မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!

မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!

မဟာ​ဗာဗုလုန်​နှင့်​ကင်းကင်းရှင်းရှင်း​နေလော့!

‘ထာဝရ​ဘုရားသခင် မိန့်တော်မူ​ပြန်​သည်​ကား၊ သင်တို့သည် ထို​သူတို့​အထဲ​မှ​ထွက်၍ အသီးအခြား​နေကြ​လော့။ မစင်ကြယ်​သော​အရာ​ကို လက်​နှင့်​မျှ​မတို့​ကြ​နှင့်။’—၂ ကောရိန္သု ၆:၁၇

၁။ စိတ်ရင်းမှန်​သူများစွာ​တို့သည် အဘယ်​ဝိညာဉ်​ရေး​အခြေအနေ​မျိုး​တွင် ရှိနေကြ​သနည်း။

စိတ်ရင်းမှန်​သူများစွာ​တို့သည် ဘုရားသခင်​အကြောင်း၊ လူ့​အနာဂတ်​အကြောင်း တိကျ​မှန်ကန်​စွာ မသိကြ​ချေ။ ဝိညာဉ်​ရေး​နှင့်​ပတ်သက်​၍ သူတို့​အလွန်​သိရှိ​လို​သည့် ထို​အကြောင်း​များ​ကို ဂ​ဃ​န​ဏ​မသိကြ​သောကြောင့် ဘဝတွင် ယောင်​ချာ​ချာ​ဖြစ်နေ​ကြ​ရ​ရှာ​သည်။ သန်းပေါင်း​များစွာသော​သူတို့မှာ ဖန်ဆင်း​ရှင်​၏​စိတ်တော်​ကို​ထိခိုက်​စေသည့် အယူသီးမှု​များ၊ ထုံးတမ်း​စဉ်​လာ​များနှင့် ပွဲနေ့​များ​၏ ကျွန်​များ​ဖြစ်နေ​ကြသည်။ မီးငရဲ၊ သုံးပါး​တစ်ဆူ​ဘုရား၊ မသေ​နိုင်သော​စိုးလ် သို့​မဟုတ် အခြား​သွန်သင်ချက်​အမှား​များ​ကို ယုံကြည်​လက်ခံသည့် အိမ်နီးချင်း​များနှင့် ဆွေမျိုး​များ သင်၌​ရှိ​ပေမည်။

၂။ ဘာသာရေး​ခေါင်းဆောင်​များ မည်သို့​ပြု​ခဲ့​ကြ​သနည်း၊ အဘယ်​ရလဒ်​ရသနည်း။

ဤ​ဝိညာဉ်​ရေး​အမှောင်ထု ဖုံးလွှမ်း​နေခြင်း​မှာ အဘယ်ကြောင့်​နည်း။ အံ့ဩစရာ​မှာ ဘာသာ​တရား​ကြောင့်​ပင်​ဖြစ်သည်။ အတိအကျ​ဆို​ရ​လျှင် ဘုရားသခင့်​အတွေးအခေါ်​နှင့် ဆန့်ကျင်​သည့်​သွန်​ချက်​များ​ကို သင်ပေးခဲ့​ကြသော ဘာသာရေး​အဖွဲ့အစည်း​များနှင့် ၎င်း​၏​ခေါင်းဆောင်​များ​ဖြစ်သည်။ (မာကု ၇:၇၊ ၈) ယင်းကြောင့် လူအများသည် ဘုရားသခင့်​စိတ်တော်​ကို ထိခိုက်အောင်​ပြုမူ​နေကြ​လျက်​ပင် မိမိတို့သည် စစ်မှန်သော​ဘုရားသခင်​ကို ကိုးကွယ်​နေကြ​သည်​ဟု ယူဆ​သည်​အထိ လှည့်ဖြား​ခံ​နေကြ​ရသည်။ ဝမ်းနည်းစရာ​ကောင်းသော ဤ​အခြေအနေ​သည် မဟာ​ဗာဗုလုန်​ကြောင့်​ပင်​ဖြစ်သည်။

၃။ မဟာ​ဗာဗုလုန်​ကို အဓိက​အားပေး​လှုံ့ဆော်သူ​ကား မည်သူ​နည်း၊ သမ္မာကျမ်းစာ​တွင် သူ့ကို​မည်သို့​ဖော်ပြ​ထား​သနည်း။

မဟာ​ဗာဗုလုန်​၏​နောက်ကွယ်​တွင် မျက်မြင်မရ​သတ္တဝါ​တစ်ပါး​ရှိ၏။ ထို​သတ္တဝါ​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​က ဤသို့ဆို​၏– ‘ထိုသို့​မယုံကြည်​သော​သူတို့​ကား၊ ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​တည်း​ဟူသော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံသော ဧဝံဂေလိတရား​၏​အရောင်​သည် အလင်း​ကို​မပေး​စေခြင်း​ငှာ ဤ​လောကကို​အစိုး​ရသော​မင်း​သည် သူတို့၏​ဉာဏ်​မျက်စိ​ကို​ကွယ်​စေ​၏။’ (၂ ကောရိန္သု ၄:၄) ‘ဤ​လောကကို​အစိုး​ရသော​မင်း’ သည် စာတန်​ပင်​ဖြစ်သည်။ သူသည် မဟာ​ဗာဗုလုန်​ကို အဓိက​အားပေး​လှုံ့ဆော်သူ​ဖြစ်သည်။ “စာတန်​ပင်​လျှင် အလင်း​နှင့်​ဆိုင်သော ကောင်းကင်တမန် ဖြစ်ယောင်ဆောင်​တတ်၏။ သို့​ဖြစ်၍ သူ၏​အမှုဆောင်​တို့သည်​လည်း ဖြောင့်မတ်ခြင်း​တရား​၏​အမှုဆောင် ဖြစ်ယောင်ဆောင်​လျှင် အဘယ်​ဆို​ဖွယ်​ရှိ​သနည်း” ဟု​ပေါလု​ရေးသားခဲ့​သည်။ (၂ ကောရိန္သု ၁၁:၁၄၊ ၁၅သမ္မာ) စာတန်​သည် အဆိုးကို အကောင်း​ဟု ထင်မြင်​စေပြီး မုသာ​ကို လူ​တို့​ယုံကြည်​လက်ခံရန် လှည့်ဖြား​ပါ​သည်။

