မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာသာခြားစကားပြော အသင်းတော်တွင် အမှုဆောင်ခြင်း

ဘာသာခြားစကားပြော အသင်းတော်တွင် အမှုဆောင်ခြင်း

ဘာသာ​ခြား​စကားပြော အသင်းတော်တွင် အမှုဆောင်ခြင်း

တမန်​တော်​ယောဟန်​က “မြေကြီး​ပေါ်မှာ​နေသော​သူ​တည်း​ဟူသော အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့အား ထာဝရ​ဧဝံဂေလိတရား​ကို​ဟော​ရသော ကောင်းကင်တမန်​တစ်ပါး . . . ကောင်းကင်​အလယ်​၌​ပျံဝဲ​လျက်​ရှိသည်​ကို ငါ​မြင်​၏” ဟု​ရေးသားခဲ့​သည်။ (ဗျာ. ၁၄:၆) ဤ​ပရောဖက်ပြုချက်​အဆင်းအာရုံ ပြည့်စုံချက်​အနေ​နှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဘာသာ​စကား​အမျိုးမျိုးဖြင့် ကမ္ဘာ​တစ်ဝန်း ဟောပြောလျက်​ရှိသည်။ ယင်း​ဘာသာ​စကား​များစွာကို မိမိတို့၏​နေရင်းပြည်​နှင့် ဝေးလံ​သော​ဒေသ​တွင် နေထိုင်သူ​များ ပြောဆို​ကြသည်။ သူတို့​သည်လည်း ဘာသာ​ခြား​စကား​ကို သင်ယူ​ခဲ့​သည့် ဇွဲရှိ​သော​သက်သေခံ​များ​ထံ​မှ သတင်းကောင်း​ကြား​ရသည်။

သင်သည် ဘာသာ​ခြား​စကားပြော​အသင်းတော်တွင် အမှုဆောင်​နေ​သူ​တစ်ဦး​လော။ သို့​မဟုတ် ထိုသို့​လုပ်ဆောင်ရန် စဉ်းစား​နေ​သလော။ သင့်​ကြိုးစား​အားထုတ်မှု​များ အောင်မြင်​ရန် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​နှင့် သဘောထား​မှန်​လိုအပ်​သည်။ သင့်​ပန်းတိုင်​မှာ သမ္မာကျမ်းစာ​မှ အမှန်တရားကို အခြားသူများ​သိရှိ​လာဖို့ ကူညီ​ပေး​ရန်ဖြစ်​သောကြောင့် သင်၌ အကောင်းဆုံး​လှုံ့ဆော်မှု​ဖြစ်သည့် ဘုရားသခင်​နှင့် အိမ်နီးချင်း​ကို​ချစ်သော​မေတ္တာ​ရှိ​နေသည်။ (မဿဲ ၂၂:၃၇-၃၉; ၁ ကောရိန္သု ၁၃:၁) အခြားသူများ ဘုရားသခင်​ကို သိလာ​ရန် ကူညီ​ပေး​လို​သည့်​ဆန္ဒ​သည် လူမျိုးခြား​များနှင့် ပေါင်းသင်း​ခြင်း၊ သူတို့၏​အစားအစာ​နှင့် ယဉ်ကျေးမှု​တို့ကို သဘောကျ​နှစ်သက်ခြင်း​ထက် ပို​၍​ပြင်းပြ​သော​လှုံ့ဆော်မှု​ဖြစ်သည်။ ဘာသာ​ခြား​စကား​သင်ယူ​လို​စိတ် ပြင်းပြ​နေ​သလော။ ထိုသို့​ဆိုလျှင် တော်မှန်​သော​အမြင်​ရှိ​ခြင်း​က အထောက်အကူ​ပြု​သည်။ ဂျပန်​စကား သင်ယူ​ခဲ့​သူ ဂျိမ်းစ်​က “ဘာသာ​စကား​ရဲ့ လွှမ်းမိုးမှုကို​မခံ​နဲ့” ဟု​ဆို​သည်။ သင့်​ရှေ့​မှ​အခြားသူများ​စွာ အောင်မြင်​ခဲ့​ကြောင်း သိထားခြင်းက အားမလျှော့​ရန်​နှင့် အပြုသဘောထား​ဆက်​ရှိနေ​ရန် ကူညီ​နိုင်​သည်။ သို့​ဖြစ်​လျှင် ဘာသာ​စကား​အသစ်​တစ်ခု​ကို သင်​မည်သို့​သင်ယူ​နိုင်​သနည်း။ ထို​ဘာသာ​စကားပြော​အသင်းတော်​နှင့် လိုက်လျောညီထွေ​ရှိ​နိုင်​ရန် အဘယ်အရာက ထောက်ကူ​ပေး​မည်​နည်း။ ဝိညာဉ်​ရေး​သန်စွမ်း​နေ​ရန် သင်​အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

