မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တိုး၍ထွန်းလင်းနေသောအလင်းတွင် လျှောက်လှမ်းခြင်း

တိုး၍ထွန်းလင်းနေသောအလင်းတွင် လျှောက်လှမ်းခြင်း

တိုး၍​ထွန်းလင်း​နေသော​အလင်းတွင် လျှောက်လှမ်းခြင်း

“ဖြောင့်မတ်​သော​သူတို့၏​လမ်း​သည် တက်​သော​အရုဏ်​ကဲ့သို့​ဖြစ်၍ နေ​ထွက်​သည်​တိုင်အောင် တိုးပွား​ထွန်းလင်း​တတ်၏။”—သု. ၄:၁၈

၁၊ ၂။ ဘုရားသခင့်​လူမျိုးတော်သည် ယေဟောဝါ​ထံ​မှ တိုး၍​ထွန်းလင်း​လာသော ဝိညာဉ်​ရေး​အလင်း​ကြောင့် အဘယ်အရာကို တွေ့ ကြုံ​ခံစား​ခဲ့​ရသနည်း။

ညအမှောင်​ထု​အပေါ် ထွန်းလင်း​လာသော​နေ​၏ အကျိုး​သက်ရောက်မှု​အကြောင်းကို အလင်း​၏​ပင်ရင်း​ဖြစ်​တော်​မူ​သော ယေဟောဝါ​ဘုရားသခင်​ထက် မည်သူ​သာ၍​ဖော်ပြ​နိုင်​ပါ​မည်​နည်း။ (ဆာလံ ၃၆:၉) “နံနက်​အလင်း​သည် မြေကြီးစွန်း​ကို​ကိုင်​လျက် . . . မြေကြီး​သည် တံဆိပ်​ခတ်​သကဲ့သို့ ပုံ​ပေါ်​၍ အဝတ်တန်ဆာ​ဆင်​သကဲ့သို့​ရှိ၏” ဟု ဘုရားသခင်​မိန့်တော်မူ၏။ (ယောဘ ၃၈:၁၂-၁၄) နေ​ရော​င် တိုး၍​ထွန်းလင်း​လာသော​အခါ  ကမ္ဘာ့​သွင်ပြင်​လက္ခဏာများ​သည် ရွှံ့စေး​ပေါ် တံဆိပ်တုံး​ထု​လိုက်​သကဲ့သို့ ရုပ်လုံးပေါ်​လာ​ကာ ပို​၍​သဲသဲကွဲကွဲ ထင်ရှား​လာ​သည်။

ယေဟောဝါ​သည် ဝိညာဉ်​ရေး​အလင်း​၏​ပင်ရင်း​လည်း ဖြစ်​တော်​မူ​၏။ (ဆာလံ ၄၃:၃) ဤ​လောကသည် အမှောင်ထု​ထဲ​ရှိနေ​သော်လည်း စစ်မှန်သော​ဘုရားသခင်​သည် မိမိ​လူမျိုးတော်အပေါ် အလင်း​ဆက်လက် ထွန်းလင်းပေး​တော်​မူ​၏။ အဘယ်​အကျိုး​ဖြစ်ထွန်း​သနည်း။ သမ္မာကျမ်းစာ​က ဤသို့​ဖြေဆို​သည်– “ဖြောင့်မတ်​သော​သူတို့၏​လမ်း​သည် တက်​သော​အရုဏ်​ကဲ့သို့​ဖြစ်၍ နေ​ထွက်​သည်​တိုင်အောင် တိုးပွား​ထွန်းလင်း​တတ်၏။” (သု. ၄:၁၈) ယေဟောဝါ​ထံ​မှ တိုး၍​ထွန်းလင်း​လာသော​အလင်း​သည် ကိုယ်တော့်​လူမျိုးအပေါ် ဆက်၍​အလင်းဖြာ​ပေး​ကာ အဖွဲ့အစည်း​ပိုင်း၊ အယူဝါဒ​ပိုင်း​နှင့် ကိုယ်ကျင့်တရား​ပိုင်း​တို့​တွင် တိုးတက်​အောင် သန့်စင်ပေး​သည်။

ဝိညာဉ်​ရေး​အလင်း​က အဖွဲ့အစည်း​ဆိုင်ရာ တိုးတက်မှု​များ​ဖြစ်ပေါ်​စေ

၃။ ဟေရှာယ ၆၀:၁၇ တွင် မည်သို့​ကတိပြု​ထား​သနည်း။

ယေဟောဝါ​သည် ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ဤသို့​ကြိုဟော​တော်​မူ​ခဲ့​၏– “ကြေးဝါ​အရာ​၌ ရွှေ​ကိုလည်း​ကောင်း၊ သံ​အရာ​၌ ငွေ​ကိုလည်း​ကောင်း၊ သစ်သား​အရာ​၌ ကြေးဝါ​ကိုလည်း​ကောင်း၊ ကျောက်​အရာ​၌ သံ​ကိုလည်း​ကောင်း ငါ​ဆောင်​ခဲ့​မည်။” (ဟေရှာယ ၆၀:၁၇) အရည်အသွေး​ညံ့​သော ပစ္စည်း​တစ်ခု​ကို ပစ္စည်း​ကောင်း​တစ်ခု​ဖြင့် အစားထိုး​လိုက်​သည့်​အခါ ပိုမို​ကောင်းမွန်​လာ​သကဲ့သို့ ယေဟောဝါသက်သေ​များသည် “ဤ​စနစ်​၏​အဆုံး” သို့​မဟုတ် ‘နောက်ဆုံး​ကာလ’ အတွင်း အဖွဲ့အစည်း​ဆိုင်ရာ​အစီအစဉ် တိုးတက်မှု​များ​ကို တွေ့ ကြုံနေ​ကြ​ရသည်။—မဿဲ ၂၄:၃က​ဘ; ၂ တိမောသေ ၃:၁

၄။ ၁၉၁၉ ခုနှစ်​တွင် အဘယ်​အစီအစဉ် စတင်​ခဲ့​ပြီး ယင်းက အဘယ်​အကျိုး​ဖြစ်ထွန်း​စေ​ခဲ့​သနည်း။

