မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်နှစ်ခြင်းအတွက် တောင်းဆိုချက်များကို ပြည့်မီခြင်း

ခရစ်ယာန်နှစ်ခြင်းအတွက် တောင်းဆိုချက်များကို ပြည့်မီခြင်း

ခရစ်ယာန်​နှစ်ခြင်း​အတွက် တောင်းဆိုချက်​များ​ကို ပြည့်မီခြင်း

‘အကျွန်ုပ်​ကို နှစ်ခြင်း​မခံ​စေခြင်း​ငှာ မည်သည့်​အကြောင်း​ဆီးတား​ပါ​သနည်း။’—တမန်​တော် ၈:၃၆

၁၊ ၂။ ဖိလိပ္ပုသည် အဲသယောပိ​အမတ်​နှင့် မည်သို့​စကား​စ​ပြော​ခဲ့​သနည်း။ ဤ​သူ​တွင် ဝိညာဉ်​ရေး​စိတ်​ရှိကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

ယေရှု​ကွယ်လွန်​ပြီး တစ်နှစ်၊ နှစ်နှစ်​တွင် အစိုးရ​အရာရှိ​တစ်ဦး​သည် ယေရုရှလင်​မြို့မှ ဂါ​ဇ​မြို့​သို့​သွားရာလမ်း​ပေါ် တောင်​မျက်နှာ​ဘက် ခရီးနှင်​နေသည်။ မြင်းရထား​သည် ပျင်းရိ​ငြီးငွေ့​ဖွယ် မိုင်​တစ်ထောင်​ခရီး​ကို ရှေ့ဆက်​သွား​ရမည့်​ပုံ​ရှိသည်။ အဆိုပါ​စိတ်အား​ထက်သန်​သူသည် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ရန် အဲသယောပိ​ပြည်​မှ ယေရုရှလင်​မြို့​သို့ တောက်လျှောက် ခရီးနှင်​လာ​ခဲ့​သည်။ ဝေးလံ​သော​အပြန်ခရီး​တွင် ဘုရားသခင့်​စကားတော်​ကို ဖတ်ရှုခြင်း​ဖြင့် သူ၏​အချိန်ကို ပညာရှိ​စွာ​အသုံးပြု​ခဲ့​၏။ ဤမျှ ယုံကြည်ခြင်း​ရှိသူ​ပေ​တည်း။ ယေဟောဝါ​သည် ဤ​စိတ်ရင်းမှန်​သူကို သတိပြုမိ​ပြီး သူ့ကို​ဟောပြောရန် တပည့်​ဖြစ်သူ​ဖိလိပ္ပု​ကို ကောင်းကင်တမန်​မှ​တစ်ဆင့် ညွှန်ကြား​ခဲ့​သည်။—တမန်​တော် ၈:၂၆-၂၈

အဲသယောပိ​အမတ်​သည် ထို​ခေတ်​က​ထုံးစံ​အတိုင်း အသံ​ကျယ်ကျယ်​ဖြင့် စာဖတ်​နေသော​ကြောင့် ဖိလိပ္ပုသည် သူနှင့် လွယ်လွယ်ကူကူ စကား​စ​ပြော​နိုင်​ခဲ့​သည်။ ထို့​ကြောင့် သူသည် ဟေရှာယကျမ်း​လိပ်​ကို ဖတ်နေ​ကြောင်း ဖိလိပ္ပု​ကြား​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။ ဖိလိပ္ပု​က “ဖတ်​သော​အရာ​ကို နားလည်​ပါ​၏​လော” ဟူ၍ ရိုးရှင်း​သော​မေးခွန်း​ဖြင့် သူ၏​စိတ်ဝင်စားမှု​ကို နှိုးဆွ​လိုက်​၏။ သို့​နှင့် ဟေရှာယ ၅၃:၇၊ ၈ ကို​ဆွေးနွေး​ဖြစ်​ခဲ့​ကြသည်။ နောက်ဆုံး​တွင် ဖိလိပ္ပုသည် “ယေရှု၏​အကြောင်း​တည်း​ဟူသော ဧဝံဂေလိတရား​ကို ဟော​လေ​၏။”—တမန်​တော် ၈:၂၉-၃၅

၃၊ ၄။ (က) ဖိလိပ္ပုသည် အဲသယောပိ​အမတ်​ကို အဘယ်ကြောင့် မဆိုင်းမတွ နှစ်ခြင်း​ပေး​ခဲ့​သနည်း။ (ခ) ယခု အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

မကြာမီ အဲသယောပိ​အမတ်​သည် ဘုရားသခင်​၏​ရည်ရွယ်ချက်တွင် ယေရှုပါ​ဝင်​သည့်​ကဏ္ဍ​အပြင် ခရစ်တော်​၏ နှစ်ခြင်း​ခံ​ပြီး​သော​တပည့် ဖြစ်​ဖို့​လို​ကြောင်းကို​လည်း သဘောပေါက်ခဲ့​သည်။ ရေအိုင်​ကို​အခန့်သင့်​တွေ့ရှိ​သောအခါ သူက ‘အကျွန်ုပ်​ကို နှစ်ခြင်း​မခံ​စေခြင်း​ငှာ မည်သည့်​အကြောင်း​ဆီးတား​ပါ​သနည်း’ ဟု​ဖိလိပ္ပု​ကို​မေး​လေ​သည်။ ၎င်းတို့သည် ထူးခြားသော​အခြေအနေ​များ​ဖြစ်၏။ ဤ​သူသည် ဂျူး​ဘာသာ​ပြောင်း​ဝင်လာ​သူ​အနေ​နှင့် ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​နှင့်​သော ယုံကြည်ခြင်း​ရှိသူ​တစ်ဦး​ဖြစ်သည်။ သူသည် နှစ်ခြင်း​ခံရန် အခွင့်အရေး​ထပ်​ရဖို့ အချိန်​ကြာမြင့်စွာ စောင့်​ရ​ဖွယ်​ရှိ​ပေမည်။ ယင်း​ထက်​ပို​၍​အရေးကြီး​သည်​မှာ ဤ​သူသည် ဘုရားသခင်​တောင်းဆိုရာ​ကို သဘောပေါက်​ပြီး စိတ်နှလုံး​အကြွင်းမဲ့ တုံ့ပြန်​လို​ခဲ့​သည်။ ဖိလိပ္ပုသည် အဲသယောပိ​အမတ်​၏​တောင်းဆိုချက်​ကို ဝမ်းသာ​အားရ သဘောတူ​လိုက်​သည်။ သူ​နှစ်ခြင်း​ခံ​ပြီး​နောက် “ဝမ်းမြောက်​ဝမ်းသာ​ခြင်း​နှင့် မိမိ​သွား​ရသော​လမ်းကို​သွား​လေ​၏။” သူသည် သူ၏​နိုင်ငံ​တွင် သတင်းကောင်းကို ထက်သန်​စွာ ဟောပြော​မည်​မှာ သေချာ​၏။—တမန်​တော် ၈:၃၆-၃၉