ဘာသာ​စကား​ကို စတင်​ကြိုးစား​သင်ယူခြင်း

ဘာသာ​စကား​ကို သင်ယူ​နိုင်​သည့် နည်းလမ်း​များစွာ​ရှိသည်။ သင်တန်းသား​များနှင့် ဆရာများ​၏ အကြိုက်​များ​မှာလည်း မတူကြ​ချေ။ သို့သော် သင်တန်းသား​အများစု​အတွက် ဆရာ​ကောင်း​တစ်ဦး​သင်ကြား​သော အတန်း​များ​တက်​ခြင်း​က အတတ်မြန်​စေပြီး သင်ယူ​ရ​ပို​လွယ်ကူ​စေ​သည်။ သင်ယူ​နေသော ဘာသာ​စကား​ဖြင့်​ထုတ်ဝေ​ထား​သည့် သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​အခြေပြု​စာပေ​များ​ကို​ဖတ်ခြင်း၊ ရရှိနိုင်သော​တိတ်ခွေ​များ နားထောင်ခြင်း​တို့​က သင့်​ဝေါဟာရ​များ​ကို တိုးတက်လာ​စေပြီး သီအိုကရက်တစ်​အသုံးအနှုန်း​များ​ကို ပို​သိလာ​စေ​သည်။ သင့်လျော်​သော ရေဒီယို၊ တီဗွီ​နှင့် ဗီဒီယို​အစီအစဉ်များ​က​လည်း ဘာသာ​စကား​နှင့်​ယဉ်ကျေးမှု၏ သဘောသဘာဝ​ကို သိရှိ​စေ​သည်။ သင်ယူ​လေ့လာချိန်​နှင့်​ပတ်သက်​၍ နေ့စဉ်​အနည်းငယ်​သင်ယူခြင်း​သည် တစ်ခါတစ်ရံ​မှ ပျင်းရိ​ငြီးငွေ့​ဖွယ် အချိန်ကြာကြာ​သင်ယူခြင်း​ထက် ပို​ထိရောက်​မှု​ရှိသည်။

ဘာသာ​စကား​တစ်ခု​ကို သင်ယူခြင်း​သည် ရေကူး​သင်​ခြင်း​နှင့်​တူ​သည်။ စာအုပ်​ဖတ်​ရုံ​နှင့် ရေကူး​တတ်​မည်​မဟုတ်။ ရေ​ထဲ​ဆင်း​ပြီး ယက်​ကန်​ကူး​ခတ်​ရ​ပေမည်။ ဘာသာ​စကား​တစ်ခု​သင်ယူခြင်း​လည်း ထို​နည်း​လည်းကောင်း​ပင်။ လေ့လာမှု​တစ်ခု​တည်း​ဖြင့်​ဆိုပါ​က တတ်​ခဲ​သည်။ ဖြစ်​နိုင်​သည့်​အခါတိုင်း လူ​တို့​ပြော​ရာ​များ​ကို နားထောင်ခြင်း၊ သူတို့နှင့်​ရောနှောခြင်း​နှင့် စကားပြော​ခြင်း​တို့​ဖြင့် အပြန်အလှန်​ဆက်သွယ်​ရန် လိုအပ်​သည်။ ခရစ်ယာန်​လုပ်ဆောင်မှုများ​သည် ထိုသို့​ပြုလုပ်​နိုင်​ရန် အကောင်းဆုံး​အနေအထား​ပင်​ဖြစ်သည်။ သင်ယူခဲ့ရာ​များ​ကို လယ်ကွင်းတွင် ချက်ချင်း​အသုံးပြုနိုင်​သည်။ တရုတ်​စကား​သင်ယူ​နေ​သူ မီဒို​ရီ​က “အဲလို​လုပ်တာ ထိတ်လန့်စရာ​ကောင်းတယ်​လို့​ထင်​ရပေမဲ့ ကျွန်မ​တို့ သက်သေခံတွေ ခက်ခက်ခဲခဲ ကြိုးစား​နေကြ​တယ်​ဆိုတာ​ကို အိမ်ရှင်​တွေ​သိလာ​နိုင်​မယ်။ အဲဒါ​က သူတို့ရဲ့​စိတ်နှလုံး​ကို လှုံ့ဆော်ပေး​နိုင်တယ်။ သူတို့ရဲ့​စကား​နဲ့ ‘တွေ့ရ​တာ​ဝမ်းသာ​ပါ​တယ်’ လို့​ပြောလိုက်​ရုံ​နဲ့ သူတို့​မျက်လုံး​တွေ တောက်ပ​လာတာ တွေ့​နိုင်တယ်” ဟု​ဆို​သည်။

