မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်စစ်များကား မည်သူတို့နည်း

ခရစ်ယာန်စစ်များကား မည်သူတို့နည်း

ခရစ်ယာန်စစ်​များ​ကား မည်သူ​တို့နည်း

“ယေရှု​ခရစ်​နှင့်​ပတ်သက်သော​အသိပညာ​အတိုင်း သွန်သင်​ကျင့်သုံး​မှ​သာ ခရစ်ယာန်​ဘာသာ​မည်​၏။” (ခရစ်ယာန်​တစ်ဦး​ဖြစ်​ခြင်း​စာအုပ်) အဆိုပါ​စကား​များ​ဖြင့် ဆွစ်ဇလန်​ဓမ္မ​ပညာရှင် ဟန်​စ်​ခွန်ဂ်​သည် သိသာ​ထင်ရှားသော ဤ​အမှန်တရားကို ဖော်ပြ​နေသည်– ယေရှု၏​သွန်သင်ချက်​များ​ကို လက်တွေ့​ကျင့်သုံး​သည့် စိတ်ရင်းမှန်​သူများ​တွင်​သာ စစ်မှန်သော​ခရစ်ယာန်​ဘာသာ ရှိသည်။

သို့​ဆိုလျှင် တစ်ဦးချင်း​စီ​ဖြစ်စေ၊ အသင်းအဖွဲ့​လိုက်​ဖြစ်စေ ခရစ်တော်​၏​နောက်လိုက်​ပါ​ဟု​ဆို​သော်လည်း အမှန်​အားဖြင့် ယေရှု၏​သွန်သင်ချက်​အတိုင်း မ​ကျင့်သုံး​လျှင်​ကော။ ခရစ်ယာန်​ဖြစ်သည်ဟု လူများစွာ ဆို​ကြလိမ့်မည်​ဟူ၍ ယေရှု​ကိုယ်တိုင် မိ​န့်ဆို​ခဲ့​သည်။ “အကျွန်ုပ်​တို့သည် ကိုယ်တော်​အခွင့်​နှင့် နတ်ဆိုး​တို့ကို နှင်ထုတ်​ပါ​ပြီ​မဟုတ်လော။ ကိုယ်တော်​အခွင့်​နှင့် များစွာသော​တန်ခိုး​တို့ကို​ပြ​ပါ​ပြီ မဟုတ်လော” ဟု​ဆို​ကာ ကိုယ်တော်​အတွက် သူတို့​ပြုသော​အမှု​အမျိုးမျိုးကို သက်သေ​အဖြစ် ဖော်ပြ​ကြ​ပေ​လိမ့်​မည်။ ထို​အခါ ယေရှု မည်သို့​တုံ့ပြန်​မည်​နည်း။ ‘သင်တို့ကို ငါ​အလျှင်း​မသိ။ မကောင်းမှုကို​ပြုသော​သူတို့ ငါ့​ထံ​မှ​ဖယ်​ကြ’ ဟူ​သည့် ကိုယ်တော်​၏​ထူးခြားသည့်​စကား​များ​က သူတို့ကို ကိုယ်တော်​မည်သို့​ယူမှတ်​ကြောင်း ဖော်ပြ​သည်။—မဿဲ ၇:၂၂၊ ၂၃

ယေရှု​နောက်လိုက်​သည်​ဟု​ဆို​ကြသော ‘မကောင်းမှုကို​ပြုသော​သူတို့’ အတွက် အလွန်​ပြင်းထန်​သည့် သတိပေး​ချက်​တစ်ရပ်​ပင်။ မကောင်းမှုကို​ပြုသော​သူတို့​ဟု ငြင်းပယ်​လိုက်​မည့်​အစား ခရစ်ယာန်စစ်​များ​အဖြစ် ယေရှု​အသိအမှတ်ပြု​နိုင်​ရန် ကိုယ်တော်​သတ်မှတ်​သည့် အခြေခံ​လိုအပ်ချက်​နှစ်ခု​ကို သုံးသပ်ကြည့်​ပါ။

‘သင်တို့​အချင်းချင်းချစ်​ကြ​လျှင်’

