မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အသွေးတော်မြတ်” ဖြင့် ကယ်နုတ်ခံရ

“အသွေးတော်မြတ်” ဖြင့် ကယ်နုတ်ခံရ

“လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏”

“အသွေးတော်မြတ်” ဖြင့် ကယ်နုတ်​ခံရ

ယေဟောဝါ​၏​အကြီးမားဆုံး​သော မေတ္တာပြ​သည့်​လုပ်ရပ်​မှာ မိမိ၏​တစ်ပါး​တည်း​သော သားတော်ကို စေလွှတ်​ပြီး ရွေးနုတ်ဖိုး​အဖြစ်​သားတော်​၏​စုံလင်သော လူ့​အသက်ကို ပေးဆက်ခြင်း​ဖြစ်သည်။ မစုံလင်​သော​လူသည် “မိမိ​ညီအစ်ကို​ကို  . . . အလျှင်း​မရွေး​နိုင်။ ရွေး​ရန်​အဖိုးကို ဘုရားသခင်​၌​မပေးနိုင်။ . . . ရွေး​လျှင် အစဉ်အမြဲ အသက်ရှင်​ရာ​၏” ဟု​ဆို​ထားသော​ကြောင့် အပြစ်ရှိ​သော​လူသားများ​အနေ​နှင့် ထိုသို့​သော​ရွေးနုတ်ဖိုး​ကို ကျွန်ုပ်​တို့​အလွန်​လိုအပ်​သည်။ (ဆာလံ ၄၉:၆-၉) “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ” သည့်​အတွက် ကျွန်ုပ်​တို့​ကျေးဇူး​တင်စရာ​ပါ​တကား!—ယောဟန် ၃:၁၆

ရွေးနုတ်ဖိုး​က ကျွန်ုပ်​တို့ကို မည်သို့​ကယ်နုတ်​သနည်း။ ယေဟောဝါ​ဘုရားသခင်​ဘက်​မှ​တင်ပြ​သည့် ဤ​ထူးခြားသော​မေတ္တာပါ​လုပ်ရပ်​ကြောင့် ကျွန်ုပ်​တို့​လွတ်မြောက်​လာ​သည့် နည်းလမ်း​လေးခု​ကို သုံးသပ်ကြည့်​ကြ​စို့။

ရွေးနုတ်ဖိုး​အားဖြင့် ဖြေလွှတ်ခြင်း

ပထမ​အချက်​မှာ၊ ယေရှု၏​ပူဇော်ရာ​ယဇ်​က အမွေခံ​ထား​ရသော​အပြစ်​မှ ကျွန်ုပ်​တို့ကို ကယ်နုတ်​နိုင်​သည်။ ကျွန်ုပ်​တို့အားလုံး အပြစ်သား​များ​အဖြစ် မွေးဖွား​လာ​ကြသည်။ မှန်ပါသည်၊ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ပညတ်​ကို မချိုးဖောက်​မီ​က​ပင် အပြစ်ရှိ​ကြသည်။ မည်သို့​ဖြစ်​နိုင်​သနည်း။ ရောမ ၅:၁၂ က ဤသို့​ဆို​၏– “အပြစ်​တရားသည် တစ်ယောက်​သော​သူ [အာဒံ] အားဖြင့် ဤ​လောက​သို့​ဝင်၍ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်​အညီ လူအပေါင်း​တို့သည် အပြစ်ရှိ” ကြ​၏။ အပြစ်ရှိ​သော​အာဒံ​၏ သားသမီး​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် သူ၏​မစုံလင်​သော​အခြေအနေ​ကို အမွေ​ရထား​ကြသည်။ သို့သော် ရွေးနုတ်ဖိုး​ပေးဆက်ခြင်း​က အမွေခံ​ရသော​အပြစ်​၏​အနှောင်အဖွဲ့​မှ ကျွန်ုပ်​တို့ကို လွတ်မြောက်​စေနိုင်​သည်။ (ရောမ ၅:၁၆) ယေရှုသည် ‘လူအပေါင်း​တို့အတွက် အသေခံ’ ခြင်း​ဖြင့် အာဒံ​သားသမီး​များ​ရရှိ​ထားသော အပြစ်​၏​အကျိုးဆက်များ​ကို ခံယူ​တော်​မူ​သည်။—ဟေဗြဲ ၂:၉; ၂ ကောရိန္သု ၅:၂၁; ၁ ပေတရု ၂:၂၄

