ကျွန်ုပ်တို့အတွက် “ပုံဆောင်ဇာတ်လမ်း”၏ အကျိုးကျေးဇူး
ကျွန်ုပ်တို့အတွက် “ပုံဆောင်ဇာတ်လမ်း”၏ အကျိုးကျေးဇူး
သမ္မာကျမ်းစာ၏ အခြားအပိုင်းများကသာ အလင်းဖြာပေးခြင်းမရှိလျှင် အချို့သောကျမ်းချက်များ၏ အဓိပ္ပာယ်အပြည့်အဝကို သိနားလည်ရန် အလွန်ခက်လှပေမည်! ကျမ်းစာပါသမိုင်းမှတ်တမ်းများကို ရှိရင်းစွဲအတိုင်း ဖတ်သွားနိုင်သည်။ သို့သော် ထိုကျမ်းစာမှတ်တမ်းအချို့တွင် သိပ်မသိသာသည့် နက်နဲသည့်အမှန်တရားများ ပါဝင်သည်။ ဥပမာတစ်ခုမှာ ဘိုးဘေးအာဗြဟံ၏အိမ်ထောင်စုမှ အမျိုးသမီးနှစ်ဦးအကြောင်းဖြစ်သည်။ တမန်တော်ပေါလုက ယင်းကို “ပုံဆောင်ဇာတ်လမ်း” ဟုခေါ်ခဲ့သည်။—ဂလာတိ ၄:၂၄၊ ကဘ။
ဤဇာတ်လမ်း ကိုယ်စားပြုသောအဖြစ်မှန်များသည် ယေဟောဝါ၏ကောင်းချီးရလိုသူအားလုံးအတွက် အဓိကအရေးပါရာဖြစ်သဖြင့် ယင်းကို ကျွန်ုပ်တို့စိတ်ဝင်စားသင့်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရကြောင်း မသုံးသပ်မီ ဤဇာတ်လမ်း၏အဓိပ္ပာယ်ကို ရှင်းပြရန် ပေါလုအားလှုံ့ဆော်ခဲ့သော အခြေအနေများကို သုံးသပ်ကြည့်ကြစို့။
ပထမရာစုရှိ ဂလာတိခရစ်ယာန်များတွင် ပြဿနာတစ်ခုရှိနေသည်။ အချို့သည် မောရှေပညတ်တွင်ပါသော “နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကိုစောင့်” နေကြသည်။ သူတို့က ယုံကြည်သူများ ဘုရားသခင့်မျက်နှာသာရရန် ပညတ်တရားကို လိုက်လျှောက်ရန်လိုအပ်သည်ဟု ဆိုကြသည်။ (ဂလာတိ ၄:၁၀; ၅:၂၊ ၃) သို့သော် ခရစ်ယာန်များသည် ယင်းတို့ကို စောင့်ထိန်းရန်မလိုကြောင်း ပေါလုသိသည်။ ယင်းကို သက်သေပြရန် ဂျူးနောက်ခံရှိသူများ အကျွမ်းဝင်ပြီးဖြစ်သည့် မှတ်တမ်းတစ်ခုကို ဖော်ပြခဲ့သည်။
ဂျူးလူမျိုးတို့၏ဘိုးဘေး အာဗြဟံတွင် ဣရှမေလနှင့်ဣဇာက်ဟူသော သားနှစ်ဦးရှိကြောင်း ဂလာတိခရစ်ယာန်များအား ပေါလု အမှတ်ရစေသည်။ ပထမသားမှာ ကျွန်မ ဟာဂရနှင့်ရပြီး ဒုတိယသားမှာ ကျွန်မ,မဟုတ်သောမိန်းမ စာရာနှင့်ရသည်။ မောရှေပညတ်ကိုလိုက်လျှောက်ရန် အားပေးသော ဂလာတိခရစ်ယာန်တို့သည် အစပိုင်းတွင် စာရာမြုံနေခြင်းနှင့် အိမ်ဖော်ဟာဂရကို သူ့ကိုယ်စားသားဖွားပေးရန် အာဗြဟံအား အပ်ပေးခြင်းအကြောင်းတို့နှင့် အကျွမ်းတဝင်ရှိသည်။ ဟာဂရသည် ဣရှမေလကို မွေးဖွားပြီးနောက် မိမိသခင်မ စာရာကို မထီမဲ့မြင်ပြုကြောင်း သူတို့သိကြမည်။ သို့သော် ဘုရားသခင့်ကတိတော်အတိုင်း နောက်ဆုံးတွင် စာရာသည် အသက်ကြီးပိုင်း၌ သားဣဇာက်ကို ဖွားမြင်ခဲ့သည်။ နောက်ပိုင်း ဣရှမေလသည် ဣဇာက်ကို အနိုင်ကျင့်သဖြင့် အာဗြဟံသည် ဟာဂရနှင့်ဣရှမေလကို အဝေးသို့ နှင်ထုတ်ခဲ့သည်။—ကမ္ဘာဦး ၁၆:၁-၄; ၁၇:၁၅-၁၇; ၂၁:၁-၁၄; ဂလာတိ ၄:၂၂၊ ၂၃။
