“ငါတို့သည် မေရှိယကို တွေ့ကြပြီ”
“ငါတို့သည် မေရှိယကို တွေ့ကြပြီ”
“ငါတို့သည် မေရှိယကိုတွေ့ကြပြီ။” “မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ရေးထားသောသူ . . . ကို ငါတို့သည်တွေ့ကြပြီ။” ပထမရာစုမှ သစ္စာရှိဂျူးနှစ်ဦးက ဤအံ့ဖွယ်စကားများကို ပြောဆိုခဲ့ကြသည်။ နောက်ဆုံးတွင် မျှော်လင့်ထားသော မေရှိယရောက်ရှိလာခဲ့ပြီ။ ယင်းကို သူတို့ ယုံကြည်စိတ်ချခဲ့ကြ၏!—ယောဟန် ၁:၃၅-၄၅။
ထိုအချိန်က သမိုင်းနှင့်ဘာသာရေး နောက်ခံကို သုံးသပ်ကြည့်ပါက သူတို့၏ ယုံကြည်စိတ်ချမှုမှာ သာ၍အဓိပ္ပာယ်ရှိသည်။ လွတ်မြောက်စေမည်ဟုဆိုသူများစွာသည် ကြွေးကြော်သံ၊ ကတိပြုချက်တို့နှင့်အတူ ပေါ်လာသော်လည်း ထိုသူတို့သည် ဂျူးများအား ရောမတို့၏ထမ်းပိုးအောက်မှ မကယ်နုတ်ပေးနိုင်သည့်အခါ လူတို့၏မျှော်လင့်ချက်များမှာ ပျက်ပြားသွားခဲ့ရ၏။—တမန်တော် ၅:၃၄-၃၇။
သို့သော် ထိုဂျူးနှစ်ဦးဖြစ်သော အန္ဒြေနှင့် ဖိလိပ္ပုတို့သည် စစ်မှန်သောမေရှိယကိုတွေ့ခဲ့ပြီဟူသည့် သူတို့၏ ယုံကြည်စိတ်ချမှုကို လုံးလုံးသံသယမဝင်ခဲ့ကြပါ။ ယင်းအစား နောက်ပိုင်းနှစ်များတွင် ထိုသူပြုလုပ်သော အံ့ဖွယ်အမှုများကို သူတို့ကိုယ်တိုင်တွေ့ မြင်ကြရသောအခါ မေရှိယနှင့်ပတ်သက်၍ ကြိုဟောထားရာများ ပြည့်စုံလာခြင်းဖြစ်ကြောင်း သူတို့ပို၍ ယုံကြည်စိတ်ချလာကြလေသည်။
သူတို့နှစ်ဦးနှင့် အခြားသူများစွာသည် ထိုသူအား မေရှိယအတုအယောင်တစ်ဦး သို့မဟုတ် စိတ်ပျက်ဖွယ်အယောင်ဆောင်သူတစ်ဦးအဖြစ် မယူမှတ်ဘဲ အဘယ်ကြောင့် ယုံကြည်ခဲ့ကြသနည်း။ သူသည် စစ်မှန်သောမေရှိယဖြစ်ကြောင်း သိသာထင်ရှားသည့် အထောက်အထားများကား အဘယ်နည်း။
သမိုင်းမှတ်တမ်းအရ အန္ဒြေနှင့်ဖိလိပ္ပုသည် ယခင်က လက်သမားဖြစ်သူ နာဇရက်မြို့သား ယေရှုအား ကြာမြင့်စွာစောင့်စားခဲ့ရသည့် ကတိထားရာမေရှိယအဖြစ် ဖော်ပြခဲ့ကြသည်။ (ယောဟန် ၁:၄၅) ထိုခေတ်မှ စေ့စပ်သေချာသော သမိုင်းပညာရှင်လုကာက မေရှိယကြွလာခြင်းသည် “ကဲသာဘုရင်တိဗေရိ နန်းစံတစ်ဆယ့်ငါးနှစ်တွင်” ဖြစ်ကြောင်း ဖော်ပြသည်။ (လုကာ ၃:၁-၃) တိဗေရိ နန်းစံ ၁၅ နှစ်မြောက်သည် အေဒီ ၂၈ စက်တင်ဘာတွင်စတင်ပြီး အေဒီ ၂၉ စက်တင်ဘာတွင် ကုန်ဆုံးသည်။ ထိုအချိန်တွင် ဂျူးများသည် မေရှိယရောက်ရှိခြင်းကို “မျှော်လင့်” နေသည်ဟု လုကာထပ်ဆင့်ဖော်ပြ၏။ (လုကာ ၃:၁၅) ထိုအချိန်တွင်ရောက်မည်ဟု အဘယ်ကြောင့် မျှော်လင့်နေကြသနည်း။ ကျွန်ုပ်တို့သိရှိကြရမည်။
