သမ္မာကျမ်းစာ ကျမ်းရင်းဝင်ဖြစ်ကြောင်း အစောပိုင်းအတည်ပြုချက်
သမ္မာကျမ်းစာ ကျမ်းရင်းဝင်ဖြစ်ကြောင်း အစောပိုင်းအတည်ပြုချက်
“စာကြောင်းတိုင်းသည် အစောပိုင်းခရစ်ယာန်သမိုင်းကို စိတ်ဝင်စားသူများအား စူးစမ်းလေ့လာလိုစိတ်ဖြစ်လာစေရန် အသေးစိတ်တိကျစွာ ရေးသားထားပုံရ၏။” ရှေးစာပေတစ်ခုနှင့်ပတ်သက်၍ ထိုသို့ဖော်ပြထားသည်။ မည်သည့်စာပေဖြစ်သည်ကို သင် ခန့်မှန်းနိုင်ပါသလော။
ယင်းသည် သင် ကြားဖူးကောင်းကြားဖူးမည့် သို့မဟုတ် ကြားဖူးချင်မှကြားဖူးမည့် မူရေတိုရီယန်ကျမ်းအပိုင်းအစဖြစ်၏။ မည်သို့ပင်ဖြစ်စေ၊ ‘အဘယ်အရာက မူရေတိုရီယန်ကျမ်းအပိုင်းအစကို အလွန်ထူးခြားစေသနည်း’ ဟူသည်ကို သင်သိလိုပေမည်။ ယင်းသည် ခရစ်ယာန်ဂရိကျမ်း၏ ရှေးအကျဆုံးကျမ်းရင်းဝင်ကျမ်းစောင် သို့မဟုတ် ယုံကြည်စိတ်ချရသော ကျမ်းစောင်များစာရင်းဖြစ်သည်။
သမ္မာကျမ်းစာတွင် ကျမ်းစောင်အချို့ပါဝင်မည်ဟု သင်ယူမှတ်ပေမည်။ သို့သော် မည်သည့်ကျမ်းစောင်များ ပါဝင်သင့်သည်နှင့်ပတ်သက်၍ အချို့သူတို့ အငြင်းပွားခဲ့ချိန်ရှိခဲ့ကြောင်း သင်သိရလျှင် အံ့သြပေမည်။ မူရေတိုရီယန်ကျမ်းအပိုင်းအစ သို့မဟုတ် ကျမ်းရင်းဝင်ကျမ်းစောင်တွင် မှုတ်သွင်းခံရသည်ဟု သတ်မှတ်ထားသောကျမ်းစောင်များ၏ စာရင်းတစ်ခုပါရှိသည်။ သင်သိထားသည့်အတိုင်း သမ္မာကျမ်းစာတွင်ပါရှိသည့် အကြောင်းအရာသည် အလွန်အရေးကြီး၏။ သို့ဖြစ်၍ ထိုစာပေသည် ခရစ်ယာန်ဂရိကျမ်းစာအဖြစ် ယခု ဖွဲ့စည်းထားသော ကျမ်းစောင်များနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။ ဦးဆုံး ထိုစာပေနှင့်ပတ်သက်၍ နောက်ခံအချို့ကို သုံးသပ်ကြည့်ပါ။
ယင်းကိုရှာဖွေတွေ့ရှိပုံ
မူရေတိုရီယန်ကျမ်းအပိုင်းအစသည် အလျား ၁၁ လက်မ၊ အနံ ၇ လက်မစီရှိသော သားရေစာရွက် ၇၆ ရွက်ပါရှိသည့် ရှေးလက်ရေးစာမူကျမ်းစာအုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ နာမည်ကျော် အီတလီလူမျိုး သမိုင်းပညာရှင်တစ်ဦးဖြစ်သည့် လူဒိုဗီကို အန်တိုနီယို မူရေတိုရီသည် အီတလီနိုင်ငံ၊ မီလန်မြို့ရှိ အမ်ဘရိုစီယန် စာကြည့်တိုက်တွင် ယင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ မူရေတိုရီက သူ၏ရှာဖွေတွေ့ရှိချက်ကို ၁၇၄၀ ပြည့်နှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ ယင်းသည် မူရေတိုရီယန်ကျမ်းအပိုင်းအစဟူ၍ အမည်တွင်လာသည်။ ဤရှေးလက်ရေးကျမ်းစာအုပ်ကို အီတလီမြောက်ပိုင်း ပီယာစန်ဇာမြို့အနီးရှိ ဘော့ဘီအိုခရစ်ယာန်ဘုန်းကြီးကျောင်းတွင် ရှစ်ရာစု၌ ထုတ်ဝေခဲ့ပုံရသည်။ ယင်းကို ၁၇ ရာစုအစပိုင်းတွင် အမ်ဘရိုစီယန်စာကြည့်တိုက်သို့ပြောင်းရွှေ့ခဲ့သည်။
