မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လန်းဆန်းစေသော အကျိုးပြုအပန်းဖြေမှု

လန်းဆန်းစေသော အကျိုးပြုအပန်းဖြေမှု

လန်းဆန်း​စေသော အကျိုးပြု​အပန်းဖြေမှု

“သင်တို့သည် စား​သော်လည်း​ကောင်း၊ သောက်​သော်လည်း​ကောင်း၊ မည်သည့်​အမှုကို ပြု​သော်လည်း​ကောင်း၊ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကိစ္စ​ကို ပြု​ကြလော့။”—၁ ကောရိန္သု ၁၀:၃၁

၁၊ ၂။ ပျော်ရွှင်ဖွယ်​ကောင်းသော လုပ်ဆောင်မှုများ​ကို “ဘုရားသခင်​၏​ဆုကျေးဇူး” တစ်ခု​အဖြစ် အဘယ်ကြောင့်​ယူမှတ်​နိုင်​သနည်း။ သို့​တိုင် သမ္မာကျမ်းစာ​က မည်သို့​ပွင့်ပွင့်လင်းလင်း သတိပေး​ထား​သနည်း။

ပျော်စရာ​ကောင်း​သည့် လုပ်ဆောင်မှုများ​တွင် ပါဝင်​လို​ကြ​ခြင်း​မှာ သဘာဝ​ပင်။ ကျွန်ုပ်​တို့၏ ပျော်ရွှင်​သည့်​ဘုရားသခင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ပျော်မွေ့ စေ​လို​တော်​မူ​ပြီး ပျော်မွေ့ နိုင်​သည့် နည်းလမ်း​အသွယ်သွယ်​ကိုလည်း အလျှံပယ် စီမံ​ပေး​ထား​တော်​မူ​၏။ (၁ တိမောသေ ၁:၁၁; ၆:၁၇) ပညာရှိ​ရှောလမုန်​ဘုရင်​က ဤသို့​ရေးသားခဲ့​သည်– “ရွှင်လန်း ခြင်း  . . .  ထက် . . . သာ၍​ကောင်းသော အမှုအရာ​မရှိကြောင်း​ကို ငါ​သိမြင်​၏။ လူတိုင်း​စားသောက်ခြင်း၊ မိမိ​ပင်ပန်း​စွာ​လုပ်ကိုင်​သမျှ​သော​အမှု၌ ပျော်မွေ့ခြင်း​များသည် မုချ​အားဖြင့်  ဘုရားသခင်​၏​ဆုကျေးဇူး​တော်​ဖြစ်၏။”—ဒေ. ၃:၁၂၊ ၁၃သမ္မာ။

အထူးသဖြင့် မိသားစု သို့​မဟုတ် မိတ်ဆွေများ​နှင့်အတူ ပျော်ရွှင်စွာ​ပြုလုပ်​ခဲ့​သော ပြီးမြောက်​အောင်မြင်မှု​ကို ပြန်လည်​သုံးသပ်​ရာ​မှ ဖြစ်ပေါ်​လာ​သည့် ဝမ်းမြောက်မှု​သည် အမှန်ပင် လန်းဆန်းမှု​ဖြစ်သည်။ ယင်းကို “ဘုရားသခင်​၏​ဆုကျေးဇူး” တစ်ခု​အဖြစ် သင့်လျော်​စွာ ယူမှတ်​နိုင်၏။ သို့သော် ဖန်ဆင်း​ရှင်​သည် ဆုကျေးဇူး​များ အလျှံပယ်​စီမံ​ပေး​ထားသော​ကြောင့် ကျွန်ုပ်​တို့ စည်း​လွတ်​ဝါး​လွတ် ပျော်ရွှင်​ခွင့်​ရှိသည်​ဟု မဆိုလို​ပါ။ သမ္မာကျမ်းစာ​က သောက်ကြူး​ခြင်း၊ စားကြူး​ခြင်း​နှင့် အကျင့်​ယိုယွင်းခြင်း​တို့ကို ပြစ်တင်​ရှုတ်ချ​ထားပြီး ထိုသို့​သော​အကျင့်​များ​ကို ပြုကျင့်​သူတို့သည် “ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေမခံ​ရ​ကြ” ဟု သတိပေး​ထား​၏။—၁ ကောရိန္သု ၆:၉၊ ၁၀; သု. ၂၃:၂၀၊ ၂၁; ၁ ပေတရု ၄:၁-၄

၃။ ဝိညာဉ်ရေးတွင် နိုးနိုးကြားကြား​ရှိနေ​ရန်​နှင့် ယေဟောဝါ​၏​နေ့ကြီး​ကို စိတ်​စွဲမှတ်​ထား​ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို ကူညီ​ပေး​မည်​နည်း။