၄။ ရှေး​ဣသရေလ​လူမျိုး​အတွက် ဘုရားသခင့်​ပညတ်​တွင် အယူမှား​ပရောဖက်​များနှင့်​ပတ်သက်​၍ အဘယ်​သို့​ဆို​သနည်း။

ထို့​ကြောင့် မဟာ​ဗာဗုလုန်​ကို သမ္မာကျမ်းစာ​က ပြင်းပြင်းထန်ထန် ပြစ်တင်​ရှုတ်ချ​ထား​ရခြင်း​ဖြစ်သည်! သာဓက​အနေ​နှင့်၊ မောရှေ​ပညတ်​က အယူမှား​ပရောဖက်​များ​ကို​ရှောင်ကြဉ်​ဖို့ ဘုရားသခင့်​ရွေးချယ်ခံ​လူမျိုးတော်ကို အတိအလင်း​သတိပေး​ထား​သည်။ မှားယွင်းသော​သွန်သင်ချက်​များနှင့် ဝတ်ပြုရေးကို အားပေး​ထောက်ခံသူ မည်သူ​မဆို​သည် ‘ဘုရားသခင်​ထံ​တော်​မှ လွှဲ​စေခြင်း​ငှာ . . . ဟောပြောသော​ကြောင့် အသေ​သတ်​ခြင်း​ကို​ခံရ’ မည်​ဖြစ်သည်။ ‘ထို ဆိုးညစ်​သူကို သူတို့​အထဲက ပယ်ရှင်း’ ရန် ဣသရေလ​လူမျိုး မိန့်မှာ​ခံ​ခဲ့​ရသည်။ (တရားဟောရာ ၁၃:၁-၅) မှန်ပါသည်၊ မဟာ​ဗာဗုလုန်​ကို ဆိုးညစ်မှု​အဖြစ် ယေဟောဝါ​ရှုမြင်တော်မူ​၏။—ယေဇကျေလ ၁၃:၃

၅။ ယနေ့ အဘယ်​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​ဂရုပြု​သင့်​သနည်း။

မဟာ​ဗာဗုလုန်​ကို ယေဟောဝါ ခါးခါးသီးသီး​ရွံမုန်း​သည့်​နည်းတူ ယေရှု​ခရစ်​နှင့် တမန်​တော်​များလည်း ထို​နည်း​အတိုင်း​ပင်​ဖြစ်သည်။ တပည့်​များ​ကို ယေရှု​ဤသို့​သတိပေး​ခဲ့​သည်– ‘အတွင်း​၌ ကြမ်းတမ်းသော​တောခွေး​ဖြစ်​လျက်၊ သိုး​ရေ​ကို​ခြုံ​၍ သင်တို့​ရှိရာသို့​လာသော အယူမှား​ပရောဖက်​တို့ကို သတိ​နှင့်​ရှောင်​ကြလော့။’ (မဿဲ ၇:၁၅; မာကု ၁၃:၂၂၊ ၂၃) ပေါလု​လည်း ဤသို့​ရေးသားခဲ့​သည်– ‘အမှန်တရားကို ဆီးတား​နှိပ်စက်​သော​သူတို့​ပြု​တတ်သော ဘာသာ​တရား​မဲ့​နေခြင်း​အမှု၊ တရားကို​လွန်ကျူးခြင်း​အမှု​အမျိုးမျိုး​တို့​တစ်ဖက်၌ ဘုရားသခင်​၏​အမျက်တော်​သည် ကောင်းကင်​မှာ​ထင်ရှား​လျက်​ရှိ၏။’ (ရောမ ၁:၁၈) ခရစ်ယာန်စစ်​များ​အနေ​နှင့် အဆိုပါ​သတိပေး​ချက်​များ​ကို ဂရုပြု​ပြီး ကျမ်းစာ​အမှန်တရားကို ထိမ်ဝှက်​သူ သို့​မဟုတ် မှားယွင်းသော​သွန်သင်ချက်​များ​ကို ဖြန့်ဝေ​သူတို့နှင့် ခပ်​ကင်း​ကင်း​နေ​ရန် အလွန်​အရေးကြီး​လှ​ပေ​သည်!—၁ ယောဟန် ၄:၁

