အခွင့်အာဏာကျင့်သုံးရာတွင် ခရစ်တော်ကို တုပလော့
အခွင့်အာဏာကျင့်သုံးရာတွင် ခရစ်တော်ကို တုပလော့
လွန်ခဲ့သောနှစ်များက လူ့အမူအကျင့်နှင့်ပတ်သက်၍ စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ရာ စိတ်ဝင်စားဖွယ်ရလဒ်များ ရရှိခဲ့သည်။ ယင်းစမ်းသပ်မှုတွင်ပါဝင်သူများကို နှစ်ဖွဲ့ ခွဲခဲ့သည်။ တစ်ဖွဲ့မှာ ထောင်စောင့်တာဝန်ရရှိသူများဖြစ်ပြီး အခြားအဖွဲ့မှာမူ အကျဉ်းချခံရသူများဖြစ်သည်။ အဘယ်အရာဖြစ်ခဲ့သနည်း။
“ရက်အနည်းငယ်အတွင်း [အစောင့်] အများစုသည် ဆဲဆိုကြိမ်းမောင်းလာကာ မကြာခဏ အပြစ်ဒဏ်များပေးကြပြီး ထောင်သားများမှာမူ သူတို့ကို ကြောက်ရွံ့ ၍ လက်အောက်ခံနေကြရ” ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် လူတိုင်းနီးပါးပင် အခွင့်အာဏာအလွဲသုံးခြင်း၏ ကျော့ကွင်းထဲ ကျရောက်သွားနိုင်သည်ဟု ယင်းကိုသုတေသနပြုသူများက ကောက်ချက်ချခဲ့သည်။
အခွင့်အာဏာကို တော်မှန်စွာသုံးခြင်းနှင့် အလွဲသုံးခြင်း
အခွင့်အာဏာကို တော်မှန်စွာသုံးခြင်းသည် အကျိုးပြုသောသြဇာဖြစ်စေနိုင်သည်။ ယင်းသည် မှန်ကန်သောလမ်းညွှန်မှုကို ပေးစေနိုင်ပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် ဝိညာဉ်ရေးအကျိုးကျေးဇူးများ ဖြစ်စေနိုင်သည်။ (သု. ၁:၅၊ ၆; ဟေရှာယ ၄၈:၁၇၊ ၁၈) သို့သော် အထက်ပါစမ်းသပ်မှုက ဖော်ပြသကဲ့သို့ အခွင့်အာဏာကျင့်သုံးရာတွင် အစွန်းရောက်သွားနိုင်သည့် အန္တရာယ်အမြဲရှိနေသည်။ သမ္မာကျမ်းစာက ယင်းအန္တရာယ်ကို ဖော်ပြပြီး ဤသို့ဆိုသည်– ‘မတရားသောသူတို့သည် အုပ်စိုးသောအခါ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။’—သု. ၂၉:၂; ဒေ. ၈:၉။
လူတစ်ဦးသည် ရည်ရွယ်ချက်ကောင်းနှင့်ပင်ဖြစ်ပါစေ အခွင့်အာဏာကို အလွဲသုံးခြင်းသည် အန္တရာယ်ရှိသည်။ ဥပမာ၊ မကြာသေးမီက အိုင်ယာလန်မှ ဘာသာရေးသင်တန်းပေးသည့် အုပ်စုတစ်စုသည် သူတို့ကွပ်ကဲမှုအောက်ရှိ ကလေးများအပေါ် အချို့ဆရာများ၏ အာဏာအလွဲသုံးမှုအတွက် လူသိရှင်ကြား တောင်းပန်ခဲ့သည်။ ထိုဆရာများထဲမှ အများစု၏ ရည်ရွယ်ချက်များမှာ မွန်မြတ်သည်ကို သံသယဖြစ်စရာမလိုသော်လည်း အချို့တို့၏ အခွင့်အာဏာကျင့်သုံးပုံကြောင့် အလွန်ထိခိုက်ခဲ့သည်။ သတင်းစာတစ်စောင်က “သင်ကြားပေးသော ဆရာများစွာ၏ အလွန်အမင်းကြမ်းတမ်းမှုနှင့် ခက်ထန်မှုတို့က ကလေးများစွာကို ထိတ်လန့်ကြောက်ရွံ့စေခဲ့သည်” ဟုရေးသားဖော်ပြသည်။ (အိုင်းရစ်တိုင်းမ်) သို့ဆိုလျှင် သင်၏အပြောအဆို၊ အပြုအမူဖြင့် အခြားသူများကို မထိခိုက်စေဘဲ သူတို့၏အကောင်းဆုံးအကျိုးဖြစ်စေရန် အခွင့်အာဏာကို မည်သို့ကျင့်သုံးနိုင်သနည်း။—သု. ၁၂:၁၈။
“အခွင့်တန်ခိုးရှိသမျှ” ယေရှု အပ်နှင်းခံရ