အပ်နှံခြင်း​နှင့် နှစ်ခြင်း​တို့ကို ပေါ့ပေါ့ဆဆ သို့​မဟုတ် အလျင်စလို​မပြု​လုပ်သင့်​သော်လည်း သမ္မာကျမ်းစာ​အမှန်တရားကို ကြားသိ​ပြီး မကြာမီ နှစ်ခြင်း​ခံ​ခဲ့​ကြ​သည့် ဖြစ်ရပ်​များ​ရှိကြောင်း အဲသယောပိ​အမတ်​၏​ပုံ​နမူနာ​က ဖော်ပြ​၏။ * သို့​ဖြစ်၍ အောက်ပါ​မေးခွန်းများကို ဆင်ခြင်​သုံးသပ်ခြင်း​သည် လျောက်ပတ်​ပေ​၏– နှစ်ခြင်း​ခံရန် မည်သို့​ပြင်ဆင်​သင့်​သနည်း။ အဘယ်​အသက်အရွယ်​တွင် နှစ်ခြင်း​ခံ​သင့်​သနည်း။ နှစ်ခြင်း​မခံ​မီ အဘယ်​ဝိညာဉ်​ရေး​တိုးတက်မှု​ကို ထင်ရှားပြ​သင့်​သနည်း။ ထို့​ထက်​ကား၊ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ကို နှစ်ခြင်း​ခံရန် အဘယ်ကြောင့် တောင်းဆို​တော်​မူ​သနည်း။

လေးနက်​သောက​တိ

၅၊ ၆။ (က) ရှေးခေတ်​က ဘုရားသခင်​၏​လူတို့သည် ယေဟောဝါ​၏​မေတ္တာတော်ကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ (ခ) ကျွန်ုပ်​တို့ နှစ်ခြင်း​ခံ​ပြီး​သည်​နှင့် ဘုရားသခင်​နှင့် အဘယ်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ရရှိနိုင်​သနည်း။

ယေဟောဝါ​သည် ဣသရေလလူ​တို့ကို အီဂျစ်​ပြည်​မှ ကယ်လွှတ်​ပြီး​နောက် သူတို့ကို မိမိ၏ ‘အထူး​ပိုင်ဆိုင်ရာ’ အဖြစ်​လက်ခံရန်၊ ချစ်​မြတ်နိုး​ပြီး ကာကွယ်​ပေး​ရန်၊ “သန့်ရှင်းသော​လူမျိုး” အဖြစ်​သတ်မှတ်​ရန် ကမ်း​လှမ်း​ခဲ့​သည်။ သို့သော် သူတို့သည် အဆိုပါ​ကောင်းချီး​များ​ကို​ရရှိရန် ဘုရားသခင်​၏​မေတ္တာတော်ကို တိကျ​ခိုင်မာ​သော​နည်းဖြင့် တုံ့ပြန်​ကြ​ရမည်။ သူတို့သည် ‘ထာဝရ​ဘုရားသခင် မိန့်တော်မူ​သမျှ​တို့ကို’ ပြု​ပါ​မည်​ဟု သဘောတူ​ကာ ကိုယ်တော်​နှင့် ပဋိညာဉ်ဖွဲ့ ခြင်း​ဖြင့် တုံ့ပြန်​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၁၉:၄-၉) ပထမ​ရာစု​သို့​ရောက်​သောအခါ ယေရှုသည် လူမျိုးတကာ​တို့ကို တပည့်ဖြစ်​စေရန်​နှင့် မိမိ​သွန်သင်ချက်​ကို သက်ဝင်​ယုံကြည်သူများ​အား နှစ်ခြင်း​ပေး​ရန် နောက်လိုက်​များ​အား မိန့်မှာ​ခဲ့​သည်။ ဘုရားသခင်​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရရှိရန် ယေရှု​ခရစ်​ကို​ယုံကြည်ပြီး နှစ်ခြင်း​ခံ​ဖို့​လို​သည်။—မဿဲ ၂၈:၁၉၊ ၂၀; တမန်​တော် ၂:၃၈၊ ၄၁

