မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှန်ရာကိုသိပြီး ယင်းအတိုင်းလုပ်ဆောင်ခြင်း

မှန်ရာကိုသိပြီး ယင်းအတိုင်းလုပ်ဆောင်ခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

မှန်ရာကို​သိ​ပြီး ယင်း​အတိုင်း​လုပ်ဆောင်ခြင်း

ဟေ​ဒါ​န် စ​န်​ဒါ​ရ်​ဆန် ပြောပြ​သည်

တစ်ချိန်​တုန်း​က တမန်​တော်​တွေ​ကို ယေရှု​ဒီလို​ပြော​ခဲ့​တယ်– “ဤ​အရာများ​ကို သင်တို့​သိ၍ သိ​သည်​အတိုင်း​ကျင့်​လျှင် မင်္ဂလာ​ရှိကြ​၏။” (ယောဟန် ၁၃:၁၇) မှန်ရာကို ကျွန်တော်​တို့သိထားကြ​ပေမဲ့ တစ်ခါ​တ​လေ သိထားတဲ့​အတိုင်း လုပ်ဖို့​ခက်တယ်။ ဒါပေမဲ့ ခရစ်ယာန်​သာသနာပြု​လုပ်ငန်းမှာ အနှစ် ၄၀ ပါဝင်​ပြီး အနှစ် ၈၀ ကျော်​အသက်ရှင်ပြီး​တဲ့​နောက် ယေရှု​ပြော​တဲ့​စကား​က မှန်တယ်​ဆိုတာ ကျွန်တော် လက်ခံ​ယုံကြည်​လာတယ်။ ဘုရားသခင်​မိန့်ဆို​ရာ​ကို လုပ်ဆောင်မယ်​ဆိုရင် တကယ်​ပျော်စရာ​ကောင်း​ပါ​တယ်။ ရှင်းပြပါ​ရစေ။

ကျွန်တော် သုံးနှစ်​အရွယ် ၁၉၂၅ ခုနှစ်​မှာ မိဘတွေက ဩစတြေးလျ​နိုင်ငံ၊ ဇာတိ​မြို့ န​ယူး​ကာ​ဆယ်​လ်​မှာ ကျမ်းစာ​ဟောပြောပွဲ​တစ်ခု​ကို တက်ရောက်​ခဲ့​ကြတယ်။ “ယနေ့ အသက်ရှင်​သူ သန်းပေါင်း​များစွာ ဘယ်တော့​မျှ မသေ​တော့” ဆို​တဲ့​ဟောပြောချက်ကို​ကြား​ပြီး အမေက အမှန်တရား​တွေ့​ပြီ​လို့ ယုံကြည်​စိတ်ချ​သွားပြီး​တဲ့​နောက် ခရစ်ယာန်​အစည်းအဝေးတွေကို မှန်မှန်​တက်​ပါ​လေ​ရော။ ဒါပေမဲ့ အဖေက စိတ်မဝင်စား​တော့​ဘူး။ အမေ့ရဲ့​တွေ့ရှိ​ခါ​စ​ယုံကြည်ချက်ကို အဖေက ကန့်ကွက်​တယ်။ တကယ်လို့ အဲ့ဒီ​ယုံကြည်ချက်ကို မစွန့်ဘူးဆို​ရင် အိမ်ကနေ​ထွက်သွား​မယ်​လို့ ခြိမ်းခြောက်​ခဲ့​တယ်။ အမေက အဖေ့ကို​ချစ်တယ်။ ပြီး​တော့ မိသားစုကိုလည်း တစည်းတလုံး​ဖြစ်စေချင်​တယ်။ ဒါပေမဲ့ ဘုရားသခင်​ကို​နာခံခြင်း​က အရေးကြီးဆုံး​ဆိုတာ အမေ​သိတဲ့​အတွက် ကိုယ်တော်​ရှေ့မှာ မှန်ရာကို​လုပ်ဖို့ ဆုံးဖြတ်​လိုက်တယ်။ (မဿဲ ၁၀:၃၄-၃၉) အဖေ အိမ်ကနေ​ထွက်သွား​ပြီး​တဲ့​နောက်ပိုင်း အဖေ့ကို တစ်ခါ​ပဲ တွေ့ရတော့တယ်။

နောက်ကြောင်း​ကို​ပြန်​ကြည့်​ရင်  ဘုရားသခင့်​အပေါ် အမေ့ရဲ့​သစ္စာရှိ​မှု​ကို ကျွန်တော် အထင်ကြီး​လေးစား​မိတယ်။ အမေ့ရဲ့​ဆုံးဖြတ်ချက်​ကြောင့် အစ်မ​ဗြူ​လာ​နဲ့ ကျွန်တော်​တို့​ရဲ့​ဘဝမှာ ဝိညာဉ်​ရေး​ကောင်းချီး​တွေ ရရှိ​ခဲ့​ကြတယ်။ မှန်ရာကို​သိ​ရင် အဲ့ဒီ​အတိုင်း​လုပ်ဖို့ ကြိုးစား​ရမယ်ဆို​တဲ့ အရေးကြီး​သင်ခန်းစာ​ကိုလည်း အမေ​သင်ပေးခဲ့တယ်။

ယုံကြည်ခြင်း​စမ်းသပ်မှု​များ

အဲ့ဒီ​တုန်း​က ကျမ်းစာ​ကျောင်းသား​တွေ​လို့​ခေါ်​တဲ့ ယေဟောဝါသက်သေ​တွေ​က ကျွန်တော်​တို့​မိသားစုကို ဝိုင်းဝန်း​ဖေးမ​ကြတယ်။ အဘွား​က ကျွန်တော်​တို့​နဲ့​အတူ လာ​နေတဲ့​အခါ သူလည်း ကျမ်းစာ​အမှန်တရားကို သက်ဝင်​ယုံကြည်​လာတယ်။ အမေနဲ့​အဘွား​တို့​က ဟောပြောခြင်း​လုပ်ငန်းမှာ တ​ပူးတွဲ​တွဲ​လုပ်ဆောင်ခဲ့​ကြ​ပြီး သူတို့ရဲ့​သိက္ခာ​ရှိ​မှု​နဲ့ ဖော်ရွေ​တဲ့​အပြုအမှု​တွေ​ကြောင့် လူတွေရဲ့​လေးစားမှုကို ခံရ​တယ်။

