မေရှိယကို ကျွန်ုပ်တို့လိုအပ်သလော
မေရှိယကို ကျွန်ုပ်တို့လိုအပ်သလော
“မေရှိယကို ကျွန်ုပ်တို့လိုအပ်သလော”ဟူသောမေးခွန်းကို သင်မေးကောင်းမေးပေမည်။ မှန်ပါသည်၊ မေရှိယသည် သင့်အပေါ် အမှန်တကယ်အကျိုးသက်ရောက်မှု ရှိ,မရှိ သိလိုခြင်းက ကျိုးကြောင်းဆီလျော်ပါသည်။
သင်လေးစားရသူအချို့၏ ယူဆချက်က ဤအဖြေသည် တိကျပြတ်သားကြောင်း သေချာစေပါလိမ့်မည်– မေရှိယကို လူတိုင်းလိုအပ်သကဲ့သို့ သင်လည်း အမှန်တကယ်လိုအပ်ပါသည်။ ပထမရာစုမှ ဂျူးပညတ်ကျွမ်းကျင်သူတစ်ဦးက မေရှိယအကြောင်း ဤသို့ရေးသားခဲ့သည်– ‘ဘုရားသခင်၏ ကတိတော်များသည် အဘယ်မျှလောက်များသော်လည်း ထိုအရှင်အားဖြင့် ဟုတ်မှန်၏ဟူ၍ ဖြစ်သတည်း။’ ထို့ကြောင့် သူက မြေကြီးပေါ်ရှိ လူမျိုးအပေါင်းကို ကောင်းချီးပေးရန်ဟူသော ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်တွင် မေရှိယ၏ အရေးပါသောကဏ္ဍကို အလေးပေးဖော်ပြခဲ့၏။ (၂ ကောရိန္သု ၁:၂၀၊ သမ္မာ) မေရှိယ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးရကား ကိုယ်တော်ရောက်ရှိခြင်းနှင့် မြေကြီးအသက်တာတို့သည် ကျမ်းစာပရောဖက်ပြုချက်၏ အဓိကအာရုံစိုက်ရာဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်က သန်းနှင့်ချီသောသူများ အသုံးပြုခဲ့သည့် လက်စွဲစာအုပ်တွင် ဟင်နရီ အိပ်ခ်ျ. ဟေလီ ကဤသို့ အခိုင်အမာဆိုခဲ့သည်– “ကြွလာမည့် မေရှိယကို မျှော်လင့်စေရန်၊ ကိုယ်တော်အတွက် လမ်းပြင်ဆင်ပေးရန် ဓမ္မဟောင်းကျမ်းကို ရေးသားခဲ့ခြင်းဖြစ်သည်။” သို့သော် ကိုယ်တော်ကြွလာရန် လိုသလော။ ယင်းကို သင်အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
“မေရှိယ” ၏အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ” ဖြစ်ပြီး အများသိအသုံးအနှုန်းဖြစ်သော “ခရစ်တော်” နှင့်တူညီသည်။ ၁၉၇၀ ပြည့်နှစ်ထုတ် ဗြိတဲန်နီကာစွယ်စုံကျမ်းတွင် “အမြင့်မြတ်ဆုံး ရွေးနုတ်ရှင်” အဖြစ် ရည်ညွှန်းထားသော ထိုအရှင်သည် ပထမလူသားမောင်နှံ အာဒံနှင့်ဧဝ၏ ရိုသေလေးစားမှုကင်းမဲ့သည့် လုပ်ရပ်များကြောင့် ကြွလာရသည်။ သူတို့သည် စုံလင်သူများအဖြစ် ဖန်ဆင်းခံရပြီး ပရဒိသုတွင် အဆုံးမဲ့အသက်တာရရန် အလားအလာရှိသော်လည်း ယင်းကို သူတို့လက်လွတ်ဆုံးရှုံးခဲ့ကြသည်။ ပုန်ကန်သည့်ကောင်းကင်တမန် စာတန်က သူတို့၏ ဖန်ဆင်းရှင်သည် တင်းကျပ်လွန်း၍ အမှားနှင့်အမှန်ကို မိမိတို့ဘာသာဆုံးဖြတ်လျှင် သာ၍ကောင်းမည်ဟု ပြောဆိုခဲ့သည်။—ကမ္ဘာဦး ၃:၁-၅။