ယေရှု​သတ်မှတ်​သည့် ပထမ​လိုအပ်ချက်​မှာ ဤသို့ဖြစ်၏– “သင်တို့သည် အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ချစ်​ကြလော့။ ငါသည် သင်တို့ကို​ချစ်​သည်​နည်းတူ အချင်းချင်းချစ်​ကြလော့​ဟု ပညတ်သစ်​ကို​ငါ​ပေး​၏။ သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင် လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်​ဟု မိန့်တော်မူ၏။”—ယောဟန် ၁၃:၃၄၊ ၃၅

ယေရှု​က မိမိ​နောက်လိုက်​များ​အား အချင်းချင်း​နှင့် အခြား​သူများကို  အမှန်တကယ်​ချစ်​မြတ်နိုး​စေ​လို​၏။ ကမ္ဘာ​ပေါ် ယေရှု သက်​တော်​ထင်ရှား​ခဲ့​ချိန်​မှ​စ၍ ရာစုနှစ်များ​တစ်လျှောက် ခရစ်ယာန်​တချို့​သည် ကိုယ်တော်​ပြု​စေ​လို​သည့်​အတိုင်း ပြုမူ​ခဲ့​ကြသည်။ သို့သော် ခရစ်တော်​ကို​ကိုယ်စား​ပြု​သည်​ဟု​ဆို​သော ဘာသာရေး​အဖွဲ့အစည်း​အများစု​ကော မည်သို့​နည်း။ သူတို့၏​သမိုင်းကြောင်း​တွင် ချစ်ခြင်း​မေတ္တာ​ထင်ရှား​ပါသလော။ ဝေးလေစွ။ ယင်းအစား သူတို့သည် အပြစ်မဲ့​သူများကို သေဆုံး​စေသည့် မရေမတွက်​နိုင်သော​စစ်ပွဲ​များနှင့် ပဋိပက္ခ​များ​တွင် ရှေ့တန်း​မှ​ဦးဆောင်​ပါဝင်​ခဲ့​ကြသည်။—ဗျာ. ၁၈:၂၄

မျက်မှောက်ခေတ်​အထိ ထို​အတိုင်း​ပင်​ဖြစ်နေ​သည်။ ခရစ်ယာန်​အမည်ခံ​နိုင်ငံ​များသည် ၂၀ ရာစု​တွင် အသေအပျောက်​များ​လှ​သည့် ကမ္ဘာ​စစ်​ကြီး​နှစ်ခု​ကို ဦးစီး​၍​တိုက်ခိုက်​ခဲ့​ကြသည်။ မကြာသေးမီ​က​လည်း ခရစ်ယာန်​အမည်ခံ​အသင်းသားများ​သည် ၁၉၉၄ ခုနှစ်​တွင် ရဝမ်ဒါ​နိုင်ငံ​၌ ရက်စက်​ကြမ်းကြုတ်​သော ယုတ်မာ​မှုများ​နှင့် မျိုး​ဖြုတ်​သတ်ဖြတ်မှု​တွင် ရှေ့တန်း​မှ​ပါဝင်​ခဲ့​ကြသည်။ “ဤ​သွေးထွက်သံယို​နည်းဖြင့် အချင်းချင်း​တိုက်ခိုက်သူ​များသည် ဘာသာတူ​သူများ​ဖြစ်​ကြ​ပြီး အများစုမှာ ခရစ်ယာန်​များ​ဖြစ်​ကြ​၏” ဟု​အင်္ဂလီကန်​ဂိုဏ်းချုပ်​ဟောင်း ဒက်​စ​မ​န်​တူး​တူး​က ရေးသားခဲ့​သည်။

‘ငါ့​တရား၌​တည်​နေလျှင်’

စစ်မှန်သော​ခရစ်ယာန်​ဘာသာ​၏ ဒုတိယ​အခြေခံ​လိုအပ်ချက်​ကို ယေရှု​ဤသို့​ဖော်ပြ​ခဲ့​၏– ‘သင်တို့သည် ငါ​၏​တရား၌​တည်​လျှင်  ငါ​တပည့်​အမှန်​ဖြစ်​ကြ​၏။ သမ္မာတရား​ကိုလည်း​သိ​ကြ​သဖြင့် ထို​တရားသည် သင်တို့ကို​လွှတ်​လိမ့်​မည်။’—ယောဟန် ၈:၃၁၊ ၃၂

