မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

“ဆိတ်​သားငယ်ကို အမိနို့ရည်​နှင့်​မ​ပြုတ်​မ​ချက်​ရ” ဟူသော ထွက်မြောက်ရာ ၂၃:၁၉ ပါ တားမြစ်ချက်​မှ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

သမ္မာကျမ်းစာ​တွင် သုံးကြိမ်​ဖော်ပြ​ထား​သည့် မောရှေ​ပညတ်​ဆိုင်ရာ ဤ​မိန့်မှာချက်​သည် ဘယ်အရာ​သင့်တော် မတော်​နှင့်​စပ်​လျ​ဉ်း​သည့် ယေဟောဝါ​၏​အမြင်၊ ကိုယ်တော်​၏​စာနာမှု​နှင့် သနား​ကြင်နာ​မှု​တို့ကို ကျွန်ုပ်​တို့အား နားလည်​သဘောပေါက်​စေနိုင်​ပါ​သည်။ ထို့​ပြင် မှောက်မှားသော​ဝတ်ပြုရေးကို ကိုယ်တော်​စက်ဆုပ်​ရွံရှာ​ကြောင်း အလေးပေး​ဖော်ပြ​၏။—ထွက်မြောက်ရာ ၃၄:၂၆; တရားဟောရာ ၁၄:၂၁

ဆိတ်​သားငယ် သို့​မဟုတ် အခြား​တိရစ္ဆာန်​ကို ၎င်း​၏​အမိနို့ရည်​နှင့် ချက်ပြုတ်ခြင်း​က သဘာဝတရား​နှင့်​ဆိုင်သော ယေဟောဝါ​၏​အစီအစဉ်ကို ဆန့်ကျင်​ရာ​ရောက်​ပေမည်။ ဘုရားသခင်​သည် မိခင်၏​နို့​ရည်​ဖြင့် သားငယ်ကို အာဟာရ​ဖြစ်စေ​ကာ ကြီးထွား​စေတော်မူ​၏။ ကျမ်း​ပညာရှင်​တစ်ဦး၏​အပြော​အရဆိုလျှင် သားငယ်ကို ၎င်း​၏​အမိနို့ရည်​နှင့် ချက်ပြုတ်ခြင်း​သည် “ဘုရားသခင် တည်ထောင်​၍ အထွတ်အမြတ်​ထား​တော်​မူ​သည့် မိဘ​နှင့်​သားသမီး​စပ်ကြား ချစ်ခင်​ရင်းနှီးမှုကို မ​ခန့်​လေးစား” ပြု​ရာ​ရောက်​ပေမည်။

ထို့​ပြင် တချို့က သားငယ်ကို အမိနို့ရည်​နှင့်​ချက်ပြုတ်ခြင်း​သည် အယူမှား​သူတို့၏ မိုး​ခေါ်​နည်း​ဖြစ်​နိုင်​ကြောင်း ပြောဆို​ကြသည်။ ယင်း​အဆို​မှန်ကန်​ပါ​က အိမ်နီးချင်း​နိုင်ငံ​များ​၏ မိုက်မဲ​ပြီး အကြင်နာမဲ့​သည့် ဘာသာရေး​ထုံးတမ်းများ​မှ ဣသရေလ​လူမျိုး​ကို ကာကွယ်​ပေး​သည့်​အနေ​နှင့် ထိုသို့​တားမြစ်​ခဲ့​ခြင်း​ဖြစ်​ပေမည်။ မောရှေ​ပညတ်​သည် ဣသရေလ​လူမျိုး​အား အိမ်နီးချင်း​နိုင်ငံ​များ​၏ ဘာသာ​ဓလေ့​ကို မလိုက်လျှောက်​ရန်​လည်း အတိအကျ​တားမြစ်​ထား​၏။—ဝတ်ပြုရာ ၂၀:၂၃

အဆုံး​တွင်​မူ ယင်း​ပညတ်တရား​က ယေဟောဝါ​၏​သနား​ကြင်နာ​မှု​ကို ဖော်ပြ​ကြောင်း တွေ့ ရှိ​ရသည်။ အမှန်​တွင် မောရှေ​ပညတ်​၌ တိရစ္ဆာန်​များ​ကို မ​ညှဉ်းဆဲ​ရ​ဟူသော ပုံစံ​တူ​မိန့်မှာချက် အတော်များများ​ပါရှိ​ကာ သဘာဝတရား​နှင့်​ဆန့်ကျင်​၍ လုပ်ဆောင်ခြင်း​မှ ကာကွယ်​ပေး​သည်။ ဥပမာ၊ မောရှေ​ပညတ်​တွင် မိခင်​နှင့်အတူ အနည်းဆုံး​ခု​နစ်​ရက်မ​ပြည့်​သေး​သော တိရစ္ဆာန်​ကို​ယဇ်​ပူဇော်​ခြင်း မပြု​ရန်၊ တစ်နေ့​ချင်း​တွင် သားအမိ​နှစ်ကောင်စလုံး​ကို မ​သတ်​ရန်၊ ငှက်သိုက်​မှ ငှက်​မ​နှင့်​တကွ ဥ​များ သို့​မဟုတ် သားငယ်​များ​ကို​မယူ​ရန်​ဟူ​သည့် မိန့်မှာချက်​များ​ပါရှိ​သည်။—ဝတ်ပြုရာ ၂၂:၂၇၊ ၂၈; တရားဟောရာ ၂၂:၆၊ ၇

ပညတ်တရား​သည် မိန့်မှာချက်​များနှင့် တားမြစ်ချက်​များ စုပေါင်း​ထား​ရာ​မျှ​သာ​မဟုတ်​သည်​မှာ ရှင်းနေပါသည်။ ပညတ်တရား​၏​အကျိုးကျေးဇူး​များစွာ​အနက် တစ်ခု​မှာ ယင်း​၏​မူများ​သည် ကျွန်ုပ်​တို့၏​ကိုယ်ကျင့်တရား​ဆိုင်ရာ​သိစိတ်ကို မြှင့်တင်​ပေး​ပြီး ယင်းက ယေဟောဝါ​၏​အံ့ဖွယ်​အရည်အသွေး​တော်​များ​ကို အမှန်​ထင်ဟပ်​စေ​သည်။—ဆာလံ ၁၉:၇-၁၁

[Picture Credit Line on page 31]

© Timothy O’Keefe/Index Stock Imagery