏​ဘုရားသခင်​ရှေ့မှာ၊ ရှင်ဘုရင်​အရာ​၌​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အရာ​၌​လည်းကောင်း ခန့်​ထား​၍ မြေကြီး​ပေါ်မှာ စိုးစံ​ရသော​အခွင့်​ကို ပေး​တော်​မူ​၏။”—ဗျာ. ၅:၉၊ ၁၀

၁၁။ အောက်မေ့​ရာ​စပျစ်​ဝိုင် သောက်သုံးခြင်း​အားဖြင့် ဝိညာဉ်​တော်​ဖွား​များသည် အဘယ်အရာကို ဖော်ပြ​ကြ​သနည်း။

၁၁ ယေရှုသည် မိမိ​သေခြင်း​အောက်မေ့ရာပွဲကို အစပြု​ကျင်းပ​ခဲ့​စဉ်​က သစ္စာရှိ​တမန်​တော်​များ​အား စပျစ်​ဝိုင်ခွက်​ကို ကမ်းပေး​ပြီး ဤသို့​မိန့်ဆိုခဲ့​၏– “သင်တို့​ရှိသမျှသည် သောက်​ကြလော့။ ဤ​ခွက်​ကား ပဋိညာဉ်တရား​သစ်​နှင့်​ဆိုင်၍ လူများ​တို့၏​အပြစ်ကို လွှတ်​စေခြင်း​ငှာ​သွန်း​သော ငါ​၏​အသွေး​ဖြစ်၏။” (မဿဲ ၂၆:၂၇၊ ၂၈) ဣသရေလ​လူမျိုး​နှင့် ဘုရားသခင်​ဖွဲ့​တော်​မူ​ခဲ့​သော ပညတ်ပဋိညာဉ်​ကို နွား​အသွေး၊ ဆိတ်​အသွေး​တို့​ဖြင့် အတည်ပြုခဲ့​သည့်​နည်းတူ ယေရှု၏​အသွေးတော်​သည်လည်း အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် စတင်​ပေါ်ပေါက်​လာ​သည့် ဝိညာဉ်​ရေး​ဣသရေလ​လူမျိုး​နှင့် ယေဟောဝါ​ဖွဲ့​တော်​မူ​မည့် ပဋိညာဉ်​သစ်​ကို အတည်ပြု​ပေး​သည်။ (ထွက်မြောက်ရာ ၂၄:၅-၈; လုကာ ၂၂:၂၀; ဟေဗြဲ ၉:၁၄၊ ၁၅) “ပဋိညာဉ်တရား​၏​အသွေး” ကို​ပုံဆောင်​သည့် စပျစ်​ဝိုင်​သောက်သုံးခြင်း​အားဖြင့် ဝိညာဉ်​တော်​ဖွား​များသည် ပဋိညာဉ်​သစ်​ထဲ ဆောင်ကြဉ်း​ခံရ​ပြီး ယင်း​၏​အကျိုးကျေးဇူးများ​ကို ခံစား​နေရ​ကြောင်း ဖော်ပြ​သည်။

၁၂။ ဝိညာဉ်​တော်​ဖွား​များသည် ခရစ်တော်​၏​သေခြင်း​၌ မည်သို့​နှစ်ခြင်း​ခံ​ကြ​သနည်း။

၁၂ ဝိညာဉ်​တော်​ဖွား​များသည် အခြား​အရာတစ်ခု​ကိုလည်း သတိရ​ကြသည်။ မိမိ၏​သစ္စာရှိ​တပည့်​များ​ကို ယေရှု​က “ငါ​သောက်​သော​ခွက်​ကို သင်တို့သည်​သောက်​ရ​ကြလိမ့်မည်။ ငါ​ခံ​သော​ဗတ္တိဇံ​ကိုလည်း သင်တို့သည်​ခံရ​ကြလိမ့်မည်” ဟု​မိန့်တော်မူ၏။ (မာကု ၁၀:၃၈၊ ၃၉) နောက်ပိုင်း​တွင် တမန်​တော်​ပေါလု​က ခရစ်ယာန်​များသည် “[ခရစ်တော်​၏] အသေခံ​တော်​မူ​ခြင်း​၌ ဗတ္တိဇံ​ကို​ခံ​ကြ” ရ​ကြောင်း ပြောဆို​ခဲ့​သည်။ (ရောမ ၆:၃) ဝိညာဉ်​တော်​ဖွား​များသည် ကိုယ်ကျိုး​စွန့်​၍ အသက်ရှင်​ကြ​၏။ သူတို့သည် မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် မည်သည့်​မျှော်လင့်ချက်ကို​မဆို စွန့်လွှတ်​ရသော​ကြောင့် သူတို့၏​သေခြင်း​သည် ကိုယ်ကျိုး​စွန့်​သေခြင်း​ဖြစ်၏။ ခရစ်တော်​၏​သေခြင်း​၌ အဆိုပါ​ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ နှစ်ခြင်း​ခံ​ခြင်း​သည် တည်ကြည်​စွာ​သေဆုံး​ပြီး ကောင်းကင်​တွင် ခရစ်တော် “နှင့်အတူ စိုးစံ” ရန် ဝိညာဉ်​သတ္တဝါများ​အဖြစ် ထမြောက်​လာ​သည့်​အခါ ပြီးပြည့်စုံ​သွား​သည်။—၂ တိမောသေ ၂:၁၀-၁၂; ရောမ ၆:၅; ၁ ကောရိန္သု ၁၅:၄၂-၄၄၊ ၅၀

