တစ်ခုတည်းသော ကုစားနည်း!
တစ်ခုတည်းသော ကုစားနည်း!
လာဇရု အမည်ရှိလူတစ်ယောက်နှင့် သူ့အစ်မများဖြစ်ကြသော မာသနှင့်မာရိတို့သည် ယေရုရှလင်မြို့ပြင် နှစ်မိုင်ခန့်အကွာရှိ ဗေသနိမြို့ငယ်တွင် နေထိုင်ကြသည်။ သူတို့၏မိတ်ဆွေယေရှု အဝေးသို့ရောက်နေချိန် တစ်နေ့တွင် လာဇရုသည် အသည်းအသန်ဖျားလေတော့သည်။ သူ့အစ်မများသည် သူ့အတွက် အလွန်စိုးရိမ်ခဲ့ကြသည်။ သူတို့သည် ယေရှုထံ သတင်းပို့လိုက်သည်။ သတင်းကြားပြီးနောက် အတန်ကြာမှ ယေရှုသည် လာဇရုကိုတွေ့ရန် ထွက်ခွာလာသည်။ လမ်းခရီးတွင် ယေရှုက လာဇရုကို အိပ်ပျော်ရာမှ နှိုးထရန်သွားနေကြောင်း မိမိ၏တပည့်များအားပြောပြသည်။ အစဦးတွင် တပည့်များသည် ကိုယ်တော့်အပေါ် နားလည်မှုလွဲနေသောကြောင့် ယေရှုက ဤသို့ရှင်းရှင်းလင်းလင်းပြောပြလိုက်သည်– “လာဇရုသေပြီ။”—ယောဟန် ၁၁:၁-၁၄။
လာဇရု၏သင်္ချိုင်းဂူသို့ ယေရှုရောက်သောအခါ ဂူပေါက်ဝကို ပိတ်ထားသည့်ကျောက်တုံးကြီးကို ဖယ်ရှားလိုက်ရန် ဦးဆုံးညွှန်ကြားလိုက်သည်။ အသံကျယ်ကျယ်ဖြင့်ဆုတောင်းပြီးနောက် ကိုယ်တော်ဤသို့အမိန့်ပေးလိုက်၏– “လာဇရု၊ ထွက်လာလော့!” ထိုအခါ လာဇရု ထွက်လာ၏။ လေးရက်ကြာသေနေပြီဖြစ်သော လူသည် ရှင်ပြန်ထမြောက်လာခဲ့သည်။—ယောဟန် ၁၁:၃၈-၄၄။
လာဇရုပါဝင်ပတ်သက်နေသောမှတ်တမ်းက ရှင်ပြန်ထမြောက်ခြင်းသည် သေခြင်းတရားအတွက် သေချာသောကုစားနည်းဖြစ်ကြောင်း ဖော်ပြသည်။ သို့သော် အချို့က လာဇရုကို အသက်ပြန်ရှင်စေသည့်အံ့ဖွယ်အမှုသည် အမှန်ပင် ဖြစ်ပျက်ခဲ့ပါသလောဟုမေးပေမည်။ သမ္မာကျမ်းစာက ယင်းကို အဖြစ်မှန်အဖြစ် ဖော်ပြထားသည်။ ယောဟန် ၁၁:၁-၄၄ ပါမှတ်တမ်းကို ဖတ်ပါက အသေးစိတ်အချက်အလက်များသည် မည်မျှအရေးပါကြောင်း သင်တွေ့မြင်ရလိမ့်မည်။ ယင်းသို့ဖြစ်ပျက်ခဲ့သည်ကို သင်ငြင်းဆိုနိုင်သလော။ ငြင်းဆိုမည်ဆိုပါက ယေရှုခရစ်ကိုယ်တော်တိုင်၏ ရှင်ပြန်ထမြောက်ခြင်းအပါအဝင် ကျမ်းစာတွင် မှတ်တမ်းတင်ထားသော အံ့ဖွယ်အမှုအားလုံး၏အမှန်တရားကို သံသယဖြစ်ရာရောက်ပေမည်။ သမ္မာကျမ်းစာက “ခရစ်တော်သည် ထမြောက်တော်မမူလျှင် သင်တို့သည် ယုံကြည်သော်လည်းအကျိုးမရှိ” ဟုဆိုထား၏။ (၁ ကောရိန္သု ၁၅:၁၇) ရှင်ပြန်ထမြောက်ခြင်းသည် သမ္မာကျမ်းစာ၏ အခြေခံသွန်သင်ချက်တစ်ခုဖြစ်သည်။ (ဟေဗြဲ ၆:၁၊ ၂) သို့တိုင်၊ “ရှင်ပြန်ထမြောက်ခြင်း” ဟူသော အသုံးအနှုန်းသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။
“ရှင်ပြန်ထမြောက်ခြင်း” ဟူသည် အဘယ်နည်း
ခရစ်ယာန်ဂရိကျမ်းစာစောင်တွင် “ရှင်ပြန်ထမြောက်ခြင်း” ဟူသော စကားလုံးကို အကြိမ်ပေါင်း ၄၀ ထက်မက တွေ့ရှိရသည်။ ယင်းသည် စာသားအရ “ပြန်မတ်တတ်ရပ်ခြင်း” ဟု အဓိပ္ပာယ်ရှိသော ဂရိစကားလုံးမှ ပြန်ဆိုထားခြင်းဖြစ်သည်။ ယင်းနှင့်ဆက်နွှယ်သော ဟေဗြဲအသုံးအနှုန်းမှာ “လူသေအား အသက်ပြန်ရှင်စေခြင်း” ဟု အဓိပ္ပာယ်ရသည်။ သို့သော် ပုဂ္ဂိုလ်တစ်ဦးသေဆုံးပြီးနောက် မည်သည့်အရာ ထမြောက်ခဲ့သနည်း။ ပုပ်ပျက်သွားပြီး မြေမှုန့်ဖြစ်သွားသော ခန္ဓာကိုယ်တော့မဖြစ်နိုင်ချေ။ ရှင်ပြန်ထမြောက်လာသည့်အရာမှာ နဂိုခန္ဓာကိုယ်မဟုတ်ဘဲ သေဆုံးသွားသောထိုပုဂ္ဂိုလ်ပင် ဖြစ်သည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်ခြင်းတွင် လူတစ်ဦး၏ ပင်ကိုစရိုက်များ၊ ပုဂ္ဂိုလ်ရေးမှတ်တမ်း၊ မည်သူမည်ဝါဖြစ်ကြောင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်အားလုံး ပါဝင်သည့် ဘဝပုံစံကို ပြန်လည်တည်ဆောက်ပေးခြင်း ဖြစ်သည်။
ယေဟောဝါဘုရားသခင်သည် မှတ်ဉာဏ်စုံလင်တော်မူသည့်အတွက် သေဆုံးသွားသူတို့၏ ဘဝပုံစံများကို မှတ်မိရန်မှာ ပြဿနာမဟုတ်ချေ။ (ဟေရှာယ ၄၀:၂၆) ယေဟောဝါသည် အသက်၏ပင်ရင်းအမြစ်ဖြစ်သောကြောင့် အသစ်သောခန္ဓာကိုယ်တစ်ခုတွင် ထိုပုဂ္ဂိုလ်အသက်ပြန်ရှင်လာရန် အလွယ်တကူ ပြုလုပ်နိုင်၏။ (ဆာလံ ၃၆:၉) ထို့အပြင် သေလွန်သူကို ရှင်ပြန်ထမြောက်စေရန် ယေဟောဝါဘုရားသခင်တွင် ထက်သန်သောအလိုဆန္ဒဖြစ်သည့် “တောင့်တစိတ်” ရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (ယောဘ ၁၄:၁၄၊ ၁၅) ယေဟောဝါဘုရားသခင်သည် လူတစ်ဦးအသက်ပြန်ရှင်လာရန် တတ်နိုင်ရုံမက ထိုသို့ပြုလုပ်ရန်လည်း ဆန္ဒရှိသည့်အတွက် မည်မျှဝမ်းသာစရာပါတကား!
