သမ္မာကျမ်းစာကို နားလည်သဘောပေါက်ခြင်း အဘယ်အရာက ကူညီပေးမည်နည်း
သမ္မာကျမ်းစာကို နားလည်သဘောပေါက်ခြင်း အဘယ်အရာက ကူညီပေးမည်နည်း
“ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်။” (လုကာ ၁၀:၂၁) ကောင်းကင်ခမည်းတော်ထံ ယေရှုမြွက်ဆိုခဲ့သော ထိုစကားများက သမ္မာကျမ်းစာကို နားလည်လိုလျှင် စိတ်သဘောထားမှန်ရှိရမည်ဖြစ်ကြောင်း ဖော်ပြသည်။ နှိမ့်ချ မှုရှိပြီး သင်ယူလိုစိတ်ရှိသူများသာ အမှန်နားလည်နိုင်မည့် စာအုပ်တစ်အုပ် ရေးသားစေခြင်းက ယေဟောဝါ၏ဉာဏ်ပညာကို ပေါ်လွင်စေသည်။
ကျွန်ုပ်တို့အများစုသည် နှိမ့်ချမှုပြရန် မလွယ်ကူချေ။ ကျွန်ုပ်တို့အားလုံး မာနကြီးသည့်သဘောကို အမွေရရှိထားကြသည်။ ထို့ပြင် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ . . . သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ” တို့ရှိနေသည့် “ခဲယဉ်းသောကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်နေရသည်။ (၂ တိမောသေ ၃:၁-၄) ယင်းသဘောထားများသည် သမ္မာကျမ်းစာကိုနားလည်နိုင်ရန် အဟန့်အတားဖြစ်စေ၏။ ပတ်ဝန်းကျင်ရှိ ထိုသဘောထားများက ကျွန်ုပ်တို့ကို အတော်အတန် ဩဇာလွှမ်းနေသည်မှာ ဝမ်းနည်းစရာပင်။ သို့ဆိုလျှင် သမ္မာကျမ်းစာကိုနားလည်နိုင်ရန် လိုအပ်သည့်စိတ်သဘောထားကို မည်သို့မွေးမြူနိုင်မည်နည်း။
စိတ်နှလုံးကို အသင့်ပြင်ဆင်ခြင်း
ရှေးခေတ်တွင် ဘုရားသခင့်လူမျိုးတော်ကိုဦးဆောင်ခဲ့သူ ဧဇရသည် ‘ယေဟောဝါ၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာ စိတ်နှလုံးကို အသင့်ပြင်ဆင်’ ခဲ့၏။ (ဧဇရ ၇:၁၀၊ ကဘ) ကျွန်ုပ်တို့၏နှလုံးကို အသင့်ပြင်ဆင်နိုင်သည့် နည်းလမ်းများရှိသလော။ ရှိပါသည်။ ဦးဆုံး သမ္မာကျမ်းစာအပေါ် အမြင်မှန်ရှိရမည်။ တမန်တော်ပေါလုက ‘ငါတို့ဟောပြောသော ဘုရားသခင်၏နှုတ်မြွတ်တရားကို သင်တို့သည် ခံယူကြသောအခါ လူ၏နှုတ်ထွက်စကားကဲ့သို့ မခံမယူဘဲ ဘုရားသခင်၏နှုတ်မြွက်တော်အမှန်ဖြစ်သည်’ ဟူ၍ ခံယူကြကြောင်း ခရစ်ယာန်ရောင်းရင်းများထံ စာရေးခဲ့သည်။ (၁ သက်သာလောနိတ် ၂:၁၃) သမ္မာကျမ်းစာကိုရေးသားရန် လူတို့ကို ယေဟောဝါအသုံးပြုခဲ့သော်လည်း သူတို့ရေးသားသော သတင်းစကားမှာ ဘုရားသခင်ထံတော်မှဖြစ်သည်။ ဤအရေးကြီးသောအချက်ကို အသိအမှတ်ပြုခြင်းက ကျွန်ုပ်တို့ဖတ်ရှုရာကို ခံယူရန် ပိုမိုလွယ်ကူစေပါလိမ့်မည်။—၂ တိမောသေ ၃:၁၆။