မေရှိယဆိုင်ရာ အထောက်အထားများ
မေရှိယ၏အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ဖန်ဆင်းရှင်ယေဟောဝါသည် နိုးကြားတည်ကြည်သူများ ကတိထားရာမေရှိယကို ခွဲခြားသိမြင်နိုင်ရန် တိကျသည့်သဲလွန်စများ ပေးထားမည်မှာ ကျိုးကြောင်းဆီလျော်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤနည်းဖြင့် သတိရှိနိုးကြားသူများသည် အခြားသူများစွာကဲ့သို့ အယောင်ဆောင်များ၏ လှည့်ဖြားခြင်းကိုခံရမည် မဟုတ်ချေ။
သံတမန်တစ်ဦးသည် အခြားနိုင်ငံတွင် တာဝန်ခန့်အပ်ခံရပါက မိမိခန့်အပ်ခံရကြောင်းကိုအတည်ပြုရန် အထောက်အထားများ တင်ပြရ၏။ အလားတူ၊ ယေဟောဝါသည် မေရှိယပြည့်မီရမည့် သတ်မှတ်ချက်များကို ကြိုတင်ရေးမှတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ထို “ကိုယ်စားလှယ်ချုပ်” ရောက်လာသောအခါ မိမိမည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံပေးမည့် အထောက်အထားများနှင့်တကွ ရောက်လာသကဲ့သို့ဖြစ်ပေမည်။—ဟေဗြဲ ၁၂: ၂၊ ကဘ။
စစ်မှန်သည့်မေရှိယ ပြည့်မီရမည့် အရည်အချင်းများကို ရာစုနှစ်များစွာကတည်းက ကြိုတင်ရေးသားထားသော သမ္မာကျမ်းစာ ပရောဖက်ပြုချက်များတွင် တွေ့ရှိရသည်။ ယင်းတို့က မေရှိယကြွလာခြင်း၊ ခရစ်ယာန်ဓမ္မအမှုဆောင်ခြင်း၊ အခြားသူများလက်တွင် ဝေဒနာခံစားရခြင်းနှင့် ကိုယ်တော်ကြုံတွေ့ရမည့် သေခြင်းတို့အကြောင်း အသေးစိတ်တိကျစွာ ကြိုဟောခဲ့သည်။ ကိုယ်တော်၏ထမြောက်ခြင်း၊ ဘုရားသခင့်လက်ယာတော်ဘက်သို့ ချီးမြှောက်ခံရခြင်းနှင့် နောက်ဆုံးတွင် ကိုယ်တော်၏ အနာဂတ်နိုင်ငံတော် ဆောင်ကြဉ်းပေးမည့် ကောင်းချီးများကိုလည်း ယုံကြည်စိတ်ချရသော ထိုပရောဖက်ပြုချက်များက ကြိုဟောထားကြောင်းသိရ၍ အကျိုးရှိပေမည်။ ဤနည်းအားဖြင့် လူတစ်ဦးတည်းကိုသာ ခွဲခြားဖော်ပြနိုင်သော လက်ဗွေရာနှင့်တူသည့် ထူးခြားသောပုံစံကို သမ္မာကျမ်းစာပရောဖက်ပြုချက်များက ဖော်ပြသည်။