ယေရှုခရစ်သည်လည်း သေလွန်သူတို့ကို ရှင်ပြန်ထမြောက်စေရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်သည်။ မိမိ၏ဓမ္မအမှုစတင်ပြီး နှစ်အနည်းငယ်အကြာတွင် ယေရှုဤသို့ပြောခဲ့သည်– “ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသောသူတို့ကို ရှင်စေ၏။” (ယောဟန် ၅:၂၁) ယေရှုခရစ်တွင် သေလွန်သူတို့ကို ရှင်ပြန်ထမြောက်စေနိုင်သည့် တန်ခိုးရှိရုံမက ထိုသို့ထမြောက်စေရန် ဆန္ဒလည်းရှိကြောင်း လာဇရု၏အဖြစ်အပျက်က ဖော်ပြသည်မဟုတ်လော။
သေဆုံးပြီးနောက် ကျွန်ုပ်တို့အတွင်း၌ တစ်စုံတစ်ခုသည် ဆက်အသက်ရှင်သည် ဟူသောအယူအဆနှင့် ပတ်သက်၍ကော အသို့နည်း။ ရှင်ပြန်ထမြောက်ခြင်းသွန်သင်ချက်နှင့် ဝိညာဉ်မသေနိုင် ဟူသည့်အယူအဆတို့သည် အမှန်တွင် ဆန့်ကျင်ဖီလာ၏။ သေဆုံးပြီးနောက် ကျွန်ုပ်တို့အတွင်း၌ ဆက်အသက်ရှင်သည့် တစ်စုံတစ်ခုရှိမည်ဆိုလျှင် ရှင်ပြန်ထမြောက်ခြင်း အဘယ်ကြောင့် လိုတော့မည်နည်း။ လာဇရု၏အမ မာသသည် သူ၏မောင်သေဆုံးသောအခါ ဝိညာဉ်ဘုံတစ်ခုခုတွင် ဆက်လက်အသက်ရှင်သည်ဟု မယုံကြည်ခဲ့ပါ။ သူသည် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခဲ့သည်။ ယေရှုက “သင်၏မောင်သည် ထမြောက်လိမ့်မည်” ဟု ပြောသောအခါ မာသက “နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည်ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟု ပြန်ပြောခဲ့သည်။ (ယောဟန် ၁၁:၂၃၊ ၂၄) အသက်ပြန်ရှင်လာသောအခါ လာဇရုသည် တမလွန်ဘဝနှင့်ပတ်သက်သည့် မည်သည့်အတွေ့အကြုံကိုမျှ ပြန်မပြောခဲ့ပါ။ သူသေဆုံးခဲ့သည်။ “သေသောသူမူကား အဘယ်အရာကိုမျှမသိ၊ သင်ယခုသွား၍ရောက်ရလတ္တံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ၊ ကြံစည်ခြင်းမရှိ၊ သိပ္ပံအတတ်မရှိ၊ ပညာမရှိပါ” ဟူ၍ ကျမ်းစာဖော်ပြ၏။—ဒေ. ၉:၅၊ ၁၀။
ထို့ကြောင့် သမ္မာကျမ်းစာအရ သေလွန်သူတို့အတွက် တစ်ခုတည်းသော ကုစားနည်းမှာ ရှင်ပြန်ထမြောက်ခြင်း ဖြစ်သည်။ သို့သော် မရေတွက်နိုင်သည့် သေလွန်သူတို့ထဲမှ မည်သူတို့သည် ထမြောက်လာကြမည်နည်း။ မည်သည့်နေရာတွင်နည်း။
မည်သူတို့ထမြောက်လာကြမည်နည်း
“သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် [ယေရှု] ၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့” ဟု ယေရှုပြောခဲ့သည်။ (ယောဟန် ၅:၂၈၊ ၂၉) ဤကတိတော်အရ ယေဟောဝါ၏မှတ်ဉာဏ်ထဲရှိ အောက်မေ့ရာသင်္ချိုင်းများမှ သူတို့သည် ထမြောက်လာကြလိမ့်မည်။ သို့ဖြစ်လျှင် သေလွန်သူတို့အနက် ရှင်ပြန်ထမြောက်ခြင်းကို စောင့်မျှော်နေကြသော ဘုရားသခင့်မှတ်ဉာဏ်ထဲ အမှန်တကယ်ရှိသူများကား မည်သူတို့နည်း ဟူသောမေးခွန်းပေါ်ပေါက်လာသည်။
