မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏အမှုတော်ထမ်းရန် သန္နိဋ္ဌာန်ချခဲ့

ယေဟောဝါ၏အမှုတော်ထမ်းရန် သန္နိဋ္ဌာန်ချခဲ့

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​၏​အမှုတော်ထမ်း​ရန် သန္နိ​ဋ္ဌာန်​ချ​ခဲ့

ရိုင်မို က​ဝို​ကာန​န် ပြောပြ​သည်

၁၉၃၉ ခုနှစ်၊ ဥရောပ​မှာ ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​တော့ ကျွန်တော်​ရဲ့​ဇာတိမြေ ဖင်လန်​နိုင်ငံ​ကို ဆိုဗီယက်​ပြည်ထောင်စု​က လာ​တိုက်ခိုက်​ခဲ့​တယ်။ ကျွန်တော့်​အဖေဟာ ဖင်လန်​စစ်တပ်​မှာ ပါဝင်​တိုက်ခိုက်​ဖို့ အိမ်ကနေ​ထွက်သွား​ခဲ့​တယ်။ မကြာ​ပါ​ဘူး ကျွန်တော်​တို့​ရဲ့​မြို့ကို ရုရှား​စစ်​လေယာဉ်​တွေ ဗုန်းကြဲ​တဲ့​အတွက် အမေက ကျွန်တော့်​ကို ပို​ပြီး​လုံခြုံမှု​ရှိတဲ့ အဘွား​ဆီ​ပို့​လိုက်တယ်။

အရှေ့​အာဖရိက၊ ယူဂန္ဓာ​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြု​တစ်ဦး​အနေ​နဲ့ ၁၉၇၁ ခုနှစ်​မှာ ကျွန်တော်​အမှုဆောင်ခဲ့တယ်။ တစ်ရက်​မှာ တစ်အိမ်​မှ​တစ်အိမ်​အမှုဆောင်​နေတုန်း ထိတ်လန့်​တ​ကြား​ဖြစ်နေ​တဲ့​လူတွေ ကျွန်တော့်​ကို ကျော်ဖြတ်​ပြေး​သွား​ကြတယ်။ သေနတ်သံ​တွေ​ကြား​ရလို့ ကျွန်တော်​လည်း အိမ်ကို​ပြေး​သွားခဲ့တယ်။ သေနတ်သံ​က တဖြည်းဖြည်း​နီး​လာလို့ လမ်းဘေး​ရေ​မြောင်း​ထဲ​ကို ခုန်ချ​လိုက်ရတယ်။ ကျွန်တော့်​ခေါင်း​ပေါ်မှာ ကျည်ဆန်​တွေ​ပ​လူ​ပျံ​နေပေမဲ့ အိမ်ကို တွားသွား​ပြီး​ပြန်​လိုက်တယ်။

ကျွန်တော်​ဟာ ဒုတိယ​ကမ္ဘာ​စစ်​ရဲ့​ဆိုးကျိုး​တွေ​ကို ရှောင်လွှဲ​လို့​မရခဲ့​ဘူး။ ဒါပေမဲ့ မငြိမ်မသက်​ဖြစ်နေ​တဲ့ အရှေ့​အာဖရိက​မှာ ကျွန်တော်​တို့​ဇနီး​မောင်နှံဟာ ဘာကြောင့် စွန့်စား​လို​စိတ်​ရှိနေ​ရတာလဲ။ အဖြေကတော့ ယေဟောဝါ​ရဲ့​အမှုတော်ကို ဆောင်​မယ်​ဆို​တဲ့ ကျွန်တော်​တို့​ရဲ့​သန္နိ​ဋ္ဌာန်​နဲ့ တိုက်ရိုက်​ပတ်သက်​နေလို့ပဲ။

သန္နိ​ဋ္ဌာန်​မျိုးစေ့ စ​ပျိုး​လာပုံ

ကျွန်တော့်​ကို ၁၉၃၄ ခုနှစ်၊ ဖင်လန်​နိုင်ငံ၊ ဟဲလ်​စင်​ကီ​ဆိပ်ကမ်း​မြို့မှာ မွေးခဲ့တယ်။ အဖေက ဆေးသုတ်​သ​မား​ဖြစ်တယ်။ တစ်နေ့​မှာ အဖေဟာ ယေဟောဝါသက်သေ​တွေ​ရဲ့ ဖင်လန်​ဌာနခွဲရုံး​အဆောက်အအုံ​ကို ဆေးသုတ်​ပေး​ရတယ်။ သက်သေခံတွေ​က အဖေ့ကို အသင်းတော်​အစည်းအဝေးတွေ​အကြောင်း ပြောပြ​တယ်။ အဖေ​အိမ်​ပြန်​ရောက်တော့ အမေ့ကို အဲ့ဒီ​အစည်းအဝေးတွေ​အကြောင်း ပြောပြ​တယ်။ အဲ့ဒီ​အချိန်တုန်းက အမေ​စည်းဝေး​မ​တက်​ခဲ့​ပေမဲ့ သက်သေခံ​တစ်ယောက်​ဖြစ်​တဲ့ အမေ့ရဲ့​အလုပ်ဖော်​တစ်ယောက်​နဲ့ ကျမ်းစာ​အကြောင်း​တွေ​ကို နောက်ပိုင်း​မှာ ဆွေးနွေး​လာတယ်။ မကြာ​ပါ​ဘူး၊ အမေ​ဟာ သူသိ​ရှိလာ​တာတွေကို လက်တွေ့​ကျင့်​သုံးခဲ့​ပြီး ၁၉၄၀ ပြည့်နှစ်​မှာ ယေဟောဝါသက်သေ​တစ်ယောက်​အဖြစ် နှစ်ခြင်း​ခံ​လိုက်တယ်။