နောက်ဆုံး​ကာလ​၏ အစောပိုင်း​တွင် ကျမ်းစာ​ကျောင်းသား​များ​ဟု ထို​စဉ်​က​သိထား​သည့် ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ​သည် အကြီးအကဲ​များနှင့် သင်းထောက်​များ​ကို ဒီ​မို​က​ရေ​စီ​စနစ်​ဖြင့် ရွေးကောက်​ခဲ့​ကြ​၏။ သို့သော် အကြီးအကဲ​တချို့​တွင် ဧဝံဂေလိ​စိတ်ဓာတ်​အစစ်အမှန် မရှိခဲ့​ကြ​ချေ။ တချို့​သည် ဟောပြောခြင်း​လုပ်ငန်း​တွင် ကိုယ်တိုင်​ပါဝင်လိုစိတ်​မရှိသည့်​အပြင် ပါဝင်​နေသော တခြားသူ​များ​ကိုလည်း စိတ်ဓာတ်ကျ​စေ​ခဲ့​သည်။ ထို့​ကြောင့် ၁၉၁၉ ခုနှစ်​၌ အသင်းတော်​တိုင်း​တွင် လုပ်ငန်းတော်​ဒါရိုက်တာ​တစ်ဦး​ကို ရွေးချယ်​ခန့်အပ်​ခဲ့​၏။ လုပ်ငန်းတော်​ဒါရိုက်တာ​ကို အသင်းတော်က ရွေးကောက်​သည်မဟုတ်​ဘဲ ဘုရားသခင့်​လူမျိုးတော်​၏ ဌာနခွဲရုံး​က သီအိုကရက်တစ်​နည်းဖြင့် ခန့်အပ်​ခြင်း​ဖြစ်သည်။ လုပ်ငန်းတော်​ဒါရိုက်တာ​၏​တာဝန်​များ​မှာ ဟောပြောခြင်း​လုပ်ငန်း​ကို စနစ်တကျ​ဖွဲ့စည်း​ပေးခြင်း၊ နယ်မြေ​များ သတ်မှတ်​ခွဲဝေ​ပေးခြင်း​နှင့် လယ်ကွင်း​ဓမ္မ​အမှု​တွင်​ပါဝင်​ရန် အားပေးခြင်း​တို့​ဖြစ်သည်။ နောက်ပိုင်း​နှစ်များ​တစ်လျှောက်​တွင် ဘုရားသခင့်​နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​၌​ပါဝင်​ရန် အကြီးအကျယ်​အားပေးခံရ​သည်။

၅။ ၁၉၂၀ ပြည့်လွန်​နှစ်များ​တွင် အဘယ်​ပြုပြင်​ပြောင်းလဲမှု ဖြစ်ပေါ်​လာ​သနည်း။

၁၉၂၂ ခုနှစ်၊ အမေရိကန်​ပြည်ထောင်စု၊ အိုဟိုင်အို​ပြည်နယ်၊ စီ​ဒါ​ပွိုင့်​မြို့တွင်​ကျင်းပ​သော ကျမ်းစာ​ကျောင်းသား​များ​၏ စည်းဝေးကြီး​၌ “ဘုရင်​နှင့် သူ၏​နိုင်ငံတော်​ကို ကြေညာ​ကြ၊ ကြေညာ​ကြ၊ ကြေညာ​ကြ” ဟူသော တိုက်တွန်းချက်​ကြောင့် အသင်းတော်​ရှိသူ​အားလုံး ထပ်ဆင့်​ခွန်အား​ရရှိခဲ့​ကြသည်။ ၁၉၂၇ ခုနှစ်​ရောက်​သော် တစ်အိမ်​မှ​တစ်အိမ် ဟောပြောခြင်း​လုပ်ငန်း​တွင်​ပါဝင်​ရန် တနင်္ဂနွေ​နေ့ကို အသင့်တော်ဆုံး​နေ့​အဖြစ် သတ်မှတ်ခြင်း​ဖြင့် လယ်ကွင်း​လုပ်ငန်း​ကို စနစ်တကျ​ဖွဲ့စည်း​ခဲ့​ကြသည်။ ထို​နေ့ကို အဘယ်ကြောင့်​သတ်မှတ်​ရသနည်း။ အကြောင်း​မှာ တနင်္ဂနွေ​နေ့​သည် လူအများစု​၏ အလုပ်​နား​ရက်​ဖြစ်သော​ကြောင့်​ဖြစ်၏။ ယနေ့ ယေဟောဝါသက်သေ​များသည် စ​နေ၊ တနင်္ဂနွေ​နေ့​များနှင့် ညနေပိုင်း​များ​ကဲ့သို့​သော အိမ်​၌​လူအများစု ရှိ​နိုင်​မည့်​အချိန်​များ​တွင် လူ​တို့​ထံ ကြိုးစား​လည်ပတ်ခြင်း​ဖြင့် ထပ်တူ​သဘောထားကို ဖော်ပြ​ကြသည်။

၆။ ၁၉၃၁ ခုနှစ်​တွင် မည်သို့​အဓိဋ္ဌာန်​ပြု​ခဲ့​ကြ​ပြီး ယင်းက ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​ခြင်း​လုပ်ငန်း​အပေါ် မည်သို့​အကျိုး​သက်ရောက်​ခဲ့​သနည်း။

