မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘိုလီးဗီးယားရှိသီးခြားမြို့များ သတင်းကောင်းကြားကြရ

ဘိုလီးဗီးယားရှိသီးခြားမြို့များ သတင်းကောင်းကြားကြရ

ဘိုလီးဗီးယား​ရှိ​သီးခြား​မြို့များ သတင်းကောင်း​ကြားကြ​ရ

ကမ်း​စပ်​တွင် စုဝေး​နေသည့် ကျွန်ုပ်​တို့​အ​ယောက် ၂၀ ခန့်​သည် မြစ်​ညာ​ပိုင်း​ရှိ​ရွာများ​သို့ သွားရောက်​လည်ပတ်​မည့် တစ်ရက်​ခရီးစဉ်​အတွက် စိတ်စော​နေကြ​သည်။ အမေ​ဇုန်​မြစ်ဝှမ်း​၏ လွင်ပြင်ကျယ်​ကြီး​နှင့် ဘေ​နီ​မြစ်​တို့​ဆုံ​ရာ အင်ဒီးစ်​တောင်​ခြေ​တွင် ကျွန်ုပ်​တို့​ရောက်နေ​ကြသည်။ ယင်းသည် အလွန်​လှပသည့် နေရာတစ်ခု​ဖြစ်၏။

သို့သော် ကျွန်ုပ်​တို့သည် ကမ္ဘာ​လှည့်​ခရီးသည်​များ မဟုတ်​ကြ​ပါ။ ကျွန်ုပ်​တို့​ထဲ​မှ​အချို့​သည် ဒေသခံ​များ​ဖြစ်​ပြီး အတော်များများမှာ ရူး​ရာ​နာ​ဘာ​ကီး​မြို့လေး​တွင် နေထိုင်ရန် ဝေးလံ​သော​မြို့များ​မှ ရောက်လာ​ကြ​သူများ​ဖြစ်သည်။ ဤ​မြို့လေး​သည် ဖူး​ပွင့်​ဝေဆာ​နေသော​အပင်များ၊ သက်​ငယ်​မိုး​အိမ်များ၊ တစ်ခါတစ်ရံ​မှ​သာ အ​ငှား​မော်တော်​ဆိုင်ကယ်​သံ​ကြား​ရသည့် ဆိတ်ငြိမ်​ရပ်ကွက်​များ​ရှိသော လှပသည့်​မြို့လေး​တစ်မြို့​ဖြစ်၏။ ဤ​ခရီးစဉ်​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် စီစဉ်​ခဲ့​ကြ​သနည်း။

ဘိုလီးဗီးယား​နိုင်ငံ​ရှိ အခြား​ဒေသ​များစွာ​တွင်​လည်း ဤ​ခရီးစဉ်​မျိုး​ရှိ​နေပါ​သည်။ မြို့ကြီး​များနှင့် အခြား​နိုင်ငံ​များ​မှ ယေဟောဝါသက်သေ​များသည် မြို့ငယ်​လေး​များ​သို့ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို သယ်ဆောင်​သွား​ကြသည်။—မဿဲ ၂၄:၁၄

ဘိုလီးဗီးယား​နိုင်ငံ​သည် တောင်​အမေရိက​တိုက်​၏ အလယ်ဗဟို​တွင်​ရှိ၏။ ဤ​နိုင်ငံ​သည် ပြင်သစ်​နိုင်ငံ​ထက် နှစ်ဆ​ကြီး​သော်လည်း ပြင်သစ်​နိုင်ငံ​လူဦးရေ​၏ တစ်ဆယ်​ရာခိုင်နှုန်း​ခန့်​သာ​ရှိသည်။ ဘိုလီးဗီးယား​နိုင်ငံသား​အများစု​သည် အလွန်​မြင့်မားသော​နေရာများ​၌​ရှိသည့် မြို့ကြီး​များနှင့် သတ္တုတွင်း​မြို့များ​တွင် သို့​မဟုတ် စိုက်ပျိုးရေး​အတွက် အချက်အချာ​ကျ​သည့် ချိုင့်ဝှမ်း​ဒေသ​များ​တွင် နေထိုင်ကြ​သည်။ သို့သော် အပူပိုင်း​ဒေသ မြေ​နိမ့်​ပိုင်း​ရှိ​မြို့များ​သည် သစ်တော​ကြီး​များ​ကြောင့် သီးခြား​ဖြစ်နေ​၏။