မိန်းမနှစ်ယောက်၊ ပဋိညာဉ်နှစ်ပါး
ပေါလုသည် ဤ “ပုံဆောင်ဇာတ်လမ်း” ပါဇာတ်ကောင်များကို ရှင်းပြသည်။ သူဤသို့ရေးခဲ့သည်– “ထိုမိန်းမနှစ်ယောက်ကား ပဋိညာဉ်တရားနှစ်ပါးကိုဆိုလိုသတည်း။ ဟာဂရအမည်ရှိသောမိန်းမတည်းဟူသော ပဋိညာဉ်တရားတစ်ပါးသည် သိနာတောင်ပေါ်မှာစီရင်၍ ကျွန်များကိုဖွားတတ်သော တရားဖြစ်၏။ . . . ဟာဂရသည် ယခုရှိသောယေရုရှလင်မြို့နှင့်တူ၏။ မိမိသားများနှင့်တကွ ကျွန်ခံရ၏။” (ဂလာတိ ၄:၂၄၊ ၂၅) ဟာဂရသည် မြို့တော် ယေရုရှလင်အပါအဝင် ဇာတိဣသရေလလူမျိုးကို ပုံဆောင်သည်။ သိနာတောင်၌ပေးခဲ့သော ပညတ်ပဋိညာဉ်အားဖြင့် ဂျူးလူမျိုးတို့သည် ယေဟောဝါ၌ ချည်နှောင်လျက်ရှိသည်။ မိမိတို့သည် အပြစ်၏ချုပ်နှောင်မှုအောက်တွင်ရှိပြီး ရွေးနုတ်ခံရရန်လိုအပ်ကြောင်း ပညတ်ပဋိညာဉ်က ဣသရေလလူမျိုးများကို မပြတ်သတိပေးခဲ့သည်။—ယေရမိ ၃၁:၃၁၊ ၃၂; ရောမ ၇:၁၄-၂၄။
သို့ဆိုလျှင် “ကျွန်မ,မဟုတ်သောမိန်းမ” စာရာနှင့် သူ၏သားဣဇာက်တို့သည် မည်သူတို့ကို ကိုယ်စားပြုသနည်း။ “သားမဖွားသောအမြုံမ” စာရာသည် ဘုရားသခင့်ဇနီးဖြစ်သော ကိုယ်တော့်အဖွဲ့အစည်း၏ ကောင်းကင်ဆိုင်ရာအပိုင်းကို ပုံဆောင်ကြောင်း ပေါလုဖော်ပြခဲ့သည်။ ထိုကောင်းကင်ဆိုင်ရာမိန်းမသည် ယေရှုမကြွလာမချင်း မြေကြီးပေါ်တွင် ဝိညာဉ်တော်ဖွား “သား” သမီးများ မရှိသဖြင့် မြုံနေခဲ့သည်။ (ဂလာတိ ၄:၂၇; ဟေရှာယ ၅၄:၁-၆) သို့သော် အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် အမျိုးသား၊ အမျိုးသမီးအုပ်စုတစ်စုအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းဖြင့် ဤကောင်းကင်ဆိုင်ရာမိန်းမ၏ သားသမီးများအဖြစ် တစ်ဖန်မွေးဖွားပြန်ခဲ့သည်။ ဤအဖွဲ့အစည်း မွေးဖွားလိုက်သော သားသမီးများသည် ဘုရားသခင့်သားများအဖြစ် မွေးစားခံရပြီး ပဋိညာဉ်သစ်အောက်တွင် ယေရှုနှင့် တွဲဖက်အမွေခံများဖြစ်လာကြသည်။ (ရောမ ၈:၁၅-၁၇) အဆိုပါသားတစ်ဦးဖြစ်သူ တမန်တော်ပေါလု ဤသို့ရေးသားနိုင်ခဲ့သည်– “အပေါ်မှာရှိသောယေရုရှလင်မြို့မူကား ခပ်သိမ်းသောငါတို့၏အမိတည်းဟူသော ကျွန်မ,မဟုတ်သောမိန်းမဖြစ်သတည်း။”—ဂလာတိ ၄:၂၆။
မိန်းမနှစ်ဦး၏ သားသမီးများ