‘မဟာ​ဗာဗုလုန်’ မှ​ထွက်​လော့

၆။ ‘မဟာ​ဗာဗုလုန်’ ကို သမ္မာကျမ်းစာ​တွင် မည်သို့​တင်စား​ဖော်ပြ​ထား​သနည်း။

မဟာ​ဗာဗုလုန်​ကို ဗျာ.ကျမ်း​၌ မည်သို့​ဖော်ပြ​ထား​ကြောင်း သုံးသပ်ကြည့်​ပါ။ ယင်းကို တိုင်းနိုင်ငံ​များနှင့် လူများ​အပေါ် ဩဇာ​ရှိသော၊ မူးယစ်​နေသည့် ပြည့်တန်ဆာ​တစ်ဦး​အဖြစ် တင်စား​ဖော်ပြ​ထား​သည်။ ဤ​ပုံဆောင်​အမျိုးသမီး​သည် ရှင်ဘုရင်များ​စွာ​နှင့် မတရားမေထုန်​ပြုပြီး ဘုရားသခင်​အား မှန်ကန်​စွာ​ဝတ်ပြု​ကိုးကွယ်​သူတို့၏​အသွေး​နှင့် မူးယစ်​နေသည်။ (ဗျာ. ၁၇:၁၊ ၂၊ ၆၊ ၁၈) သူ၏​ညစ်ညမ်း​၍ စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသော အမူအကျင့်​နှင့် လိုက်ဖက်​သည့်​အမည်​ကို နဖူး​ပေါ်​၌ ရေးထားသည်။ ထို​အမည်​ကား “ဗာဗုလုန်​မြို့ကြီး” ဖြစ်၏။ သူသည် “ပြည့်တန်ဆာ​တို့၏​အမိ၊ မြေ​၌​စက်ဆုပ်​ရွံရှာဖွယ်​သော​အရာ​တို့၏​အမိ” ဖြစ်၏။—ဗျာ. ၁၇:၅

၇၊ ၈။ မဟာ​ဗာဗုလုန်​သည် မိမိကိုယ်ကို​ပြည့်တန်ဆာ မည်သို့​ဖြစ်စေ​ခဲ့ပြီ​နည်း၊ အဘယ်​ရလဒ်များ ရသနည်း။

မဟာ​ဗာဗုလုန်​အကြောင်း ကျမ်းစာ​ဖော်ပြချက်​သည် ကမ္ဘာ့​ဘာသာ​တရား​များနှင့် ကိုက်ညီ​သည်။ အမှန်​မှာ ထောင်နှင့်ချီ​သော​ဘာသာ​တရား​များသည် ကမ္ဘာ့​ဘာသာရေး​အဖွဲ့အစည်း​တစ်ခု​တည်း​တွင် မရှိကြ​သော်လည်း သူတို့၏​ရည်ရွယ်ချက်​နှင့် လုပ်ရပ်​တို့​မှာ​မူ တစ်ကျိတ်တည်း​တစ်​ဉာဏ်​တည်း​ဖြစ်၏။ ဗျာ.ကျမ်း​ပါ အကျင့်ပျက်​အမျိုးသမီး​ကဲ့သို့ ဗာဗုလုန်​ဝတ်ပြုရေးသည် အုပ်ချုပ်ရေး​များ​ကို အကြီးအကျယ်​သြဇာလွှမ်း​ခဲ့ပြီ။ အိမ်ထောင်ရေး​သစ္စာ​ကို​ဖျက်​သော အမျိုးသမီး​ကဲ့သို့ မဟာ​ဗာဗုလုန်​သည် နိုင်ငံရေး​အဖွဲ့အစည်း​တိုင်း​နှင့် မဟာမိတ်ဖွဲ့​ခြင်း​ဖြင့် မိမိကိုယ်ကို​ပြည့်တန်ဆာ​ဖြစ်စေ​ခဲ့ပြီ။ တပည့်တော်​ယာကုပ်​က ဤသို့​ရေးသားခဲ့​သည်– ‘မတရားသော​မေထုန်​၌​မှီဝဲ​သော​ယောက်ျား​မိန်းမ​တို့၊ လောက​မိတ်သဟာယ​သည် ဘုရားသခင်​နှင့်​ဆန့်ကျင်ဘက်​ဖြစ်သည်​ကို မသိကြ​သလော။ ဤ​လောက​နှင့် မိတ်သဟာယ​ဖွဲ့​သော​သူသည် ဘုရားသခင်​၏​ရန်သူ​ဖြစ်၏။’—ယာကုပ် ၄:၄

မဟာ​ဗာဗုလုန်​နှင့် အုပ်ချုပ်ရေး​များ ရော​ပြွမ်း​ခြင်း​ကြောင့် ကိုယ်​စိတ်​ဆင်းရဲ​စ​ရာ များစွာ​ဖြစ်ပေါ်​လာ​ခဲ့ပြီ။ အာဖရိကန် နိုင်ငံရေး​ဆန်းစစ်​လေ့လာသူ ဒေါက်တာ​ဇို​လီလာ မ​န်​ကြူ​က “ဘာသာရေး​နှင့် နိုင်ငံရေး​ပူးပေါင်း​မှု​ကြောင့် ကမ္ဘာ့​သမိုင်း​သည် အစုလိုက်​အပြုံလိုက် သတ်ဖြတ်မှု​တို့​နှင့် ပြည့်နှက်​နေသည်” ဟု​ဖော်ပြ​ခဲ့​သည်။ မကြာသေးမီ​က သတင်းစာ​တစ်စောင်​တွင် ဤသို့​ဆို​၏– “ယနေ့ အန္တရာယ်​အကြီးမားဆုံး​နှင့် သွေးထွက်သံယို​အဖြစ်​ဆုံး ပဋိပက္ခ​များ ဖြစ်ပွား​ရခြင်း​မှာ ဘာသာရေး​ကြောင့်​ဖြစ်သည်။” လူ​သန်းပေါင်း​များစွာတို့သည် ဘာသာရေး​က သွေးထိုး​ပေး​သော​ပဋိပက္ခ​များ​တွင် အသက်ဆုံး​ခဲ့​ကြ​ရသည်။ မဟာ​ဗာဗုလုန်​သည် ဘုရားသခင်​၏​ကျေးကျွန်​စစ်​များ​ကို နှိပ်စက်​ညှဉ်းပန်း သတ်ဖြတ်​ခဲ့​ကြ​ရာ ပုံဆောင်​သဘော​အရ သူတို့၏​အသွေး​နှင့် မူးယစ်​နေသည်။—ဗျာ. ၁၈:၂၄