အေဒီ ၂၉ တွင် ယေရှု ပေါ်လာသောအခါ မေရှိယဆိုင်ရာ ပရောဖက်ပြုချက်အားလုံး ထိုအချိန်တွင် မပြည့်စုံခဲ့ပေ။ ဥပမာ၊ ကိုယ်တော်မသေဆုံးသေး၍ မထမြောက်သေးချေ။ သို့သော် အန္ဒြေ၊ ဖိလိပ္ပုနှင့် အခြားသူများစွာတို့သည် ယေရှု၏ သွန်သင်ချက်များနှင့် လုပ်ဆောင်ခဲ့ရာများကြောင့် ကိုယ်တော်ကို ယုံကြည်ခဲ့ကြသည်။ ကိုယ်တော်သည် မေရှိယအစစ်အမှန်ဖြစ်ကြောင်း သက်သေထူသော အထောက်အထားများစွာကို သူတို့တွေ့မြင်ခဲ့ကြ၏။ ထိုအချိန်တွင် သင်အသက်ရှင်ခဲ့မည်ဆိုလျှင် ယင်းအထောက်အထားများကို ကိုယ်တိုင်ကိုယ်ကျ အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားသုံးသပ်မည်ဆိုပါက ယေရှုသည် မေရှိယဖြစ်ကြောင်း သင်လည်း ယုံကြည်စိတ်ချပေလိမ့်မည်။
ပေါင်းစပ်ရုပ်လုံး
ထိုသို့ကောက်ချက်ချရန် အဘယ်အရာက သင့်ကို ကူညီပေးမည်နည်း။ ရာစုနှစ်များတစ်လျှောက်တွင် သမ္မာကျမ်းစာပရောဖက်များက မေရှိယပြည့်မီရမည့် သတ်မှတ်ချက်များကို တိတိကျကျကြိုဟောခဲ့ရာ ကိုယ်တော်အား မမှားမယွင်း ခွဲခြားသိရှိစေသည်။ ပရောဖက်များက ရာစုနှစ်များတစ်လျှောက် ထိုအသေးစိတ်အချက်အလက်များကို ဖော်ပြထားသည့်အတွက် မေရှိယနှင့်ဆိုင်သောရုပ်လုံးသည် တဖြည်းဖြည်းပေါ်လာလေသည်။ ဟင်နရီ အိပ်ခ်ျ. ဟေလီ ဤသို့မှတ်ချက်ချခဲ့၏– “တစ်ဦးနှင့်တစ်ဦး တစ်ခါမျှလည်းမမြင်ဖူး၊ အဆက်အသွယ်လည်းမရှိသော တိုင်းပြည်အသီးသီးမှ လူတစ်စုသည် အခန်းတစ်ခန်းထဲ ဝင်လာကြပြီး ၎င်းတို့ထုထားသည့် ပန်းပုရုပ်၏ အစိတ်အပိုင်းတစ်ပိုင်းစီကို ချထားလိုက်ကြသည် ဆိုပါစို့။ ယင်းအစိတ်အပိုင်းများကို အတူပေါင်းစပ်လိုက်သောအခါ ပြည့်စုံသောလူရုပ်တစ်ရုပ် ပေါ်လာလျှင် ယင်းသည် တစ်စုံတစ်ယောက်က ရုပ်ပုံတစ်ပုံကို အသေးစိတ်ရေးဆွဲပြီး တစ်ပိုင်းစီကို လူအသီးသီးထံ ပို့ပေးခြင်းဖြစ်သည်ဟု ကောက်ချက်ချမည် မဟုတ်လော။” ထို့နောက် သူဤသို့မေးသည်– “ယေရှုမကြွလာမီ ခေတ်ကာလများတစ်လျှောက် ရာစုနှစ်အသီးသီးတွင် စာရေးသူအသီးသီးစုစည်းခဲ့သည့် ယေရှုဘဝနှင့်လုပ်ဆောင်မှုအကြောင်း အံ့ဖွယ်ပေါင်းစပ်မှုက လူ့ထက်သာလွန်သော ဉာဏ်ကြီးရှင်တစ်ပါး ထိုရေးသားမှုကို ကြီးကြပ်ခဲ့ကြောင်း ဖော်ပြသည်မဟုတ်လော။ ယင်းကို ဟေလီက “ခေတ်များတစ်လျှောက် အံ့ဖွယ်အမှု” ဟုကောက်ချက်ချခဲ့သည်။