အထိမ်းအမှတ်​များ​ကို သုံးဆောင်ခြင်း

၁၃။ မြေကြီး​မျှော်လင့်ချက်​ရှိသူတို့​သည် အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ​ကို အဘယ်ကြောင့် မသုံးဆောင်​ကြ​သနည်း။ သို့သော် အောက်မေ့ရာပွဲကို အဘယ်ကြောင့် တက်ရောက်​ကြ​သနည်း။

၁၃ အောက်မေ့ရာပွဲ​ကျင်းပ​စဉ် လက်ဆင့်ကမ်း​သည့် မုန့် နှင့်​စပျစ်​ဝိုင်ကို သုံးဆောင်ခြင်း​၌ အထက်ပါ​အရာအားလုံး အကျုံးဝင်​သည့်​အတွက် ယင်း​အထိမ်းအမှတ်​များ​ကို မြေကြီး​မျှော်လင့်ချက်​ရှိသူတို့ သုံးဆောင်ခြင်း​သည် လုံးဝ​မသင့်​လျော်​ပေ။ မြေကြီး​မျှော်လင့်ချက်​ရှိသူ​များ​ကိုယ်တိုင် မိမိတို့သည် ခရစ်တော်​၏​ခန္ဓာကိုယ်​အဝင် ဝိညာဉ်​တော်​ဖွား​များ​မဟုတ်​ကြောင်း၊ ယေရှု​ခရစ်​နှင့်အတူ စိုးစံ​မည့်​သူများ​နှင့် ယေဟောဝါ​ဖွဲ့​တော်​မူ​ခဲ့​သည့် ပဋိညာဉ်​သစ်​တွင်​လည်း မပါဝင်​ကြောင်း သိရှိ​ကြသည်။ စပျစ်​ဝိုင် “ခွက်” သည် ပ​ဋိ ညာ​ဉ်​သစ်​ကို ကိုယ်စား​ပြု​ရာ အဆိုပါ​ပဋိညာဉ်​သစ်​တွင် ပါဝင်​သူတို့သာလျှင် အထိမ်းအမှတ်​များ​ကို သုံးဆောင်​ကြသည်။ ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက် မြေကြီးပေါ်​တွင် စုံလင်​သူများ​အဖြစ် ထာဝစဉ်​အသက်ရှင်​လို​သူတို့သည် ယေရှု၏​သေခြင်း​၌ နှစ်ခြင်း​ခံ​စ​ရာ​မလို​သည့်​အပြင် ကောင်းကင်​တွင်​လည်း ကိုယ်တော်​နှင့်အတူ​စိုးစံ​ရန် ခေါ်တော်မူ​ခြင်း​မခံကြ​ရ​ပေ။ မုန့်​နှင့်​စပျစ်​ဝိုင်ကို သူတို့​သုံးဆောင်​ကြ​မည်​ဆိုလျှင် သူတို့နှင့်​မသက်ဆိုင်​သည့်​အရာ​ကို ပြုလုပ်​နေရာကျ​မည်။ ထို့​ကြောင့် သူတို့သည် ရိုသေ​လေးစား​စွာ ရှုစား​သူများ​အဖြစ် အောက်မေ့ရာပွဲကို တက်ရောက်​ကြသော်လည်း မုန့်​နှင့်​စပျစ်​ဝိုင်ကို​မူ မသုံးဆောင်​ကြ​ချေ။ သူတို့သည် ခရစ်တော်​သွန်းလောင်း​တော်​မူ​ခဲ့​သည့် အသွေးတော်​ကြောင့် ခွင့်လွှတ်​ခံရ​ခြင်း​အပါအဝင် သားတော်​အားဖြင့် မိမိတို့​အတွက် ယေဟောဝါ​ပြု​လုပ်ပေး​တော်​မူသမျှ​ကို ကျေးဇူး​တင်​လေးမြတ်​ကြသည်။

