မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

မိန်းမ​တို့သည် “အသင်းတော်၌ တိတ်ဆိတ်​စွာ​နေကြ​စေ” ဟု​တမန်​တော်​ပေါလု​ဖော်ပြ​ရာ​တွင် အဘယ်အရာကို ဆိုလို​သနည်း။

“သန့်ရှင်းသူ​တို့၏ အသင်းတော်​အပေါင်း​တို့၌​ဖြစ်​သကဲ့သို့ . . . မိန်းမ​တို့သည် အသင်းတော်၌ တိတ်ဆိတ်​စွာ​နေကြ​စေ။ သူတို့သည် ဟောပြော​ရသော​အခွင့်​မရှိကြ” ဟု​ကောရိန္သု​မြို့ရှိ ခရစ်ယာန်​အသင်းတော်​ထံ ပေါလု​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၁၄:၃၃၊ ၃၄) ရှေ့နောက်စကား​ကို​သုံးသပ်ခြင်းက ပေါလု​အကြံပေး​ချက်​၏ ဆိုလိုရင်း​အမှန်​ကို နားလည်စေ​နိုင်​မည်။

၁ ကောရိန္သု​အခန်းကြီး ၁၄ တွင် ပေါလု​သည် ခရစ်ယာန်​အသင်းတော် အစည်းအဝေး​များ​အကြောင်း ဆွေးနွေး​နေခြင်း​ဖြစ်၏။ ထို​အစည်းအဝေး​များ​တွင် အဘယ်အရာကို ဆွေးနွေး​တင်ပြ​သင့်​ပြီး မည်သို့​ကျင်းပ​သင့်​ကြောင်း ဖော်ပြ​နေခြင်း​ဖြစ်၏။ (၁ ကောရိန္သု ၁၄:၁-၆၊ ၂၆-၃၄) ထို့​ပြင် ‘အသင်းတော်ကို​တည်ဆောက်​ရန်’ ဟူ​သည့် ခရစ်ယာန်​အစည်းအဝေး​များ​ကျင်းပ​ရခြင်း​၏ အဓိက​ရည်ရွယ်ချက်ကို သူ​အလေးအနက်​ဖော်ပြ​ခဲ့​သည်။—၁ ကောရိန္သု ၁၄:၄၊ ၅၊ ၁၂၊ ၂၆

၁ ကောရိန္သု အခန်းကြီး ၁၄ တွင် ပေါလု​သည် “တိတ်ဆိတ်​စွာ​နေ” ရမည်​ဟူ၍ သုံးကြိမ်​ညွှန်ကြား​ခဲ့​သည်။ အသင်းတော်​ရှိ လူစု​တစ်စု​စီ​ကို ထိုသို့​ညွှန်ကြား​ရသည့် တစ်ခု​တည်း​သော​အကြောင်းရင်း​မှာ “ခပ်သိမ်း​သော​အမှုကို တင့်တယ်​လျောက်ပတ်​စွာ အစဉ်​အတိုင်း​စီရင်​ကြ” ရန်ဖြစ်​၏။—၁ ကောရိန္သု ၁၄:၄၀

ဦးဆုံး​အနေ​နှင့် ပေါလု ဤသို့​ဆိုခဲ့​၏– “အခြားသော​ဘာသာ​စကား​ဖြင့် ဟောပြောသော​သူ​ရှိလျှင် နှစ်ယောက်​ဖြစ်စေ၊  အများဆုံး​ဆို​သော်  သုံးယောက်​ဖြစ်စေ၊ တစ်ယောက်​နောက်​တစ်ယောက်​ပြော​၍ တစ်ယောက်​သော​သူသည် အနက်​ကို​ဖော်ပြ​စေ။ စကားပြန်​မ​ရှိလျှင် ဟောပြောသော​သူသည် အသင်းတော်၌ တိတ်ဆိတ်​စွာ​နေ၍ မိမိ​အား​လည်းကောင်း၊ ဘုရားသခင်​အား​လည်းကောင်း​ပြော​စေ။” (၁ ကောရိန္သု ၁၄:၂၇၊ ၂၈) ထို​သူသည် အသင်းတော်တွင် လုံးဝ​မဟောပြော​ရ​ဟူ၍​မဟုတ်ဘဲ သူ​တိတ်ဆိတ်​စွာ​နေ​သင့်​သည့်​အချိန်​များ ရှိကြောင်း ဆိုလို​နေသည်။ အမှန်​မှာ မည်သူမျှ​နားမလည်​သော ဘာသာ​စကား​ဖြင့် ဟောပြောပါ​က အချင်းချင်း​တည်ဆောက်မှု​ဖြစ်စေ​ရန်​ဟူသော အစည်းအဝေး​များ​ကျင်းပ​ရခြင်း​၏ ရည်ရွယ်ချက် အထမြောက်​မည်​မဟုတ်​ချေ။