မူရေတိုရီယန်ကျမ်းအပိုင်းအစတွင် ရှေးလက်ရေးကျမ်းစာအုပ်၏ စာရွက် ၁၀ နှင့် ၁၁ ပါ စာကြောင်းရေ ၈၅ ကြောင်းပါရှိသည်။ စာသားမှာ လက်တင်ဘာသာစကားဖြင့်ဖြစ်ပြီး စေ့စပ်မှုမရှိသောကျမ်းတတ်တစ်ဦးက ကူးယူခဲ့ခြင်းဖြစ်ပုံရသည်။ သို့သော် ၁၁ ရာစု နှင့် ၁၂ ရာစုနှစ်မှ လက်ရေးစာမူလေးခုတွင်ပါသည့် ထိုကျမ်းစာသားကိုပင် ၎င်းနှင့်နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သူ၏အမှားတချို့ကို တွေ့ရှိခဲ့ရပြီ။
အဘယ်အချိန်က ရေးသားခဲ့သနည်း
သို့ဖြစ်လျှင် မူရေတိုရီယန်ကျမ်းအပိုင်းအစတွင်ပါရှိသော အချက်အလက်များကို အဘယ်အချိန်က စတင်ရေးသားခဲ့ကြောင်း သင်သိလိုပေမည်။ ကျမ်းအပိုင်းအစ၏ စာသားမူရင်းကို ဂရိမှ လက်တင်သို့ ဘာသာမပြန်မီ ရာစုနှစ်များစွာကတည်းက ဂရိစကားဖြင့် ရေးခဲ့ပုံရသည်။ ယင်းသည် မူရင်းစာကို ရက်စွဲတပ်ရာတွင် အထောက်အကူပြုသည့် သဲလွန်စတစ်ခုဖြစ်သည်။ ဤကျမ်းအပိုင်းအစတွင် သမ္မာကျမ်းစာအဝင်မဟုတ်သော သိုးထိန်းကျမ်းစောင်အကြောင်းနှင့် ဟာမန်အမည်ရှိသူတစ်ဦးသည် “ကျွန်ုပ်တို့ခေတ်အတွင်း မကြာသေးမီအချိန်က ရောမမြို့တွင်” ယင်းကျမ်းကို ရေးသားခဲ့ကြောင်း ဖော်ပြထားသည်။ ကျမ်းပညာရှင်များက ဟာမန်၏ သိုးထိန်းကျမ်းစောင်သည် အေဒီ ၁၄၀ နှင့် ၁၅၅ အကြားတွင် ရေးသားပြီးစီးခဲ့သည်ဟု ရက်စွဲတပ်ကြသည်။ သို့ဖြစ်၍ လက်တင် မူရေတိုရီယန်ကျမ်းအပိုင်းအစ၏ မူရင်းဂရိ ကျမ်းစာသားသည် အေဒီ ၁၇၀ နှင့် ၂၀၀ အတွင်းမှဖြစ်သည်ဟု အဘယ်ကြောင့် ရက်စွဲတပ်ကြောင်း သိမြင်နိုင်သည်။
ရောမမြို့နှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရည်ညွှန်းထားချက်များက ယင်းကျမ်းအပိုင်းအစကို ရောမမြို့တွင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သို့သော် ရေးသားသူနှင့်ပတ်သက်၍ အငြင်းပွားစရာဖြစ်နေသည်။ အလက်ဇန္ဒြီးယားမြို့သား ကလီးမင့်၊ သာဒိမြို့သား မယ်လတို၊ ဧဖက်မြို့သား ပလစ်ခရတိစ် ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ကျမ်းပညာရှင်အများစုက မူရေတိုရီယန်ကျမ်းအပိုင်းအစတွင် ပါရှိရာများကို ရေးသားခဲ့ဖွယ်ရှိသည့်အချိန်အတွင်း ရောမတွင်နေထိုင်ကာ ဂရိစကားဖြင့်ရေးသားခဲ့သူမှာ ဉာဏ်ရွှင်သောစာရေးဆရာ ဟစ်ပိုလီတပ်စ်ဖြစ်သည်ဟု ထောက်ပြကြသည်။ သင်သည် အနည်းအကျဉ်းသာ စိတ်ဝင်စားမည်ဖြစ်သော်လည်း ယင်းတွင်ပါရှိသည့် အလွန်တန်ဖိုးရှိသောအချက်များကို ပို၍သိရှိလိုပေမည်။
ယင်းတွင်ပါရှိသော အချက်အလက်များ