တစ်ခါ​နှင့်​မျှ​မတူ​အောင် ခဲယဉ်း​သော ဤ​နောက်ဆုံး​ကာလ​၌ ခရစ်ယာန်​များသည် ပျက်စီး​ယိုယွင်းသော​လောက​၏ အကျင့်​စရိုက်​များ​ကို မခံယူ​ဘဲ ပညာသတိ​ရှိ​ရှိ နေထိုင်ရန် အထူး​ကြိုးစား​ကြဖို့​လို​သည်။ (ယောဟန် ၁၇:၁၅၊ ၁၆) ကြို​ဟောထား​သည့်​အတိုင်း မျက်မှောက်ခေတ် လူမျိုးဆက်​သည် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ မကြာမီ​ကျရောက်​တော့​မည်​ဟူသော သက်သေ​အထောက်အထားကို ဂရုမစိုက်၊ “သတိမဲ့” နေကြ​သည်​အထိ “ဘုရားသခင်​ကို​နှစ်သက်​သည်ထက် ကာ​မ​ဂုဏ်​ခံစားခြင်း​ကို သာ၍​နှစ်သက်သော​သူ” များ​ဖြစ်လာ​ကြသည်။ (၂ တိမောသေ ၃:၄၊ ၅; မဿဲ ၂၄:၂၁၊ ၃၇-၃၉) မိမိ​နောက်လိုက်​များ​ကို ယေရှု ဤသို့​သတိပေး​ခဲ့​သည်– ‘သင်တို့သည် ကိုယ်ကို​ကိုယ်​သတိပြု​ကြလော့။ သို့​မဟုတ် အစားအသောက်​လွန်ကြူး​ခြင်း၊ လောက​စိုးရိမ်ခြင်း​အားဖြင့် စိတ်နှလုံး​ပင်ပန်း​လျက်​နေစဉ်​တွင် ထို​နေ့ရက်​သည် အမှတ်တမဲ့ သင်တို့​နှင့်​တွေ့ကြုံ​လိမ့်​မည်။’ (လုကာ ၂၁:၃၄၊ ၃၅) ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ကျေးကျွန်​များ​အနေ​နှင့် ယေရှု၏ သတိပေး​ချက်​ကို အလေးဂရုပြု​ဖို့ သန္နိ​ဋ္ဌာန်​ချထား​ကြ​၏။ ကျွန်ုပ်​တို့​ပတ်ပတ်လည်​ရှိ ဘာသာ​တရား​မဲ့​လောက​မှ လူ​တို့​နှင့်​မတူဘဲ ကျွန်ုပ်​တို့သည် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြား​ရှိနေ​ရန်​နှင့် ယေဟောဝါ​၏​နေ့ကြီး​ကို စိတ်ထဲ​စွဲမှတ်​ထား​ရန် ကြိုးစား​နေကြ​သည်။—ဇေဖနိ ၃:၈; လုကာ ၂၁:၃၆

၄။ (က) လက်ခံနိုင်ဖွယ် အပန်းဖြေမှု​ကို အဘယ်ကြောင့် ရှာတွေ့​ဖို့ မလွယ်​သနည်း။ (ခ) ဧဖက် ၅:၁၅၊ ၁၆ ပါ အဘယ်​ဆုံးမ​စကား​ကို ကျွန်ုပ်​တို့ ကျင့်သုံး​လို​ကြ​သနည်း။

ဤ​လောက​၏ အကျင့်ပျက်​ပြား​မှုများ​နှင့် ကင်းကင်းရှင်းရှင်း​နေ​ရန်​မှာ မလွယ်ကူ​ချေ။ အကြောင်း​မှာ စာတန်​သည် ယင်း​အကျင့်​စရိုက်​များ​ကို အလွန်​နှစ်​လို့ ဖွယ်​ဖြစ်အောင်၊ တုပ​ရလွယ်​အောင် ပြုလုပ်​ထား​၍​ဖြစ်သည်။ အထူးသဖြင့် အပန်းဖြေမှု​တွင် အခက်အခဲ​တွေ့ရှိ​ရသည်။ ဤ​လောက​ကမ်း​လှမ်း​သမျှ​သည် “ကိုယ်ကာယ​တပ်မက်​ခြင်း” အတွက် အလွန်​ဆွဲဆောင်မှု​ဖြစ်သည်။ (၁ ပေတရု ၂:၁၁) အန္တရာယ်​ရှိသော​ဖျော်ဖြေမှု​သည် နေရာအနှံ့​တွင် ရှိ​နိုင်​သည့်​အပြင် စာအုပ်​စာပေ၊ တီဗွီ၊ အင်တာနက်​နှင့် ဗီဒီယို​တို့​မှ​တစ်ဆင့်​လည်း အိမ်​အတွင်း​သို့ မသိမသာ​ရောက်လာ​နိုင်၏။ ထို့​ကြောင့် ခရစ်ယာန်​များ​ကို သမ္မာကျမ်းစာ​က ပညာရှိ​စွာ ဤသို့​ဆုံးမ​ထား​သည်– “ပညာ​မဲ့​ကဲ့သို့​မဟုတ်၊ ပညာရှိ​ကဲ့သို့ စေ့စေ့​မြေ့​မြေ့ ကျင့်ဆောင်​မည်​အကြောင်း သတိပြု​ကြလော့။ ယခု​နေ့ရက်​ကာလ​တို့သည် ဆိုးယုတ်​သောကြောင့် ကာလ​အချိန်ကို ရွေးနုတ်​ကြလော့။” (ဧဖက် ၅:၁၅၊ ၁၆) ကျွန်ုပ်​တို့သည် ဤ​ဆုံးမ​စကား​ကို အသေအချာ​လိုက်နာ​မှ​သာ​လျှင် အန္တရာယ်​ရှိ​ဖျော်ဖြေမှု​၏ သွေးဆောင်မှု​မခံရ​ဘဲ ယင်းကြောင့် အချိန်ကုန်​မည်​မဟုတ်​ချေ။ ယေဟောဝါ​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး ပျက်စီး​ကာ ဖျက်ဆီးခြင်း​ဘေး​တွင် ပါသွား​လိမ့်​မည်​မဟုတ်​ချေ။—ယာကုပ် ၁:၁၄၊ ၁၅