ယင်း “အံ့ဖွယ်အမှု” သည် သမ္မာကျမ်းစာ၏ ပထမစာစောင်တွင် အစပြုခဲ့သည်။ ကမ္ဘာဦးကျမ်း၏ ကျမ်းရေးသူက မေရှိယ၏အခန်းကဏ္ဍကို ညွှန်ပြသော ဦးဆုံးသမ္မာကျမ်းစာ ပရောဖက်ပြုချက်ကို ဖော်ပြသည့်အပြင် မေရှိယသည် အာဗြဟံ၏မျိုးနွယ်မှ ဆင်းသက်လာမည်ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။ (ကမ္ဘာဦး ၃:၁၅; ၂၂:၁၅-၁၈) နောက်သဲလွန်စတစ်ခုက မေရှိယသည် ယုဒမျိုးနွယ်မှဆင်းသက်မည်ဖြစ်ကြောင်း ဖော်ပြသည်။ (ကမ္ဘာဦး ၄၉:၁၀) မေရှိယသည် မောရှေထက်သာ၍ကြီးမြတ်သော ပြောရေးဆိုခွင့်ရှိသူ၊ ကယ်တင်ရှင် ဖြစ်လိမ့်မည်ဟု ဣသရေလလူမျိုးတို့အား မောရှေမှတစ်ဆင့် ဘုရားသခင် မိန့်တော်မူခဲ့သည်။—တရားဟောရာ ၁၈:၁၈။
ဘုရင်ဒါဝိဒ်အချိန်တွင် မေရှိယသည် ဒါဝိဒ်၏နန်းမွေခံဖြစ်ကြောင်းနှင့် သူ၏နိုင်ငံတော်သည် “အစဉ်အမြဲတည်” လိမ့်မည်ဖြစ်ကြောင်း ပရောဖက်ပြုချက်က ဖော်ပြသည်။ (၂ ဓမ္မရာဇဝင် ၇:၁၃-၁၆) မေရှိယသည် ဒါဝိဒ်၏မြို့တော် ဗက်လင်မြို့တွင် မွေးဖွားမည်ဖြစ်ကြောင်း မိက္ခာကျမ်းက ဖော်ပြသည်။ (မိက္ခာ ၅:၂) ကိုယ်တော်သည် အပျိုကညာမှ မွေးဖွားလာမည်ဟု ဟေရှာယ ကြိုဟော၏။ (ဟေရှာယ ၇:၁၄) ကိုယ်တော်ကြွလာခြင်းကို ဧလိယကဲ့သို့သောသူတစ်ဦး ကြွေးကြော်မည်ဖြစ်ကြောင်း ပရောဖက်မာလခိ ကြိုဟောသည်။—မာလခိ ၄:၅၊ ၆။
မေရှိယနှင့်ပတ်သက်သော ထပ်ဆင့်အသေးစိတ်အချက်တစ်ချက်ကို ဒံယေလကျမ်းတွင် ဖော်ပြထားသည်။ မေရှိယပေါ်ထွန်းမည့်နှစ်ကို အတိအကျညွှန်ပြရာတွင် ပရောဖက်ပြုချက်က ဤသို့ဆို၏– “ထို့ကြောင့် ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ ခရစ်တော်သခင်၏လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အယှက်ခံရသောကာလ၌ မြို့လမ်းကို တစ်ဖန်တည်ထောင် ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။”—ဒံယေလ ၉:၂၅။
ပါးရှားဘုရင် အာတဇေရဇ်သည် မိမိနန်းစံ ၂၀ နှစ်မြောက်တွင် ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန် “အမိန့်တော်” ထုတ်ပြန်ခဲ့သည်။ သူ၏ နန်းစံချိန်သည် ဘီစီ ၄၇၄ တွင်စတင်ခဲ့ရာ နန်းစံ ၂၀ နှစ်မြောက်သည် ဘီစီ ၄၅၅ ဖြစ်ရပေမည်။ (နေဟမိ ၂:၁-၈) ထို့ကြောင့် ပရောဖက်ပြုချက်ဆိုင်ရာ ၆၉ (၆၂ အပေါင်း ၇) သီတင်းသည် ယေရုရှလင်မြို့ ပြန်လည်တည်ဆောက်ရန် အမိန့်ထုတ်ပြန်ချိန်နှင့် မေရှိယပေါ်ထွန်းချိန်၏ ကြားကာလဖြစ်ပေမည်။ ပကတိ ၆၉ သီတင်းပတ်သည် ရက်ပေါင်း ၄၈၃ ရက်နှင့်ညီမျှပြီး နှစ်နှစ်ပင်မပြည့်ချေ။ သို့သော် “တစ်ရက်ကို တစ်နှစ်ထား၍” ဟူသော ပရောဖက်ပြုချက်ဆိုင်ရာ စည်းမျဉ်းအရ မေရှိယသည် နောင် ၄၈၃ နှစ်ဖြစ်သော အေဒီ ၂၉ တွင် ပေါ်ထွန်းရမည်ဖြစ်သည်။—တောလည်ရာ ၁၄:၃၄။ *
