မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သွား၍ တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးကြလော့’

‘သွား၍ တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးကြလော့’

‘သွား​၍ တပည့်​ဖြစ်စေ​လျက် နှစ်ခြင်း​ပေး​ကြလော့’

‘သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် . . . နှစ်ခြင်း​ပေး​ကြလော့။ ငါသည် သင်တို့အား ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ သွန်သင်ပေး​ကြလော့။’—မဿဲ ၂၈:၁၉၊ ၂၀

၁။ ဣသရေလ​လူမျိုး​သည် သိနာ​တောင်​ခြေရင်း​တွင် အဘယ်​ဆုံးဖြတ်ချက်​ချ​ခဲ့​ကြ​သနည်း။

လွန်ခဲ့သော အနှစ် ၃,၅၀၀ ခန့်​က လူမျိုးတစ်မျိုး​သည် ဘုရားသခင်​အား သစ္စာ​ကတိပြု​ခဲ့​ကြသည်။ သိနာ​တောင်​ခြေရင်း​တွင် စုဝေး​ရောက်ရှိ​နေကြ​သော ဣသရေလလူ​တို့သည် ‘ထာဝရ​ဘုရားသခင် မိန့်တော်မူ​သမျှ​ကို အကျွန်ုပ်​တို့သည်​ပြု​ပါ​မည်’ ဟု​အတိအလင်း ပြောဆို​ခဲ့​ကြသည်။ ထို​အချိန်​မှ​စ၍ ဣသရေလ​လူမျိုး​သည် ဘုရားသခင်​ထံ အပ်နှံ​ထားသော “အထူး​ပိုင်ဆိုင်ရာ​လူမျိုး” ဖြစ်လာ​လေ​သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၈သမ္မာ; ၂၄:၃) သူတို့သည် ကိုယ်တော်​၏​ကာကွယ်​မှု​ကို​ရရှိရန်​နှင့် “နို့​နှင့်​ပျားရည်​စီး​သော​ပြည်” တွင် လူမျိုး​အစဉ်အဆက် နေထိုင်ရန် စောင့်မျှော်​ခဲ့​ကြသည်။—ဝတ်ပြုရာ ၂၀:၂၄

၂။ ယနေ့ လူတို့သည် ဘုရားသခင်​နှင့် အဘယ်​ဆက်ဆံ​ရေး​မျိုး ရရှိနိုင်​ကြ​သနည်း။

သို့သော်  ဆာလံဆရာ​အာသပ်  ဝန်ခံခဲ့​သည့်​အတိုင်း ဣသရေလလူ​တို့သည် “ဘုရားသခင်​၏​သစ္စာတော်​ကို​မ​စောင့်၊ တရားတော်​လမ်း၌​သွားခြင်း​ငှာ အလို​မရှိကြ” ချေ။ (ဆာလံ ၇၈:၁၀) သူတို့သည် ဘိုးဘေး​များ ယေဟောဝါ​အားပေးခဲ့​သော သစ္စာ​ကတိ​ကို မ​စောင့်ထိန်း​ခဲ့​ကြ​ချေ။ နောက်ဆုံး​၌ ဘုရားသခင်​နှင့် အဆိုပါ​အထူး​ဆက်ဆံ​ရေး​ကို ထို​လူမျိုး ဆုံးရှုံး​ခဲ့​ရသည်။ (ဒေ. ၅:၄; မဿဲ ၂၃:၃၇၊ ၃၈) ထို့​ကြောင့် “ဘုရားသခင်​သည် မိမိ​နာမ​အဖို့ တစ်ပါး​အမျိုးသား​တို့​အထဲက အချို့​သော​သူတို့ကို နုတ်ယူ​ခြင်း​ငှာ၊ . . . တစ်ပါး​အမျိုးသား​တို့ကို အကြည့်​အ​ရှု​ကြွလာ​တော်​မူ​သည်။” (တမန်​တော် ၁၅:၁၄) ဤ​နောက်ဆုံး​ကာလ​တွင် ကိုယ်တော်​သည် “အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ အဘယ်သူမျှ​မရေတွက်​နိုင်သော လူများ​အပေါင်း [“လူအုပ်ကြီး၊” က​ဘ]” ကို​စုသိမ်း​လျက်​ရှိသည်။ သူတို့သည် ရွှင်လန်း​ဝမ်းမြောက်​စွာ ဤသို့​ဝန်ခံ​ကြသည်– “ပလ္လင်​ပေါ်မှာ​ထိုင်​တော်​မူ​သော ငါ​တို့၏​ဘုရားသခင်​နှင့် သိုးသငယ်​တော်​ကြောင့် ငါ​တို့သည် ကယ်တင်​တော်​မူ​ခြင်း​သို့​ရောက်​ကြပြီ။”—ဗျာ. ၇:၉၊ ၁၀သမ္မာ။

၃။ ဘုရားသခင်​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရရှိရန် အဘယ်​ခြေလှမ်း​များ​ကို လှမ်း​ရမည်​နည်း။