နှလုံးကိုအသင့်ပြင်ဆင်နိုင်သည့် နောက်တစ်နည်းမှာ ဆုတောင်းခြင်းအားဖြင့်ဖြစ်၏။ သမ္မာကျမ်းစာကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် မှုတ်သွင်းရေးသားခဲ့သောကြောင့် ထိုဝိညာဉ်တော်အကူအညီဖြင့်သာ ယင်းကို နားလည်နိုင်ပေမည်။ ထိုအကူအညီရရန် ဆုတောင်းရမည်။ ‘အကျွန်ုပ်ကို နားလည်စေတော်မူပါ။ တရားတော်ကို စောင့်ရှောက်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်’ ဟုရေးခဲ့သူ ဆာလံဆရာသည် ထိုအချက်ကို အလေးထားခဲ့ကြောင်း သတိပြုပါ။ (ဆာလံ ၁၁၉:၃၄၊ သမ္မာ) ရေးသားထားရာကို သဘောပေါက်နားလည်နိုင်မည့် ဉာဏ်ကိုသာမက ယင်းတို့ကိုခံယူနိုင်မည့် စိတ်သဘောထားမျိုး ပေးသနားပါရန် ဆုတောင်းရမည်။ သမ္မာကျမ်းစာကိုနားလည်နိုင်ရန် မှန်ကန်ရာကိုလက်ခံဖို့ အသင့်ရှိရမည်။
စိတ်သဘောထားမှန်ရှိရန် အလေးအနက်ဆင်ခြင်သုံးသပ်စဉ် ကျမ်းစာလေ့လာခြင်းက သင့်ကို မည်သို့ကူညီပေးနိုင်ကြောင်း ထည့်သုံးသပ်ပါ။ သမ္မာကျမ်းစာကိုဖတ်ရှုရန် အကြောင်းကောင်းများစွာရှိသော်လည်း အရေးအကြီးဆုံးအကြောင်းရင်းမှာ ဘုရားသခင်ထံချဉ်းကပ်ရန် ယင်းက ကျွန်ုပ်တို့ကို ကူညီပေးနိုင်ခြင်းဖြစ်သည်။ (ယာကုပ် ၄:၈) ယေဟောဝါသည် အခြေအနေအသီးသီးကို မည်သို့တုံ့ပြန်ကြောင်း၊ ကိုယ်တော်အား ချစ်မြတ်နိုးသူများကို မည်မျှတန်ဖိုးထားကြောင်း၊ ကိုယ်တော်အား စွန့်ခွာသွားသူတို့ကိုမူ မည်သို့အရေးယူကြောင်း ဖတ်ရှုရသည့်အခါ ကိုယ်တော်သည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း သိမြင်လာသည်။ သမ္မာကျမ်းစာဖတ်ရှုရာတွင် ကျွန်ုပ်တို့၏ရည်ရွယ်ရင်းမှာ ဘုရားသခင်အား ပိုမိုသိကျွမ်းလာရန်၊ သို့ဖြင့် ကိုယ်တော်နှင့်ဆက်ဆံရေး ခိုင်မြဲနေစေရန် အစဉ်ဖြစ်သင့်သည်။
စိတ်သဘောထားမှန်ရှိရန် ဟန့်တားသည့်အရာများ
သမ္မာကျမ်းစာကိုနားလည်နိုင်ရန် ဟန့်တားသည့်အရာကား အဘယ်နည်း။ အတားအဆီးတစ်ခုမှာ တလွဲသစ္စာစောင့်သိခြင်းဖြစ်၏။ ဥပမာ၊ သင်အထင်ကြီးလေးစားရသူတချို့၏ ယုံကြည်ချက်များနှင့် ယူဆချက်များကို သင်စွဲကိုင်ထားပေမည်။ သို့ရာတွင် ထိုသူတို့သည် သမ္မာကျမ်းစာအမှန်တရားကို အမှန် ထောက်ခံခြင်းမရှိ၊ တန်ဖိုးထားခြင်းမရှိလျှင် အသို့နည်း။ ထိုအခြေအနေမျိုးတွင် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာများကို နားလည်ရန် စိန်ခေါ်ချက်ဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သွန်သင်ခံရသည့်အရာကို အသေအချာဆန်းစစ်ရန် သမ္မာကျမ်းစာက တိုက်တွန်းထားသည်။—၁ သက်သာလောနိတ် ၅:၂၁။