၉။ မဟာ​ဗာဗုလုန်​ကို ယေဟောဝါ​ရွံမုန်း​ကြောင်း ဗျာ.ကျမ်း​တွင် မည်သို့​ဖော်ပြ​ထား​သနည်း။

မဟာ​ဗာဗုလုန်​၏​အဖြစ်အပျက်​ကို​ကြည့်​လျှင် ယင်းကို ယေဟောဝါ မည်မျှ​ရွံမုန်း​ကြောင်း သိသာ​ထင်ရှား​သည်။ ဗျာ. ၁၇:၁၆၊ ၁၇ တွင် ဤသို့​ဆို​၏– “ယခု​မြင်​သော ချိုဆယ်ချောင်း​နှင့်​သားရဲ​သည် ပြည့်တန်ဆာ​ကို​မုန်း​၍ သူ၏​စည်းစိမ်​ကို ဖျက်ဆီး​လိမ့်​မည်။ သူ၏​အဝတ်တန်ဆာ​ကို​ချွတ်၍ သူ၏​အသားကို​ကိုက်စား​လိမ့်​မည်။ သူ၏​ကိုယ်ကို​လည်း  မီးရှို့​လိမ့်​မည်။” ဦးဆုံး​အနေ​နှင့် သားရဲ​ကြီး​သည် သူ့ကို​ဆွဲဖြဲ​သတ်ဖြတ်​ပြီး စား​ပစ်​မည်။ ထို့နောက် ကျန်ကြွင်း​သမျှ​ကို မီးရှို့​၍​အစဖျောက်​ပစ်​မည်။ မကြာမီ ကမ္ဘာ့​တိုင်းနိုင်ငံ​များသည် မဟာ​ဗာဗုလုန်​ကို အလားတူ​ပြု​ကြ​ပါ​လိမ့်​မည်။ ထိုသို့​ပြု​ရန် ဘုရားသခင်​လှုံ့ဆော်ပေး​မည်။ (ဗျာ. ၁၇:၁၇) ကမ္ဘာ့​ဘာသာရေး​အင်ပါယာ​တည်း​ဟူသော မဟာ​ဗာဗုလုန်​သည် ဖျက်ဆီး ခံရ​ဖို့  သေချာ​နေပြီ။ ၎င်း​သည် “နောက်​တစ်ဖန်​မ​ပေါ်​မရှိ​ရ။”—ဗျာ. ၁၈:၂၁

၁၀။ မဟာ​ဗာဗုလုန်​ကို ကျွန်ုပ်​တို့ မည်သို့​သဘောထား​သင့်​သနည်း။

၁၀ မှန်သော​ဘာသာ​ကိုးကွယ်​သူများ​သည် မဟာ​ဗာ​လုန်​ကို မည်သို့​သဘောထား​သင့်​သနည်း။ သမ္မာကျမ်းစာ​က ဤသို့​အတိအလင်း​မိန့်မှာ​သည်– “ငါ​၏​လူမျိုး​တို့၊ သူ၏​အပြစ်​တို့ကို​ဆက်ဆံခြင်း​နှင့်​လည်းကောင်း၊ သူ၏​ဘေးဒဏ်​များ​ကို​ခံ​ခြင်း​နှင့်​လည်းကောင်း ကင်းလွတ်​အံ့​သော​ငှာ၊ သူ၏​အထဲက​ထွက်ကြ​လော့။” (ဗျာ. ၁၈:၄) ဘေး​မှ​လွတ်မြောက်​လို​သူတို့သည် အချိန်မနှောင်း​မီ မဟာ​ဗာဗုလုန်​မှ ထွက်ကြ​ရမည်။ နောက်ဆုံး​ကာလ​တွင် လူအများသည် အမည်ခံ​ခရစ်ယာန်​မျှ​သာ​ဖြစ်​ကြလိမ့်မည်​ဟု ယေရှု​ခရစ် မြေကြီးပေါ်​ရှိ​စဉ်​က ကြို​ဟောခဲ့​သည်။ (မဿဲ ၂၄:၃-၅) ထိုသို့​သော​သူများကို ကိုယ်တော်​က ‘သင်တို့ကို ငါ​အလျှင်း​မသိ။ မတရားမှုကို​ပြုသော​သူတို့၊ ငါ့​ထံ​မှ​ဖယ်​ကြ’ ဟု​ပြောဆို​သည်။ (မဿဲ ၇:၂၃) ယခု နန်းထိုင်​ဘုရင် ယေရှု​ခရစ်​သည် ဗာဗုလုန်​နှင့် အလျှင်း​မပတ်သက်​ပါ။