အဲ့ဒီ​မတိုင်ခင် ဒုတိယ​ကမ္ဘာ​စစ်​အတွင်းမှာ ကျွန်တော့်​အဘွား​က ကျွန်တော့်​ကို သူ့ရဲ့​ဇာတိ​တော​ရွာ​ဆီ ခေါ်​သွားတယ်။ ဟဲလ်​စင်​ကီ​မြို့မှာ​ရှိတဲ့ ကျွန်တော့်​အမေက သူ့​အမေနဲ့​ညီမ​ဆီ​ကို ယေဟောဝါသက်သေ​တွေ​ရဲ့ ယုံကြည်ချက်တွေ​အကြောင်း စာရေး​ပြောပြ​တယ်။ သူတို့​နှစ်ယောက်စလုံး စိတ်ဝင်စား​လာပြီး ကျွန်တော့်​ကို သူတို့​သိရှိ​ခဲ့​တာ​တွေ ပြန်​ပြောပြ​ကြတယ်။ ယေဟောဝါသက်သေ​တွေ​ရဲ့ နယ်လှည့်​ကိုယ်စားလှယ်​တွေ အဘွား​အိမ်ကို​လာ​လည်ပတ်​ပြီး ကျွန်တော်​တို့ကို အားပေးခဲ့​ကြ​ပေမဲ့ ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​ဖို့ ကျွန်တော်​စိတ်ပိုင်း​မ​ဖြတ်​သေး​ဘူး။

သီအိုကရက်တစ်​လေ့ကျင့်မှု​စတင်

၁၉၄၅ ခုနှစ်​မှာ စစ်​ပြီးသွား​တော့ ဟဲလ်​စင်​ကီ​မြို့ကို ကျွန်တော်​ပြန်လာ​ခဲ့​တယ်။ ဒါနဲ့ အမေက ကျွန်တော့်​ကို ယေဟောဝါသက်သေ​တွေ​ရဲ့​အစည်းအဝေးတွေ​ဆီ ခေါ်​သွားတော့တာပဲ။ တစ်ခါ​တ​လေ ကျွန်တော်​ဟာ စည်းဝေး​တက်​မယ့်​အစား ရုပ်​ရု​င်​သွား​ကြည့်​တတ်တယ်။ ဒါပေမဲ့ အမေက စည်းဝေး​မှာ ကြားသိ​ခဲ့​တာတွေကို ကျွန်တော့်​ကို ပြန်​ပြောပြ​တတ်တယ်။ အထူးသဖြင့် အာမဂေဒုန်​နီး​လာပြီ​ဆို​တဲ့​အကြောင်း ထပ်တလဲလဲ ပြောပြ​တတ်တယ်။ အဲ့​ဒါကို ကျွန်တော်​လက်ခံ​ယုံကြည်​သွားပြီး စည်းဝေး​တွေ​ကို မှန်မှန်​တက်​လာတယ်။ ကျမ်းစာ​အမှန်တရား​တွေ ပို​ပြီး​သိလာ​တာ​နဲ့​အမျှ အသင်းတော်​လုပ်ဆောင်မှု​တိုင်း​မှာ ကျွန်တော်​ပါဝင်​ချင်​ခဲ့​တယ်။

အထူးသဖြင့် စည်းဝေးကြီး​တွေ၊ စည်းဝေးပွဲ​တွေ တက်ရောက်​ရတာကို ကျွန်တော်​နှစ်ခြိုက်​လာခဲ့တယ်။ ၁၉၄၈ ခုနှစ်​မှာ နွေ​ရာသီ​အားလပ်ရက်​အပန်းဖြေ​ဖို့​အတွက် အဘွား​ဆီ​ရောက်နေ​တုန်း အိမ်နား​မှာ​ကျင်းပ​နေတဲ့ ခရိုင်​စည်းဝေးကြီး​ကို ကျွန်တော်​တက်ရောက်​ခဲ့​တယ်။ အဲ့ဒီ​စည်းဝေးကြီး​မှာ ကျွန်တော့်​သူငယ်ချင်း​တစ်ယောက် နှစ်ခြင်း​ခံ​ခဲ့​ပြီး ကျွန်တော့်​ကိုလည်း နှစ်ခြင်း​ခံ​ဖို့ တိုက်တွန်း​တယ်။ ကျွန်တော့်​မှာ ရေကူး​ဝတ်စုံ​ပါ​မလာ​တဲ့​အကြောင်း​ပြောပြ​တော့ သူနှစ်ခြင်း​ခံ​ပြီး​ရင် သူ့​ဝတ်စုံကို ဝတ်​လို့​ရတယ်​ဆိုပြီး အကြံပေး​တယ်။ ဒါနဲ့ ကျွန်တော်​သဘောတူ​လိုက်ပြီး ၁၉၄၈၊ ဇွန်လ ၂၇ ရက်​နေ့မှာ နှစ်ခြင်း​ခံ​ခဲ့​တယ်။ အဲ့ဒီ​တုန်း​က ကျွန်တော့်​အသက်​က ၁၃ နှစ်ပဲ​ရှိသေးတယ်။

စည်းဝေးကြီး​ပြီး​တဲ့​နောက် အမေ့​သူငယ်ချင်း​တချို့က ကျွန်တော်​နှစ်ခြင်း​ခံ​တဲ့​အကြောင်း အမေ့ကို ပြောပြ​ကြတယ်။ ကျွန်တော်​တို့​နှစ်ယောက်​ဆုံ​တဲ့​အခါ အမေက သူ့ကို​မတိုင်ပင်​ဘဲ ဒီလောက်​အရေးကြီးတဲ့​ခြေလှမ်း​ကို ဘာကြောင့် တက်လှမ်း​ရတယ်ဆိုတာ သိချင်ခဲ့တယ်။ အခြေခံ​ကျမ်းစာ​သွန်သင်ချက်​တွေ​ကို ကျွန်တော်​နားလည်ခဲ့​ပြီ​ဖြစ်​လို့၊ ကျွန်တော့်​ရဲ့​လုပ်ရပ်​အတွက် ယေဟောဝါ​ရှေ့မှာ တာဝန်​ရှိတယ်ဆိုတာ သိမြင်​လာလို့​ဆိုပြီး ရှင်းပြ​လိုက်တယ်။

