မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဧသတာကျမ်းမှ ပေါ်လွင်ချက်များ

ဧသတာကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ဧသတာ​ကျမ်း​မှ ပေါ်လွင်​ချက်​များ

အကြံအစည်​သည် လွယ်လွယ်​နှင့် ပျက်​နိုင်​မည်​မဟုတ်​ချေ။ ဂျူး​များ​ကို သိမ်း​ရုံး​သတ်ဖြတ်​မည့်​အစီအစဉ်သည် ထောင့်​စေ့​ကာ ပိရိ​လှ​သည်။ ကြိုတင်​စီစဉ်​ထား​သည့်​နေ့​ရောက်လာ​လျှင် အိန္ဒိယ​မှ  အီသီယိုးပီးယား​အထိ ကျယ်ပြန့်​သော​အင်ပါယာ​၌ နေထိုင်ကြ​သည့် ဂျူး​တစ်ယောက်​မကျန် မျိုး​ဖြုတ်​ခံ​ရတော့မည်။ ဤ​ကား အကြံသမား​၏ လျှို့ဝှက်​ကြံစည်​မှု​ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံ​ရှင် ဘုရားသခင်​သည် မိမိ​ရွေးကောက်​ထားသော​လူ​တို့ကို မည်သည့်​အသက်​အန္တရာယ်​မျိုး​မှ​မဆို ကယ်လွှတ်​ပေး​နိုင်​သည်​ဟူသော အရေးကြီး​သည့်​အချက်​တစ်ချက်​ကို သူ​သတိ​လက်လွတ်​ဖြစ်သွား​သည်။ ထို​ကယ်လွှတ်​မှု​အကြောင်းကို ဧသတာ​ကျမ်း​တွင် မှတ်တမ်း​တင်ထား​သည်။

မော်ဒကဲ​အမည်​ရှိ အသက်ကြီးသူ ဂျူး​အမျိုးသား​တစ်ဦး​ရေးသားခဲ့​သော ဧသတာ​ကျမ်း​သည် ပါးရှား​ဘုရင် အာရွှေရု​ခေါ် ပထမ​မြောက်​ဇ​ခ်စိဇ်​၏​နန်းသက် ၁၈ နှစ်​တာ​ကာလ​ကို ခြုံငုံ​ဖော်ပြ​ထား​သည်။ မိမိ၏​ကျေးကျွန်​များသည် ကျယ်ပြန့်​လှ​သော​အင်ပါယာ​တစ်ခွင်​တွင် ပြန့်ကျဲ​နေ​သော်လည်း သူတို့​ရန်သူများ​၏ အကောက်​ကြံစည်​မှုများ​မှ ယေဟောဝါ မည်သို့​ကယ်လွှတ်​ပေး​ကြောင်း အဆိုပါ​ဇာတ်ကြောင်း​က ဖော်ပြ​သည်။ ယနေ့ ထို​အသိပညာက ၂၃၅ နိုင်ငံ​တွင် မြင့်မြတ်​သော​လုပ်ငန်းတော်​၌ ပါဝင်​နေကြ​သော ယေဟောဝါ​လူတို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေ​သည်။ ထို့​ပြင် ဧသတာ​ကျမ်း​တွင် ဖော်ပြ​ထားသော ဇာတ်ကောင်​များသည် ကျွန်ုပ်​တို့ တုပထိုက်​သည့်​စံနမူနာရှင်​များ​အပြင် ရှောင်ကြဉ်​အပ်​သူများ​လည်း​ပါ​သည်။ အမှန်​ဆို​သော် ‘ဘုရားသခင့်​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း​တို့​နှင့်​ပြည့်စုံ​၏။’—ဟေဗြဲ ၄:၁၂

မိဖုရား ကြားဝင်​ဆောင်ရွက်​ရ

(ဧသတာ ၁:၁–၅:၁၄)