၁၉၅၀၊ ၁၉၆၀ ပြည့်လွန်​နှစ်များ​တွင် ဘက်​တီ ဂျက်​ဆင်၊ အဲလ်​စီ မိုင်​ယန်​ဘာ့ဂျ်၊ ပယ်​မီ​လာ မို​ဇ​လီ နှင့် ရှား​လက် တော​မာ​ရှက်​ဖ်​စ​ကီး တို့​ကဲ့သို့ ရဲစွမ်းသတ္တိ​ရှိသော ခရစ်ယာန်​သာသနာပြု​ညီအစ်မ​များသည် သီးခြား​မြို့များ​စွာ​တွင် ဦးဆုံး​သွားရောက် အမှုဆောင်ခဲ့​ကြသည်။ သူတို့သည် စိတ်နှလုံး​ရိုး​ဖြောင့်​သူများကို ကျမ်းစာ​အမှန်တရား​သင်ပေး​ပြီး အသင်းတော်​ငယ်​များ​တည်ထောင်​ရန် ကူညီ​ပေး​ခဲ့​ကြသည်။ ၁၉၈၀၊ ၁၉၉၀ ပြည့်လွန်​နှစ်များ​တွင် ယေဟောဝါသက်သေ​အရေအတွက် ခြောက်​ဆ​တိုးလာ​ပြီး အဓိက​အားဖြင့် မြို့ကြီး​များ​တွင်​ဖြစ်သည်။ ယခု​ဆိုလျှင် မြို့ကြီး​များ​၏​ရပ်ကွက်​တိုင်း​တွင် အသင်းတော်များ​ရှိနေပြီ။ အထပ်​များစွာ​ပါ​သော ရုံး​အဆောက်အအုံ​များ၊ သားနား​သည့်​ဇိမ်​ခံ​အိမ်ကြီး​များ၊ စူပါ​မား​ကတ်​များ​ရှိသည့် ဖွံ့ဖြိုး​တိုးတက်သော​ဒေသ​များ​တွင် ထို​အသင်းတော်များ​ကို တွေ့​နိုင်​သည်။ သို့သော် နေ​လှန်း​အုတ်​ဖြင့်​ဆောက်​သည့်​တဲ​များ၊ လဟာပြင်​ဈေး​များ၊ ရောင်စုံ​တိုင်းရင်းသား​ဝတ်စုံ ဝတ်ဆင်​ကြ​သူများ​ရှိသည့် အစွန်အဖျား​ရပ်ကွက်​များ​တွင်​လည်း အသင်းတော်များ​ရှိသည်။ သို့​တိုင် သီးခြား​ဒေသ​များ​တွင်​နေထိုင်သူ​များစွာကို ယေဟောဝါ​အား​သိရှိ​လာရန် ကူညီ​ပေး​ဖို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

မြို့​နေ​ဘဝ၏​အဆင်ပြေမှု​ကို စွန့်လွှတ်​ခြင်း

လွန်ခဲ့သော အနှစ်​နှစ်​ဆယ်​အတွင်း ဘိုလီးဗီးယား​နိုင်ငံ​ရှိ သတ္တုတွင်း​မြို့များနှင့် ကျေးလက်​ဒေသ​မှ လူများစွာ​သည် မြို့ကြီး​များ​သို့  ပြောင်းရွှေ့​ခဲ့​ကြသည်။ ၎င်းနှင့်​ဆန့်ကျင်​၍ မြို့ကြီး​မှ ကျေးရွာ​သို့​ပြောင်းရွှေ့ခြင်း​သည် တစ်မူထူး​ခြား​၏။ ရွာများ​စွာ​သည် တယ်လီဖုန်း တစ်ခု​သာ​ရှိပြီး တစ်နေ့​လျှင် နာရီ​အနည်းငယ်​သာ လျှပ်စစ်မီး​ရရှိ​ကြသည်။ ထို​မြို့ငယ်​လေး​များ​တွင် နေထိုင်ကြ​သော သက်သေခံ​များသည် တစ်နှစ်​တစ်ကြိမ်​ကျင်းပ​သည့် စည်းဝေးကြီး​များ​၌​သာ ယုံကြည်သူချင်း​များနှင့် တွေ့ဆုံ​နိုင်​ကာ ထို​စည်းဝေးကြီး​များ​သို့​သွား​ရန်​မှာလည်း စရိတ်​စ​က​ကြီး​ပြီး အန္တရာယ်​ရှိသည့်​အပြင် အလွန်​ပင်ပန်း​သည်။ ကျေးရွာ​ရှိ​ကျောင်း​များ​တွင် အခြေခံ​ပညာရေး​ကို​သာ​ရရှိနိုင်၏။ သို့​ဖြစ်​လျှင် မြို့ကြီး​များ​မှ ကျေးရွာ​များ​သို့ ပြောင်းရွှေ့ရန် ယေဟောဝါသက်သေ​များစွာ​အား အဘယ်အရာက လှုံ့ဆော်ပေး​သနည်း။

မကြာသေးမီ​က လူး​အီး​စ် ဤသို့​ပြောပြ​ခဲ့​သည်– “လာ​ပါ​ဇ်​မြို့မှာ ကျွန်တော်​အလုပ်လုပ်ဖို့ အခွင့်အရေး​ရခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်​မိဘတွေက  တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်းဟာ နှစ်​လို့​ဖွယ်​အကောင်းဆုံး​လုပ်ငန်း​ဖြစ်တယ်​လို့ အမြဲ​ပြောပြ​ခဲ့​တယ်။ ဒါ​ကြောင့် ဆောက်လုပ်ရေး​နည်း​ပညာ​နဲ့​ပတ်သက်​တဲ့ သင်တန်း​တစ်ခု​ကို ကျွန်တော်​တက်​လိုက်တယ်။ အားလပ်ရက်​ခွင့်​နဲ့ ရူး​ရာ​နာ​ဘာ​ကီး​မြို့ကို​ရောက်နေ​ချိန်မှာ လူတွေဟာ သတင်းကောင်းကို နားထောင်ချင်​စိတ်​ရှိကြတာ ကျွန်တော်​သတိပြုမိ​ခဲ့​တယ်။ ညီအစ်ကို​တွေ နည်းနည်း​ပဲ​ရှိတာကို​တွေ့ရတဲ့​အခါ ဒီကို​လာပြီး အကူအညီ​ပေး​ချင်စိတ်​ပေါ်လာ​တယ်။ အခု​ဆိုရင် ကျွန်တော် အိမ်တွင်း​ကျမ်းစာ​သင်အံမှု ၁၂ ခု​ကျင်းပ​နေတယ်။ ဥပမာ​ပြော​ရ​ရင်၊ ကလေး,လေးယောက်​ရှိတဲ့ ငယ်ရွယ်သူ​အမျိုးသား​တစ်ဦး​နဲ့ သူ့​ဇနီး​ကို ကျမ်းစာ​သင်​နေတယ်။ အဲဒီ​သူဟာ အရက်​အလွန်အကျွံ​သောက်​ပြီး လောင်းကစား​တဲ့​အကျင့်​လည်း​ရှိတယ်။ ဒါပေမဲ့ အဲဒီ​အကျင့်တွေကို​စွန့်ပြီး သူသိ​ရှိလာတဲ့ ယေဟောဝါ​အကြောင်း မိတ်ဆွေတွေကို စ​ပြောပြ​နေပြီ။ သူဟာ သင်ခန်းစာ​ကို အမြဲ​ကြိုတင်​ပြင်ဆင်​တယ်။ တော​ထဲမှာ သုံး​လေး​ရက် သစ်​သွား​ခုတ်​ရတဲ့အခါ ခရစ်ယာန်​လုပ်ငန်းဆောင်တာ​တစ်ခု​ကို​မှ မပျက်ကွက်​ချင်​တဲ့​အတွက် သူ​စိတ်မကောင်း​ဖြစ်​ရတယ်။ ခရစ်ယာန်​အစည်းအဝေးတွေမှာ သူတို့​အားလုံး​ကို​တွေ့ရတဲ့​အခါ ဒီကို​လာပြီး ကိုယ်ကျိုး​စွန့်​အမှုဆောင်​ရတာ အကျိုးရှိ​တယ်လို့​ခံစား​ရတယ်။”