ယေဟောဝါ​သည် မိမိ​အား ဝတ်ပြုပါ​မည်​ဟု သစ္စာ​ကတိပြု​ပြီး စောင့်ထိန်း​သူများကို ကောင်းချီး​ပေး​ကြောင်း အဆိုပါ​ကျမ်းစာ​မှတ်တမ်းများ​က ဖော်ပြ​၏။ ခရစ်ယာန်​များ​အတွက် အပ်နှံခြင်း​နှင့်​နှစ်ခြင်း​သည် ယေဟောဝါ​၏​ကောင်းချီး​ရရှိစေ​သည့် အရေးပါသော​ခြေလှမ်း​များ​ဖြစ်သည်။ ကိုယ်တော်​၏​နည်းလမ်းများ​ကို လိုက်လျှောက်ပြီး ကိုယ်တော်​၏​လမ်းညွှန်မှုကို ကြိုးစား​ရှာ​ရန် ကျွန်ုပ်​တို့ ဆုံးဖြတ်ထား​ကြသည်။ (ဆာလံ ၄၈:၁၄) ထို့​ကြောင့် ယေဟောဝါ​သည် ပုံဆောင်​သဘော​အရ ကျွန်ုပ်​တို့၏​လက်ကို ကိုင်ဆွဲ​ထားပြီး ကျွန်ုပ်​တို့​လျှောက်​သင့်​သည့်​လမ်းကို ပို့ဆောင်​လမ်းပြ​တော်​မူ​၏။—ဆာလံ ၇၃:၂၃; ဟေရှာယ ၃၀:၂၁; ၄၁:၁၀၊ ၁၃

၇။ အပ်နှံခြင်း​နှင့် နှစ်ခြင်း​တို့သည် အဘယ်ကြောင့် ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ဖြစ်​ရမည်​နည်း။

အဆိုပါ​ခြေလှမ်း​များ​လှမ်း​ရန် ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သည့်​အရာ​မှာ ယေဟောဝါ​ကို ချစ်​မြတ်နိုး​ပြီး ကိုယ်တော်​၏​အမှုတော်ကို ထမ်းဆောင်​လို​စိတ်​ဖြစ်​သင့်​သည်။ တစ်ဦး​တစ်ယောက်​က သင့်ကို ‘မင်း​ကျမ်းစာ​လေ့လာ​နေတာ အတော်ကြာ​ပြီ’ ဟု ပြောဆို​၍​ဖြစ်စေ၊ သင့်​မိတ်ဆွေများ​က နှစ်ခြင်း​ခံ​၍​ဖြစ်စေ နှစ်ခြင်း​ခံ​ခြင်း​မျိုး မဖြစ်​သင့်​ချေ။ အပ်နှံ​ပြီး နှစ်ခြင်း​ခံရန် စဉ်းစား​ဖို့ မိဘများနှင့် ရင့်ကျက်သော​ခရစ်ယာန်​အချို့ အားပေး​တတ်ကြ​သည်။ တမန်​တော်​ပေတရု​သည် ပင်တေကုတ္တေ​ပွဲနေ့​တွင် မိမိ​ဟောပြောသော​စကား​ကို ကြားနာသူ​တို့အား ‘နှစ်ခြင်း​ခံ’ ရန်​တိုက်တွန်း​ခဲ့​၏။ (တမန်​တော် ၂:၃၈) သို့သော် ကျွန်ုပ်​တို့၏​အပ်နှံခြင်း​သည် ကိုယ်ရေးကိုယ်တာ​ကိစ္စ​ဖြစ်​ပြီး ကျွန်ုပ်​တို့အတွက် မည်သူမျှ အပ်နှံ​မပေးနိုင်​ချေ။ ဘုရားသခင့်​အလိုတော်​ဆောင်ရန် ကျွန်ုပ်​တို့​ကိုယ်တိုင် ဆုံးဖြတ်ချက်​ချ​ရမည်။—ဆာလံ ၄၀:၈

နှစ်ခြင်း​အတွက် အလုံအလောက် ပြင်ဆင်မှု

၈၊ ၉။ (က) သမ္မာကျမ်းစာ​အရ နို့စို့အရွယ်​ကို နှစ်ခြင်း​ပေးခြင်း​သည် အဘယ်ကြောင့် လက်မခံနိုင်​ဖွယ်​ဖြစ်သနည်း။ (ခ) လူငယ်များသည် နှစ်ခြင်း​မခံ​မီ အဘယ်​ဝိညာဉ်​ရေး​တိုးတက်မှု ပြုလုပ်​သင့်​သနည်း။

ကလေး​များ​တွင် အသိပညာ​ပေါ်​အခြေခံ​၍ အပ်နှံ​နိုင်စွမ်း​ရှိသလော။ သမ္မာကျမ်းစာ​က နှစ်ခြင်း​ခံရ​မည့်​အသက်အရွယ်ကို မဖော်​ပြ​ထား​ချေ။ သို့​တိုင် နို့စို့​ကလေး​များသည် ယုံကြည်သူများ​မဖြစ်​လာနိုင်၊ ယုံကြည်ခြင်း​မတင်ပြ​နိုင်၊ ဘုရားသခင်​ထံ အပ်နှံခြင်း​မပြု​နိုင်​ကြ​ပေ။ (တမန်​တော် ၈:၁၂) ပထမ​ရာစု​ခရစ်ယာန်​များနှင့်​ပတ်သက်​၍ သမိုင်း​ပညာရှင် ဩ​ဂတ်​စ်​တပ်​စ် နီ​ယန်း​ဒါး​က ခရစ်ယာန်​ဘာသာ​တရား​နှင့် ချာ့ခ်ျ​တို့၏ အထွေထွေ​သမိုင်း​စာအုပ်​တွင် ဤသို့​ဖော်ပြ​ထား​သည်– “အစ​ပထမ​တွင် အရွယ်ရောက်​သူတို့ကို​သာ နှစ်ခြင်း​ပေး​ခဲ့​ကြသည်။ အကြောင်း​မှာ နှစ်ခြင်း​နှင့် ယုံကြည်ခြင်း​တို့ အနီးကပ်​ဆက်စပ်​နေသည်​ကို လူကြီး​များ​သာ သဘောပေါက်​သောကြောင့်​ဖြစ်သည်။”