ဧဝသည် လှည့်ဖြားခံခဲ့ရကာ ယင်းမုသားစကားကို ယုံကြည်ခဲ့၏။ အာဒံမှာမူ ဘုရားသခင်အပေါ် တည်ကြည်ခြင်းထက် သူ၏အဖော်ကို ပို၍အလေးအမြတ်ထားပုံရပြီး စာတန် လှုံ့ဆော်ပေးခဲ့သော ပုန်ကန်မှုတွင် ကြံရာပါဖြစ်လာခဲ့သည်။ (ကမ္ဘာဦး ၃:၆; ၁ တိမောသေ ၂:၁၄) သူတို့၏လုပ်ရပ်အားဖြင့် ပရဒိသုဝန်းကျင်တွင် အဆုံးမဲ့အသက်တာရရန် အလားအလာကို လက်လွတ်ဆုံးရှုံးခြင်းထက်မက အခြားဆိုးကျိုးများရရှိခဲ့ကြသည်။ သူတို့၏ မမွေးဖွားသေးသော သားစဉ်မြေးဆက်အား အပြစ်နှင့် ယင်း၏အကျိုးဆက်သေခြင်းကို အမွေပေးခဲ့ကြသည်။—ရောမ ၅:၁၂။
ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ယေဟောဝါသည် ထိုပုန်ကန်မှု၏ ဆိုးကျိုးများကို ပယ်ဖျက်ရန် ချက်ချင်းစီစဉ်တော်မူခဲ့သည်။ ယင်းအစီအစဉ်မှာ နောက်ပိုင်းတွင် မောရှေပညတ်၌ တရားဝင်မူဖြစ်လာမည့် ညီမျှသောအရာကိုပေးဆပ်ခြင်း ဖြစ်သည်။ ယင်းအားဖြင့် ကိုယ်တော်နှင့် ပြန်လည်မိတ်သဟာယဖွဲ့နိုင်ပေမည်။ (တရားဟောရာ ၁၉:၂၁; ၁ ယောဟန် ၃:၈) လူ့မိသားစုအတွက် ဖန်ဆင်းရှင် ရည်ရွယ်ခဲ့သည့်အတိုင်း ပရဒိသုကမ္ဘာမြေပေါ်တွင် အဆုံးမဲ့အသက်တာကို အာဒံနှင့်ဧဝတို့၏ သားစဉ်မြေးဆက် ရရှိနိုင်ရန် ယင်းတရားဝင်မူအတိုင်း လုပ်ဆောင်ရပေမည်။ ယင်းက ကျွန်ုပ်တို့အား မေရှိယထံသို့ ပို့ဆောင်ပေးသည်။
စာတန်ကို ပြစ်ဒဏ်ချမှတ်ချိန်၌ သမ္မာကျမ်းစာ၏ ဦးဆုံးပရောဖက်ပြုချက်တွင် ယေဟောဝါဘုရားသခင်က “သင်နှင့်မိန်းမကိုလည်းကောင်း သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။” (ကမ္ဘာဦး ၃:၁၅) ကျမ်းပညာရှင်တစ်ဦး ဤသို့မှတ်ချက်ချသည်– “သမ္မာကျမ်းစာတွင်ပါရှိသော မေရှိယနှင့်ဆိုင်သည့် ကတိတော်များသည် ဤမိန့်မြွက်ချက်ဖြင့် အစပြုသည်။” ကျမ်းပညာရှင်နောက်တစ်ဦးက မေရှိယသည် “ပထမလူသားမောင်နှံ၏ အပြစ်ကြောင့်ဖြစ်သော ဘေးဆိုးကိုပယ်ဖျက်ပေးပြီး” တစ်ချိန်တည်းတွင် လူသားများအတွက် ကောင်းချီးများဆောင်ကြဉ်းပေးမည့် ဘုရားသခင့်လက်ကိုင်တုတ်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။—ဟေဗြဲ ၂:၁၄၊ ၁၅။
သို့သော် လက်ရှိအခြေအနေတွင် လူသားများ ကောင်းချီးမခံစားရကြောင်း သင်သတိပြုမိပေမည်။ ယင်းအစား လူသားမျိုးနွယ်သည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေနှင့်ရင်ဆိုင်နေရ၏။ ထို့ကြောင့် ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ဆိုသည်– “ဂျူးများစွာသည် မေရှိယကြွလာခြင်းကို မျှော်လင့်နေကြဆဲ” ဖြစ်ပြီး ကိုယ်တော်သည် “မတရားမှုများကို ပပျောက်စေကာ လူတို့၏ရန်သူများကို အောင်နိုင်မည်။” သို့သော် သမ္မာကျမ်းစာက မေရှိယကြွလာခဲ့ပြီးပြီဖြစ်ကြောင်း ဖော်ပြသည်။ သမ္မာကျမ်းစာဖော်ပြရာကို ယုံကြည်ရန် အကြောင်းရှိသလော။ နောက်ဆောင်းပါးက အဖြေပေးပါလိမ့်မည်။