ဘုရားသခင်​နှင့် အဆိုပါ​တန်ဖိုး​ဖြတ်​မရ​သော ဆက်ဆံ​ရေး​ရရှိ​သူများ​တွင် ပါဝင်​နိုင်​ရန် လူတစ်ဦး​သည် ယေဟောဝါ​ထံ အပ်နှံ​ပြီး လူသိရှင်ကြား ရေ​တွင်​နှစ်ခြင်း​ခံရ​မည်။ သို့​ပြုခြင်း​သည် တပည့်​များ​ကို ယေရှု တိုက်ရိုက်​မိန့်မှာ​ခဲ့​သော ဤ​ပညတ်​ကို နာခံခြင်း​ဖြစ်သည်– ‘သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ နှစ်ခြင်း​ပေး​ကြလော့။ ငါသည် သင်တို့အား ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ သွန်သင်ပေး​ကြလော့။’ (မဿဲ ၂၈:၁၉၊ ၂၀) ဣသရေလလူ​တို့သည် “ပဋိညာဉ်​စာ” ကို မောရှေ​ဖတ်ပြ​သည့်​အခါ နားထောင်​ခဲ့​ကြ​၏။ (ထွက်မြောက်ရာ ၂၄:၃၊ ၇၊ ၈) ထို့​ကြောင့် ယေဟောဝါ​တောင်းဆို​တော်​မူ​ရာ​များ​ကို လုပ်ဆောင်ရန် သူတို့တွင်​တာဝန်​ရှိကြောင်း သဘောပေါက်ခဲ့​ကြသည်။ ထို​နည်းတူ ယနေ့လည်း လူတစ်ဦး​နှစ်ခြင်း​မခံ​မီ သမ္မာကျမ်းစာ​တွင် တွေ့ရှိ​ရသော ဘုရားသခင့်​အလိုတော်နှင့်​ဆိုင်​သည့် တိကျ​မှန်ကန်သော​အသိပညာ မရှိမဖြစ်​လိုအပ်​သည်။

၄။ နှစ်ခြင်း​ခံ​ဖို့ အရည်အချင်း​ပြည့်မီ​ရန် အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။ (အထက်ပါ​လေးထောင့်ကွက်​ကို ပါဝင်​စေပါ။)

ယေရှုသည် တပည့်​များ နှစ်ခြင်း​မခံ​မီ သူတို့၏​ယုံကြည်ခြင်း​အတွက် ခိုင်ခံ့​သော​အုတ်မြစ်​ရှိစေ​လို​သည်။ ကိုယ်တော်​သည် မိမိ​နောက်လိုက်​များ​ကို သွား​၍​တပည့်​ဖြစ်စေ​ပါ​ဟူ၍​သာ​မဟုတ်ဘဲ “ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ” သွန်သင်​ပေး​ပါ​ဟူ၍လည်း မိန့်မှာ​ခဲ့​၏။ (မဿဲ ၇:၂၄၊ ၂၅; ဧဖက် ၃:၁၇-၁၉) သို့​ဖြစ်၍ နှစ်ခြင်း​ခံရန် အရည်အချင်း​ပြည့်မီ​သူများ​သည် အသိပညာ​အလုံအလောက်​မရှိဘဲ အလျင်စလို ဆုံးဖြတ်ချက်​မချ​မိ​ရန် သမ္မာကျမ်းစာ​ကို လပေါင်း​များစွာ သို့​မဟုတ် တစ်နှစ်​နှစ်နှစ်​အထိ​ပင် လေ့လာ​တတ်ကြ​သည်။ နှစ်ခြင်း​ခံ​ချိန်​၌ နှစ်ခြင်း​ခံ​မည့်​သူများ​သည် အဓိက​မေးခွန်း​နှစ်ခု​ကို ဟုတ်ကဲ့​ဟု အဖြေပေး​ရသည်။ ‘ကျွန်ုပ်​တို့၏​စကား​မှာ ဟုတ်​သည်ကို​အ​ဟုတ်၊ မဟုတ်​သည်ကို​မဟုတ် ဖြစ်စေ​သင့်’ သည်​ဟု ယေရှု​အလေးပေး​ခဲ့​သောကြောင့် ယင်းက ကျွန်ုပ်​တို့အားလုံး နှစ်ခြင်း​မေးခွန်း​နှစ်ခု​၏​ဆိုလိုရင်း​ကို အသေအချာ​သုံးသပ်ရန် ထောက်ကူ​ပေး​လိမ့်​မည်။—မဿဲ ၅:၃၇

နောင်တ​ယူခြင်း​နှင့် အပ်နှံခြင်း

၅။ ပထမ​နှစ်ခြင်း​မေးခွန်း​သည် အဘယ်​အခြေခံ​အချက်​နှစ်ချက်​ကို အလေးပေး​ထား​သနည်း။

နှစ်ခြင်း​ခံ​မည့်​သူကို​မေး​သော ပထမ​နှစ်ခြင်း​မေးခွန်း​မှာ ဘဝ​လမ်းစဉ်​ဟောင်း​ကို နောင်တ​ယူ​ပြောင်းလဲ​ကာ ယေဟောဝါ​၏​အလိုတော် ထမ်းဆောင်​ရန် မိမိ​အသက်တာကို ကိုယ်တော်​ထံ အပ်နှံ​ခဲ့​ပြီးပြီ​လော ဟူ၍​ဖြစ်သည်။ နှစ်ခြင်း​မခံ​မီ လုပ်ဆောင်​ရမည့် အရေးကြီး​အချက်​နှစ်ချက်​ဖြစ်သည့် နောင်တ​ယူ​ပြောင်းလဲခြင်း​နှင့် အပ်နှံခြင်း​ကို ဤ​မေးခွန်း​က အလေးပေး​ထား​သည်။

၆၊ ၇။ (က) နှစ်ခြင်း​ခံ​မည့်​သူအား​လုံး​သည် အဘယ်ကြောင့် မဖြစ်​မနေ​နောင်တ​ယူဖို့​လို​သနည်း။ (ခ) နောင်​ယူပြီး​နောက် အဘယ်​ပြောင်းလဲမှု​များ ပြုလုပ်​ရမည်​နည်း။