ယေရှု၏မိခင်မာရိသည် ထိုစိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ရသည်။ သူသည် ဂျူးထုံးတမ်းစဉ်လာအောက်တွင် ကြီးပြင်းလာခဲ့သည်။ မောရှေပညတ်ကို တလေးတစားလိုက်နာပြီး တရားဇရပ်သို့သွားခဲ့မည်မှာ သေချာသည်။ သူ့မိဘများ၏ဝတ်ပြုရေးပုံစံကို ဘုရားသခင်လက်မခံတော့ကြောင်း နောက်ပိုင်းတွင် သူသိရှိခဲ့သည်။ ထို့ကြောင့် မာရိသည် ယေရှု၏သွန်သင်ချက်ကို လက်ခံပြီး ခရစ်ယာန်အသင်းတော်၏ ဦးဆုံးအသင်းသားများတွင် တစ်ဦးအဝင်ဖြစ်ခဲ့သည်။ (တမန်တော် ၁:၁၃၊ ၁၄) ယင်းက မိဘများနှင့် သူတို့၏ဓလေ့ထုံးတမ်းများကို မလေးမစားပြုခြင်းမဟုတ်ဘဲ ဘုရားသခင်အား ချစ်မြတ်နိုးကြောင်း ဖော်ပြခြင်းဖြစ်၏။ ကျွန်ုပ်တို့လည်း သမ္မာကျမ်းစာမှ အကျိုးရရှိလိုလျှင် မာရိနည်းတူ မည်သူ့ထက်မဆို ဘုရားသခင်အပေါ် ကျေးဇူးသစ္စာစောင့်သိရမည်။
ဝမ်းနည်းစရာမှာ လူအများသည် ကျမ်းစာအမှန်တရားကို တန်ဖိုးထားလေးမြတ်ခြင်းမရှိပေ။ အချို့သူတို့သည် မှားယွင်းသောအယူများတွင်အခြေပြုသော ဘာသာရေးထုံးတမ်းစဉ်လာများနှင့် ကျေနပ်နေကြသည်။ အခြားသူတို့မှာမူ မိမိတို့၏အပြောအဆို၊ ဘဝလမ်းစဉ်ဖြင့် သမ္မာကျမ်းစာကို မလေးစားကြောင်း ဖော်ပြနေကြသည်။ သို့ဖြစ်၍ ကျမ်းစာအမှန်တရားကို ခံယူရာတွင် စွန့်လွှတ်ရမည့်အရာများရှိသည်။ မိတ်ဆွေများ၊ အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုပင် သင်နှင့် မသင့်မမြတ်ဖြစ်လာပေမည်။ (ယောဟန် ၁၇:၁၄) မည်သို့ပင်ဖြစ်စေ၊ “သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်” ဟုပညာရှိတစ်ဦး ရေးသားခဲ့၏။ (သု. ၂၃:၂၃) အမှန်တရားကို သင်တန်ဖိုးထားလေးမြတ်လျှင် သမ္မာကျမ်းစာကိုနားလည်နိုင်ရန် ယေဟောဝါကူညီတော်မူမည်။