ကျွန်တော့်​ရဲ့​သန္နိ​ဋ္ဌာန် ခိုင်မြဲ​လာ

အသင်းတော်က ညီအစ်ကို​တွေ​ဟာ ယေဟောဝါ​ရဲ့​အမှုတော်​ဆောင်​မယ်​ဆို​တဲ့ ကျွန်တော့်​ရဲ့​သန္နိ​ဋ္ဌာန်​ကို အားဖြည့်ပေး​ခဲ့​ကြတယ်။ တစ်အိမ်​မှ​တစ်အိမ်​ခရစ်ယာန်​ဓမ္မ​အမှုမှာ ကျွန်တော်​နဲ့ တွဲဖက်​ပါဝင်​ခဲ့​ကြ​ပြီး အစည်းအဝေးတွေမှာ အပတ်​တိုင်း​လို​လို တာဝန်ချ​ပေး​ခဲ့​တယ်။ (တမန်​တော် ၂၀:၂၀) အသက် ၁၆ နှစ်အရွယ်မှာ ပထမဦးဆုံး လူထု​ဟောပြောချက်​ပေး​ခွင့်​ရခဲ့တယ်။ သိပ်​မကြာခင်​ဘဲ အသင်းတော်ရဲ့ ကျမ်းစာ​သင်အံမှု​အမှုထမ်း​အဖြစ် ခန့်အပ်​ခံရ​တယ်။ ဒီလို​ဝိညာဉ်​ရေး​လုပ်ဆောင်မှုတွေ​က ကျွန်တော့်​ကို ရင့်ကျက်​လာအောင် ကူညီ​ပေး​ခဲ့​ပေမဲ့ လူ​ကြောက်​တတ်​တဲ့​စိတ်​ကို တွန်းလှန်​နေရ​တုန်း​ပဲ။

ဒီလို​ဖြစ်နေ​တုန်း​မှာ ခရိုင်​စည်းဝေးကြီး​ရဲ့ လူထု​ဟောပြောချက်ကို ဆိုင်းဘုတ်​ကြီး​တွေ​နဲ့ ကြော်ငြာ​ခဲ့​ကြတယ်။ အဲ့ဒီ​ဆိုင်းဘုတ်​ကြီး​တွေ​က သားရေ​ကြိုး​နဲ့​တွဲ​ချည်​ထား​တဲ့ က​တ္ထူ​ပြား​နှစ်ပြား​ဖြစ်​ပြီး ပခုံး​ပေါ်ကနေ ရှေ့မှာ​တစ်ခြမ်း၊ နောက်​မှာ​တစ်ခြမ်း ဆွဲ​ထား​ရတယ်။

တစ်ခါ​က ဆိုင်းဘုတ်​ချိတ်​ပြီး လမ်းထောင့်​မှာ ရပ်​နေတုန်း ကျွန်တော့်​ရဲ့​အတန်းဖော်​တွေ ကျွန်တော့်​ဆီ​တည့်တည့်​လာနေတာကို တွေ့​လိုက်တယ်။ ကျွန်တော့်​အနား​လည်း​ရောက်လာ​ရော သူတို့ရဲ့​အကြည့်​တွေ​ကြောင့် လန့်​သွားတယ်။ ခွန်​အားပေးပါ​လို့ ယေဟောဝါ​ဆီ ဆုတောင်း​လိုက်ပြီး ဆိုင်းဘုတ်​ကြီး​နဲ့ တော​င့်​တော​င့်​ကြီး​ရပ်နေ​လိုက်တယ်။ အဲ့ဒီ​အချိန်​မှာ လူ​ကြောက်​တဲ့​စိတ်​ကို ကျော်လွှား​နိုင်​ခဲ့​ခြင်း​က ကျွန်တော့်​ကို ပို​ပြီး​ကြီးမား​တဲ့ စမ်းသပ်မှု​ဖြစ်​တဲ့ ခရစ်ယာန်​ကြားနေ​မှု​ကို ထိန်းသိမ်းဖို့ အသင့်ရှိ​စေတယ်။

နောက်ပိုင်း​မှာ အစိုးရ​က ကျွန်တော်​နဲ့ တခြား​သက်သေခံ​လူငယ်တွေကို စစ်မှုထမ်း​ဖို့ အမိန့်ပေး​တယ်။ အမိန့်အရ စစ်​အခြေ​စိုက်​စခန်း​ကို ကျွန်တော်​တို့ သွားခဲ့​ပေမဲ့ စစ်​ဝတ်စုံ​မ​ဝတ်​နိုင်ဘူး​လို့ တလေးတစား ပြော​ခဲ့​ကြတယ်။ အရာရှိ​တွေ​က ကျွန်တော်​တို့ကို ချုပ်​ထား​လိုက်ပြီး သိပ်​မကြာခင်​ပဲ တရားရုံး​က ထောင်​ခြောက်​လ ပြစ်ဒဏ်ချ​မှတ်​လိုက်တယ်။ ဒါ့အပြင် စစ်မှု​မ​ထမ်း​လို့ နောက်ထပ်​ရှစ်​လ အချုပ်ခံရ​သေး​တယ်။ ဒီလိုနဲ့ ကျွန်တော်​တို့​တစ်​တွေ ကြားနေ​ရပ်တည်ခဲ့​ကြ​လို့ ၁၄ လ​လုံးလုံး ထောင်​နန်းစံ​ခဲ့​ရတယ်။

အကျဉ်း​စခန်း​မှာ ကျမ်းစာ​ကို​ဆွေးနွေး​သုံးသပ်​ဖို့ ကျွန်တော်​တို့ နေ့တိုင်း တွေ့ဆုံ​ခဲ့​ကြတယ်။ အကျဉ်းထောင်​ထဲမှာ​ရှိနေတုန်း ကျွန်တော်​တို့​အများစုဟာ ကျမ်းစာ​ကို နှစ်​ခေါက်​ဖတ်​ပြီး​ကြပြီ။ ပြစ်ဒဏ်​ကျ​ရက် ကုန်ဆုံး​သွားတော့ ကျွန်တော်​တို့အားလုံး​လို​လို ယေဟောဝါ​ရဲ့​အမှုတော်ကို အရင်ကထက်​ပို​ထမ်းဆောင်​မယ်​ဆို​တဲ့ ဆုံးဖြတ်ချက်​နဲ့ ထောင်​ကနေ​ထွက်​လာကြတယ်။ အဲ့ဒီ​သက်သေခံ​လူငယ်​အုပ်စု​ထဲ​က အတော်များများဟာ အခုထိ ယေဟောဝါ​ကို တည်ကြည်​စွာ အမှုဆောင်​နေကြ​တုန်း​ပဲ။

