မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သတိရှိကြလော့”

“သတိရှိကြလော့”

“သတိ​ရှိကြလော့”

“ဉာဏ်​တိမ်​သော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို ယုံတတ်​၏။ ပညာသတိ​ရှိသောသူ​မူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏။”—သု. ၁၄:၁၅

၁၊ ၂။ (က) သောဒုံ​မြို့တွင် လောတ​၏​အဖြစ်အပျက်က ကျွန်ုပ်​တို့အား အဘယ်အရာ​သွန်သင်ပေး​သနည်း။ (ခ) ‘ကောင်းသော​သတိ​ရှိကြလော့’ ဟူသော​အသုံးအနှုန်း​သည် အဘယ်အရာကို ဆိုလို​သနည်း။

အာဗြဟံ​သည် လောတ​အား မြေနေရာ အရင်​ရွေးချယ်​စေသည့်​အခါ လောတ​သည် ‘ထာဝရ​ဘုရားသခင်​၏ ဥယျာဉ်တော်​ကဲ့သို့’ သော ရေပေါများ​သည့်​ဒေသ​ကို မျက်စိကျ​သွား​သည်။ မိသားစု​အတွက် အကောင်းဆုံး​နေရာ ဖြစ်​ဟန်​တူ​သဖြင့် လောတ​သည် “ယော်ဒန်​ချိုင့်​တစ်လျှောက်​လုံး​ကို ရွေးချယ်​၍” သောဒုံ​မြို့နားမှာ တဲ​ကို​ဆောက်​လေ​၏။ အပြင်ပန်း​သဏ္ဌာန်​အားဖြင့် သာ​သော်လည်း အနီးတစ်ဝိုက်​ရှိ ‘သောဒုံ​မြို့သား​တို့သည် ဆိုးသော​သူ ထာဝရ​ဘုရားသခင်​ရှေ့၌ အလွန်​အပြစ်​များသော​သူ​ဖြစ်​ကြ’ လေ​သည်။ (ကမ္ဘာဦး ၁၃:၇-၁၃) နောက်ပိုင်း​ဖြစ်ရပ်​များ​က ဖော်ပြ​ခဲ့​သည့်​အတိုင်း လောတ​နှင့် သူ၏​မိသားစု​သည် အကြီးအကျယ် ဆုံးရှုံး​နစ်နာ​ခဲ့​ရသည်။ နောက်ဆုံး သူနှင့် သူ၏​သမီး​များသည် ဂူ​တစ်လုံး​တွင်​နေထိုင်​ရသည့်​ဘဝ ရောက်​ခဲ့​လေ​သည်။ (ကမ္ဘာဦး ၁၉:၁၇၊ ၂၃-၂၆၊ ၃၀) အစပိုင်း​၌ သူ့​အတွက် အလွန်​ကောင်း​ဟန်​တူ​သည့်​အရာ​နှင့် လုံးဝ​ဆန့်ကျင်ဘက်​ဖြစ်၏။

လောတ​၏​တွေ့ ကြုံ​မှု​သည် ယနေ့​ဘုရားသခင့်​ကျေးကျွန်​များ​အတွက် သင်ခန်းစာ​ဖြစ်သည်။ ဆုံးဖြတ်ချက်​များ ချ​ရသည့်​အခါ ဖြစ်​နိုင်​ဖွယ်​အန္တရာယ်များ​နှင့် မြင်​မြင်​ချင်း​စွဲမှတ်​သွား​ရာ​တို့၏ လှည့်စားမှု​ကို မခံရ​ရန် သတိပြု​ရမည်။ ထို့​ကြောင့် ကျမ်းစာ​က ကျွန်ုပ်​တို့အား ‘ကောင်းသော​သတိ​ရှိကြလော့’ ဟု တိုက်တွန်းခြင်း​မှာ သင့်လျော်​ပေ​သည်။ (၁ ပေတရု ၁:၁၃) ကျမ်း​ပညာရှင် အာရ်. စီ. အိပ်ခ်ျ. လ​န်​စ​ကီ​၏​အဆို​အရ ကောင်းသော​သတိရှိခြင်း​ဟူ​သည့် ဂရိ​အသုံးအနှုန်း​သည် “ကိစ္စရပ်​များ​ကို တည်ငြိမ်​အေးဆေး​စွာ ချင့်ချိန်​တတ်​ရာ မှန်မှန်ကန်ကန် အကဲဖြတ်​ပြီး ဆုံးဖြတ်ချက်​အမှန်​ကို​ချ​နိုင်​ခြင်း” ဟူ၍​ဖြစ်၏။ ကောင်းသော​သတိရှိ​ဖို့​လို​သည့် အခြေအနေ​တချို့​ကို သုံးသပ်ကြည့်​ကြပါစို့။

စီးပွားရေး​အခွင့်အလမ်း​ကို ချင့်ချိန်​ခြင်း

၃။ ကျွန်ုပ်​တို့သည် စီးပွားရေး​အခွင့်အလမ်း​တစ်ခု ကမ်း​လှမ်း​ခံရ​သည့်​အခါ အဘယ်ကြောင့်​သတိရှိ​ဖို့​လို​သနည်း။