ခရစ်ယာန်​အစည်းအဝေး​များလည်း အလွန်​အကူအညီ​ဖြစ်စေ​သည်။ အစည်းအဝေး​တိုင်း​တွင် အနည်းဆုံး မှတ်ချက်​တစ်ခု​ပေး​ရန် ကြိုးစား​ပါ။ အစပိုင်း​တွင် အလွန်​ထိတ်လန့်စရာ​ကောင်း​ပုံ​ရ​သော်လည်း မစိုးရိမ်​ပါ​နှင့်။ ညီအစ်ကို​ညီအစ်မ​များ​က သင့်ကို အောင်မြင်​စေ​လို​သည်။ ကိုရီးယား​စကား​သင်​နေ​သူ မော်​နီ​ဖာ​က “အစည်းအဝေး​တိုင်း​မှာ ကျွန်မ​ဘေးနား​ထိုင်​ပေး​တဲ့ ညီအစ်မ​ကို အရမ်း​ကျေးဇူး​တင်​တယ်။ သူက တချို့​စကားလုံး​တွေ​ရဲ့ အဓိပ္ပာယ်​ကို ရေးချ​ပေး​တယ်။ သူ့ရဲ့​နွေးထွေးမှု၊ စိတ်ရှည်ရှည်​နဲ့​ထောက်​မပေး​မှု​က တကယ်​အကူအညီ​ဖြစ်စေ​တယ်” ဟု​ပြော​ခဲ့​သည်။ သင့်​ဝေါဟာရ​တိုးတက်လာ​သည်​နှင့် ဘာသာ​စကား​အသစ်​ဖြင့် တွေးတော​တတ်လာ​မည်။ စကားလုံး​တိုင်း​ကို သင့်​စိတ်​တွင်​ဘာသာပြန်​ကြည့်​နေ​မည့်​အစား စကားစု​များ​ဖြင့် ပြော​လို​ရာ​ကို ချက်ချင်း​ပြော​လာနိုင်​ပေမည်။

ဘာသာ​စကား​နှင့်​ဆိုင်​သည့် သင့်​ပထမ​ဆုံး ပန်းတိုင်​မှာ “နားလည်​လွယ်​သော​စကား​ကို” ပြောဆို​ရန်ဖြစ်​သင့်​သည်။ (၁ ကောရိန္သု ၁၄:၈-၁၁) လူတို့က သည်းခံ​နားထောင်ပေး​မည်​ဖြစ်သော်လည်း အမှား​များနှင့် သိသိသာသာ​လွဲမှား​သော​အသံထွက်​များသည် သင့်​သတင်းတရားကို နားထောင်ခြင်း​မှ အာရုံ​လွဲသွား​စေနိုင်​သည်။ အစ​ကတည်းက မှန်ကန်သော​အသံထွက်​နှင့် သဒ္ဒါ​တို့ကို အာရုံစိုက်​ခြင်း​က အမှား​ကို​အကျင့်ပါ​မသွား​စေရန် အကူအညီ​ဖြစ်စေ​မည်။ ဆွာဟီလီ​စကား​ကို​သင်ယူ​နေ​သူ မာ့ခ်​က “သင့်ရဲ့​အဆိုးရွားဆုံး​အမှားတွေကို ပြင်ပေး​ဖို့ ဘာသာ​စကား ကောင်းကောင်း​ပြောတတ်​သူတွေကို အကူအညီ​တောင်း​ပြီး အဲလို​လုပ်ပေးတဲ့​အတွက် သူတို့ကို ကျေးဇူး​တင်​ပါ” ဟု​ပြော​ခဲ့​သည်။ မှန်ပါသည်၊ ဤနည်းဖြင့် သင့်​အား​ကူညီ​ပေး​သူတို့၏ အချိန်​နှင့်​ခွန်အား​ကို ထောက်စာ​ပေး​ပါ။ သင်​ရေးထား​ရာ​ကို စစ်ဆေး​ပေး​ဖို့ အခြားသူ​တစ်ဦးဦး​အား တောင်းဆို​နိုင်​သော်လည်း ဟောပြောချက်​များနှင့် မှတ်ချက်များ​ကို သင်​သိထား​သော သို့​မဟုတ် ကြည့်​ထားသော​စကားလုံး​များ​သုံးပြီး ပြင်ဆင်​ရန်​ကြိုးစား​ပါ။ ယင်းက အတတ်မြန်​စေပြီး ယုံကြည်​စိတ်ချမှု​ဖြင့် ပြောဆို​ရန်​ကူညီ​ပေး​သည်။