ယင်းတွင်ပါရှိသောစာသားသည် ခရစ်ယာန်ဂရိကျမ်းစောင်များ၏ စာရင်းတစ်ခုမျှသာမဟုတ်ပါ။ ကျမ်းစောင်များအကြောင်းနှင့် ယင်းကိုရေးသားသူများအကြောင်းကိုလည်း ဖော်ပြထားသည်။ ယင်းတွင်ပါသောစာသားကိုဖတ်လျှင် ပထမပိုင်းစာကြောင်းများပျောက်နေပြီး တစ်ပိုင်းတစ်စနှင့် အဆုံးသတ်ထားပုံရသည်ကို တွေ့ရလိမ့်မည်။ လုကာခရစ်ဝင်ကျမ်းအကြောင်းဖြင့်စပြီး ယင်းကျမ်းစောင်ကိုရေးသူမှာ ဆရာဝန်တစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။ (ကောလောသဲ ၄:၁၄) လုကာကျမ်းသည် တတိယမြောက်ခရစ်ဝင်ကျမ်းဖြစ်သည်ဟု ဆိုထားခြင်းကြောင့် ပျောက်နေသောအစပိုင်းတွင် မဿဲနှင့် မာကုခရစ်ဝင်ကျမ်းများအကြောင်း ဖော်ပြခဲ့ခြင်းဖြစ်မည်ကို သိမြင်နိုင်သည်။ ထိုသို့သင်ကောက်ချက်ချမည်ဆိုလျှင် စတုတ္ထမြောက် ခရစ်ဝင်ကျမ်းသည် ယောဟန်ကျမ်းဖြစ်သည်ဟု ဆိုထားသော မူရေတိုရီယန်ကျမ်းအပိုင်းအစကို ထောက်ခံရာရောက်မည်။
ယင်းကျမ်းအပိုင်းအစက တမန်တော်ကျမ်းကို “အလွန်မြတ်သော သော်ဖိလု” အတွက် လုကာရေးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုထားသည်။ (လုကာ ၁:၄; တမန်တော် ၁:၁) ထို့နောက် ကောရိန္သု (နှစ်စောင်)၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲ၊ ဂလာတိ၊ သက်သာလောနိတ် (နှစ်စောင်)၊ ရောမ၊ ဖိလေမုန်၊ တိတုနှင့် တိမောသေ (နှစ်စောင်) တို့ထံသို့ရေးခဲ့သော တမန်တော်ပေါလု၏စာများ စာရင်းကို ဖော်ပြထားသည်။ ယုဒ၏စာနှင့် ယောဟန်၏စာနှစ်စောင်ကိုလည်း မှုတ်သွင်းခံကျမ်းများအဖြစ် ဖော်ပြထားသည်။ တမန်တော်ယောဟန်၏ ပထမစာကို သူ၏ခရစ်ဝင်ကျမ်းနှင့်အတူ ပူးတွဲဖော်ပြထားသည်။ မှုတ်သွင်းခံအဖြစ်သတ်မှတ်သော ကျမ်းစောင်များစာရင်း၏အဆုံးတွင် အပေါကလစ် သို့မဟုတ် ဗျာ.ကျမ်းကို ဖော်ပြထားသည်။
ထိုကျမ်းအပိုင်းအစတွင် ပေတရု၏အပေါကလစ်ကျမ်းအကြောင်း ဖော်ပြထားသော်လည်း အချို့သူများက ယင်းကျမ်းကို ခရစ်ယာန်များမဖတ်သင့်ဟု ယူဆကြောင်း ဖော်ပြထားခြင်းမှာ ထူးခြားသည်။ စာရေးသူက သူ၏ခေတ်တွင် ကျမ်းတုများ ပျံ့နှံ့နေပြီဖြစ်ကြောင်း သတိပေးထားသည်။ “သည်းခြေရည်နှင့် ပျားရည်ရောခြင်းသည် မသင့်လျော်သကဲ့သို့” ယင်းကျမ်းတုများကို လက်မခံသင့်ကြောင်း မူရေတိုရီယန်ကျမ်းအပိုင်းအစတွင် ရှင်းပြထားသည်။ ထို့ပြင် သန့်ရှင်းသောကျမ်းစောင်အဝင်မဟုတ်သည့် အခြားကျမ်းစာသားများကိုလည်း ဖော်ပြထားသည်။ ယင်းကျမ်းများသည် ဟာမန်၏ သိုးထိန်းကျမ်းစောင်ကဲ့သို့ တမန်တော်များခေတ်နောက်ပိုင်းမှသာ ရေးသားခဲ့ခြင်းဖြစ်နိုင်သည်၊ သို့မဟုတ် မှားယွင်းသောအယူအဆများကို ထောက်ခံရန် ရေးသားခဲ့ခြင်းဖြစ်နိုင်သည်။