၅။ ကျွန်ုပ်​တို့သည် အကြီးမားဆုံး​သော လန်းဆန်းမှု​ကို အဘယ်အရာ​မှ ရရှိကြ​သနည်း။

ခရစ်ယာန်​များသည် အလွန်​အလုပ်များ​သဖြင့် တစ်ခါတစ်ရံ အပန်းဖြေ​ဖို့​လိုအပ်​ကြသည်။ အမှန်​ဆို​ရ​လျှင် ဒေ. ၃:၄ က “ရ​ယ်​ရသော​အချိန်” နှင့် “ကခုန်​ရသော​အချိန်” ရှိသည်​ဟု​ဆို​၏။ ထို့ ကြောင့် သမ္မာကျမ်းစာ​က အပန်းဖြေမှု​ကို အချိန်ဖြုန်း​ခြင်း​ဟု မသတ်မှတ်​ချေ။ သို့သော် အပန်းဖြေမှု​သည် ကျွန်ုပ်​တို့ကို လန်းဆန်း​စေ​သင့်​ကာ ဝိညာဉ်​ရေး​ကို အန္တရာယ်​မသင့်​စေ​ဘဲ ဝိညာဉ်​ရေး​လုပ်ငန်းဆောင်တာ​များ​ကိုလည်း မ​ဟန့်တား​စေ​သင့်​ချေ။ ရင့်ကျက်သော​ခရစ်ယာန်​များသည် ပေးကမ်း​ခြင်း​မှ ပျော် ရွှင်​မှု​ပို​ရ​ကြောင်း အတွေ့အကြုံ​မှ​တစ်ဆင့် သိရှိ​ကြသည်။ သူတို့သည် ယေဟောဝါ​၏​အလိုတော်​ဆောင်ခြင်း​ကို ပထမ​နေရာတွင်​ထားပြီး ယေရှု၏​ထမ်း​လွယ်​သော ထမ်းပိုး​ကို​ထမ်း​ခြင်း​ဖြင့် သူတို့၏ ‘စိတ်နှလုံး​ကို’ အမှန်တကယ် လန်းဆန်း​စေ​ကြသည်။—မဿဲ ၁၁:၂၉၊ ၃၀; တမန်​တော် ၂၀:၃၅

လက်သင့်ခံ​နိုင်သော အပန်းဖြေမှု​ကို ရွေးချယ်ခြင်း

၆၊ ၇။ မည်သည့်​ဖျော်ဖြေရေး​ကို လက်ခံသင့်​မသင့် အဘယ်အရာက သင့်​အား ဆုံးဖြတ်​စေနိုင်​သနည်း။

တစ်စုံတစ်ရာ​သော အပန်းဖြေမှု​သည် ခရစ်ယာန်​တစ်ဦး​အတွက် လက်သင့်ခံ​နိုင်​ဖွယ်​ဖြစ်​ကြောင်း မည်သို့​အသေအချာ​သိနိုင်​သနည်း။ မိဘတို့​သည် မိမိတို့၏​သားသမီး​များ​ကို လမ်းညွှန်​ပေး​နိုင်​ကြ​ပြီး အကြီးအကဲ​များ​က​လည်း လိုအပ်​သလို အကူအညီ​ပေး​နိုင်​ကြ​ပါ​သည်။ အမှန်​မှာ စာအုပ်​တစ်အုပ်၊ ဇာတ်​ကား​တစ်ကား၊  ကစား​နည်း​တစ်မျိုး၊ အ​က​တစ်မျိုး၊ တေးသီချင်း​တစ်ပုဒ်​သည် နှစ်သက်​လက်ခံဖွယ်​ဟုတ်မဟုတ် သူတစ်ပါး​ပြောပြ​စ​ရာ မလို​ချေ။ ရင့်ကျက်သူ​တို့သည် “ကိုယ့်​အာရုံများ​ကို အသုံးပြု​တတ်​သဖြင့် အလေ့အကျင့်​ရှိ၍ ကောင်း​မကောင်း​ကို ပိုင်းခြား​သိနိုင်” ကြသည်​ဟု ပေါလု​က​ဆို​၏။ (ဟေဗြဲ ၅:၁၄သမ္မာ; ၁ ကောရိန္သု ၁၄:၂၀) သမ္မာကျမ်းစာ​သည် လမ်းညွှန်​မူများ​ကို ဖော်ပြ​သည်။ ကျမ်းစာ​ဖြင့်​လေ့ကျင့်​ထားသော သင်၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ဂရုပြု​မည်​ဆိုလျှင် ယင်းက အကူအညီ​ပေး​ပါ​လိမ့်​မည်။—၁ တိမောသေ ၁:၁၉

ယေရှု​က “အသီး​အားဖြင့် အပင်​၏​သဘော​ထင်ရှား” ကြောင်း မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၁၂:၃၃) အပန်းဖြေ​ပုံ​သည် ပုပ်ပျက်​သည့်​အသီး ဖြစ်သော အကြမ်းဖက်မှု၊ အကျင့်​ယိုယွင်းမှု သို့​မဟုတ် နတ်​ဝိဇ္ဇာ​အတတ်​လိုက်စားမှု​တို့ကို ဖြစ်ပွား​စေမည် ဆိုလျှင် ယင်းကို ငြင်းပယ်​သင့်​၏။ အပန်းဖြေမှု​သည် အသက်​အန္တရာယ်​ရှိ​မည်၊ ကျန်းမာ​ရေး​ကို ထိခိုက်​မည်၊ စီးပွားရေး​ထိခိုက်​မည်၊ စိတ်ဓာတ်ကျ​စေမည်၊ သူတစ်ပါးကို ထိမိ​လဲ​စေမည်​ဆိုလျှင်​လည်း လက်ခံနိုင်ဖွယ်​မရှိ​ချေ။ မိမိ​ညီအစ်ကို​၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထိခိုက်​စေမည်​ဆိုလျှင် အပြစ်​ရှိကြောင်း တမန်​တော်​ပေါလု​က သတိပေး​သည်။ ပေါလု​ဤသို့​ရေးသားခဲ့​၏– “သင်တို့သည် ညီအစ်ကို​တို့ကို ထိုသို့​ပြစ်မှား​၍ သူတို့၌ ကိုယ်ကို​ကိုယ်​သိ​သော အားနည်း​သော​စိတ်​ကို ထိခိုက်​သောအခါ၊ ခရစ်တော်​ကိုလည်း ပြစ်မှား​ရာ​သို့​ရောက်​၏။ သို့ ဖြစ်၍၊ ငါ​၏​အစားအသောက်​သည် ငါ့​ညီအစ်ကို​ကို မှားယွင်း​စေ​လျှင်၊ ငါ့​ညီအစ်ကို​၌ မှားယွင်း​စ​ရာ​အကြောင်း​မရှိစေ​ခြင်း​ငှာ၊ အ​မဲ​သားကို အစဉ်မပြတ်​ရှောင်​ရမည်။”—၁ ကောရိန္သု ၈:၁၂၊ ၁၃