ယေဟောဝါ​အား ကိုးကွယ်​သူ​တစ်ဦး ဖြစ်​ကောင်း​ဖြစ်​နိုင်​သည့် နာမည်​ကောင်း​ရှိသူ​တစ်ဦး​က စီးပွားရေး​လုပ်ငန်း​တစ်ခု​ကို သင့်​အား ကမ်း​လှမ်း​သည်​ဆို​ကြပါစို့။ သူသည် အောင်မြင်​နိုင်​သည့်​အကြောင်း စိတ်အား​ထက်သန်​စွာ​ပြော​ပြီး အဆိုပါ​အခွင့်အရေး​ကို လက်မလွှတ်​ဖို့ သင့်ကို အားပေး​တိုက်တွန်း​ပေမည်။ ထို​အခါ သင်သည် သင်​နှင့် သင့်​မိသားစု​၏​ဘဝ သာ၍​ကောင်းစား​လာ​သည်ကို စတင်​မြင်ယောင်​လာပေမည်။ ယင်းက ဝိညာဉ်​ရေး​အတွက် အချိန်ပို​ပေး​နိုင်​မည်​ဟု​ပင် သင်​ဆင်ခြင်​မိ​ပေမည်။ သို့ရာတွင် နယပုံပြင် ၁၄:၁၅ က ဤသို့​သတိပေး​၏– “ဉာဏ်​တိမ်​သော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို ယုံတတ်​၏။ ပညာသတိ​ရှိသောသူ​မူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏။” စီးပွားရေး​လုပ်ငန်း​အသစ်​တစ်ခု စတင်​လုပ်ကိုင်​ရာ​တွင် ဖြစ်​နိုင်​ဖွယ်​ရှိသည့် ဆုံးရှုံးမှု​ကို လျော့​တွက်​တတ်ကြ​၏။ အန္တရာယ်များ​ကို လျစ်လျူရှု​လေ့​ရှိပြီး စီးပွားရေး​လုပ်ငန်းခွင်​၏ မသေချာ​မရေရာမှု​များ​ကို အပြည့်အဝ မ​သုံးသပ်​မိ​ဘဲ​နေ​မည်။ (ယာကုပ် ၄:၁၃၊ ၁၄) ယင်း​သို့​သော​အခြေအနေ​မျိုး​တွင် သတိ​ကောင်းစွာ​ရှိဖို့ အလွန်​လိုအပ်​ပေ​သည်။

၄။ စီးပွားရေး​ကမ်းလှမ်းချက်​တစ်ခု​ကို ဆန်းစစ်​ရာ​တွင် ‘ကျွန်ုပ်​တို့​သွားရာလမ်းကို’ မည်သို့ ‘စေ့စေ့​ကြည့်ရှု’ နိုင်​ကြ​သနည်း။

ပညာသတိ​ရှိသူ​တစ်ဦး​သည် ဆုံးဖြတ်ချက်​မချ​မီ စီးပွားရေး​လုပ်ငန်း​တစ်ခု​ကို အသေအချာ ဆန်းစစ်​ကြည့်​မည်။ (သု. ၂၁:၅) ယင်း​သို့​ဆန်းစစ်​ကြည့်​ခြင်း​က မမြင်​လိုက်​သော အန္တရာယ်များ​ကို သိမြင်​လာ​စေမည်။ အောက်ပါ​ဖြစ်​နိုင်​ဖွယ် အခြေအနေ​ကို သုံးသပ်ကြည့်​ပါ။ လူတစ်ဦး​သည် သူ၏​စီးပွားရေး​လုပ်ငန်း​အတွက် သင့်ထံ​မှ​ငွေချေး​လို​သည်။ ယင်း​အတွက် အမြတ်အစွန်း​များများ​ရမည်ဟု သင့်​အား ပြောဆို​ပေ​လိမ့်​မည်။ အဆိုပါ​ကမ်းလှမ်းချက်​မှာ မက်မော​စ​ရာ​ကောင်း​သော်လည်း အဘယ်​အန္တရာယ်များ ရှိ​သနည်း။ စီးပွားရေး​အခြေအနေ မည်သို့​ပင်​ရှိပါစေ ငွေ​ပြန်ဆပ်​မည်​ဟု သူ​သဘောတူ​ထား​သလော။ သို့​မဟုတ် စီးပွားရေး​အောင်မြင်​မှ ငွေ​ပြန်ဆပ်​မည့်​သဘော​မျိုး​လော။ တစ်နည်း​အားဖြင့် စီးပွားပျက်​သွားပါ​က သင့်ငွေ ဆုံးရှုံး​ရဖို့​အကြောင်း​ရှိသလော။ ဤသို့ သင်​မေးမြန်း​သင့်​၏– “အဲ့ဒီ​စီးပွားရေး​အတွက် လူတွေဆီက ဘာကြောင့် ငွေချေး​ရတာလဲ။ ဘဏ်​တွေ​က အဲ့ဒီ​စီးပွားရေး​ကို စွန့်စား​ရတဲ့​လုပ်ငန်းလို့ ရှုမြင်​သလား။” အန္တရာယ်များ​ကို အချိန်​ယူ သုံးသပ်ကြည့်​ခြင်း​က ထို​ကမ်းလှမ်းချက်​ကို လက်တွေ့ကျကျ ဝေဖန်​ဆန်းစစ်​စေပါ​မည်။—သု. ၁၃:၁၆; ၂၂:၃

၅။ (က) ယေရမိ​သည် လယ်ကွက်​တစ်​ကွက်​ဝယ်​သောအခါ အဘယ်​ပညာရှိ​လမ်းစဉ်​ကို လိုက်လျှောက်​ခဲ့​သနည်း။ (ခ) စီးပွားရေး​သဘော​တူညီချက်​အားလုံး​ကို တရားဝင်​စာချုပ်​ချုပ်​ခြင်း​က အဘယ်ကြောင့်​အကျိုးရှိ​သနည်း။