ဟွာ​နာ​သည် ကြင်ဖော်​မဲ့​မိဘ​တစ်ဦး​ဖြစ်၏။ သူ​ဤသို့​ပြောပြ​သည်– “လာ​ပါ​ဇ်​မြို့မှာ အိမ်အကူ​အလုပ်ကို ကျွန်မ​လုပ်ခဲ့တယ်။ ကျွန်မ​ရဲ့​သား ငယ်ငယ်​လေး​ကတည်းက ကျွန်မ​ဒီ​မြို့မှာ​နေပြီး အချိန်ပြည့်​ဓမ္မ​အမှုမှာ​ပါဝင်​ခဲ့​တယ်။ ရူး​ရာ​နာ​ဘာ​ကီး​မြို့ကို ကျွန်မ​အလည်သွား​တဲ့​အခါ ဒီကို​သာ​ပြောင်း​လာ​ရင် အများကြီး​အမှုဆောင်​နိုင်​မယ်​ဆိုတာ သိလိုက်​ရတယ်။ ဒါ​ကြောင့် ကျွန်မ​တို့​ပြောင်းရွှေ့​လာပြီး အိမ်အကူ​အလုပ်​လုပ်ခဲ့တယ်။ အစပိုင်း​မှာ​တော့ အပူဒဏ်​နဲ့ အင်းဆက်ပိုး​တွေ​ဒဏ်​ကို​ခံရ​တာ မလွယ်​ဘူး။ ဒါပေမဲ့ အခု​ဆိုရင် ကျွန်မ​တို့ ဒီမှာ​နေတာ ခုနစ်​နှစ်​ရှိပြီ။ အပတ်​တိုင်း ကျမ်းစာ​သင်အံမှု အများကြီး​ကျင်းပ​နိုင်တယ်။ သင်အံမှု​အများစုဟာ ကျေးဇူး​တင်​လေးမြတ်မှု​ကို အစည်းအဝေးတွေ​တက်​ခြင်း​အားဖြင့် ပြ​ကြတယ်။” ဟွာ​နာ​နှင့် သူ၏​သား​သည် မြစ်​ညာ​သို့ စက်လှေ​ဖြင့် သွားရောက်​ဟောပြောကြ​မည့် အုပ်စု​ထဲ​တွင်​ပါ​သည်။ သင့်ကိုလည်း အတူ​လိုက်​ဖို့ ဖိတ်ခေါ်ပါ​သည်။

မြစ်​ညာ​သို့​ခရီးဆန့်

တောင်​များ​ကြား​ရှိ လျှိုမြောင်​ကျဉ်း​ကျဉ်း​လေး​သို့ ကျွန်ုပ်​တို့​ဦးတည်​သွား​နေစဉ် ပဲ့ချိတ်​စက်သံ​မှာ ဟိန်း​နေသည်။ ကြက်တူရွေး​တစ်အုပ်​သည် ကျွန်ုပ်​တို့​ရောက်ရှိ​နေသည်​ကို စူးရှ​သော​အသံ​ဖြင့် အချက်ပေး​နေကြ​သည်။ စက်လှေ​သ​မား​သည် ရေး​စီး​ကြောင်းကို​ဖြတ်၍ ကျွမ်းကျင်​စွာ​မောင်းနှင်​နေစဉ် တောင်ပေါ်​မှ​စီး​လာ​သည့် နောက်ကျိ​နေသော​ရေ​များသည် ကျွန်ုပ်​တို့​အနား​တွင် ကြောက်စရာ​ကောင်းသော​ရေ​ဝဲ​ကို ဖြစ်စေ​သည်။ နံနက်​ကိုး​နာရီ​ခန့်​တွင် ရွာ​ငယ်​လေး​တစ်ရွာ​သို့ ရောက်သွား​သည်။ ထို​ရွာတွင် ရူး​ရာ​နာ​ဘာ​ကီး​အသင်းတော်​မှ အကြီးအကဲ​တစ်ဦး​နှင့်​တွေ့ဆုံ​ပြီး သူက ကျွန်ုပ်​တို့​ဟောပြော​ရမည့်​နေရာကို ပြောပြ​သည်။