ဒုတိယ​အနေ​နှင့်  ပေါလု​ဤသို့​ဖော်ပြ​ခဲ့​၏– “ပရောဖက်​နှစ်ယောက်​ဖြစ်စေ၊ သုံးယောက်​ဖြစ်စေ​ဟောပြော​၍  အခြားသော​သူတို့သည်  စစ်ကြော​ဆင်ခြင်​ကြ​စေ။ ထိုင်​လျက်​နေသော​သူအား တစ်စုံတစ်ခု​ကို​ဖွင့်ပြ​တော်​မူလျှင် အရင်​ဟောပြောသော​သူသည် တိတ်ဆိတ်​စွာ​နေ​စေ။” ယင်းက အရင်​ဟောပြောသော​ပရောဖက်​သည် အစည်းအဝေး​များ​တွင် မဟောပြော​ရ​ဟု မဆိုလို​ဘဲ တစ်ခါတစ်ရံ  တိတ်ဆိတ်​စွာ​နေရ​မည့်​အချိန်​ရှိသည်။  ထို​အခါ အံ့ဖွယ်​နည်းဖြင့် အနာဂတ်​အဖြစ်အပျက်​တစ်ခု​ကို သိရှိ​လိုက်ရ​သူသည် အသင်းတော်​ရှေ့ တင်ပြ​ပြောဆို​နိုင်​မည်​ဖြစ်​ရာ အစည်းအဝေး​တွင် ‘ခပ်သိမ်း​သော​အမှုတို့​ကို တည်ဆောက်​ရန်’ ဟူသော​ရည်ရွယ်ချက် အထမြောက်​သွားပေ​လိမ့်​မည်။—၁ ကောရိန္သု ၁၄:၂၆၊ ၂၉-၃၁

တတိယ​အကြိမ်​တွင် ခရစ်ယာန်​အမျိုးသမီးများ​ကို ပေါလု​ဤသို့​ဆို​၏– “မိန်းမ​တို့သည် အသင်းတော်၌ တိတ်ဆိတ်​စွာ​နေကြ​စေ။ သူတို့သည် ဟောပြော​ရသော​အခွင့်​မရှိကြ။ ပညတ်တရား​စီရင်​သည်​အတိုင်း သူတို့သည် ယောက်ျား​၏​အုပ်စိုးခြင်း​ကို ဝန်ခံ​ရ​ကြ​မည်။” (၁ ကောရိန္သု ၁၄:၃၄) ပေါလု​သည် ညီအစ်မ​များ​အား အဘယ်ကြောင့် ထိုသို့​မိန့်မှာ​ခဲ့​ရသနည်း။ အသင်းတော်တွင် စည်းစနစ်ကျ​န​မှုရှိစေရန်​ဖြစ်၏။ သူက “မိန်းမ​တို့သည် တစ်စုံတစ်ခု​ကို​သင်​လိုလျှင် အိမ်​၌ မိမိ​ခင်ပွန်း​တို့ကို မေးမြန်း​ကြ​စေ။ မိန်းမသည် အသင်းတော်၌​ဟောပြော​လျှင် ရှက်ဖွယ်​သော​အကြောင်း​ဖြစ်၏” ဟု​ဆို​ခဲ့​သည်။—၁ ကောရိန္သု ၁၄:၃၅

ညီအစ်မ​အချို့​သည် အသင်းတော်တွင် ဟောပြော​ရာ​များ​ကို စောဒကတက်​နေကြ​ဟန်​တူ​သည်။ ပေါလု​၏​ဆုံးမ​စကား​က ညီအစ်မ​များ​အား ကလန်ကဆန်​လုပ်​လို​စိတ်​ကို ရှောင်ရှား​စေပြီး ယေဟောဝါ​၏​ဦးစီးမှု​အစီအစဉ်​အတွင်း အထူးသဖြင့် မိမိတို့​ခင်ပွန်း​အား လက်အောက်ခံခြင်း​အစီအစဉ်ကို နှိမ့်ချစွာ​လက်ခံရန် ကူညီ​ပေး​သည်။ (၁ ကောရိန္သု ၁၁:၃) ထို့​အပြင် ညီအစ်မ​များသည် တိတ်ဆိတ်​စွာ​နေခြင်း​ဖြင့် အသင်းတော်ကို သွန်သင်​သူများ​ဖြစ်​ရန် မကြိုးစား​ကြ​ကြောင်း ဖော်ပြ​သည်။ တိမောသေ​ထံ​စာရေး​စဉ် ပေါလု​က “မိန်းမသည် ဆုံးမ [သွန်သင်] ခြင်း၊ ယောက်ျား​ကို​အစိုးတရ​ပြု​စေခြင်း​အခွင့်​ကို ငါ​မပေး။ သူသည် တိတ်ဆိတ်​စွာ​နေ​အပ်​၏” ဟူ၍​ဆိုခြင်း​ဖြင့် အသင်းတော်ကို သွန်သင်သူ​တစ်ဦး​အဖြစ် အမျိုးသမီး​တစ်ဦး ဆောင်ရွက်ခြင်း​သည် မသင့်​တော်​ကြောင်း ဖော်ပြ​ခဲ့​၏။—၁ တိမောသေ ၂:၁၂