ရှင်ဘုရင်​အာရွှေရု​သည် နန်းစံ​တတိယ​နှစ် (ဘီစီ ၄၉၃) တွင် တော်ဝင်​စားသောက်ပွဲ​ကြီး​တစ်ခု​ကို ကျင်းပ​ခဲ့​သည်။ ရုပ်​ရူပ​ကာ​လှပမှု​ကြောင့် ကျော်ကြား​ခဲ့​သော မိဖုရား​ဝါရှတိ​သည် ရှင်ဘုရင်​၏​ငြိုငြ​င်​မှု​ကို​ခံရ​ကာ မိဖုရား​အဖြစ်​မှ ပယ်ရှား​ခံ​လိုက်ရ​သည်။ နိုင်ငံ​တွင်း​ရှိ အဆင်းလှ​သော​အပျိုကညာ​အပေါင်း​မှ ဂျူး​အမျိုးသမီး​ဟ​ဒဿ​ကို  ရွေးချယ်​၍ ဝါရှတိ​အရာ​၌ တင်မြှောက်​လိုက်​သည်။ ဝမ်းကွဲ​တော်စပ်​သူ မော်ဒကဲ​၏​ညွှန်ကြားချက်​အရ မိမိသည် ဂျူး​လူမျိုး​ဖြစ်​ကြောင်း မဖော်ပြဘဲ ဧသတာ​ဟူသော ပါးရှား​အမည်​ကို​သာ သုံး​လေ​သည်။

အတန်​ကြာသော် ဟာမန်​အမည်​ရှိ မာန​ထောင်လွှား​သူကို ဝန်ကြီးချုပ်​ရာထူး အပ်နှင်း​ခဲ့​သည်။ ဟာမန်​သည် မော်ဒကဲ​က မိမိကို “ဦး​မချ၊ ရှိ​မခိုး” သောကြောင့် အမျက်ထွက်​ပြီး ပါးရှား​အင်ပါယာ​ရှိ ဂျူး​အားလုံး​ကို မျိုး​ဖြုတ်​သတ်​ရန် ကြံစည်​လေ​တော့​သည်။ (ဧသတာ ၃:၂) ဟာမန်​သည် အာရွှေရု​ကို အယုံသွင်း​နိုင်​ပြီး အဆိုပါ​မျိုး​ဖြုတ်​သတ်ဖြတ်မှု​အောင်မြင်​ရန် ရှင်ဘုရင်​၏​အမိန့်တော်ကို ထုတ်ပြန်​နိုင်​ခဲ့​သည်။ မော်ဒကဲ​သည် “ပြာ​နှင့်​လူး​လျက်၊ လျှော်တေ​အဝတ်ကို​ဝတ်” လျက်​နေ​၏။ (ဧသတာ ၄:၁) ယခု ဧသတာ ကြားဝင်​ဆောင်ရွက်​ရတော့မည်။ သူသည် ရှင်ဘုရင်​နှင့် ဝန်ကြီးချုပ်​တို့ကို ဖိတ်ခေါ်​၍ သီးသန့်​စားသောက်ပွဲ​ကြီး ခင်းကျင်း​လေ​သည်။ သူတို့ ဝမ်းသာ​အားရ စားသောက်​ကြ​စဉ် နောက်​တစ်နေ့​တွင်​လည်း ကြွရောက်​သုံးဆောင်​ပါ​ရန် ဧသတာ လျှောက်ဆို​၏။ ဟာမန် ဝမ်းသာ​သော်လည်း မိမိကို မော်ဒကဲ မလေးမခန့်​ပြုသော​ကြောင့် အလွန်​အမျက်ထွက်​နေသည်။ နောက်​တစ်နေ့ စားသောက်ပွဲ​ကြီး​မတိုင်မီ မော်ဒကဲ​ကို​ကွပ်မျက်​ရန် ဟာမန် အကောက်​ကြံ​လေ​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ

၁:၃-၅—စားသောက်ပွဲ​သည် ရက်ပေါင်း​တစ်​ရာ​ရှစ်​ဆယ်​ကြာ​ခဲ့​သလော။ စားသောက်ပွဲ​သည် ထို​မျှ​ကြာညောင်း​သည်​ဟု ကျမ်းချက်​က မဖော်​ပြ​ချေ။ သို့သော် ရှင်ဘုရင်​သည် မင်းမှုထမ်း​များ​ကို ရက်ပေါင်း ၁၈၀ ကြာ နိုင်ငံတော်​၏​ဘုန်း​စည်းစိမ်​နှင့် ဘုန်း​အသရေ​ကို ပြသ​တော်​မူ​သည်။ ရှင်ဘုရင်​သည် မိမိ၏​အစီအစဉ်ကို အောင်မြင်​စေနိုင်​စွမ်း​ရှိကြောင်း စိတ်ချ​စေလို၍ အဆိုပါ​ပွဲ​တွင် နိုင်ငံတော်​ဘုန်း​စည်းစိမ်​များ​ကို ပြသခြင်း​ဖြစ်​နိုင်​သည်။ ဤ​တွင် ရက်ပေါင်း ၁၈၀ စုဝေး​ပွဲ​ပြီး​နောက် ဆက်​ကျင်းပ​သည့် ၇ ရက်​စားသောက်ပွဲ​ကို အခန်းငယ် ၃ နှင့် ၅ က​ရည်ညွှန်းခြင်း​ဖြစ်​နိုင်၏။