ဘုရားသခင့်အမှုတော်ကို သစ္စာရှိစွာထမ်းဆောင်ခဲ့ကြသော ယောက်ျား၊ မိန်းမတို့၏စာရင်းကို ဟေဗြဲကျမ်းစောင် အခန်းကြီး ၁၁ တွင် နာမည်နှင့်တကွ ဖော်ပြထားသည်။ သူတို့အပြင် မကြာသေးမီနှစ်များက သေဆုံးသွားကြသော ဘုရားသခင့်သစ္စာရှိကျေးကျွန်တို့သည်လည်း ထမြောက်လာမည့်သူတို့တွင် ပါဝင်ကြသည်။ အသိပညာမရှိသောကြောင့် ဘုရားသခင့်ဖြောင့်မတ်သောစံနှုန်းတော်များကို မလိုက်လျှောက်ခဲ့သူတို့နှင့်ပတ်သက်၍ကော မည်သို့နည်း။ သူတို့သည်လည်း ဘုရားသခင့်မှတ်ဉာဏ်ထဲတွင် ရှိကြသလော။ များစွာသောသူတို့သည် ရှိကြသည်။ အကြောင်းမှာ သမ္မာကျမ်းစာက ဤသို့ကတိပြုထားသောကြောင့်ဖြစ်သည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှသည် ထမြောက်ကြလိမ့်မည်။”—တမန်တော် ၂၄:၁၅။
သို့သော် အသက်ရှင်ခဲ့ဖူးသူတိုင်း ပြန်ထမြောက်ကြမည်မဟုတ်။ “အမှန်တရားကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင် နောက်တစ်ဖန်အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊ ဒဏ်စီရင်ခြင်းကိုခံရမည်” ဟု ကျမ်းစာကဖော်ပြထားသည်။ (ဟေဗြဲ ၁၀:၂၆၊ ၂၇) အချို့သူတို့သည် ခွင့်မလွှတ်နိုင်သည့်အပြစ်များကို ကျူးလွန်ခဲ့ကြ၏။ ထိုသို့သောသူတို့သည် (လူ့သာမန်သင်္ချိုင်း) ဖြစ်သော ဟေးဒီးစ်တွင် မဟုတ်ဘဲ ထာဝရဖျက်ဆီးခြင်းကို ပုံဆောင်သော ဂေဟင်္နာတွင် ရှိကြသည်။ (မဿဲ ၂၃:၃၃) သို့သော် တစ်စုံတစ်ဦးသည် ထမြောက်မည်၊ မထမြောက်မည်နှင့် ပတ်သက်၍ တရားမစီရင်မိရန် ကျွန်ုပ်တို့သတိပြုရမည်။ ဤတရားစီရင်ခြင်းသည် ဘုရားသခင်နှင့်သာ သက်ဆိုင်၏။ မည်သူသည် ဟေးဒီးစ်တွင်ရှိပြီး မည်သူသည် ဂေဟင်္နာတွင်ရှိသည်ကို ကိုယ်တော်သိတော်မူ၏။ ကျွန်ုပ်တို့အနေနှင့် ဘုရားသခင့်အလိုတော်နှင့်အညီ အသက်ရှင်နေထိုင်သွားရန်သာ ဖြစ်သည်။
ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခြင်းမည်သူတို့အတွက်နည်း
