မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ငါသည် သင်တို့နှင့်အတူရှိ၏”

“ငါသည် သင်တို့နှင့်အတူရှိ၏”

“ငါသည် သင်တို့​နှင့်အတူ​ရှိ၏”

‘ထာဝရ​ဘုရားသခင်​၏​တမန်​က “ငါသည် သင်တို့​နှင့်အတူ​ရှိ၏” ဟု ထာဝရ​ဘုရားသခင် မိန့်တော်မူ​ကြောင်းကို​ဆင့်ဆို​လေ​၏။’—ဟဂ္ဂဲ ၁:၁၃

၁။ ကျွန်ုပ်​တို့​ခေတ်​အတွက် အဘယ်​ပရောဖက်ပြုချက်​ဆိုင်ရာ ဆင်တူချက်​များ​ကို ယေရှု​ရည်ညွှန်းခဲ့​သနည်း။

လူ့​သမိုင်း​၏ အလွန်​အရေးကြီးသော​အချိန်တွင် ကျွန်ုပ်​တို့အသက်​ရှင်​နေကြ​ရသည်။ ကျမ်းစာ​ပရောဖက်ပြုချက် ပြည့်စုံချက်​အရ ၁၉၁၄ ခုနှစ်​မှ​စ၍ ‘သခင့်​နေ့​တော်’ အတွင်း​၌ ကျွန်ုပ်​တို့ ရောက်ရှိ​နေကြပြီ​ဖြစ်သည်။ (ဗျာ. ၁:၁၀) နိုင်ငံတော်​တန်ခိုး​အာဏာ​နှင့်​တကွ ‘လူသား​ရောက်ရှိချိန်’ ကို “နောဧ​လက်ထက်၊” “လောတ​လက်ထက်” တို့​နှင့် ယေရှု​နှိုင်းယှဉ်​ဖော်ပြ​ခဲ့​သည်ကို သင်တို့ လေ့လာ​သိ​ရှိခဲ့​ပြီး​ဖြစ်သည်။ (မဿဲ ၂၄:၃၇-၃၉; လုကာ ၁၇:၂၆၊ ၂၈) သမ္မာကျမ်းစာ​က ယင်း​တို့သည် ပရောဖက်ပြုချက်​ဆိုင်ရာ ဆင်တူချက်​များ​ဖြစ်​ကြောင်း ညွှန်ပြ​၏။ သို့ရာတွင် ကျွန်ုပ်​တို့ အလေးအနက်​သုံးသပ်​ရမည့် နောက်ထပ်​ဆင်တူချက် ရှိပါ​သေး​သည်။

၂။ ယေဟောဝါ​သည် ဟဂ္ဂဲ​နှင့် ဇာခရိ​တို့အား အဘယ်​တာဝန်​အပ်နှင်း​ခဲ့​သနည်း။

ဟေဗြဲ​ပရောဖက်​များ​ဖြစ်​ကြ​သည့် ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့​ခေတ်​က အခြေအနေ​ကို သုံးသပ်ကြည့်​ကြပါစို့။ ထို​တည်ကြည်သော ပရောဖက်​နှစ်ပါး​သည် ယနေ့ခေတ် ယေဟောဝါ​၏​လူမျိုး​နှင့်​သက်ဆိုင်​သည့် အဘယ်​ရှင်းလင်း​သော​သတင်း​စကား​များ ဖော်ပြ​ခဲ့​သနည်း။ ဟဂ္ဂဲ​နှင့် ဇာခရိ​တို့သည် ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ ပြန်လာ​ကြ​သည့် ဂျူး​များ​အတွက် ‘ယေဟောဝါ​၏​တမန်’ များ​ဖြစ်​ကြသည်။ ဝတ်ပြုရာ​အိမ်တော် ပြန် လည်​တည်ဆောက်​ရာ​တွင် ဣသရေလလူ​မျိုး​များ​အား ဘုရားသခင်​ထောက်​မပေး​နေကြောင်း ယုံကြည်​စိတ်ချ​လာအောင် သူတို့​လုပ်ဆောင်ခဲ့ရ​သည်။ (ဟဂ္ဂဲ ၁:၁၃; ဇာခရိ ၄:၈၊ ၉) ဟဂ္ဂဲ​နှင့် ဇာခရိ​တို့​ရေးသားခဲ့​သည့် ကျမ်းစောင်​များသည် တို​သော်လည်း ယင်း​တို့သည် ‘ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍ . . . သွန်သင်​ပေးခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း၊ တရားကို​သွန်သင်ခြင်း​ကျေးဇူးများ​ကို ပြု​တတ်’ သည့် ကျမ်းစောင်​များ​ထဲ​တွင် ပါဝင်​ပါ​သည်။—၂ တိမောသေ ၃:၁၆၊ ၁၇