၁၉၃၁ ခုနှစ် ဇူလိုင်​လ ၂၆ ရက်၊ တနင်္ဂနွေ​နေ့ မွန်းလွဲပိုင်း​တွင် အမေရိကန်​ပြည်ထောင်စု၊ အိုဟိုင်အို​ပြည်နယ်၊ ကိုလံဘတ်စ်​မြို့တွင်​ကျင်းပ​သော စည်းဝေးကြီး​တစ်ခု​၌ အဓိဋ္ဌာန်​တစ်ခု​ကို ဦးဆုံး​အကြိမ်​ပြု​၍ ၎င်းနောက် ကမ္ဘာ​တစ်ဝန်း​တွင် ပြု​ခဲ့​ကြသောအခါ ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​ခြင်း​လုပ်ငန်း​အတွက် အကြီးအကျယ်​တွန်းအား​ဖြစ်​ခဲ့​၏။ အဆိုပါ​အဓိဋ္ဌာန် တစ်စိတ်​တစ်ပိုင်း​မှာ ဤသို့​ဖြစ်သည်– “ကျွန်ုပ်​တို့သည် ယေဟောဝါ​ဘုရားသခင်​၏ ကျေးကျွန်​များ​ဖြစ်​ပြီး ကိုယ်တော်​၏​နာမတော်​ဖြင့် လုပ်ငန်း​တစ်ခု​ကို လုပ်ဆောင်ရန်၊ ပညတ်တော်​ကို​နာခံ​ကာ ယေရှု​ခရစ်​ဟောပြောခဲ့​သော သတင်းတရားကို​ကြေညာ​ရန်၊ ယေဟောဝါ​သည် စစ်မှန်​ပြီး အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​ဖြစ်​ကြောင်း လူ​တို့ကို အသိပေး​ကြ​ရန်ဖြစ်​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် သခင်​အရှင် ဘုရားသခင်​ကိုယ်တော်တိုင် ဖော်ပြ​ထား​တော်​မူ​သည့် နာမည်​ကို ဝမ်းမြောက်​ဝမ်းသာ​ခံယူ​ကာ ယေဟောဝါသက်သေ​များ​ဟူသော အမည်​ဖြင့် အခေါ်​ခံ​လို​၍ အသိ​ခံ​လို​ကြသည်။” (ဟေရှာယ ၄၃:၁၀) ထို​အမည်သစ်​က ၎င်း​အမည်ခံ​ယူ​ထား​ကြ​သူအား​လုံး​၏ အဓိက​လုပ်ငန်း​ကို ရှင်းရှင်းလင်းလင်း ဖော်​ပြပေး​သည်​တကား! ယေဟောဝါ​တွင် မိမိ​ကျေးကျွန်​အားလုံး​ကို ပေးအပ်​စ​ရာ​လုပ်ငန်း ရှိနေ​တော်​မူ​၏။ ယင်းကို​လက်ခံသူ အရေအတွက်​မှာ အလွန်​အားရစရာ​ပင်!

၇။ ၁၉၃၂ ခုနှစ်​တွင် အဘယ်​ပြောင်းလဲမှု​ကို စတင်​ပြုလုပ်​ခဲ့​သနည်း။ အဘယ်ကြောင့်​နည်း။

အကြီးအကဲ​များစွာ​သည် ဟောပြောခြင်း​လုပ်ငန်း​တွင် နှိမ့်ချစွာ​ပါဝင်​ခဲ့​ကြသည်။ သို့သော် အချို့​ဒေသ​ရှိ မဲ​ဖြင့်​ရွေးကောက်​ထားသော အကြီးအကဲ​များသည် အသင်း​သူ​အသင်းသား​တိုင်း လူအများရှေ့ အမှုတော်​ဆောင်ခြင်း​တွင် ပါဝင်​သင့်​သည်​ဟူသော ခံယူ​ချက်​ကို ကန့်ကွက်​ခဲ့​ကြ​၏။ သို့သော် ပြုပြင်​ပြောင်းလဲမှု​များ နောက်ထပ်​ရှိ​ဦး​မည်​ဖြစ်​ပေ​သည်။ ၁၉၃၂ ခုနှစ်​တွင် အသင်းတော်များ​၌ အကြီးအကဲ​များနှင့် သင်းထောက်​များ​ကို မဲ​ဖြင့်​မရွေး​ကောက်​ရတော့​ကြောင်း ကင်းမျှော်စင်​မှ​တစ်ဆင့် ညွှန်ကြား​ခဲ့​၏။ ယင်းအစား လုပ်ငန်းတော်​ကော်မတီ​ကို ဖွဲ့စည်း​ရန် လူအများရှေ့ ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​ကြသော ဝိညာဉ်​ရေး​စိတ်ဓာတ်​ရှိ အမျိုးသားများ​ကို ရွေးကောက်​ရမည်​ဖြစ်သည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် တက်တက်ကြွကြွ ပါဝင်သူ​တို့ကို ကြီးကြပ်ရေး​တာဝန်​အပ်နှင်း​ခဲ့​ရာ လုပ်ငန်းတော်မှာ ဆက်လက်​တိုးတက်လာ​လေ​သည်။

တိုး၍​ထွန်းလင်းခြင်း​က နောက်ထပ်​တိုးတက်မှု​များ​ဖြစ်ပေါ်​စေ

၈။ ၁၉၃၈ ခုနှစ်​တွင် အဘယ်​ပြုပြင်​ပြောင်းလဲမှု ဖြစ်ပေါ်​လာ​ခဲ့​သနည်း။

အလင်း​သည် “တိုးပွား​ထွန်းလင်း” နေ​၏။ ၁၉၃၈ ခုနှစ်​တွင် မဲ​ဖြင့်​ရွေးကောက်​ခြင်း​ကို လုံးဝ​မပြု​တော့​ချေ။ ‘သစ္စာ​နှင့် သတိ​ပညာရှိ​ကျွန်’ ၏​ကြီးကြပ်​ညွှန်ကြားမှု​အတိုင်း သီအိုကရက်တစ်​နည်းဖြင့် အသင်းတော်​အမှုထမ်း​အားလုံး​ကို ခန့်အပ်​ရတော့မည်​ဖြစ်သည်။ (မဿဲ ၂၄:၄၅-၄၇) အဆိုပါ​ပြောင်းလဲမှု​ကို ယေဟောဝါသက်သေ​များ​၏ အသင်းတော်​အားလုံးနီးပါး တလိုတလား​လက်ခံခဲ့​ကြ​ရာ သက်သေခံခြင်း​လုပ်ငန်းမှာ သီးပွင့်​ဖြစ်ထွန်း​လျက်​ရှိသည်။

၉။ ၁၉၇၂ ခုနှစ်​တွင် အဘယ်​အစီအစဉ်ကို စတင်​ပြုလုပ်​ခဲ့​ကြ​ပြီး ယင်းသည် အဘယ်ကြောင့် တိုးတက်မှု​တစ်ခု​ဖြစ်သနည်း။