ပရောဖက်​ယေရမိ​သည် ယေဟောဝါ​အားကိုး​ကွယ်​သော သူ့​ဝမ်းကွဲ​၏​လယ်ကွက်​ကို ဝယ်ယူ​သည့်​အခါ ထို​အရောင်းအဝယ်​ကိစ္စ​ကို သက်သေ​များ​ရှေ့တွင် စာချုပ်​ချုပ်​ခဲ့​၏။ (ယေရမိ ၃၂:၉-၁၂) ယနေ့ ပညာရှိ​သူ​တစ်ဦး​သည် ဆွေမျိုးသားချင်း​များ၊ မိမိ​နှင့်​ယုံကြည်မှု​တူ​သူ​ချင်း​များနှင့် စီးပွားရေး​လုပ်​မည်​ဆိုပါ​က သဘော​တူညီချက်​အားလုံး​ကို တရားဝင်​စာချုပ် * ချုပ်ဆို​သင့်​သည်။ တိကျ​ရှင်းလင်း​ပြီး ကောင်းစွာ​ပြုစု​ထား​သည့် သဘော​တူညီချက်​ရှိ​ထားခြင်း​က နားလည်မှု​မလွဲ​စေသည့်​အပြင် စည်းလုံးမှု​လည်း ပြိုကွဲ​မည်​မဟုတ်ပေ။ အခြား​တစ်ဖက်​တွင်​မူ ယေဟောဝါ​၏​ကျေးကျွန်​တို့​စပ်ကြား စီးပွားရေး​ပြဿနာ​များ ပေါ်ပေါက်​လာ​ခြင်း​သည် စာချုပ်​မ​ချုပ်​ထား​၍​ဖြစ်သည်။ ယင်းကြောင့် စိတ်သောက၊ စိတ်နာ​ကြည်း​မှု​ဖြစ်​ခြင်း​နှင့် ဝိညာဉ်​ရေး​ပျောက်ဆုံး​ရခြင်း​တို့သည် ဝမ်းနည်းစရာပင်။

၆။ ကျွန်ုပ်​တို့သည် လို​ဘ​ကြီး​မှု​ကို အဘယ်ကြောင့် သတိပြု​ရှောင်ရှား​ဖို့​လို​သနည်း။

ကျွန်ုပ်​တို့သည် လို​ဘ​ကြီး​မှု​ကိုလည်း သတိပြု​ရှောင်ရှား​ရမည်။ (လုကာ ၁၂:၁၅) အမြတ်အစွန်း​များများ​ရမည်​ဟူသော ကတိ​သည် စိတ်မချ​ရသော စီးပွားရေး​စွန့်စားမှု အန္တရာယ်များ​ကို မမြင်​သည်​အထိ ဖြစ်သွား​စေနိုင်​သည်။ ယေဟောဝါ​၏​လုပ်ငန်းတော်တွင် အခွင့်ထူး​ရထား​သူတချို့​ပင် ဤ​ထောင်ချောက်​တွင် ကျော့မိ​ခဲ့​ကြပြီ။ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​၏– “သင်တို့၏​ကျင့်ကြံ​ပြုမူခြင်း​သည် ငွေ​ကို​တပ်မက်​ခြင်း​နှင့်​ကင်းလွတ်​၍ ကိုယ်​၌​ရှိသော​ဥစ္စာ​နှင့် ရောင့်ရဲခြင်း​ရှိကြလော့။” (ဟေဗြဲ ၁၃:၅) ခရစ်ယာန်​တစ်ဦး​သည် စီးပွားရေး​အခွင့်အလမ်း​တစ်ခု​အကြောင်း စဉ်းစား​သည့်​အခါ ‘ထို​တွင်​ပါဝင်​ပတ်သက်​ဖို့ တကယ်​လိုအပ်​လို့လား’ ဟူ၍ သုံးသပ်ကြည့်​သင့်​သည်။ ယေဟောဝါ​အား​ဝတ်ပြုမှု​ကို အဓိက​ထား​၍ ရိုးရိုးရှင်းရှင်း အသက်ရှင်​နေထိုင်ခြင်း​က “မကောင်းသော​အမှု​အပေါင်း​တို့” မှ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​ပါ​လိမ့်​မည်။—၁ တိမောသေ ၆:၆-၁၀

တစ်ကိုယ်ရေ​ခရစ်ယာန်​များ ရင်ဆိုင်​နေရ​သည့် စိန်ခေါ်ချက်​များ

၇။ (က) တစ်ကိုယ်ရေ​ခရစ်ယာန်​များစွာ​သည် အဘယ်​စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်ခဲ့​ကြ​ရသနည်း။ (ခ) အိမ်ထောင်ဖက်​ရွေးချယ်မှု​သည် ဘုရားသခင်​အပေါ် တည်ကြည်မှု​နှင့် မည်သို့​ပတ်သက်​နေသနည်း။

ယေဟောဝါ​၏​ကျေးကျွန်​များစွာ​သည် အိမ်ထောင်ပြု​လို​သော်လည်း သင့်တော်​သည့်​အိမ်ထောင်ဖက် ရှာမတွေ့​ကြ​သေး​ချေ။ နိုင်ငံ​တချို့​တွင် အိမ်ထောင်ပြု​ဖို့ လူမှုရေး​သဘော​အရ အတင်း​ဖိအားပေး​တတ်​သည်။ ယုံကြည်ခြင်း​တူ​သူများ​ထဲ​တွင် အိမ်ထောင်ဖက်​လောင်း ရှာတွေ့​ရန်​မှာလည်း အခွင့်အလမ်း​အလွန်​နည်း​နေသည်။ (သု. ၁၃:၁၂) သို့သော် “သခင်​ဘုရား​၌​သာ” လက်ထပ်ပါ​ဟူသော ကျမ်းစာ​မိန့်မှာချက်ကို လိုက်နာခြင်း​သည် ယေဟောဝါ​အပေါ် တည်ကြည်​သည့်​ကိစ္စ​ဖြစ်​ကြောင်း ခရစ်ယာန်​များ​သိရှိ​ကြသည်။ (၁ ကောရိန္သု ၇:၃၉) တစ်ကိုယ်ရေ​ခရစ်ယာန်​များ ရင်ဆိုင်​ရသည့် သွေးဆောင်မှုများ​နှင့် ဖိအားပေး​မှု​တို့ကို ကြံ့ကြံ့ခံ​တွန်းလှန်​နိုင်​ရန် သတိ​ကောင်းစွာ​ရှိ​ရမည်​ဖြစ်၏။

၈။ ရှု​လ​မိတ်​မိန်းမပျို​သည် အဘယ်​ဖိအား​ပေး​မှု​ကို ကြုံ​ခဲ့​ရသနည်း။ အလားတူ​အဖြစ်မျိုး​ကို ယနေ့ ခရစ်ယာန်​အမျိုးသမီးများ မည်သို့​တွေ့ကြုံ​နိုင်​သနည်း။

ရှောလမုန်သီချင်း​တွင် ရှု​လ​မိတ်​တောသူ​မ​လေး​တစ်ဦး​ကို ရှင်ဘုရင်​စွဲလမ်း​သွား​ရာ ထို​လုံမ​လေး​တွင် မေတ္တာမျှ​နှင့်​သူ ရှိနေ​သော်လည်း ဘုရင်​သည် မိမိ​အား ချစ်​ကြိုက်​လာ​စေရန် ဥစ္စာ​ဓန၊ ဂုဏ်​သတင်း၊ နှစ်​လို့ဖွယ်​အရည်အသွေး​တို့​ဖြင့် ပိုးပန်း​လေ​သည်။ (ရှောလမုန်သီချင်း ၁:၉-၁၁; ၃:၇-၁၀; ၆:၈-၁၀၊ ၁၃) သင်သည် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး ဖြစ်​မည်​ဆိုလျှင် သင်​မချစ်​နိုင်​သူ​တစ်ဦး​က သင့်ကို စိတ်ဝင်စား​သည့်​အဖြစ်မျိုး ကြုံနေ​ရ​ပေမည်။ သင့်​အလုပ်ခွင်​မှ အထက်အရာရှိ​တစ်ဦး​က သင့်ကို လေးစား​တန်ဖိုး​ထား​ကြောင်း​ပြောဆို​ပြီး ကြင်ကြင်နာနာ ပြုမူ​ဆက်ဆံ​လာပေမည်။ သင်​နှင့်အတူ​ရှိနေ​ရန် အခွင့်အရေး​များ ရှာနေ​ပေမည်။ ထိုသို့​သော​သူ၏ ဂရုစိုက်​မှု​သည် အချစ်စိတ်​ဖြင့်၊ အကျင့်ပျက်​သည့်​သဘော​မျိုး​ဖြင့် အမြဲ​မဟုတ်သော်လည်း သတိထား​ပါ​လေ။ ရှု​လ​မိတ်​မိန်းမပျို​ကဲ့သို့ “မြို့ရိုး” ဖြစ်နေ​ပါ။ (ရှောလမုန်သီချင်း ၈:၄၊ ၁၀) ချစ်​ကြိုက်​လေးစား​သည့် အမူအရာ​များ​ကို လုံးလုံး​ငြင်းပယ်​ပါ။ အလုပ်​စ​ဝင်​သည်​နှင့် မိမိသည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ကြောင်း အလုပ်ဖော်​များ​ကို အသိပေး​ပြီး အခွင့်အရေး​ရ​တိုင်း သူတို့ကို​သက်သေခံ​ပါ။ ထိုသို့​ပြုခြင်း​က သင့်အတွက် အကာအကွယ်​ဖြစ်ပါ​လိမ့်​မည်။

၉။ အင်တာနက်​မှ​တစ်ဆင့် သူစိမ်း​တစ်ဦး​နှင့် ရင်းနှီး​လာ​ခြင်း​၏ အန္တရာယ်​တချို့​ကား အဘယ်နည်း။ (လေးထောင့်ကွက်​ကိုလည်း​ရှု။)

တစ်ကိုယ်ရေ​သမားများ အိမ်ထောင်ဖက်​လောင်း​ရှာတွေ့နိုင်​ရန် ရည်ရွယ်​ဖန်တီး​ထားသော အင်တာနက် ဝက်ဘ်ဆိုက်​များ ခေတ်​စား​နေသည်။ တချို့က ယင်း​တို့ကို အဘယ်​နည်းဖြင့်​မျှ မ​တွေ့ဆုံ​နိုင်​မည့်​သူတို့အား သိကျွမ်း​စေသည့်​နည်းလမ်း​အဖြစ် ရှုမြင်​ကြသည်။ သို့ရာတွင် သူစိမ်း​တစ်ယောက်​နှင့် မျက်စိ​စုံ​မှိတ် ရင်းနှီး​လာ​ခြင်း​မှာ တကယ့်​အန္တရာယ်​ပင်။ အင်တာနက်​ပေါ်​တွင် အမှားအမှန်​ကို ပိုင်းခြား​သိမြင်​ရန်​ခက်​သည်။ (ဆာလံ ၂၆:၄) ယေဟောဝါ​၏​ကျေးကျွန်​ပါ​ဟု ပြောဆိုသူ​တိုင်း​သည် အမှန်တကယ်​တွင် ထိုသို့​မဟုတ်​ကြ​ချေ။ ထို့​ပြင် အွန်လိုင်း​မှ​တစ်ဆင့် ချိန်းတွေ့ ခြင်း​ဖြင့် အလျင်အမြန် ချစ်ကြိုးသွယ်​လာနိုင်​ပြီး ယင်းက လူတစ်ဦး​၏ ချင့်ချိန်​နိုင်စွမ်း​ကို ထိခိုက်​စေနိုင်​ပါ​သည်။ (သု. ၂၈:၂၆) အင်တာနက်​မှ​တစ်ဆင့်​ဖြစ်စေ၊ အခြား​နည်းလမ်းများ​ဖြင့်​ဖြစ်စေ သူစိမ်း​တစ်ဦး​နှင့် ရင်းနှီး​ကျွမ်းဝင်​ခြင်း​သည် ပညာ​မဲ့​ရာ​ကျ​သည်။—၁ ကောရိန္သု ၁၅:၃၃

