မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို သဘောပေါက်နားလည်ခြင်း ပျော်ရွှင်ကျေနပ်မှု ပေးသောအရာ

သမ္မာကျမ်းစာကို သဘောပေါက်နားလည်ခြင်း ပျော်ရွှင်ကျေနပ်မှု ပေးသောအရာ

သမ္မာကျမ်းစာ​ကို သဘောပေါက်​နားလည်ခြင်း ပျော်ရွှင်​ကျေနပ်မှု ပေး​သော​အရာ

သမ္မာကျမ်းစာ​တွင် ဘုရားသခင်​ထံ​မှ အဖိုးထိုက်​အမှန်တရား​များ ပါရှိ​သည်။ ယင်းသည် ဘဝ​ရည်ရွယ်ချက်​အကြောင်း၊ လူ့​ဆင်းရဲ​ခက်ခဲ​မှုများ​ရှိ​ရသည့်​အကြောင်းရင်း​နှင့် လူသား​တို့၏​အနာဂတ်​အကြောင်း ဖော်​ပြပေး​သည်။ ပျော်ရွှင်မှု​ကို မည်သို့​ရရှိနိုင်​ကြောင်း၊ မည်သို့​မိတ်ဆွေဖွဲ့​နိုင်​ကြောင်း၊ ပြဿနာ​များ​ကို အောင်မြင်စွာ မည်သို့​ဖြေရှင်း​နိုင်​ကြောင်း သွန်သင်ပေး​သည်။ ထို့​ထက်​ကား ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင် ကောင်းကင်​ခမည်းတော် ယေဟောဝါ​အကြောင်း သိရှိ​စေ​သည်။ အဆိုပါ​အသိပညာ​များ​က ကျွန်ုပ်​တို့အား ပျော် ရွှင်​စေ​ကာ ဘဝကို​အဓိပ္ပာယ်​ရှိစေသည်။

သမ္မာကျမ်းစာ​တွင် ဘုရားသခင်​အကြောင်း ဆည်းပူး​လေ့လာခြင်း​ကို အစာ​စားခြင်း​နှင့် ခိုင်းနှိုင်း​ထား​၏။ “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်” ဟု​ယေရှု​မိန့်ဆိုခဲ့သည်။ (မဿဲ ၄:၄; ဟေဗြဲ ၅:၁၂-၁၄) ကျွန်ုပ်​တို့​အသက်ဆက်​နိုင်​ရန် အာဟာရ​ရှိသော​အစာကို နေ့စဉ်​စားသုံး​ရသကဲ့သို့ ထာဝရ​အသက်ပေး​မည်​ဟူသော ဘုရားသခင့်​ကတိတော်​မှ အကျိုး​ခံစား​နိုင်​ရန် သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ရှု​ဖို့​လို​သည်။

အစာ​စားခြင်း​ကို ကျွန်ုပ်​တို့​နှစ်သက်​ရခြင်း​မှာ ကျွန်ုပ်​တို့ ဖန်ဆင်း​ခံရ​ပုံ​ကြောင့်​နှင့် ယင်းသည် အခြေခံ​လိုအပ်ရာ​ကို ဖြည့်ဆည်း​ပေး​သောကြောင့်​ဖြစ်၏။ သို့ရာတွင် ပျော်ရွှင်မှု​ရ​လို​ပါ​က ဖြည့်ဆည်း​ပေး​ရမည့် အခြေခံ​လိုအပ်ချက် နောက်တစ်ခု​ရှိသည်။ “ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြုမိ​သူများ​သည် ပျော်ရွှင်​ကြ​၏” ဟု​ယေရှု​မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၃က​ဘ) သမ္မာကျမ်းစာ​ကို သဘောပေါက်​နားလည်ခြင်း​ဖြင့် အဆိုပါ​လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး​နိုင်သော​ကြောင့် ကျွန်ုပ်​တို့ ပျော်ရွှင်မှု​ရနိုင်​ပါ​သည်။