၁၉၇၂ ခုနှစ် အောက်တိုဘာ​လ ၁ ရက်​နေ့​မှ​စ၍ အသင်းတော်​ကြီးကြပ်မှု​နှင့်​စပ်​လျ​ဉ်း​သည့် နောက်ထပ်​ပြုပြင်​ပြောင်းလဲမှု​တစ်ခု ရှိလာ​သည်။ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​တို့၏ အသင်းတော်များ​တွင် အသင်းတော်​အမှုထမ်း သို့​မဟုတ် ကြီးကြပ်မှူး​တစ်ဦးတည်း​က ကွပ်ကဲ​မည့်​အစား အကြီးအကဲ​အဖွဲ့က ကြီးကြပ်​ကွပ်ကဲ​သည့်​အစီအစဉ် စတင်​ခဲ့​၏။ ဤ​အစီအစဉ်​အသစ်​သည် ရင့်ကျက်သော​အမျိုးသားများ အသင်းတော်ကို ဦးဆောင်​ရာ​တွင် အရည်အချင်း​ပြည့်မီ​ဖို့ ကြိုးစား​ကြ​ရန် အားပေးမှု​များစွာ ဖြစ်စေ​ခဲ့​သည်။ (၁ တိမောသေ ၃:၁-၇) ရလဒ်​အနေ​နှင့် ညီအစ်ကို​များစွာ​သည် အသင်းတော်​တာဝန်​များ ထမ်းဆောင်​ရာ​တွင် အတွေ့အကြုံ​ရရှိ​လာ​လေ​သည်။ ကျမ်းစာ​အမှန်တရားကို လက်ခံခဲ့​ကြ​သည့် လူသစ်များ​စွာ​အား ထိန်းကျောင်း​ရာ​တွင် သူတို့သည် အလွန်​အဖိုးထိုက်သူ​များ ဖြစ်​ခဲ့​လေ​ပြီ!

၁၀။ ၁၉၇၆ ခုနှစ်​တွင် အဘယ်​အစီအစဉ်ကို အကောင်အထည်ဖော်​ခဲ့​သနည်း။

၁၀ အုပ်ချုပ်ရေးအဖွဲ့ဝင်​များ​ကို ကော်မတီ​ခြောက်​ခု​ဖြင့် ဖွဲ့စည်းထား​ပြီး၊ ၁၉၇၆ ခုနှစ် ဇန်နဝါရီ​လ ၁ ရက်​နေ့​မှ​စ၍ အဖွဲ့အစည်း​နှင့် ကမ္ဘာ​တစ်ဝန်း​ရှိ အသင်းတော်များ​၏ လှုပ်ရှား​ဆောင်ရွက်မှု​အားလုံး​ကို အဆိုပါ​ကော်မတီ​များ​က ကြီးကြပ်​ခဲ့​သည်။ ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​၏ ကဏ္ဍအသီးသီး​ကို “အကြံပေး​နိုင်သော​သူများစွာ” က ညွှန်ကြား​ပေး​ခဲ့​သည့်​အတွက် အလွန်​အကျိုး​ဖြစ်ထွန်း​ခဲ့ပြီ​တကား!—သု. ၁၅:၂၂; ၂၄:၆

၁၁။ ၁၉၉၂ ခုနှစ်​တွင် အဘယ်​ပြုပြင်​ပြောင်းလဲမှု​ကို စတင်​ပြုလုပ်​ခဲ့​သနည်း။ အဘယ်ကြောင့်​နည်း။

၁၁ ၁၉၉၂ ခုနှစ်​တွင် နောက်ထပ်​ပြုပြင်​ပြောင်းလဲမှု​တစ်ခု ရှိသေး​သည်။ ယင်းသည် ဣသရေလ​လူမျိုး​နှင့် အခြားသူများ ဗာဗုလုန်​တွင်​နယ်နှင်ခံ​ဘဝ​မှ ပြန်လာ​ပြီး​နောက် အဖြစ်အပျက်​များနှင့်​ဆင်တူ​၏။ ထို​စဉ်​က ဝတ်ပြုရာ​အိမ်တော်တွင် အမှုထမ်း​ရန် လေဝိ​သား အလုံအလောက်​မရှိခဲ့​ချေ။ ထို့​ကြောင့် ဣသရေလ​လူမျိုး​မဟုတ်သည့် နက်​သ​နင်​များသည် လေဝိ​သားများ​ကို အကူအညီ​များစွာ ပေး​ခွင့်​ရခဲ့​ကြသည်။ ထို​နည်းတူ တိုးများ​လာသော မြေကြီးဆိုင်ရာ​အကျိုး​စီးပွား​ကို သစ္စာ​နှင့် သတိ​ပညာရှိ​ကျွန်​အတန်းအစား ကြည့်ရှု​စောင့်ရှောက်​ရာ​တွင် အကူအညီ​ပေး​ရန် ၁၉၉၂ ခုနှစ်​တွင် “အခြားသိုး” မှ​တချို့​သည် လုပ်ငန်းတော်​တာဝန်​များ ထပ်မံ​ရရှိခဲ့​ကြသည်။ သူတို့သည် အုပ်ချုပ်ရေး​အဖွဲ့​ကော်မတီ​များ​ကို ကူညီ​ပေး​သူများ​အဖြစ် ခန့်အပ်​ခံ​ခဲ့​ရ၏။—ယောဟန် ၁၀:၁၆

၁၂။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကြီးကြပ်မှူး​များ​ကို ငြိမ်သက်​သော​သဘော​နှင့် မည်သို့​ပြည့်စုံ​စေ​ခဲ့ပြီ​နည်း။

၁၂ ယင်း​တို့​မှ အဘယ်​အကျိုး​ဖြစ်ထွန်း​ခဲ့ပြီ​နည်း။ “သင်၏​အရာရှိ​တို့ [“ကြီးကြပ်မှူး​များ၊” က​ဘ] ကို ငြိမ်သက်​သော​သဘော၊ အခွန်ခံတို့​ကို ဖြောင့်မတ်​သော​သဘော​နှင့် ပြည့်စုံ​စေမည်” ဟု​ယေဟောဝါ​မိန့်တော်မူ၏။ (ဟေရှာယ ၆၀:၁၇) ယနေ့ ယေဟောဝါ​၏​ကျေးကျွန်​များ​အလယ်တွင် ‘ငြိမ်သက်မှု’ ရှိပြီး ‘ဖြောင့်မတ်ခြင်း’ ကို ချစ်​မြတ်နိုး​စိတ်​သည် ဘုရားသခင်​၏​အမှုတော်ကို ထမ်းဆောင်​ရန် သူတို့အား လှုံ့ဆော်ပေး​သည့် စွမ်းအား​ဖြစ်လာ​လေ​သည်။ သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို  ထမ်းဆောင်​ရန် စနစ်တကျ​ရှိကြ​၏။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀

ယေဟောဝါ​သည် အယူဝါဒ​ပိုင်း​ကို အလင်းဖြာ​ပေး

၁၃။ ၁၉၂၀ ပြည့်လွန်​နှစ်များ​တွင် ယေဟောဝါ​သည် မိမိ​လူမျိုး​ကို အယူဝါဒ​ပိုင်း​အရ မည်သို့​အလင်းဖြာ​ပေး​တော်​မူ​ခဲ့​သနည်း။

၁၃ ယေဟောဝါ​သည် မိမိ​လူမျိုးတော်ကို အယူဝါဒ​ပိုင်း​အရ​လည်း အဆင့်ဆင့်​အလင်းဖြာ​ပေး​နေ​တော်​မူ​၏။ နမူနာ​တစ်ခု​မှာ ဗျာ. ၁၂:၁-၉ ဖြစ်သည်။ အဆိုပါ​ကျမ်း​တွင် ကိုယ်ဝန်​ရှိ၍ သားဖွား​သော “မိန်းမ” တစ်ဦး၊ “နဂါး” တစ်ကောင်​နှင့် “သား​ယောက်ျား” တစ်ဦး​ဟူသော ပုံဆောင်​ဇာတ်ကောင်​သုံးဦး​ကို ဖော်ပြ​ထား​၏။ ၎င်းတို့သည် မည်သူ​တို့ကို ကိုယ်စား​ပြု​ကြောင်း သင်​သိပါသလော။ ၁၉၂၅ ခုနှစ် မတ်​လ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင် [လိပ်] ပါ “နိုင်ငံတော်​မွေးဖွားခြင်း” ဟူသော​ဆောင်းပါး​တစ်ပုဒ်​တွင် ၎င်းတို့ကို ခွဲခြား​ဖော်ပြ​ထား​သည်။ ထို​ဆောင်းပါး​က ဘုရားသခင့်​လူမျိုးတော်​အား ဘုရားသခင့်​နိုင်ငံတော် မွေးဖွားခြင်း​နှင့်​ပတ်သက်သော ပရောဖက်ပြုချက်​များ​ကို ကောင်းစွာ သိ​နားလည်စေ​ကာ ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့် စာတန့်​အဖွဲ့အစည်း​ဟူ၍ သိသာ​ထင်ရှားသော အဖွဲ့အစည်း​နှစ်ခု​ရှိကြောင်း ထိုးထွင်း​သိမြင်​စေ​ခဲ့​၏။ ထို့နောက် ၁၉၂၇/၂၈ ခုနှစ်​တွင် ခရစ္စမတ်​ပွဲ​နှင့် မွေးနေ့ပွဲ​တို့သည် ကျမ်းစာ​နှင့်​မညီ​ကြောင်း ဘုရားသခင့်​လူမျိုး သိမြင်​လာ​ကာ အဆိုပါ​ပွဲ​များ​ကို မ​ကျင်းပ​ကြ​တော့​ချေ။

၁၄။ ၁၉၃၀ ပြည့်လွန်​နှစ်များ​တွင် အဘယ်​အယူဝါဒ​ပိုင်း​ဆိုင်ရာ အမှန်တရား​များ​ကို ရှင်းလင်း​ဖော်ပြ​ခဲ့​သနည်း။

၁၄ ၁၉၃၀ ပြည့်လွန်​နှစ်များ​တွင် အယူဝါဒ​ပိုင်း​ဆိုင်ရာ အမှန်တရား​သုံးခု​အပေါ် ထပ်ဆင့်​အလင်းဖြာ​ခဲ့​၏။ ဗျာ. ၇:၉-၁၇ တွင် ဖော်ပြ​ထား​သည့် အုပ်စုကြီး သို့​မဟုတ် ‘လူအုပ်ကြီး’ သည် ဘုရင်​များ၊ ယဇ်ပုရောဟိတ်​များ​အဖြစ် ခရစ်တော်​နှင့်အတူ​စိုးစံ​ကြ​မည့် ၁၄၄,၀၀၀ နှင့်​မတူ​ကြောင်း ကျမ်းစာ​ကျောင်းသား​များ သိရှိ​လာ​ကြသည်​မှာ နှစ်​နှင့်​ချီ​ရှိ​လေ​ပြီ။ (ဗျာ. ၅:၉၊ ၁၀; ၁၄:၁-၅) သို့ရာတွင် အဆိုပါ​အုပ်စုကြီး​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း မသဲမကွဲ​ဖြစ်​နေဆဲ​ပင်။ တိုး၍​ထွန်းလင်း​လာသော မိုး​သောက်​အလင်း​သည် မထင်မရှား​ဖြစ်နေ​သည့် အရာဝတ္ထု​များ​ကို သဲသဲကွဲကွဲ​ဖြစ်လာ​စေ​သကဲ့သို့ ၁၉၃၅ ခုနှစ်​တွင် အုပ်စုကြီး​သည် မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် မျှော်လင့်ချက်​ဖြင့် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကို ကပ်ကျော်​ကြ​မည့်​သူများ​ဖြစ်​ကြောင်း ခွဲခြား​သိမြင်​လာ​စေ​ခဲ့​သည်။ ထို​နှစ်​နှောင်းပိုင်းတွင် နိုင်ငံ​အတော်များများ​ရှိ ယေဟောဝါသက်သေ​များ​၏ ကျောင်းနေ​အရွယ် ကလေး​သူငယ်​များနှင့်​သက်ဆိုင်​သည့် ရှင်းလင်းချက်​တစ်ရပ်​ကို ကြားသိ​ခဲ့​ရသည်။ ကမ္ဘာ​တစ်ဝန်း​တွင် မျိုးချစ်စိတ်​ပြင်းထန်​နေစဉ် အလံ​အလေးပြုခြင်း​သည် အခမ်းအနား​တစ်ခုမျှသာ မဟုတ်​ကြောင်း သက်သေခံ​များ အသိအမှတ်ပြု​လာ​ကြသည်။ ခရစ်တော်​သည် လက်ဝါးကပ်တိုင်​ပေါ်​တွင်​မဟုတ်ဘဲ သစ်တိုင်ပေါ်​တွင် သေဆုံး​ခဲ့​သည်​ဟူသော အယူဝါဒ​ဆိုင်ရာ အမှန်တရား​နောက်တစ်ခု​ကို နောက်​တစ်နှစ်​တွင် ရှင်းပြ​ခဲ့​၏။—တမန်​တော် ၁၀:၃၉