ဒံယေလ ၉:၂၅ ပါ ထပ်ဆင့်အသေးစိတ်အချက်များကို ယေဟောဝါသက်သေများ ထုတ်ဝေသော ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့ စာအုပ်၊ စာမျက်နှာ ၁၈၆-၁၉၆ တွင်ရှု။
အခြားနှစ်များတွင် မေရှိယဟုဆိုသူများစွာ ပေါ်လာခဲ့သော်လည်း အေဒီ ၂၉ တွင် နာဇရက်မြို့သား ယေရှု ကမ္ဘာ့ဇာတ်ခုံတွင် ပေါ်လာခဲ့သည်။ (လုကာ ၃:၁၊ ၂) ထိုနှစ်တွင်ပင် ယေရှုသည် နှစ်ခြင်းဆရာယောဟန်ထံ ကြွလာပြီး ရေတွင်နှစ်ခြင်းခံယူခဲ့သည်။ ထိုအချိန်တွင် ယေရှုသည် မေရှိယအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရသည်။ နောက်ပိုင်းတွင် ကြိုဟောထားသည့် ဧလိယကဲ့သို့သောရှေ့ပြေးဖြစ်သူ ယောဟန်သည် အန္ဒြေနှင့် အခြားတပည့်တစ်ဦးကို ယေရှုနှင့်မိတ်ဆက်ပေးချိန်၌ “ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်” ဟုကိုယ်တော်အား ခေါ်ဆိုခဲ့၏။—ယောဟန် ၁:၂၉; လုကာ ၁:၁၃-၁၇; ၃:၂၁-၂၃။
ဆွေစဉ်မျိုးဆက်စာရင်းနှင့် မေရှိယ၏အမှတ်အသား
မှုတ်သွင်းခံ ပရောဖက်ပြုချက်များက မေရှိယအား ဂျူးမိသားစုအချို့နှင့် ဆက်စပ်ဖော်ပြခဲ့သည်။ ထို့ကြောင့် အရာခပ်သိမ်းသိမြင်နိုင်သော ဖန်ဆင်းရှင်သည် မေရှိယ၏ ဆွေစဉ်မျိုးဆက်ကို ဆန်းစစ်နိုင်ဖို့ ဆွေစဉ်မျိုးဆက်မှတ်တမ်းများ ရရှိနိုင်သည့်အချိန်တွင် မေရှိယပေါ်ထွန်းစေရန် စီစဉ်မည်မှာ အထူးလျော်ကန်ပါသည်။
မက်ကလင်းတော့ခ်နှင့် စထရောင်းတို့၏ စွယ်စုံကျမ်း က ဤသို့ဆို၏– “ဂျူးမျိုးနွယ်များနှင့် မိသားစုများ၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းများသည် ယေရုရှလင်ပျက်စီးချိန် [အေဒီ ၇၀] တွင် ပျောက်ဆုံးသွားကြောင်း သေချာသလောက်ဖြစ်ပြီး ယင်းအချိန်မတိုင်မီအထိ ရှိနေသေးသည်။” မဿဲနှင့်လုကာသည် ၎င်းတို့၏ ခရစ်ဝင်ကျမ်းများကို အေဒီ ၇၀ မတိုင်မီက ရေးသားခဲ့ကြောင်း ထင်ရှားသည်။ ထို့ကြောင့် ယေရှု၏ဆွေစဉ်မျိုးဆက်ကို သူတို့ရေးသားဖော်ပြရာတွင် ထိုမှတ်တမ်းများကို သူတို့စစ်ဆေးကြည့်နိုင်ခဲ့ကြမည်။ (မဿဲ ၁:၁-၁၆; လုကာ ၃:၂၃-၃၈) အထူးသဖြင့် ဤအရေးကြီးလှသည့်ကိစ္စမျိုးတွင် သူတို့နှင့် တစ်ခေတ်တည်းသားများသည် ယေရှု၏ ဆွေစဉ်မျိုးဆက်ကို ကိုယ်တိုင်ဆန်းစစ်လိုမည်မှာ သေချာပါသည်။