အဲ့ဒီ​အချိန်​မှာ  သက်ကြီး​ခရစ်ယာန်​ညီအစ်ကို​တွေ​က ကျွန်တော့်​ကို အထူး​ဂရုစိုက်​ပြီး ကောင်းကောင်း​လေ့ကျင့်ပေး​ခဲ့​ကြတယ်။ မကြာခင်​မှာ ကျွန်တော် သက်သေခံ​ကတ်ပြား​ကို​သုံးပြီး လူတွေရဲ့​အိမ်မှာ ရိုးရိုးလေး​တင်ဆက်​တတ်​လာတယ်။ မြို့လယ်​လမ်းမ​ပေါ်မှာ လက်ဆွဲ​ဓာတ်စက်​နဲ့ ကျမ်းစာ​ဟောပြောချက်တွေကို ဖွင့်ပြပြီး ကြော်ငြာ​ကတ်​တွေ​နဲ့ လှည့်လည်​သွားခဲ့တယ်။ ကျွန်တော်​က လူ​ကြောက်​တတ်​တော့ အဲ့ဒီ​အလုပ်​က ကျွန်တော့်​အတွက် အရမ်း​ခက်တယ်။ ဒါပေမဲ့ မှန်ရာကို ကျွန်တော်​သိထားတဲ့​အတွက် အဲ့ဒီ​အတိုင်း​လုပ်ဖို့ ဆုံးဖြတ်ထား​တယ်။

ကျောင်း​ပြီးသွား​တာ​နဲ့ ဘဏ်​တစ်ခု​မှာ အလုပ်​လုပ်ခဲ့တယ်။ န​ယူး​ဆောက်​ဝေး​လ်​ပြည်နယ်​တစ်လျှောက်​မှာ​ရှိတဲ့ ဘဏ်​ခွဲ​တွေ​ဆီ​ကိုလည်း ခရီးထွက်​ရတယ်။ အဲ့ဒီ​နယ်မြေမှာ သက်သေခံ နည်းနည်းလေး​ပဲ​ရှိတယ်။ ဒါပေမဲ့ ကျွန်တော်​ရထားတဲ့ လေ့ကျင့်မှု​ကြောင့် ယုံကြည်ခြင်း​မှာ ဆက်​တည်မြဲ​နေခဲ့တယ်။ ဝိညာဉ်​ရေး​မှာ ခွန်အား​ရှိစေတဲ့ အားပေးစာ​တွေ​ကို အမေ​ရေးပို့​ခဲ့​တယ်။

အဲ့ဒီ​စာ​တွေ​က ကျွန်တော့်​အတွက် အချိန်တန်​စာ​တွေ​ဖြစ်တယ်။ ဒုတိယ​ကမ္ဘာ​စစ်​က စ​နေပြီ​ဆိုတော့ စစ်မှုထမ်း​ဖို့ အမိန့်​ကျ​လာတယ်။ ဘဏ်​မန်နေဂျာ​က ချာ့ခ်ျ​မှန်မှန်​တက်​တဲ့ ဒေသခံ​စစ်ဗိုလ်​ကြီး​တစ်ယောက်​ဖြစ်တယ်။ ကျွန်တော့်​ရဲ့​ခရစ်ယာန်​ကြားနေ​မှု​ကို ပြောပြ​တော့ သူက ဘာသာ​တရားကို စွန့်​မလား၊ ဘဏ်​အလုပ်ကို စွန့်​မလား​ဆိုပြီး ကျွန်တော့်​ကို ရာဇ​သံ​ပေး​လိုက်တယ်။ ဒေသန္တရ​စစ်သား​စုဆောင်းရေး​တပ်​ကို ကျွန်တော်​သတင်းပို့​တဲ့​အချိန်​မှာ ကိစ္စရပ်​တွေ​က အထွတ်အထိပ်​တိုင် ရောက်သွား​တယ်။ မှတ်ပုံတင်​တဲ့​စားပွဲ​ကို ကျွန်တော်​သွားတဲ့အခါ မန်နေဂျာ​က စိတ်ဝင်တစား​နဲ့ စောင့်ကြည့်​နေတယ်။ စုဆောင်းရေး​လျှောက်လွှာ​မှာ ကျွန်တော် လက်မှတ်​မ​ထိုး​တဲ့​အတွက် အရာရှိ​တွေ​က အကြီးအကျယ် ဒေါသ​ထွက်ကြ​တယ်။ ခဏ​တော့ ကြောင်​သွားပေ​မဲ့ မှန်ရာကို​လုပ်ဖို့ ဆုံးဖြတ်​လိုက်တယ်။ ယေဟောဝါ​အကူအညီ​နဲ့ စိတ်​ငြိမ်ငြိမ်​ထားပြီး ပြတ်ပြတ်သားသား​ဆုံးဖြတ်​နိုင်​ခဲ့​တယ်။ ကြေးစား​လူ​မိုက်​တွေ​က ကျွန်တော့်​ကို စောင့်ကြည့်​နေကြ​တယ်​ဆိုတာ နောက်​မှ​သိလိုက်​ရတဲ့အခါ ချက်ချင်း အထုပ်အပိုး​ပြင်​ပြီး မီ​ရာ​ရထား​နဲ့​ထွက်​လာခဲ့တယ်။