၁၀။ ယုံကြည်ခြင်း​တူ​သူများ​သည် တစ်ကိုယ်ရေ​ခရစ်ယာန်​များ​ကို မည်သို့​အားပေးနိုင်​သနည်း။

၁၀ ယေဟောဝါ​သည် မိမိ​ကျေးကျွန်​များ​ကို “အလွန်​သနားစုံမက်​တော်​မူ”  ၏။ (ယာကုပ် ၅:၁၁) အခြေအနေ​ကြောင့် တစ်ကိုယ်ရေ​ဖြစ်နေ​ရသူ​တို့၏ အခက်အခဲ​များသည် တစ်ခါတစ်ရံ စိတ်ပျက်​အားလျော့​စ​ရာ​ဖြစ်​ကြောင်း ကိုယ်တော်​သိရှိ​တော်​မူ​၏။ သူတို့၏​တည်ကြည်မှု​ကို ကိုယ်တော်​တန်ဖိုး​ထား​တော်​မူ​၏။ ဤသူတို့ကို အခြားသူများ မည်သို့​အားပေးနိုင်​ကြ​သနည်း။ သူတို့၏​နာခံမှု​နှင့် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ကို မကြာမကြာ ချီးမွမ်း​ပေး​သင့်​သည်။ (တရားသူကြီး ၁၁:၃၉၊ ၄၀) ထို့​ပြင် တည်ဆောက်မှု​ဖြစ်စေ​သော ပေါင်းသင်းမှု​အစီအစဉ်များ​တွင် သူတို့ကို ပါဝင်​စေနိုင်​သည်။ မကြာသေးမီ​က သင်​ထိုသို့​ပြုလုပ်​ခဲ့ပြီ​လော။ ထို့​ပြင် သူတို့ကို ဝိညာဉ်​ရေးဟန်​ချက်​ညီ​စေဖို့၊ ယေဟောဝါ​အမှုတော်​ဆောင်ခြင်း​တွင် ရွှင်လန်းမှု​ရရှိ​စေဖို့ ကိုယ်တော်​ထံ​ဆုတောင်းပေး​နိုင်​ပါ​သည်။ အဆိုပါ​တည်ကြည်သူ​များ​ကို စိတ်ရင်းမှန်​နှင့် ကျွန်ုပ်​တို့​စိတ်ဝင်စားခြင်း​ဖြင့် ယေဟောဝါ​နည်းတူ သူတို့ကို တန်ဖိုး​ထား​ကြောင်း ဖော်ပြ​နိုင်​ကြ​ပါစေ။—ဆာလံ ၃၇:၂၈

ကျန်းမာ​ရေး​ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်းခြင်း

၁၁။ စိုးရိမ်​စ​ရာ​ရောဂါ​များနှင့်​ပတ်သက်​၍ အဘယ်​စိန်ခေါ်ချက်​များ​ရှိ​သနည်း။

၁၁ ကျွန်ုပ်​တို့​ကိုယ်တိုင် သို့​မဟုတ် ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ရသူ​တစ်ဦး ရောဂါ​ဝေဒနာ​ခံစားရ​သည့်​အခါ အမှန်ပင်​စိတ်မကောင်း​စ​ရာ​ဖြစ်သည်။ (ဟေရှာယ ၃၈:၁-၃) ကုသ​နည်းကို ကျွန်ုပ်​တို့​ရှာဖွေကြ​ရာ​တွင် ကျမ်းစာမူ​အတိုင်း​လိုက်​ဖို့ အရေးကြီး​သည်။ ဥပမာ၊ ခရစ်ယာန်​များသည် သွေး​ကို​ကြ​ဉ်​ရှောင်ပါ​ဟူသော ကျမ်းစာ​အမိန့်​ကို​နာခံ​ပြီး နတ်​ဝိဇ္ဇာ​အတတ်​နှင့်​ပတ်သက်သော ကုသ​နည်း​ရှိရှိသမျှကို ရှောင်ကြဉ်​ကြသည်။ (တမန်​တော် ၁၅:၂၈၊ ၂၉; ဂလာတိ ၅:၁၉-၂၁) သို့သော် ဆေးပညာ​ဗဟုသုတ​နည်း​သူတို့​အတွက် ကုသ​နည်း​များ​ကို အကဲဖြတ်ဖို့ စိတ်ရှုပ်​စ​ရာ၊ စိတ်ဖိစီး​စ​ရာ​များ ဖြစ်ပေါ်​လာနိုင်​ပါ​သည်။ အဘယ်အရာက ကျွန်ုပ်​တို့အား သတိ​ကောင်းစွာ​ရှိစေ​နိုင်​သနည်း။

၁၂။ ခရစ်ယာန်​တစ်ဦး​သည် ကုသ​နည်း​များ​ကို သုံးသပ်​ဆင်ခြင်​သည့်​အခါ မည်သို့​ချင့်ချိန်​နိုင်​သနည်း။