၁:၈—အဘယ်​နည်းဖြင့် ‘စပျစ်​ရည်​သောက်​ခြင်း​အမှုကို တရား​အတိုင်း လိုက်နာ​ရန်​နှင့်​စပ်လျဉ်း၍ အဘယ်သူကိုမျှ အနိုင်အထက်​မပြု’ ခဲ့​သနည်း။ ဤ​အခါသမယ​တွင် ရှင်ဘုရင်​အာရွှေရု​သည် ဤသို့​သော​စုဝေး​ပွဲ​များ​တွင် တစ်စုံတစ်ခု​သော​ပမာဏ​သာ​သောက်​ရန် အချင်းချင်း သတိပေး​သည့် ပါးရှား​ဓလေ့​ရှိ​ပုံ​ရ​ရာ​ကို ခြွင်းချက်​ထားခဲ့​သည်။ “များသည်​ဖြစ်စေ၊ နည်း​သည်​ဖြစ်စေ သူတို့​စိတ်တိုင်းကျ သောက်​နိုင်​ကြသည်” ဟု ကိုးကား​ဖော်ပြချက်​တစ်ခု​က​ဆို​၏။

၁:၁၀-၁၂—မိဖုရား​ဝါရှတိ​သည် ရှင်ဘုရင်​ထံ အခစားဝင်​ရန် အဘယ်ကြောင့် ငြင်းဆန်​ခဲ့​သနည်း။ မိဖုရား​သည် ရှင်ဘုရင်​၏ မူးယစ်​နေသော​ဧည့်သည်​များ​ရှေ့တွင် အရှက်​မရ​လို​သောကြောင့် အမိန့်တော်ကို ငြင်းဆန်​ရခြင်း​ဖြစ်​ကြောင်း ကျမ်း​ပညာရှင်​အချို့​က​ဆို​သည်။ သို့​မဟုတ် အဆိုပါ​အပြင်ပန်း​အဆင်းလှ​သော​မိဖုရား​သည် အမှန်ပင် လက်အောက်​မခံလို​၍​လည်း ဖြစ်​နိုင်​သည်။ သူ၏​အကြောင်းပြချက်ကို သမ္မာကျမ်းစာ​က မဖော်​ပြ​ထား​သော်လည်း ခင်ပွန်း​ကို နာခံခြင်း​သည် အမှန်​အရေးကြီး​သည့်​ကိစ္စ​တစ်ခု​ဖြစ်​ပြီး ဝါရှတိ​၏​မကောင်းသော​ပုံသက်သေ​က ပါးရှား​ခရိုင်​များ​ရှိ ဇနီးသည်​အားလုံး​အပေါ် ဩဇာ​သက်ရောက်​လိမ့်​မည်​ဟု ထို​ခေတ်​ပညာရှိ​များ​က ဆင်ခြင်​ခဲ့​ကြသည်။