တိုးတက်​နေပါ

မော်​နီ​ဖာ​က “ကျွန်မ​လုပ်ခဲ့တဲ့​အလုပ်တွေ​ထဲမှာ ဘာသာ​ခြား​စကား​သင်ယူခြင်းက အခက်ဆုံး​ပဲ။ ဆက်​မသင်​ချင်​တော့​တဲ့​အခါ​တွေ ရှိခဲ့​ဖူး​တယ်။ ဒါပေမဲ့ ကျမ်းစာ​လေ့လာ​နေတဲ့​သူဟာ နက်နဲ​တဲ့​ဝိညာဉ်​ရေး​အမှန်တရားတွေကို ကျွန်မ​ပြော​တဲ့ ရိုးရှင်းတဲ့​ကိုရီးယား​စကား​နဲ့ နားထောင်ချင်​တယ်​ဆိုတာ​နဲ့ ကျွန်မ နည်းနည်းလေး​တိုးတက်​တာ​ကို တွေ့​တဲ့​အခါ ညီအစ်ကို​တွေ​ပျော်ရွှင်​တာ​ကို ပြန်သတိရ​တယ်” ဟု​ပြော​ခဲ့​သည်။ အဓိက​အချက်​မှာ လွယ်လွယ်​နှင့် အရှုံးမပေး​ရန်ဖြစ်​သည်။ သင့်​ပန်းတိုင်​မှာ အခြား​သူများကို အသက်ကယ်​ကျမ်းစာ​အမှန်တရား သင်ပေး​နိုင်​ရန်ဖြစ်​သည်။ (၁ ကောရိန္သု ၂:၁၀) ထို့​ကြောင့် ဘာသာ​ခြား​စကား​နှင့် ကျမ်းစာ​သင်ပေး​နိုင်​ရန် လေ့လာ​ဆည်းပူး​ရာ​တွင် အာရုံစိုက်မှု​နှင့် ရေရှည်​ကြိုးစား​အားထုတ်မှု​တို့ လိုအပ်​သည်။ ဆက်လက်​သင်ယူ​နေစဉ် သင့်​တိုးတက်မှု​ကို အခြား​သူများ​နှင့် မ​လျော်​မ​ကန် နှိုင်းယှဉ်​ခြင်း​ကို​ရှောင်ပါ။ ဘာသာ​ခြား​စကား​သင်ယူ​သူများ​သည် တစ်ဦး​နှင့်​တစ်ဦး တိုးတက်​နှုန်း​နှင့် တိုးတက်​နည်း​များ​မတူကြ​ပေ။ သို့သော် သင့်​တိုးတက်မှု​ကို သတိပြု​ခြင်း​က အကူအညီ​ဖြစ်စေ​သည်။ (ဂလာတိ ၆:၄) တရုတ်​စကား​သင်ယူ​နေ​သူ ဂျူး​န်​က “ဘာသာ​စကား​တစ်ခု​သင်ယူခြင်း​ဟာ လှေကား​ပေါ်​တက်​နေ​သလိုပဲ။ ကိုယ့်​ကိုယ်ကို မတိုးတက်​ဘူးလို့​ပဲ ထင်​ရပေမဲ့ တကယ်​တိုးတက်​နေတယ်​ဆိုတာ ရုတ်တရက်​သိလာတယ်” ဟု​ကောက်ချက်​ချ​ခဲ့​သည်။

ဘာသာ​စကား​အသစ်​သင်ယူခြင်း​သည် တစ်သက်တာလုံး ဆက်လုပ်​သွား​ရမည့်​အရာ​ဖြစ်သည်။ ထို့​ကြောင့် ပြီးပြည့်စုံ​ရန် မမျှော်လင့်​ဘဲ ပျော်ရွှင်စွာ​ခရီးဆက်​ပါ။ (ဆာလံ ၁၀၀:၂) အမှား​များ​ကို ရှောင်​၍​ရမည်​မဟုတ်ပါ။ ယင်း​တို့သည် သင်ယူခြင်း​၏ တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်။ အီတလီ​စကား​သင်ယူ​သူ ခရစ်ယာန်​တစ်ဦး စ​ဟောပြောသော​အခါ အိမ်ရှင်​အား “ဘဝရဲ့​တံမြက်စည်း​ကို သိသလား” ဟု​မေးခဲ့သည်။ သူ​ပြော​လို​ရာ​မှာ “ဘဝရဲ့​ရည်ရွယ်ချက်” ဖြစ်သည်။ ပိုလန်​စကား​သင်​နေ​သူ သက်သေခံ​တစ်ဦး​က​လည်း အသင်းတော်ကို သီချင်းဆို​ရန် ဖိတ်ခေါ်​ရမည့်​အစား ခွေး​ဆို​ရန်​ဖိတ်ခေါ်​ခဲ့​သည်။ တရုတ်​စကား​သင်ယူ​နေ​သူ​တစ်ဦး​သည် အသံ​အနိမ့်အမြင့် အနည်းငယ်​လွဲ​ရုံ​နှင့် ပရိသတ်​အား ယေရှု၏​ရွေးနုတ်ဖိုး​အစား ယေရှု၏​စာအုပ်စင်​ကို ယုံကြည်​ရန် အားပေးခဲ့​သည်။ အကျိုး​မှာ အမှား​ပြင်​လိုက်​သော​စကားလုံး​များ​ကို မမေ့​တော့​ချေ။