ကင်းကင်းရှင်းရှင်း​နေခြင်း—မည်သို့​နည်း

၁၁။ မဟာ​ဗာဗုလုန်​နှင့် ကင်းကင်းရှင်းရှင်း​နေ​ရန် အဘယ်အရာ​ပြုသင့်​သနည်း။

၁၁ စစ်မှန်သော​ခရစ်ယာန်​များသည် မဟာ​ဗာဗုလုန်​၏​သွန်သင်ချက်​များ​ကို ငြင်းပယ်​ပြီး ယင်း​နှင့် ကင်းကင်းရှင်းရှင်း​နေကြ​သည်။ ဘုရားသခင်​နှင့် သမ္မာကျမ်းစာ​အကြောင်း လိမ်ညာ​ပြောဆို​သော အသံလွှင့်​အစီအစဉ်များ​နှင့် စာပေ​များ​ကို​ပါ ကျွန်ုပ်​တို့​ရှောင်​ကြသည်။ (ဆာလံ ၁၁၉:၃၇) မဟာ​ဗာဗုလုန်​နှင့်​ဆက်နွှယ်​သည့် အဖွဲ့အစည်း​များ  ကြီးမှူး​ကျင်းပ​သော မိတ်ဆုံပွဲ​များနှင့် အပန်းဖြေမှု​များ​၌​လည်း ကျွန်ုပ်​တို့​ပါဝင်​မည်​မဟုတ်​ကြ​ပါ။ ထို့​ပြင် မဟာ​ဗာဗုလုန်​ကို မည်သည့်​နည်းဖြင့်​မျှ ထောက်ခံ​အားပေးခြင်း​မပြု​ကြ​ပါ။ (၁ ကောရိန္သု ၁၀:၂၁) ဤသို့​ရှောင်ကြဉ်​ခြင်း​သည် ‘ခရစ်တော်​၏​တရားကို​မလိုက်၊ လူ​အဆက်ဆက်​ခံ​သော​နည်း​ဥပဒေသ​နှင့် လောကီ​တရား​နု​ကို​လိုက်၍၊ လောကီ​ပညာ​နှင့် အချည်းနှီး​သော​ပရိယာယ်​အားဖြင့် လုယူ​ဖျက်ဆီး’ သူတို့​မှ ကျွန်ုပ်​တို့ကို အကာအကွယ်​ပေး​သည်။—ကောလောသဲ ၂:၈

၁၂။ လူတစ်ဦး​သည် မဟာ​ဗာဗုလုန်​နှင့် မည်သို့​အဆက်ဖြတ်​နိုင်​သနည်း။

၁၂ လောလောဆယ် ဗာဗုလုန်​ဘာသာဝင်​တစ်ဦး​ဖြစ်နေ​သူသည် ယေဟောဝါသက်သေ​ဖြစ်​လို​ပါ​က မည်သို့​နည်း။ အများအားဖြင့် နုတ်ထွက်​စာ​တင်​ခြင်း​က မဟာ​ဗာဗုလုန်​အဝင် မဖြစ်​လို​တော့​ကြောင်း သက်သေ​ထင်ရှားစေ​သည်။ ထို​သူသည် မဟာ​ဗာဗုလုန်​၏​ညစ်ညမ်းမှု​မှန်သမျှကို လုံးဝ​ရှောင်ကြဉ်​ရန် ပြတ်ပြတ်သားသား​လုပ်ဆောင်ဖို့ အထူး​အရေးကြီး​၏။ သက်သေခံ​ဖြစ်​လို​သူ​တစ်ဦး၏​လုပ်ရပ်များ​သည် ထို​ဘာသာ​နှင့် လုံးဝ​မပတ်သက်​တော့​ကြောင်း ယခင်​ဘာသာရေး​အဖွဲ့အစည်း​နှင့် အဆက်ပြတ်​ပြီး​ဖြစ်​ကြောင်း လူအများရှေ့ ထင်ရှား​စွာ​ပြ​သင့်​သည်။

၁၃။ မဟာ​ဗာဗုလုန်​နှင့် ကင်းရှင်း​ဖို့​လို​ကြောင်း​နှင့်​ပတ်သက်​၍ ကျမ်းစာ​အကြံပြုချက်​ကား အဘယ်နည်း။