ကျမ်းစာသတင်းတရားကို နားလည်ရန် ဟန့်တားသည့်အရာ နောက်တစ်ခုမှာ ယင်းကို လက်တွေ့ကျင့်သုံးရန် ဆန္ဒမရှိခြင်းဖြစ်၏။ ယေရှုသည် တပည့်များအား ဤသို့ဆို၏– “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ။ အကြောင်းမူကား . . . သူတို့စိတ်နှလုံးသည် မိုက်လျက်၊ နားသည် ထိုင်းလျက် . . . ရှိကြ၏။” (မဿဲ ၁၃:၁၁၊ ၁၅) ထိုသူအများစုမှာ ယေရှုဟောပြောသွန်သင်ရာကို မသိကျိုးကျွန်ပြုပြီး ပြုပြင်ပြောင်းလဲလိုစိတ် မရှိကြပေ။ ယေရှုမိန့်ဆိုခဲ့သောပုံဥပမာတစ်ခုမှ ကုန်သည်နှင့် အလွန်ကွာခြားလှသည်တကား။ ကုန်သည်မှာ အလွန်အဖိုးထိုက်သောပုလဲကို တွေ့ရှိသည်နှင့် ယင်းကိုဝယ်ယူနိုင်ရန် သူပိုင်ဆိုင်သမျှကို ချက်ချင်းရောင်းချခဲ့သည်။ ကျွန်ုပ်တို့လည်း ကျမ်းစာအမှန်တရား နားလည်ခြင်းကို ထပ်တူတန်ဖိုးထားသင့်သည်။—မဿဲ ၁၃:၄၅၊ ၄၆။
သင်ယူလိုစိတ်ရှိသူဖြစ်ခြင်း၏ စိန်ခေါ်ချက်
ကျမ်းစာကို နားလည်သဘောပေါက်ရန် အဓိကစိန်ခေါ်ချက်မှာ သင်ယူလိုစိတ်ရှိခြင်းနှင့်ဆိုင်သည်။ တစ်စုံတစ်ဦးသည် မိမိထက်အဆင့်နိမ့်သူတစ်ဦးထံမှ အယူအဆသစ်တစ်ခုကို လက်ခံရန် ခက်ခဲနေပေမည်။ သို့သော် ယေရှုခရစ်၏တမန်တော်များသည် “လူတတ်မဟုတ်၊ လူသာမညသာ” ဖြစ်ခဲ့ကြသည်။ (တမန်တော် ၄:၁၃) ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကို ပေါလုဤသို့ရှင်းပြခဲ့၏– “ညီအစ်ကိုတို့၊ သင်တို့ကိုခေါ်တော်မူခြင်းအကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကပညာရှိ အများမပါ။ ထင်ရှားသောလူကြီး အများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူ အများမပါ။ ဘုရားသခင်သည် ပညာရှိတို့ကိုရှက်ကြောက်စေခြင်းငှာ လောကအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။” (၁ ကောရိန္သု ၁:၂၆၊ ၂၇) မိမိထက်အဆင့်နိမ့်သူတစ်ဦး၏ သွန်သင်မှုကို နှိမ့်ချစွာလက်ခံရန် ခက်ခဲနေပါက သင့်ကိုသွန်သင်ရန် ထိုသူအား ဘုရားသခင်အသုံးပြုနေခြင်းသာဖြစ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့၏ ‘မဟာသွန်သင်ရှင်’ ယေဟောဝါ၏သွန်သင်မှုကို ခံယူရခြင်းထက် သာ၍ထူးမြတ်သည့်အခွင့်အရေး ရှိပါဦးမည်လော။—ဟေရှာယ ၃၀:၂၀; ၅၄:၁၃။
မိမိထက်အဆင့်နိမ့်သူတစ်ဦးထံမှ ညွှန်ကြားချက်ကို လက်ခံရန် အခက်တွေ့ခဲ့သူတစ်ဦးမှာ ရှုရိစစ်ဗိုလ်ချုပ် နေမန်ဖြစ်၏။ သူ၏နူနာရောဂါအတွက် ကုသမှုခံယူရန် ယေဟောဝါ၏ပရောဖက်ဧလိရှဲကို သွားတွေ့ခဲ့သည်။ သို့သော် ကုသနည်းအတွက် ဘုရားသခင်၏ညွှန်ကြားချက်သည် အစေခံတစ်ဦးမှတစ်ဆင့် နေမန်ထံသို့ သတင်းရောက်လာသည်။ နေမန်သည် ယင်းသတင်းစကားနှင့် သတင်းပို့နည်းကို