လူတစ်ဦး​သည် နှစ်ခြင်း​မခံ​မီ အဘယ်ကြောင့် နောင်တ​ယူ​ပြောင်းလဲ​ရမည်​နည်း။ တမန်​တော်​ပေါလု​က “ငါ​တို့​ရှိသမျှသည် အထက်​က ကိုယ်ကာယ​၏​အလို​သို့ . . . လိုက်” ခဲ့​ကြသည်​ဟု​ဆို​၏။ (ဧဖက် ၂:၃) ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​အလိုတော်နှင့်​ဆိုင်​သည့် တိကျ​မှန်ကန်သော အသိပညာကို မ​ဆည်းပူး​မီ​က လောက​၏​စံနှုန်း​များနှင့်​အညီ နေထိုင်ခဲ့​ကြသည်။ ကျွန်ုပ်​တို့၏​ဘဝ​လမ်းစဉ်သည် ဤ​အစီအစဉ်​စနစ်​၏​ဘုရားသခင် စာတန်​၏​ချုပ်ကိုင်​မှု​အောက်တွင် ရှိ ခဲ့​သည်။ (၂ ကောရိန္သု ၄:၄) သို့သော် ဘုရားသခင်​၏​အလိုတော်ကို သိရှိပြီး​နောက် ‘နောက်​တစ်ဖန် လူတို့၏​တပ်မက်​ခြင်း​တရားကို​မကျင့်၊ ဘုရားသခင်​၏​အလိုတော်အတိုင်း’ နေထိုင်ရန် ဆုံးဖြတ်​လိုက်​၏။—၁ ပေတရု ၄:၂

ဤ​ဘဝ​လမ်းစဉ်​သစ်​သည် ကောင်းချီး​များစွာ​ရရှိစေ​သည်။ ထို့​ထက်​ကား ယေဟောဝါ​နှင့် တန်ဖိုး​ရှိ​ဆက်ဆံ​ရေး​ရရှိ​စေနိုင်​သည်။ အဆိုပါ​ဆက်ဆံ​ရေး​ကို ဒါဝိဒ်က ဘုရားသခင်​၏ “တဲ​တော်” နှင့် “သန့်ရှင်းသော​တောင်တော်” သို့​လာရန် ဖိတ်ခေါ်​ခံရ​သည့် မဟာ​အခွင့်ထူး​နှင့် နှိုင်းယှဉ်ခဲ့​သည်။ (ဆာလံ ၁၅:၁) ယေဟောဝါ​သည် လူတိုင်းကို မဖိတ်​ခေါ်​ဘဲ “ဖြောင့်မတ်​သော​အကျင့်၊ တရားသော​အမှုကိုပြု​ကျင့်​၍ သစ္စာ​စကား​ကို စိတ်နှလုံး​ပါ​လျက်​ပြော” သူများကို​သာ ဖိတ်ခေါ်​ခြင်း​သည် ကျိုးကြောင်း​ညီညွတ်​၏။ (ဆာလံ ၁၅:၂) အမှန်တရား​မသိ​ရှိ​မီ​က ကျွန်ုပ်​တို့၏​အခြေအနေ​များ​ကြောင့် ထို​တောင်းဆိုချက်​များ​ကို ပြည့်မီ​ရန် ကျွန်ုပ်​တို့၏​အကျင့်အကြံ​နှင့် ကိုယ်​ရည်​ကိုယ်​သွေး​တို့​တွင် အချို့​သော​ပြောင်းလဲမှု​များ ပြု​ရ​ပေမည်။ (၁ ကောရိန္သု ၆:၉-၁၁; ကောလောသဲ ၃:၅-၁၀) ဤသို့​ပြောင်းလဲ​ရန် စေ့ဆော်​ပေး​ရာ​ကား နောင်တ​ဖြစ်သည်။ ယင်းသည် ဘဝ​လမ်းစဉ်​ဟောင်း​အတွက် ယူကျုံး​မရ​ဖြစ်​ပြီး ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​လို​သော ခိုင်မာ​သည့်​ဆုံးဖြတ်ချက်​ဖြစ်၏။ ယင်းက ကိုယ်ကျိုးရှာ​သည့် လောက​လမ်းစဉ်​ကို စွန့်လွှတ်​ပြီး ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​လို​သည့် လမ်းစဉ်​ကို လိုက်စားခြင်း​အထိ လုံးလုံးလျားလျား ပြောင်းလဲ​သွား​စေ​သည်။—တမန်​တော် ၃:၁၉

၈။ အပ်နှံခြင်း​ကို မည်သို့​ပြု​ကြ​သနည်း။ ယင်းသည် နှစ်ခြင်း​ခံ​ခြင်း​နှင့် မည်သို့​ဆက်နွှယ်မှု​ရှိ​သနည်း။