ရွာသား​များသည် သစ်ပင်​ရိပ်​အောက်တွင်​ဖြစ်စေ၊ ဝါး​နှင့်​ဆောက်​ပြီး ဓနိ​မိုး​ထား​သည့် အိမ်ထဲ​တွင်​ဖြစ်စေ ကျွန်ုပ်​တို့ကို ဖော်ရွေ​ပျူ​ငှာ​စွာ​လက်ခံ​ကြသည်။ မကြာမီ ကျွန်ုပ်​တို့သည် သစ်သား​ဖြင့်​ပြုလုပ်​ထား​သည့် ဒေသ​သုံး ကြံရည်​ညှစ်​စက်​တစ်ခု​တွင် ကြံရည်​ညှစ်နေ​သော​လူငယ်​မောင်နှံ​နှင့် တွေ့ဆုံ​ရသည်။ ကြံရည်​သည် ကြေးနီ​ဖလား​ခွက်​ထဲ​သို့ စီးကျ​လာ​သည်။ နောက်ပိုင်း​တွင် သူတို့သည် ကြံရည်​ကို သကာ​ရည်​ဖြစ်သည်​အထိ​ကျို​ပြီး မြို့​တက်​ရော​င်း​ကြ​မည်​ဖြစ်သည်။ သူတို့သည် ကျွန်ုပ်​တို့ကို အိမ်ထဲ​ဖိတ်ခေါ်​ပြီး ကျမ်းစာ​အကြောင်း မေးခွန်း​များစွာ​မေး​ကြသည်။

ကျွန်ုပ်​တို့သည် မြစ်​ညာဘက် ခရီးဆက်​ပြီး တစ်ရွာ​ဝင်​တစ်ရွာ​ထွက် ဟောပြော​ကြသည်။ လူများစွာ​သည် ဖျားနာခြင်း​နှင့် သေခြင်းကို အဆုံးတိုင်​စေမည်​ဟူ​သည့် ကျမ်းစာ​ဖော်ပြချက်​ကို ကြား​ရသော​ကြောင့် ဝမ်းသာ​ကြသည်။ (ဟေရှာယ ၂၅:၈; ၃၃:၂၄) ဤ​နေရာတွင် ဆေးဝါး​ကုသမှု အလုံအလောက်​မရှိသည့်​အတွက် မိသားစု​အများစု​သည် သားသမီး​ဆုံးရှုံး​ရသည့် ဝမ်းနည်းစရာ​အဖြစ်ကို ကြုံတွေ့​ကြ​ရသည်။ လယ်သမားများ၊ တံငါသည်​များ​အနေ​ဖြင့် အသက်မွေး​ရသည့်​ဘဝ​သည် ပင်ပန်း​ပြီး ရေ​ရာ​မှုမရှိ​ချေ။ သို့​ဖြစ်၍ ဆင်းရဲ​နွမ်းပါး​မှု​ကို​ဖယ်ရှား​ပေး​မည့် ဘုရားသခင့်​အစိုးရ​နှင့်​ပတ်သက်​၍ ဆာလံ ၇၂ တွင် မှတ်တမ်း​တင်ထားသော ဘုရားသခင့်​ကတိတော်​ကို များစွာသော​သူတို့ အလွန်​စိတ်ဝင်စား​ကြသည်။ သို့သော် ထို​သီးခြား​ဒေသ​များ​တွင် နေထိုင်ကြ​သည့် စိတ်ဝင်စားသူ​များသည် ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ရန် ကြိုးစား​ကြ​မည်​ဟု သင်​ထင်​ပါသလော။ အမေ​ဇုန်​ချိုင့်ဝှမ်း​မှ ကား​ဖြင့် သုံးနာရီ​ကြာ​မောင်း​ရသော စဲန်​တာ ရို​စာ မြို့တွင် အချိန်ပြည့်​အမှုဆောင်​နေကြ​သည့် အဲရစ်​နှင့် ဗစ်ကီ ဇနီး​မောင်နှံ​တို့သည် ယင်းကို တွေးပူ​ခဲ့​ကြသည်။