အထူးခြားဆုံးရှင်ပြန်ထမြောက်ခြင်းမှာ ယေရှုခရစ်၏ထမြောက်ခြင်းပင် ဖြစ်သည်။ ကိုယ်တော်သည် “ကိုယ်ခန္ဓာအားဖြင့်အသေသတ်ခြင်းကိုခံ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူသည်။” (၁ ပေတရု ၃:၁၈) ထိုသို့သောရှင်ပြန်ထမြောက်ခြင်းမျိုးကို ယခင်က မည်သည့်လူသားကမျှ မကြုံခဲ့ဖူးချေ။ ယေရှုကိုယ်တော်တိုင် ဤသို့ပြောခဲ့သည်– “ကောင်းကင်ဘုံကဆင်းသက်သော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့မတက်ပြီ။” (ယောဟန် ၃:၁၃) အမှန်စင်စစ်၊ လူသားသည် ဝိညာဉ်သတ္တဝါတစ်ဦးအဖြစ် ပထမဆုံးထမြောက်သူ ဖြစ်သည်။ (တမန်တော် ၂၆:၂၃) ထို့နောက် အခြားသူတို့လည်း ထိုကဲ့သို့ထမြောက်လာကြလိမ့်မည်။ ကျမ်းစာက ဤသို့ဆိုသည်– “လူအသီးအသီးတို့သည် မိမိတို့အလှည့်အတိုင်းလိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီးဖြစ်တော်မူ၏။ ထို့နောက် ခရစ်တော်သည်ကြွလာတော်မူသောအခါ ကိုယ်တော်နှင့်စပ်ဆိုင်သောသူတို့သည် အသက်ရှင်ခြင်းသို့ရောက်ရကြလိမ့်မည်။”—၁ ကောရိန္သု ၁၅:၂၃၊ သမ္မာ။
‘ခရစ်တော်နှင့် စပ်ဆိုင်သောသူတို့’ ဖြစ်သည့် လူနည်းစုသာ အထူးရည်ရွယ်ချက်တစ်ခုအတွက် ကောင်းကင်အသက်တာသို့ ထမြောက်ကြလိမ့်မည်။ (ရောမ ၆:၅) သူတို့သည် ‘မြေကြီးပေါ်မှာ ရှင်ဘုရင်များ’ အဖြစ်ခရစ်တော်နှင့်အတူ အုပ်စိုးကြလိမ့်မည်။ (ဗျာ. ၅:၉၊ ၁၀) ထို့အပြင် သူတို့သည် ပထမလူသားအာဒံမှ လူသားထုတို့အမွေခံထားရသော အပြစ်၏အကျိုးဆက်များကို ဖယ်ရှားပေးခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်များအဖြစ်လည်း ထမ်းဆောင်ကြလိမ့်မည်။ (ရောမ ၅:၁၂) ခရစ်တော်နှင့်အတူ ဘုရင်များနှင့် ယဇ်ပုရောဟိတ်များအဖြစ် အုပ်ချုပ်မည့်သူတို့သည် အရေအတွက် ၁၄၄,၀၀၀ ရှိသည်။ (ဗျာ. ၁၄:၁၊ ၃) သူတို့ထမြောက်သည့်အခါ မည်သို့သောခန္ဓာကိုယ်မျိုးကို ရရှိကြမည်နည်း။ ကျမ်းစာက ‘ဝိညာဉ်ကိုယ်’ ဟုဆို၏။ ယင်းက ကောင်းကင်တွင် အသက်ရှင်နိုင်ရန် ဖြစ်စေလိမ့်မည်။—၁ ကောရိန္သု ၁၅:၃၅၊ ၃၈၊ ၄၂-၄၅။
ကောင်းကင်ဆိုင်ရာထမြောက်ခြင်းသည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ ‘ခရစ်တော် ရောက်ရှိနေစဉ်အတွင်း’ ဖြစ်မည်ဟု ၁ ကောရိန္သု ၁၅:၂၃ [ကဘ] က ဖြေဆိုထားသည်။ ၁၉၁၄ ခုနှစ်မှစခဲ့သော ကမ္ဘာ့အဖြစ်အပျက်များက ထိုနှစ်တွင် ခရစ်တော်ရောက်ရှိနေပြီး “ဤအစီအစဉ်စနစ်၏ဆုံးခန်း” စတင်ခဲ့ကြောင်း အထင်အရှားဖော်ပြသည်။ (မဿဲ ၂၄:၃-၇) ထို့ကြောင့် သစ္စာရှိခရစ်ယာန်များ၏ ကောင်းကင်ဆိုင်ရာထမြောက်ခြင်းသည် မျက်မြင်မရနည်းဖြင့် စတင်ခဲ့ပြီဖြစ်ကြောင်း ကောက်ချက်ချရန် အကြောင်းကောင်းရှိသည်။ တမန်တော်များနှင့် အစောပိုင်းခရစ်ယာန်တို့သည် ကောင်းကင်အသက်တာသို့ ထမြောက်ခဲ့ကြပြီဟု အဓိပ္ပာယ်ရှိသည်။ ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်ချုပ်ရန် ဘုရားသခင်ပေးမျှော်လင့်ချက် အမှန်တကယ်ရှိသူ ယနေ့အသက်ရှင်နေသည့်ခရစ်ယာန်များနှင့် ပတ်သက်၍ကော အသို့နည်း။ သူတို့သည် “မျက်စိတစ်မှိတ်၌” သို့မဟုတ် သေပြီးနောက် ချက်ချင်းထမြောက်ကြသည်။ (၁ ကောရိန္သု ၁၅:၅၂) ဤအုပ်စုငယ်လေးဖြစ်သည့် ၁၄၄,၀၀၀ ၏ရှင်ပြန်ထမြောက်ခြင်းသည် ကမ္ဘာပေါ်တွင် အသက်ရှင်ရန် ထမြောက်လာကြမည့် မရေတွက်နိုင်သောသူတို့၏ ထမြောက်ခြင်းထက် အလျင်ကျသောကြောင့် ယင်းကို “စောစောထမြောက်ခြင်း” နှင့် “ပထမထမြောက်ခြင်း” ဟုခေါ်ဆိုသည်။—ဖိလိပ္ပိ ၃:၁၁၊ ကဘ; ဗျာ. ၂၀:၆။
ကမ္ဘာပေါ် မည်သူတို့ထမြောက်လာကြမည်နည်း
သမ္မာကျမ်းစာအရ သေလွန်သူအများစု မြေကြီးပေါ်တွင် အသက်ပြန်ရှင်လာပါလိမ့်မည်။ (ဆာလံ ၃၇:၂၉; မဿဲ ၆:၁၀) ထမြောက်လာသူတို့၏ ရင်သပ်ရှုမောဖွယ်ကောင်းသော အဆင်းအာရုံကို တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကိုအပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံ [သေခြင်းနှင့်ဟေးဒီးစ်၊ ကဘ] သည်လည်း မိမိတို့၌ရှိသောလူသေတို့ကိုအပ်ပေးကြ၏။ လူအသီးအသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ၏။ ထိုအခါ မရဏာနှင့်မရဏာနိုင်ငံ [သေခြင်းနှင့်ဟေးဒီးစ်၊ ကဘ] ကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။ (ဗျာ. ၂၀:၁၁-၁၄) လူ့သာမန်သင်္ချိုင်းဖြစ်သော ဟေးဒီးစ် သို့မဟုတ် ရှီးအိုးလ်တွင်ရှိသူတို့သည် ဘုရားသခင့်မှတ်ဉာဏ်၌ ရှိကြသည်။ သူတို့ထဲမှ တစ်ယောက်မကျန် သေခြင်း၏ချုပ်နှောင်မှုမှ လွတ်မြောက်လာကြလိမ့်မည်။ (ဆာလံ ၁၆:၁၀; တမန်တော် ၂:၃၁) တစ်ဦးစီသည် ရှင်ပြန်ထမြောက်ပြီးနောက် ပြုမူသောအကျင့်အကြံများနှင့်အညီ တရားစီရင်ခြင်းခံရကြလိမ့်မည်။ ထို့နောက် သေခြင်းနှင့် ဟေးဒီးစ်တို့သည် မည်သို့ဖြစ်သွားမည်နည်း။ ယင်းတို့ကို “မီးအိုင်” ထဲသို့ ပစ်ချပါလိမ့်မည်။ အာဒံထံမှ လူတို့အမွေရရှိသော သေခြင်းတရားသည် သူတို့အပေါ် နောက်ထပ်အကျိုးသက်ရောက်မှုရှိတော့မည် မဟုတ်ကြောင်းကို ဆိုလိုသည်။
သေခြင်း၌ မိမိတို့ချစ်မြတ်နိုးရသူတစ်ဦး ဆုံးရှုံးခဲ့သူတို့အတွက် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က လမ်းဖွင့်ပေးသည့် ပျော်ရွှင်ဖွယ်အလားအလာကို ခေတ္တစဉ်းစားကြည့်ပါ! နာဣနမြို့မှ မုဆိုးမ၏တစ်ဦးတည်းသောသားကို ယေရှုရှင်ပြန်ထမြောက်ပေးသောအခါ သူမည်မျှပျော်လိုက်မည်ဖြစ်ခြင်း! (လုကာ ၇:၁၁-၁၇) ယေရှုရှင်ပြန်ထမြောက်ပေးခဲ့သော ၁၂ နှစ်အရွယ်မိန်းကလေး၏ မိဘများနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်– “ထိုသူတို့သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။” (မာကု ၅:၂၁-၂၄၊ ၃၅-၄၂; လုကာ ၈:၄၀-၄၂၊ ၄၉-၅၆) ဘုရားသခင်ကတိပြုထားသော ကမ္ဘာသစ်တွင် ချစ်မြတ်နိုးရသူတစ်ဦးကို ကြိုဆိုရသည့်အတွက် အမှန်ပင် နှစ်မြို့ပေလိမ့်မည်။
ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်သော အမှန်တရားကိုသိခြင်းက ယခု ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်နိုင်သနည်း။ “လူအများစုက သေခြင်းတရားကို ကြောက်ရွံ့သောကြောင့် ယင်းအကြောင်းစဉ်းစားခြင်းကိုရှောင်ရန် ကြိုးစားကြသည်” ဟု ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း က ဆိုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူအများစုအတွက် သေခြင်းတရားသည် ကြောက်စရာကောင်းသည့် နားမလည်နိုင်သော နက်နဲရာဖြစ်နေသောကြောင့်တည်း။ သေလွန်သူတို့၏အခြေအနေနှင့် ပတ်သက်သော အမှန်တရားကိုသိရှိပြီး ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်တို့က “နောက်ဆုံးသောရန်သူတည်းဟူသော သေမင်း” နှင့်ရင်ဆိုင်လာရလျှင် ကျွန်ုပ်တို့ကို ရဲစွမ်းသတ္တိရှိစေနိုင်သည်။ ဤအသိပညာက ရင်းနှီးသောမိတ်ဆွေတစ်ဦး သို့မဟုတ် ဆွေမျိုးတစ်ဦးကို သေခြင်း၌ဆုံးရှုံးရသည့်အခါ ကျွန်ုပ်တို့ခံစားရသော စိတ်နာကျင်မှုကို ခံနိုင်ရန်လည်း အကူအညီဖြစ်စေသည်။
မြေကြီးဆိုင်ရာထမြောက်ခြင်းသည် မည်သည့်အချိန်တွင် စတင်မည်နည်း။ ယနေ့ကမ္ဘာသည် အကြမ်းဖက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ သွေးထွက်သံယိုမှုနှင့် ညစ်ညမ်းမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ ဤသို့သောကမ္ဘာပေါ်တွင် သေလွန်သူတို့ ပြန်ရှင်လာကြမည်ဆိုလျှင် မည်သည့်ပျော်ရွှင်မှုမျိုးမဆို တစ်ခဏမျှသာဖြစ်မည်မှာ အမှန်။ သို့သော် ဖန်ဆင်းရှင်သည် စာတန့်ထိန်းချုပ်မှုအောက်ရှိ ယနေ့လောကကို မကြာမီအဆုံးတိုင်စေတော့မည်ဟု ကတိပေးခဲ့သည်။ (သု. ၂:၂၁၊ ၂၂; ဒံယေလ ၂:၄၄၊ ၄၅; ၁ ယောဟန် ၅:၁၉) ကမ္ဘာမြေနှင့်ပတ်သက်သော ဘုရားသခင့်ကတိတော် ပြည့်စုံလုနီးပြီ။ ထို့နောက် ဘုရားသခင်ပြုလုပ်ထားသော ငြိမ်းချမ်းသည့်ကမ္ဘာသစ်တွင် ယခု သေခြင်း၌အိပ်ပျော်နေသည့် သန်းပေါင်းများစွာသောသူတို့ ထမြောက်လာကြပါလိမ့်မည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သေလွန်သူအများစု မြေကြီးပေါ်တွင် ထမြောက်လာကြလိမ့်မည်