ယေရှု၏​နောက်လိုက်​များသည် ကိုယ်တော့်​သွန်သင်ချက်​များ​ကို လိုက်နာခြင်း​ဖြင့် ကိုယ်တော်​၏​တရား၌​တည်​နေ​သူများ ဖြစ်​ကြ​ရမည်။ ယင်းအစား ခရစ်တော်​၏​နောက်လိုက်​ဟု​ဆို​ကြသော ခရစ်ယာန်​ဘာသာရေး​ခေါင်းဆောင်​တို့သည် “ဂရိ​အယူအဆ​များ​ကို တိုး၍​လက်ခံ​လာ​နေကြ​သည်” ဟု​ဓမ္မ​ပညာရှင် ခွန်ဂ်​က ဖော်ပြ​၏။ သူတို့သည် ယေရှု၏​သွင်​သင်​ချက်​များ​အစား ဝိညာဉ်​မသေနိုင်၊ ငရဲကလေး၊ မာရိ​ဝတ်ပြုရေး​နှင့် ဓမ္မ​ဆရာ​အတန်းအစား​ကဲ့သို့​သော အယူမှား​ဘာသာ​နှင့်​အတွေးအခေါ်​ပညာရှင်​များ​ထံ​မှ အယူအဆ​များ​ကို သွန်သင်​ကြသည်။—၁ ကောရိန္သု ၁:၁၉-၂၁; ၃:၁၈-၂၀

ခရစ်ယာန်​ဘာသာရေး​ခေါင်းဆောင်​များသည် နားလည်​ရန်​ခက်ခဲ​သော သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒ​ကို သွန်သင်ခြင်း​ဖြင့် ယေရှု​ကိုယ်တော်တိုင် တစ်ခါမျှ​လက်မခံခဲ့​သည့်​ရာထူး​သို့ ကိုယ်တော်​အား တင်မြှောက်​ခဲ့​ကြသည်။ သို့​ပြုခြင်း​ဖြင့် ယေရှု အမြဲ​အာရုံ​စူးစိုက်​စေသည့် ခမည်းတော်​ယေဟောဝါ​အား ဝတ်ပြုခြင်း​မှ လူ​တို့ကို သွေဖည်​သွား​စေ​ခဲ့​ကြသည်။ (မဿဲ ၅:၁၆; ၆:၉; ယောဟန် ၁၄:၂၈; ၂၀:၁၇) “ယေရှုသည် ဘုရားသခင်​အကြောင်း​ပြော​သည့်​အခါ ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့​၏​ဘုရားသခင် ယာ​ဝေး​ကို ဆိုလို​နေခြင်း​ဖြစ်၏။ . . . ထို​အရှင်သခင်​သည် ကိုယ်တော့်​အတွက် တစ်ပါး​တည်း​သော​ဘုရားသခင်​ဖြစ်​တော်​မူ​၏” ဟု​ဟန်​စ်​ခွန်ဂ်​က​ဆို​သည်။ ယေရှု၏​ဘုရားသခင်၊ ခမည်းတော်​ဟု​ဆို​လိုက်​သည်​နှင့် ယာ​ဝေး သို့​မဟုတ် မြန်မာ​အသံထွက် ယေဟောဝါ​ဟူ၍​နာမတော်​ရှိသော ဘုရားသခင်​အား ဆိုလို​ကြောင်း ယနေ့ အသိအမှတ်​ပြုသူ မည်မျှ​ရှိ​သနည်း။