ထောင်​ကနေ​ထွက်​လာပြီး​တဲ့​နောက် မိဘတွေ​နဲ့​အတူ ကျွန်တော်​ပြန်သွား​နေတယ်။ သိပ်​မကြာခင်​ပဲ နှစ်ခြင်း​ခံ​ပြီး​ခါ​စ စိတ်​ထက်သန်​တဲ့ သက်သေခံ​တစ်ယောက်​ဖြစ်သူ ဗီရာ​နဲ့ ရင်းနှီး​ကျွမ်းဝင်​လာပြီး ၁၉၅၇ ခုနှစ်​မှာ ကျွန်တော်​တို့ လက်ထပ်​လိုက်ကြတယ်။

ကျွန်တော်​တို့​ဘဝကို ပြောင်းလဲ​စေ​တဲ့​တစ်​ညနေခင်း

ဌာနခွဲရုံး​က တာဝန်​ရှိ​ညီအစ်ကို​တချို့​ဆီ သွား​လည်ပတ်​တဲ့ တစ်​ညနေခင်း​မှာ ညီအစ်ကို​တစ်ယောက်​က ကျွန်တော်​တို့ကို တိုက်နယ်​လုပ်ငန်းမှာ ပါဝင်​ချင်စိတ်​ရှိမရှိ​မေးတယ်။ တစ်ညလုံး ဆုတောင်း​ပြီး​တဲ့​နောက် ဌာနခွဲရုံး​ကို ဖုန်း​ဆက်​ပြီး ပါဝင်​ချင်​တယ်လို့​ပြော​လိုက်တယ်။ အချိန်ပြည့်​လုပ်ငန်း​ထဲ ခြေစုံပစ်​ဝင်​လိုက်တဲ့​အတွက် ဝင်ငွေ​ကောင်း​တဲ့​အလုပ်ကို စွန့်လွှတ်​လိုက်ရ​ပေမဲ့ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​ဖို့ ကျွန်တော်​တို့​စိတ်ပိုင်းဖြတ်​ထား​ကြတယ်။ ၁၉၅၇ ခုနှစ် ဒီဇင်ဘာ​လမှာ နယ်လှည့်​လုပ်ငန်းမှာ စ​ပါဝင်​တော့ ကျွန်တော့်​အသက်​က ၂၃ နှစ်​ဖြစ်​ပြီး ဗီရာ​က ၁၉ နှစ်ပဲ​ရှိသေးတယ်။ ဖင်လန်​နိုင်ငံ​က ယေဟောဝါ​ရဲ့​လူမျိုးတော်​ရှိတဲ့ အသင်းတော်​တွေ​မှာ သုံးနှစ်​ကြာ လည်ပတ်​အားပေးခဲ့​တာ​ကို ကျွန်တော်​တို့​ပျော်မွေ့​လို့​မဆုံး​ဘူး။

၁၉၆၀ ပြည့်နှစ်​နောက်ပိုင်း​မှာ နယူးယောက်၊ ဘ​ရွတ်​က​လင်​မှာ​ရှိတဲ့ ဂိလဒ်​ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်း​ကို တက်ရောက်​ဖို့ ဖိတ်ခေါ်​စာ​ရတယ်။ ဖင်လန်​နိုင်ငံ​က ကျွန်တော်​အပါအဝင် သုံးယောက်ဟာ ဌာနခွဲ​လုပ်ငန်းမှာ​လေ့ကျင့်ပေး​ဖို့ ဆယ်လ​အထူး​သင်တန်းတက်​ရတယ်။ ကျွန်တော်​တို့​ရဲ့​ဇနီးသည်​တွေ​က ဖင်လန်​ဌာနခွဲရုံး​မှာ အလုပ်လုပ်​ရင်း နေခဲ့​ရတယ်။

သင်တန်း​မဆင်း​ခင်​လေးမှာ အဲ့ဒီ​တုန်း​က ယေဟောဝါသက်သေ​တွေ​ရဲ့​ကမ္ဘာချီ​လုပ်ငန်း​ကို ကြီးကြပ်​နေတဲ့ နေသန် အိပ်ခ်ျ. နော​ရဲ့​ရုံးခန်း​မှာ လာ​သတင်းပို့​ဖို့ ကျွန်တော့်​ကို​ပြော​တယ်။ ညီအစ်ကို​နော​က ကျွန်တော်​တို့​ဇနီး​မောင်နှံကို အခု မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​လို့​ခေါ်​တဲ့ မဲ​လ​ဂ​က်​စီ​ပြည်​သူ့​သမ္မတနိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြု​တာဝန်​ထမ်း​ဖို့ ကမ်း​လှမ်း​တယ်။ ဒီ​တာဝန်​ကို ဗီရာ​ဘယ်လို​မြင်သလဲ​လို့ စာရေး​မေးတော့ သူက “ကောင်းတယ်” ဆိုပြီး​ချက်ချင်း ပြန်စာ​ရေး​လိုက်တယ်။ ဖင်လန်​နိုင်ငံ​ကို ကျွန်တော်​ပြန်​ရောက်တော့ မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​မှာ​သွား​နေဖို့​အတွက် အပြေးအလွှား​ပြင်ဆင်​ကြ​ရတာပေါ့။