ယေရှုခရစ်၏ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ကောင်းကင်မတက်မီလေးတွင် တပည့်များကို ဤသို့မိန့်ဆိုခဲ့သည်– “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။” (မဿဲ ၂၈:၁၈) ယင်းက တပည့်များကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သလော။ မည်သည့်ဆန့်ကျင်ပုန်ကန်မှုကိုမဆို ချေမှုန်းပစ်ရာတွင် နာမည်ကြီးသော ရောမဧကရာဇ်ကဲသာကဲ့သို့ အခွင့်အာဏာကို ယေရှုအသုံးပြုလိမ့်မည်ဟု သူတို့ယူမှတ်ခဲ့သလော။
ထိုသို့မဟုတ်ဟု ကျမ်းစာမှတ်တမ်းက အလေးအနက် ဖော်ပြသည်။ ယေရှုခရစ်သည် အခွင့်အာဏာကို ခမည်းတော်အသုံးပြုခဲ့သည့်နည်းအတိုင်း သုံးခဲ့သည်။ ယေဟောဝါသည် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်သော်လည်း ကိုယ်တော့်လူမျိုးထံမှ အသိဉာဏ်မဲ့၍၊ ကြောက်ရွံ့ ၍၊ ကျေးကျွန်တစ်ဦးဖြစ်၍ မဖြစ်မနေနာခံမှုမျိုးကို မဟုတ်ဘဲ သူတို့၏ စိတ်လိုကိုယ်လျောက် ဝတ်ပြုမှုကိုသာ လိုလားတော်မူသည်။ (မဿဲ ၂၂:၃၇) ယေဟောဝါသည် ကိုယ်တော်၏အခွင့်အာဏာကို မည်သည့်အခါမျှ အလွဲအသုံးပြုတော်မမူပေ။ ယင်းကို ပရောဖက်ယေဇကျေလမြင်တွေ့ခဲ့ရသော အံ့သြဖွယ်ကောင်းသော စိတ်အာရုံတစ်ခုက ပြသသည်။
ထိုစိတ်အာရုံတွင် ယေဇကျေလသည် ဘုရားသခင့်ပိုင်သအုပ်စိုးမှုကို ထောက်ခံသော ကောင်းကင်သတ္တဝါလေးပါးကို မြင်တွေ့ခဲ့သည်။ တစ်ပါးစီတွင် မျက်နှာလေးခုရှိသည်။ ယေဇကျေလ ဤသို့ရေးသားဖော်ပြ၏– “မျက်နှာအဆင်းသဏ္ဌာန်ဟူမူကား သတ္တဝါလေးပါးတို့သည် လက်ယာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့်လည်းကောင်း၊ လက်ဝဲဘက်၌ နွားမျက်နှာ၊ ရွှေလင်းတမျက်နှာနှင့်လည်းကောင်း ပြည့်စုံကြ၏။” (ယေဇကျေလ ၁:၁၀) ထိုမျက်နှာလေးခုသည် ဘုရားသခင်၏ အလွန်ဟန်ချက်ညီသော အဓိကအရည်အသွေးလေးခုကို ပုံဆောင်သည်။ ယင်းတို့ကို သမ္မာကျမ်းစာတွင် ဤသို့ဖော်ပြထားသည်– လူမျက်နှာသည် မေတ္တာ; ခြင်္သေ့မျက်နှာသည် တရားမျှတခြင်း; ရွှေလင်းယုန်မျက်နှာသည် ဉာဏ်ပညာတို့ကို အသီးသီးကိုယ်စားပြုသည်။ ထိုအရည်အသွေးသုံးခုသည် နွားမျက်နှာက ကိုယ်စားပြုသော လေးခုမြောက်အရည်အသွေးဖြစ်သည့် တန်ခိုးနှင့် အတူတကွတွဲဖက်လုပ်ဆောင်သည်။ ယင်းတို့အားလုံးက အဘယ်အရာကို ဆိုလိုသနည်း။ ထိုစိတ်အာရုံက ယေဟောဝါသည် အကန့်အသတ်မဲ့တန်ခိုးတော်နှင့် အခွင့်အာဏာကို မိမိ၏ အခြားအဓိကအရည်အသွေးများနှင့် ဟန်ချက်မညီသည့်နည်းဖြင့် မည်သည့်အခါမျှ အသုံးမပြုကြောင်း ဖော်ပြသည်။