၁၄။ ဝိညာဉ်​တော်​ဖွား​များသည် မုန့်​နှင့်​စပျစ်​ဝိုင် သုံးဆောင်ခြင်း​ဖြင့် ဝိညာဉ်​ခွန်အား မည်သို့​ရရှိကြ​သနည်း။

၁၄ ကောင်းကင်​တွင် ခရစ်တော်​နှင့်အတူ​စိုးစံ​ရန် ခေါ်တော်မူ​ခြင်း​ခံရ​သည့် ခရစ်ယာန်​အနည်းစု​ကို နောက်ဆုံး​တံဆိပ်​ခတ်​ခြင်း​သည် အပြီးသတ်​လု​ပြီ။ ဝိညာဉ်​တော်​ဖွား​များသည် မြေကြီးပေါ် သူတို့၏​ကိုယ်ကျိုး​စွန့်​အသက်တာ ကုန်ဆုံး​သည်​အထိ အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ​ကို သုံးဆောင်ခြင်း​ဖြင့် ဝိညာဉ်​ခွန်အား​ရရှိကြ​၏။ သူတို့သည် ခရစ်တော်​၏​ခန္ဓာကိုယ်​အဝင်​ဖြစ်သော အခြား​ညီအစ်ကို​ညီအစ်မ​များနှင့် စည်းလုံး​ပြီး သံယောဇဉ်​တွယ်​နေကြ​သည်။ အထိမ်းအမှတ်​အဖြစ် မုန့်​နှင့်​စပျစ်​ဝိုင်ကို သုံးဆောင်ခြင်း​က သေ​သည့်​တိုင် သစ္စာ​တည်ကြည်​ကြ​ရန် သူတို့တွင်​တာဝန်​ရှိကြောင်း သတိပေး​၏။—၂ ပေတရု ၁:၁၀၊ ၁၁

“မြေကြီးပေါ်​ရှိ​အရာများ” ကို​စုစည်း​ခြင်း

၁၅။ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​ဘက်တွင် မည်သူ​တို့​စု ရုံး​ခဲ့​ကြ ပြီ နည်း။

၁၅ ၁၉၃၀ ပြည့်လွန်​နှစ်များ အလယ်ပိုင်း​လောက်​ကတည်းက “သိုးစုငယ်” အဝင်​မဟုတ်သော မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် မျှော်လင့်ချက်​ရှိသူ “အခြားသိုး” အရေအတွက်​မှာ တိုးများ​လာပြီး ဝိညာဉ်​တော်​ဖွား​များ​ကို ကူညီ​ထောက်​မပေး​နေကြ​သည်။ (ယောဟန် ၁၀:၁၆; လုကာ ၁၂:၃၂; ဇာခရိ ၈:၂၃) သူတို့သည် ခရစ်တော်​၏​ညီတော်​များ​၏ သစ္စာရှိ​အပေါင်းပါများ ဖြစ်လာ​ကြ​ကာ လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း ‘ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော သတင်းကောင်း’ ဟောပြော​ရာ​တွင် တန်ဖိုး​မ​ဖြတ်​နိုင်သော​အကူအညီ ပေး​လျက်​ရှိသည်။ (မဿဲ ၂၄:၁၄; ၂၅:၄၀) ထိုသို့​လုပ်ဆောင်ကြ​ခြင်း​ဖြင့် လူမျိုးအပေါင်း​ကို တရား​စီရင်​ရန် ခရစ်တော်​ကြွလာ​သောအခါ မျက်နှာသာ​ရသည့် “လက်ယာတော်​ဘက်” ရှိ “သိုး” များ​အဖြစ် သူတို့​စီရင်ခံ​ရ​လိမ့်​မည်။ (မဿဲ ၂၅:၃၃-၃၆၊ ၄၆) ခရစ်တော်​၏​အသွေးတော်​ကို ယုံကြည်ခြင်း​အားဖြင့် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကို​ကပ်ကျော်​မည့် ‘လူအုပ်ကြီး’ တွင် သူတို့​ပါဝင်​ကြ​ပေမည်။—ဗျာ. ၇:၉-၁၄