န​ယူး​ကာ​ဆယ်​လ်​ကို ပြန်ရောက်​ပြီး​နောက်​မှာ စစ်မှုထမ်း​ဖို့​ငြင်းဆို​ခဲ့​ကြ​တဲ့ ညီအစ်ကို​ခု​နစ်​ယောက်​နဲ့​အတူ တရားရုံး​မှာ အမှု​စစ်​ခံရ​တယ်။ တရားသူကြီး​က ကျွန်တော်​တို့ကို အလုပ်ကြမ်း​စခန်း​မှာ ထောင်ဒဏ်​သုံးလ​ချ​ခဲ့​တယ်။ ထောင်ချ​ခံရ​တာ​မကောင်း​ပေမဲ့ မှန်ရာကို​လုပ်တဲ့​အတွက် ကောင်းချီး​တွေ​ခံစား​ရတယ်။ ထောင်​က​ထွက်​လာပြီး​နောက် ကျွန်တော့်​ရဲ့​အခန်းဖော် ဟီ​လ်​တန် ဝေ​လ်​ကင်​စင်​လို့​ခေါ်​တဲ့ သက်သေခံ​တစ်ယောက်​က သူ့ရဲ့​ဓာတ်​ပုံ​ဆိုင်​မှာ အလုပ်လုပ်ဖို့​ခေါ်​တယ်။ အဲ့ဒီ​ဓာတ်​ပုံ​ဆိုင်​မှာ ဧည့်ကြို​လုပ်တဲ့ ကျွန်တော့်​ရဲ့​ဇနီးလောင်း မယ်​လ​ဒီ​နဲ့ တွေ့ဆုံ​ခဲ့​တယ်။ ကျွန်တော် ထောင်​က​ထွက်​လာပြီး မကြာခင်​မှာ ယေဟောဝါ​ထံ အပ်နှံ​နှစ်ခြင်း​ခံ​ခဲ့​တယ်။

အချိန်ပြည့်​အမှုဆောင်​လုပ်ငန်း​သို့ တက်လှမ်းခြင်း

မယ်​လ​ဒီ​နဲ့ လက်ထပ်​ပြီး​တဲ့​နောက် န​ယူး​ကာ​ဆယ်​လ်​မှာ ကျွန်တော်​တို့​ကိုယ်ပိုင် ဓာတ်​ပုံ​ဆိုင်​ဖွင့်​လိုက်တယ်။ မကြာခင်​မှာပဲ ကျွန်တော်​တို့​ရဲ့​ကျန်းမာ​ရေး​နဲ့ ဝိညာဉ်​ရေး ထိခိုက်လာ​တဲ့​အထိ အရမ်း​အလုပ်များ​ခဲ့​ကြတယ်။ အဲ့ဒီ​တုန်း​က ယေဟောဝါသက်သေ​တွေ​ရဲ့ ဩစတြေးလျ​ဌာနခွဲ​မှာ အမှုဆောင်​ပြီး အခု အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်နေ​တဲ့ တက်​ဒ် ဂျဲရက်စ်​က ကျွန်တော်​တို့​ရဲ့​ဝိညာဉ်​ရေး​ပန်းတိုင်​အကြောင်း မေးမြန်း​ဆွေးနွေး​ခဲ့​တယ်။ အဲ့ဒီ​နောက်​မှာ ကျွန်တော်​တို့​ရဲ့​ဆိုင်​ကို​ရောင်းပြီး ဘဝကို ရိုးရိုးရှင်းရှင်း​ထား​ဖို့ ဆုံးဖြတ်​လိုက်ကြတယ်။ ၁၉၅၄ ခုနှစ်​မှာ နောက်​တွဲ​ယာဉ်​လေး​တစ်စီး ဝယ်​လိုက်တယ်။ ဗစ်​တိုး​ရီး​ယား​ပြည်နယ်၊ ဘဲလ်​လ​ရ​တ်​မြို့ကို ပြောင်း​သွားပြီး ရှေ့ဆောင်​အနေ​နဲ့ တစ်နည်း​ပြော​ရ​ရင် အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူတွေ​အနေ​နဲ့ အမှုဆောင်ခဲ့ကြတယ်။

ဘဲလ်​လ​ရ​တ်​မြို့မှာ​ရှိတဲ့ အသင်းတော်​လေး​နဲ့​တွဲ​ပြီး အမှုဆောင်တဲ့​အခါ ကျွန်တော်​တို့​ရဲ့​ကြိုးစား​မှု​ကို ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့​တယ်။ ၁၈ လ​အတွင်း စည်းဝေး​တက်ရောက်သူ ၁၇ ယောက်​ကနေ ၇၀ အထိ တိုးတက်​လာတယ်။ အဲ့ဒီ​နောက်ပိုင်း ဩစတြေးလျ​တောင်ပိုင်း​မှာ တိုက်နယ်​လုပ်ငန်း​အတွက် ဖိတ်ခေါ်​ခံရ​တယ်။ အယ်ဒလိတ်မြို့​နဲ့ မာ​ရေး​မြစ်​တစ်လျှောက် ဝိုင်​လုပ်ပြီး ရှောက်မျိုးဝင်​အသီး​တွေ​စိုက်​ပျိုး​တဲ့ ဒေသ​တွေ​မှာ​ရှိတဲ့ အသင်းတော်တွေဆီ​ကို သုံးနှစ်​ကြာ လည်ပတ်​ခဲ့​ကြတယ်။ ကျွန်တော်​တို့​ဘဝက တကယ့်ကို​ပြောင်းလဲ​ခဲ့​တယ်။ ချစ်စရာ​ကောင်း​တဲ့ ညီအစ်ကို၊ ညီအစ်မ​တွေ​နဲ့​တွဲ​အမှုဆောင်​ရတာ ပျော်စရာ​ကောင်းတယ်။ မှန်တယ်လို့ ကျွန်တော်​တို့​သိထား​ရာ​ကို လုပ်ဆောင်တဲ့​အတွက် ကောင်းချီး​တွေ​ခံစား​ခဲ့​ရတယ်။