ယေရှုခရစ်သည် ခမည်းတော်ကို တုပ၍ မိမိ၏အခွင့်အာဏာကို မေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှုတို့နှင့် လုံးလုံးလျားလျားဟန်ချက်ညီစွာ အမြဲအသုံးပြုခဲ့သည်။ ယေရှု၏တပည့်များသည် ကိုယ်တော်၏အခွင့်အာဏာအောက် အမှုဆောင်ရာတွင် အလွန်စိတ်သက်သာလန်းဆန်းခဲ့ကြသည်။ (မဿဲ ၁၁:၂၈-၃၀) ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ကို ဂုဏ်ရည်တော်တစ်ခုခုဖြင့် တွဲ၍ဖော်ပြမည်ဆိုလျှင် တန်ခိုး သို့မဟုတ် အခွင့်အာဏာဖြင့်မဟုတ်ဘဲ မေတ္တာဖြင့်ဖော်ပြကြသည်။—၁ ကောရိန္သု ၁၃:၁၃; ၁ ယောဟန် ၄:၈။
အခွင့်အာဏာကို သင်မည်သို့ကျင့်သုံးသနည်း
အခွင့်အာဏာကို သင်မည်သို့ကျင့်သုံးသနည်း။ ဥပမာ၊ မိသားစုကို သင့်အကြိုက်အတိုင်း ချုပ်ကိုင်ရန် အခွင့်အာဏာကိုအသုံးပြုသလော။ သင့်ဆုံးဖြတ်ချက်များကို မိသားစုဝင်များ လိုက်နာသည်မှာ သင့်ကိုကြောက်၍လော သို့မဟုတ် ချစ်၍လော။ သင့်တွင် ဩဇာအာဏာရှိခြင်းကြောင့် သူတို့နာခံနေခြင်းလော။ အိမ်ထောင်ဦးစီးများသည် မိသားစုအစီအစဉ်တွင် သီအိုကရက်တစ်အစီအစဉ်ကို ကိုင်စွဲထားနိုင်ရန် ထိုမေးခွန်းများကို သုံးသပ်သင့်သည်။—၁ ကောရိန္သု ၁၁:၃။
ခရစ်ယာန်အသင်းတော်တွင် အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာရထားလျှင်ကော။ ယင်းကို တော်မှန်စွာ အသုံးပြု,မပြုသိနိုင်ရန် ယေဟောဝါဘုရားသခင် မှုတ်သွင်းထားပြီး ယေရှု ပုံသက်သေချမှတ်ခဲ့သော ဤမူများဖြင့် မိမိ၏အပြုအမူများကို စစ်ဆေးကြည့်ပါ။
“သခင်ဘုရား၏ကျွန်သည် . . . ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ . . . သည်းခံနိုင်သောသူဖြစ်ရမည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမရမည်။”—၂ တိမောသေ ၂:၂၄၊ ၂၅။
အစောပိုင်းခရစ်ယာန်အသင်းတော်မှ အချို့သူများတွင် အခွင့်အာဏာများစွာရှိခဲ့သည်။ ဥပမာ၊ တိမောသေသည် ‘ခြားနားသောအယူဝါဒသစ်ကို မသွန်သင်ကြနှင့်ဟူ၍ . . . အချို့သောသူတို့ကို ပညတ်ထား’ နိုင်သည်အထိ အခွင့်ရှိခဲ့သည်။ (၁ တိမောသေ ၁:၃၊ ၄) သို့သော် တိမောသေသည် “နူးညံ့သိမ်မွေ့စွာ” ဆုံးမရန်၊ ခရစ်ယာန်အသင်းတော်ကို ကြီးကြပ်ရာတွင် “ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြု” ရန်ဟူသော ပေါလု၏အကြံပြုချက်အတိုင်း မလွဲမသွေပြုခဲ့သောကြောင့် သူပြုလေသမျှတွင် ဘုရားသခင်ရေးရာအရည်အသွေးများကို တုပခဲ့သည်ဟု ကျွန်ုပ်တို့တပ်အပ်ပြောနိုင်သည်။ သူသည် အသက်ငယ်သောကြောင့် အသက်ကြီးသောသူတို့နှင့် ဆက်ဆံရာတွင် ရိုသေလေးစားသောသားကဲ့သို့လည်းကောင်း၊ ငယ်သောသူတို့နှင့် ဆက်ဆံရာတွင် ဂရုစိုက်တတ်သောအစ်ကိုကဲ့သို့လည်းကောင်း ဖြစ်ခဲ့သည်။ (၁ တိမောသေ ၅:၁၊ ၂) ထိုသို့သော မေတ္တာပါစောင့်ရှောက်မှုအောက်ရှိ ခရစ်ယာန်အသင်းတော်တွင် အလုပ်သဘောဆန်သည့် အေးစက်စက် လုပ်ဆောင်မှုများမဟုတ်ဘဲ နွေးထွေးမှုနှင့် မေတ္တာရှိသောမိသားစုစိတ်ဓာတ်သာ ထင်ဟပ်နေပေမည်။—၁ ကောရိန္သု ၄:၁၄; ၁ သက်သာလောနိတ် ၂:၇၊ ၈။