ဒုတိယ​အချက်​မှာ၊ ရွေးနုတ်ဖိုး​က ကျွန်ုပ်​တို့ကို အပြစ်​၏​ဆိုးဝါး​သော​အကျိုးဆက်များ​မှ လွတ်မြောက်​စေနိုင်​သည်။ “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း။” (ရောမ ၆:၂၃) ဘုရားသခင့်​သားတော်​သည် မိမိ၏​ပူဇော်ရာ​ယဇ်​သေခြင်း​အားဖြင့် နာခံမှု​ရှိသော​လူသားများ​အတွက် ထာဝရ​အသက်​ရရှိစေ​ခဲ့​သည်။ အမှန်​တွင် “သားတော်ကို​ယုံကြည်​သော​သူသည် ထာဝရ​အသက်ကို​ရ၏။ သားတော်ကို​ပယ်​သော​သူ​မူ​ကား အသက်ကို​မ​တွေ့ရ။”—ယောဟန် ၃:၃၆

ဘုရားသခင့်​သားတော်ကို ယုံကြည်​မှ​သာ​လျှင် အပြစ်​၏​အကျိုးဆက်များ​မှ ကျွန်ုပ်​တို့​ကယ်နုတ်ခြင်း​ခံရ​နိုင်​ကြောင်း သတိပြုပါ။ ယင်း​တွင် ကျွန်ုပ်​တို့​ဘဝ​၌ ပြုပြင်​ပြောင်းလဲမှု​များ ပြုလုပ်​ကာ ဘုရားသခင့်​အလိုတော်နှင့်​အညီ နေထိုင်ခြင်း ပါဝင်​သည်။ ကျွန်ုပ်​တို့​လိုက်စား​မိ​ခဲ့​သည့် မှား​သော​လမ်းစဉ်​မှန်သမျှကို စွန့်ပယ်​ပြီး ဘုရားသခင့်​စိတ်တော်​ရွှင်လန်းစေသည့်​အရာ​ကို လုပ်ဆောင်​ရမည်။ တမန်​တော်​ပေတရု​က “သင်တို့​အပြစ်​များ​ကို​ပြေစေ​ခြင်း​ငှာ နောင်တ​ရ​၍ စိတ်ပြောင်း​လဲ​ခြင်း​သို့​ရောက်” ရန် လို​ကြောင်း ပြောဆို​ခဲ့​သည်။—တမန်​တော် ၃:၂၀

တတိယ​အချက်​မှာ၊ ယေရှု​ဆက်သ​ခဲ့​သော​ပူဇော်ရာ​ယဇ်​က မကြည်လင်​သော ကိုယ်ကို​ကိုယ်​သိသောစိတ်​မှ လွတ်​စေ​သည်။ ယေဟောဝါ​ထံ​အပ်နှံ​ကာ နှစ်ခြင်း​ခံ​ပြီး​သော ယေရှု၏​တပည့်​အားလုံး​သည် စိတ်သက်သာ​မှု ရရှိ​ကြသည်။ (မဿဲ ၁၁:၂၈-၃၀) ကျွန်ုပ်​တို့​မစုံလင်​ကြသော်လည်း ကြည်လင်​သော ကိုယ်ကို​ကိုယ်​သိသောစိတ်​ဖြင့် ဘုရားသခင့်​အမှုတော်ထမ်း​ဆောင်​ရာ​တွင် များစွာ​ရွှင်လန်းမှု ခံစားရ​သည်။ (၁ တိမောသေ ၃:၉; ၁ ပေတရု ၃:၂၁) မိမိတို့၏​အပြစ်​များ​ကို ဝန်ခံ​ပြီး ယင်း​တို့ကို စွန့်လွှတ်​လိုက်ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ကရုဏာ​ပြ​ခံရ​ကာ ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ နှောင့်ယှက်ခြင်း​မှ သက်သာမှု​ရရှိ​ကြသည်။—သု. ၂၈:၁၃