နှစ်ခြင်း​ခံ​မည့်​သူများကို​မေး​သော ပထမ​နှစ်ခြင်း​မေးခွန်း​၏ ဒုတိယ​အပိုင်း​မှာ ယေဟောဝါ​၏​အလိုတော်​ဆောင်ရန် ကိုယ်တော်​ထံ အပ်နှံ​ခဲ့​ပြီးပြီ​လော​ဟူ၍​ဖြစ်သည်။ နှစ်ခြင်း​မခံ​မီ အပ်နှံခြင်း​ကို မဖြစ်​မနေ​ပြုလုပ်​ရမည်။ ယေဟောဝါ​ထံ မိမိတို့၏​ဘဝကို ခရစ်တော်​မှ​တစ်ဆင့် ပေးဆက်​လို​ကြောင်း ဆုတောင်း၍ အပ်နှံ​ကြ​၏။ (ရောမ ၁၄:၇၊ ၈; ၂ ကောရိန္သု ၅:၁၅) သို့​နှင့် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ အရှင်သခင်​ဖြစ်လာ​ပြီး ယေရှု​နည်းတူ ကျွန်ုပ်​တို့​လည်း ဘုရားသခင်​၏​အလိုတော်​ဆောင်ခြင်း​ကို အားရ​နှစ်သက်​လာ​ကြသည်။ (ဆာလံ ၄၀:၈; ဧဖက် ၆:၆) ယေဟောဝါ​အား တစ်ကြိမ်​တည်း​သာ ဤသို့​အလေးအနက်​ကတိပြု​သည်။ သို့သော် ကျွန်ုပ်​တို့၏​အပ်နှံမှု​သည် ဘုရားသခင်​နှင့် နှစ်ကိုယ်ကြား​ဖြစ်သော​ကြောင့် နှစ်ခြင်း​ခံသည့်​နေ့တွင် လူသိရှင်ကြား​ကြေညာ​ခြင်း​က ကျွန်ုပ်​တို့သည် ကောင်းကင်​ခမည်းတော်​ထံ အလေးအနက် အပ်နှံ​ပြီးပြီ​ဖြစ်​ကြောင်း လူတိုင်းကို သိရှိ​စေ​သည်။—ရောမ ၁၀:၁၁

၉၊ ၁၀။ (က) ဘုရားသခင့်​အလိုတော်​ဆောင်ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။ (ခ) နာဇီ​အရာရှိများ​ပင် ကျွန်ုပ်​တို့၏​အပ်နှံမှု​ကို မည်သို့​အသိအမှတ်ပြု​ခဲ့​ကြ​သနည်း။

ဘုရားသခင်​၏​အလိုတော်​ဆောင်ရန် ယေရှု၏​ပုံ​နမူနာကို လိုက်လျှောက်ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။ ယေရှု​က “ငါ​၌ ဆည်းကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်ကို​ကိုယ်​ငြင်းပယ်​ရမည်။ ကိုယ့်​လက်ဝါးကပ်တိုင်​ကို​ထမ်း၍ ငါ့​နောက်သို့ [“အဆက်မပြတ်၊” က​ဘ] လိုက်ရမည်” ဟု​တပည့်​များ​ကို မိန့်မှာ​ခဲ့​သည်။ (မဿဲ ၁၆:၂၄) ဤ​တွင် ကျွန်ုပ်​တို့​လုပ်ဆောင်​ရမည့် အချက်​သုံးချက်​ကို ကိုယ်တော်​ဖော်ပြ​ခဲ့​သည်။ ပထမ​အချက်​မှာ မိမိကိုယ်ကို “ငြင်းပယ်” ရမည်။ တစ်နည်း​ပြော​ရ​လျှင် ကျွန်ုပ်​တို့၏ ကိုယ်ကျိုးရှာ​သည့်​မစုံလင်​သော စိတ်ဆန္ဒ​များ​ကို ငြင်းဆန်​ပြီး ဘုရားသခင်​၏​ဆုံးမ​စကား​နှင့် ညွှန်ကြားချက်​တို့ကို လိုက်နာ​ရမည်​ဖြစ်သည်။ ဒုတိယ​အချက်​မှာ “ကိုယ့်​လက်ဝါးကပ်တိုင်​ကို​ထမ်း” ရမည်။ ယေရှု​ခေတ်တွင် လက်ဝါးကပ်တိုင်​သည် အရှက်ကွဲခြင်း​နှင့် ဆင်းရဲ​ဝေဒနာ​ကို ပုံဆောင်​၏။ ခရစ်ယာန်​များ​ဖြစ်သော ကျွန်ုပ်​တို့သည် သတင်းကောင်း​ဟောပြောခြင်း​ကြောင့် ဆင်းရဲ​ခက်ခဲ​မှု​ခံရ​သည်။ (၂ တိမောသေ ၁:၈) ဤ​လောက,က ကျွန်ုပ်​တို့ကို ကဲ့ရဲ့​လှောင်ပြောင်၊ ပြစ်တင်​ရှုတ်ချ​မည်​ဖြစ်သော်လည်း ခရစ်တော်​ကဲ့သို့ ကျွန်ုပ်​တို့သည် “ရှက်ကြောက်​သော​အရာ​ကို​မ​မှတ်​ဘဲ” ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့​နေသည်​ဟူသော အသိ​ကြောင့် ပျော်ရွှင်​ကြသည်။ (ဟေဗြဲ ၁၂:၂) နောက်ဆုံး​အချက်​မှာ ယေရှု​နောက်သို့ “အဆက်မပြတ်” လိုက်ရမည်။—ဆာလံ ၇၃:၂၆; ၁၁၉:၄၄; ၁၄၅:၂