ခရစ်ယာန်​သာသနာပြု​တာဝန်

၁၉၅၈ ခုနှစ်​အကုန်ပိုင်း နယူးယောက်​မြို့မှာ​ကျင်းပ​မယ့် “မြင့်မြတ်​သော​အလိုတော်” အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​ကို သွား​တက်​ချင်​တယ်လို့ ဩစတြေးလျ​ဌာနခွဲ​ကို အကြောင်းကြား​လိုက်တယ်။ သူတို့က အကြောင်း​ပြန်စာ​နဲ့​အတူ အမေရိကန်​ပြည်ထောင်စု ဂိလဒ်​သာသနာပြု​ကျောင်း လျှောက်လွှာ​ပုံစံ​ကို တစ်​ပါ​တည်း ထည့်​ပေး​လိုက်တယ်။ ကျွန်တော်​တို့​အသက်​က ၃၅  နှစ်​ကျော်​နေပြီ​ဆိုတော့ ဂိလဒ်​တက်​ဖို့ အသက်​လွန်​နေပြီ​လို့ ထင်​ခဲ့​ကြတယ်။ ဘာပဲ​ဖြစ်ဖြစ်၊ လျှောက်လွှာ​ဖြည့်​ပြီး ပြန်ပို့​လိုက်တဲ့​အတွက် ၃၂ ကြိမ်​မြောက်​သင်တန်းတက်​ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ သင်တန်း​တစ်ဝက်​ကျိုး​တော့ အိန္ဒိယ​မှာ ခရစ်ယာန်​သာသနာပြု​ဖို့ တာဝန်ရ​ရှိခဲ့တယ်။ အစ​မှာ​တော့ စိုးရိမ်​မိ​ပေမဲ့ မှန်ရာကို​လုပ်ဆောင်​ချင်​တဲ့​အတွက် တာဝန်​ကို ဝမ်း​ပန်း​တ​သာ​လက်ခံ​လိုက်ကြတယ်။

သင်္ဘော​နဲ့ထွက်​လာပြီး ၁၉၅၉ ခုနှစ် တစ်မနက်​အစောကြီး​မှာ ဘုံဘေ​မြို့ (အခု မွန်​ဘိုင်း​မြို့) ကို​ကျွန်တော်​တို့ ရောက်​လာကြတယ်။ ဆိပ်​ခံ​တံတား​ပေါ်မှာ ရာနဲ့ချီ​တဲ့​အလုပ်သမားတွေ ပိုးလိုးပက်လက်​အိပ်​နေကြ​တယ်။ အနံ့​အသက်ကလည်း တစ်မျိုး​ပဲ။ နေ​ထွက်​လာတာ​နဲ့ ရှေ့ဆက်​ဘာတွေ​ကြုံ​မရ​လဲ​ဆိုတာ သိလာတယ်။ ဒီလို​အပူရှိန်​မျိုး တစ်ခါ​မှ​မခံစား​ဖူး​ဘူး။ ဘဲလ်​လ​ရ​တ်​မှာ ကျွန်တော်​တို့​နဲ့​အတူ ရှေ့ဆောင်​လုပ်ခဲ့တဲ့ ခရစ်ယာန်​သာသနာပြု​ဇနီး​မောင်နှံ လင်​တန်​နဲ့ ဂျဲ​နီ ဒါ​ဝါ​ရ်​တို့​က လာကြို​ပြီး မြို့လယ်ခေါင်​နား​မှာ​ရှိတဲ့ အိန္ဒိယ​ဗေသလ​အိမ် တိုက်ခန်း​ကျဉ်း​ကျဉ်း​လေး​ထဲ​ကို ခေါ်​သွားတယ်။ အဲ့ဒီ​မှာ ဗေသလ​စေတနာ့​ဝန်ထမ်း​ခြောက်​ယောက် နေကြ​တယ်။ ၁၉၂၆ ခုနှစ်​ကတည်းက အိန္ဒိယ​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြု​ခဲ့​တဲ့ ညီအစ်ကို​အက်​ဒ​ဝင် စ​ကင်​နာ​က ကျွန်တော်​တို့ တာဝန်ကျ​တဲ့​နေရာကို​မသွား​ခင် ခရီးဆောင်​အိတ်ကြီး​နှစ်လုံး​ဝယ်​ဖို့ အကြံပေး​တယ်။ ခရီးသည်​တွေ​က ခရီးဆောင်​အိတ်ထဲမှာ ပစ္စည်း​အကုန်​ထည့်​ပြီး သယ်သွား​တတ်ကြ​တယ်။ အဲဒီ​အိတ်တွေ​ကို အိန္ဒိယ​ရထား​တွေ​ပေါ်မှာ တွေ့​နေကျ​ဖြစ်​ပြီး ကျွန်တော်​တို့ နောက်ပိုင်း​ခရီးထွက်​တဲ့​အချိန်​မှာ အရမ်း​အသုံးဝင်​ခဲ့​တယ်။

ရထား​နဲ့ နှစ်​ရက်​ခရီး​သွားပြီး​တဲ့​နောက် ကျွန်တော်​တို့​တာဝန်ကျ​တဲ့ မဒရပ်​စ် (အခု တ​မီလ် နာ​ဒူ) ပြည်နယ်​တောင်ပိုင်း တီ​ရပ်​ချီ​ရက်​ပ​လီ​မြို့ကို ရောက်သွား​တယ်။ အဲ့ဒီ​မှာ လူဦးရေ ၂၅၀,၀၀၀ ကို​သက်သေခံ​နေတဲ့ အိန္ဒိယ​လူမျိုး အထူး​ရှေ့ဆောင်​သုံးယောက်​နဲ့ ကျွန်တော်​တို့ ပူးပေါင်း​ခဲ့​ကြတယ်။ လူနေမှု​အခြေအနေ​က ရိုးရှင်း​တယ်။ တစ်ခါ​တုန်း​က ကျွန်တော်​တို့​ဆီ​မှာ (အမေရိကန်​ဒေါ်လာ) ၄ ဒေါ်လာ​တောင် မကျန်​တော့​ဘူး။ ဒါပေမဲ့ အဲ့ဒီ​ပိုက်ဆံ ကုန်​သွားတဲ့အခါ ကျွန်တော်​တို့ကို ယေဟောဝါ မေ့မထား​ခဲ့​ဘူး။ ကျမ်းစာ​လေ့လာ​နေတဲ့ လူတစ်ယောက်က အစည်းအဝေးတွေ​ကျင်းပ​လို့​ရမယ့် သင့်တော်​တဲ့​အိမ်တစ်လုံး​ငှား​ဖို့ ပိုက်ဆံ​ထုတ်​ချေး​ခဲ့​တယ်။ ကျွန်တော်​တို့​ဆီ​မှာ စားစရာ​မရှိတော့တဲ့​တစ်ချိန်က အိမ်နီးချင်း​တစ်ယောက်​က ကျွန်တော်​တို့အတွက် ဟင်း​တွေ​ပို့ပေး​တယ်။ ကျွန်တော် ကြိုက်​ပါ​တယ်။ ဒါပေမဲ့ ဟင်း​မွှေး​မဆလာ​များ​လွန်းလို့ ကြို့ တောင်​ထိုး​တယ်။