၈။ အီလက်ထရွန်နစ်​ဂိမ်း​ကစား​ခြင်း​နှင့် ဗီဒီယို​ခွေ​များ​ကြည့်​ခြင်း​တွင် အဘယ်​အန္တရာယ်များ​ရှိ​သနည်း။

စ​တိုး​ဆိုင်​များ​တွင် အီလက်ထရွန်နစ်​ဂိမ်း​နှင့် ဗီဒီယို​ခွေ​များ အပြည့်​ရှိသည်။ ဗီဒီယို​ခွေ​တချို့​သည် အန္တရာယ်ကင်း​သည့်​ပျော်စရာ၊ အပျင်း​ပြေ​စ​ရာ ဖြစ်စေ​သော်လည်း အများစုမှာ ကျမ်းစာ​ရှုတ်ချ​ထား​သည့် အရာများ​ကို တိုး၍​တိုး၍​တင်ဆက်​နေသည်။ ဗီဒီယို​ဂိမ်း​တွင်​ပါဝင်သူ​များသည် ကိုယ်လက်​အင်္ဂါ​ဖြတ်တောက်၊ သတ်ဖြတ် သို့​မဟုတ် ဆိုးဆိုးရွားရွား ညစ်ညမ်း​လျှင် ယင်းသည် အန္တရာယ်ကင်း​သော အပျော်သက်သက်​မဟုတ်​တော့​ကြောင်း သေချာ​သည်။ ယေဟောဝါ​သည် “ကြမ်းကြုတ်ခြင်း​နှစ်သက်သော​သူ” တို့ကို မုန်းတော်မူ​၏။ (ဆာလံ ၁၁:၅သမ္မာ; သု. ၃:၃၁; ကောလောသဲ ၃:၅၊ ၆) ထို​ဂိမ်း​ကို​ကစား​ခြင်း​ကြောင့် သင်သည် လောဘ​ကြီး​လာ​မည်၊ ရန်လို​လာ​မည်၊ စိတ်​ပင်ပန်း​လာ​မည်၊ အဖိုးတန်​အချိန်ကို ဖြုန်းတီး​နေ​မည်​ဆိုပါ​က ဝိညာဉ်​ရေး​အန္တရာယ် သင့်​နေပြီ​ဖြစ်​ကြောင်း ဂရုပြု​ကာ လျင်မြန်​စွာ ပြုပြင်​ပြောင်းလဲ​လိုက်ပါ။—မဿဲ ၁၈:၈၊ ၉

အကျိုးပြု​နည်းများဖြင့် အပန်းဖြေ​နိုင်​ပုံ

၉၊ ၁၀။ ပိုင်းခြား​သိမြင်​သူများ​သည် မည်သို့​အပန်းဖြေ​နိုင်​ကြ​သနည်း။

တစ်ခါတစ်ရံ ခရစ်ယာန်​များ ဤသို့​မေး​ကြသည်– “လက်ခံနိုင်ဖွယ်​အပန်းဖြေမှု​ဆိုတာ ဘာလဲ။ ဒီ​လောက​ကမ်း​လှမ်း​တဲ့​အရာ​တွေ​က ကျမ်းစာ​စံနှုန်း​တွေ​နဲ့​မကိုက်ညီ​တဲ့ အရာ​တွေ​ချည်း​ပဲ။” အကျိုးပြု​အပန်းဖြေမှု အမှန်တကယ်​ရှိသည်။ သို့သော် ယင်းကို​ရဖို့ အထူးသဖြင့် မိဘများ​က ကြိုတင်​စီစဉ်​ပြီး ကြိုးစား​အားထုတ်​ရမည်။ လူအများသည် အကျိုးပြုသော အပန်းဖြေမှု​ကို မိသားစု​အသိုင်းအဝိုင်း​နှင့် အသင်းတော်​အတွင်း​တွင် တွေ့ရှိ​ကြသည်။ အေးအေးဆေးဆေး စားသောက်​ရင်း တစ်နေ့တာ​ကြုံတွေ့​ခဲ့​ရာ​များ​ကို ပြန်​ပြော​ခြင်း သို့​မဟုတ် ကျမ်းစာ​အကြောင်းအရာ​တစ်ခုခု​ကို ဆွေးနွေးခြင်း​သည် နှစ်သက်ဖွယ်​ဖြစ်​ပြီး တည်ဆောက်မှု​လည်း​ဖြစ်စေ​သည်။ ပျော်ပွဲစား​ထွက်​ခြင်း၊ သင့်လျော်​သောက​စား​နည်း​များ ကစား​ခြင်း​နှင့် စိတ်ဝင်စားဖွယ်​နေရာများ​သို့ ခရီးထွက်​ခြင်း​တို့ကို စီစဉ်​နိုင်​ပေ​သည်။ ယင်း​သို့​သော အကျိုးပြု​အပန်းဖြေမှု​သည် ပျော်ရွှင်​စေ​သည်​သာမက အကျိုး​လည်း​ရှိစေ​နိုင်၏။