စိတ်ဝင်စားသူ​များ လာရောက်​ကြ​ပါ​မည်​လော

အဲရစ် နှင့် ဗစ်ကီ တို့သည် လွန်ခဲ့သော ၁၂ နှစ်​က အမေရိကန်​ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား​ပြည်နယ်​မှ ဘိုလီးဗီးယား​သို့ ရောက်ရှိ​လာ​ခဲ့​ကြသည်။ နယ်လှည့်​ကြီးကြပ်မှူး​တစ်ဦး​က သူတို့အား စဲန်​တာ ရို​စာ မြို့​သို့​ပြောင်းရွှေ့​ရန် အကြံပြု​ခဲ့​သည်။ ဗစ်ကီ​က ဤသို့​ပြောပြ​၏– “တစ်မြို့လုံး​မှာ တယ်လီဖုန်း​နှစ်လုံး​ပဲ​ရှိပြီး အင်တာနက်​လည်း​မရှိဘူး။ တောရိုင်း​တိရစ္ဆာန်​တွေ​လည်း​ပေါ​တယ်။ မြို့အစွန်​အဖျား​နေရာတွေကို မော်တော်​ဆိုင်ကယ်​နဲ့​သွားတဲ့အခါ မိကျောင်း​တွေ၊ ငှက်​ကုလားအုတ်​တွေ၊ မြွေကြီး​တွေ​ကို မကြာခဏ​တွေ့ရတယ်။ ဒါပေမဲ့ တိရစ္ဆာန်​တွေ​ထက် ပို​ပြီး​စိတ်ဝင်စားစရာ​ကောင်း​တာ​က လူတွေပဲ။ ကလေးငယ်​လေးယောက်​ရှိတဲ့ ဗေကာ လူငယ်​မောင်နှံကို ကျွန်မ​တို့ ကျမ်းစာ​သင်ပေးတယ်။ မြို့​နဲ့ ၁၆ မိုင်​လောက်​အကွာမှာ သူတို့​နေကြ​တယ်။ ဖခင်​ဖြစ်သူက အရက်သမား​ဖြစ်​ပေမဲ့ အခုတော့ ပြောင်းလဲ​သွားပြီ။ သူ့​မိသားစု​တစ်စုလုံး​နဲ့ သူ့​ညီမ​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို အပတ်​တိုင်း​ခေါ်လာ​တယ်။ သူ့​ဇနီးနဲ့ နို့စို့​သမီးလေးကို သူ့ရဲ့​စက်ဘီး ပစ္စည်း​တင်တဲ့​ခုံ​ကြီး​ပေါ်မှာ တင်ပြီး​ခေါ်လာ​တယ်။ ကိုးနှစ်​အရွယ်​သား​ဖြစ်သူက သူ့ရဲ့​ညီမလေး​ကို စက်ဘီး​တစ်စီး​နဲ့​တင်ပြီး ရှစ်နှစ်​အရွယ်​သားက​တော့ သူ့ဘာသာ​သူ​စီး​တယ်။ ခန်းမ​ကို​ရောက်​ဖို့ သုံးနာရီ စက်ဘီး​နင်း​ရတယ်။” ဤ​မိသားစု​သည် ယေဟောဝါ​အား အမှန်ချစ်​မြတ်နိုး​ပြီး အသင်းတော်​နှင့်​ပေါင်းသင်း​ရန် အစွမ်းကုန်​ကြိုးစား​ကြသည်။

၁၈ လ​မျှ​အကြာတွင် စဲန်​တာ ရို​စာ မြို့၌ နှစ်ခြင်း​ခံရန် ၃ ဦး​အရည်အချင်း​ပြည့်မီ​လာပြီး ထို့​မြို့ရှိ နိုင်ငံတော်​ခန်းမ​အသစ်​တွင် ၂၅ ယောက်​ခန့် တက်ရောက်​လာ​ကြသည်။ လူ​အတော်များများ ကျမ်းစာ​သင်လို​ကြသော်လည်း ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​ရန် ကျော်လွှား​ရမည့် အလွန်​ခက်ခဲ​သော အတားအဆီး​များ​ရှိ​နေသည်။

တရားဝင်​လက်ထပ်​ရန် အခက်အခဲ

ဘိုလီးဗီးယား နှင့် ဘရာဇီး နယ်စပ်​အနီးရှိ သီးခြား​မြို့​တစ်မြို့​တွင် အမှုဆောင်​နေကြ​သော ခရစ်ယာန်​သာ​သာ​နာ​ပြု​မောင်နှံ မ​ရီး​နာ နှင့် အော်​စ​နီး တို့​က ဤ​ဒေသ​ရှိ များစွာသော​သူတို့သည် အိမ်ထောင်ရေး​ကို ထာဝရ​နှောင်ကြိုး​အဖြစ် မယူမှတ်​ကြ​ကြောင်း ရှင်းပြသည်။ သူတို့သည် လက်မ​ထပ်​ဘဲ​ပေါင်းသင်း​သည့် အိမ်ထောင်ဖက်​များစွာ​ရှိကြသည်။ “အဲဒါဟာ ဝိညာဉ်​ရေး​တိုးတက်မှု​ကို အတားအဆီး​ဖြစ်စေ​တဲ့ ပြဿနာ​တစ်ခု​ပဲ။ လူတွေဟာ စစ်မှန်​တဲ့​ခရစ်ယာန်​ဖြစ်ချင်​ပေမဲ့ တရားဝင်​လက်ထပ်​ဖို့​ဆိုတာ သူတို့​အတွက် ခက်ခဲ​ရှုပ်ထွေး​ပြီး အကုန်အကျ​များတဲ့​ကိစ္စ​ဖြစ်နေ​တယ်။ တချို့က အရင်​အိမ်ထောင်ဖက်​တွေ​နဲ့ ပြေလည်​အောင်​လုပ်ပြီး တရားဝင်​လက်ထပ်​ကြတယ်။ တချို့က​တော့ စည်းစနစ်တကျ လက်ထပ်​မှတ်ပုံတင်​တာ​ဟာ ကျမ်းစာ​တောင်းဆိုချက်​တစ်ခု​ဖြစ်တယ်​ဆိုတာ အသိအမှတ်​ပြုပြီး တရားဝင်​လက်ထပ်​ဖို့ ကုန်ကျ​စရိတ်​ရအောင် ပင်ပင်ပန်းပန်း​အလုပ်​လုပ်ကြတယ်” ဟု​အော်​စ​နီး က​ပြော​သည်။—ရောမ ၁၃:၁၊ ၂; ဟေဗြဲ ၁၃:၄