၁၅။ သွေး​၏​မြင့်မြတ်မှု​ကို မည်သည့်​အချိန်တွင် မည်သို့​အလေးပေး​ဖော်ပြ​ခဲ့​သနည်း။

၁၅ ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​ပြီး​သည်​နှင့် ဒဏ်ရာ​ရခဲ့​သော​စစ်သား​များ​ကို သွေးသွင်း​၍ ကုသ​ပေးခြင်း​သည် စံ​ကုထုံး​ဖြစ်လာ​သောအခါ သွေး​၏​မြင့်မြတ်မှု​အကြောင်း အလင်း​တိုး၍​ထွန်းလင်း​လာ​သည်။ ၁၉၄၅ ခုနှစ် ဇူလိုင်​လ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင်​က “ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် ထာဝစဉ်​အသက်ရှင်​လို​ကြ​သည့် ယေဟောဝါ​အား ဝတ်ပြုသူ​မှန်သမျှ သွေး​၏​မြင့်မြတ်မှု​ကို လေးစား​ရမည်၊ ဤ​အရေးကြီး​ကိစ္စ​နှင့်​ပတ်သက်​၍ ဘုရားသခင်​၏​ဖြောင့်မတ်​သော စည်းမျဉ်း​များ​ကို လိုက်နာ​ကြ​ရမည်” ဟု​တိုက်တွန်း​ခဲ့​သည်။

၁၆။ ကမ္ဘာသစ်​ဘာသာပြန် သမ္မာကျမ်းစာ​ကို အဘယ်​အချိန်တွင် ထုတ်ဝေ​ခဲ့​ပြီး ယင်း​၏​ထူးခြားချက်​နှစ်ခု​ကား အဘယ်နည်း။

၁၆ ၁၉၄၆ ခုနှစ်​တွင် ခရစ်ယာန်ဘောင်​၏ ထုံးတမ်းများ​အပေါ် အခြေပြု​သည့် အယူဝါဒ​များနှင့်​ကင်းစင်​ပြီး နောက်ဆုံး​ပေါ်​အသိပညာကို အသုံးပြုသည့် ဘာသာပြန်​ကျမ်း​အသစ်​တစ်ခု လိုအပ်ကြောင်း သိမြင်​လာ​ခဲ့​ကြသည်။ သို့​နှင့် ထို​ဘာသာပြန်​ကျမ်း​ကို ၁၉၄၇  ခုနှစ် ဒီဇင်ဘာ​လ​တွင် စတင်​ဘာသာ​ပြန်ဆို​ခဲ့​၏။ ၁၉၅၀ ပြည့်နှစ်​တွင် ကမ္ဘာသစ်​ဘာသာပြန် ခရစ်ယာန်​ဂရိ​ကျမ်းစာ​ကို အင်္ဂလိပ်​ဘာသာ​ဖြင့် ထုတ်ဝေ​လိုက်​၏။ အင်္ဂလိပ်​ဘာသာ​ဖြင့် ပြန်ဆို​ထားသော ဟေဗြဲ​ကျမ်းစာ​ကို ၁၉၅၃ ခုနှစ်​မှ​စ၍ အတွဲ​ငါး​တွဲ​ဖြင့် တစ်တွဲ​ပြီး​တစ်တွဲ ထုတ်ဝေ​ခဲ့​သည်။ ဘာသာပြန်​စီမံကိန်း စတင်​ပြီး​နောက် ၁၂ နှစ်​အကြာ ၁၉၆၀ ပြည့်နှစ်​တွင် နောက်ဆုံး​အတွဲ​ကို ထုတ်ဝေ​နိုင်​ခဲ့​၏။ ကမ္ဘာသစ်​ဘာသာပြန် သမ္မာကျမ်းစာ အပြည့်အစုံကို အတွဲ​တစ်တွဲ​တည်း​ဖြင့် ၁၉၆၁ ခုနှစ်​တွင် ထုတ်ဝေ​နိုင်​ခဲ့​သည်။ ယခု​အခါ ဘာသာ​စကား​များစွာ​ဖြင့် ရရှိ​နိုင်ပြီ​ဖြစ်သော ဤ​ဘာသာပြန်​ကျမ်း​တွင် ထူးခြားချက်​တချို့ ပါရှိ​၏။ ယင်း​ကျမ်း​တွင် ဘုရားသခင့်​နာမတော် ယေဟောဝါ​ကို ပြန်လည်​ထည့်သွင်း​ထား​၏။ ထို့​ပြင် မူရင်း​ကျမ်းစောင်​များ​အတိုင်း ယင်းကို တိုက်ရိုက်​ပြန်ဆို​ထားခြင်း​က ကျမ်းစာ​အမှန်တရားကို အဆက်မပြတ် တိုး​သိ​နားလည်စေ​ခဲ့​သည်။

၁၇။ ၁၉၆၂ ခုနှစ်​တွင် အဘယ်​အလင်းဖြာ​ခဲ့​သနည်း။

၁၇ ၁၉၆၂ ခုနှစ်​တွင် ရောမ ၁၃:၁ ပါ “အစိုး​ရသော​မင်း​အာဏာစက်” အကြောင်း​နှင့် ခရစ်ယာန်​တစ်ဦး​သည် ၎င်းတို့ကို အဘယ်​အထိ လက်အောက်ခံ​ရမည့်​အကြောင်း ရှင်းပြ​ခဲ့​သည်။ ရောမ အခန်းကြီး ၁၃၊ တိတု ၃:၁၊ ၂ နှင့် ၁ ပေတရု ၂:၁၃၊ ၁၇ စ​သည့်​ကျမ်းချက်​များ​ကို ခရေစေ့​တွင်း​ကျ လေ့လာမှု​ပြု​ကြ​ရာ “အစိုး​ရသော​မင်း​အာဏာစက်” ဟူ​သည့် အသုံးအနှုန်း​သည် ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့ကို မ​ရည်ညွှန်း​ဘဲ လူ့​အစိုးရ​အာဏာပိုင်​များ​ကို ရည်ညွှန်း​ကြောင်း ရှင်းလင်း​လာ​သည်။