၁၀ စိတ်ဝင်စားစရာ​ကား ဘုရားသခင်​အား အကြွင်းမဲ့​ဝတ်ပြုပါ​မည်​ဟူသော ယေဟောဝါသက်သေ​များ​၏ အပ်နှံမှု​ကို အတိုက်အခံပြု​သူ​အချို့​ပင် အသိအမှတ်ပြု​ကြသည်။ ဥပမာ၊ နာဇီ​ဂျာမနီ ဘူ​ချင်​ဝေါ​ချွေး​တပ်​စခန်း​ရှိ မိမိတို့၏​ယုံကြည်ခြင်းကို စွန့်လွှတ်​ရန် ငြင်းပယ်​ခဲ့​ကြသော သက်သေခံ​များသည် အောက်ပါ​ဖော်ပြချက်​တွင် လက်မှတ်​ရေးထိုး​ခဲ့​ရသည်– “ကျွန်ုပ်​သည် သစ္စာခံ​ကျမ်းစာ​ကျောင်းသား​တစ်ဦး ဖြစ်​နေဆဲ​ရှိပြီး ယေဟောဝါ​အား သစ္စာ​ပြုထားသော ကတိ​ကို ဘယ်တော့​မျှ ချိုးဖောက်​လိမ့်​မည်​မဟုတ်ပါ။” ယင်းက အပ်နှံ​ထားသော ဘုရားသခင့်​သစ္စာရှိ​ကျေးကျွန်​အားလုံး​၏ စိတ်​သဘောထားကို ဖော်ပြ​လိုက်ခြင်း​ပင်။—တမန်​တော် ၅:၃၂

ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် သတ်မှတ်​ဖော်ပြ

၁၁။ နှစ်ခြင်း​ခံ​ပြီး​သူသည် အဘယ်​အခွင့်ထူး ရရှိ​သနည်း။

၁၁ နှစ်ခြင်း​ခံ​မည့်​သူကို​မေး​သော ဒုတိယ​မေးခွန်း​မှာ မိမိ၏​နှစ်ခြင်း​သည် မိမိကို ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် သတ်မှတ်​ဖော်ပြ​ကြောင်း သဘောပေါက်​ပါသလော​ဟူ၍​ဖြစ်သည်။ သူသည် နှစ်ခြင်း​ခံ​ပြီး​နောက် ယေဟောဝါ​၏​နာမတော်​ခံယူ​ထားသော ခန့်အပ်​ခံ​ဓမ္မ​အမှုဆောင်​တစ်ဦး​ဖြစ်လာ​လေ​သည်။ ယင်းသည် မဟာ​အခွင့်ထူး​တစ်ခု​ဖြစ်​သကဲ့သို့ ကြီး​လေး​သော​တာဝန်​လည်း​ဖြစ်၏။ ထို့​ပြင် နှစ်ခြင်း​ခံ​ပြီး​သူသည် ယေဟောဝါ​အပေါ် သစ္စာရှိ​နေသရွေ့ ထာဝရ​ကယ်တင်ခြင်း​ရရှိရန် မျှော်လင့်ချက်​ရှိ၏။—မဿဲ ၂၄:၁၃

၁၂။ ယေဟောဝါ​၏​နာမတော်​ခံယူ​ခြင်း​နှင့်အတူ အဘယ်​တာဝန် လိုက်ပါ​လာ​သနည်း။

၁၂ အတိုင်းအဆမဲ့​ဘုရားသခင် ယေဟောဝါ​၏​နာမတော်​ကို ခံယူ​ရခြင်း​သည် အမှန်ပင် အထူး​ဂုဏ်ယူဖွယ်​ရာ​ဖြစ်သည်။ ပရောဖက်​မိက္ခာ​က ဤသို့​ဆို​ခဲ့​သည်– ‘လူမျိုးအပေါင်း​တို့သည် ကိုယ်​ဆိုင်သော​ဘုရားသခင်​၏​နာမကို​ခိုလှုံ​လျက် ကျင့်​နေတတ်​ကြ​၏။ ငါ​တို့​မူ​ကား ကိုယ်​ဆိုင်သော​ဘုရားသခင် ယေဟောဝါ​၏​နာမတော်​ကို ကာလ​အစဉ်အမြဲ ခိုလှုံ​လျက်​ကျင့်​နေကြ​မည်။’ (မိက္ခာ ၄:၅) သို့သော် ဤ​ဂုဏ်ယူ​မှု​နောက်ဝယ် တာဝန် လိုက်ပါ​လာ​၏။ ကျွန်ုပ်​တို့​ခံယူ​ထားသော​အမည်​ကို ဂုဏ်တက်​စေသည့်​နည်းဖြင့် အသက်ရှင်နေ​ထိုင်​ရန် ကြိုးစား​ရမည်။ ရောမမြို့​ရှိ ခရစ်ယာန်​များ​ကို ပေါလု​သတိပေး​ခဲ့​သကဲ့သို့ ခရစ်ယာန်​တစ်ဦး​သည် ဟော​သည့်​အတိုင်း မနေထိုင်​လျှင် ဘုရားသခင်​၏​နာမတော် “ကဲ့ရဲ့” စ​ရာ​ဖြစ်စေ​ပြီး ဂုဏ်​အသရေပျက်​စေနိုင်​သည်။—ရောမ ၂:၂၁-၂၄

၁၃။ အပ်နှံ​ထားသော ယေဟောဝါ​၏​ကျေးကျွန်​များသည် မိမိတို့​ဘုရားသခင်​အကြောင်း သက်သေ​ခံရန် အဘယ်ကြောင့်​တာဝန်​ရှိကြ​သနည်း။