အထက်ပါဖော်ပြချက်များအရ ဟေဗြဲကျမ်း၊ ပေတရု၏ကျမ်းနှစ်စောင်နှင့် ယာကုပ်ကျမ်းတို့ကို စစ်မှန်သောကျမ်းစောင်များစာရင်းတွင် မဖော်ပြထားသည်ကို သင်သတိပြုမိပေမည်။ သို့သော် လက်ရေးစာမူကို ကူးယူခဲ့သော ကျမ်းတတ်၏ လက်ရာကိုသတိထားမိကာ ဒေါက်တာ ဂျက်ဖရီ မာ့ခ် ဟာနမန်က ဤသို့ဖော်ပြသည်– “ယင်းအပိုင်းအစ၌ ပျက်စီးသွားပြီဖြစ်သည့် အခြားကိုးကားချက်များပါနိုင်ပြီး ယင်းတို့မှာ ယာကုပ်ကျမ်း၊ ဟေဗြဲကျမ်း (နှင့် ၁ ပေတရုကျမ်း) တို့ဖြစ်နိုင်သည်ဟု ယူမှတ်ခြင်းသည် ကျိုးကြောင်းညီညွတ်ပါသည်။”—မူရေတိုရီယန်ကျမ်းအပိုင်းအစနှင့် ကျမ်းရင်းဝင်ကျမ်းစောင်များ ဖြစ်ပေါ်လာပုံ။
သို့ဖြစ်၍ ခရစ်ယာန်ဂရိကျမ်းတွင် ယခုတွေ့ရသော ကျမ်းစောင်အများစုကို ကျမ်းရင်းဝင်ကျမ်းစောင်များအဖြစ် အေဒီ ဒုတိယရာစုကတည်းက သတ်မှတ်ထားပြီဖြစ်ကြောင်း မူရေတိုရီယန်ကျမ်းအပိုင်းအစက အတည်ပြုထောက်ခံသည်။ အမှန်မှာ သမ္မာကျမ်းစာပါ ကျမ်းစောင်များ၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှု၊ တစ်နည်းအားဖြင့် ဘုရားသခင်နှင့်ဆိုင်သောစာကြည့်တိုက်ဖြစ်သည့် ကျမ်းစာအုပ်တွင် ပါဝင်ခွင့်ရခြင်းသည် ရှေးကျသောစာရင်းတစ်ခုတွင် ဖော်ပြခံရခြင်းအပေါ် မူမတည်ချေ။ ကျမ်းစာစောင်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရာများဖြစ်ကြောင်း ယင်းတွင်ပါရှိသောအရာများက သက်သေထူ၏။ ယင်းကျမ်းစောင်အားလုံးက အာဘော်ရှင်မှာ ယေဟောဝါဘုရားသခင်ဖြစ်ကြောင်း ထောက်ခံကာ အားလုံး သဟဇာတဖြစ်ကြသည်။ ကျမ်းရင်းဝင်ကျမ်းစောင် ၆၆ စောင်၏သဟဇာတဖြစ်မှုနှင့် မျှတမှုတို့က ကျမ်းစာ၏ ဖွဲ့စည်းမှုနှင့် ပြီးပြည့်စုံမှုတို့ကို သက်သေထူသည်။ သို့ဖြစ်၍ ယင်းတို့ကို ကျွန်ုပ်တို့အချိန်အထိ ထိန်းသိမ်းထားသည့် ယေဟောဝါ၏ မှုတ်သွင်းခံ အမှန်တရားစကားအဖြစ် သင် လက်ခံမည်ဆိုလျှင် အကျိုးကျေးဇူးခံစားရပါလိမ့်မည်။ —၁ သက်သာလောနိတ် ၂:၁၃; ၂ တိမောသေ ၃:၁၆၊ ၁၇။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
လူဒိုဗီကို အန်တိုနီယို မူရေတိုရီ
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
အမ်ဘရိုစီယန်စာကြည့်တိုက်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
မူရေတိုရီယန်ကျမ်းအပိုင်းအစ
[Credit Line]
Diritti Biblioteca Ambrosiana. Vietata la riproduzione. Aut. No. F 157/05
[Picture Credit Lines on page 13]
Fragments: Diritti Biblioteca Ambrosiana. Vietata la riproduzione. Aut. No. F 157 / 05; Muratori, based on line art: © 2005 Brown Brothers