၁၈။ ၁၉၈၀ ပြည့်လွန်​နှစ်များ​တွင် ရှင်းလင်း​လာ​သည့် အမှန်တရား​အချို့​ကား အဘယ်နည်း။

၁၈ နောက်ပိုင်း​နှစ်များ​တွင် ဖြောင့်မတ်​သူတို့၏​လမ်း​သည် လင်း​သည်ထက်​လင်းလာ​လေ​၏။ ၁၉၈၅ ခုနှစ်​တွင် “အသက်​နှင့်ယှဉ်သော” ဖြောင့်မတ်​ရာ​သို့ ရောက်​ခြင်း​အခွင့်၊ ဘုရားသခင့်​မိတ်ဆွေ​အဖြစ် ဖြောင့်မတ်​ရာ​သို့ ရောက်​ခြင်း​အခွင့်​ဟူသည် အဘယ်အရာကို​ဆိုလို​ကြောင်း အလင်းထွန်းလင်း​လာ​ပြန်​သည်။ (ရောမ ၅:၁၈; ယာကုပ် ၂:၂၃) ခရစ်ယာန်​ယုဘိလ​၏​အဓိပ္ပာယ်​ကို ၁၉၈၇ ခုနှစ်​တွင် အသေးစိတ်​ရှင်းပြ​ခဲ့​၏။

၁၉။ မကြာသေးမီ​နှစ်များ​တွင် ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​အတွက် ဝိညာဉ်​ရေး​အလင်း​ကို မည်သို့​တိုး၍ ထွန်းလင်းပေး​တော်​မူ​ခဲ့​သနည်း။

၁၉ ၁၉၉၅ ခုနှစ်​တွင် “သိုး​နှင့်​ဆိတ်” ခွဲခြားခြင်း​ကို ပို​၍​ရှင်းလင်းစွာ သဘောပေါက်​လာ​၏။ ပြည့်စုံ​နေပြီ​ဖြစ်သည့် ယေဇကျေလ​၏ ဝတ်ပြုရာ​အိမ်တော်​စိတ်အာရုံ​အကြောင်းကို ၁၉၉၈ ခုနှစ်​တွင် အသေးစိတ်​ရှင်းပြ​ခဲ့​သည်။ ၁၉၉၉ ခုနှစ်​တွင် ‘သန့်ရှင်း​ရာ​အရပ်၌ ရွံရှာဖွယ်​အရာ​စိုက်​နေခြင်း’ သည် မည်သည့်​အချိန်တွင် မည်သို့​ဖြစ်ပျက်​လာ​ကြောင်း ရှင်းလင်း​ဖော်ပြ​ခဲ့​သည်။ (မဿဲ ၂၄:၁၅၊ ၁၆; ၂၅:၃၂) ထို့နောက် ၂၀၀၂ ခုနှစ်​တွင် ဘုရားသခင်​အား ‘ဝိညာဉ်​နှင့်​လည်းကောင်း၊ အမှန်တရား​နှင့်​လည်းကောင်း’ ကိုးကွယ်​ခြင်း​၏​အဓိပ္ပာယ်​ကို ထပ်၍​ထိုးထွင်း​သိမြင်​လာ​သည်။—ယောဟန် ၄:၂၄

၂၀။ ဘုရားသခင့်​လူမျိုးတော်သည် အခြား​အဘယ်​ကဏ္ဍ​တွင် ပြုပြင်​ပြောင်းလဲ​လာ​သနည်း။

၂၀ အဖွဲ့အစည်း​ပိုင်း​ဆိုင်ရာ​နှင့် အယူဝါဒ​ပိုင်း​ဆိုင်ရာ ပြုပြင်​ပြောင်းလဲမှု​များ​အပြင် ခရစ်ယာန်​အမူအကျင့်​နှင့်​စပ်လျဉ်း၍​လည်း ပြုပြင်​ပြောင်းလဲမှု​များ​ရှိခဲ့​သည်။ ဥပမာ၊ ၁၉၇၃ ခုနှစ်​တွင် ဆေးလိပ်​သောက်​ခြင်း​သည် “ကိုယ်ခန္ဓာ​၏​အညစ်အကြေး” တစ်ခု​ဖြစ်​ကြောင်း သိမြင်​လာ​ကာ ယင်းကို ကြီး​လေး​သော​အပြစ်​အဖြစ် ရှုမြင်ခဲ့​ကြသည်။ (၂ ကောရိန္သု ၇:၁) ဆယ်နှစ်​ကြာပြီးနောက် ၁၉၈၄ ခုနှစ် ဇူလိုင်​လ ၁၅ ရက်​နေ့​ထုတ် ကင်းမျှော်စင်​က သေနတ်​ကိုင်ဆောင်​ခြင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​ရပ်တည်ချက်ကို ရှင်းပြ​ခဲ့​၏။ ယင်း​တို့သည် ကျွန်ုပ်​တို့​ခေတ်တွင် တိုး၍​ထွန်းလင်း​နေသော​အလင်း​ဆိုင်ရာ နမူနာ​တချို့​မျှ​သာ ဖြစ်​ပေ​သည်။

တိုး၍​ထွန်းလင်း​နေသော​အလင်းတွင် ဆက်လက်​လျှောက်လှမ်း​နေလော့

၂၁။ အဘယ်​သဘောထား​ရှိ​ခြင်း​က ကျွန်ုပ်​တို့ကို တိုး၍​ထွန်းလင်း​နေသော​အလင်းတွင် ဆက်လက်​လျှောက်လှမ်း​နေ​စေမည်​နည်း။