၁၃ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– ‘မယုံကြည်​သော​သူတို့နှင့်​တွဲဖက်​၍ ဆန့်ကျင်ဘက်​ဖြစ်သော​ထမ်းပိုး​ကို မ​ထမ်း​ကြ​နှင့်။ တရားသော​အမှုသည် မတရားသော​အမှုကို အဘယ်​သို့​လက်ခံ​နိုင်​မည်​နည်း။ အလင်း​သည် မှောင်မိုက်​နှင့် အဘယ်​သို့​ဆက်ဆံ​နိုင်​မည်​နည်း။ ခရစ်တော်​သည် ဗေလျာလ​နှင့် အဘယ်​သို့​သင့်တင့်​နိုင်​မည်​နည်း။ ယုံကြည်​သော​သူသည် မယုံကြည်​သော​သူနှင့်​အတူ အဘယ်​အကျိုးအပြစ်​ကို​ခံရ​မည်​နည်း။ ဘုရားသခင်​၏​အိမ်တော်​သည် ရုပ်ပုံ​တို့​နှင့် အဘယ်​သို့​စပ်ဆိုင်​ရမည်​နည်း။  . . .  ထို​ကြောင့် ထာဝရ​ဘုရားသခင် မိန့်တော်မူ​ပြန်​သည်​ကား၊ သင်တို့သည် ထို​သူတို့​အထဲ​မှ​ထွက်၍ အသီးအခြား​နေကြ​လော့။ မစင်ကြယ်​သော​အရာ​ကို လက်​နှင့်​မျှ​မတို့​ကြ​နှင့်။’ (၂ ကောရိန္သု ၆:၁၄-၁၇) မဟာ​ဗာဗုလုန်​နှင့် ကင်းကင်းရှင်းရှင်း​နေခြင်း​ဖြင့် အဆိုပါ​စကား​ကို ကျွန်ုပ်​တို့​လိုက်နာ​ကြသည်။ ကျွန်ုပ်​တို့သည် မဟာ​ဗာဗုလုန်​ဘာသာဝင်​များ​ကိုလည်း ရှောင်​ဖို့ ပေါလု​၏​အကြံပေး​ချက်​က တောင်းဆို​သလော။

‘ပညာ​နှင့်​ဆက်​ကျင့်ဆောင်​လော့’

၁၄။ မဟာ​ဗာဗုလုန်​တွင်​ရှိသူ​များ​ကို ကျွန်ုပ်​တို့​လုံးဝ ရှောင်​ကြ​ရမည်​လော။ ရှင်းပြပါ။

၁၄ မှန်သော​ဘာသာ​ကိုးကွယ်​သူများ​သည် မဟာ​ဗာဗုလုန်​ဘာသာဝင်​များနှင့် လုံးဝ​အဆက်အသွယ်​ဖြတ်​ကြ​ရမည်​လော။ ကျွန်ုပ်​တို့​နှင့်​ယုံကြည်ခြင်း​မတူ​သူများကို လုံးဝ​အဖ​က်​မလုပ်ဘဲ နေရ​မည်​လော။ မဟုတ်ပါ။ အကြီးမြတ်ဆုံး​ပညတ်​နှစ်ခု​မှ ဒုတိယ​ပညတ်​က “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့” ဟု​ဆို​၏။ (မဿဲ ၂၂:၃၉) ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို အခြားသူများ​အား ပြောပြ​ခြင်း​ဖြင့် ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို​ချစ်​ကြောင်း ကျွန်ုပ်​တို့​တင်ပြ​ကြသည်။ သူတို့ကို​ကျမ်းစာ​သင်ပေးခြင်း၊ မဟာ​ဗာဗုလုန်​နှင့် ကင်းရှင်း​ဖို့​လို​ကြောင်း သူတို့ကို သိမြင်​လာ​စေခြင်း​ဖြင့်​လည်း သူတို့ကို​ချစ်​ကြောင်း တင်ပြ​ကြသည်။

၁၅။ ‘လောက​နှင့်​မဆက်ဆံ’ ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

၁၅ အခြား​သူများကို သတင်းကောင်း​ဟောပြောကြ​သော်လည်း ယေရှု၏​နောက်လိုက်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ‘ဤ​လောက​နှင့်​မဆက်ဆံ’ ကြ​ပါ။ (ယောဟန် ၁၅:၁၉) ဤ​တွင်​ပါ​သည့် ‘လောက’ ဟူသော​စကားရပ်​သည် ဘုရားသခင်​နှင့်​ကင်းကွာ​နေသော လူ့​အဖွဲ့အစည်း​ကို ဆိုလို​၏။ (ဧဖက် ၄:၁၇-၁၉; ၁ ယောဟန် ၅:၁၉) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​စိတ်တော်​ကို​ထိခိုက်​စေသည့် စိတ်သဘောထား​များ၊ ပြုမူ​ပြောဆို​ပုံ​များ​ကို ရှောင်ခြင်း​ဖြင့် လောက​နှင့်​သီးခြားနေ​ကြသည်။ (၁ ယောဟန် ၂:၁၅-၁၇) ထို့​ပြင် “မကောင်းသော​သူတို့နှင့်​ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့​ယိုယွင်း​တတ်” ၏​ဟူသော မူ​နှင့်​အညီ ခရစ်ယာန်​စံနှုန်း​များ​အတိုင်း မနေထိုင်​သူတို့နှင့် ကျွန်ုပ်​တို့​တရင်းတနှီး​မနေကြ​ပါ။ (၁ ကောရိန္သု ၁၅:၃၃) လောက​နှင့်​မဆက်ဆံ​ခြင်း​ဟူသည် ‘လောက​အညစ်အကြေး​နှင့် ကင်းစင်’ ခြင်း​ဖြစ်သည်။ (ယာကုပ် ၁:၂၇) ထို့​ကြောင့် လောက​နှင့်​သီးခြားနေ​ခြင်း​ဟူသည် အခြား​သူများ​နှင့် လုံးဝ​အဆက်အသွယ်​မပြု​ဘဲ​နေခြင်း​ကို မဆိုလို​ပါ။—ယောဟန် ၁၇:၁၅၊ ၁၆; ၁ ကောရိန္သု ၅:၉၊ ၁၀

၁၆၊ ၁၇။ ခရစ်ယာန်​များသည် ကျမ်းစာ​အမှန်တရား​မသိ​သူများ​နှင့် မည်သို့​ဆက်ဆံ​သင့်​သနည်း။