၁၆။ “မြေကြီးပေါ်​ရှိ​အရာများ” တွင် မည်သူ​များ​ပါဝင်​ကြ​ပြီး “ဘုရားသခင်​သား” များ​ဖြစ်ခွင့်​ကို သူတို့​အားလုံး မည်သို့​ရရှိကြ​မည်​နည်း။

၁၆ ၁၄၄,၀၀၀ ကို အပြီးသတ်​တံဆိပ်​ခတ်​ပြီး​သည်​နှင့် မြေကြီးပေါ်​ရှိ စာတန့်​စနစ်ဆိုး​အပေါ် ဖျက်ဆီးခြင်း “လေ” ကို​လွှတ်​ရန် လမ်းပွင့်​သွား​မည်​ဖြစ်သည်။ (ဗျာ. ၇:၁-၄) ခရစ်တော်​နှင့် ကိုယ်တော်​၏​တွဲဖက် ဘုရင်​ယဇ်ပုရောဟိတ်​များ​အုပ်စိုး​သည့် အနှစ်​တစ်ထောင်​အတွင်း ရှင်ပြန်ထမြောက်​လာ​မည့် မရေမတွက်​နိုင်သော​သူများ​သည် လူအုပ်ကြီး​နှင့်အတူ ပူးပေါင်း​ကြ​မည်။ (ဗျာ. ၂၀:၁၂၊ ၁၃) ထို​သူတို့သည် မြေကြီးပေါ်​တွင် မေရှိယ​ဘုရင် ခရစ်တော်​ယေရှု၏ လက်အောက်ခံ​များ​အဖြစ် အစဉ်အမြဲ နေခွင့်​ရ​ကြ​မည်။ အနှစ်​တစ်ထောင်​အုပ်ချုပ်မှု ကုန်ဆုံး​သွားသော​အခါ အဆိုပါ “မြေကြီးပေါ်​ရှိ​အရာများ” သည် နောက်ဆုံး​စမ်းသပ်ခံ​ကြ​ရမည်။ သစ္စာရှိ​သူများ​သည် မြေကြီးဆိုင်ရာ “ဘုရားသခင်​သား” များ​အဖြစ် မွေးစား​ခံရ​ပါ​လိမ့်​မည်။—ဧဖက် ၁:၁၀; ရောမ ၈:၂၁; ဗျာ. ၂၀:၇၊ ၈

၁၇။ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​သည် မည်သို့​ပြည့်စုံ​သွား​မည်​နည်း။

၁၇ သို့​ဖြစ်၍ ယေဟောဝါ​သည် မိမိ၏​အတိုင်းမသိ​ပညာ​ဖြင့် “စီမံ​ခန့် ခွဲ” ကာ “ကောင်းကင်ပေါ်​ရှိ​အရာများ၊ မြေကြီးပေါ်​ရှိ​အရာများ ခပ်သိမ်း​ကို ခရစ်တော်​၌ ပြန်လည်​စုစည်း” ရန်​ဟူသော ရည် ရွယ်​တော်​မူ​ချက်​ကို ပြီးပြည့်စုံ​စေမည်။ ကောင်းကင်ပေါ်၊ မြေကြီးပေါ်​မှ အသိဉာဏ်​ရှိ​သတ္တဝါ​အားလုံး​သည် ရည်ရွယ်တော်မူချက်​များ​ကို ပြည့်စုံ​စေသော​မဟာအရှင် ယေဟောဝါ​၏ ဖြောင့်မတ်​သော အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ဝမ်းမြောက်​ဝမ်းသာ လက်အောက်ခံ​ကာ စကြဝဠာ​တစ်ခွင် ငြိမ်သက်မှု​တွင် အတူတကွ​စုစည်း​ခံရ​ကြ​မည်။

၁၈။ ဝိညာဉ်​တော်​ဖွား​များနှင့် ၎င်းတို့၏​အပေါင်းပါ​တို့သည် အောက်မေ့ရာပွဲ​တက်ရောက်ခြင်း​မှ မည်သို့​အကျိုး​ခံစား​ကြ​ရမည်​နည်း။