၂၁ “ပြောင်းလဲမှု​တစ်ခု ပေါ်ပေါက်​လာတဲ့အခါ အဲ့​ဒါကို​လက်ခံ​ပြီး အလိုက်သင့်​ပြုပြင်​ပြောင်းလဲ​ဖို့​က ခက်တယ်” ဟု သက်တမ်းကြာ အကြီးအကဲ​တစ်ဦး ဝန်ခံ​၏။ ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူ​တစ်ဦး ဖြစ်လာ​ခဲ့​သည့် ၄၈ နှစ်​အတွင်း သူ​တွေ့ ကြုံ​ခဲ့​ရသည့် ပြုပြင်မှု​များစွာကို လက်ခံရန် အဘယ်အရာက သူ့​အား ကူညီ​ပေး​ခဲ့ပြီ​နည်း။ သူက ဤသို့​ဖြေဆို​သည်– “သဘောထား​မှန်​ရှိဖို့ အရေးကြီးတယ်။ ပြုပြင်မှု​ကို လက်မခံ​ဘူးဆို​ရင် ရှေ့ကို​ချီတက်​နေတဲ့ အဖွဲ့အစည်း​နဲ့ ရင်​ပေါင်​မ​တန်း​နိုင်​ဘဲ ကျန်​နေခဲ့​မယ်။ ပြောင်းလဲမှု​တွေ​ကို ကျွန်တော်​လက်ခံဖို့ ခက်​နေပြီ​ဆိုရင် ‘သခင်၊ အကျွန်ုပ်​တို့သည် အဘယ်သူ​ထံ​သို့ သွား​ရ​ပါ​မည်​နည်း။ ထာဝရ​အသက်​နှင့်ယှဉ်သော​စကား​သည် ကိုယ်တော်၌​တည်​ပါ​၏’ လို့ ယေရှုကို​ပြော​ခဲ့​တဲ့ ပေတရု​ရဲ့​စကား​ကို ပြန်ကြား​ယောင်​လိုက်တယ်။ အဲ့ဒီ​နောက် ‘ငါ ဘယ်​ကို​ထွက်သွား​မှာ​လဲ။ ဒီ​လောကရဲ့​အမှောင်ထု​ထဲ​ကိုလား’ လို့​ကိုယ့်​ကိုယ်ကို​မေးတယ်။ ဒီလိုနဲ့ ဘုရားသခင်​ရဲ့​အဖွဲ့အစည်း​ထဲမှာ မြဲ​နေဖို့ အကူအညီ​ရတယ်။”—ယောဟန် ၆:၆၈

၂၂။ အလင်းတွင် ကျွန်ုပ်​တို့​လျှောက်လှမ်း​နေခြင်း​မှ မည်သို့​အကျိုး​ခံစား​ကြ​ရသနည်း။

၂၂ ကျွန်ုပ်​တို့​ပတ်လည်​ရှိ ဤ​လောကသည် အမှောင်ထု​ထဲ ကျရောက်​နေ​၏။ ယေဟောဝါ​သည် မိမိ​လူမျိုးတော်အပေါ် အလင်း​ဆက်လက် ထွန်းလင်းပေး​နေသည်​နှင့်​အမျှ လူမျိုးတော်​နှင့် လောကသား​များ ပိုမို​ကွာဟ​လျက်​ရှိသည်။ ဤ​အလင်း​က ကျွန်ုပ်​တို့အတွက် အဘယ်အရာကို လုပ်ဆောင်ပေး​သနည်း။ အမှောင်​လမ်း​တစ်​လမ်းပေါ်​ရှိ တွင်း​တစ်​တွင်း​ကို မီးထိုး​ပြ​ခြင်း​က ထို​တွင်း​ကို မဖယ်ရှား​နိုင်​သကဲ့သို့ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ အလင်း​သည် ကျရောက်​နိုင်​သည့် အန္တရာယ်များ​ကို မဖယ်ရှား​ပေး​ပါ။ သို့သော် တိုး၍​ထွန်းလင်း​နေသော​အလင်းတွင် ကျွန်ုပ်​တို့ ဆက်လက်​လျှောက်လှမ်း​သွား​နိုင်​ရန် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ အလင်း​က ထို​အန္တရာယ်များ​ကို ရှောင်ရှား​နိုင်အောင် အမှန်​ကူညီ​ပေး​သည်။ သို့​ဖြစ်၍ ယေဟောဝါ​၏ ပရောဖက်ပြုချက်​ဆိုင်ရာ​စကားတော်​ကို “မှောင်မိုက်​အရပ်၌ ထွန်းလင်း​သော​ဆီ​မီး​ကဲ့သို့​မှတ်၍” ဆက်လက်​အာရုံစိုက်​ကြပါစို့​လေ။—၂ ပေတရု ၁:၁၉

သင်​မှတ်မိ​သလော

• ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​အတွက် အဖွဲ့အစည်း​ပိုင်း​ဆိုင်ရာ အဘယ်​တိုးတက်မှု​များ​ကို ဖြစ်ပေါ်​စေ​ခဲ့​သနည်း။

• တိုး၍​ထွန်းလင်း​သော​အလင်း​က အယူဝါဒ​ပိုင်း​ဆိုင်ရာ အဘယ်​ပြုပြင်​ပြောင်းလဲမှု​များ​ကို ဖြစ်ပေါ်​စေ​ခဲ့​သနည်း။

• အဘယ်​ပြုပြင်​ပြောင်းလဲမှု​များ​ကို အသင်​ကိုယ်တိုင် တွေ့ မြင်ခဲ့​ရပြီး ယင်း​တို့ကို​လက်ခံရန် အဘယ်အရာက သင့်ကို ကူညီ​ပေး​ခဲ့ပြီ​နည်း။

• တိုး၍​ထွန်းလင်း​နေသော​အလင်းတွင် သင် အဘယ်ကြောင့် ဆက်လက်​လျှောက်လှမ်း​နေ​လို​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

၁၉၂၂ ခုနှစ်၊ အိုဟိုင်အို​ပြည်နယ်၊ စီ​ဒါ​ပွိုင့်​မြို့တွင် ကျင်းပ​ခဲ့​သော​စည်းဝေးကြီး​က ကျမ်းစာ​ကျောင်းသား​များ​ကို ဘုရားသခင့်​လုပ်ငန်း​လုပ်ဆောင်ရန် ခွန်အား​ရှိစေခဲ့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

“ကမ္ဘာသစ်​ဘာသာပြန် ခရစ်ယာန်​ဂရိ​ကျမ်းစာ” ကို ၁၉၅၀ ပြည့်နှစ်​တွင် ထုတ်ဝေ​လိုက်​ကြောင်း​အဲ​န်. အိပ်ခ်ျ. နောရ် ကြေညာ

[Picture Credit Line on page 26]

© 2003 BiblePlaces.com