၁၂ “ပညာသတိ​ရှိသောသူ​မူ​ကား” သမ္မာကျမ်းစာ​နှင့် ခရစ်ယာန်​စာပေ​များ​တွင် ရှာဖွေ​လေ့လာခြင်း​အားဖြင့် “မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏။” (သု. ၁၄:၁၅) ဆရာဝန်​နှင့်​ဆေးရုံ​များ နည်း​သည့်​နေရာ​တို့​တွင် တိုင်း​ရင်း​ဆေး​တစ်မျိုးတည်း​ဖြင့်​သာ ရောဂါ​ကုသ​ကြ​ရ​ပေမည်။ တိုင်း​ရင်း​ဆေး​ဖြင့် ရောဂါ​ကုသ​ဖို့ စဉ်းစား​နေ​မည်​ဆိုလျှင် အောက်ပါ​တို့ကို​သိရှိဖို့ လိုအပ်​ပေမည်။ တိုင်း​ရင်း​ဆေးဆရာ​သည် နတ်​ဝိဇ္ဇာ​အတတ်​လိုက်စား​ပါသလော။ နတ်​ဘုရား​များ (သို့​မဟုတ် ဘိုးဘေး​ဝိညာဉ်​များ) ကို စော်ကား​မိ​သောကြောင့်၊ စုန်းကဝေ​အတတ်ကို​အသုံးပြုသည့် ရန်သူများ​ကြောင့် ဖျားနာခြင်း​နှင့် သေခြင်း​ဖြစ်​ရသည်​ဟု​ဆို​ကာ ရောဂါ​ကုသ​ပေး​သလော။ ဆေးဝါး​ဖော်စပ်​ရာ​တွင် သို့​မဟုတ် အသုံးပြုရာတွင် ပူဇော်​ပ​သ​မှုများ၊ မ​န်း​မှုတ်ခြင်း သို့​မဟုတ် နတ်​ဝိဇ္ဇာ​အတတ်​နှင့်​ဆိုင်​သည့် အခြား​ထုံးတမ်းများ ပါဝင်​သလော။ (တရားဟောရာ ၁၈:၁၀-၁၂) ထိုသို့​သော​ရှာဖွေ​လေ့လာမှု​က “ခပ်သိမ်း​သော​အရာ​ကို​စုံစမ်း​၍၊ ကောင်းသော​အရာ​ကို အမြဲ​ကိုင်စွဲ​ကြလော့” ဟူ​သည့် မှုတ်သွင်းခံ​ဆုံးမ​စကား​ကို လိုက်နာ​စေမည်။ * (၁ သက်သာလောနိတ် ၅:၂၁) ထို့​ပြင် ကျွန်ုပ်​တို့၏​ချင့်ချိန်​နိုင်စွမ်း​ကို ထိန်းထား​စေမည်။

၁၃၊ ၁၄။ (က) ကျန်းမာ​ရေး​ကို ဂရုစိုက်​ရာ​တွင် မျှတသော​သဘော​ရှိကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။ (ခ) အခြား​သူများ​နှင့် ကျန်းမာ​ရေး​အကြောင်း၊ ဆေးဝါး​များ​အကြောင်း ပြောဆို​ဆွေးနွေး​ကြ​သည့်​အခါ မျှတသော​သဘော အဘယ်ကြောင့်​ရှိဖို့လို​သနည်း။

၁၃ ကျန်းမာ​ရေး​ကို ဂရုစိုက်​ခြင်း​အပါအဝင် ဘဝ​ကဏ္ဍအသီးသီး​တွင် မျှတ​သည့်​သဘော​ရှိဖို့ လို​ပေ​သည်။ (ဖိလိပ္ပိ ၄:၅) ကျန်းမာ​ရေး​ကို တော်​သင့်​စွာ​ဂရုစိုက်​ခြင်း​က အဖိုးထိုက်သည့် အသက်ဆု​ကို တန်ဖိုး​ထား​ကြောင်း တင်ပြ​ရာ​ရောက်​သည်။ ကျန်းမာ​ရေး​ချို့တဲ့​လာ​လျှင် ဂရုစိုက်​ဖို့​လို​သည်။ သို့သော် “လူအမျိုးမျိုး​တို့၏ အနာ​ရောဂါ​ငြိမ်း​စ​ရာ​ဖို့” ဘုရားသခင့်​အချိန်​မ​ရောက်လာ​မချင်း ဒေါင်ဒေါင်မြည်​ကျန်းမာ​လိမ့်​မည်​မဟုတ်​ချေ။ (ဗျာ. ၂၂:၁၊ ၂) ပို​၍​အရေးကြီး​သည့် ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ဘေးချိတ်​ထား​သည့်​အထိ  ကျန်းမာ​ရေး​အပေါ်​တွင်​သာ အာရုံစိုက်​ခြင်း​ကို ကျွန်ုပ်​တို့​သတိပြု ရှောင်ရှား​ရမည်။—မဿဲ ၅:၃; ဖိလိပ္ပိ ၁:၉၊ ၁၀

၁၄ ထို့​ပြင် အခြား​သူများ​နှင့် ကျန်းမာ​ရေး​အကြောင်း၊ ဆေးဝါး​အကြောင်း ဆွေးနွေး​ပြောဆို​သည့်​အခါ ချင့်ချိန်မှု​နှင့် မျှတမှု ရှိဖို့လို​ပေ​သည်။ ဝိညာဉ်​ရေး​တည်ဆောက်မှု​အတွက် ခရစ်ယာန်​အစည်းအဝေးများနှင့် စည်းဝေးပွဲ​များ​တွင် စုဝေး​ကြ​သည့်​အခါ ကျွန်ုပ်​တို့၏​စကားဝိုင်း​များ​တွင် ယင်း​အကြောင်း​ချည်း​ကို​သာ ပြောဆိုခြင်း​မျိုး မဖြစ်​သင့်​ချေ။ ၎င်း​ပြင် ဆေးဝါး​နှင့်​ပတ်သက်သော ဆုံးဖြတ်ချက်​များ​ချ​ရာ​တွင် ကျမ်းစာ​မူများ၊ ကိုယ်ကို​ကိုယ်​သိသောစိတ်၊ ယေဟောဝါ​နှင့်​ဆက်ဆံ​ရေး​တို့ကို ထည့်တွက်​ရမည်။ ထို့​ကြောင့် ယုံကြည်ခြင်း​တူ​သူ​တစ်ဦး​အပေါ် ဩဇာ​လွှမ်း​ပြီး ကျွန်ုပ်​တို့၏​ရှုမြင်ချက်များ​ကို အတင်းအကျပ်​လိုက်နာ​စေခြင်း သို့​မဟုတ် သူ၏​ကိုယ်ကို​ကိုယ်​သိသောစိတ် ညွှန်ကြားမှု​များ​ကို လျစ်လျူရှု​ရန် ဖိအားပေး​ခြင်း​သည် မေတ္တာမဲ့​ရာ​ကျ​ပေမည်။ ခရစ်ယာန်​တစ်ဦးစီ​သည် အသင်းတော်​ရှိ ရင့်ကျက်သူများ​၏ အကူအညီကို တောင်းခံ​နိုင်​သော်လည်း ဆုံးဖြတ်ချက်​ချ​ရာ​တွင် ‘မိမိ​ဝန်ကို’ မိမိ​ထမ်း​ရမည်။ ‘ကျွန်ုပ်​တို့​ရှိသမျှသည် ဘုရားသခင်​စစ်ကြော​တော်​မူ​ခြင်း​ကို ခံရ​ကြ​မည်။’—ဂလာတိ ၆:၅; ရောမ ၁၄:၁၂၊ ၂၂၊ ၂၃