၁၀ သားသမီး​သုံးဦး​ကို ကျွေးမွေး​ပြုစု​ခဲ့​ရသည့် အကြီးအကဲ​တစ်ဦး​နှင့် သူ၏​ဇနီးသည်​တို့​က ဤသို့​ပြောပြ​သည်– “ကျွန်တော်​တို့ ဘယ်​ကို အားလပ်ရက်​အပန်းဖြေ ခရီးထွက်​ကြ​မယ်​ဆိုတာ ကလေး​တွေ​ကို ငယ်ငယ်​လေး​ကတည်းက ပါဝင်​ရွေးချယ်​စေ​ခဲ့​တယ်။ တစ်ခါ​တ​လေ ကလေး​တစ်ယောက်စီ​ရဲ့ သူငယ်ချင်း​ကောင်း​ကို ခေါ်ဖိတ်​ခွင့်ပြု​တဲ့​အခါ အားလပ်ရက်​အပန်းဖြေမှုက ပို​ပြီး​ပျော်စရာ​ကောင်း​သွားတယ်။ ကလေး​တွေ​ရဲ့​ဘဝမှာ​ဖြစ်​ခဲ့​တဲ့ အရေးပါတဲ့​ဖြစ်ရပ်​တချို့​ကို အမှတ်ရနေ​ကြသေးတယ်။ အခါ​အား​လျော်​စွာ ကျွန်တော်​တို့​အိမ်ကို အသင်းတော်က မိသားစု​တွေ၊ မိတ်ဆွေတွေကို ခေါ်ဖိတ်​တယ်။ ခြံဝင်း​ထဲမှာ ချက်ပြုတ်​စားသောက်​ပြီး ကစား​ခဲ့​ကြတယ်။ တောင်တန်း​တွေ​ဘက်​ကို ကားမောင်း​ထွက်​ပြီး လမ်းလျှောက်တဲ့​အခါ​တွေ​မှာ ယေဟောဝါ​ရဲ့​ဖန်ဆင်း​ခြင်း​အကြောင်း လေ့လာ​ခဲ့​ကြတယ်။”

၁၁၊ ၁၂။ (က) ရံဖန်ရံခါ အပန်းဖြေ​စဉ်​တွင် အခြား​သူတို့ကို ပါဝင်​စေရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ (ခ) မည်သို့သော​စုဆုံမှု​များ​က လူများစွာ​အတွက် အမှတ်တရ​ဖြစ်​ခဲ့ပြီ​နည်း။

၁၁ ရံဖန်ရံခါ အပန်းဖြေ​ရန် စီစဉ်​ရာ​တွင် တစ်ဦးစီ​အနေ​နှင့်​ဖြစ်စေ၊ မိသားစု​လိုက်​ဖြစ်စေ အားပေးမှု​လိုအပ်​နေသော မုဆိုးမ၊ တစ်ကိုယ်ရေ​သ​မား၊ ကြင်ဖော်​မဲ့​မိသားစု​စ​သည့် အခြား​သူတို့ကို ပါဝင်​စေခြင်း​ဖြင့် တိုးချဲ့​နိုင်​မည်​လော။ (လုကာ ၁၄:၁၂-၁၄) လူသစ်​တချို့​ကို ဖိတ်ခေါ်​နိုင်​သော်လည်း မကောင်းသော​ပေါင်းသင်းမှု​မဖြစ်စေ​ဖို့ သတိပြု​ရမည်။ (၂ တိမောသေ ၂:၂၀၊ ၂၁) အိမ်ပြင်ထွက်​ဖို့ အခက်အခဲ​ရှိသော အိုမင်းမစွမ်း​ဖြစ်နေ​သူများ​နှင့် အတူတကွ​စားသုံး​ကြဖို့ သူတို့​အိမ်​သို့ စားစရာ​များ​ယူသွား​ရန် စီစဉ်​နိုင်​ပေ​သည်။—ဟေဗြဲ ၁၃:၁၊ ၂

၁၂ အတူတကွ​စားသောက်​ကြ​စဉ် မည်သို့​ခရစ်ယာန်​ဖြစ်လာ​ပုံ၊ ဘုရားသခင်​အပေါ် ဆက်လက်​တည်ကြည်​နိုင်​ခဲ့​ပုံ​တို့ကို ပြောဆို​ကြ​ခြင်း​သည် လူအများ​အတွက် အမှတ်တရ​ဖြစ်​ခဲ့​သည်။ ကလေး​များ​အပါအဝင် ရှိနေ​သူအား​လုံး​တို့ကို ကျမ်းစာ​အကြောင်းအရာ​တစ်ခုခု ဆွေးနွေး​ရာ​တွင် ပါဝင်​စေနိုင်​သည်။ ထိုသို့​ပြောဆို​ဆွေးနွေး​ရာ​တွင် မည်သူမျှ မဝံ့မရဲ​ဖြစ်စရာ​မလို၊ မသိ​နားမလည်​ဟု ယူမှတ်​စ​ရာ​မလို​ဘဲ အချင်းချင်း​အားပေး​တည်ဆောက်​နိုင်​ကြသည်။

၁၃။ ယေရှု​နှင့်​ပေါလု​တို့သည် ဧည့်ဝတ်​ပျူငှာခြင်း​နှင့် ခံယူ​ခြင်း​၌ အဘယ်​ပုံသက်သေ ပြတော်မူ​ခဲ့​သနည်း။