လယ်ကွင်းတွင်

တီ​ရပ်​ချီ​ရက်​ပ​လီ​မြို့သား​တချို့က အင်္ဂလိပ်​လို​ပြောတတ်​ကြ​ပေမဲ့ အများစုက တ​မီလ်​လို​ပဲ​ပြော​ကြတယ်။ ဒါ​ကြောင့် လယ်ကွင်း​မှာ တ​မီလ်​စကား​နဲ့ သက်သေခံဖို့ ရိုးရှင်းတဲ့​တင်ဆက်​နည်းကို ကြိုးစား​သင်ယူ​ရတယ်။ ဒါနဲ့ နယ်​ခံ​တွေ​ရဲ့ လေးစားမှုကို ကျွန်တော်​တို့​ရခဲ့ကြတယ်။

တစ်အိမ်​တက်​ဆင်း​အမှုဆောင်​ရတာ အရမ်းပျော်​တယ်။ အိန္ဒိယ​လူမျိုး​တွေ​ရဲ့​စရိုက်​က ဧည့်ဝတ်​ပျူ​ငှာ​တတ်တယ်။ အများစုက အိမ်ထဲ​ကို​ဖိတ်ခေါ်​ပြီး ဧည့်ခံ​တတ်ကြ​တယ်။ တစ်ခါ​တ​လေ အပူချိန်​က ၁၀၀ ဒီဂရီ​ဖာရင်ဟိုက်​ထိ​ရှိတဲ့​အတွက် သူတို့ရဲ့​ဧည့်ဝတ်​ပျူ​ငှာ​မှု​ကို အရမ်း​ကျေးဇူး​တင်​မိတယ်။ သက်သေ​မခံခင် ကိုယ်ရေးကိုယ်တာ​အကြောင်း ပြောတတ်​ကြတယ်။ အိမ်ရှင်​တွေ​က ကျွန်တော်​တို့ကို မေးခွန်းထုတ်​တတ်တယ်။ “ဘယ်က​လာကြတာ​လဲ။ သားသမီး​ရှိသလား။ ဘာဖြစ်​လို့ မရှိတာ​လဲ။” အဲ့ဒီ​မေးခွန်း​ရောက်ရင် ဆရာဝန်​ကောင်း​တစ်ယောက်​ဆီ​သွား​ပြဖို့ လမ်းညွှန်​တတ်ကြ​တယ်။ ဘာပဲ​ဖြစ်ဖြစ် ဒီလို​စကားစမြည်​ပြော​ရင်း ကျွန်တော်​တို့​အကြောင်း မိတ်ဆက်​ပြီး ကျမ်းစာ​အခြေခံ​လုပ်ငန်းရဲ့​အရေးကြီးမှုကို ရှင်းပြ​ခွင့်​ရခဲ့တယ်။

ကျွန်တော်​တို့​သက်သေခံတဲ့ လူအများစုက ဟိန္ဒူ​ဘာသာဝင်​တွေ​ဖြစ်​ကြတယ်။ သူတို့ရဲ့​ယုံကြည်ချက်တွေ​က ခရစ်ယာန်​ဘာသာ​တရား​နဲ့ တခြား​စီ​ပဲ။ ဟိန္ဒူ​အတွေးအခေါ်ရဲ့​ရှုပ်ထွေးမှု​တွေ​ကို မဆွေးနွေး​ဘဲ ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်းကို ရိုးရိုးလေး​ပြောပြ​တဲ့​အခါ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်။ ခြောက်​လ​အတွင်းမှာ အ​ယောက် ၂၀ နီးပါး​လောက်​က ကျွန်တော်​တို့​ရဲ့​သာသနာပြု​အိမ်မှာ​ကျင်းပ​တဲ့ အစည်းအဝေးတွေကို စတက်​ကြတယ်။ အဲ့ဒီ​ထဲ​က တစ်ယောက်​က နာ​လာ​သာ​မ်​ဘီ​လို့​ခေါ်​တဲ့ မြို့​ပြ​အင်ဂျင်နီယာ​တစ်ယောက်​ဖြစ်တယ်။ နောက်ပိုင်း​မှာ သူနဲ့ သူ့ရဲ့​သား ဗီ​ဂျေ​ယာ​လ​န်​က လူ ၅၀ ကို ယေဟောဝါ​ရဲ့​ကျေးကျွန်​တွေ ဖြစ်​လာအောင် ကူညီ​ပေး​ခဲ့​ကြတယ်။ ဗီ​ဂျေ​ယာ​လ​န်​က အိန္ဒိယ​ဌာနခွဲ​မှာလည်း အတန်ကြာ အမှုဆောင်ခဲ့​ဖူး​တယ်။