လူငယ်များနှင့်​စပ်လျဉ်း၍ အချို့​သည် ငယ်ရွယ်စဉ်​ကတည်းက ဝိညာဉ်​ရေးရာ​များ​ကို အတိုင်းအတာ​တစ်ခု​အထိ သိ​နားလည်​ပြီး အချို့​မှာ​မူ အချိန်​အတန်ကြာ​မှ သိ​နားလည်​လာ​ကြသည်။ သို့သော် လူငယ်​တစ်ဦး​သည် နှစ်ခြင်း​မခံ​မီ လူကြီး​များ​ကဲ့သို့​ပင် ယေဟောဝါ​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရှိပြီး သမ္မာကျမ်းစာ​အခြေခံ​သဘောတရား​များ​ကို ကောင်းစွာ​သဘောပေါက်​ကာ အပ်နှံခြင်း​တွင် အဘယ်အရာ​ပါဝင်​ကြောင်း ရှင်းရှင်းလင်းလင်း နားလည်​ထား​သင့်​သည်။

၁၀။ အပ်နှံခြင်း​နှင့် နှစ်ခြင်း​မတိုင်မီ အဘယ်​ခြေလှမ်း​များ​ကို လှမ်း​ရမည်​နည်း။

၁၀ ယေရှုသည် မိမိ​ပေး​သမျှ​သော​ပညတ်​တို့ကို လူသစ်များ​အား သွန်သင်ပေး​ရန် တပည့်​များ​ကို ညွှန်ကြား​ခဲ့​သည်။ (မဿဲ ၂၈:၂၀) ထို့​ကြောင့် လူသစ်​များသည် အမှန်တရား​နှင့်​ဆိုင်​သည့် တိကျ​မှန်ကန်သော​အသိပညာကို ဦးစွာ ဆည်းပူး​ဖို့​လို​သည်။ သို့​မှ​သာ ယေဟောဝါ​နှင့် သမ္မာကျမ်းစာ​အပေါ် သူတို့၏​ယုံကြည်ခြင်းကို တိုးပွား​စေနိုင်​မည်။ (ရောမ ၁၀:၁၇; ၁ တိမောသေ ၂:၄; ဟေဗြဲ ၁၁:၆) ထို့​ပြင် ကျမ်းစာ​အမှန်တရားသည် လူတစ်ဦး​၏​နှလုံးကို​ထိမိ​သောအခါ ယင်းက သူ၏​ဘဝ​လမ်းစဉ်​ဟောင်း​အတွက် နောင်တ​ယူပြီး ပြောင်းလဲ​ရန် လှုံ့ဆော်ပေး​သည်။ (တမန်​တော် ၃:၂၀) နောက်ဆုံး​တွင် သူသည် ယေရှု​မိန့်မှာ​ခဲ့​သည့်​အတိုင်း ယေဟောဝါ​ထံ အပ်နှံ​ပြီး နှစ်ခြင်း​ခံ​လို​သည့်​အဆင့်​သို့ ရောက်လာ​သည်။

၁၁။ နှစ်ခြင်း​မခံ​မီ ဟောပြောခြင်း​လုပ်ငန်း​တွင် မှန်မှန်​ပါဝင်ခြင်း​သည် အဘယ်ကြောင့် အရေးကြီး​သနည်း။

၁၁ နှစ်ခြင်း​မခံ​မီ​လှမ်း​ရမည့် အရေးကြီးသော နောက်​ခြေလှမ်း​မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​တွင် ပါဝင်ခြင်း​ဖြစ်သည်။ ယင်းသည် ဤ​နောက်ဆုံး​ကာလ​တွင် မိမိလူ​တို့ကို ယေဟောဝါ ပေးအပ်​ထားသော အရေးကြီးဆုံး​လုပ်ငန်း​ဖြစ်သည်။ (မဿဲ ၂၄:၁၄) သို့​ဖြစ်၍ နှစ်ခြင်း​မခံရ​သေး​သော ကြေညာ​သူများ​ပင် မိမိတို့၏​ယုံကြည်ခြင်းကို သူတစ်ပါး​အား ပြောပြ​ရသည့်​အတွက် ပျော်ရွှင်​နိုင်​ကြသည်။ ဤ​လုပ်ငန်း​တွင် သူတို့​ပါဝင်ခြင်း​က နှစ်ခြင်း​ခံ​ပြီး​နောက် လယ်ကွင်း​ဓမ္မ​အမှု​တွင် မှန်မှန်​နှင့် ထက်သန်​စွာ​ပါဝင်​ရန်​လည်း သူတို့ကို အသင့်ပြင်​ဆင်​ပေး​သည်။—ရောမ ၁၀:၉၊ ၁၀၊ ၁၄၊ ၁၅

သင့်ကို နှစ်ခြင်း​မခံ​စေခြင်း​ငှာ တစ်စုံတစ်ရာ​က ဆီးတား​သလော

၁၂။ လူ​အချို့​ကို နှစ်ခြင်း​မခံ​စေခြင်း​ငှာ အဘယ်အရာက ဆီးတား​နိုင်​သနည်း။

၁၂ အချို့​သူများ​သည် နှစ်ခြင်း​ခံ​ပြီး​နောက် လိုက်ပါ​လာ​သည့်​တာဝန်​ကို လက်မခံ​လို​၍ နှစ်ခြင်း​မခံ​ခြင်း​ဖြစ်​ပေမည်။ ယေဟောဝါ​၏​စံနှုန်း​များနှင့်​အညီ နေထိုင်ရန် မိမိတို့​ဘဝတွင် သိသာ​ထင်ရှားသော​ပြောင်းလဲမှု​များ ပြုလုပ်​ရမည်ကို သူတို့​သဘောပေါက်​ကြသည်။ သို့​မဟုတ် နှစ်ခြင်း​ခံ​ပြီး​နောက် ဘုရားသခင့်​တောင်းဆိုချက်​အတိုင်း နေထိုင်ရန် အခက်တွေ့​မည်​ကို စိုးရွံ့​ကြ​ပေမည်။ အချို့​က “နောင်​တစ်နေ့ အမှား​လုပ်မိရင် အသင်းတော်က နှင်ထုတ်​ခံရ​နိုင်တယ်” ဟု​ပင် ဆင်ခြင်​ကြ​ပေမည်။