၁၃ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်လာ​သောအခါ မိမိ၏​ဘုရားသခင်​အကြောင်း သက်သေခံခြင်း တာဝန်​ကိုလည်း လက်ခံရ​၏။ ယေဟောဝါ​သည် မိမိ၏​ထာဝရ​ဘုရားသခင်​ဖြစ်မှု ထင်ရှား​ရန် အပ်နှံ​ထားသော ဣသရေလ​လူမျိုး​ကို ကိုယ်တော်​၏​သက်သေ​များ​ဖြစ်​ဖို့ ဖိတ်ခေါ်​တော်​မူ​ခဲ့​သည်။ (ဟေရှာယ ၄၃:၁၀-၁၂၊ ၂၁) သို့သော် ထို​လူမျိုး​သည် အဆိုပါ​တာဝန်​ကို မ​ထမ်းဆောင်​ခဲ့​သောကြောင့် နောက်ဆုံး​တွင် ယေဟောဝါ​၏​မျက်နှာသာတော် ဆုံးရှုံး​သွားလေသည်။ ယနေ့ စစ်မှန်သော​ခရစ်ယာန်​များသည် ယေဟောဝါ​အကြောင်း သက်သေခံ​ရသည့် အခွင့်ထူး​အတွက် ဂုဏ်ယူ​ဝင့်ကြွား​ကြသည်။ ကျွန်ုပ်​တို့သည် ကိုယ်တော်​ကို ချစ်​မြတ်နိုး​ပြီး ကိုယ်တော်​၏​နာမတော် သန့်ရှင်း​မြင့်မြတ်​စေ​လို​သောကြောင့် ထိုသို့​သက်သေခံ​ကြ​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​နှင့် ကိုယ်တော်​၏​ရည်ရွယ်ချက်​တို့​နှင့်​ဆိုင်​သည့် အမှန်တရားကို​သိရှိ​သည့်​အခါ မည်သို့​ရေငုံ​နှုတ်ပိတ်​နေနိုင်​မည်​နည်း။ “မဟောဘဲ​မနေနိုင်။ မဟောဘဲ​နေလျှင် အမင်္ဂလာ​ရှိ၏” ဟု​ပြော​ခဲ့​သော တမန်​တော်​ပေါလု​ကဲ့သို့ ကျွန်ုပ်​တို့​လည်း ခံစားရ​သည်။—၁ ကောရိန္သု ၉:၁၆

၁၄၊ ၁၅။ (က) ယေဟောဝါ​၏​အဖွဲ့အစည်း​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​တိုးတက်မှု​တွင် အဘယ်​အခန်းကဏ္ဍ​မှ ပါဝင်​သနည်း။ (ခ) ကျွန်ုပ်​တို့ကို ဝိညာဉ်​ရေး​အရ ကူညီ​ပေး​ရန် အဘယ်​ပြင်ဆင်​ပေး​မှုများ​ရှိ​သနည်း။

၁၄ နှစ်ခြင်း​ခံ​မည့်​သူသည် ယေဟောဝါ​၏​ဝိညာဉ်​တော်​လမ်းညွှန်​ပေး​သည့် အဖွဲ့အစည်း​နှင့်အတူ ပူးပေါင်း​လုပ်ဆောင်ရန် တာဝန်​ရှိကြောင်းကိုလည်း ဒုတိယ​မေးခွန်း​က သတိပေး​သည်။ ဘုရားသခင်​အား ဝတ်ပြုရာ​တွင် ကျွန်ုပ်​တို့​ဘာသာ ဝတ်ပြု​၍​မရချေ။ “ညီအစ်ကို​အသင်းအပင်း​တစ်ခုလုံး” ၏​ကူညီ​မှု၊ ထောက်မမှု​နှင့် အားပေးမှု​တို့ကို ကျွန်ုပ်​တို့​လိုအပ်​သည်။ (၁ ပေတရု ၂:၁၇က​ဘ; ၁ ကောရိန္သု ၁၂:၁၂၊ ၁၃) ဘုရားသခင်​၏​အဖွဲ့အစည်း​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​တိုးတက်မှု​တွင် အရေးကြီး​အခန်းကဏ္ဍ​မှ ပါဝင်​သည်။ ယင်းသည် တိကျ​မှန်ကန်သော​အသိပညာ တိုးများ​ရန်၊ ပြဿနာ​များနှင့်​ရင်ဆိုင်​ရသည့်​အခါ ပညာရှိ​စွာ​လုပ်ဆောင်ရန်​နှင့် ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး ပျိုးထောင်​ရန် ထောက်ကူ​ပေး​သည့် ကျမ်းစာ,စာပေ​များစွာကို ထုတ်​ဝေပေး​၏။ ကလေး​ကို ကောင်းစွာ​ကျွေးမွေး​စောင့်ရှောက်​သည့် မိခင်​ကဲ့သို့ ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး တိုးတက်​ရန် အချိန်တန်​ဝိညာဉ်​အစာ အလျှံပယ်​ကျွေးမွေး​လျက်​ရှိသည်။—မဿဲ ၂၄:၄၅-၄၇; ၁ သက်သာလောနိတ် ၂:၇၊ ၈