ပျော်​လည်း​ပျော်​ရ စိတ်​လည်း​ပျက်​ရ

၁၉၆၂၊ ဇန်နဝါရီ​လ၊ ဖင်လန်​နိုင်ငံ​ရဲ့​ဆောင်း​ရာသီမှာ သား​မွေး​ဦးထုပ်​တွေ​ဆောင်း၊ အနွေးထည်​အ​ထူ​ကြီး​တွေ​ဝတ်​ပြီး အဲ့ဒီ​ကျွန်း​ရဲ့​မြို့တော်​ဖြစ်​တဲ့ အန်​ထ​န​န်​န​ရီ​ဗို​ကို လေယာဉ်​နဲ့​ထွက်ခွာ​လာကြတယ်။ အပူပိုင်း​ဒေသ​ဖြစ်​တဲ့ မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​ရဲ့ အပူရှိန်​ကြောင့် ကျွန်တော်​တို့​ရဲ့ အဝတ်အစား​တွေ​ကို ချက်ချင်း​လဲ​လိုက်ရတယ်။ ကျွန်တော်​တို့​ရဲ့ ပထမ​ဆုံး ခရစ်ယာန်​သာသနာပြု​အိမ်က အိပ်ခန်း​တစ်ခန်း​ပဲ​ပါ​တဲ့ အိမ်​ငယ်​လေး​ပဲ။ အဲဒီမှာ တခြား​ခရစ်ယာန်​သာသနာပြု​မောင်နှံ​တစ်စုံ ရောက်နေပြီး​သား​ဖြစ်​တဲ့​အတွက် ဗီရာ​နဲ့​ကျွန်တော်​က ဆင်ဝင်​အောက်မှာ အိပ်​ကြရတယ်။

မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​ရဲ့ ရုံး​သုံး​ဘာသာ​စကား​ဖြစ်​တဲ့ ပြင်သစ်​စကား​ကို ကျွန်တော်​တို့​စ​သင်ယူ​ကြတယ်။ ဒီမှာ​တင် အခက်တွေ့​ပါ​လေ​ရော။ ဘာဖြစ်​လို့လဲ​ဆိုတော့ ကျွန်တော်​တို့​နှစ်ယောက်စလုံး​က ကျွန်တော်​တို့ကို​စာ​သင်ပေးတဲ့​ညီမ ကာ​ဘို​နို​နဲ့ စကား​ချင်း​မှ မတူ​ပဲ​ကိုး။ သူက ကျွန်တော်​တို့ကို အင်္ဂလိပ်​လို​ပြော​ပြီး ပြင်သစ်​စကား​သင်ပေးပေမဲ့ ဗီရာ​က အင်္ဂလိပ်​စကား​မှ​မတတ်​တာ။ ဒါနဲ့ ကျွန်တော်​က ညီမ​ကာ​ဘို​နို​သင်ပေးတာ​တွေ​ကို ဗီရာ​နားလည်အောင် ဖင်လန်​စကား​နဲ့ တစ်ဆင့်​ဘာသာ​ပြန်ပေး​ရတယ်။ ဗီရာ​ဟာ ပညာရပ်​ဆိုင်ရာ​ဝေါဟာရ​တွေ​ကို ဆွီဒင်​လို​ကောင်းကောင်း​ကျွမ်းကျင်​တဲ့​အတွက် ပြင်သစ်​သဒ္ဒါ​ကို ဆွီဒင်​စကား​နဲ့ ကျွန်တော်​ရှင်း​ပြပေး​ခဲ့​တယ်။ မကြာခင်​မှာပဲ ကျွန်တော်​တို့​ရဲ့​ပြင်သစ်​စကား တော်​တော်​တိုးတက်လာ​ပြီး ဒေသခံ​ဘာသာ​စကား​ဖြစ်​တဲ့ မာ​လ​ဂ​က်​စီ​စကား​ကို စပြီး​သင်ယူ​ကြတယ်။

မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​မှာ ကျွန်တော့်​ရဲ့​ဦးဆုံး ကျမ်းစာ​သင်သားက​တော့ မာ​လ​ဂ​က်​စီ​စကား​တစ်မျိုး​ပဲ​ပြောတတ်​တဲ့ အမျိုးသား​တစ်ယောက်​ဖြစ်တယ်။ ကျမ်းပိုဒ်​တွေ​ကို ကျွန်တော့်​ရဲ့ ဖင်လန်​ကျမ်းစာ​မှာ အရင်​ဖွင့်​ကြည့်​ပြီး​မှ သူ့ရဲ့ မာ​လ​ဂ​က်​စီ​ကျမ်းစာ​ကို ဖွင့်​ကြည့်​ကြတယ်။ သူ့ကို ကျမ်းစာ​အကြောင်း နည်းနည်း​ပါး​ပါး​ပဲ ရှင်း​ပြပေး​နိုင်​ပေမဲ့ မကြာ​ပါ​ဘူး သူ့​နှလုံး​ထဲ ကျမ်းစာ​အမှန်တရား​ရောက်သွား​ပြီး နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်လာ​ခဲ့​တယ်။

၁၉၆၃ ခုနှစ်​မှာ မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​ကို ယေဟောဝါသက်သေ​တွေ​ရဲ့ ဘ​ရွတ်​က​လင်​ဌာနချုပ်​က မီလ်တန် ဟဲန်​ရှယ်​လ် လာ​လည်ပတ်​တယ်။ သိပ်​မကြာခင်​ပဲ မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​မှာ ဌာနခွဲရုံး​သစ်​ကို တည်ထောင်​လိုက်တဲ့​အတွက် ကျွန်တော်​ဟာ တိုက်နယ်​နဲ့​ခရိုင်​ကြီးကြပ်မှူး​အဖြစ် တာဝန်​ထမ်းဆောင်​ရတဲ့​အပြင် ဌာနခွဲရုံး​ကိုလည်း ကြီးကြပ်​ဖို့ တာဝန်​ပေး​ခံရ​တယ်။ ဒီလို​အမှုဆောင်​နေစဉ်​တစ်လျှောက်​လုံး ကျွန်တော်​တို့ကို ယေဟောဝါ အများကြီး​ကောင်းချီး​ပေး​ခဲ့​တယ်။ ၁၉၆၂ ကနေ ၁၉၇၀ ပြည့်နှစ်​အတွင်း မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​မှာ ဘုရားသခင့်​နိုင်ငံတော် ကြေညာသူ​အရေအတွက်ဟာ ၈၅ ယောက်​ကနေ ၄၆၉ ယောက်​အထိ တိုးပွား​လာခဲ့တယ်။