နိုင်ငံရေး​တွင် ကြားနေ​ရမည်​ဟူသော ယေရှု၏​ပညတ်ချက်​ကို ခရစ်ယာန်​ဘာသာရေး​ခေါင်းဆောင်​များ လုံးဝ​မလိုက်နာ​ခဲ့​ကြ​ချေ။ ယေရှု​ခေတ်​က ဂါလိလဲ​ပြည်​သည် “မျိုးချစ်စိတ်​ပြင်းထန်သော​ပြည်​ဖြစ်​ခဲ့​သည်” ဟု​စာရေး​ဆရာ ထ​ရေ​ဗာ​မဲ​ရိုး​က ရေးသားခဲ့​၏။ ဂျူး​မျိုးချစ်​သမားများ​စွာ​သည် နိုင်ငံရေး​နှင့်​ဘာသာရေး​တွင် လွတ်လပ်ရေး​ရ​ရန် လက်နက်ကိုင်​တိုက်ခိုက်​ခဲ့​ကြသည်။ ယေရှု​က ထိုသို့​သော​တိုက်ခိုက်မှု​များ​တွင်​ပါဝင်​ရန် တပည့်​များ​ကို မိန့်မှာ​ခဲ့​ပါသလော။ မ​မိန့်မှာ​ခဲ့​ပေ။ ယင်းအစား ‘သင်တို့သည် လောက​နှင့်​မဆက်ဆံ’ ဟု​ကိုယ်တော်​မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၅:၁၉; ၁၇:၁၄) သို့သော်​ချာ့ခ်ျ​ခေါင်းဆောင်​များသည် ကြားနေ​မည့်​အစား စစ်ရေး​နှင့်​နိုင်ငံရေး​တွင်​ဝင်စွက်​သော “ခရစ်ယာန်​ဘာသာ​ဆိုင်ရာ” အဖွဲ့​များ​ကို ပျိုးထောင်​ပေး​ခဲ့​ကြသည်။ နိုင်ငံရေး​တွင် တက်ကြွ​စွာ​ပါဝင်သော ခရစ်ယာန်​ဘာသာသည် စစ်ရေး​ကို အမြဲလိုလို​ထောက်ခံ​အားပေး​သည်။ နိုင်ငံရေးသမား​နှင့် ဘာသာရေး​သ​မား​တို့​က အကျိုးအမြတ်​များ​ဖလှယ်​ရန် ချာ့ခ်ျ​သည် ရွှေ​လမ်း​ငွေ​လမ်းဖောက်​ကာ အစိုးရ​စစ်တပ်​ကို ကောင်းချီး​ပေး​နေ​၏” ဟု​အိုင်း​ရ​စ်ရှ်​စာရေး​ဆရာ ဟ​ယူးဗတ် ဘတ်တလာ ရေးသားခဲ့​သည်။

အယူမှား​ဆရာများ ယေရှု​အား ငြင်းပယ်​ကြ

စစ်မှန်သော​ခရစ်ယာန်​ဘာသာ​မှ ခွဲထွက်​သွား​သူများ​ရှိ​မည်​ဖြစ်​ကြောင်း တမန်​တော်​ပေါလု သတိပေး​ခဲ့​သည်။ သူ​သေဆုံး​ပြီး​နောက် “ကြမ်းတမ်းသော​တောခွေး​တို့သည်” အမည်ခံ​ခရစ်ယာန်​များ​ထဲ​မှ ပေါ်ထွက်​လာပြီး ‘တပည့်​များ​ကို သွေးဆောင်ခြင်း​ငှာ မှား​သော​စကား​ကို​ပြော’ ကြ​မည်​ဟု သူ​ဆို​ခဲ့​သည်။ (တမန်​တော် ၂၀:၂၉၊ ၃၀) သူတို့သည် “ဘုရားသခင်​ကို သိယောင်ဆောင်​သော်လည်း အကျင့်​အားဖြင့် ဘုရားသခင်​ကို​ငြင်းပယ်​ကြ​၏။” (တိတု ၁:၁၆) အလားတူ၊ တမန်​တော်​ပေတရု​က​လည်း အယူမှား​ဆရာများ​သည် ‘ဖျက်ဆီး​တတ်သော အယူ​များ​ကို ပရိယာယ်​အားဖြင့်​သွင်း​၍ မိမိတို့ကို​ဝယ်​တော်​မူ​သော​အရှင်ကို ငြင်းပယ်’ ကြလိမ့်မည်​ဟု သတိပေး​ခဲ့​သည်။ ၎င်းတို့၏​အကျင့်ဆိုး​များ​ကြောင့် လူများစွာ​သည် ‘အမှန်တရား​လမ်း’ ကို “ကဲ့ရဲ့” ပြစ်တင်​ကြလိမ့်မည်​ဟု သူ​ဆို​ခဲ့​၏။ (၂ ပေတရု ၂:၁၊ ၂သမ္မာ) ခရစ်တော်​အား ဤသို့​ငြင်းပယ်​ခြင်း​ဖြင့် “ခမည်းတော်​နှင့် သားတော်ကို ငြင်းပယ်​လိုက်ကြပြီး အယူဖောက်ပြန်​ခြင်း​နှင့် ပျက်စီး​စေသော​သွန်သင်ချက်​များ​ကို ကြဲ​ဖြန့်​ရာ​ရောက်​သည်” ဟု​ဂရိ​ကျမ်း​ပညာရှင် ဒဗလျူ​အီး​ဗိုင်း​က ဆို​သည်။