၂:၁၄-၁၇—ဧသတာ​သည် ရှင်ဘုရင်​နှင့် အကျင့်ပျက်​လိင်ဆက်ဆံ​ခဲ့​သလော။ အဖြေ​မှာ မဟုတ်ပါ။ ရှင်ဘုရင်​ထံ ဝင်​ရသော တခြား​အမျိုးသမီးများ​သည် နံနက်​ချိန်​တွင် ရှင်ဘုရင်​၏​နန်းတော်​မိန်းမစိုး၊ “မောင်းမ​မိ​ဿံ​အုပ်” စောင့်​သော ဒုတိယ​မိန်းမ​ဆောင်​သို့ ပြန်သွား​ရသည်​ဟု မှတ်တမ်းက​ဆို​သည်။ သို့ဖြင့် ရှင်ဘုရင်​နှင့်အတူ ည​ကို​ကုန်လွန်​စေ​ခဲ့​သော အမျိုးသမီးများ​သည် မောင်းမ​မိ​ဿံ​များ သို့​မဟုတ် ဒုတိယ​မိဖုရား​များ ဖြစ်လာ​ကြသည်။ သို့သော် ဧသတာ​ကို ရှင်ဘုရင်​မြင်ပြီး​နောက် မောင်းမ​မိ​ဿံ​အဆောင်​သို့ ပြန်​မ​ပို့​ခဲ့​ချေ။ ဧသတာ​ကို အာရွှေရု​ထံ သွင်း​သောအခါ “အခြားသော​သမီးကညာ​အပေါင်း​တို့​ထက် ဧသတာ​သည် စိတ်တော်​ကို​နူး​ညွတ်​စေ​၍ အထံတော်​၌ မျက်နှာ​ရ​သဖြင့် ရှင်ဘုရင်​သည် အခြားသော​မိန်းမ​တကာ​တို့ကို ချစ်​သည်ထက် ဧသတာ​ကို သာ၍​ချစ်” သွားလေသည်။ (ဧသတာ ၂:၁၇) သူသည် အာရွှေရု​၏ ‘မျက်နှာသာ​နှင့် ချစ်ခင်မှု’ ကို​မည်သို့​ရရှိခဲ့​သနည်း။ တခြား​သူများ​၏​မျက်နှာသာ​ကို ရရှိ​သကဲ့သို့ပင်​ဖြစ်၏။ “ဧသတာ​သည် ဟေဂဲ​စိတ်​နှင့်​တွေ့​၍ မျက်နှာ​ရ” ခဲ့​၏။ (ဧသတာ ၂:၈၊ ၉) ဟေဂဲ​သည် ဧသတာ​၏​အသွင်အပြင်​နှင့် အရည်အသွေးကောင်း​များ​ကြောင့် မျက်နှာသာ​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ မှန်ပါသည်၊ “ဧသတာ​ကို တွေ့မြင်​သမျှ​သော​သူတို့သည် ချစ်တတ်​ကြ​၏။” (ဧသတာ ၂:၁၅) ထို​နည်းတူ ရှင်ဘုရင်​သည် ဧသတာ​၏​အသွင်အပြင်​နှင့်​အရည်အသွေး​တို့ကို သဘောကျ​ကာ ချစ်ခင်​မြတ်နိုး​မိ​ခြင်း​ဖြစ်သည်။

၃:၂; ၅:၉—မော်ဒကဲ​သည် ဟာမန်​ကို အဘယ်ကြောင့် ဦး​မချ​ခဲ့​သနည်း။ ဣသရေလလူ​တို့အတွက် ရာထူး​ကြီး​မြင့်​သူကို ဦး​ညွတ်​ခြင်း​သည် မမှား​ချေ။ သို့သော် ဟာမန်​ကိစ္စ​တွင် ထို့ထက်မက ပါဝင်​ပတ်သက်​နေသည်။ ဟာမန်​သည် အာဂတ်​လူမျိုး​ဖြစ်​ပြီး အာမလက်​လူမျိုး​လည်း​ဖြစ်​နိုင်​သည်။ ယေဟောဝါ​သည် အာမလက်​လူမျိုး​ကို သုတ်သင်​ပယ်ရှင်း​ရန် သတ်မှတ်​ထားပြီး​ဖြစ်သည်။ (တရားဟောရာ ၂၅:၁၉) ထို့​ကြောင့် ဟာမန်​ကို ဦးချ​ခြင်း​သည် မော်ဒကဲ​အတွက် ယေဟောဝါ​အပေါ် သစ္စာမဲ့​ရာ​ကျ​သွားပေ​လိမ့်​မည်။ ထို့​ကြောင့် သူသည် ဂျူး​လူမျိုး​ဖြစ်​ကြောင်း ဖော်ပြ​ပြီး လုံးဝ​ဦး​မချ​ခဲ့​ချေ။—ဧသတာ ၃:၃၊ ၄

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၂:၁၀၊ ၂၀; ၄:၁၂-၁၅ဧသတာ​သည် ယေဟောဝါ​အား ကိုးကွယ်​သည့် ရင့်ကျက်သူ​ထံ​မှ ညွှန်ကြားချက်​နှင့် အကြံဉာဏ်​ကို လက်ခံခဲ့သည်။ “[ကျွန်ုပ်​တို့] ကို​အုပ်​သော​သူတို့၏​စကား​ကို နားထောင်​၍ နှိမ့်ချလျက်​နေ” ခြင်း​သည် ပညာရှိရာ​ရောက်​၏။—ဟေဗြဲ ၁၃:၁၇