၁၉၇၀ ပြည့်နှစ်၊ တစ်ရက်​မှာ အမှုဆောင်​လုပ်ငန်း​ကနေ ကျွန်တော်​တို့​ပြန်ရောက်​လာတော့ ယေဟောဝါသက်သေ​တွေ​ရဲ့ ခရစ်ယာန်​သာသနာပြု​အားလုံး ပြည်ထဲရေး​ဝန်ကြီးရုံး​ကို လာ​သတင်းပို့​ကြဖို့ အမိန့်စာ​တစ်စောင်​ကို အိမ်​တံခါးဝ​မှာ တွေ့​လိုက်ရတယ်။ အဲ့ဒီ​ရုံး​မှာ အရာရှိ​တစ်ယောက်​က ကျွန်တော်​တို့ကို တိုင်းပြည်​ကနေ ချက်ချင်း​ထွက်ခွာ​ဖို့ အစိုးရ​က အမိန့်ထုတ်​လိုက်ပြီ​လို့ ပြောပြ​တယ်။ ဘာ​အပြစ်​လုပ်မိ​လို့ ကျွန်တော့်​ကို ပြည်နှင်ဒဏ်​ပေး​တာလဲ​လို့ မေးကြည့်​တော့ အဲ့ဒီ​အရာရှိ​က “ခင်ဗျား ဘာ​ပြစ်မှု​မှ​မကျူးလွန်​ပါ​ဘူး၊ မစ္စတာ က​ဝို​ကာန​န်” လို့​ပြော​တယ်။

“ကျွန်တော်​တို့ ဒီမှာ​နေ​လာတာ ရှစ်နှစ်​ရှိပြီ။ ဒါ ကျွန်တော်​တို့​ရဲ့​နေအိမ်​ပဲ။ ဘာ​အကြောင်းပြချက်​မှ​မရှိဘဲ ဒီလို​ရုတ်တရက် မ​ထွက်သွား​နိုင်​ပါ​ဘူး” လို့ ကျွန်တော်​ပြော​လိုက်တယ်။ ကျွန်တော်​တို့​ဘယ်လိုပဲ​ကြိုးစား​ပေမဲ့ ခရစ်ယာန်​သာသနာပြု​အားလုံး တစ်ပတ်​အတွင်း ထွက်ခွာ​ခဲ့​ရတယ်။ ဌာနခွဲရုံး​ကို ပိတ်​လိုက်ရ​ပြီး ဒေသခံ​သက်သေခံ​တစ်ယောက်​က​ပဲ လုပ်ငန်း​ကို ကြည့်ရှု​ခဲ့​ရတယ်။ မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​က ချစ်​ရတဲ့​ညီအစ်ကို​တွေ​နဲ့ မခွဲခွာ​ခင် ယူဂန္ဓာ​နိုင်ငံ​ကို​သွားဖို့ တာဝန်​အသစ် လက်ခံရ​ရှိခဲ့တယ်။

တာဝန်​အသစ် စတင်ခြင်း

မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​ကနေ ထွက်ခွာ​လာပြီး ရက်​အနည်းငယ်မှာပဲ ယူဂန္ဓာ​နိုင်ငံ​ရဲ့​မြို့တော် က​မ်​ပါ​လာ​ကို ကျွန်တော်​တို့ ရောက်လာ​ခဲ့​ကြတယ်။ နားထောင်​လို့​ကောင်း​တဲ့ သီချင်း​သံနဲ့​တူ​ပေမဲ့ သင်ယူ​ရ​အရမ်း​ခက်​တဲ့ ဘာသာ​စကား​ဖြစ်​တဲ့ လူ​ဂ​န္ဓာ​စကား​ကို ချက်ချင်းပဲ သင်ယူ​ခဲ့​ကြတယ်။ တခြား​ခရစ်ယာန်​သာသနာပြုတွေ​က ဗီရာ​ကို အင်္ဂလိပ်​စကား အရင်​သင်ပေး​ပြီး အဲ့ဒီ​စကား​နဲ့​ပဲ ထိထိရောက်ရောက် ဟောပြောနိုင်​ခဲ့​ကြတယ်။

က​မ်​ပါ​လာ​ရဲ့​အပူရှိန်၊ စွတ်​စိုထိုင်း​မှိုင်း​တဲ့ ရာသီဥတု​ကြောင့် ဗီရာ​ရဲ့​ကျန်းမာ​ရေး ထိခိုက်​ပါ​လေ​ရော။ ဒါနဲ့ ယူဂန္ဓာ​နိုင်ငံ​မှာ ရာသီဥတု ပို​သ​မမျှတ​တဲ့ အမ်​ဘာ​ရာ​ရာ​မြို့မှာ အမှုဆောင်ဖို့ တာဝန်ရ​ရှိခဲ့တယ်။ ကျွန်တော်​တို့​ဟာ အဲ့ဒီ​မြို့ကို ပထမ​ဆုံး​ရောက်လာ​တဲ့ သက်သေခံတွေ​ဖြစ်​ပြီး အမှုဆောင်တဲ့ ပထမ​ဆုံး​နေ့မှာပဲ အားရှိစရာ​တွေ့ကြုံ​မှု​ရ​လိုက်တယ်။ အိမ်​တစ်အိမ်​မှာ အမျိုးသား​တစ်ယောက်ကို ကျွန်တော်​သက်သေခံ​နေတုန်း သူ့​ဇနီး​က မီးဖိုချောင်​ကနေ ထွက်​လာတယ်။ ဇနီးသည်​နာမည်​က မာဂရက်​ဖြစ်တယ်။ ကျွန်တော်​ပြော​တာ​ကို သူ​နားထောင်တယ်။ မာဂရက်​ဟာ ဗီရာ​နဲ့ ကျမ်းစာ​စလေ့လာ​ပြီး ဝိညာဉ်​ရေး​မှာ ကောင်းကောင်း​တိုးတက်လာ​ခဲ့​တယ်။ အဲ့ဒီ​နောက် သူ​နှစ်ခြင်း​ခံ​လိုက်ပြီး စိတ်​ထက်သန်​တဲ့ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​တစ်ယောက် ဖြစ်လာ​တယ်။