နှိမ့်ချစွာ မခံယူလိုသောကြောင့် အစပိုင်းတွင် ဘုရားသခင့်ပရောဖက်စကားကို မနာခံခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် သူ၏သဘောထားကို ပြုပြင်ပြောင်းလဲလိုက်ပြီး ရောဂါပျောက်ကင်းခဲ့လေသည်။ (၄ ဓမ္မရာဇဝင် ၅:၉-၁၄) ကျွန်ုပ်တို့လည်း သမ္မာကျမ်းစာကိုဖတ်ရှုသည့်အခါ အလားတူတွေ့ ကြုံရပေမည်။ ဝိညာဉ်ရေးနှင့် ကျင့်ဝတ်ပိုင်းတွင် ကုစားခံရရန် ဘဝပုံစံအသစ်ကို လိုက်လျှောက်ဖို့လိုကြောင်း သိရှိလာပေမည်။ ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာကို တစ်ဦးဦးက သွန်သင်ပေးလျှင် နှိမ့်ချစွာလက်ခံပါမည်လော။ သင်ယူလိုသောစိတ်သဘောထားရှိသူများသာ ကျမ်းစာကို သဘောပေါက်နားလည်နိုင်မည်။
အဲသယောပိပြည်ကိုအစိုးရသော ကန္ဒက်ဘုရင်မ၏ ဘုန်းကြီးသောအမတ်တစ်ဦးသည် သဘောထားမှန် တင်ပြခဲ့သည်။ သူသည် မြင်းရထားစီးပြီး အဲသယောပိပြည်သို့ပြန်လာစဉ် ဖိလိပ္ပုသည် ပြေးလိုက်လာကာ သူ့ထံချဉ်းကပ်လေသည်။ ထို့နောက် ဖတ်ရှုသည့်အရာကို နားလည်သလောဟုမေးသော် ထိုအမတ်က “သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်း” ဟုနှိမ့်ချစွာဖြေဆိုခဲ့၏။ ထိုအမတ်သည် ကျမ်းစာကို သဘောပေါက်နားလည်သွားသောအခါ နှစ်ခြင်းခံခဲ့သည်။ ထို့နောက် “ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏။”—တမန်တော် ၈:၂၇-၃၉။
ယေဟောဝါသက်သေအများစုသည် သာမန်လူများဖြစ်ကြ၏။ သူတို့သည် ပတ်စဉ် လူခြောက်သန်းကျော်နှင့် အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပလျက်ရှိသည်။ သမ္မာကျမ်းစာသည် အကောင်းဆုံးဘဝလမ်းစဉ်ကို သွန်သင်ပေးသည်၊ လူတို့အတွက် တစ်ခုတည်းသော စိတ်ချရသည့်မျှော်လင့်ချက်ကို ဖော်ပြပေးပြီး ဘုရားသခင်အား မည်သို့သိကျွမ်းလာနိုင်ကြောင်း ညွှန်ပြပေးသည်။ သို့ဖြစ်၍ သမ္မာကျမ်းစာကိုလေ့လာကာ ယင်းကို သဘောပေါက်နားလည်ခြင်းဖြင့် အတိုင်းမသိပျော်ရွှင်ရကြောင်း သန်းနှင့်ချီသူတို့ တွေ့ရှိခဲ့ကြသည်။ ထိုပျော်ရွှင်ကျေနပ်မှုကို အသင်လည်း ရနိုင်ပါသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
နေမန်သည် အစေခံတစ်ဦးထံမှ ညွှန်ကြားချက်များကို လက်ခံရန် အခက်တွေ့ ခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကျမ်းစာကို သဘောပေါက်နားလည်ခြင်းက ပျော်ရွှင်ကျေနပ်စေ