ကျမ်းစာမှတ်တမ်းအရ ဣရှမေလသည် ဣဇာက်ကို နှိပ်စက်ခဲ့သည်။ ထိုနည်းတူ အေဒီပထမရာစုအတွင်းတွင် ကျွန်ဘဝရောက်နေသော ယေရုရှလင်၏ သားသမီးများသည် အပေါ်မှာရှိသောယေရုရှလင်၏ သားသမီးများကို နှိပ်စက်ပြောင်လှောင်ခဲ့ကြသည်။ “ထိုအခါ ဇာတိပကတိအားဖြင့်ဖွားသောသား [ဣရှမေလ] သည် ဝိညာဉ်တော်အားဖြင့်ဖွားသောသား [ဣဇာက်] ကို ညှဉ်းဆဲသကဲ့သို့ ထိုနည်းတူ ယခုပင်ဖြစ်၏” ဟုပေါလုရှင်းပြခဲ့သည်။ (ဂလာတိ ၄:၂၉) ယေရှုခရစ် မြေကြီးပေါ်ကြွလာပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောသောအခါ ဟာဂရ၏သားဣရှမေလက အာဗြဟံ၏အမွေခံစစ် ဣဇာက်ကိုဆက်ဆံသကဲ့သို့ ဂျူးဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော်ကို ဆက်ဆံခဲ့ကြသည်။ မိမိတို့ကိုယ်ကို အာဗြဟံ၏ တရားဝင်အမွေခံများအဖြစ် ရှုမြင်ပြီး ယေရှုကို သူစိမ်းတစ်ဦးအဖြစ်သတ်မှတ်ကာ နှိပ်စက်ပြောင်လှောင်ခဲ့ကြသည်။
ဇာတိဣသရေလလူမျိုးခေါင်းဆောင်များ ယေရှုကို မသတ်မီလေးတွင် ကိုယ်တော်က “အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့စေလွှတ်သောသူကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌စုရုံးသကဲ့သို့ သင်၏သားတို့ကိုစုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာငါအလိုရှိပြီ။ သင်မူကားအလိုမရှိ။ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရှိ၏” ဟုမိန့်တော်မူခဲ့သည်။—မဿဲ ၂၃:၃၇၊ ၃၈။
ဟာဂရကို ကိုယ်စားပြုသော ဇာတိဣသရေလလူမျိုးသည် ယေရှုနှင့်တွဲဖက်အမွေခံမည့်သားများကို အလိုအလျောက်မမွေးဖွားပေးခဲ့ကြောင်း ပထမရာစုအဖြစ်အပျက်များဆိုင်ရာ ကျမ်းစာမှတ်တမ်းက ဖော်ပြသည်။ ဂျူးလူမျိုးအဖြစ်မွေးဖွားလာခြင်းက သူတို့ကို အလိုအလျောက် ထိုသို့သောအမွေ ဆက်ခံခွင့်ရရှိစေသည်ဟု မာနကြီးစွာ ယုံကြည်ကြသူများသည် ယေဟောဝါ၏ငြင်းပယ်ခြင်းခံရပြီး မောင်းထုတ်ခံခဲ့ရသည်။ ဇာတိဣသရေလလူမျိုးအချို့သည် ယေရှုနှင့်တွဲဖက်အမွေခံများဖြစ်လာကြသည်မှာ မှန်ပါသည်။ သို့သော် ထိုအခွင့်ထူးသည် သူတို့၏ဇာတိမျိုးရိုးပေါ်မမူတည်ဘဲ ယေရှုကို ယုံကြည်ခြင်းအပေါ်အခြေပြု၍ ရရှိခြင်းဖြစ်သည်။
ယေရှုနှင့်တွဲဖက်အမွေခံမည့်သူအချို့မှာ မည်သူမည်ဝါဖြစ်ကြောင်း အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် ထင်ရှားလာသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ယေဟောဝါသည် အပေါ်မှာရှိသော ယေရုရှလင်၏သားများအဖြစ် အခြားသူများကို ဝိညာဉ်တော်သွန်းလောင်းခဲ့သည်။