အသင်းတော်​နှင့်အတူ လုပ်ဆောင်ခြင်း

လူများ ကွဲပြား​ခြားနား​နေကြ​သည်​မှာ ဘာသာ​စကား​တစ်ခု​တည်း​ကြောင့်​မဟုတ်ပေ။ ယဉ်ကျေးမှု၊ လူမျိုး​နှင့် နိုင်ငံ​ကွဲပြားမှု​တို့​က လူ​တို့ကို ပို​၍​ကွဲပြား​စေ​သည်။ သို့သော် ယင်း​တို့​မှာ ကျော်လွှား​၍​မရ​သော အတားအဆီး​များ မဟုတ်ပေ။ ဥရောပ​ရှိ တရုတ်​စကားပြော ဘာသာရေး​အုပ်စု​များ​ကို လေ့လာ​သည့် ကျွမ်းကျင်​သူ​တစ်ဦး​က ယေဟောဝါသက်သေ​များ​ကို “လူမျိုး​ပေါင်း​စုံ​အဖွဲ့အစည်း” ဟု​ဆို​ခဲ့​သည်။ သူက သက်သေခံ​များ​အလယ်တွင် “လူမျိုး​သည် အဓိက​မကျ​ပါ။ ဘာသာ​စကား​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နားလည်စေ​သည့် အသုံးခံ​တစ်ခု​မျှ​ဖြစ်သည်” ဟု​ကောက်ချက်​ချ​ခဲ့​သည်။ မှန်ပါသည်၊ ကျမ်းစာ​မူများ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​က စစ်မှန်သော​ခရစ်ယာန်​များ​အား လူမျိုးရေး​အတားအဆီး​များ​ကို ကျော်လွှား​နိုင်​ရန် ထောက်ကူ​ပေး​သည်။ လူသစ်​ဝတ်ဆင်​ထား​သူတို့တွင် ‘ဟေ​လ​သ​လူ​မရှိ၊ ယုဒ​လူ​မရှိ၊ နိုင်ငံခြားသား​မရှိ’ ချေ။—ကောလောသဲ ၃:၁၀၊ ၁၁

ထို့​ကြောင့် အသင်းတော်​ရှိသူ​တိုင်း​သည် စည်းလုံးမှု​ရှိ​ရန် လုပ်ဆောင်​သင့်​သည်။ ယင်း​သို့​ဖြစ်​နိုင်​ရန် စဉ်းစား​တွေးခေါ်ပုံ၊ ခံစား​ပုံ​နှင့် လုပ်ကိုင်ပုံ​နည်းလမ်း​အသစ်များ​ကို လိုလိုလားလား​လက်ခံရန် လိုအပ်​သည်။ တစ်ဦးစီ၏ အကြိုက်​များ​ကို တရားလွန် အာရုံမစိုက်​ခြင်း​ဖြင့် လူမျိုး​နှင့်​နိုင်ငံ​ကွဲပြားမှု​များ​ကြောင့် စိတ်ဝမ်းကွဲ​ပြား​မှုများ​မဖြစ်အောင် တားဆီး​နိုင်​မည်​ဖြစ်သည်။ (၁ ကောရိန္သု ၁:၁၀; ၉:၁၉-၂၃) ယဉ်ကျေးမှု​အားလုံး​၏ အကောင်းဆုံး​အပိုင်း​များ​ကို ကိုယ်တွေ့​ခံစား​ကြည့်​ပါ။ ကိုယ်ကျိုး​မ​ရှာ​သည့်​မေတ္တာသည် ကောင်းမွန်သော​ဆက်ဆံ​ရေး​နှင့် စစ်မှန်သော​စည်းလုံးမှု​၏​သော့ချက်​ဖြစ်သည်​ကို မမေ့​ပါ​နှင့်။

ဘာသာ​ခြား​စကားပြော  အသင်းတော်​အများစု​သည် ကျမ်းစာ​မူများ​ကို မကြာသေးမီ​ကမှ စတင်​လေ့လာ​ခဲ့​သူ​အချို့​နှင့် ဘာသာ​စကား​အသစ်​ကို သင်ယူ​နေ​သူများစွာ​ပါဝင်သော အုပ်စု​လေး​ဖြင့် အစပြု​ကြသည်။ ထို့​ကြောင့် နားလည်မှု​လွဲ​ခြင်း​သည် တည်ထောင်​ပြီး​သား အသင်းတော်​ကြီး​များ​တွင်​ထက် ထို​ကဲ့သို့​သော​အုပ်စုငယ်​လေး​များ​တွင် ပို​အဖြစ်​များ​နိုင်​သည်။ ထို့​ကြောင့် ရင့်ကျက်သော​ခရစ်ယာန်​များသည် အသင်းတော်တွင် ငြိမ်သက်မှု​ရှိဖို့​ကြိုးစား​သင့်​သည်။ အပြောအဆို​နှင့်​အပြုအမူအားဖြင့် မေတ္တာ​နှင့်​ကြင်နာ​မှု​ပြ​ခြင်း​သည် လူသစ်များ ဝိညာဉ်​ရေး​ဘက်​သန်စွမ်း​လာရန် အကျိုးပြုသော​ဝန်းကျင်​ကို ဖြစ်ပေါ်​စေနိုင်​သည်။