အကူအညီနှင့် မျှော်လင့်ချက်​ရှိစေ​ခြင်း

နောက်ဆုံး​အချက်​မှာ၊ ရွေးနုတ်ဖိုး​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့မှောက်​တွင် ကျွန်ုပ်​တို့၏​အနေအထား​နှင့် ပတ်သက်​၍ စိုးရိမ်​ကြောက်ရွံ့​စိတ်​မှ လွတ်မြောက်​ကြသည်။ တမန်​တော်​ယောဟန် ဤသို့​ရေးခဲ့​၏– “တစ်စုံ​တစ်ယောက်​သော​သူသည် အပြစ်ကို​ပြု​မိ​လျှင် ဖြောင့်မတ်​တော်​မူ​သော​အရှင် ယေရှု​ခရစ်​တည်း​ဟူသော ငါ​တို့​အမှုဆောင်​သခင်သည် ခမည်းတော်​ထံ​၌​ရှိ​တော်​မူ​၏။” (၁ ယောဟန် ၂:၁) အကူအညီ​ပေး​သူ​တစ်ဦး​အဖြစ် ယေရှု၏​အခန်းကဏ္ဍနှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “ထို​ကြောင့်၊ အ​ကြင်​သူတို့သည် ယေရှု​အားဖြင့် ဘုရားသခင့်​အထံတော်​သို့ ချဉ်းကပ်​ကြ​၏။ ထို​သူတို့၏​အမှုကို ကိုယ်တော်​သည်​စောင့်​လျက် ကာလ​အစဉ်​အသက်ရှင်​သောကြောင့်၊ သူတို့ကို​အစဉ်​ကယ်တင်ခြင်း​ငှာ တတ်နိုင်​တော်​မူ​၏။” (ဟေဗြဲ ၇:၂၅) ကျွန်ုပ်​တို့​တွင် အပြစ်​၏​အစွန်း​အထင်း​များ ရှိနေ​သမျှ​ကာလပတ်လုံး ဘုရားသခင်​ရှေ့မှောက် တော်မှန်​သော​အနေအထား​ရှိ​ရန် ယဇ်ပုရောဟိတ်​မင်းကြီး​ယေရှု၏ အကူအညီကို ကျွန်ုပ်​တို့​လိုအပ်​လိမ့်​မည်။ ယဇ်ပုရောဟိတ်​မင်းကြီး​အဖြစ်​ယေရှုသည် ကျွန်ုပ်​တို့​အကျိုးအတွက် မည်သို့​လုပ်ဆောင်ခဲ့​သနည်း။

အေဒီ ၃၃ ခုနှစ်​၌ ယေရှု​ရှင်ပြန်ထမြောက်​ပြီး ရက်​လေးဆယ်​အကြာတွင် ကိုယ်တော်​သည် ကောင်းကင်​သို့ တက်ကြွ​သွား​ကာ ထို​တွင် ကိုယ်တော့် “အသွေးတော်မြတ်” ၏​တန်ဖိုး​ကို ဘုရားသခင်​ထံ ဆက်သ​ခဲ့​သည်။ ရလဒ်​အနေ​ဖြင့် မကြာမီ ယေရှုသည် နာခံမှု​ရှိသော​လူသားများ​ကို အပြစ်​နှင့် သေခြင်း​မှ ရွေးနုတ်​တော်​မူ​လိမ့်​မည်။ * (၁ ပေတရု ၁:၁၈၊ ၁၉) ထို့​ကြောင့် ယေရှုသည် ကျွန်ုပ်​တို့၏​မေတ္တာ​နှင့် နာခံမှု​ကို​ရထိုက်​သည်​ဟု သင်​သဘောမတူ​ပေ​လော။

ထို့​အပြင် ယေဟောဝါ​ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​မေတ္တာ​နှင့် နာခံမှု​ကို ရထိုက်​သည်။ ကိုယ်တော်​သည် ကျွန်ုပ်​တို့အတွက် “ရွေးနုတ်”ဖိုး ဖြင့်​အပြစ်လွှတ်ခြင်း​ကို မေတ္တာပါ​စွာ စီစဉ်​ပေး​ခဲ့​သည်။ (၁ ကောရိန္သု ၁:၃၀) ကျွန်ုပ်​တို့၏ ယခု​အသက်တာ​အတွက်သာ​မဟုတ် ကျွန်ုပ်​တို့၏​ထာဝစဉ်​အသက်ရှင်​နိုင်​ခွင့် အလားအလာ​အတွက်​ပါ ကိုယ်တော်​အပေါ် ကျွန်ုပ်​တို့​အကြွေးတင်​နေကြ​သည်။ ထို့​ကြောင့် “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်” ရန် ကျွန်ုပ်​တို့​တွင် အကြောင်းရင်း​များစွာ​ရှိပါ​သည်။—တမန်​တော် ၅:၂၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ယေဟောဝါသက်သေ​များ​၏ ၂၀၀၆ ခုနှစ်​ပြက္ခဒိန်၊ မတ်/ဧပြီ​တို့ကို ကြည့်​ပါ။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သင်​သိပါသလော

• ယေရှုသည် သံလွင်​တောင်ပေါ်​မှ ကောင်းကင်​သို့ တက်ကြွ​သွားခဲ့သည်။—တမန်​တော် ၁:၉၊ ၁၂

• ယေရှု၏​တက်ကြွ​တော်​မူ​ခြင်း​ကို ကိုယ်တော့်​သစ္စာရှိ​တမန်​တော်​များ​သာ မြင်တွေ့ ခဲ့​သည်။—တမန်​တော် ၁:၂၊ ၁၁-၁၃