ဤ “ပုံဆောင်ဇာတ်လမ်း” ကို ပေါလု ရှင်းပြရခြင်းမှာ ပဋိညာဉ်သစ်သည် မောရှေအားဖြင့်ပေးခဲ့သော ပညတ်ပဋိညာဉ်ထက် သာလွန်ကြောင်း ဖော်ပြလို၍ဖြစ်သည်။ လူသားအားလုံး မစုံလင်သည့်အပြင် ပညတ်တရားက အပြစ်၏ကျွန်ဘဝရောက်ရှိနေခြင်းအဖြစ်ကိုသာ မီးမောင်းထိုးပြသောကြောင့် မောရှေပညတ်ကို လိုက်လျှောက်ခြင်းဖြင့် မည်သူမျှ ဘုရားသခင့်မျက်နှာသာ မရနိုင်ပါ။ သို့သော် ပေါလုရှင်းပြသည့်အတိုင်း ‘ပညတ်တရားလက်၌ရှိသောသူတို့ကို ရွေးနုတ်ခြင်းငှာ’ ယေရှုကြွလာခဲ့သည်။ (ဂလာတိ ၄:၄၊ ၅) ထို့ကြောင့် ခရစ်တော်၏ပူဇော်ရာယဇ်တန်ဖိုးကို ယုံကြည်ခြင်းသည် ပညတ်တရားကို အပြည့်အဝမလိုက်လျှောက်နိုင်သည့်အပြစ်မှ လွတ်မြောက်စေသည်။—ဂလာတိ ၅:၁-၆။
ကျွန်ုပ်တို့အတွက် အကျိုးကျေးဇူး
ဤဇာတ်လမ်းနှင့်ပတ်သက်သည့် ပေါလု၏မှုတ်သွင်းခံရှင်းပြချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။ အကြောင်းရင်းတစ်ခုမှာ ယင်းသည် ကျွန်ုပ်တို့အတွက် မရှင်းမလင်းဖြစ်နေမည့် ကျမ်းဆိုင်ရာအဓိပ္ပာယ်များကို အလင်းဖြာပေးသောကြောင့်ဖြစ်သည်။ ဤရှင်းလင်းချက်က သမ္မာကျမ်းစာ၏ ရှေ့နောက်ညီညွတ်မှုအပေါ် ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေသည်။—၁ သက်သာလောနိတ် ၂:၁၃။
ထို့ပြင် ဤဇာတ်လမ်းကိုယ်စားပြုသည့် အဖြစ်မှန်များသည် ကျွန်ုပ်တို့၏ အနာဂတ်ပျော်ရွှင်မှုအတွက် မရှိမဖြစ်အရေးပါသည်။ အပေါ်မှာရှိသော ယေရုရှလင်၏သားများသာ မပေါ်ထွန်းခဲ့ပါက ကျွန်ုပ်တို့သည် အပြစ်နှင့်သေခြင်း၏ ကျွန်ဘဝအောက်တွင်သာ ရှိနေမည်ဖြစ်သည်။ သို့သော် အာဗြဟံကို ဘုရားသခင် ကတိထားတော်မူသည့်အတိုင်း ခရစ်တော်နှင့် ကိုယ်တော်၏တွဲဖက်အမွေခံများ၏ မေတ္တာပါကြီးကြပ်မှုအောက်တွင် “လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၈) အပြစ်၊ မစုံလင်မှု၊ ဝမ်းနည်းခြင်းနှင့် သေခြင်း၏အကျိုးဆက်များမှ ထာဝစဉ်လွတ်မြောက်သည့်အခါ ယင်းသို့ဖြစ်လာပါလိမ့်မည်။ (ဟေရှာယ ၂၅:၈၊ ၉) ယင်းသည် အလွန်ကြီးကျယ်ခမ်းနားသောအခါသမယ ဖြစ်ပေလိမ့်မည်!
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ပညတ်ပဋိညာဉ်ကို သိနာတောင်၌ပေးခဲ့
[Credit Line]
Pictorial Archive (Near Eastern History) Est.
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
တမန်တော်ပေါလုဖော်ပြသော “ပုံဆောင်ဇာတ်လမ်း”၏ ဆိုလိုရင်းကား အဘယ်နည်း