၁၅ အပတ်စဉ်​အစည်းအဝေး​များ​တွင် ယေဟောဝါ​၏​လူတို့သည် သစ္စာရှိ​ယေဟောဝါသက်သေ​များ​ဖြစ်​ရန် လိုအပ်​သည့်​လေ့ကျင့်မှု​နှင့် အားပေးမှုကို ရရှိ​ကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်းတွင် လူထုရှေ့​ဟောပြော​တတ်​ရန် သွန်သင်ပေး​ပြီး လုပ်ငန်းတော်​အစည်းအဝေး​တွင် ကျွန်ုပ်​တို့၏​သတင်းတရားကို ထိရောက်​စွာ တင်ဆက်​တတ်​ရန် လေ့ကျင့်ပေး​၏။ အစည်းအဝေးများမှ​ဖြစ်စေ၊ ကိုယ်ပိုင်​ကျမ်းစာ,စာပေ​လေ့လာမှု​များ​မှ​ဖြစ်စေ ယေဟောဝါ​၏​ဝိညာဉ်တော်သည် ကိုယ်တော်​၏​အဖွဲ့အစည်း​ကို လမ်းညွှန်​ပေး​နေကြောင်း မြင်တွေ့​နိုင်​သည်။ ဤသို့​အချိန်​မှန်မှန် ပြင်ဆင်​ပေး​မှုများ​ဖြင့် ဘုရားသခင်​သည် ကျွန်ုပ်​တို့အား အန္တရာယ်များ​ကို သိရှိ​စေ​သည်၊ ထိရောက်​သော​ဓမ္မ​အမှုဆောင်​များ​ဖြစ်​ရန် လေ့ကျင့်ပေး​သည်၊ ဝိညာဉ်ရေးတွင် နိုး​ကြားနေ​ရန် ကူညီ​ပေး​သည်။—ဆာလံ ၁၉:၇၊ ၈၊ ၁၁; ၁ သက်သာလောနိတ် ၅:၆၊ ၁၁; ၁ တိမောသေ ၄:၁၃

ဆုံးဖြတ်ချက်​နောက်ကွယ်​မှ လှုံ့ဆော်မှု

၁၆။ ကျွန်ုပ်​တို့​ကိုယ်ကို ယေဟောဝါ​ထံ အပ်နှံ​ရန် အဘယ်အရာက လှုံ့ဆော်ပေး​သနည်း။

၁၆ သို့​ဖြစ်၍ နှစ်ခြင်း​မေးခွန်း​နှစ်ခု​သည် နှစ်ခြင်း​ခံ​မည့်​သူများကို နှစ်ခြင်း​အဓိပ္ပာယ်​နှင့် ယင်းကြောင့် ရရှိ​လာ​သည့် တာဝန်​များ​ကို အမှတ်ရ​စေ​သည်။ ထို့​ကြောင့် နှစ်ခြင်း​ခံရန် အဘယ်အရာက လှုံ့ဆော်ပေး​သင့်​သနည်း။ ကျွန်ုပ်​တို့သည် နှစ်ခြင်း​ခံ​ပြီး​သော တပည့်​များ​ဖြစ်လာ​ရခြင်း​မှာ တစ်ဦး​တစ်ယောက်​၏ တိုက်တွန်းချက်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​တို့ကို ယေဟောဝါ “သွေးဆောင်” တော်​မူ​သောကြောင့်​ဖြစ်သည်။ (ယောဟန် ၆:၄၄) “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ” သောကြောင့် သတ္တဝါ​အပေါင်း​ကို အတင်း​အဓမ္မ​မဟုတ်ဘဲ မေတ္တာဖြင့် အုပ်ချုပ်​တော်​မူ​၏။ (၁ ယောဟန် ၄:၈) ယေဟောဝါ​၏​အရည်အသွေး​တော်​များနှင့် ကျွန်ုပ်​တို့ကို ဆက်ဆံပုံ​တို့​ကြောင့် ကိုယ်တော်​ထံ ကျွန်ုပ်​တို့ သွေးဆောင်​ခံရ​၏။ ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် တစ်ပါး​တည်း​သော​သားတော်ကို ပေးသနား​ခဲ့​ပြီး အကောင်းဆုံး​အနာဂတ်​ကို ကမ်း​လှမ်း​ထား​တော်​မူ​သည်။ (ယောဟန် ၃:၁၆) ထို့​ကြောင့် ကျွန်ုပ်​တို့​လည်း မိမိတို့၏​အသက်တာကို ကိုယ်တော်​ထံ အပ်နှံ​ရန် လှုံ့ဆော်​ခံရ​၏။—သု. ၃:၉; ၂ ကောရိန္သု ၅:၁၄၊ ၁၅

၁၇။ အဘယ်အရာ​များ​ထံ ကျွန်ုပ်​တို့ အပ်နှံ​ထားခြင်း​မဟုတ်​သနည်း။

၁၇ ကျွန်ုပ်​တို့သည် အကြောင်းရင်း​တစ်ခုခု သို့​မဟုတ် လုပ်ငန်း​တစ်ခုခု​ထံ​မဟုတ်ဘဲ ယေဟောဝါ​ထံ အပ်နှံခြင်း​ဖြစ်သည်။ မိမိလူ​တို့အတွက် ဘုရားသခင်​ပေးအပ်​ထားသော တာဝန်​များသည် ပြောင်းလဲ​မည်​ဖြစ်သော်လည်း ကိုယ်တော်​ထံ သူတို့​အပ်နှံခြင်း​မှာ​မူ ပြောင်းလဲခြင်း​မရှိ​ချေ။ ဥပမာ၊ အာဗြဟံ​ကို ပေးအပ်​သော​တာဝန်​နှင့် ယေရမိကို ပေးအပ်​သော​တာဝန်​သည် လုံးဝ​ကွဲပြား​ခြားနား​၏။ (ကမ္ဘာဦး ၁၃:၁၇၊ ၁၈; ယေရမိ ၁:၆၊ ၇) သို့​တိုင် သူတို့​နှစ်ဦးစလုံး​သည် ယေဟောဝါ​ကို ချစ်​မြတ်နိုး​ပြီး ကိုယ်တော်​၏​အလိုတော်ကို သစ္စာရှိ​စွာ​ထမ်းဆောင်​လို​သောကြောင့် ဘုရားသခင်​ပေးအပ်​သော အထူး​တာဝန်​ကို ပြီးမြောက်​အောင် လုပ်ဆောင်ခဲ့​ကြသည်။ ဤ​ဆုံးခန်း​ကာလ​တွင် နှစ်ခြင်း​ခံ​ပြီး​သော ခရစ်တော်​၏​နောက်လိုက်​များသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဟောပြောပြီး တပည့်​ဖြစ်စေ​ပါ​ဟူသော ခရစ်တော်​၏​မိန့်မှာချက်ကို ကြိုးစား​လုပ်ဆောင်​လျက်​ရှိကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထို​တာဝန်​ကို စိတ်နှလုံး​အကြွင်းမဲ့​လုပ်ဆောင်ခြင်း​သည် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​ကို ချစ်​မြတ်နိုး​ကြောင်း၊ ကိုယ်တော့်​ကို ကျွန်ုပ်​တို့ အမှန်တကယ် အပ်နှံ​ထား​ကြောင်း ဖော်ပြ​နိုင်​သည့် အကောင်းဆုံးနည်း​တစ်ခု​ဖြစ်သည်။—၁ ယောဟန် ၅:၃

