မိတ်ဆွေစစ်များရှိလိုပါသလော
မိတ်ဆွေစစ်များရှိလိုပါသလော
လူများစွာသည် မိတ်ဆွေစစ်များ ရှိလိုကြသည်။ ရင်းနှီးချစ်ခင်သော အပေါင်းအသင်းများအား သင့်အတွေ့အကြုံများ မျှဝေပြောဆိုနိုင်ခြင်းက သင့်ဘဝကို ပျော်ရွှင်စိုပြည်စေသည်။ သို့သော် မိတ်ဆွေစစ်ကို မည်သို့ ရှာတွေ့နိုင်မည်နည်း။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ နီးပါးက ယေရှုသည် လူမှုဆက်ဆံရေးတိုင်းတွင် အဆင်ပြေအောင်မြင်ရေးအတွက် အရေးကြီးဆုံးအချက်မှာ ကိုယ်ကျိုးမငဲ့သောမေတ္တာဖြစ်သည်ဟုဖော်ပြကာ ဤသို့ သွန်သင် ခဲ့သည်– “သင်တို့ သည် ကိုယ်၌သူတစ်ပါးပြုစေလိုသည်အတိုင်း သူတစ်ပါး၌ပြုကြလော့။” (လုကာ ၆:၃၁) ရွှေပညတ်ဟုလည်းခေါ်လေ့ရှိသည့် ဤမိန့် ဆိုချက်က မိတ်ဆွေများရလိုလျှင် သင်ကိုယ်တိုင် တစ်ကိုယ်ကောင်းဆန်သူမဖြစ်ရဘဲ ရက်ရောသောသူဖြစ်ဖို့ လိုကြောင်း ဖော်ပြသည်။ ရိုးရိုးဆိုရသော် မိတ်ဆွေကောင်းရလိုလျှင် သင်ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်ဖို့ လိုသည်။ မည်သို့ဖြစ်နိုင်မည်နည်း။
ရင်းနှီးချစ်ခင်သောမိတ်ဆွေဟူသည် နေ့ချင်းညချင်းဖြစ်မလာနိုင်ပါ။ အမှန်မှာ မိတ်ဆွေများဟူသည် အသိအကျွမ်းမျှသာ မဟုတ်ပေ။ တစ်ဦးကိုတစ်ဦး သံယောဇဉ်တွယ်တာနေကြသူများဖြစ်၏။ ရင်းနှီးသောမိတ်ဆွေများဖြစ်လာကြရန်နှင့် ယင်းနှောင်ကြိုး ဆက်ခိုင်မြဲနေစေရန် ကြိုးစားထိန်းသိမ်းရမည်။ မိတ်ဆွေဖွဲ့ရာတွင် မိမိအဆင်ပြေရေးထက် မိတ်ဆွေ၏လိုအပ်ရာကို ဦးစားပေးဖို့ လိုလေ့ရှိသည်။ မိတ်ဆွေများသည် မိမိတို့၏ပျော်ရွှင်မှုများသာမက ဝမ်းနည်းစရာများကိုပါ မျှဝေခံစားတတ်ကြသည်။
အထူးသဖြင့် စိတ်ပိုင်းနှင့်ကာယပိုင်းအရ လိုအပ်နေသူအား ထောက်ပံ့ကူညီပေးခြင်းဖြင့် မိတ်ဆွေစစ်ဖြစ်ကြောင်း တင်ပြနိုင်သည်။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” ဟု နယပုံပြင် ၁၇:၁၇ ကဆိုသည်။ သို့ဖြစ်၍ မိတ်ဆွေတို့၏မေတ္တာနှောင်ကြိုးသည် အချို့သောမိသားစုနှောင်ကြိုးထက်ပင် ပိုခိုင်မြဲတတ်သည်။ နယပုံပြင် ၁၈:၂၄ တွင် ဤသို့ဆိုထား၏– “အပေါင်းအဖော်များသောသူသည် အကျိုးနည်းရှိတတ်၏။ မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏။” ထိုသို့သောမိတ်ဆွေစစ်မျိုးရရန် မည်သို့လုပ်ဆောင်နိုင်ကြောင်း သင်ပိုမိုသိလိုပါသလော။ အချင်းချင်းချစ်ခင်ကြသည်ဟု လူသိများသောအုပ်စုတွင် သင်ပါဝင်လိုပါသလော။ (ယောဟန် ၁၃:၃၅) သို့ဆိုလျှင် မိတ်ဆွေစစ်များ မည်သို့ရှာတွေ့နိုင်ကြောင်း သင့်ရပ်ကွက်ရှိ ယေဟောဝါသက်သေများက ဝမ်းသာအားရ ပြောပြလိုပါသည်။