မ​ရီး​နာ​က နို​ဘာ​တို​၏ အဖြစ်အပျက်​ကို ဤသို့​ပြောပြ​သည်– “နို​ဘာ​တို ဟာ မုန့်​ဖုတ်​တဲ့​အမျိုးသမီးနဲ့ အတူ​မနေ​ခင် တခြား​မိန်းမ​အတော်များများ​နဲ့ အတူ​နေခဲ့​ဖူး​တယ်။ မုန့်ဖုတ်​တဲ့​အမျိုးသမီး​က သူ့​ထက် ၃၅ နှစ်လောက်​ငယ်​ပြီး သားတစ်ယောက်​ရှိတယ်။ အဲ့ဒီ​သားကို သူ​မွေးစား​ခဲ့​တယ်။ အဲ့ဒီ​ကလေး​ကြီးပြင်း​လာတဲ့​အတွက် နို​ဘာ​တို​က သူ့​အတွက် ပုံသက်သေ​ကောင်း​သူ​တစ်ဦး ဖြစ်ချင်​တယ်။ ဒါနဲ့ မုန့်ဖို​ကို သက်သေခံ​တစ်ဦး​ရောက်လာ​ပြီး အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု ကမ်း​လှမ်း​တဲ့​အခါ စာ​မဖတ်​တတ်​တဲ့​အပြင် အသက်​ခု​နစ်​ဆယ်​ကျော်​နေပြီ​ဖြစ်​ပေမဲ့ အဲဒီ​ကမ်းလှမ်းချက်​ကို နို​ဘာ​တို​လက်ခံခဲ့တယ်။ နို​ဘာ​တို​နဲ့ သူ့​ဇနီး​ဟာ ယေဟောဝါ​ရဲ့​တောင်းဆိုချက်​တွေ​ကို သိရှိလာတဲ့​အခါ တရားဝင်​လက်ထပ်​ပြီး နှစ်ခြင်း​ခံ​လိုက်တယ်။ သား​ဖြစ်သူ​မှာ သူ့​ပထွေး​မျှော်လင့်​ထား​တဲ့​အတိုင်း တာဝန်​သိတတ်တဲ့ ခရစ်ယာန်​လူငယ်​တစ်ဦး​ဖြစ်လာ​တယ်။ နို​ဘာ​တို​ဟာ စာဖတ်​တတ်​အောင် သင်ယူ​ခဲ့​တဲ့​အတွက် အသင်းတော်​အစည်းအဝေးတွေမှာ ဟောပြောချက်​တွေ​တောင် ပေး​နိုင်ပြီ။ သူ့​အသက်အရွယ်​ကြောင့် အတော်​အားနည်းနေ​ပေမဲ့ သူဟာ ထက်သန်​တဲ့ သတင်းကောင်း​ဟောပြောသူ​တစ်ယောက်​ဖြစ်တယ်။”

ယေဟောဝါ​၏​ဝိညာဉ်​တော်​ခံစားရ

ယေရှု​က မိမိ၏​အစောပိုင်း​နောက်လိုက်​များ​ကို ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်​တော်​ဆင်းသက်​သောအခါ သင်တို့သည် တန်ခိုး​ကို​ခံရ​၍ . . . မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်။” (တမန်​တော် ၁:၈) ဝေးလံ​သော​ဒေသ​များ​သို့ ပြောင်းရွှေ့​ရန် ခရစ်ယာန်​အမျိုးသား၊ အမျိုးသမီးများ​အား ဘုရားသခင့်​ဝိညာဉ်​တော် လှုံ့ဆော်ပေး​နေကြောင်း တွေ့ရ​ခြင်း​သည် အားရှိစရာ​ပင်! ဥပမာ၊ ၂၀၀၄ ခုနှစ်​တွင် ထက်သန်​သော​ခရစ်ယာန်​အ​ယောက် ၃၀ ခန့်​သည် အထူး​ရှေ့ဆောင်​များ​အဖြစ် သီးခြား​ရပ်ကွက်​များ​တွင် အမှုဆောင်ရန် ယာယီ​ခန့်အပ်​ချက်​များ​ကို လက်ခံခဲ့သည်။ ဤ​သူတို့သည် ရှေ့ဆောင်​များ၊ တိုက်နယ်​ကြီးကြပ်မှူး​များ၊ ဗေသလ​စေတနာ့​ဝန်ထမ်း​များ သို့​မဟုတ် ခရစ်ယာန်​သာသနာပြု​များ​အဖြစ်​အမှုဆောင်ရန် ဘိုလီးဗီးယား​သို့ ရောက်လာ​ကြ​သည့် နိုင်ငံခြားသား ၁၈၀ ခန့်​သော​သူတို့၏​စံနမူနာ​ကို လေးမြတ်​ကြ​၍​ဖြစ်သည်။ ဘိုလီးဗီးယား​ရှိ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၁၇,၀၀၀ တို့သည် စိတ်ဝင်စား​သူများ​နှင့် အိမ်တွင်း​ကျမ်းစာ​သင်အံမှု ၂၂,၀၀၀ ခန့်ကို ကျင်းပ​နေကြ​သည်။