၁၆ သို့​ဖြစ်၍ ကျမ်းစာ​အမှန်တရား မသိ​သူများကို ကျွန်ုပ်​တို့​မည်သို့ ဆက်ဆံ​ကြ​ရမည်​နည်း။ ကောလောသဲ​အသင်းတော်ကို ပေါလု​ဤသို့​စာရေး​ခဲ့​သည်– “ပြင်ပ​လူတို့၏​မျက်နှာကို​ထောက်​လျက်၊ ပညာ​နှင့်​ကျင့်ဆောင်​၍ ကာလ​အချိန်ကို​ရွေးနုတ်​ကြလော့။ လူ​အသီးအသီး​တို့အား အဘယ်​သို့​ပြန်​ပြော​ရမည်ကို သိနိုင်​မည်​အကြောင်း၊ သင်တို့​စကား​သည် ဆား​အားဖြင့်​ငန်​သော​အရသာ​နှင့်​ပြည့်စုံ​လျက်၊ အစဉ်မပြတ်​တင့်တယ်​လျောက်ပတ်​ပါစေ။” (ကောလောသဲ ၄:၅၊ ၆) တမန်​တော်​ပေတရု​က ဤသို့​ရေးခဲ့​သည်– ‘စိတ်နှလုံး​ထဲ​၌ ခရစ်တော်​ကို သခင်​အဖြစ် ရိုသေခြင်း​ရှိကြလော့။ သင်တို့​မျှော်လင့်ခြင်း​၏​အကြောင်းကို မေးမြန်း​သော​သူ​ရှိသမျှ​တို့အား၊ နူးညံ့​သော​သဘော၊ ကြောက်ရွံ့​သော​သဘော​နှင့်​ပြန်​ပြော​ခြင်း​ငှာ၊ ကာလ​အစဉ်မပြတ် အသင့်​ရှိနေကြ​လော့။’ (၁ ပေတရု ၃:၁၅) ပေါလု​က “အဘယ်သူကိုမျှ​မ​ကဲ့ရဲ့၊ ရန်​တွေ့​ခြင်း​ကို​မပြု၊ ဖြည်းညင်း​သော​သဘော​ရှိ၍၊ ခပ်သိမ်း​သော​သူတို့၌ အလွန်​နူးညံ့​သိမ်မွေ့စွာ​ပြု” လော့​ဟု ခရစ်ယာန်​များ​ကို အကြံပြု​ခဲ့​သည်။—တိတု ၃:၂

၁၇ ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် အခြား​သူများ​နှင့် ခက်ထန်​စွာ၊ အထင်အမြင်​သေး​စွာ  မဆက်ဆံ​ကြ​ပါ။ အခြား​ဘာသာဝင်​များ​ကို ချိုးချိုးဖဲ့ဖဲ့​နှိမ်​ပြော​ခြင်း​လည်း လုံးဝ​မပြု​ကြ​ပါ။ ထိုသို့​ပြု​မည်​အစား အိမ်ရှင်၊ အိမ်နီးချင်း သို့​မဟုတ် လုပ်ဖော်ကိုင်ဖက်​တစ်ဦး​က မညှာမတာ၊ ဆဲဆို​လာ​လျှင်​ပင် အလိမ္မာသုံး​ကြသည်။—ကောလောသဲ ၄:၆; ၂ တိမောသေ ၂:၂၄

‘စင်ကြယ်သော​တရား​စကား​ကို စွဲလမ်း​လော့’

၁၈။ မဟာ​ဗာဗုလုန်​သို့ ပြန်လှည့်​သွား​သူတို့သည် အဘယ်​ဝမ်းနည်းဖွယ် ဝိညာဉ်​ရေး​အခြေအနေ​တွင် ရှိကြ​သနည်း။

၁၈ ကျမ်းစာ​အမှန်တရားကို​သိ​ပြီး​မှ မဟာ​ဗာဗုလုန်​သို့ ပြန်လှည့်​သွား​သူ​တစ်ဦး၏​အဖြစ်​သည် အလွန်​ဝမ်းနည်းစရာပင်! ထိုသို့​သော​လမ်းစဉ်​၏ ဝမ်းနည်းဖွယ်​အကျိုးဆက်များ​ကို သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– ‘ကယ်တင်​တော်​မူ​သော​အရှင် သခင်​ယေရှု​ခရစ်​ကို သိကျွမ်းခြင်း​အားဖြင့်၊ လောက​ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​ပြီး​မှ၊ တစ်ဖန်​ကျော့မိ​၍ရှုံး​လျှင်၊ နောက်​ဖြစ်​ဟန်​သည် ရှေး​ဖြစ်​ဟန်​ထက် သာ၍​ဆိုး​၏။ . . . ခွေး​သည် မိမိ​အန်​ဖတ်​ကို ပြန်၍​စား​၏။ ဝက်​သည်လည်း​ဆေး​ပြီး​မှ ရွှံ့​တွင်​လူး​ပြန်​၏​ဟု မှန်သော​စကားပုံ​သည် ထို​သူတို့၌​ပြည့်စုံ​သတည်း။’—၂ ပေတရု ၂:၂၀-၂၂

