မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်သစ်များ

အုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်သစ်များ

အုပ်ချုပ်ရေး​အဖွဲ့​၏ အဖွဲ့ဝင်​သစ်​များ

အမေရိကန်​ပြည်ထောင်စု​နှင့် ကနေဒါ​ဗေသလ​မိသားစု​သည် ဆက်သွယ်​ထားသော​ဗီဒီယို​မှ​တစ်ဆင့် ၂၀၀၅ ခု နှစ်၊ ဩဂုတ်​လ ၂၄ ရက် ဗုဒ္ဓဟူး​နေ့​နံနက်​တွင် စိတ်​လှုပ်ရှား​ဖွယ် ကြေညာ​ချက်​တစ်ခု​ကို ကြား​ခဲ့​ရသည်။ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်​မှ​စပြီး ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေး​အဖွဲ့​တွင် ဂျက်ဖရီ ဒဗလျူ. ဂျက်​စင်​နှင့် အန်​တိုနီ မောရစ် ၃ တို့ကို အဖွဲ့ဝင်​သစ်​နှစ်ဦး​အဖြစ် ဖြည့်စွက်​မည်​ဖြစ်သည်။

ညီအစ်ကို ဂျက်​စင်​သည် ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီ​လ​တွင် ဩစတြေးလျ​၏​ပြည်နယ်​တစ်ခု​ဖြစ်သည့် တပ်​စ်​မေး​နီး​ယား​ကျွန်း​၌ ရှေ့ဆောင်​စ​လုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဇွန်လ​တွင် ဂျ​နက်​တ် (ဂျဲ​နီ) နှင့် လက်ထပ်ခဲ့​သည်။ ထို့နောက် မကြာမီ အထူး​ရှေ့ဆောင်​များ​အဖြစ် အမှုဆောင်ရန် ခန့်အပ်​ခံရ​သည်။ ၁၉၇၉ ခုနှစ်​မှ ၂၀၀၃ ခုနှစ်​အထိ တောင်​ပစိဖိတ်ကျွန်း​နိုင်ငံ​များ​ဖြစ်သည့် တူဗာလူး၊ ဆာမိုအာ​နှင့် ဖီဂျီ​တို့​တွင် ခရစ်ယာန်​သာသနာပြု​များ​အဖြစ် အမှုဆောင်ခဲ့သည်။ ညီအစ်ကို​နှင့်​ညီအစ်မ ဂျက်​စင်​သည် ကျွန်း​များ​တွင်​ရှိ​စဉ် သမ္မာကျမ်းစာ စာပေ​များ ဘာသာပြန်ခြင်း​လုပ်ငန်း​ကိုလည်း များစွာ​ထောက်ကူ​ပေး​ခဲ့​သည်။ ညီအစ်ကို​ဂျက်​စင်​သည် ၁၉၉၂ ခုနှစ်​မှ​စ၍ ဆာမိုအာ​တွင် ဌာနခွဲ​ကော်မတီဝင်​အဖြစ် အမှုဆောင်ခဲ့​ပြီး ၁၉၉၆ ခုနှစ်​မှ​စ၍ ဖီဂျီ​တွင် ဌာနခွဲ​ကော်မတီဝင်​အဖြစ် အမှုဆောင်ခဲ့သည်။ သူနှင့်​ဂျဲ​နီ​သည် ၂၀၀၃ ခုနှစ်၊ ဧပြီလ​မှ​စ၍ အမေရိကန်​ပြည်ထောင်စု ဗေသလ​မိသားစုဝင် ဖြစ်လာ​ပြီး ဘာသာပြန်​လုပ်ငန်း​ဌာန​တွင် စတင်​အလုပ်လုပ်​ကိုင်​ခဲ့​သည်။ ထို့နောက် မကြာမီ ညီအစ်ကို​ဂျက်​စင်​သည် အုပ်ချုပ်ရေး​အဖွဲ့​၏ သွန်သင်ခြင်း​ကော်မတီ​ကို ကူညီ​ပေး​ခဲ့​သည်။

