သေခြင်းတရား အမှန်ပင်ခြိမ်းခြောက်နေသောကြောက်မက်ဖွယ်!
သေခြင်းတရား အမှန်ပင်ခြိမ်းခြောက်နေသောကြောက်မက်ဖွယ်!
“လူတစ်ဦး မွေးဖွားလာချိန်မှစ၍ တစ်ချိန်ချိန်တွင် သေခြင်းတရားနှင့်ရင်ဆိုင်ရပေမည်။ ယင်းသည် ဧကန်မုချဖြစ်ပျက်လာမည့် အမှန်တရားပင်” ဟု ဗြိတိသျှသမိုင်းပညာရှင် အာနိုးလ် တွိုင်ဘီက ရေးသားခဲ့သည်။ သေခြင်းတရားက ချစ်မြတ်နိုးရသော မိသားစုဝင်တစ်ဦး သို့မဟုတ် ရင်းနှီးသောမိတ်ဆွေတစ်ဦးကို တိုက်ခိုက်လာသောအခါ ကျွန်ုပ်တို့အလွန်ဝမ်းနည်းကြေကွဲကြမည်!
သေခြင်းတရားသည် လူသားများအတွက် အမှန်ပင်ကြောက်မက်ဖွယ်ရာ ဖြစ်နေသည်မှာ နှစ်ထောင်ပေါင်းများစွာကြာခဲ့လေပြီ။ ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားသောအခါ ကျွန်ုပ်တို့သည် ဘာမျှမတတ်နိုင်တော့သလို ခံစားကြရသည်။ ယင်းသို့သောဝမ်းနည်းခြင်းသည် လူတိုင်းကိုထိုးနှက်လျက်ရှိသည်။ ၁၉ ရာစုမှ စာရေးဆရာတစ်ဦး ရေးသကဲ့သို့ ကျွန်ုပ်တို့သည် ဘာမျှမတတ်နိုင်၊ အခြေအနေကိုမပြောင်းလဲနိုင်သော ကလေးငယ်များနှင့်တူလာသည်။ ချမ်းသာကြွယ်ဝမှုဖြစ်စေ၊ တန်ခိုးအာဏာဖြစ်စေ ဆုံးရှုံးမှုကို အစားမထိုးနိုင်ပါ။ ပညာရှိသူနှင့် ဉာဏ်ကောင်းသူတို့ပင် မည်သို့မျှမတတ်နိုင်ကြချေ။ သန်မာသောသူသည် အားနည်းသူကဲ့သို့ပင် ငိုကြွေးရ၏။
ရှေးဣသရေလနိုင်ငံ၏ဘုရင် ဒါဝိဒ်သည် သားတော် အဗရှလုံသေဆုံးသောအခါ ထိုသို့သော ပြင်းထန်သည့်စိတ်ဝေဒနာကို တွေ့ကြုံခံစားခဲ့ရသည်။ ဘုရင်သည် သားတော်သေဆုံးသည့်သတင်းကို ကြားသောအခါ ငိုကြွေးပြီး ဤသို့ဆိုလေ၏– “အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စားငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သား။” (၂ ဓမ္မရာဇဝင် ၁၈:၃၃) တန်ခိုးခွန်အားကြီးမားလှသော ရန်သူတို့ကို အောင်နိုင်ခဲ့သူ ဘုန်းတန်ခိုးကြီးမားသည့် ဘုရင်တစ်ပါးသည် မိမိသားကိုယ်စား မိမိကိုယ်တိုင် “နောက်ဆုံးသောရန်သူတည်းဟူသော သေမင်း” ကိုအရှုံးပေးလိုသည်မှလွဲ၍ မည်သည့်အရာမှ မတတ်နိုင်ပေ။—၁ ကောရိန္သု ၁၅:၂၆။
သေခြင်းတရားအတွက် ကုစားနည်းရှိပါသလော။ ရှိမည်ဆိုပါက သေလွန်သူတို့အတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်း။ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတို့ကို တစ်ဖန်ပြန်တွေ့ရဦးမည်လော။ ထိုမေးခွန်းများ၏ ကျမ်းစာဆိုင်ရာအဖြေများကို နောက်ဆောင်းပါးက ဖော်ပြပါလိမ့်မည်။