၂:၁၁; ၄:၅ကျွန်ုပ်​တို့သည် “ကိုယ်​အမှုအရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ သူ့​အမှုအရာ​ကို အချင်းချင်း ရှုမှတ်” သင့်​သည်။—ဖိလိပ္ပိ ၂:၄

၂:၁၅ဧသတာ​သည် ဟေဂဲ​စီရင်​သော​အရာ​မှတစ်ပါး အဘယ်​လက်​ဝတ်​ရတနာ သို့​မဟုတ် အဝတ်အစား​ကောင်း​ကို​မျှ မ​တောင်း​ဘဲ ကျိုးနွံ​မှု​နှင့် ချုပ်တည်း​မှု ပြသ​ခဲ့​သည်။ ယင်းသည် ဧသတာ​အား ရှင်ဘုရင်​၏​မျက်နှာသာ​ကို​ရစေသော “နူးညံ့​ငြိမ်သက်ခြင်း​သဘော​တည်း​ဟူသော မဖောက်ပြန်​မပျက်စီး​တတ်သော တန်ဆာဆင်​ခြင်း​ရှိသော စိတ်နှလုံး​၏​အတွင်းလူ​ဖြစ်” သည်။—၁ ပေတရု ၃:၄

၂:၂၁-၂၃‘အစိုး​ရသော​မင်း​အာဏာစက်​၏​အုပ်စိုးခြင်း​ကို ဝန်ခံ’ ခြင်း​တွင် ဧသတာ​နှင့် မော်ဒကဲ​တို့သည် စံနမူနာရှင်​များ​ဖြစ်​ကြ​၏။—ရောမ ၁၃:၁

၃:၄ဧသတာ​သည် မိမိ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း မဖော်​ပြသ​ကဲ့သို့ အချို့​သော​အခြေအနေ​မျိုး​တွင် ကျွန်ုပ်​တို့​လည်း မဖော်​ပြ​ခြင်း​သည် ပညာရှိရာ​ရောက်​၏။ သို့သော် ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​နှင့် ကျွန်ုပ်​တို့၏​သမာဓိ​အစ​ရှိသော အရေးကြီး​ကိစ္စ​များနှင့်​ပတ်သက်​၍ ရပ်တည်​ဖို့​လို​လာ​သည့်​အခါ ကျွန်ုပ်​တို့သည် ယေဟောဝါသက်သေ​များ​ဖြစ်​ကြောင်း ဖော်ပြ​ရန် ကြောက်ရွံ့​မည်​မဟုတ်​ချေ။

၄:၃စမ်းသပ်မှု​များ ရင်ဆိုင်​ရသည့်​အခါ ခွန်အား​နှင့် ဉာဏ်ပညာ​ပေးသနား​ပါ​ရန် ယေဟောဝါ​ထံ ဆုတောင်း​သင့်​သည်။

၄:၆-၈မော်ဒကဲ​သည် ဟာမန်​၏​အကောက်​ကြံ​မှု​ကြောင့် ဖြစ်ပေါ်​လာသော ခြိမ်းခြောက်​မှု​ကို တရား​ဥပဒေ​အရ ဖြေရှင်းရန် ကြိုးစား​ခဲ့​သည်။—ဖိလိပ္ပိ ၁:၇

၄:၁၄ယေဟောဝါ​အပေါ် မော်ဒကဲ​၏​ယုံကြည်​စိတ်ချမှု​သည် စံ​ပြု​လောက်​ပေ​သည်။

၄:၁၅ဧသတာ​သည် ယေဟောဝါ​အား ကိုးစားမှု​အပြည့်​ဖြင့် အသတ်ခံရ​နိုင်​သည့် အခြေအနေ​တစ်ခု​ကို သစ္စာရှိ​ရှိ၊ သတ္တိရှိရှိ ရင်ဆိုင်ခဲ့​သည်။ မိမိကိုယ်ကို​မဟုတ်ဘဲ ယေဟောဝါ​ကို ကိုးစား​တတ်​ရန် ကျွန်ုပ်​တို့ သင်ယူဖို့ အရေးကြီး​၏။