စိတ်ဖိစီး​ခံရ​သည့်​အခါ

၁၅။ ဖိစီးမှုများ​က ကျွန်ုပ်​တို့ကို မည်သို့​ထိခိုက်​စေနိုင်​သနည်း။

၁၅ ယေဟောဝါ​အပေါ် တည်ကြည်​သည့်​ကျေးကျွန်​များ​ပင် ဖိစီးမှုများ​ခံရ​သည့်​အခါ ပညာ​မဲ့​စွာ ပြုမူ​ပြောဆို​နိုင်​သည်။ (ဒေ. ၇:၇) အပြင်းအထန်​စမ်းသပ်ခံ​ရသောအခါ ယောဘသည် တစ်ဖက်​စွန်း​ရောက်​ခဲ့​သဖြင့် သူ၏​အတွေးအခေါ်ကို ပြုပြင်​တည့်မတ်​ခဲ့​ရ၏။ (ယောဘ ၃၅:၂၊ ၃; ၄၀:၆-၈) “မောရှေ​သည် မြေကြီး​ပေါ်မှာ​ရှိနေ​သော​သူအပေါင်းတို့ထက် သာ၍​နူးညံ့​သိမ်မွေ့​သော​သဘော​ရှိ” သူ​ဖြစ်​ခဲ့​သော်လည်း တစ်ကြိမ်​တွင် အမျက်​ဒေါသ​ထွက်​ပြီး စိတ်​လိုက်​မာန်​ပါ ပြောဆို​ခဲ့​သည်။ (တောလည်ရာ ၁၂:၃; ၂၀:၇-၁၂; ဆာလံ ၁၀၆:၃၂၊ ၃၃) ဒါဝိဒ်​သည် ဘုရင်​ရှောလု​ကို​မ​သတ်​မိ​ရန် ချီးမွမ်းဖွယ် စိတ်​ချုပ်တည်း​မှု​ရှိခဲ့​သော်လည်း သူနှင့် သူ၏​စစ်သည်​များ​ကို နာဗလ စော်​စော်ကား​ကား ဆဲရေး​တိုင်းထွာ​ပြောဆို​ခဲ့​သည့်​အခါ အမျက်​ခြောင်း​ခြောင်း​ထ​ပြီး ကောင်းစွာ​ချင့်ချိန်​နိုင်စွမ်း​မရှိတော့​ချေ။ အဘိဂဲလ ကြားဝင်​ဖျန်ဖြေ​လိုက်​သည့်​အချိန်​ကျ​မှ အသိတရား​ပြန်ဝင်​လာပြီး ဘေးသင့်​စေ​မည့်​အမှား​မှ သီ​သီ​ကလေး လွတ်မြောက်သွား​ခဲ့​လေ​သည်။—၁ ဓမ္မ​ရာဇဝင် ၂၄:၂-၇; ၂၅:၉-၁၃၊ ၃၂၊ ၃၃

၁၆။ စိတ်​လိုက်​မာန်​ပါ မပြုမူ​မိ​ရန် အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း။

၁၆ ကျွန်ုပ်​တို့​လည်း ဖိစီးမှုများ​သောကြောင့် ကောင်းစွာ​မချင့်ချိန်​ဘဲ ပြုမူ​မိ​နိုင်​သည်။ အခြား​သူတို့၏ သဘောထားများကို ဒါဝိဒ်​ကဲ့သို့ ဂရုစိုက် စဉ်းစားခြင်း​ဖြင့် စိတ်​လိုက်​မာန်​ပါ အမှား​မပြုမိ​ရန် အကူအညီ​ရနိုင်​သည်။ (သု. ၁၉:၂) ထို့​ပြင် သမ္မာကျမ်းစာ​က ‘ကြောက်ရွံ့​တုန်လှုပ်​၍ အပြစ်ကို​ရှောင်​ကြလော့။ အိပ်ရာပေါ်​မှာ ကိုယ်​စိတ်နှလုံး​နှင့်​ဆွေးနွေး​စဉ်းစား၍ တိတ်ဆိတ်​ခြင်း​ရှိကြလော့’ ဟု​သတိပေး​၏။ (ဆာလံ ၄:၄) အမှန်​မှာ စိတ်​တည်တည်ငြိမ်ငြိမ်​ရှိ​မှ ဆုံးဖြတ်ချက်​ချ​မည်၊ အရေးယူ​ဆောင်ရွက်​မည်​ဆိုလျှင် အကောင်းဆုံး​ဖြစ်သည်။ (သု. ၁၄:၁၇၊ ၂၉) ကျွန်ုပ်​တို့သည် ယေဟောဝါ​ထံ စိတ်အား​ထက်သန်​စွာ ဆုတောင်း​ချဉ်းကပ်​ကြ​မည်​ဆိုလျှင် “အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် [ကျွန်ုပ်​တို့၏] စိတ်နှလုံး​တို့ကို စောင်မ​လိမ့်​မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင်​ပေး​တော်​မူ​သည့် ဤ​ငြိမ်သက်ခြင်း​က ကျွန်ုပ်​တို့ကို အေးဆေး​တည်ငြိမ်မှု​နှင့် သတိရှိ​စေပါ​လိမ့်​မည်။