ယေရှု၏​တပည့်​ဟု​အမည်ခံ​သူများ​သည် ‘ကိုယ်တော်​၏​တရား၌ တည်​မနေ၊’ ကိုယ်တော်​ပြဋ္ဌာန်း​ခဲ့​သော အခြား​လိုအပ်ချက်​များ​ကို မလိုက်နာ​ဘဲ​နေပါက ကိုယ်တော် မည်သို့​အရေးယူ​မည်​နည်း။ “အကြင်သူသည် လူ​တို့​ရှေ့မှာ ငါ့ကို​ငြင်းပယ်​အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ​၏​ခမည်းတော်​ရှေ့မှာ ထို​သူကို ငါ​ငြင်းပယ်​မည်” ဟု​ကိုယ်တော်​သတိပေး​ခဲ့​သည်။ (မဿဲ ၁၀:၃၃) သစ္စာစောင့်သိ​ရန် စိတ်​ထက်သန်​နေသည့်​ကြား အမှား​ပြု​မိ​သူကို ယေရှု အမှန်​ငြင်းပယ်​တော်​မ​မူ​ချေ။ ဥပမာ၊ တမန်​တော်​ပေတရု​သည် ယေရှု​အား သုံးကြိမ်​တိုင်​ငြင်းပယ်​ခဲ့​သော်လည်း ပေတရု​နောင်တ​ရသောအခါ ကိုယ်တော်​ခွင့်လွှတ်​တော်​မူ​သည်။ (မဿဲ ၂၆:၆၉-၇၅) သို့သော် သိုး​ရေ​ခြုံ​သော​ဝံပုလွေ​များ တစ်နည်း​အားဖြင့် ယေရှု၏​နောက်လိုက်​ဖြစ်​ဟန်ဆောင်ပြီး ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို ဇွတ်​ငြင်းပယ်​နေ​သူ တစ်ဦးစီ​ဖြစ်စေ၊ အဖွဲ့အစည်း​လိုက်​ဖြစ်စေ ကိုယ်တော်​ငြင်းပယ်​တော်​မူ​သည်။ အဆိုပါ​အယူမှား​ဆရာများ​အကြောင်း ယေရှု ဤသို့​မိန့်ဆိုခဲ့​၏– “ထို​သူတို့၏​အကျင့်ကို​ထောက်၍ သူတို့၏​သဘောကို သိ​ကြလိမ့်မည်။”—မဿဲ ၇:၁၅-၂၀

တမန်​တော်​များ​သေဆုံး​သော် အယူဖောက်ပြန်မှုဖြစ်ပေါ်​လာ

ခရစ်ယာန်​အတုအယောင်​တို့သည် ခရစ်တော်​အား အဘယ်​အချိန်တွင် စတင်​ငြင်းပယ်​ခဲ့​ကြ​သနည်း။ ယေရှု​သေဆုံး​ပြီး မကြာမီ​ပင်​ဖြစ်၏။ ယေရှု​အမှုတော်​ဆောင်​ချိန်​အတွင်း စိုက်​ပျိုး​ခဲ့​သည့် “ကောင်းသော​မျိုးစေ့” ဖြစ်သော ခရစ်ယာန်​အစစ်​များ​အလယ်တွင် “တော​မျိုးစေ့” ဖြစ်သော ခရစ်ယာန်​အတုအယောင်​များ​ကို စာတန်​ကြဲ​လိမ့်​မည်​ဟု ယေရှု​ကိုယ်တော်တိုင် သတိပေး​ခဲ့​သည်။ (မဿဲ ၁၃:၂၄၊ ၂၅၊ ၃၇-၃၉) တမန်​တော်​ပေါလု​က သူ၏​ခေတ်တွင် လှည့်ဖြား​တတ်သော​ဆရာ​တို့သည် ရှိ​နှင့်​နေပြီ​ဟု သတိပေး​ခဲ့​သည်။ ယေရှု​ခရစ်​၏​သွန်သင်ချက်​များ​မှ သူတို့​သွေဖည်​ရသည့်​အကြောင်းရင်း​မှာ “သမ္မာ​တရား၌​မွေ့လျော်​သော​စိတ်” မရှိသော​ကြောင့်​ဖြစ်၏​ဟူ၍ ကိုယ်တော်​မိန့်ဆို​သည်။—၂ သက်သာလောနိတ် ၂:၁၀