သူတို့ကို ယေဟောဝါ​၏​ဝိညာဉ်​တော် ဦးဆောင်​နေကြောင်း တွေ့မြင်​ရခြင်း​က ထို​ညီအစ်ကို​အားလုံး​ကို များစွာ​ရွှင်လန်း​ဝမ်းမြောက်​စေ​သည်။ ဥပမာ၊ ရောဘတ်​နှင့် ကက်သီ​တို့သည် ကာ​မီ​ရီ မြို့တွင် ခရစ်ယာန်​သာသနာပြု​များ​အဖြစ် တာဝန်​ခန့်အပ်​ချက်​ကို လက်ခံခဲ့သည်။ မြစ်​ဘေး​ရှိ စိမ်းလန်း​စိုပြည်​ပြီး မြင့်​ချည်​နိမ့်​ချည်​ဖြစ်နေ​သော တောင်တန်း​များ​အလယ်တွင်​တည်ရှိ​သည့် ကာ​မီ​ရီ​မြို့​သည် အမြဲ​ပင် သီးခြား​မြို့​တစ်မြို့​ဖြစ်နေ​သည်။ ရောဘတ်​က ဤသို့​ပြောပြ​၏– “ကျွန်တော်​တို့​ရောက်လာ​တာ အချိန်ကိုက်​ဖြစ်နေ​ပုံ​ရတယ်။ နှစ်နှစ်​အတွင်းမှာ အ​ယောက် ၄၀ လောက်​ဟာ သတင်းကောင်း​ဟောတဲ့ ကြေညာသူ​တွေ​ဖြစ်လာ​တယ်။”

သောက်ကြူး​သည့် လောင်းကစားသမား​တစ်ဦး​သတင်းကောင်း​နားထောင်

ကျမ်းစာ​လေ့လာသူ​တို့၏ ပြောင်းလဲ​လာ​မှုများ​က မြို့သူ​မြို့သား​များစွာ​အတွက် စွဲမှတ်စရာ​ဖြစ်စေ​ခဲ့​သည်။ ဥပမာ၊ လွန်ခဲ့သော​လေးနှစ်​ခန့်​က နေ့​တစ်နေ့​တွင် အေ​ရီ​ယယ်​အမည်​ရှိ သောက်ကြူး​သူ​တစ်ဦး​သည် အရက်​နာ​ကျ​ပြီး အိပ်ရာ​ထဲ​တွင် လှဲ​နေသည်။ သူသည် လောင်းကစား​ကြောင့် လူသိ​များ​လာ​သော်လည်း အကြွေး​ထူ​လာ​ခြင်း၊ အိမ်ထောင်ရေး​အဆင်မပြေ​ခြင်း၊ သမီး​များ​အား လျစ်လျူရှု​ထားခြင်း​နှင့်​ပတ်သက်​၍​တွေးတော​ကာ စိတ်သောက​ရောက်နေ​သည်။ တစ်အိမ်​မှ​တစ်အိမ်​အမှုဆောင်​နေသော ယေဟောဝါသက်သေ​တစ်ဦး​ကြောင့် သူ၏​အတွေး​များ​ပြတ်​သွား​သည်။ ညီအစ်ကို​က ကျမ်းစာ​ဖြင့်​ရှင်းပြ​နေစဉ် အေ​ရီ​ယယ်​သည် အာရုံ​စူးစိုက်​နားထောင်​ခဲ့​သည်။ မကြာမီ အေ​ရီ​ယယ်​သည် အိပ်ရာ​တွင် ပြန်​လှဲ​နေ​ပြန်​သည်၊ ဤ​တစ်ကြိမ်​တွင်​မူ ပျော်ရွှင်သော​မိသားစု​ဘဝ၊ ပရဒိသု​နှင့် ဘုရားသခင့်​အမှုတော်​ဆောင်ခြင်း စ​သည့်​အကြောင်းအရာများ​ကို ဖတ်ရှု​ရန်ဖြစ်​သည်။ ကျမ်းစာ​သင်​ရန် နောက်ပိုင်း​တွင် သူ​သဘောတူခဲ့​သည်။

ခရစ်ယာန်​သာသနာပြု​များ ကာ​မီ​ရီ​မြို့​သို့​ရောက်လာချိန်​တွင် အေ​ရီ​ယယ်​၏​ဇနီး အာမင်ဒါ​သည် ကျမ်းစာ​လေ့လာ​ခဲ့​သော်လည်း စိတ်ဝင်စားမှု​သိပ်​မရှိခဲ့​ပေ။ အာမင်ဒါ​က ဤသို့​ပြောပြ​၏– “သူ အရက်​မ​သောက်​တော့​အောင် ကျွန်မ ဘယ်အရာ​ကို​မဆို ကြိုးစား​ကြည့်​မယ်။ ဒါပေမဲ့ အောင်မြင်​ပါ့​မလားလို့ သံသယ​ဖြစ်​မိတယ်။ သူ့​အခြေအနေ​က မျှော်လင့်ချက်မဲ့​နေတာကိုး။” သို့သော် ကျမ်းစာ​လေ့လာမှု​သည် သူ​မျှော်လင့်​ထား​သည်ထက် ပို​၍​စိတ်ဝင်စားစရာ​ဖြစ်လာ​သည်။ အာမင်ဒါ​သည် တစ်နှစ်​အတွင်း နှစ်ခြင်း​ခံ​ပြီး သူ၏​မိသားစုကို သက်သေခံ​ခဲ့​သည်။ မကြာမီ သူ၏​ဆွေမျိုး​အချို့​သည် သူတို့၏​အသက်တာကို ယေဟောဝါ​ထံ အပ်နှံ​ခဲ့​ကြသည်။