၁၉။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို အန္တရာယ်​ပြု​နိုင်​သည့်​အရာ​မှန်သမျှကို သတိရှိ​နေဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၉ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို  အန္တရာယ်​ပြု​နိုင်သော မည်သည့်​အရာ​ကို​မဆို သတိပြု​ရမည်။ ထို​အန္တရာယ်များ​နှင့် အမှန်ပင်​ကြုံတွေ့​နိုင်၏။ တမန်​တော်​ပေါလု​က ဤသို့​သတိပေး​သည်– ‘ဝိညာဉ်တော်သည် အ​တည့်​အလင်း​ဖွင့်ပြ​တော်​မူ​သည်​ကား၊ နောင်​ကာလ​၌ ကိုယ်ကို​ကိုယ်​သိသောစိတ်​တွင် သံပူ​ခတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ မုသာ​စကား​ကို​ပြောတတ်​သော​သူတို့၏​လျှို့ဝှက်​ခြင်း​အားဖြင့်၊ လူ​အချို့​တို့သည် ယုံကြည်ခြင်းကို​စွန့်ပယ်​၍၊ လှည့်ဖြား​တတ်သော​စိတ်​ဝိညာဉ်​တို့​၌​လည်းကောင်း၊ နတ်​ဘုရား​တို့​နှင့်​စပ်ဆိုင်​သော စကား​တို့​၌​လည်းကောင်း မှီဝဲ​ဆည်းကပ်​ကြလိမ့်မည်။’ (၁ တိမောသေ ၄:၁-၂) အဆိုပါ “နောင်​ကာလ​၌” ကျွန်ုပ်​တို့​အသက်ရှင်​နေကြ​သည်။ မဟာ​ဗာဗုလုန်​နှင့် ကင်းကင်းရှင်းရှင်း​မနေ​သူများ​သည် ‘လူ​ပရိယာယ်​နှင့် အပြစ်​သို့​သွေးဆောင်ခြင်း​ငှာ လှည့်ဖြား​ပြောဆိုသူ​များ​၏ ခပ်သိမ်း​သော​သွန်သင်ချက်​ကြောင့် ဖရိုဖရဲ​လွင့်​သွား’ နိုင်​သည်။—ဧဖက် ၄:၁၃၊ ၁၄

၂၀။ မဟာ​ဗာဗုလုန်​၏​အဖျက်သြဇာ​မှ မိမိတို့​ကိုယ်ကို မည်သို့​ကာကွယ်​နိုင်​သနည်း။

၂၀ မဟာ​ဗာဗုလုန်​၏​အဖျက်သြဇာ​မှ ကျွန်ုပ်​တို့​ကိုယ်ကို မည်သို့​ကာကွယ်​နိုင်​သနည်း။ ယေဟောဝါ​ပြင်ဆင်​ပေး​ထား​ရာ​များ​ကို သုံးသပ်ကြည့်​ပါ။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ယေဟောဝါ​သည် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ မှ​တစ်ဆင့် ဝိညာဉ်​အစာကို​လည်း အလျှံပယ် ပေးသနား​ထား​တော်​မူ​ပြီ။ (မဿဲ ၂၄:၄၅) ကျွန်ုပ်​တို့သည် အမှန်တရားကို တိုး​သိ​နားလည်​လာ​သည်​နှင့်​အမျှ ‘ရင့်ကျက်သူများ​အဖို့​ဖြစ်သော ကြေ​ခဲ​သော​အစာကို’ စားချင်စိတ်၊ ဝိညာဉ်​ရေးရာ​အမှန်တရား သင်ယူ​သည့်​နေရာတွင် အတူတကွ​စုဝေး​လို​စိတ် မရှိသင့်​ပေ​လော။ (ဟေဗြဲ ၅:၁၃၊ ၁၄; ဆာလံ ၂၆:၈) ကျွန်ုပ်​တို့​ကြားနာ​ထား​သည့် “စင်ကြယ်သော​တရား​စကား​အချုပ်အခြာ​ကို . . . စွဲလမ်း” နိုင်​ဖို့ ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​များ​မှ အပြည့်အဝ​အကျိုး​ရယူရန် စိတ်ပိုင်းဖြတ်​ကြပါစို့။ (၂ တိမောသေ ၁:၁၃) သို့ဖြင့် မဟာ​ဗာဗုလုန်​နှင့် ကင်းကင်းရှင်းရှင်း​နေနိုင်​ကြ​ပါ​မည်။

သင် အဘယ်အရာ​သိရှိ​ခဲ့ပြီ​နည်း

• ‘မဟာ​ဗာဗုလုန်’ ဟူသည် အဘယ်နည်း။

• မဟာ​ဗာဗုလုန်​နှင့် ကင်းကင်းရှင်းရှင်း​နေ​ရန် အဘယ်အရာ​ပြု​ရမည်​နည်း။

• ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို ထိခိုက်​မည့် အဘယ်​အန္တရာယ်များ​ကို ရှောင်သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

‘မဟာ​ဗာဗုလုန်’ ကို​အကျင့်ပျက်​အမျိုးသမီး​တစ်ဦး​အဖြစ် အဘယ်ကြောင့်​တင်စား​ဖော်ပြ​ထား​ကြောင်း သင်​သိ​သလော

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

“မဟာ​ဗာဗုလုန်​သည်” ဖျက်ဆီး​ခံရ​ဖို့ သေချာ​နေပြီ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် ကျွန်ုပ်​တို့​နှင့် ယုံကြည်ချက်​ချင်း​မတူ​သူများ​အပေါ်‘ဖြည်းညင်း​သော​သဘော​နှင့် အလွန်​နူးညံ့​သိမ်မွေ့’ သော သဘော​ပြ​ကြ