ဘာသာ​ခြား​စကားပြော​အသင်းတော်တွင် ကူညီ​ပေး​ရန် စေတနာ့​ဝန်ထမ်း​သူများ​သည်လည်း အခြားသူများ​ထံ​မှ မျှော်လင့်​ရာ​တွင် မျှတမှု​ရှိ​သင့်​သည်။ ထိုသို့​သော​အသင်းတော်တွင် အကြီးအကဲ​ဖြစ်သူ ရ​စ်က် ဤသို့​ပြော​ခဲ့​သည်– “လူသစ်​တချို့ဟာ ဒေသခံ​ဘာသာ​စကားပြော အသင်းတော်မှာ​ရှိတဲ့​သူတွေ​လောက် ဖွဲ့စည်းမှု​ဆိုင်ရာ​နည်းတွေနဲ့ ကောင်းကောင်း​လေ့ကျင့်​မခံခဲ့​ရတာ ဖြစ်​နိုင်တယ်။ အဲဒီ​အရည်အချင်းတွေ​မရှိပေမဲ့ မေတ္တာနဲ့​စိတ်အား​ထက်သန်မှု​တော့ ရှိကြတယ်။ စိတ်ဝင်စားသူ​အများကြီး​လည်း အမှန်တရား​ထဲ​ဝင်လာ​နေကြ​တယ်။” အသင်းတော်​ဆိုင်ရာ လုပ်ဆောင်မှုများ​တွင် မှန်မှန်​ပါဝင်ခြင်း​နှင့် အတတ်နိုင်ဆုံး သင့်ကိုယ်ကို ပေး​ဆပ်​ခြင်း​တို့​ဖြင့် ဘာသာ​စကား​သင်ယူ​နေရင်း​နှင့်​ပင် အသင်းတော်ကို အကျိုးပြု​နိုင်​ပါ​သည်။ အတူတကွ​လုပ်ဆောင်ခြင်းဖြင့် အသင်းတော်​၏​ဝိညာဉ်​ရေး တိုးတက်​ရန် အားလုံး​ကူညီ​ပေး​နိုင်​ကြသည်။

ဝိညာဉ်​ခွန်အား ဆက်​ရှိနေခြင်း

မိခင်​တစ်ဦး သူ၏​ကလေး​အား မှတ်ချက်​ပြင်ပေး​နေသည်​ကို ဘာသာ​ခြား​စကားပြော​သည့် အသင်းတော်​မှ လူသစ်​ညီအစ်ကို​တစ်ဦး ကြား​မိ​သည်။ ကလေး​က “အဖြေကို​ဒီထက်​တို​လို့​မရဘူး​လား အမေ” ဟု​တောင်းဆို​သည်။ “မရဘူး။ တို​တဲ့​အဖြေတွေကို ဒီ​စကား​သင်​နေတဲ့​သူတွေ​အတွက် ချန်​ထား​ပေး​ရမယ်” ဟု​မိခင်​က​ပြန်​ပြော​သည်။

နှစ်၊ လ​ချီ​၍ ကောင်းမွန်​စွာ ပြောဆို​ဆက်သွယ်မှု​မပြု​နိုင်​ခြင်း​သည် လူကြီး​တစ်ဦး​အတွက် စိတ်ပိုင်း၊ စိတ်​လှုပ်ရှားမှု​ပိုင်း​နှင့် ဝိညာဉ်​ရေး​ပိုင်း​တွင် အားနည်း​လာနိုင်​သည်။ ယခု စပိန်​စကား​ကို ကျွမ်းကျင်​စွာ​ပြောတတ်​နေ​သူ ဂျဲနက်​တ်​က “ကျွန်မ​ရဲ့​ကန့်သတ်ချက်​တွေ​ကြောင့် လွယ်လွယ်နဲ့​စိတ်ဓာတ်ကျ​ခဲ့​တယ်” ဟု​ဆို​သည်။ အင်္ဂလိပ်​စကား​သင်ယူ​ခဲ့​သူ ဟီ​ရို​ကို​က​လည်း ‘ရပ်ကွက်​က ခွေး​တွေ၊ ကြောင်​တွေ​တောင် အင်္ဂလိပ်​စကား​ကို ငါ့​ထက်​ပို​နားလည်​သေး​တယ်’ ဟု​တွေးမိ​ကြောင်း အမှတ်ရ​သည်။ ကယ်​သီ​က “စပိန်​စကားပြော​အသင်းတော်ကို ကျွန်မ ပြောင်း​သွား​တုန်း​က ကျမ်းစာ​သင်အံမှု​အများကြီး​ရှိရာ​ကနေ တစ်ခု​မှ​မရှိတော့တဲ့​အဖြစ်​ရောက်သွား​ပြီး ပြန်လည်ပတ်မှု​တွေ​နဲ့​ပြည့်နေ​တဲ့ မှတ်စု​စာအုပ်​မှာလည်း ဘာမှ​မရှိတော့ဘူး။ ကျွန်မ ဘာမှ​မ​လုပ်​ဘူးလို့​ပဲ ခံစား​ရတယ်” ဟု​ပြောပြ​သည်။