အေ​ရီ​ယယ်​အဖို့​မှာ​မူ အရက်၊ ဆေးလိပ်​နှင့် လောင်းကစား​တို့ကို​ဖြတ်​ရန်  အပြင်းအထန်​ကြိုးစား​ခဲ့​ရသည်။ ယေရှု၏​သေခြင်း အောက်မေ့ရာပွဲ​သို့ သူ၏​အပေါင်းအသင်း​အားလုံး​ကို ဖိတ်ခေါ်​ခဲ့​ချိန်​တွင်  အပြောင်းအလဲ​ဖြစ်​ခဲ့​သည်။ သူ​ဤသို့​ဆုံးဖြတ်​ခဲ့​သည်– “မလာ​တဲ့​သူတွေနဲ့  ငါ​ဆက်​မ​ပေါင်း​တော့​ဘူး။  လာတဲ့​သူတွေနဲ့ ငါ​ကျမ်းစာ​သင်​မယ်။”  သို့ဖြင့် ကျမ်းစာ​သင်အံမှု​သုံးခု ကျင်းပ​ခဲ့​ရသည်။ အေ​ရီ​ယယ်​သည် အသင်းတော်​သား​တစ်ဦး​မဖြစ်​လာ​မီ​ပင် ဆွေမျိုး​တစ်ဦး​ကို ကျမ်းစာ​သင်ပေးခဲ့​ပြီး ထို​သူ​မှာ တိုးတက်လာ​ကာ အေ​ရီ​ယယ်​နှင့်အတူ တစ်ရက်​တည်း​တွင် နှစ်ခြင်း​ခံ​ခဲ့​သည်။ အာမင်ဒါ​က “သူ​ပြောင်းလဲ​သွား​လိုက်တာ အေ​ရီ​ယယ်​မဟုတ်​တော့​တဲ့​အတိုင်းပဲ” ဟု​ပြော​သည်။

ရောဘတ်​က ဤသို့​ဖော်ပြ​သည်– “နောက်ဆုံး​တွက်ချက်မှု​အရ ဒီ​မိသားစု​ထဲ​က ၂၄ ယောက်ဟာ အစည်းအဝေးတွေကို ပုံမှန်​တက်​နေကြ​တယ်။ ဆယ်ယောက်​က နှစ်ခြင်း​ခံ​ပြီး​သူတွေ​ဖြစ်​ပြီး ရှစ်ယောက်​က နှစ်ခြင်း​မခံရ​သေး​တဲ့ ကြေညာသူ​တွေ​ဖြစ်တယ်။ သူတို့ရဲ့​အမူအကျင့်​ပြောင်းလဲ​လာတာကို သတိပြုမိ​ကြ​တဲ့ တချို့​သူတွေလည်း ကျမ်းစာ​စလေ့လာ​ပြီး အသင်းတော်​အစည်းအဝေးတွေကို တက်​နေကြပြီ။ တက်ရောက်သူ ၁၀၀ ကနေ ၁၉၀ အထိ တိုးတက်​လာတယ်။ ကက်သီ​နဲ့ ကျွန်တော်​ဟာ ကျမ်းစာ​သင်အံမှု ၃၀ လောက်​ကျင်းပ​နေပြီး သူတို့​အားလုံး အစည်းအဝေးတွေ တက်​ကြတယ်။ ကျွန်တော်​တို့ ဒီမှာ​ရှိနေ​ရတာ တကယ်​ပျော်​တယ်။”

ဘိုလီးဗီးယား​ရှိ သီးခြား​မြို့များ​တွင် ဖြစ်ပျက်​နေသော​အရာများ​သည် ‘သခင့်​နေ့​တော်’ အတွင်း ကြီးစွာ​သော​ဆင်းရဲခြင်း​ကို ကပ်ကျော်​မည့်​သူများ​အား စုသိမ်း​မည့်​အကြောင်း ဗျာ. ကျမ်း အခန်းကြီး ၇ တွင်​ကြိုဟော​ထားသော ကမ္ဘာချီ​စုသိမ်းခြင်း​၏ အစိတ်အပိုင်း​လေး​တစ်ခု​သာ​ဖြစ်သည်။ (ဗျာ. ၁:၁၀; ၇:၉-၁၄) လူမျိုးအပေါင်း​မှ သန်းနှင့်ချီ​သော​သူတို့သည် ယေဟောဝါ​ဘုရားသခင်​အား စည်းလုံးစွာ​ဝတ်ပြု​နေကြ​သည်​မှာ လူ့​သမိုင်း​တွင် တစ်ခါမျှ​မရှိခဲ့​ဖူး​ချေ။ ဘုရားသခင့်​ကတိတော်​များ မကြာမီ​ပြည့်စုံ​တော့​မည်​ဟူ​သည့် အားရှိစရာ​အထောက်အထား​ပင်​တည်း!

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဘက်​တီ​ဂျက်​ဆင်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အဲလ်​စီ​မိုင်​ယန်​ဘာ့ဂျ်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ပယ်​မီ​လာ​မို​ဇ​လီ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ရှား​လက်​တ်​တော​မာ​ရှက်​ဖ်​စ​ကီး၊ ယာ​စွန်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဗေကာ​မိသားစု​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ စက်ဘီး​ဖြင့် အပတ်​တိုင်း သုံးနာရီ​သွား​ရ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အဲရစ် နှင့် ဗစ်ကီ တို့သည် ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​သူများ သာ၍​လိုအပ်​သည့်​နေရာတွင် အမှုဆောင်ရန် ရောက်ရှိ​လာ

[[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဘေ​နီ​မြစ်​အနီးရှိ ရွာ​သူ​ရွာသား​များသည် သတင်းကောင်းကို အာရုံ​စူးစိုက်​နားထောင်​ကြ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ရောဘတ် နှင့် ကက်သီ တို့သည် ကာ​မီ​ရီ​မြို့တွင် ခရစ်ယာန်​သာသနာပြု​များ​အဖြစ် အမှုဆောင်​ကြ