၁၃။ ယေရှု​ခေတ်​မှ အချို့​သူများကို ယေရှု၏​နောက်လိုက်​များ​ဖြစ်​မလာ​ရန် အဘယ်အရာက ဆီးတား​ခဲ့​သနည်း။

၁၃ ယေရှု​ခေတ်တွင် လူတချို့​သည် ကိုယ်ကျိုးရှာ​ခြင်း​နှင့် မိသားစု​နှောင်ကြိုး​များ​ကို မိမိတို့​အား ကိုယ်တော်​၏​တပည့်​များ​ဖြစ်​မလာ​ရန် အတားအဆီး​ဖြစ်ခွင့်​ပြု​လိုက်​သည်။ ကျမ်းတတ်​တစ်ဦး​က ယေရှု​ကြွတော်မူရာ​အရပ်ရပ်​သို့ လိုက်ပါမည်​ဟု လျှောက်​လေ​၏။ သို့သော် ယေရှု​က မိမိ​တွင် ခေါင်းချ​ရာ​မျှ​မရှိသည့် အချိန်​အခါ​များစွာ​ရှိခဲ့​ကြောင်း မိန့်ဆိုခဲ့သည်။ နားထောင်​နေ​သူ​နောက်​တစ်ဦး​ကို မိမိ​နောက်လိုက်​ရန် ယေရှု​ဖိတ်ခေါ်​သောအခါ ထို​သူက ဖခင်​ကို ဦးစွာ​သွား​၍ “သင်္ဂြိုဟ်” ရသော​အခွင့်​ကို​ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ​သည်။ သူသည် ယေရှု​နောက်လိုက်ခြင်း​ထက် အိမ်​တွင်​နေ၍ ဖခင်​သေဆုံး​သည့်​အထိ​စောင့်​ပြီး လိုအပ်​လာ​ပါ​က မိသားစု​တာဝန်​ထမ်း​ရန် ပိုလို​လား​ဖွယ်​ရှိသည်။ နောက်ဆုံး​တွင် တတိယ​လူက ယေရှု​နောက်​မ​လိုက်မီ မိမိ၏​မိသားစုကို နှုတ်ဆက်ပါ​ရစေ​ဟု လျှောက်​လေ​သည်။ ဤသို့​အချိန်ဆွဲ​နေခြင်း​ကို “နောက်သို့​လှည့်၍​ကြည့်” ခြင်း​နှင့်​တူ​သည်​ဟု ယေရှု​ဖော်ပြ​ခဲ့​သည်။ သို့​ဖြစ်၍ ထိုသို့​အချိန်ဆွဲ​လို​သူများ​သည် မိမိတို့၏​ခရစ်ယာန်​တာဝန်​ကို ရှောင်လွှဲ​ရန် အမြဲ​ဆင်ခြေ​ဆင်​လက်​ပေး​တတ်​ပုံ​ရှိ၏။—လုကာ ၉:၅၇-၆၂

၁၄။ (က) ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့သည် လူကို​မျှား​သော​တံငါသည်​များ​ဖြစ်​ရန် ယေရှု​ဖိတ်ခေါ်​သည့်​အခါ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ (ခ) ယေရှု၏​ထမ်းပိုး​ကို​ထမ်း​ရန် အဘယ်ကြောင့် မတွန့်​ဆုတ်​သင့်​သနည်း။

၁၄ ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့​၏​ပုံသက်သေ​မှာ​မူ အလွန်​ကွာခြား​သည်။ မိမိ​နောက်လိုက်​ပြီး လူကို​မျှား​သော​တံငါသည်​များ​ဖြစ်​ရန် ယေရှု​ဖိတ်ခေါ်​သည့်​အခါ သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “ထို​သူတို့သည် ချက်ချင်း​ပိုက်ကွန်​ကို​စွန့်ပစ်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။” (မဿဲ ၄:၁၉-၂၂) သူတို့သည် ထိုသို့​ချက်ချင်း ဆုံးဖြတ်​လိုက်ခြင်း​ဖြင့် နောက်ပိုင်း ယေရှု​ဤသို့​မိန့်ဆို​ရာ​ကို သူတို့​ကိုယ်တိုင် ကြုံတွေ့​ခဲ့​ရသည်– “ငါ့​ထမ်းပိုး​ကို​တင်၍​ထမ်း​ကြလော့။ ငါ့ထံ၌​နည်းခံ​ကြလော့။ ငါသည် နူးညံ့​သိမ်မွေ့​နှိမ့်ချသော စိတ်သဘော​ရှိ၏။ သင်တို့​စိတ်နှလုံး​သည် သက်သာခြင်း​ကို​ရ​လိမ့်​မည်။ အကြောင်း​မူ​ကား ငါ့​ထမ်းပိုး​သည် ထမ်း​လွယ်​၏။ ငါ့​ဝန်​လည်း​ပေါ့​၏။” (မဿဲ ၁၁:၂၉၊ ၃၀) နှစ်ခြင်း​ခံ​ခြင်း​နှင့်အတူ ထမ်းပိုး​ဖြစ်သော​တာဝန် လိုက်ပါ​လာ​မည်​ဖြစ်သော်လည်း ၎င်း​သည် ကျွန်ုပ်​တို့ကို အလွန်​လန်းဆန်း​စေ​မည့် ထမ်း​လွယ်​ပြီး​ပေါ့ပါး​သော ထမ်းပိုး​ဖြစ်သည်ဟု ယေရှု အာမခံ​တော်​မူ​၏။