ယေရှု​ခရစ်​၏​တမန်​တော်​များသည် အသက်ရှင်​နေသရွေ့ ယင်း​အယူဖောက်ပြန်မှု​ကို  တားဆီး​ခဲ့​ကြသည်။  သို့သော် တမန်​တော်​များ​သေဆုံး​ပြီး​နောက်  ဘာသာရေး​ဆရာများ​သည် ယေရှု​နှင့် တမန်​တော်​များ​သွန်သင်​ခဲ့​သော အမှန်တရား​မှ လူများစွာ​သွေဖည်​သွားစေရန် “မုသာ​နှင့်​စပ်ဆိုင်​သော ထူးဆန်းသော​တန်ခိုး၊ နိမိတ်​လက္ခဏာ၊ အံ့ဖွယ်သော​အမှု အမျိုးမျိုး  . . .  မတရားသော​လှည့်ဖြားခြင်း​အမျိုးမျိုး” ကို​အသုံးပြု​ခဲ့​ကြသည်။ (၂ သက်သာလောနိတ် ၂:၃၊ ၆-၁၂) အတန်ကြာ​လေ​သော် မူလ​ခရစ်ယာန်​အသင်းတော်သည် “ယေရှု​နှင့် ပေါလု​ကို​ပင် အံ့အားသင့်​စေ​မည့်” ဘာသာရေး​အဖွဲ့အစည်း​တစ်ခု​အဖြစ် အသွင်ပြောင်း​သွား​သည်​ဟု အင်္ဂလိပ်​အတွေးအခေါ်​ပညာရှင် ဘာ​ထ​ရန်​ဒ် ရပ်​ဆဲလ်​က ရေးသားခဲ့​၏။

စစ်မှန်သော​ခရစ်ယာန်​ဘာသာ ပြန်လည်​ထူထောင်

အဖြစ်မှန်​မှာ ရှင်းနေပါသည်။ တမန်​တော်​များ​သေဆုံး​ချိန်​မှ​စ၍ ခရစ်ယာန်​ဘာသာ​အမည်​ဖြင့် လုပ်ဆောင်ခဲ့​ရာ အများစု​တွင် ခရစ်တော်​၏​သွန်သင်ချက်​များ​ကို မ​တွေ့ရှိ​ရတော့​ပေ။ သို့သော် “ကမ္ဘာ​ကုန်သည်​တိုင်အောင်” တပည့်​များနှင့်​အတူ အစဉ်မပြတ်​ရှိ​မည်​ဟူသော ယေရှု၏​ကတိ​မတည်​ဟု မပြော​နိုင်​ပေ။ (မဿဲ ၂၈:၂၀) ထိုသို့ ကိုယ်တော်​ကတိပေး​ချိန်​ကတည်းက​ပင် “ယေရှု​ခရစ်တော်​နှင့်​ပတ်သက်သော​အသိပညာ​အတိုင်း သွန်သင်​ကျင့်သုံး​သော” သစ္စာရှိ​ပုဂ္ဂိုလ်​များ​ရှိနေကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်။ ထို​သူတို့သည် ခရစ်ယာန်စစ်​များ​၏ အမှတ်လက္ခဏာ​ဖြစ်သော ချစ်ခြင်း​မေတ္တာကို တင်ပြ​ရန်၊ ကိုယ်တော်​သွန်သင်​ခဲ့​သော​အမှန်တရား​တွင် တည်​နေ​ရန် ကြိုးစား​နေသရွေ့ ကိုယ်တော်​ထောက်ကူ​ပေး​မည်​ဟူ​သည့်​ကတိ​အတိုင်း ပြုမူ​ခဲ့​သည်။