ခရီးဆက်​ခြင်း

အိန္ဒိယ​ရောက်​တာ ခြောက်​လ​တောင် မပြည့်​သေး​ခင် အဲ့ဒီ​နိုင်ငံ​မှာ ပထမဦးဆုံး အမြဲတမ်း​ခရိုင်​ကြီးကြပ်မှူး​အဖြစ် အမှုဆောင်ဖို့ ကျွန်တော်​ဖိတ်ခေါ်​ခံရ​တယ်။ အိန္ဒိယ​နိုင်ငံ​တစ်လျှောက် ခရီးထွက်​ရတယ်။ စည်းဝေးပွဲ​တွေ​ကို စီစဉ်​ပေး​ရတယ်။ ဘာသာ​စကား​ကိုးမျိုး​ပြော​တဲ့ အုပ်စု​တွေ​နဲ့​အတူ​တွဲ​ပြီး အလုပ်လုပ်​ရတယ်။ အဲ့ဒီ​အလုပ်တွေ​က လုံ့လ​စိုတ်​ရတဲ့​အလုပ်တွေ​ဖြစ်တယ်။ ခြောက်​လစာ အဝတ်အစား​တွေ​နဲ့ ပစ္စည်းပစ္စယ​တွေ​ကို သံ​သေတ္တာ​သုံးလုံး​နဲ့ လက်​သုံး​တော်​ခရီးဆောင်​အိတ်တွေ​မှာ​ထည့်​ပြီး မဒရပ်​စ်​မြို့ (အခု​အခေါ် ချီ​နိုင်း) ကနေ ရထား​နဲ့​ထွက်​လာကြတယ်။ ခရိုင်​နယ်မြေ​က မိုင် ၄,၀၀၀ လောက်​ကျယ်​တဲ့​အတွက် ကျွန်တော်​တို့ အမြဲလိုလို​ခရီးထွက်​နေ​ရတယ်။ တစ်ခါ​တုန်း​က တနင်္ဂနွေ​နေ့မှာ တောင်ပိုင်း​ဘန်ဂလို​မြို့က စည်းဝေးပွဲ​ပြီးသွား​တာ​နဲ့ နောက်​အပတ်​မှာ ဟိ​မ​ဝန္တာ​တောင်​ခြေရင်း​က ဒါ​ရ်​ဂျ​လင်​မြို့မှာ​ကျင်းပ​မယ့် စည်းဝေးပွဲ​အတွက် မြောက်ပိုင်း​ကို ခရီးထွက်​ခဲ့​ရတယ်။ ဒါ​ရ်​ဂျ​လင်​မြို့ကို​ရောက်​ဖို့​မိုင် ၁,၇၀၀ လောက်​သွား​ရပြီး ရထား​ငါး​ခါ​ပြောင်း​စီး​ရတယ်။

အရင်တုန်းက​သွားခဲ့တဲ့ ခရီးစဉ်​တွေ​မှာ လုပ်ဆောင်​နေသော​ကမ္ဘာသစ်​အဖွဲ့အစည်း ရုပ်ရှင်​ပြ​ရတာ ပျော်စရာ​ကောင်းတယ်။ ဒီ​ရုပ်ရှင်​ကား​ကြောင့် ယေဟောဝါ​ရဲ့​မြေကြီး​အဖွဲ့အစည်း နယ်ပယ်​နဲ့​လှုပ်ရှားမှု​ကို လူတွေ သိခွင့်​ရခဲ့ကြတယ်။ တစ်ခါ​တ​လေ ရာနဲ့ချီ​လူတွေ လာ​ကြည့်​ကြတယ်။ တစ်ခါ​က လမ်းဘေး​မှာ​စု​နေတဲ့ အုပ်စု​တစ်စု​ကို အဲ့ဒီ​ရုပ်ရှင်​ပြ​ခဲ့​တယ်။ ရုပ်ရှင်​ပြ​နေတုန်း မိုး​တွေ​မဲ​မှောင်​လာတယ်။ တစ်ခါ​တုန်း​က ရုပ်ရှင်​ကို​ရပ်​လိုက်တာနဲ့ လူအုပ်​က ရုတ်ရုတ်သဲသဲ​ဖြစ်​ခဲ့​ကြ​လို့ အခု အမြန်​နှုန်း​နဲ့​ဆက်​ပြဖို့ ဆုံးဖြတ်​လိုက်တယ်။ မိုး​ဖွဲ​ကျ​လာတဲ့အခါ ရုပ်ရှင်​ပြီးသွား​လို့ တော်​သေး​တယ်။

နောက်​နှစ်တွေ​မှာ မယ်​လ​ဒီ​နဲ့​ကျွန်တော် အိန္ဒိယ​နိုင်ငံ​ဒေသ​အတော်များများကို ခရီးထွက်​ခဲ့​ကြတယ်။ ဒေသ​တစ်ခု​နဲ့​တစ်ခု​ရဲ့ အစားအသောက်၊ အဝတ်အစား၊ ဘာသာ​စကား၊ တောတောင်​ရှုခင်း​တွေ မတူကြတဲ့​အတွက် တစ်နိုင်ငံ​ပြီး​တစ်နိုင်ငံ​ကို ခရီးထွက်​နေရ​သလိုပဲ။ တကယ့်ကို​လှပတဲ့ ယေဟောဝါ​ရဲ့​ဖန်ဆင်း​ခြင်း​လက်ရာ အမျိုးမျိုးကို တွေ့ရ​တယ်။ အိန္ဒိယ​တောရိုင်း​တိရစ္ဆာန်​တွေ​လည်း တော်​တော်​လှတယ်။ တစ်ခါ​က နီ​ပါ​လီ​တော​မှာ စခန်းချ​နေတုန်း ကျား​ကြီး​တစ်ကောင်​ကို သေချာ​မြင်​လိုက်ရတယ်။ တကယ့်ကို ခံ့ညား​တဲ့​တိရစ္ဆာန်​တစ်ကောင်​ပဲ။ လူနဲ့​တိရစ္ဆာန် သင့်မြတ်​ကြ​တော့​မယ့် ပရဒိသု​မှာ​နေချင်​စိတ်​တွေ တဖွားဖွား​ပေါ်လာ​တယ်။