ယေရှု၌ပြည့်စုံခြင်းသည် တိုက်ဆိုင်မှုလော
သို့တိုင် မေရှိယဆိုင်ရာ ပရောဖက်ပြုချက်များ ယေရှု၌ပြည့်စုံခြင်းသည် တိုက်ဆိုင်မှုမျှသာလော။ ကျမ်းပညာရှင်တစ်ဦးကို လူတွေ့မေးမြန်းရာ ဤသို့ဖြေဆိုခဲ့၏– “တိုက်ဆိုင်မှုမဖြစ်နိုင်ဘူး။ မဖြစ်နိုင်စရာအလားအလာရဲ့ ကိန်းဂဏန်းက ကြီးမားလွန်းတဲ့အတွက် တိုက်ဆိုင်မှုမဖြစ်နိုင်ဘူး။ လူတစ်ယောက်က သင်္ချာနည်းနဲ့တွက်ချက်ကြည့်လိုက်တဲ့အခါ ပရောဖက်ပြုချက်ရှစ်ခု ပြည့်စုံနိုင်ဖို့ အလားအလာက ဘီလီယံ သန်းတစ်ရာပုံမှာ တစ်ပုံပဲ ဖြစ်နိုင်ခြေရှိတယ်လို့ အဖြေထွက်တယ်။” ယင်းကို ဥပမာပြရန် သူဤသို့ဆက်ဖော်ပြသည်။ “ငွေဒ င်္ဂါးပြား ဘီလီယံ သန်းတရာကို တက္ကဆက်ပြည်နယ် [စတုရန်းမိုင်ပေါင်း ၂၆၆,၈၀၇] မှာဖြန့်ချလိုက်ရင် အဲဒီပြည်နယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်ပြီး ထုနှစ်ပေရှိလိမ့်မယ်။ အဲဒီငွေဒ င်္ဂါးပြားတွေထဲက တစ်ပြားကို မှတ်သားထားပြီး မမြင်နိုင်အောင် မျက်စိကိုပိတ်ထားတဲ့ လူတစ်ယောက်ကို ရှာခိုင်းမယ်ဆိုရင် ရှာတွေ့နိုင်ခြေ ဘယ်လောက်ရှိမလဲ။” ထို့နောက် သူက “[မေရှိယဆိုင်ရာ] ပရောဖက်ပြုချက်တွေထဲက ရှစ်ခုလောက်ကိုပဲ တစ်ယောက်ယောက်က ပြည့်စုံစေနိုင်ဖို့ဆိုတာ ဒီအချိုးအစားအတိုင်းပါပဲ” ဟုပြောဆိုခဲ့သည်။
သို့တိုင် ယေရှုသည် ဓမ္မအမှုဆောင်ချိန် သုံးနှစ်ခွဲအတွင်း ရှစ်ခုထက်မကသော သမ္မာကျမ်းစာ ပရောဖက်ပြုချက်များစွာကို ပြည့်စုံစေခဲ့သည်။ အတိုင်းထက်အလွန်များသော ဤအထောက်အထားများကို ထောက်ရှု၍ ထိုကျမ်းပညာရှင်က “ဒါတွေကို ပြည့်စုံစေနိုင်တာ သမိုင်းတစ်လျှောက်မှာ ယေရှုတစ်ယောက်ပဲ ရှိတယ်” ဟု ကောက်ချက်ချခဲ့သည်။
မေရှိယ “ကြွလာခြင်း”
ရှင်းနေသည်မှာ နာဇရက်မြို့သား ယေရှုသည် အေဒီ ၂၉ တွင် မေရှိယအဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကိုယ်တော်သည် နှိမ့်ချသော၊ ဝေဒနာခံစားရသော ရွေးနုတ်ရှင်အဖြစ် ကြွလာခဲ့သည်။ ဂျူးအများစုနှင့် ကိုယ်တော်၏ နောက်လိုက်များပင် မျှော်လင့်ခဲ့ပုံရှိသည့်အတိုင်း ရောမတို့၏ ဖိနှိပ်မှုထမ်းပိုးကို ဖယ်ရှားပေးရန် အောင်နိုင်သည့်ရှင်ဘုရင်တစ်ပါးအဖြစ် ကိုယ်တော် ကြွလာခဲ့သည်မဟုတ်ပါ။ (ဟေရှာယ အခန်းကြီး ၅၃; ဇာခရိ ၉:၉; တမန်တော် ၁:၆-၈) သို့သော် အနာဂတ်တွင် ကိုယ်တော်သည် တန်ခိုးနှင့် ကြီးစွာသောအခွင့်အာဏာဖြင့် ကြွလာမည်ဟု ကြိုဟောထားသည်။—ဒံယေလ ၂:၄၄၊ ၄၅; ၇:၁၃၊ ၁၄။