ထို​ထက်​ကား ဤ​အစီအစဉ်​စနစ်​ဆုံးခန်း​တွင် ယေရှုသည် မိမိ​အလိုတော်​ပြီးမြောက်​စေရန် အသုံးပြု​နေကြောင်း​သိသာ​ထင်ရှားသော ခရစ်ယာန်​အသင်းတော်တွင် သစ္စာရှိ​တပည့်​များ​ကို စုသိမ်း​မည်​ဟု ကတိပြု​ခဲ့​သည်။ (မဿဲ ၂၄:၁၄၊ ၄၅-၄၇) ကိုယ်တော်​သည် ထို​အသင်းတော်ကို ယခု​ပင် အသုံးပြု​နေ​ကာ “အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ​ထွက်” လာ​သည့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး​များ​ပါဝင်သော ‘လူအုပ်ကြီး’ ကို​အတူတကွ​စုရုံး​စေပြီး “သိုးခြံ​တစ်ခု” တွင် “သိုးထိန်း​တစ်ပါး​တည်း” ၏​ဦးဆောင်မှုအောက် စည်းလုံး​နေ​စေ​သည်။—ဗျာ. ၇:၉၊ ၁၄-၁၇; ယောဟန် ၁၀:၁၆; ဧဖက် ၄:၁၁-၁၆

ထို့​ကြောင့် လွန်ခဲ့သော​နှစ်ပေါင်း​နှစ်ထောင်​အတွင်း ခရစ်တော်​၏​နာမကို ရှုတ်ချ​ပြီး ခရစ်ယာန်​ဘာသာ​ကို နာမည်​ပျက်​စေသည့် အဖွဲ့အစည်း​များ​မှ ထွက်​ပါ။ သို့​မဟုတ်ပါ​က တမန်​တော်​ယောဟန်​ကို ယေရှု​ခရစ်​မိန့်ဆိုခဲ့သည်​အတိုင်း မကြာမီတွင် ၎င်း​တို့​အပေါ် ဘုရားသခင်​တရား​စီရင်​သောအခါ “သူ၏​ဘေးဒဏ်​များ​ကို​ခံ” ရနိုင်​ပေ​သည်။ (ဗျာ. ၁:၁; ၁၈:၄၊ ၅) “နောက်ဆုံးသော​ကာလ” တွင် စစ်မှန်သော​ခရစ်ယာန်​ဘာသာဝင်​များသည် ဘုရားသခင့်​သွန်သင်ချက်​များ​ကို နားထောင်ပြီး ပြန်လည်​ထူထောင်​ထား​သည့် စင်ကြယ်သော​ဝတ်ပြုရေး​၏ “လမ်းခရီးတော်​များ​သို့ လိုက်လျှောက်” ကြ​မည်​ဟု ပရောဖက်​မိက္ခာ​ဖော်ပြ​သူတို့တွင်​ပါဝင်​ရန် သင်​စိတ်​ဆုံးဖြတ်ထား​ပါ​လေ။ (မိက္ခာ ၄:၁-၄သမ္မာ) မည်သူ​တို့သည် စစ်မှန်သော​ဝတ်ပြုသူ​များ​ဖြစ်​ကြောင်း သင်​ခွဲခြား​သိမြင်​နိုင်​ရန် ဤ​မဂ္ဂဇင်း​ထုတ်ဝေ​သူများ​က ဝမ်းသာ​အားရ ကူညီ​ပေး​လို​ပါ​သည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံများ]

စစ်မှန်သော​ခရစ်ယာန်​များသည် စစ်ပွဲ​တွင် အဘယ်ကြောင့် မပါဝင်​ကြ​သနည်း

[Credit Lines]

Soldiers, left: U.S. National Archives photo; flamethrower, right: U.S. Army Photo

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

စစ်မှန်သော​ခရစ်ယာန်​များ​အတွက် ယေရှု​သတ်မှတ်​ထားသော အခြေခံ​လိုအပ်ချက်​များ​မှာ ‘သင်တို့ အချင်းချင်းချစ်​ကြလော့’ နှင့် ‘ငါ​၏​တရား၌​တည်​နေလော့’ ဖြစ်