ထိုသို့​သော​အချိန်​မျိုး​တွင် အပြုသဘောထား​လိုအပ်​သည်။ ဟီ​ရို​ကို​က သူ​စိတ်ဓာတ်ကျ​လာချိန်​၌ “တခြား​သူတွေ​လုပ်နိုင်​ရင် ငါလည်း​လုပ်နိုင်​ရမယ်” ဟု​စဉ်းစား​ခဲ့​သည်။ ကယ်​သီ​က “ကောင်းကောင်း​တိုးတက်​နေပြီး အသင်းတော်မှာ အလုပ်​အများကြီး​လုပ်နေတဲ့ ကျွန်မ​ခင်ပွန်း​ကို​ကြည့်​ပြီး သူ့ဆီကနေ အားယူ​တယ်။ လုပ်စရာ​အလုပ် အများကြီး​ရှိတာ​မှန်ပေမဲ့ ဟောပြောခြင်းနဲ့​သွန်သင်ခြင်း​လုပ်ငန်း​အတွက် စွမ်းရည်​တွေ တဖြည်းဖြည်း​ရှိလာပြီး အဲဒါ​က ကျွန်မ​ကို ပျော်ရွှင်​စေတယ်” ဟု​ဆို​သည်။ သူ၏​ခင်ပွန်း​ဖြစ်သူ ဂျဲ့ဖ်​က “ကြေညာ​ချက်​နဲ့ အကြီးအကဲ​အစည်းအဝေး​မှာ ဘာ​ပြော​နေမှန်း​မသိတာ​က စိတ်ပျက်​စ​ရာ​ပဲ။ ရိုးသားမှုနဲ့ နှိမ့်ချမှု​ရှိဖို့လို​ပြီး အသေးစိတ်​ပြန်​မေးတဲ့အခါ ညီအစ်ကို​တွေ​က​လည်း ဝမ်း​ပန်း​တ​သာ ကူညီ​ပေး​ကြတယ်” ဟု​ထပ်လောင်း​ပြောပြ​သည်။

ဘာသာ​ခြား​စကားပြော​အသင်းတော်တွင် အမှုဆောင်​စဉ် ဝိညာဉ်ရေးတွင်​အားမနည်း​စေဖို့ သင့်​ဝိညာဉ်​ရေး​ကျန်းမာ​မှု​ကို ဦးစား​ပေး​ရန် မပျက်ကွက်​ပါ​နှင့်။ (မဿဲ ၅:၃) ပေါ်တူဂီ​လယ်ကွင်းတွင် နှစ်ပေါင်း​များစွာ​အမှုဆောင်ခဲ့​သူ ကာ​ဇူ​ယူ​ကီ​က “ဝိညာဉ်​ရေး​အာဟာရ အလုံအလောက်​ရရှိ​နေဖို့ အရေးကြီးတယ်။ ဒါ​ကြောင့် အစည်းအဝေးတွေ​အတွက် ဂျပန်​စကား​နဲ့​ရော ပေါ်တူဂီ​စကား​နဲ့​ပါ မိသားစု​လိုက် ပြင်ဆင်​လေ့လာ​တယ်” ဟု​ဆို​သည်။ တချို့​ဆိုလျှင် မိမိတို့​ဘာသာ​စကား​ဖြင့်​ကျင်းပ​သော အစည်းအဝေး​များ​ကို အခါ​အား​လျော်​စွာ တက်​ကြသည်။ ထို့​ပြင် လုံလောက်​စွာ အနားယူ​ရန်​လည်း လိုအပ်​သည်။—မာကု ၆:၃၁