၁၈၊ ၁၉။ (က) နှစ်ခြင်း​ခံ​ခြင်း​အားဖြင့် လူထုရှေ့ မည်သို့​ကြေညာ​ကြ​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းအရာကို ဆွေးနွေး​ကြ​မည်​နည်း။

၁၈ နှစ်ခြင်း​သည် ကောင်းချီး​များစွာ​ရရှိရန် လမ်း​ဖွင့်ပေး​သည်​မှန်​သော်လည်း ယင်းကို ပေါ့ပေါ့ဆဆ သဘော​မထားသင့်​ချေ။ (လုကာ ၁၄:၂၆-၃၃) ယင်းက အခြား​တာဝန်​အားလုံး​ထက် ပိုမို​ဦးစား​ပေး​ရမည့်​သန္နိ​ဋ္ဌာန်​ကို ဖော်ပြ​၏။ (လုကာ ၉:၆၂) ကျွန်ုပ်​တို့ နှစ်ခြင်း​ခံသည့်​အခါ လူထုရှေ့ ဤသို့​အမှန်ပင်​ကြေညာ​ရာ​ကျ​သည်– ‘ထို​ဘုရားသခင်​သည် ကာလ​အစဉ်အမြဲ ငါ​တို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​၏။ သေ​သည်​ကာလ​တိုင်အောင် ငါ​တို့ကို ပို့ဆောင်​တော်​မူ​လတ္တံ့​သတည်း။’—ဆာလံ ၄၈:၁၄

၁၉ ရေနှစ်ခြင်း​နှင့်​ပတ်သက်​၍ ပေါ်ပေါက်​လာ​သည့် ထပ်ဆင့်​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​မည်။ လူတစ်ဦး​နှစ်ခြင်း​မခံရ​န် ခိုင်လုံ​သည့်​အကြောင်းရင်း​များ ရှိ​နိုင်​မည်​လော။ အသက်အရွယ်​သည် အကြောင်းရင်း​တစ်ခု​ဖြစ်​သင့်​သလော။ ကျွန်ုပ်​တို့အားလုံး​သည် နှစ်ခြင်း​ခံသည့်​အခါသမယ​ကို မည်သို့​ဂုဏ်ယူဖွယ်​ဖြစ်စေ​နိုင်​သနည်း။

သင်​ရှင်းပြ​နိုင်​သလော

• ခရစ်ယာန်​တစ်ဦးစီ​သည် နှစ်ခြင်း​မခံ​မီ အဘယ်ကြောင့် နောင်တ​ယူ​ပြောင်းလဲ​ဖို့​လို​သနည်း။

• ဘုရားသခင်​ထံ အပ်နှံခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

• ယေဟောဝါ​၏​နာမတော် ခံယူ​ရသည့်​အတွက် ဂုဏ်ယူ​မှု​နှင့်အတူ အဘယ်​တာဝန်​များ လိုက်ပါ​လာ​သနည်း။

• နှစ်ခြင်း​ခံရန် ဆုံးဖြတ်ချက်​ချဖို့ အဘယ်အရာက ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

နှစ်ခြင်း​မေးခွန်း​နှစ်ခု

ယေရှု​ခရစ်​၏​ပူဇော်​သကာ​ကို အခြေပြု​လျက် သင်၏​အပြစ်​များ​ကို နောင်တ​ရ​ကာ ယေဟောဝါ​အလိုတော်​ဆောင်​ဖို့ သင့်ကိုယ်ကို ကိုယ်တော်​ထံ အပ်နှံ​ခဲ့ပြီ​လော

သင်၏​အပ်နှံခြင်း​နှင့် နှစ်ခြင်း​သည် ဘုရားသခင့်​ဝိညာဉ်​တော်​ညွှန်ကြားခံ အဖွဲ့အစည်း​ဝင် ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် သင့်​အား သတ်မှတ်​ဖော်ပြ​ကြောင်း သင်​နားလည်​သဘောပေါက်​ပါသလော

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အပ်နှံခြင်း​သည် ယေဟောဝါ​ထံ ဆုတောင်း၍ သစ္စာ​ကတိပြု​ခြင်း​ဖြစ်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​သည် ဘုရားသခင်​ထံ ကျွန်ုပ်​တို့၏​အပ်နှံမှု​ကို ဖော်ပြ