“မင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ . . . သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။”—မဿဲ ၂၀:၂၅-၂၈။
လောကမင်းတို့သည် လက်အောက်ငယ်သားများကို သူတို့၏အမိန့်အတိုင်း အတင်းအကျပ်ပြုလုပ်စေပြီး မလိုက်နာပါက အပြစ်ဒဏ်များချမှတ်မည်ဟု ခြိမ်းခြောက်ခြင်းဖြင့် သူတို့ကို “အစိုးတရပြုတတ်ကြ” သည်။ သို့သော် ယေရှုခရစ်သည် အခြားသူများ၏အစေကိုခံရန်နှင့် သူတို့ကို ဖိနှိပ်ခြင်းမပြုရန် အလေးအနက်ဖော်ပြခဲ့သည်။ (မဿဲ ၂၀:၂၇၊ ၂၈) ကိုယ်တော်သည် တပည့်များကို မေတ္တာပါ၍ ဂရုစိုက်သည့်နည်းဖြင့် အမြဲဆက်ဆံတော်မူ၏။ ယေရှု၏ပုံသက်သေကို သင်လိုက်လျှောက်ပါက အခြားသူများ သင်နှင့်ပူးပေါင်းလုပ်ဆောင်ရ ပိုလွယ်ကူပေလိမ့်မည်။ (ဟေဗြဲ ၁၃:၇၊ ၁၇) ထို့ပြင် တစ်နည်းနည်းဖြင့် အတင်းအကျပ်စေခိုင်းရန်မလိုဘဲ သင်နှင့်အတူ ‘ခရီးမိုင်အပိုသွားရန်ပင်’ လိုလိုလားလားရှိစေသည်။—မဿဲ ၅:၄၁။
“သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကို . . . ထိန်းကြလော့။ အသီးအသီးအုပ်သောအသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ်ကြလော့။”—၁ ပေတရု ၅:၂၊ ၃။
အသင်းတော်သားအားလုံး၏ ဝိညာဉ်ရေးကောင်းမှုနှင့်ပတ်သက်၍ ဘုရားသခင်ထံ၌ စာရင်းရှင်းရမည်ဖြစ်ကြောင်း ယနေ့ ကြီးကြပ်မှူးများ သိရှိထားကြသည်။ ယင်းတာဝန်ကို သူတို့ အလေးအနက်ထားကြ၏။ ဘုရားသခင်၏ သိုးတော်စုကိုထိန်းကျောင်းရာတွင် အလိုလိုစေတနာစိတ်ရှိ၍ မေတ္တာဖြင့်ပြုရန် ကြိုးစားကြသည်။ တမန်တော်ပေါလုကဲ့သို့ သူတို့လက်အောက်တွင်ရှိသောသူတို့၏ ယုံကြည်ခြင်းကို အစိုးတရပြုသောသူများအဖြစ်မဟုတ်ဘဲ တည်ဆောက်ပေးရန် ကြိုးစားအားထုတ်ကြသည်။—၂ ကောရိန္သု ၁:၂၄။
အကြီးအကဲများသည် လျောက်ပတ်သောသွန်သင်ချက်ပေးရန် လိုအပ်လာသောအခါ အမှားပြုမိသူကို တည့်မတ်ပေးရာတွင်၊ သို့မဟုတ် ခရစ်ယာန်ချင်းတစ်ဦးကို ဝိညာဉ်ရေးတိုးတက်လာစေရန် ကူညီပေးရာတွင် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသို့ပြုလုပ်ကြသည်။ တမန်တော်ပေါလု၏ သတိပေးချက်ကို သူတို့စိတ်စွဲမှတ်ထားကြသည်– “လူသည် သတိလစ်၍ တစ်စုံတစ်ခုသော [မကောင်းမှု] ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကိုခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍၊ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့။”—ဂလာတိ ၆:၁; ဟေဗြဲ ၆:၁၊ ၉-၁၂။
“တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ . . . စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၃၊ ၁၄။