၅:၆-၈ဧသတာ​သည် အာရွှေရု​၏​မျက်နှာသာ​ကို​ရရှိနိုင်​ရန် ဒုတိယ​အကြိမ် စားသောက်ပွဲ​သို့ ဖိတ်ခေါ်​ခဲ့​သည်။ သူသည် ပညာသတိ​ရှိ​ရှိ​နှင့်​လုပ်ဆောင်​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ထို့​အတူ​ပြုလုပ်​သင့်​သည်။—သု. ၁၄:၁၅

အဖြစ်အပျက်​များ တစ်ခု​ပြီး​တစ်ခု ပြောင်းပြန်​ဖြစ်သွားခြင်း

(ဧသတာ ၆:၁–၁၀:၃)

အဖြစ်အပျက်​များ​မှာ ပြောင်းပြန်​ဖြစ်​ကုန်​၏။ မော်ဒကဲ​အတွက်​ပြုလုပ်​ထားသော လည်ဆွဲ​ချ​တိုင်​ပေါ်​တွင် ဟာမန်​ကိုယ်တိုင် လည်ဆွဲ​ချ​ခံရ​ပြီး ကွပ်မျက်​ခံရ​မည့်​သူသည် ဝန်ကြီးချုပ်​ဖြစ်လာ​လေ​သည်။ ဂျူး​များ​ကို သိမ်း​ရုံး​သတ်ဖြတ်မှု​အစီအစဉ်သည် မည်သို့​ဖြစ်သွား​သနည်း။ ယင်းသည်​လည်း လုံးလုံး​ပြောင်းပြန်​ဖြစ်သွား​၏။

သစ္စာ​ရှိသော​ဧသတာ​သည် တစ်ဖန်​ပြောဆို​ပြန်​၏။ မိမိ​၌ အသက်​အန္တရာယ်​ရှိ​နေ၍ ဟာမန်​၏​အကောက်​ကြံ​မှု​ကို ပယ်ဖျက်​ပေး​နိုင်​သည့် နည်းလမ်း​တစ်မျိုး​မျိုး​ရှာပေး​ပါ​ရန် ရှင်ဘုရင်​၏​ရှေ့မှောက် လျှောက်တင်​လေ​၏။ အဘယ်အရာ​ပြုလုပ်​ရမည်ကို အာရွှေရု သိရှိ​တော်​မူ​၏။ နောက်ဆုံး​တွင် သိမ်း​ရုံး​သတ်ဖြတ်​မည့်​နေ့ ရောက်လာ​သည့်​အခါ ဂျူး​များ​ကို​မဟုတ်ဘဲ သူတို့ကို​အန္တရာယ်​ပြု​မည့်​သူများကို ကွပ်မျက်​လိုက်​သည်။ မော်ဒကဲ​သည် အဆိုပါ​ကြီးစွာ​သော​ကယ်လွှတ်​မှု​ကို အမှတ်ရ​စေရန် နှစ်စဉ်​နှစ်​တိုင်း ပု​ရ​ပွဲနေ့​ကို ကျင်းပ​ရန် မိန့်မှာ​ခဲ့​သည်။ ရှင်ဘုရင်​အာရွှေရု​ပြီး​လျှင် ဒုတိယ​မင်း​ဖြစ်သော မော်ဒကဲ​သည် “မိမိ​အမျိုး​၏​အကျိုး​စီးပွား​ကို​ပြုစု​လျက် အမျိုးသားချင်း​အပေါင်း​တို့အား မင်္ဂလာ​စကား​ကို​သာ​ပြော” ဆို​လေ​သည်။—ဧသတာ ၁၀:၃