၁၅။ ဘုရားသခင်​ထောက်​မပေး​မည်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ကြောင်း မောရှေ​နှင့် ယေရမိ​တို့၏​ပုံ​နမူနာ​များ​က မည်သို့​ဖော်ပြ​သနည်း။

၁၅ နှစ်ခြင်း​နှင့်အတူ လိုက်ပါ​လာ​သည့်​တာဝန်​ကို ထမ်းဆောင်​နိုင်​မည်​မဟုတ်​ဟု ခံစား​ရခြင်း​က သဘာဝ​ကျ​ပါ​သည်။ မောရှေ​နှင့် ယေရမိ​တို့သည် အစပိုင်း​တွင် ယေဟောဝါ​ပေးအပ်​သော​တာဝန်​ကို ထမ်းဆောင်​နိုင်​မည်​မဟုတ်​ဟု ခံစား​ခဲ့​ရသည်။ (ထွက်မြောက်ရာ ၃:၁၁; ယေရမိ ၁:၆) သူတို့ကို ဘုရားသခင် မည်သို့​စိတ်ချ​စေ​ခဲ့​သနည်း။ ကိုယ်တော်​က “ငါသည် သင့်​ဘက်၌​ရှိ​လိမ့်​မည်” ဟု​မောရှေ​ကို မိန့်ဆိုခဲ့သည်။ “သင့်ကို​ကယ်နုတ်ခြင်း​ငှာ သင်​နှင့်အတူ ငါ​ရှိသည်” ဟု​ယေရမိကို ကတိပြု​ခဲ့​၏။ (ထွက်မြောက်ရာ ၃:၁၂; ယေရမိ ၁:၈) ကျွန်ုပ်​တို့​လည်း ဘုရားသခင်​ထောက်​မပေး​မည်​ကို ယုံကြည်​စိတ်ချ​နိုင်​သည်။ ဘုရားသခင်​ကို​ချစ်​ပြီး ယုံကြည်​ကိုးစား​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​အပ်နှံမှု​နှင့်​အညီ နေထိုင်​နိုင်​မ​နိုင်​ကို သံသယ​ရှိတော့မည်​မဟုတ်​ချေ။ “ချစ်ခြင်း​မေတ္တာ​၌ ကြောက်ရွံ့​ခြင်း​မရှိ။ . . . စုံလင်သော​မေတ္တာသည် ကြောက်ရွံ့​ခြင်း​ကို ပယ်ရှား​တတ်၏” ဟု​တမန်​တော်​ယောဟန် ရေးသားခဲ့​သည်။ (၁ ယောဟန် ၄:၁၈သမ္မာ) ကလေးငယ်​တစ်ဦး​သည် မိမိ​ဘာသာ​လမ်းလျှောက်​သည့်​အခါ ကြောက်ရွံ့​မည်​ဖြစ်သော်လည်း ဖခင်​၏​လက်ကို​ကိုင်​၍​လျှောက်​ရသည့်​အခါ ယုံကြည်​စိတ်ချမှု​ရှိ၏။ ထို​နည်းတူ ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လျှင် ကျွန်ုပ်​တို့၏ “လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်” ဟု​ကိုယ်တော် ကတိပြု​၏။—သု. ၃:၅၊ ၆

ဂုဏ်ယူဖွယ်​အခါသမယ

၁၆။ နှစ်ခြင်း​တွင် အဘယ်ကြောင့် ရေ​တွင် စုံး​စုံး​နှစ်မြှုပ်​ခြင်း​ပါဝင်​သနည်း။

၁၆ ခရစ်ယာန်​နှစ်ခြင်း​၏​အရေးပါမှု​ကို ရှင်းပြ​သည့် ကျမ်းစာ​ဆိုင်ရာ​ဟောပြောချက်​ပြီး​မှ နှစ်ခြင်း​ပေးလေ့​ရှိသည်။ ဤ​ဟောပြောချက်​၏​နိဂုံးပိုင်း​တွင် နှစ်ခြင်း​ခံ​မည့်​သူများ​သည် နှစ်ခြင်း​မေးခွန်း​နှစ်ခု​ကို​ဖြေဆို​၍ သူတို့၏​ယုံကြည်ခြင်းကို လူထုရှေ့​တွင်​ကြေညာ​ရသည်။ (ရောမ ၁၀:၁၁; စာမျက်နှာ ၂၂ မှ​လေးထောင့်ကွက်​ကို​ရှု။) ထို့နောက် ယေရှု​ကိုယ်တော်တိုင် ပုံသက်သေ​ပြ​ခဲ့​သည့်​အတိုင်း နှစ်ခြင်း​ခံ​မည့်​သူများကို ရေ​ထဲ​တွင် နှစ်မြှုပ်​ပေး​ကြသည်။ ယေရှု​နှစ်ခြင်း​ခံ​ပြီး​နောက် “ရေ​မှ​ပေါ်​ထ” သို့​မဟုတ် “ရေ​ထဲ​က​တက်ကြွ” သည်​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​၏။ (မဿဲ ၃:၁၆; မာကု ၁:၁၀သမ္မာ) နှစ်ခြင်း​ဆရာ​ယောဟန်​သည် ယေရှုကို ရေ​ထဲ​တွင် စုံး​စုံး​နှစ်မြှုပ်​ခဲ့​ကြောင်း ထင်ရှား​၏။ * စုံး​စုံး​နှစ်မြှုပ်​လိုက်ခြင်း​သည် ကျွန်ုပ်​တို့၏​ဘဝတွင် ထူးခြားသော​ပြောင်းလဲမှု​ဖြစ်သည့် ကျွန်ုပ်​တို့၏​ဘဝ​လမ်းစဉ်​ဟောင်း​ကို သေဆုံး​စေပြီး ဘုရားသခင်​၏​လုပ်ငန်းတော်တွင် ဘဝ​အသစ်​စ​ခြင်း​ကို ပုံဆောင်​သည်။