အချို့​သူတို့​အတွက် သမ္မာကျမ်းစာ​ကို​နားလည်​ရန် ခက်ခဲ​သည်​မှာ မှန်ပါသည်။ ဥပမာ၊ သင်​နှင့်​အကျွမ်းတဝင်​မရှိသော ထုံးစံ​များ သို့​မဟုတ် တင်စား​ဖော်ပြချက်များ​ပါ​သည့် ကျမ်းချက်​များ​ကို နားလည်​နိုင်​ရန် အကူအညီ​လို​ပေမည်။ ထို့​ပြင် အခြား​ကျမ်းချက်​များနှင့် ယှဉ်​ကြည့်​မှ​သာ နားလည်​နိုင်​မည့် ပုံဆောင်​စကား​ဖြင့်​ရေးထား​သော ပရောဖက်ပြုချက်​များ​ပါရှိ​သည်။ (ဒံယေလ ၇:၁-၇; ဗျာ. ၁၃:၁၊ ၂) သို့​ဖြစ်သည့်​တိုင် သင်သည် သမ္မာကျမ်းစာ​ကို အမှန်​သဘောပေါက် နားလည်​လာနိုင်​ပါ​သည်။ ယင်း​သို့​ဖြစ်​ကြောင်း မည်သို့​စိတ်ချ​နိုင်​သနည်း။

လူတိုင်းကို ပျော်ရွှင်​စေသော​အရာ

သမ္မာကျမ်းစာ​သည် ဘုရားသခင့်​နှုတ်မြွက်တော်​ဖြစ်၏။ ထို​တွင် ဘုရားသခင်​၏​အလိုတော်ကို ဖော်ပြ​ထား​သည်။ နားလည်​ရန်​ခက်​သော သို့​မဟုတ် အဆင့်မြင့်​ပညာတတ်​များ​သာ သဘောပေါက်​နိုင်သော စာအုပ်​ကို ဘုရားသခင်​ပေး​ပါ​မည်​လော။ ပေး​မည်​မဟုတ်ပါ။ ယေဟောဝါ​သည် ဤမျှ အကြင်နာမဲ့​သူ မဟုတ်​ချေ။ “သင်တို့တွင် အဘ​ဖြစ်သော​သူ၌ သား​သည် မုန့်ကို​တောင်းလျှင် အဘသည် ကျောက်​ကို​ပေး​မည်​လော။ ငါး​ကို​တောင်းလျှင် ငါး​အစား​၌ မြွေ​ကို​ပေး​မည်​လော။ ဥ​ကို​တောင်းလျှင် ကင်းမြီးကောက်​ကို​ပေး​မည်​လော။ သင်တို့သည် အဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သားတို့​အား ကောင်းသော​အရာ​ကို​ပေး​တတ်​လျှင် ထို​မျှ​မ​က ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သာ၍​ပေး​တော်​မူ​မည်​မဟုတ်လော” ဟု ယေရှု​ခရစ်​မိန့်ဆိုခဲ့​၏။ (လုကာ ၁၁:၁၁-၁၃) သို့​ဖြစ်၍ သင်သည် သမ္မာကျမ်းစာ​ကို နားလည်​နိုင်​ကြောင်း၊ ဘုရားသခင်​အား စိတ်ရင်းမှန်​ဖြင့်​ဆု​တောင်းလျှင် ကိုယ်တော်​၏​နှုတ်မြွက်တော်​ကို နားလည်စေ​ရန် ကူညီ​ပေး​မည်​ဖြစ်​ကြောင်း စိတ်ချ​နိုင်​ပါ​သည်။ အမှန်​မှာ သမ္မာကျမ်းစာ​၏ အခြေခံ​သွန်သင်ချက်​များ​ကို ကလေး​သူငယ်​များ​ပင် သဘောပေါက်​နားလည်​နိုင်​သည်။—၂ တိမောသေ ၃:၁၅