၁၃ ယေရှုသည် ဧည့်ဝတ်​ပျူ​ငှာ​မှု​ပြ​ခြင်း​နှင့် ခံယူ​ခြင်း​၌ ပုံသက်သေ​ကောင်း​ပြတော်မူ​ခဲ့​၏။ ကိုယ်တော်​သည် ယင်း​သို့​သောအခါ​သမယ​များ​တွင် ဝိညာဉ်​ရေးရာ​တို့ကို အမြဲ​ပြောဆို​တော်​မူ​ခဲ့​သည်။ (လုကာ ၅:၂၇-၃၉; ၁၀:၄၂; ၁၉:၁-၁၀; ၂၄:၂၈-၃၂) ကိုယ်တော်​၏​ပုံသက်သေ​ကို အစောပိုင်း​တပည့်​များ တုပ​ခဲ့​ကြ​၏။ (တမန်​တော် ၂:၄၆၊ ၄၇) တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “သင်တို့သည် မြဲမြံ​ခိုင်ခံ့​မည်​အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်​ဆုကျေးဇူး​တစ်စုံတစ်ခု​ကို အပ်ပေး​ခြင်း​ငှာ၊ သင်တို့ကို အလွန်​တွေ့မြင်​ချင်​ပါ​၏။ ထိုသို့​ဆို​သော်၊ ငါ​နှင့်​သင်တို့သည် ယုံကြည်​သော​အားဖြင့် အချင်းချင်း​အားရ​သက်သာခြင်း​သို့ ရောက်​ကြ​မည်​အကြောင်းကို ဆိုလို​သတည်း။” (ရောမ ၁:၁၁၊ ၁၂) ထို​နည်းတူ ကျွန်ုပ်​တို့​ပေါင်းသင်း​ချိန်​သည် အပြန်အလှန်​အားပေး​ကြ​သည့်​အချိန်​များ ဖြစ်​သင့်​သည်။—ရောမ ၁၂:၁၃; ၁၅:၁၊ ၂

သတိပေး​နှိုးဆော်ချက်​များ

၁၄။ လူများ​သော မိတ်ဆုံပွဲ​များ​ကို အဘယ်ကြောင့် အားမပေး​သနည်း။

၁၄ မိတ်ဆုံပွဲ​များ​သို့ လူများ​များ မဖိတ်​ခေါ်​သင့်​ပေ။ ဤသို့​သော​ပွဲ​များ​ကို ကြီးကြပ်​ကွပ်ကဲ​ရန် ခဲယဉ်း​သည်။ မိသားစု​အချို့​သည် ဝိညာဉ်​ရေး​လုပ်ဆောင်မှုများ မရှိ​ချိန်​တွင် အတူတကွ ပျော်ပွဲစား​ထွက်​လို​ကြ​ပေမည်။ သို့​မဟုတ် အပျော်တမ်း ပူးပေါင်း​ကစား​လို​ကြ​ပေမည်။ မိတ်ဆုံပွဲ​တစ်ခု​တွင် အကြီးအကဲ၊ ဓမ္မ​အမှုထမ်း​နှင့် အခြား​ရင့်ကျက်သူ​တို့​ရှိနေ​မည်​ဆိုလျှင် သူတို့သည် ကောင်းသော​သြဇာလွှမ်း​မှု​ဖြစ်​ကြ​သည့်​အတွက် ထို​အခါသမယ​သည် ပို​၍​လန်းဆန်း​စ​ရာ​ဖြစ်​နိုင်​ပါ​သည်။

၁၅။ ဧည့်ခံသူ​သည် အဘယ်ကြောင့် လျောက်ပတ်​စွာ ကြီးကြပ်​ကွပ်ကဲ​သင့်​သနည်း။

၁၅ မိတ်ဆုံပွဲ​များ​စီစဉ်သူ​တို့သည် ကောင်းစွာ ကြီးကြပ်​ကွပ်ကဲ​ရန်လို​သည်ကို လျစ်လျူ​မ​ရှု​သင့်​ချေ။ သင်သည် ဧည့်ဝတ်ပြု​လို​သော်လည်း သင်၏​ပေါ့ဆမှု​ကြောင့်၊ သင့်​အိမ်​တွင် ဖြစ်ပျက်​ခဲ့​သော​အမှု​တစ်ခု​ကြောင့် ဧည့်သည်​တစ်ဦး ထိမိ​လဲသွား​ကြောင်း သိလိုက်ရ​လျှင် စိတ်မကောင်း​ဖြစ်​မည် မဟုတ်ပေ​လော။ တရားဟောရာ ၂၂:၈ တွင် ဖော်ပြ​ထား​သည့်​မူကို သုံးသပ်ကြည့်​ပါ။ ဣသရေလ​တစ်ဦး​သည် အိမ်သစ်​တစ်လုံး​ဆောက်​သောအခါ အိမ်အမိုး​ပတ်ပတ်လည်​တွင် အရန်​အတား​တစ်ခု​ဆောက်​ရ၏။ ထို​တွင်​ဧည့်သည်​များ​ကို ဧည့်ခံ​လေ့​ရှိသည်။ အဘယ်ကြောင့်​နည်း။ “လူသည် အိမ်မိုးပေါ်​က​ကျ​၍ လူ​အသက်ကို​သတ်​သော​အပြစ် မ​ရောက်မည်​အကြောင်း” ဖြစ်သည်။ ထို​နည်းတူ မိတ်​ဆုံ​စားပွဲ​တစ်ခု​တွင် သင့်​ဧည့်သည်​များ​၏ ကာယရေး​နှင့်​ဝိညာဉ်​ရေး အဆင်ပြေမှု​အတွက် ပြု​လုပ်ပေး​သင့်​ပေ​သည်။