ကုန်ကျ​စရိတ်​ကို တွက်ချက်​ခြင်း

ဘာသာ​ခြား​စကားပြော အသင်းတော်​တစ်ခု​သို့ ပြောင်းရွှေ့​ရန် သင်​စဉ်းစား​နေပါက ထိုသို့​ပြုလုပ်ခြင်း​၏ ကုန်ကျ​စရိတ်​ကို တွက်ချက်​ရမည်။ (လုကာ ၁၄:၂၈) ဤ​ကိစ္စ​တွင် ထည့်​စဉ်းစား​ရမည့် အရေးကြီးဆုံး​ကဏ္ဍ​တစ်ခု​မှာ သင့်​ဝိညာဉ်​ရေး၊ ယေဟောဝါ​နှင့် သင့်​ဆက်ဆံ​ရေး​တို့​ဖြစ်သည်။ သင့်​အခြေအနေ​အကြောင်း ဆုတောင်း​ပြောပြ​ပါ။ သင့်​အိမ်ထောင်ဖက်​နှင့် သားသမီး​များ​ကို ထည့်​စဉ်းစားပါ။ သင့်ကိုယ်ကို ဤသို့​မေးပါ– ‘ဒီရေ​ရှည်​စီမံကိန်း​ကို​လက်ခံဖို့ အခြေအနေ​ပေး​သလား။ အဲဒီလို​လုပ်နိုင်တဲ့ ဝိညာဉ်​ရေး​နဲ့ စိတ်ဓာတ်​ရေး သန်စွမ်းမှု​ရှိသလား။’ သင်​နှင့် သင့်​မိသားစု​၏ ဝိညာဉ်​ရေး​အတွက် အကောင်းဆုံး​ဖြစ်​မည့်​အရာ​ကို ပြုလုပ်ခြင်း​က ပညာရှိ​လမ်းစဉ်​ဖြစ်သည်။ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ကြေညာသူ​တစ်ဦး​အနေ​နှင့် သင့်​တွင် လုပ်ကိုင်​စ​ရာ​များစွာ​ရှိပြီး မည်သည့်​နေရာ၌​ပင် အမှုဆောင်​ပါစေ ပျော်ရွှင်မှု​များစွာ​ရရှိပါ​လိမ့်​မည်။

ဘာသာ​ခြား​စကားပြော​အသင်းတော်တွင် အမှုဆောင်​နိုင်​သူများ​အတွက် ကောင်းချီး​များစွာ​ရှိသည်။ ခင်ပွန်း​သည်​နှင့်အတူ စပိန်​စကားပြော​အသင်းတော်​သို့ ပြောင်းရွှေ့​သွား​သူ ဘာ​ဘ​ရာ​က “အဲဒါ​က ကျွန်မ​ဘဝရဲ့ အပျော်ဆုံး​အတွေ့အကြုံ​တွေ​ထဲ​က တစ်ခု​ပါ​ပဲ။ ကျမ်းစာ​အမှန်တရားကို အစ​ကနေ​ပြန်​သင်​နေရ သလိုပဲ။ အထူးသဖြင့် နိုင်ငံ​ရပ်​ခြား​မှာ ခရစ်ယာန်​သာသနာပြု​မ​လုပ်နိုင်တဲ့ ကျွန်မတို့​အတွက် ဒီ​အခွင့်ထူး​ရတာ ကျေးဇူး​အများကြီး​တင်​ပါ​တယ်” ဟု​ဆို​သည်။

အသက်အရွယ်​စုံ​မှ ထောင်နှင့်ချီ​သော​သာမန်​လူများ​သည် ကမ္ဘာ​တစ်ဝန်း​တွင် နိုင်ငံတော်​သတင်းကောင်း တိုးတက်​ပြန့်ပွား​ရန် ဘာသာ​စကား​အသစ်​သင်ယူ​သည့် စိန်ခေါ်ချက်​ကို လက်ခံ​လျက်​ရှိသည်။ သင်သည် ထို​သူတို့​အဝင်​ဖြစ်ပါ​က ထိုသို့​ပြုလုပ်​ရန် လှုံ့ဆော်ပေး​သည့်​သင့်​စိတ်​ကို ဖြူစင်​စွာ​ထားပြီး အပြု​သဘာထား​ရှိပါ။ ယင်း​တို့​ထက် သင့်​ကြိုးပမ်း​အားထုတ်မှု​များ အောင်မြင်​ရန် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပါ။—၂ ကောရိန္သု ၄:၇

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဆရာ​ကောင်း​တစ်ဦး​သင်ကြား​သော ဘာသာ​စကား​သင်တန်း​များ​တက်​ခြင်း​က အတတ်မြန်​စေပြီး သင်ယူ​ရ​ပို​လွယ်ကူ​စေ​သည်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

နိုင်ငံ​ခြား​ဘာသာ​စကား​တစ်ခု သင်ယူ​နေစဉ်​သင့်​ဝိညာဉ်​ရေး​ကျန်းမာ​မှု​ကို မထိခိုက်​စေပါ​နှင့်