၁၇။ နှစ်ခြင်း​ခံ​မည့်​သူများ​နှင့် ရှုစား​သူတို့သည် အဆိုပါ​သမယ​ကို မည်သို့​ဂုဏ်တင်​နိုင်​ကြ​သနည်း။

၁၇ နှစ်ခြင်း​ခံ​ချိန်​သည် အလွန်​အရေးကြီး​သည့်​ပြင် ရွှင်လန်းဖွယ်​အခါသမယ​လည်း​ဖြစ်၏။ ယေရှုသည် မိမိကို ယောဟန်​နှစ်ခြင်း​ပေး​ချိန်​တွင် ဆုတောင်း​နေသည်​ဟု သမ္မာကျမ်းစာ​က​ဖော်ပြ​၏။ (လုကာ ၃:၂၁၊ ၂၂) ဤ​ပုံ​နမူနာ​နှင့်​အညီ ယနေ့ နှစ်ခြင်း​ခံ​မည့်​သူများ​သည် လျောက်ပတ်​သော​အမူအကျင့်ကို ဖော်ပြ​သင့်​သည်။ ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာတွင် ဣန္ဒြေရှိရှိ​ဝတ်စား​ရန် သမ္မာကျမ်းစာ​က တိုက်တွန်း​ထားသော​ကြောင့် ကျွန်ုပ်​တို့​နှစ်ခြင်း​ခံသည့်​နေ့တွင် ဤ​ဆုံးမ​စကား​ကို သာ၍​ပင် ဂရုစိုက်​သင့်​သည်။ (၁ တိမောသေ ၂:၉) ရှုစား​သူများ​သည်လည်း နှစ်ခြင်း​ဟောပြောချက်ကို ဂရုတစိုက်​နားထောင်ပြီး စနစ်တကျ​ကြည့်​ခြင်း​ဖြင့် လေးစားမှု​တင်ပြ​နိုင်​ကြသည်။—၁ ကောရိန္သု ၁၄:၄၀

နှစ်ခြင်း​ခံ​ပြီး​သော​တပည့်​များ ရရှိ​သည့်​ကောင်းချီး​များ

၁၈၊ ၁၉။ နှစ်ခြင်း​ခံ​ခြင်း​ကြောင့် အဘယ်​အခွင့်ထူး​များနှင့် ကောင်းချီး​များ​ကို ရရှိ​သနည်း။

၁၈ ကျွန်ုပ်​တို့သည် ဘုရားသခင်​ထံ အပ်နှံ​ပြီး နှစ်ခြင်း​ခံ​လိုက်​သည်​နှင့် အထူး​မိသားစုဝင်​တစ်ဦး​ဖြစ်လာ​ကြသည်။ ဦးစွာ၊ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ခမည်းတော်​နှင့် မိတ်ဆွေ​ဖြစ်လာ​၏။ နှစ်ခြင်း​မခံ​မီ​က ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့် ကင်းကွာ​နေကြ​သော်လည်း ယခု မိတ်သဟာယ​ဖွဲ့​နိုင်​ကြပြီ။ (၂ ကောရိန္သု ၅:၁၉; ကောလောသဲ ၁:၂၀) ခရစ်တော်​၏​ပူဇော်ရာ​ယဇ်​မှ​တစ်ဆင့် ဘုရားသခင်​ထံ ကျွန်ုပ်​တို့​ချဉ်းကပ်​ကြ​ရာ ဘုရားသခင်​က​လည်း ကျွန်ုပ်​တို့​ထံ ချဉ်းကပ်​တော်​မူ​၏။ (ယာကုပ် ၄:၈) ယေဟောဝါ​သည် မိမိ​နာမတော်​ကို​အသုံးပြုပြီး ခံယူ​ထား​သူတို့၏​စကားသံ​ကို အာရုံစိုက်​နားထောင်​ကြောင်း၊ သူတို့၏​အမည်များ​ကို ကိုယ်တော်​၏​အောက်မေ့​ရာ​စာစောင်​တွင် ရေးမှတ်​ထား​ကြောင်း ပရောဖက်​မာလခိ​က ဖော်ပြ​ထား​သည်။ ဘုရားသခင်​က “ထို​သူတို့သည် . . . ငါ​ပိုင်ထိုက်​သော​ဘဏ္ဍာတော်​ဖြစ်​ကြလိမ့်မည်။ အဘ​၏​အမှုကို​ဆောင်သော​သားကို အဘ​နှမြော​သကဲ့သို့ ထို​သူတို့ကို ငါ​နှမြော​မည်” ဟု​မိန့်ဆို​၏။—မာလခိ ၃:၁၆-၁၈