ယင်းကြောင့် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​သည် အသင်းတော်​အစည်းအဝေး​တွင် လုံးဝ​စကား​မပြော​ရ​ဟု ဆိုလို​သလော။ မဆိုလို​ပါ။ ပေါလု​ခေတ်​က ခရစ်ယာန်​အမျိုးသမီးများ​သည် ဝိညာဉ်​တော်​သွန်းလောင်း​ခံရ​ခြင်း​အားဖြင့် ဆုတောင်းခွင့်၊ ပရောဖက်ပြု​ခွင့်​ရရှိခဲ့​သည့် အချိန်​အခါ​များ​ရှိသည်။ ထို​အခါ​မျိုး​တွင် သူတို့သည် ခေါင်းဖုံး​ထားခြင်း​ဖြင့် မိမိတို့​အနေအထား​ကို အသိအမှတ်ပြု​ကြသည်။ * (၁ ကောရိန္သု ၁၁:၅) ထို့​ပြင် ပေါလု​ခေတ်​နှင့်​ယနေ့ခေတ်​ရှိ ညီအစ်မ​များသည် ညီအစ်ကို​များနှင့်​အတူ မိမိတို့၏​မျှော်လင့်ချက်​အကြောင်း လူအများရှေ့​ကြေညာ​ရန် တိုက်တွန်း​ခံရ​ကြသည်။ (ဟေဗြဲ ၁၀:၂၃-၂၅) ညီအစ်မ​များသည် အမှုဆောင်​လုပ်ငန်း​တွင် ထိုသို့​ကြေညာ​ကြ​သည့်​အပြင် အသင်းတော်​အစည်းအဝေး​များ​တွင်​လည်း ကောင်းစွာ​ပြင်ဆင်​ထား​သည့်​မှတ်ချက်များ​ပေးခြင်း၊ သရုပ်ပြ​များ သို့​မဟုတ် ကျောင်းသား​တာဝန်​များ​ကို လက်ခံခြင်း​ဖြင့် မိမိတို့၏​မျှော်လင့်ချက်​အကြောင်း ဖော်ပြ​ကာ အခြား​သူများကို အားပေး​တည်ဆောက်​ကြသည်။

ထို့​ကြောင့် ခရစ်ယာန်​အမျိုးသမီးများ​သည် အမျိုးသား​တစ်ဦး၏​နေရာ​ယူပြီး အသင်းတော်ကို သွန်သင်ပေး​ရန် မကြိုးစား​ခြင်း​ဖြင့် “တိတ်ဆိတ်​စွာ​နေ”  ကြသည်။ သူတို့သည် သွန်သင်​ပို့ချ​သူများ​၏​အခွင့်အာဏာကို စောဒကတက်​ရာ​ရောက်​နိုင်​သည့် ဆင်ခြေ​ဆင်​လက်​ပေး အငြင်းအခုံ​လုပ်ခြင်း​မပြု​ကြ​ပါ။ ခရစ်ယာန်​ညီအစ်မ​များသည် အသင်းတော်တွင် ကိုယ့်​နေရာ​ကိုယ်​နေကြ​ခြင်း​ဖြင့် စည်းလုံး​ငြိမ်သက်မှု တိုးပွား​လာ​စေမည်​ဖြစ်သည်။ ဤသို့ဖြင့် အသင်းတော်​အစည်းအဝေး​များ​တွင် ‘ခပ်သိမ်း​သော​အမှုတို့​ကို တည်ဆောက်​ရန်’ များစွာ​ထောက်ကူ​ပေး​ကြသည်။—၁ ကောရိန္သု ၁၄:၂၆၊ ၃၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 မျက်မှောက်ခေတ်တွင် ရင့်ကျက်သော​ညီအစ်မ​များသည် နှစ်ခြင်း​ခံ​ပြီး​သား အမျိုးသား​တစ်ဦး​အစား တာဝန်​ယူ​ပေး​ရသည့်​အခါ ထို​နမူနာကို​လိုက်၍ ခေါင်းဖုံး​ထား​ကြသည်။—ကင်းမျှော်စင် ဇူလိုင် ၁၅၊ ၂၀၀၂၊ စာမျက်နှာ ၂၆။