သမ္မာကျမ်းစာ ပရောဖက်ပြုချက်များကို သေချာစွာလေ့လာကြည့်ခြင်းက ပထမရာစုတွင် မေရှိယကြွလာခဲ့ပြီး ကိုယ်တော် ပြန်ကြွလာရဦးမည်ကို ကမ္ဘာတစ်ဝန်းမှ ဆင်ခြင်ဉာဏ်ရှိသူတို့အား ယုံကြည်စိတ်ချစေသည်။ ကြိုဟောထားသည့် ထိုပြန်ကြွလာခြင်း၊ ကိုယ်တော်စတင် “ရောက်ရှိခြင်း” သည် ၁၉၁၄ ခုနှစ်တွင်ဖြစ်ကြောင်း အထောက်အထားများက သက်သေထူ၏။ * (မဿဲ ၂၄:၃-၁၄) ထိုနှစ်တွင် ယေရှုသည် ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ကောင်းကင်တွင် မျက်မြင်မရနည်းဖြင့် နန်းထိုင်တော်မူခဲ့သည်။ မကြာမီ ကိုယ်တော်သည် ဧဒင်တွင်ဖြစ်ခဲ့သော ပုန်ကန်မှု၏ဆိုးကျိုးများကို ကမ္ဘာပေါ်မှ ပယ်ရှင်းတော်မူမည်။ ကိုယ်တော်အား “ဤလောက၏ အပြစ်ကိုဆောင်သွား” သော ကတိထားရာမျိုးနွယ်တော် မေရှိယအဖြစ် ယုံကြည်ကြောင်းတင်ပြသူအားလုံးသည် ကိုယ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုအောက် ကောင်းချီးခံစားကြရလိမ့်မည်။—ယောဟန် ၁:၂၉; ဗျာဒိတ် ၂၁:၃၊ ၄။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 17 ထပ်ဆင့်အချက်အလက်များကို ယေဟောဝါသက်သေများ ထုတ်ဝေသော ထာဝရအသက်ကိုရစေသော အသိပညာ စာအုပ် အခန်း ၁၀၊ ၁၁ တွင်ရှု။
^ အပိုဒ်၊ 28 ယေဟောဝါသက်သေများသည် ထိုအထောက်အထားများကို သင်နှင့်ဆွေးနွေးလိုကြပြီး မေရှိယအုပ်ချုပ်မှုက သင်နှင့် သင်ချစ်ရသူများအတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း သမ္မာကျမ်းစာမှ ဖော်ပြပေးလိုကြပါသည်။
[စာမျက်နှာ ၆၊ ၇ ပါ ပုံကြမ်း/ ရုပ်ပုံများ]
ဘီစီ ၄၅၅၊ “ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင် . . . စေခြင်းငှာ အမိန့်တော်ရှိသည်”
အေဒီ ၂၉ ၊မေရှိယရောက်ရှိလာ
နှစ်ပေါင်း ၄၈၃ (ပရောဖက်ပြုချက်ဆိုင်ရာ ၆၉ သီတင်း)—ဒံယေလ ၉:၂၅
၁၉၁၄ ခုနှစ်၊ ကောင်းကင်တွင် မေရှိယနန်းထိုင်
မကြာမီ မေရှိယသည် ဆိုးယုတ်မှုများကို အဆုံးတိုင် စေပြီး ကမ္ဘာကို ပရဒိသုဖြစ်စေတော်မူမည်