အဖွဲ့အစည်း​ဆိုင်ရာ​တိုးတက်မှု​များ

အဲ့ဒီ​အစောပိုင်း​အချိန်​က ယေဟောဝါ​အဖွဲ့အစည်း​ရဲ့ အစီအစဉ်တွေကို အိန္ဒိယ​က​ညီအစ်ကို​တွေ လိုက်လျှောက်ဖို့​လိုအပ်​ခဲ့​တယ်။ တချို့​အသင်းတော်​တွေ​မှာ အမျိုးသားတွေ​နဲ့ အမျိုးသမီးတွေ သတ်သတ်​စီ​ခွဲ​ထိုင်​ကြတယ်။ အစည်းအဝေးတွေကို အချိန်​မှန်မှန်​မစ​ကြဘူး။ ဒေသ​တစ်ခု​မှာ​ဆိုရင် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​တွေ​ကို စည်းဝေး​လာ​တက်​ဖို့ ခေါင်းလောင်း​အကျယ်ကြီး​ထိုး​ရတယ်။ နောက်​ဒေသ​တစ်ခု​မှာ ကြေညာသူ​တွေ​က နေကို​ကြည့်​ပြီး စည်းဝေး​စ​မယ်​လို့​ထင်​တဲ့​အချိန်​မှ ရောက်​လာကြတယ်။ စည်းဝေးပွဲ​တွေ ကျင်းပ​တာ၊ နယ်လှည့်​ကြီးကြပ်မှူး​တွေ လည်ပတ်တာ စနစ်တကျ​မရှိဘူး။ ညီအစ်ကို​တွေ​က မှန်ရာကို လုပ်ချင်​ကြ​ပေမဲ့ လေ့ကျင့်မှု​လို​နေတယ်။

၁၉၅၉ ခုနှစ်​မှာ ယေဟောဝါ​အဖွဲ့အစည်း​က ဘုရားသခင့်​နိုင်ငံတော်​ဓမ္မ​အမှု​ကျောင်း ဖွင့်​ခဲ့​တယ်။ အဲ့ဒီ​ကမ္ဘာချီ​လေ့ကျင့်ပေး​မှု​အစီအစဉ်​ကြောင့် တိုက်နယ်​ကြီးကြပ်မှူး​တွေ၊ အထူး​ရှေ့ဆောင်​တွေ၊ ခရစ်ယာန်​သာသနာပြုတွေ​နဲ့ အသင်းတော်​အကြီးအကဲ​တွေ​က ဝိညာဉ်​ရေး​တာဝန်​တွေ​ကို ပို​ပြီး​ထိထိရောက်ရောက် ထမ်းဆောင်​နိုင်​ခဲ့​ကြတယ်။ ၁၉၆၁၊ ဒီဇင်ဘာ​လ အိန္ဒိယ​နိုင်ငံ​မှာ အဲ့ဒီ​ကျောင်း​ဖွင့်​တဲ့​အခါ ကျွန်တော် သင်တန်းပို့ချ​ခဲ့​ရတယ်။ အဲ့ဒီ​လေ့ကျင့်မှု​က နိုင်ငံတစ်ဝန်း​မှာ​ရှိတဲ့ အသင်းတော်​တွေ​အတွက် တဖြည်းဖြည်း​အကျိုးရှိ​လာပြီး တစ်မုဟုတ်ချင်း တိုးတက်​လာတယ်။ မှန်ရာကို ညီအစ်ကို​တွေ သိလာတဲ့​အခါ အဲ့ဒီ​အတိုင်း​လုပ်ဖို့ ဘုရားသခင့်​ဝိညာဉ်​တော်​က လှုံ့ဆော်ပေး​ခဲ့​တယ်။

စည်းဝေးကြီး​တွေ​ကြောင့်​လည်း ညီအစ်ကို​တွေ အားတက်​ပြီး စည်းလုံး​ညီညွတ်​လာကြတယ်။ ထင်ရှား​တဲ့​စည်းဝေးကြီး​တစ်ခု​က​တော့ ၁၉၆၃ ခုနှစ်၊ န​ယူး​ဒေ​လီ​မြို့မှာ ကျင်းပ​တဲ့ “ထာဝရ​သတင်းကောင်း” အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​ဖြစ်တယ်။ အိန္ဒိယ​နိုင်ငံတစ်ဝန်း​မှာ​ရှိတဲ့ သက်သေခံတွေဟာ ဒီ​စည်းဝေးကြီး​တက်​ဖို့ မိုင်​ထောင်နဲ့​ချီ ခရီးထွက်​ခဲ့​ရတယ်။ အများစုက စည်းဝေးကြီး​တက်​ဖို့ သူတို့​စုဆောင်း​ထား​တဲ့​ငွေ အားလုံး​ကို သုံးခဲ့​ရတယ်။ ၂၇ နိုင်ငံ​ကနေ စည်းဝေးကြီး​တက်ရောက်​မယ့်​သူ ၅၈၃ ယောက်​လည်း ရောက်လာ​တာ​ကြောင့် ဒေသခံ​သက်သေခံတွေ​အတွက် သူတို့နဲ့တွေ့ဆုံ​ပြီး ပေါင်းသင်း​ရတာ ပထမဦးဆုံး​အကြိမ်​ဖြစ်တယ်။