၁၉ နှစ်ခြင်း​ခံ​ခြင်း​က ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်းဝင်​တစ်ဦး​လည်း ဖြစ်လာ​စေနိုင်​သည်။ ကိုယ်ကျိုး​စွန့်​ခြင်း​ကြောင့် ခရစ်တော်​၏​တပည့်​များ ရရှိ​မည့်​ကောင်းချီး​များ​ကို တမန်​တော်​ပေတရု မေး​သောအခါ ယေရှု​က “အကြင်သူသည် ငါ​၏​နာမ​ကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယား​တည်း​ဟူသော တစ်ပါးပါး​ကို​စွန့်​၏။ ထို​သူသည် အဆ​တစ်​ရာ​သော​အကျိုးကို​ရ​၍ ထာဝရ​အသက်ကို အမွေခံ​ရ​လတ္တံ့” ဟု​ကတိပေး​ခဲ့​သည်။ (မဿဲ ၁၉:၂၉) နှစ်​အတန်ကြာ​ပြီး​နောက် ပေတရု​သည် “ဤ​လောက​၌” တိုးများ​လာ​သည့် “ညီအစ်ကို​အသင်းအပင်း​တစ်ခုလုံး” အကြောင်းကို ရေးသားခဲ့​သည်။ ပေတရု​သည် မေတ္တာ​ရှိ​ညီအစ်ကို​အသင်းအပင်း​၏ ထောက်မမှု​နှင့် ကောင်းချီး​များ​ကို ကိုယ်တိုင်​ခံစား​ခဲ့​ရသကဲ့သို့ ကျွန်ုပ်​တို့​လည်း ခံစား​နိုင်​ပါ​သည်။—၁ ပေတရု ၂:၁၇က​ဘ; ၅:၉၊ သမ္မာ။

၂၀။ နှစ်ခြင်း​ခံ​ခြင်း​ဖြင့် အဘယ်​ထူးမြတ်​လှ​သော​အနာဂတ်​ကို ရရှိစေ​သနည်း။

၂၀ ထို့​ပြင် ယေရှု​က မိမိ​နောက်လိုက်​သူများ​သည် “ထာဝရ​အသက်ကို အမွေခံ​ရ” မည်​ဟု မိန့်ဆိုခဲ့သည်။ အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခြင်း​ဖြင့် ဘုရားသခင်​၏​ကမ္ဘာသစ်​တွင်​ရရှိ​မည့် ထာဝရ​အသက်​ဖြစ်သော “မှန်သော​အသက်ကို​ဝင်စား” ခွင့်​ရရှိနိုင်​သည်။ (၁ တိမောသေ ၆:၁၉) မိမိ​ကိုယ်တိုင်​နှင့် မိသားစု​အနာဂတ်​အတွက် အဘယ်​သာ၍​ကောင်းသော​အုတ်မြစ်ကို တည်ဆောက်​နိုင်​ပါ​ဦး​မည်​နည်း။ အဆိုပါ​ထူးမြတ်​လှ​သော​အနာဂတ်​သည် ကျွန်ုပ်​တို့အား ‘ကိုယ်​ဆိုင်သော​ဘုရားသခင် ယေဟောဝါ​၏​နာမတော်​ကို ကာလ​အစဉ်အမြဲ ခိုလှုံ​လျက်​ကျင့်’ စေနိုင်​ပါ​လိမ့်​မည်။—မိက္ခာ ၄:၅

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 ပင်တေကုတ္တေ​ပွဲနေ့​တွင် ပေတရု​၏​ဟောပြောချက်ကို နားထောင်​ခဲ့​ကြသော ဂျူး​လူမျိုး​နှင့် ဘာသာ​ပြောင်း​ဝင်လာ​သူ သုံး​ထောင်​တို့သည် ထို​နည်းတူ မဆိုင်းမတွ နှစ်ခြင်း​ခံ​ခဲ့​ကြသည်။ အဲသယောပိ​အမတ်​ကဲ့သို့ သူတို့သည် သမ္မာကျမ်းစာ​၏​အခြေခံ​သွန်သင်ချက်​များနှင့် မူများ​ကို သိ​နှင့်​ပြီး​သား​ဖြစ်သည်။—တမန်​တော် ၂:၃၇-၄၁

^ အပိုဒ်၊ 16 ဗိုင်း​၏​ဓမ္မသစ်​ကျမ်း​စကားလုံး​များ​ဆိုင်ရာ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​အရ ဂရိ​စကားလုံး ဗတ်​တ​စ္စ​မာ (နှစ်ခြင်း) ဟူသည် “နှစ်ခြင်း၊ မြုပ်​ခြင်း​နှင့် ပြန်​ပေါ်လာ​ခြင်း​ဖြစ်​စဉ်​များ” ကို​ဆိုလို​သည်။

သင်​ရှင်းပြ​နိုင်​သလော

• ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​မေတ္တာတော်ကို မည်သို့​နှင့် အဘယ်ကြောင့် တုံ့ပြန်​သင့်​သနည်း။

• နှစ်ခြင်း​မခံ​မီ အဘယ်​ဝိညာဉ်​ရေး​တိုးတက်မှု ပြုလုပ်​သင့်​သနည်း။

• တာဝန်​ပျက်ကွက်​မည်​ကို​စိုးရွံ့ခြင်း သို့​မဟုတ် တာဝန်​ကို​လက်မခံ​လို​ခြင်း​က ကျွန်ုပ်​တို့ကို နှစ်ခြင်း​မခံ​စေရန် အဘယ်ကြောင့် အတားအဆီး​ဖြစ်ခွင့် မပြု​သင့်​သနည်း။

• ယေရှု​ခရစ်​၏ နှစ်ခြင်း​ခံ​ပြီး​သော​တပည့်​များသည် အဘယ်​ထူးမြတ်​သော ကောင်းချီး​များ​ကို ခံစား​ရနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

‘အကျွန်ုပ်​ကို နှစ်ခြင်း​မခံ​စေခြင်း​ငှာ မည်သည့်​အကြောင်း ဆီးတား​ပါ​သနည်း’

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

နှစ်ခြင်း​ခံ​ချိန်​သည် အလွန်​အရေးကြီး​သည့်​ပြင် ရွှင်လန်းဖွယ်​အခါသမယ​လည်း​ဖြစ်