ကျမ်းစာ​မေးခွန်းများ အဖြေ–

၇:၄—ဂျူး​များ​ကို မျိုး​ဖြုတ်​သတ်​ခြင်း​သည် “ရှင်ဘုရင်​အကျိုး​နည်း​ခြင်း” မည်သို့​ဖြစ်​နိုင်​သနည်း။ ဂျူး​များ​ကို ကျွန်​အဖြစ် ရောင်းချ​ရန်ဖြစ်​နိုင်​ခြေ​ကို လိမ္မာ​ပါးနပ်​စွာ ဧသတာ ထောက်ပြ​ခြင်း​ဖြင့် သူတို့ကို​ဖျက်ဆီး​ပစ်​မည်​ဆိုပါ​က ရှင်ဘုရင်​အား အကျိုး​နည်းစေ​မည်​ကို အလေးပေး​ပြောဆို​ခဲ့​သည်။ ဂျူး​များ​ကို ကျွန်​အဖြစ် ရောင်းချ​ရန် ဟာမန်​စီစဉ်​ခဲ့​မည်​ဆိုလျှင် ဘုရင့်​ဘဏ္ဍာတိုက်​အတွက် ရရှိ​မည့်​ငွေ​ပမာဏ​သည် ဟာမန် ပေး​မည်​ဟု​ကတိပြု​ထား​သည့် ငွေ​အခွက် ၁၀၀,၀၀၀ ထက်​ပို​များ​ပေ​လိမ့်​မည်။ ထို့​ပြင် လျှို့ဝှက်​ကြံစည်​မှု အထမြောက်​ခဲ့​လျှင် မိဖုရား​ကိုလည်း ဆုံးရှုံး​သွား​နိုင်​သည်။

၇:၈—မင်းမှုထမ်း​များသည် ဟာမန်​၏​မျက်နှာကို အဘယ်ကြောင့် ဖုံး​ခဲ့​ကြ​သနည်း။ ယင်းသည် အရှက်တကွဲ​အကျိုး​နည်း​ခြင်း သို့​မဟုတ် ဖျက်ဆီး​ခံရ​တော့​မည့်​အခြေအနေ​ဆိုး​ကို ဖော်ပြ​ရာ​ရောက်​ပေမည်။ ကိုးကား​ဖော်ပြချက်​တစ်ခု​အရ “ရှေး​လူတို့သည် တစ်ခါတစ်ရံ ကွပ်မျက်​ခံရ​တော့​မည့်​သူ၏​ခေါင်း​ကို ဖုံး​တတ်ကြ​၏။”

၈:၁၇—အဘယ်​နည်းဖြင့် “ပြည်သူပြည်သား​အများ​တို့သည် . . . ယုဒ​ဘာသာ​ကို​ဝင်​ကြ” သနည်း။ ထုတ်ပြန်​လိုက်​သော​အမိန့်​သည် ဂျူး​တို့​ဘက်တွင် ဘုရားသခင်​ရှိကြောင်း သာဓက​တစ်ခု​ဖြစ်သည်ဟု ယူမှတ်​ကာ ပါးရှန်း​လူအများ ဂျူး​ဘာသာ​သို့​ဝင်လာ​ကြသည်။ ယင်း​မူ​သည် ဇာခရိကျမ်း​တွင်​တွေ့ရှိ​ရသည့် ပရောဖက်ပြုချက်​ပြည့်စုံမှု၌ ပေါ်လွင်​ထင်ရှား​၏။ ယင်းက ဤသို့​ဖော်ပြ​သည်– “ဘာသာ​အသီးအသီး​ကို​ပြောတတ်​သော လူအမျိုးမျိုး​တို့​တွင် တစ်ကျိပ်​သော​လူတို့သည် ယုဒ​လူ​ဖြစ်သော​သူ၏​အဝတ်စွန်း​ကို​ကိုင်​လျက် ‘ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်​မူ​သည်​ဟု အကျွန်ုပ်​တို့သည် ကြား​သိ၍ သင်တို့​နှင့်အတူ​လိုက်ပါမည်’ ဟု​ဆို​ကြလိမ့်မည်။”—ဇာခရိ ၈:၂၃

၉:၁၀၊ ၁၅၊ ၁၆—အမိန့်အရ ဥစ္စာ​ပစ္စည်း​များ​ကို သိမ်းယူ​ခွင့်​ရှိသော်လည်း ဂျူး​များသည် အဘယ်ကြောင့်​မ​သိမ်းယူကြ​သနည်း။ သူတို့၏​ရည်ရွယ်ချက်မှာ ကိုယ်ကျိုး​စီးပွား​အတွက်​မဟုတ်ဘဲ မိမိတို့​အသက်ကို ကာကွယ်​ရန်​သာ​ဖြစ်​ကြောင်း ထင်ရှား​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၆:၆-၁၀“မာန​သည် ပျက်စီးခြင်း​အရင်၊ ထောင်လွှား​သော​သဘော​သည် ရှုတ်ချခြင်း​အရင်​၌ နေရာကျ​တတ်၏။”—သု. ၁၆:၁၈