၁၆။ မိတ်​ဆုံ​စားပွဲ​တွင် အရက်ယမကာ​တည်ခင်း​မည်​ဆိုပါ​က အဘယ်​သတိရှိ​သင့်​သနည်း။

၁၆ မိတ်​ဆုံ​စားပွဲ​တွင် အရက်ယမကာ​နှင့် ဧည့်ခံ​မည်​ဆိုပါ​က အထူး​သတိထား​သင့်​သည်။ ဧည့်ခံ​သည့် ခရစ်ယာန်​များစွာ​သည် မိမိတို့​ဧည့်သည်​များ အဘယ်​အရက်ယမကာ​ကို မည်မျှ​သောက်သုံး​ကြောင်း ကိုယ်တိုင်​ကြီးကြပ်​နိုင်​မှ​သာ အရက်ယမကာ​နှင့် ဧည့်ခံ​ရန် ဆုံးဖြတ်​ကြ​၏။ အချို့​သူတို့ကို ထိမိ​၍​လဲ​စေ​မည့်၊ အလွန်အကျွံ​သောက်သုံး​စေ​မည့် အဘယ်​အခြေအနေ​မျိုးကို​မျှ မဖြစ်​ပေါ်​စေ​သင့်​ချေ။ (ဧဖက် ၅:၁၈၊ ၁၉) အကြောင်း​အမျိုးမျိုး​ကြောင့် ဧည့်သည်​တချို့​သည် အရက်ယမကာ​ရှောင်​ဖို့ ဆုံးဖြတ်​ကြ​ပေမည်။ နေရာ​ဒေသ​များစွာ​တွင် အရက်သောက်​ခွင့်​ရှိသည့်​အသက်ကို ဥပဒေ​ပြဋ္ဌာန်း​ထား​ရာ ယင်း​တို့သည် အလွန်​တင်းကျပ်​ပုံ​ပေါ်​သည့်​တိုင် ကဲသာ​၏​ဥပဒေ​များ​ကို ခရစ်ယာန်​များ နာခံ​ရမည်​ဖြစ်သည်။—ရောမ ၁၃:၅

၁၇။ (က) မိတ်​ဆုံ​စားပွဲ​တွင် တေးဂီတ​ထည့်​မည်​ဆိုပါ​က ဧည့်ခံသူ​သည် ကောင်းစွာ​ရွေးချယ်​တတ်​ဖို့ အဘယ်ကြောင့် အရေးကြီးရ​သနည်း။ (ခ) က​ကြ​မည်​ဆိုပါ​က ဣန္ဒြေရှိ​ကြောင်း မည်သို့​ပြ​သင့်​သနည်း။

၁၇ မိတ်ဆုံပွဲ​တွင်​ပါ​သည့် တေးသီချင်း၊ အ​က၊ ဖျော်ဖြေမှု​သည် ခရစ်ယာန်မူ​များနှင့် ကိုက်ညီ​ကြောင်း ဧည့်ခံသူ​က ဂရုစိုက်​သင့်​သည်။ တေးဂီတ​အမျိုးမျိုး ရှိသည့်​အပြင် အကြိုက်​ချင်း​လည်း မတူကြ​ချေ။ သို့သော် မျက်မှောက်ခေတ် တေးဂီတ​အများစု​သည် ပုန်ကန်​လို​သည့်​စိတ်၊ အကျင့်​ယိုယွင်းမှု​နှင့် အကြမ်းဖက်မှု​တို့ကို အားပေး​အား​မြှောက်​ပြု​သဖြင့် ရွေးချယ်​တတ်​ဖို့​လို​ပေ​သည်။ လက်သင့်ခံ​နိုင်​ဖွယ်​တေးဂီတ​သည် သာယာ​ငြိ​မ့်​ညောင်း​သည့်​ဂီတ ဖြစ်​ဖို့​မလို​သကဲ့သို့ လိင်စိတ်ကို​နှိုးဆွ​သည့် သို့​မဟုတ် ဆူညံ​ကျယ်လောင်​သည့် တေးဂီတ​လည်း မဖြစ်​သင့်​ချေ။ သင့်တော်​သည့်​အသံပမာဏ​ကို အပြည့်အဝ နားမလည်​သေး​သူ​တစ်ဦးဦး​အား တေးဂီတ​အမျိုးအစား ရွေးချယ်​စေခြင်း မပြုမိ​ရန်​လည်း သတိပြုပါ​လေ။ တင်​တ​လှုပ်​လှုပ်၊ ရင်​တ​ခါ​ခါ​နှင့် ဣန္ဒြေ​မရှိသည့် အပြု​အမူ​များ​ပါ​သော​အ​က​သည် ခရစ်ယာန်​တစ်ဦး​အတွက် သင့်တော်​မည်​မဟုတ်​ချေ။—၁ တိမောသေ ၂: ၈-၁၀

၁၈။ မိဘတို့​သည် သားသမီး​များ​၏​ပေါင်းသင်းမှု​ကို ကြီးကြပ်​ပေးခြင်း​ဖြင့် မည်သို့​ကာကွယ်​ပေး​နိုင်​သနည်း။