၁၈ ဝိညာဉ်​တော်​ဖွား​အနည်းငယ်​နှင့် ၎င်းတို့၏​အပေါင်းပါ သန်းနှင့်ချီ​သော​အခြားသိုး​တို့သည် ၂၀၀၆ ခုနှစ် ဧပြီလ ၁၂ ရက်​နေ့တွင် စုဝေး​ကြသောအခါ ယုံကြည်ခြင်း အလွန်​တိုးပွား​လိုက်​မည်​ဖြစ်​ခြင်း။ “ငါ့ကို​အောက်မေ့​ဖို့​ရာ ဤသို့​ပြု​ကြလော့” ဟု​ယေရှု​မိန့်မှာ​ခဲ့​သည့်​အတိုင်း​ပင် သူတို့သည် ခရစ်တော်​၏​သေခြင်း အောက်မေ့ရာပွဲကို ကျင်းပ​ကြ​မည်။ (လုကာ ၂၂:၁၉) တက်ရောက်သူ​အားလုံး​သည် ယေဟောဝါ​ချစ်​မြတ်နိုး​တော်​မူ​သော​သားတော် ယေရှု​ခရစ်​အားဖြင့်  မိမိတို့​အတွက် လုပ်ဆောင်​တော်​မူ​ခဲ့​ရာ​များ​ကို သတိရ​သင့်​ပေ​သည်။

ပြန်လည်​သုံးသပ်ချက်

• ကောင်းကင်ပေါ်​နှင့် မြေကြီးပေါ်​ရှိ အရာများ​အတွက် ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​ကား အဘယ်နည်း။

• “ကောင်းကင်ပေါ်​ရှိ​အရာများ” ကား မည်သူ​များ​ဖြစ်​ကြ​ပြီး သူတို့ မည်သို့​စုစည်း​ခံ ခဲ့​ရသနည်း။

• “မြေကြီးပေါ်​ရှိ​အရာများ” ကား မည်သူ​များ​ဖြစ်​ကြ​ပြီး အဘယ်​မျှော်လင့်ချက်​ရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]

“ခရစ်တော်​၏​ကိုယ်”

၁ ကောရိန္သု ၁၀:၁၆၊ ၁၇ တွင် ခရစ်တော်​၏ ဝိညာဉ်​တော်​ဖွား ညီတော်​များ​အတွက် မုန့်​၏​အထူး​အရေးပါမှု​အကြောင်း ဆွေးနွေး​ရာ​တွင် “ကိုယ်” ကို အထူး​အဓိပ္ပာယ်​ဖြင့် ပေါလု​ဖော်ပြ​ခဲ့​သည်။ သူက ဤသို့​ဆို​သည်– “ငါ​တို့​ဖဲ့​သော​မုန့်​မူ​ကား၊ ခရစ်တော်​၏​ကိုယ်ကို​ဆက်ဆံခြင်း ဖြစ်သည်​မဟုတ်လော။ မုန့်​တစ်လုံးတည်း​ရှိသည်​ဖြစ်၍၊ ငါ​တို့​ရှိသမျှသည် တစ်လုံးတည်း​ဖြစ်သော ထို​မုန့်ကို ဆက်ဆံ​လျက်​ခံယူ​ကြသော​ကြောင့် အများ​ဖြစ်သော​ငါ​တို့ သည် တစ်လုံး​တစ်ကိုယ်တည်း​ဖြစ်​ကြ​၏။” ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် အောက်မေ့ရာပွဲ​တွင် အသုံးပြုသည့်​မုန့်ကို သုံးဆောင်​ကြသောအခါ ဝိညာဉ်​တော်​ဖွား​များ​အချင်းချင်း စည်းလုံးမှု​ရှိကြောင်း ဖော်ပြ​ကြသည်။ ယင်းက ဦးခေါင်း​ဖြစ်​တော်​မူ​သော ခရစ်တော်​နှင့် ကိုယ်​တစ်ခု​တည်း​ဖြစ်​သကဲ့သို့ပင်။—မဿဲ ၂၃:၁၀; ၁ ကောရိန္သု ၁၂:၁၂၊ ၁၃၊ ၁၈

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဝိညာဉ်​တော်​ဖွား​များ​သာ​မုန့်​နှင့်​စပျစ်​ဝိုင်ကို အဘယ်ကြောင့် သုံးဆောင်​ကြ​သနည်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​စီမံခန့်ခွဲ မှု​ဖြင့် ကောင်းကင်ပေါ်၊ မြေကြီးပေါ်​ရှိ​သတ္တဝါ​အားလုံး စည်းလုံး​ညီညွတ်​ကြ​လတ္တံ့