၇:၃၊ ၄။ ညှဉ်းပန်း​နှိပ်စက်​ခံရ​နိုင်​သော်လည်း ကျွန်ုပ်​တို့သည် ယေဟောဝါသက်သေ​များ​ဖြစ်​ကြောင်း ဖော်ပြ​ရဲ​သလော။

၈:၃-၆အတိုက်အခံပြု​သူများ​၏​ရန်​မှ အကာအကွယ်​ရရှိရန် အစိုးရ​အာဏာပိုင်​များ​ထံ​တွင် သို့​မဟုတ် တရားရုံး​များ​တွင် အယူခံဝင်​နိုင်​သည်၊ အယူခံဝင်​သင့်​သည်။

၈:၅မိမိ​လူမျိုး​ကို မျိုး​ဖြုတ်​သတ်​ရန် အမိန့်ထုတ်​ပြန်​လိုက်​သည့်​အတွက် ရှင်ဘုရင်​တွင် တာဝန်​ရှိကြောင်း ဧသတာ တိုက်ရိုက်​မပြောခဲ့​ချေ။ ထို​နည်းတူ ကျွန်ုပ်​တို့သည်​လည်း အထက်အရာရှိ​များ​ကို သက်သေခံ​ရာ​တွင် လိမ္မာပါးနပ်မှု​ရှိဖို့လို​သည်။

၉:၂၂ကျွန်ုပ်​တို့​ထဲ​မှ ဆင်းရဲ​နွမ်းပါး​သူများကို မမေ့​သင့်​ချေ။—ဂလာတိ ၂:၁၀

ယေဟောဝါ “ကယ်တင်” မည်

ဧသတာ မိဖုရား​ဖြစ်​ရခြင်း​မှာ ဘုရားသခင့်​ရည်ရွယ်ချက်​ဖြစ်​ကြောင်း မော်ဒကဲ ဖော်ပြ​ခဲ့​သည်။ ဂျူး​များသည် ခြိမ်းခြောက်​ခံရသော​အခါ အစာရှောင်​ပြီး အကူအညီ​အတွက် ဆုတောင်း​ကြသည်။ မိဖုရား​သည် ဘုရင်​အမိန့်​မရဘဲ ဘုရင်​ရှေ့မှောက်​သို့ အခစားဝင်​တိုင်း ကြည်​ကြည်ဖြူ​ဖြူ ကြိုဆို​ခံရ​သည်။ သေရေးရှင်ရေး​ဖြစ်နေ​သော​အချိန်၌ ရှင်ဘုရင်​သည် အိပ်မပျော်​နိုင်​ခဲ့​ချေ။ မှန်ပါသည်၊ ယေဟောဝါ​သည် မိမိလူ​မျိုး​၏​အကျိုးအတွက် စနစ်တကျ​လုပ်ဆောင်​ကြောင်း ဧသတာ​ကျမ်း​က ဖော်ပြ​သည်။

စိတ်​လှုပ်ရှား​ဖွယ်​ကောင်းသော ဧသတာ​မှတ်တမ်း​သည် “အမှု​ကုန်​ရသည်​ကာလ” တွင်​နေထိုင်​နေကြ​သော ကျွန်ုပ်​တို့အတွက် အထူး​အားရှိစရာ​မှတ်တမ်း​ဖြစ်သည်။ (ဒံယေလ ၁၂:၄) နောက်ဆုံး​ကာလ​၏  အဆုံးပိုင်း​ဖြစ်သည့် ဤ​ကာလ​တွင် မာဂေါဂ​ပြည်သား ဂေါဂ​မင်း စာတန်​သည် ယေဟောဝါ​၏​လူ​တို့ကို မီးကုန်ယမ်းကုန်​တိုက်ခိုက်​ပါ​တော့​မည်။ သူ၏​ရည်ရွယ်ချက်မှာ စစ်မှန်သော​ဝတ်ပြုသူ​များ​ကို အစတုံး​ပစ်​ရန်ဖြစ်​သည်။ သို့သော် ဧသတာ​ခေတ်​ကဲ့သို့​ပင် ယေဟောဝါ​သည် မိမိ​အား​ဝတ်ပြုသူ​များ​ကို “ကယ်တင်” မည်​ဖြစ်သည်။—ယေဇကျေလ ၃၈:၁၆-၂၃; ဧသတာ ၄:၁၄

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဧသတာ​နှင့်​မော်ဒကဲ​တို့သည် အာရွှေရုရှေ့မှောက်​သို့ အခစားဝင်