သမ္မာကျမ်းစာ​ကို​နားလည်​နိုင်​ရန် ကြိုးစား​အားထုတ်​ရမည်​ဖြစ်သော်လည်း ထိုသို့​ပြုခြင်း​က သင့်​အား အလွန်​အကျိုးပြု​ကာ ခွန်အား​ရှိစေ​နိုင်​သည်။ ယေရှုသည် ရှင်ပြန်ထမြောက်​ပြီး​နောက် တပည့်​နှစ်ဦး​ရှေ့ ကိုယ်ယောင်​ထင်ရှားပြ​ကာ ကျမ်းစာ​ပရောဖက်ပြုချက်​များ​အကြောင်း ပြောပြ​ခဲ့​သည်။ ယင်း​နှင့်​ပတ်သက်​၍ လုကာ​၏​မှတ်တမ်းက ဤသို့​ဆို​သည်– “မောရှေ၏​ကျမ်းစာ​မှ​စ၍ ပရောဖက်​တို့၏​ကျမ်းစာ​များ​၌ ကိုယ်တော်​ကို​ရည်​မှတ်၍ ရေးထားသမျှ​သော ကျမ်းစာ​ချက်​အနက်​ကို ရှင်းလင်းစွာ​ဖော်ပြ​တော်​မူ​၏။” ရလဒ်​ကား​အဘယ်နည်း။ တပည့်​များသည် ထို​ညနေ​၌​ပင် မိမိတို့​သိရှိ​ခဲ့​ရာ​ကို ပြန်တွေး​တော​ကာ “လမ်းခရီး​၌ ငါ​တို့​နှင့်​ဟောပြော​၍ ကျမ်းစာ​အနက်​ကို ဖွင့်ပြ​တော်​မူ​သောအခါ ငါ​တို့​စိတ်နှလုံး​သည် ယိုဖိတ်​မတတ်​ဖြစ်သည်​မဟုတ်လော” ဟု​အချင်းချင်း​ပြောဆို​ကြ​၏။ (လုကာ ၂၄:၁၃-၃၂) သမ္မာကျမ်းစာ​ကို သဘောပေါက်​နားလည်ခြင်း​ဖြင့် ဘုရားသခင့်​ကတိတော်​များ​အပေါ် ယုံကြည်ခြင်း​ခိုင်ခံ့​လာပြီး အနာဂတ်​ကို အပြုသဘော​ရှိ​ရှိ ရှုမြင်​စေသော​ကြောင့် သူတို့​ပျော်ရွှင်​ခဲ့​ကြ​၏။

သမ္မာကျမ်းစာ​ကို သိ​နားလည်​လာ​ခြင်း​သည် ငြီးငွေ့​ဖွယ်​ဖြစ်​မည့်​အစား စိတ်ဝင်စားဖွယ်​ဖြစ်​ကာ အကျိုး​ဖြစ်ထွန်း​စေပြီး အရသာ​ရှိသော​အစာကို စား​လိုက်ရ​၍ စိတ်​ကျေနပ်​သွား​သကဲ့သို့​ဖြစ်စေ​၏။ ထိုသို့​နားလည်​လာနိုင်​ရန် အဘယ်အရာ​လုပ်ဆောင်​ရမည်​နည်း။ “ဘုရားသခင်​ကို​သိ​သော​ဉာဏ်” ၌ မည်သို့​ပျော်မွေ့နိုင်​ကြောင်း နောက်​ဆောင်းပါး​က ဖော်ပြ​ပါ​မည်။—သု. ၂:၁-၅

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

မေတ္တာ​ရှိ​ဖခင်​တစ်ဦး​ကဲ့သို့​ပင် ယေဟောဝါ​သည် သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့ နားလည်​နိုင်​ရန် သန့် ရှင်း​သော​ဝိညာဉ်​တော် ပေးသနား