၁၇။ ကျွန်ုပ်​တို့သည် သတိ​ရှိနေ​ရန် ယေဟောဝါ​အား အဘယ်ကြောင့် ယုံကြည်​ကိုးစား​ကြ​ရမည်​နည်း။

၁၇ အန္တရာယ်များ​ကို အတတ်နိုင်ဆုံး ကြိုးစား​ရှောင်ရှား​ပြီး ပညာရှိရှိ ပြုမူ​ဆောင်ရွက်​သော်လည်း ကျွန်ုပ်​တို့အားလုံး အမှား​ပြု​တတ်ကြ​သည်။ (ယာကုပ် ၃:၂) ကျွန်ုပ်​တို့သည် သတိလစ်၍ တစ်စုံတစ်ခု​သော​အမှား ပြု​မိ​တော့​မည်​ကို လုံးလုံး သတိ​မထားမိဘဲ ဖြစ်နေ​နိုင်​သည်။ (ဆာလံ ၁၉:၁၂၊ ၁၃) ထို​ထက်​ကား လူသားများ​အနေ​နှင့် ကျွန်ုပ်​တို့သည် ယေဟောဝါ​အကူအညီ​မပါဘဲ မိမိတို့​သွား​ရမည့်​လမ်းကို စီရင်​နိုင်စွမ်း​မရှိ​သကဲ့သို့ ထိုသို့​ပြု​ပိုင်ခွင့်​လည်း​မရှိကြ​ချေ။ (ယေရမိ ၁၀:၂၃) ကျွန်ုပ်​တို့ကို ကိုယ်တော် ဤသို့​အားပေးထား​သည့်​အတွက် အလွန်​ကျေးဇူး​တင်စရာ​ပင်– “သင့်ကို ငါ​သွန်သင်​မည်။ သင်​သွား​ရမည့်​လမ်းကို ပြညွှန်​မည်။ သင့်ကို ငါ​ကြည့်ရှု​၍ အကြံပေး​မည်။” (ဆာလံ ၃၂:၈) မှန်ပါသည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​အကူအညီ​ဖြင့် ကောင်းသော​သတိရှိ​နိုင်​ကြ​ပေ​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 5 စီးပွားရေး သဘော​တူညီချက်​စာချုပ်​နှင့်​ပတ်သက်​၍ ထပ်ဆင့်​သိ​လို​ပါ​က ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ၁၉၉၇၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၁ နှင့် ၁၉၈၇၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၀ နှင့် နိုးလော့! ဖေဖော်ဝါရီ ၈၊ ၁၉၈၃၊ စာမျက်နှာ ၁၃-၁၅ [လိပ်] ကို​ရှု။

^ အပိုဒ်၊ 12 ဤ​နည်း​သည် ရောဂါ​ကုသ​ရာ​တွင် အငြင်းပွား​စ​ရာ​ဖြစ်စေ​သော ကုသ​နည်း​များ​ကို သုံးသပ်​နေသူတို့​အတွက် အကျိုးရှိ​ပါ​လိမ့်​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

ကျွန်ုပ်​တို့သည်

• စီးပွားရေး​အခွင့်အလမ်း ကမ်း​လှမ်း​ခံရ​သည့်​အခါ

• အိမ်ထောင်ဖက်​ရှာ​သည့်​အခါ

• ကျန်းမာ​ရေး​ချို့တဲ့မှုများ ရင်ဆိုင်​ရသည့်​အခါ

• စိတ်ဖိစီး​နေသည့်​အခါ မည်သို့​ကောင်းသော​သတိရှိ​နိုင်​ကြ​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]

၎င်းကို သင်​ယုံကြည်​စိတ်ချ​နိုင်​သလော

ဝက်ဘ်ဆိုက်​များ​ပေါ်​တွင် တစ်ကိုယ်ရေ​သမားများ​အတွက် အောက်ပါ​ငြင်းဆို​ချက်​များ ပေါ်လာ​သည်–

“အတတ်နိုင်ဆုံး ကြိုးစား​သော်လည်း လူတစ်ယောက်​သည် မည်သူ​မည်ဝါ အမှန်​ဖြစ်​ကြောင်း အာမ,မခံနိုင်​ပေ။”

“ဤ​အွန်လိုင်း​ဝန်ဆောင်မှု​ပါ သတင်း​အချက်အလက်​များ တိကျ​မှန်ကန်၊ ပြည့်စုံ​ပြီး အသုံးဝင်​သည်​ဟု ကျွန်ုပ်​တို့ အာမ,မခံ​ပါ။”

“ဤ​ဝန်ဆောင်မှု​မှ​တစ်ဆင့် ဖော်ပြ​သော ထင်မြင်ချက်၊ အကြံပေး​ချက်၊ အဆိုပြု​ချက်၊ ကမ်းလှမ်းချက်​များ သို့​မဟုတ် တခြား​သတင်း​အချက်အလက်​များသည် သတင်းပို့​သူ​အသီးသီး​၏​စကား​ဖြစ်​ပြီး . . . ယင်း​တို့ကို သေချာပေါက် ယုံကြည်​စိတ်ချ​၍​မရပါ။”

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

“ပညာသတိ​ရှိသောသူမူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏”

[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံများ]

ရှု​လ​မိတ်​မိန်းမပျို​ကို ခရစ်ယာန်​အမျိုးသမီးများ မည်သို့တုပ​နိုင်​ကြ​သနည်း

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

“ခပ်သိမ်း​သော​အရာ​ကို​စုံစမ်း​၍၊ ကောင်းသော​အရာ​ကို အမြဲ​ကိုင်စွဲ​ကြလော့”