လမ်းပေါ်​က တိုက်ပွဲ

၁၉၇၁ ခုနှစ်​မှာ ပြည်တွင်းစစ်​ဖြစ်​တော့ ယူဂန္ဓာ​နိုင်ငံ​မှာ ကျွန်တော်​တို့​ရဲ့ အေးချမ်း​ငြိမ်သက်မှု ပျက်ပြား​သွားတယ်။ တစ်ရက်​ကျ​တော့ အမ်​ဘာ​ရာ​ရာ​မြို့က ကျွန်တော်​တို့​ရဲ့ ခရစ်ယာန်​သာသနာပြု​အိမ်​အနီးမှာ​ပဲ တိုက်ပွဲ​ဖြစ်တယ်။ ဒီ​မှတ်တမ်း​ရဲ့​အစပိုင်း​မှာ ဖော်ပြ​ခဲ့​တဲ့ ကျွန်တော်​ရဲ့​တွေ့ကြုံ​မှု​က ဒီ​အချိန်​မှာ​ဖြစ်​ခဲ့​တာ။

စစ်သား​တွေ​မမြင်​အောင် ရေ​မြောင်း​တစ်လျှောက် တွားသွား​ပြီး အိမ်ပြန်ရောက်​လာတော့ ဗီရာ​က ရောက်​နှင့်​နေပြီ။ အိမ်​ရဲ့​ထောင့်​တစ်ထောင့်​မှာ “ခံတပ်” အနေ​နဲ့ မွေ့ရာ​တွေ၊ ပရိဘောဂ​တွေ ကာ​ထား​လိုက်ကြတယ်။ ရေဒီယို​သတင်း​နားထောင်​ရင်း အိမ်တွင်း​အောင်း​နေတာ တစ်ပတ်​ကြာ​သွားတယ်။ တစ်ခါ​တ​လေ ခံတပ်​ထဲမှာ ကျွန်တော်​တို့​ဝပ်​နေတဲ့​အခါ ကျည်ဆန်​တွေ​က နံရံ​ကို​ထိမှန်​ပြီး စဉ်​ထွက်​လာတယ်။ ည​မှာ ကျွန်တော်​တို့​ရှိနေတာကို မသိ​စေ​ချင်​လို့ မီး​မ​ဖွင့်​ဘူး။ တစ်ခါ​က စစ်သား​တွေ အိမ်​တံခါးဝ​ရောက်လာ​ပြီး အော်ခေါ်​ကြတယ်။ ကျွန်တော်​တို့ မ​လှုပ်​မ​ယှက်​နေပြီး တိတ်တိတ်လေး ယေဟောဝါ​ဆီ ဆုတောင်း​နေ​လိုက်တယ်။ တိုက်ပွဲ​ပြီးသွား​တော့ အိမ်နီးချင်းတွေ​ရောက်လာ​ပြီး သူတို့​ဘေးကင်း​လုံခြုံတဲ့​အတွက် ကျွန်တော်​တို့ကို ကျေးဇူး​တင်​ခဲ့​ကြတယ်။ ကျွန်တော်​တို့အားလုံး​ကို ယေဟောဝါ​ကာကွယ်​ပေး​တယ်လို့ သူတို့​ယုံကြည်​သလို ကျွန်တော်​တို့​လည်း ယုံကြည်တယ်။

ယူဂန္ဓာ​အစိုးရ​က ယေဟောဝါ​သက်သေတွေကို ပိတ်ပင်​လိုက်ပြီ​လို့ ရေဒီယို​ကနေ ကြား​လိုက်ရ​တဲ့​တစ်မနက်​အထိ​တော့ အခြေအနေ​တွေ​က အေးအေးဆေးဆေး​ပဲ။ သတင်း​ကြေညာ​သူက ယေဟောဝါသက်သေ​တွေ​အားလုံး သူတို့ရဲ့​အရင်​ဘာသာ​ကို ပြန်ဝင်​သင့်တယ်လို့ ကြေညာ​တယ်။ ကျွန်တော်​တို့​ရဲ့​ကိစ္စ​ကို အစိုးရ​အရာရှိ​တွေ​ဆီ လျှောက်​လဲ​ပြောဆို​ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါနဲ့ သမ္မတ အီဒီအာမင်​ရဲ့​ရုံးခန်း​ကို ကျွန်တော်​သွားပြီး တွေ့ ခွင့်​တောင်း​တယ်။ ဧည့်ကြို​က သမ္မတ အလုပ်များ​နေတယ်လို့ ပြောပြ​တယ်။ အကြိမ်ကြိမ်​ပြန်သွား​ပေမဲ့ သမ္မတ​နဲ့ တွေ့ခွင့်​မရခဲ့​ပါ​ဘူး။ နောက်ဆုံး ၁၉၇၃ ခုနှစ် ဇူလိုင်​လမှာ ယူဂန္ဓာ​နိုင်ငံ​ကနေ ကျွန်တော်​တို့ ထွက်ခွာ​ခဲ့​ရတယ်။

တစ်နှစ်​ဆိုပေမဲ့ ဆယ်နှစ်​ကြာ​သွား

ကျွန်တော်​တို့​ချစ်ခင်​ရတဲ့ ယူဂန္ဓာ​ညီအစ်ကို​တွေ​ကို ကျောခိုင်း​ရချိန်မှာ မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​ကနေ မောင်းထုတ်​ခံရ​တုန်း​ကလို​ပဲ ဝမ်းနည်း​ရ​ပြန်​တယ်။ တာဝန်ကျ​ရာ စီ​နီ​ဂဲ​လ်​နိုင်ငံ​ကို​မသွား​ခင် ဖင်လန်​နိုင်ငံ​ကို​သွား​လိုက်တယ်။ ဟို​ရောက်တော့ အာဖရိက​ကို​သွားဖို့​တာဝန် ပယ်ဖျက်​လိုက်ပြီး ဖင်လန်​နိုင်ငံ​မှာပဲ​နေဖို့ ကျွန်တော်​တို့ကို​ပြော​တယ်။ ကျွန်တော်​တို့​ရဲ့ ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​က ပြီးဆုံး​သွား​ပုံ​ရတယ်။ ဖင်လန်​နိုင်ငံ​မှာ အထူး​ရှေ့ဆောင်​အဖြစ် အမှုဆောင်တယ်။ အဲ့ဒီ​နောက် တိုက်နယ်​လုပ်ငန်းမှာ ပြန်ပါ​ဝင်ခဲ့တယ်။