ခရစ်ယာန်စံနှုန်းများကို အတိအကျလိုက်နာရန် ပျက်ကွက်မိသူတစ်ဦးကို သင်မည်သို့ဆက်ဆံမည်နည်း။ ယေဟောဝါနှင့်ယေရှုခရစ်တို့ကဲ့သို့ သူတို့၏မစုံလင်မှုများကို ထည့်သွင်းစဉ်းစားပေးမည်လော။ (ဟေရှာယ ၄၂:၂-၄) သို့မဟုတ် ကိစ္စရပ်တိုင်းတွင် ဘုရားသခင့်ပညတ်ကို စာသားအတိုင်းအတိအကျလိုက်နာရန် အတင်းအကျပ်တောင်းဆိုမည်လော။ (ဆာလံ ၁၃၀:၃) ဖြစ်နိုင်သည့်အခါတိုင်း နူးညံ့သိမ်မွေ့သည့်သဘောနှင့် လိုအပ်လာပါက ခိုင်မာသည့်သဘောတင်ပြခြင်းသည် တော်သင့်မှန်ကန်ကြောင်း မမေ့ပါနှင့်။ မေတ္တာနှင့်ပြုမူခြင်းက သင်နှင့် သင့်အခွင့်အာဏာအောက်ရှိသူများအကြား အပြန်အလှန် ခိုင်မာသောယုံကြည်စိတ်ချမှု နှောင်ကြိုးများဖြစ်ပေါ်စေရန် ထောက်ကူပေးလိမ့်မည်။
အခွင့်အာဏာတစ်မျိုးမျိုး အပ်နှင်းခံရပါက ယင်းကို ကျင့်သုံးရာတွင် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ကို ကြိုးစားတုပပါ။ မိမိလူမျိုးတော်အပေါ် ယေဟောဝါ၏ အခွင့်အာဏာကျင့်သုံးပုံအကြောင်း စပ်ဆိုထားသည့် ဆာလံဆရာ၏ အလွန်နှစ်လို့ဖွယ်ကောင်းသော ပုံဖော်ချက်ကို ပြန်တွေးတောပါ။ ဒါဝိဒ် ဤသို့သီဆိုခဲ့သည်– ‘ယေဟောဝါသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။ စိမ်းလန်းသောကျက်စားရာအရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။ ငါ့ဝိညာဉ်ကိုအားဖြည့်၍ နာမတော်အဖို့အလိုငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။’ ထိုနည်းတူ ယေရှုလည်း ဤသို့မိန့်ဆိုခဲ့သည်ကို ကျွန်ုပ်တို့ဖတ်ရသည်– “ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ငါသည်ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှာစွန့်၏။” အခွင့်အာဏာကို မေတ္တာဖြင့်ကျင့်သုံးရာတွင် ယင်းတို့ထက်သာလွန်ကောင်းမွန်သော အဘယ်စံနမူနာများရှိနိုင်ဦးမည်နည်း။—ဆာလံ ၂၃:၁-၃; ယောဟန် ၁၀:၁၄၊ ၁၅။
[စာမျက်နှာ ၁၈ ပါ အကျဉ်းဖော်ပြချက်]
ယေဟောဝါသည် တန်ခိုးအာဏာကို တရားမျှတမှု၊ ဉာဏ်ပညာ၊ မေတ္တာတို့နှင့် လုံးလုံးလျားလျားဟန်ချက်ညီစွာ အမြဲအသုံးပြုတော်မူသည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
တစ်ခါတစ်ရံ အကြီးအကဲများသည် အမှားပြုသူများကို မေတ္တာပါသောသွန်သင်ချက်များ ပေးရ
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ပေါလုသည် တိမောသေကို ရိုသေလေးစားသောသားနှင့် ဂရုစိုက်တတ်သောအစ်ကိုတစ်ဦးကဲ့သို့ ပြုမူရန် အကြံပေးခဲ့
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ယေရှုခရစ်သည် မိမိ၏အခွင့်အာဏာကို ဉာဏ်ပညာ၊ တရားမျှတမှုနှင့် မေတ္တာပါသည့်နည်းများဖြင့် ကျင့်သုံးခဲ့