၁၉၆၁  ခုနှစ်​မှာ  ဘုံဘေ​မြို့မှာ​ရှိတဲ့ ဗေသလ​အိမ်မှာ​အမှုဆောင်ဖို့ မယ်​လ​ဒီ​နဲ့​ကျွန်တော့်​ကို  ဖိတ်ခေါ်​ခဲ့​တယ်။  နောက်ပိုင်း​မှာ ကျွန်တော်​ဟာ ဌာနခွဲ​ကော်မတီ​အဖွဲ့ဝင်​တစ်ယောက်​ဖြစ်လာ​တယ်။ တခြား​အခွင့်အရေးတွေ​လည်း ရှိသေးတယ်။ အာရှ​နဲ့ အရှေ့​အလယ်ပိုင်းဒေသ​တစ်လျှောက်​မှာ ဇုန်​ကြီးကြပ်မှူး​အဖြစ် ကျွန်တော် နှစ်များ​စွာ လည်ပတ်​ခဲ့​ရတယ်။ အဲ့ဒီ​နိုင်ငံ​တွေ​အတော်များများမှာ ဟောပြောခြင်း​လုပ်ငန်း​ကို ပိတ်ပင်​ထား​တဲ့​အတွက် ဒေသခံ​ကြေညာသူ​တွေ​က “မြွေ​ကဲ့သို့ လိမ္မာ​လျက် ချိုးငှက်​ကဲ့သို့ အဆိပ်​ကင်း” ဖို့​လိုတယ်။—မဿဲ ၁၀:၁၆

တိုးချဲ့​ခြင်း​နှင့် ပြောင်းလဲမှု​များ

အိန္ဒိယ​ကို ကျွန်တော်​တို့ ပထမ​ဆုံး​ရောက်​ခဲ့​တဲ့ ၁၉၅၉ ခုနှစ်​က တစ်နိုင်ငံ​လုံး​မှာ ကြေညာသူ ၁,၅၁၄ ယောက်​ပဲ​ရှိသေးတယ်။ ဒီနေ့​ဆိုရင် ၂၄,၀၀၀ အထိ တိုးတက်​သွားပြီ။ တိုးတက်​လာတဲ့​အတွက် ဘုံဘေ​မြို့က ဗေသလ​အဆောက်အအုံ​သစ်​ကို နှစ်ခါ​ပြောင်း​ခဲ့​ရတယ်။ ၂၀၀၂၊ မတ်​လမှာ ဗေသလ​မိသားစုဟာ အိန္ဒိယ​နိုင်ငံ​တောင်ပိုင်း၊ ဘန်ဂလို​မြို့အနီး​က အဆောက်အအုံ​သစ်​ကို တစ်ခါ​ပြောင်းရွှေ့​ရ​ပြန်​တယ်။ အခု​ဆိုရင် အဲ့ဒီ​ခေတ်မီ​အဆောက်အအုံ​မှာ ဗေသလ​အိမ်သား ၂၄၀ နေထိုင်ပြီး တချို့က ကျမ်းစာ,စာပေ​စာတမ်း​တွေ​ကို ဘာသာ​စကား ၂၀ နဲ့​ပြန်ဆို​နေကြ​တယ်။

ဘန်ဂလို​ပြောင်း​မယ့်​နေ့ကို မယ်​လ​ဒီ​နဲ့​ကျွန်တော် မျှော်လင့်​ခဲ့​ကြ​ပေမဲ့ ကျန်းမာ​ရေး​ချူချာ​လာလို့ ၁၉၉၉ ခုနှစ်​မှာ ဩစတြေးလျ​ကို ပြန်​ခဲ့​ရတယ်။ အခု ဆစ်ဒနီ​ဗေသလ​အိမ်မှာ ကျွန်တော်​တို့ အမှုဆောင်​နေကြ​တယ်။ အိန္ဒိယ​နိုင်ငံ​ကနေ ကျွန်တော်​တို့ ထွက်​လာ​ခဲ့​ကြ​ပေမဲ့ အဲ့ဒီ​မှာ​ရှိတဲ့ ချစ်​ရတဲ့​မိတ်ဆွေတွေနဲ့ ဝိညာဉ်​ရေးသား​သမီးတွေကို သတိရ​ချစ်ခင်​နေဆဲ​ပါ။ သူတို့ဆီက​စာ​တွေ ရတဲ့အခါ သိပ်​ပျော်​တယ်။

အချိန်ပြည့်​လုပ်ငန်းမှာပါ​ဝင်​ခဲ့​တဲ့ အနှစ် ၅၀ ကျော်​ကို ပြန်ပြောင်း​ကြည့်​ရင် မယ်​လ​ဒီ​နဲ့​ကျွန်တော်​ဟာ ကောင်းချီး​တွေ အများကြီး​ခံစား​ခဲ့​ရတယ်။ အရင်က လူတွေရဲ့​ပုံ​ကို စက္ကူ​ပေါ်​စွဲထင်​အောင် လုပ်​ရတဲ့​အလုပ်​ထက် အခု ဘုရားသခင့်​မှတ်ဉာဏ်​ထဲမှာ လူတွေ​ဆက်​ရှင်သန်​နေ​အောင် လုပ်​ရတဲ့​အလုပ်​က ပို​မွန်မြတ်​တယ်။ ဘဝမှာ ဘုရားသခင့်​အလိုတော်ကို ရှေးဦး​ထား​လိုက်လို့ ရရှိ​လာတဲ့​တွေ့ကြုံမှု​တွေ​က တန်ဖိုး​ဖြတ်​လို့​မရဘူး။ ဘုရားသခင်​မိန့်ဆိုတဲ့​အတိုင်း လုပ်ဆောင်ခြင်းက တကယ့်ကို​ပျော်ရွှင်စရာ​ကောင်းတယ်။

[စာမျက်နှာ ၅ ပါ မြေပုံများ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

အိန္ဒိယ

န​ယူး​ဒေ​လီ

ဒါ​ရ်​ဂျ​လင်

မွန်​ဘိုင်း (ဘုံဘေ)

ဘန်ဂလို

မဒရပ်​စ် (ချီ​နိုင်း)

တီ​ရပ်​ချီ​ရက်​ပ​လီ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံများ]

၉၄၂ ခုနှစ်​တွင် ဟေ​ဒါ​န်​နှင့်​မယ်​လ​ဒီ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

၁၉၇၅၊ အိန္ဒိယ​ဗေသလ​မိသားစု