၁၉၉၀ ပြည့်နှစ်​ရောက်တော့ မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​က​လုပ်ငန်း​ကို ဆန့်ကျင်​တာ​တွေ လျော့နည်း​သွားတယ်။ ဒါနဲ့ ဘ​ရွတ်​က​လင်​ဌာနချုပ်​က ကျွန်တော်​တို့ကို အဲဒီ​ကျွန်း​မှာ တစ်နှစ်​အမှုဆောင်​နိုင်​မလားလို့​မေးတော့ အံ့သြ​ဝမ်းသာ​သွားတယ်။ ကျွန်တော်​တို့​သွား​ချင်​ပေမဲ့ ပြဿနာကြီး​နှစ်ခု​ကို ရင်ဆိုင်​နေ​ရတယ်။ ကျွန်တော့်​ရဲ့ အသက်အရွယ်​အိုမင်း​နေပြီ​ဖြစ်​တဲ့ ဖခင်​ကို ကြည့်ရှု​စောင့်ရှောက်​ဖို့​လို​ပြီး ဗီရာ​က​လည်း ကျန်းမာ​ရေး​မကောင်း​ပြန်​ဘူး။ ၁၉၉၀၊ နိုဝင်ဘာ​လမှာ အဖေ​ဆုံးသွား​တဲ့​အတွက် ဝမ်းနည်း​ရပေမဲ့ ဗီရာ​ရဲ့​ကျန်းမာ​ရေး တိုးတက်လာ​လို့ ခရစ်ယာန်​သာသနာပြု​လုပ်ငန်းမှာ ပြန်ပါ​ဝင်နိုင်​တဲ့​မျှော်လင့်ချက်​ရှိ​လာတယ်။ မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​ကို ၁၉၉၁ ခုနှစ် စက်တင်ဘာ​လမှာ ပြန်သွား​ခဲ့​ကြတယ်။

မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​မှာ တစ်နှစ်​ပဲ အမှုဆောင်​ရမှာ​ဆိုပေမဲ့ ဆယ်နှစ်​ကြာ​သွားတယ်။ အဲ့ဒီ​အချိန်အတွင်း​မှာ ကြေညာသူ​အရေအတွက်​က ၄,၀၀၀ ကနေ ၁၁,၆၀၀ အထိ တိုးများ​လာခဲ့တယ်။ ခရစ်ယာန်​သာသနာပြု​အဖြစ် အမှုဆောင်​ရတာကို ကျွန်တော်​အရမ်း​နှစ်ခြိုက်​တယ်။ ကျွန်တော်​ချစ်​ရတဲ့ ဇနီးသည်​ရဲ့ ကာယရေး​နဲ့ စိတ်ပိုင်း​ဆိုင်ရာ လိုအပ်ချက်​တွေ​ကို လျစ်လျူရှု​မိ​နေပြီလား​လို့ တွေးမိ​တိုင်း စိတ်မကောင်း​ဖြစ်​ရတဲ့အခါ​တွေ​ရှိတယ်။ ဒါပေမဲ့ ကျွန်တော်​တို့​နှစ်ယောက်စလုံး​ကို ယေဟောဝါ ဆက်​ခွန်​အားပေးခဲ့​ပါ​တယ်။ နောက်ဆုံး ၂၀၀၁ ခုနှစ်​မှာ ဖင်လန်​နိုင်ငံ​ကို ပြန်ရောက်​လာပြီး ဌာနခွဲရုံး​မှာ အမှုဆောင်​ကြတယ်။ ဘုရားသခင့်​နိုင်ငံတော်​အတွက် ကျွန်တော်​တို့​ရဲ့​ဇွဲ​က ထက်သန်​နေတုန်းပဲ။ အာဖရိက​မှာ အမှုဆောင်ခဲ့တာ​တွေ​ကိုလည်း အမှတ်ရ​ပြီး တန်ဖိုး​ထား​ဆဲ​ပါ။ ယေဟောဝါ ကျွန်တော်​တို့ကို ဘယ်​နေရာမှာပဲ တာဝန်​ပေး​ပါစေ ကိုယ်တော့်​အလိုတော်အတိုင်း ဖြစ်စေ​ရပါမယ်​လို့ သန္နိ​ဋ္ဌာန်​ချထား​ပါ​တယ်။—ဟေရှာယ ၆:၈

[စာမျက်နှာ ၁၂ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဖင်လန်

ဥရောပ

[စာမျက်နှာ ၁၄ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

အာဖရိက

မာ​ဒါ​ဂ​က်​စ​ကာ

[စာမျက်နှာ ၁၅ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

အာဖရိက

ယူဂန္ဓာ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ကျွန်တော်​တို့ လက်ထပ်​သည့်​နေ့

[စာမျက်နှာ ၁၄၊ ၁၅ ပါ ရုပ်ပုံ]

ဖင်လန်​နိုင်ငံ​တွင် တိုက်နယ်​လှည့်​ခဲ့​သည့် ၁၉၆၀ ပြည့်နှစ်​မှ​စ၍ . . .

. . . မာ​ဒါ​ဂ​က်​စ​ကာ​ကျွန်း​တွင် ခရစ်ယာန်​သာသနာပြု​ခဲ့​သည့် ၁၉၆၂ ခုနှစ်​အထိ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယနေ့ ဗီရာ​နှင့်အတူ