၁၈ ခရစ်ယာန်​မိဘတို့​သည်  မိမိတို့​သားသမီး​များ တက်ရောက်​မည့် မိတ်ဆုံပွဲ​များ​တွင် အဘယ်​အစီအစဉ်​ရှိကြောင်း စုံစမ်း​ထား​သင့်​ပေ​သည်။ ထို့​ပြင် မိတ်ဆုံပွဲ​များ​သို့ သားသမီးတို့​နှင့်အတူ​သွားခြင်း​သည် ပညာရှိရာ​ရောက်​၏။ ဝမ်းနည်းစရာမှာ မိဘ​တချို့​သည် မိမိတို့​သားသမီး​များ​အား အထိန်းအကွပ်​မရှိသော ပါတီပွဲ​များ​ကို တက်ရောက်ခွင့်​ပြု​ခဲ့​ကြ​ရာ ထို​တွင် လူ​အတော်များများ​သည် အကျင့်​ယိုယွင်း​ခဲ့​ကြ သို့​မဟုတ် မတော်မလျော်​ပြုမူ​ခဲ့​ကြသည်။ (ဧဖက် ၆:၁-၄) လူငယ်များသည် ကိုယ့်​ကိုယ်ကို​တာဝန်​ယူ​နိုင်သော အသက်အရွယ်​ရောက်ပြီ​ဟု ယူ မှတ်​သည့်​တိုင် “လူပျို​တို့၏​တပ်မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြ​ဉ်​ရှောင်” ရန် သူတို့ကို​ကူညီ​ပေး​ဖို့ လိုအပ်​နေ​သေး​သည်။—၂ တိမောသေ ၂:၂၂

၁၉။ အဘယ်​အမှန်တရားက ကျွန်ုပ်​တို့အား “ရှေးဦး​စွာ​ရှာ” သင့်​ရာ​အပေါ် အာရုံစိုက်​စေနိုင်​သနည်း။

၁၉ အကျိုးပြု​ပြီး လန်းဆန်းမှု​ပေး​သည့် အပန်းဖြေမှု​နှင့် ဖျော်ဖြေမှု ရံဖန်ရံခါ​ရှိ​ခြင်း​သည် ဘဝကို ပို​၍​စိုပြည်​စေနိုင်​သည်။ ကျွန်ုပ်​တို့ ဤသို့​ပျော်ရွှင်​သည်ကို ယေဟောဝါ မတားဆီး​သော်လည်း ထိုသို့​သော​လုပ်ဆောင်မှုများ​သည် ကောင်းကင်​ဘဏ္ဍာ​ဆည်းပူး​ရန် အထောက်အကူ​မပြု​ကြောင်း ကျွန်ုပ်​တို့​သိထားကြသည်။ (မဿဲ ၆:၁၉-၂၁) ဘဝတွင် အရေးပါသည့်​အရာ​မှာ ‘လူမျိုး​အများ စိတ်အား​ထက်သန်​စွာ ရှာဖွေ​နေ’ ကြ​သည့် အစားအစာ၊ အဝတ်​အထည်​မဟုတ်ဘဲ ‘ဘုရားသခင့်​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ’ ခြင်း​သာ​ဖြစ်​ကြောင်း တပည့်​များ​နားလည်​လာရန် ယေရှု​ကူညီ​ပေး​တော်​မူ​ခဲ့​သည်။—မဿဲ ၆:၃၁-၃၄

၂၀။ ယေဟောဝါ​၏ တည်ကြည်သော​ကျေးကျွန်​တို့သည် မဟာ​ထောက်ပံ့​ရှင်​ထံ​မှ အဘယ်​ကောင်းသော​အရာများ​ရရှိရန် မျှော်လင့်​နိုင်​ကြ​သနည်း။

၂၀ ကျွန်ုပ်​တို့သည် “စား​သော်လည်း​ကောင်း၊ သောက်​သော်လည်း​ကောင်း၊ မည်သည့်​အမှုကိုပြု​သော်လည်း​ကောင်း၊ ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကိစ္စ​ကို​ပြု” နိုင်​ကြ​ပါ​သည်။ တော်သင့်ရုံ ပျော်မွေ့နိုင်​ရန် ကောင်းသော​အရာများ​ကို ပြင်ဆင်​ထား​တော်​မူ​သော မဟာ​ထောက်ပံ့​ရှင်​အား ကျွန်ုပ်​တို့​ကျေးဇူး​တင်​ကြ​၏။ (၁ ကောရိန္သု ၁၀:၃၁) ရှေ့​နား​လေး​တွင်ရှိသော ပရဒိသု​မြေကြီးပေါ်​တွင် ကိုယ်တော်​၏​ဖြောင့်မှန်​သော တောင်းဆိုချက်​များနှင့်​အညီ လုပ်ဆောင်​သူအား​လုံး​နှင့်အတူ ယေဟောဝါ​၏​ရက်ရောမှု​ကို အပြည့်အဝ မွေ့လျော်​ခံစားရ​မည့် အခါသမယ​များ အမြဲ​ရှိ​နေပါ​လိမ့်​မည်။—ဆာလံ ၁၄၅:၁၆; ဟေရှာယ ၂၅:၆; ၂ ကောရိန္သု ၇:၁

သင်​မှတ်မိ​သလော

• ယနေ့ အကျိုးပြု​အပန်းဖြေမှု​ကို ခရစ်ယာန်​များ ရှာတွေ့ ရန် အဘယ်ကြောင့်​ခက်ခဲ​ရသနည်း။

• ခရစ်ယာန်​မိသားစု​များ​ကို အားရ​ကျေနပ်​စေ​ခဲ့​သည့် အပန်းဖြေနည်း​တချို့​ကား အဘယ်နည်း။

• အပန်းဖြေ​သည့်​အခါ အဘယ်​သတိပေး​နှိုးဆော်ချက် များ​ကို စိတ် စွဲ မှတ်ထား​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကောင်းသော​အသီးများ သီးပွင့်​စေသည့် အပန်းဖြေ မှု ကို ရွေးချယ်​ပါ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အဘယ်​အပန်းဖြေနည်း​များ​ကို ခရစ်ယာန်​များ ငြင်းပယ်​ကြ​သနည်း