ညီအစ်ကို​မောရစ်​သည် ၁၉၇၁ ခုနှစ်​တွင် အမေရိကန်​ပြည်ထောင်စု​၌ ရှေ့ဆောင်​လုပ်ငန်း​သို့ ဝင်ရောက်​ခဲ့​သည်။ ထို​နှစ်​ဒီဇင်ဘာ​လ​တွင် စူဇဲန်​နှင့်​လက်ထပ်​ပြီး ပထမ​သား ဂျက်​စီ​မမွေး​မီ​အထိ လေးနှစ်​နီးပါး ရှေ့ဆောင်​ဆက်လုပ်​ခဲ့​သည်။ မကြာမီ နောက်​သား​တစ်ဦး​ဖြစ်သည့် ပေါလ်​ကို​ထပ်​ရခဲ့​သည်။ ညီအစ်ကို​မောရစ်​သည် ၁၉၇၉ ခုနှစ်​တွင် မှန်မှန်ရှေ့ဆောင်​အဖြစ် အချိန်ပြည့်​လုပ်ငန်း​တွင် ပြန်လည်​ပါဝင်​ခဲ့​သည်။ သားများ​ကျောင်းတက်​သည်​နှင့် သူ၏​ဇနီး​လည်း သူနှင့်​အတူ​ရှေ့ဆောင်​လုပ်ခဲ့သည်။ သူတို့​မိသားစု​သည် သာ၍​လိုအပ်သော​ဒေသ​များ​ဖြစ်သည့် အမေရိကန်​ပြည်ထောင်စု​ရှိ ရို့ဒ်​ကျွန်း​နှင့် ကယ်လီဖိုးနီးယား​မြောက်ပိုင်း​တွင် အမှုဆောင်ခဲ့သည်။ ညီအစ်ကို​မောရစ်​သည် ကယ်လီဖိုးနီးယား​မြောက်ပိုင်း​တွင် အရန်​တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် အမှုဆောင်ခဲ့​ပြီး သားများ​မှာ မှန်မှန်ရှေ့ဆောင်​လုပ်ခဲ့ကြ​သည်။ ဂျက်​စီ​နှင့်​ပေါလ်​တို့သည် အသက် ၁၉ နှစ်အရွယ်​များ​တွင် ယူနိုက်တက်​စ​တိတ်​ဌာနခွဲရုံး​သို့ ဖိတ်ခေါ်​ခံ​ခဲ့​ရသည်။ ထို​အချိန်တွင် ညီအစ်ကို​မောရစ်​သည် တိုက်နယ်​စ​လုပ်ခဲ့သည်။ ထို့နောက် ၂၀၀၂ ခုနှစ်​တွင် သူနှင့်​စူဇဲန်​သည် ဗေသလ​သို့​ဖိတ်ခေါ်​ခံရ​ပြီး ဩဂုတ်​လ ၁ ရက်​မှ​စ၍ တာဝန်​အသစ်​ကို စ​ထမ်းဆောင်​ခဲ့​သည်။ ညီအစ်ကို​မောရစ်​သည် ပက်​တာ​စင်​ရှိ လုပ်ငန်းတော်​ဌာန​တွင်​အမှုဆောင်​ပြီး နောက်ပိုင်း​တွင် အုပ်ချုပ်ရေး​အဖွဲ့​၏ လုပ်ငန်းတော်​ကော်မတီ​တွင် ကူညီ​ပေး​ခဲ့​သည်။

ဤ​အဖွဲ့ဝင်​သစ်​နှစ်ဦး​အပါအဝင် အုပ်ချုပ်ရေး​အဖွဲ့​တွင် စီ.ဒဗလျူ. ဘာ​ဘာ၊ ဂျေ. အီး. ဘားရ်၊ အက်စ်. အက်ဖ်. ဟာ့ဒ်၊ အမ်. အက်စ်. လက်​တ်၊ ဂျီ. လော့​ရှ်၊ တီ. ဂျဲရက်စ်၊ ဂျီ. အိပ်ခ်ျ. ပီယပ်စ်၊ အေ. ဒီ. ရှ​ရိုး​ဒါး၊ ဒီ. အိပ်ခ်ျ. စ​ပ​လ​န်​နှင့် ဒီ. ဆစ်​ဒ​လ​စ်ခ်​တို့​ပါဝင်​သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်​အားလုံး​မှာ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြစ်​ကြသည်။