ယင်း​တို့ကို ကျွန်ုပ်​တို့​အာရုံစိုက်​သင့်

၃၊ ၄။ ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့၏ သတင်း​စကား​များ​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့် စိတ်ဝင်စား​သင့်​သနည်း။

ဟဂ္ဂဲ​နှင့် ဇာခရိ​တို့၏ သတင်း​စကား​များသည် သူတို့​ခေတ်​မှ ဂျူး​များ​ကို အမှန်​အကျိုးပြု​ခဲ့​သည်။ သူတို့၏​ပရောဖက်ပြုချက်​များသည် ထို​အချိန်တွင် ပြည့်စုံ​ခဲ့​၏။ သို့​ဆိုလျှင် ယနေ့ ကျွန်ုပ်​တို့​လည်း ဤ​ကျမ်း​နှစ်စောင်​ကို အာရုံစိုက်​သင့်​သည်​ဟု အဘယ်ကြောင့် အသေအချာ​ပြော​နိုင်​သနည်း။ ဟေဗြဲ ၁၂:၂၆-၂၉ ၌​သဲလွန်စ​တစ်ခု တွေ့ရ​ပါ​သည်။ ထို​တွင် တမန်​တော်​ပေါလု​သည် ဟဂ္ဂဲ ၂:၆ တွင်​ပါရှိ​သော ဘုရားသခင် ‘မြေကြီး​နှင့်​ကောင်းကင်​ကို​လှုပ်’ သည့်​အကြောင်း ကိုးကား​ထား​သည်။ ဤ​လှုပ်ခြင်း​သည် နောက်ဆုံး “တိုင်းနိုင်ငံ​တို့၏ ရာဇ​ပလ္လင်​များ​ကို မှောက်လှန်​၍ အမျိုးမျိုးသော​တိုင်းနိုင်ငံ​တန်ခိုး​ကို ဖျက်ဆီး” ခြင်း​အထိ​ဖြစ်ပါ​လိမ့်​မည်။—ဟဂ္ဂဲ ၂:၂၂

ဟဂ္ဂဲကျမ်း​ကို ပေါလု​ကိုးကား​ပြီး​နောက် “အမျိုးမျိုးသော​တိုင်းနိုင်ငံ” များ​အပေါ် ဖြစ်ပျက်​မည့်​အရာ​နှင့် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ ပိုင်ဆိုင်​ရမည့် မ​လှုပ်​နိုင်သော​နိုင်ငံ​၏ သာလွန်​ကောင်းမြတ်​မှု​တို့ကို ဖော်ပြ​ခဲ့​သည်။ (ဟေဗြဲ ၁၂:၂၈) ထို့​ကြောင့် ဟဂ္ဂဲ​နှင့် ဇာခရိ​တို့၏ ပရောဖက်ပြုချက်​များသည် ဟေဗြဲ​ကျမ်း​ကို ရေးသားခဲ့​သည့် ပထမ​ရာစုနှစ်​နောက်ပိုင်း အနာဂတ်​တွင် ပြည့်စုံ​ရဦး​မည်​ကို ပေါလု​၏​စကား​မှ ကျွန်ုပ်​တို့​နားလည်​နိုင်​ပါ​သည်။ ယေရှု​နှင့်အတူ မေရှိယနိုင်ငံတော်​တွင် အမွေခံ​ကြ​မည့် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန် အကြွင်းအကျန်​တို့သည် ယနေ့​ထိ မြေကြီးပေါ်​တွင် ရှိနေကြ​ဆဲ​ဖြစ်သည်။ သို့​ဖြစ်၍ ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့​တွင် ကျွန်ုပ်​တို့​ခေတ်​နှင့်​သက်ဆိုင်​သည့် အရေးကြီး​သည့်​အချက် ရှိ​ရမည်။

၅၊ ၆။ ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့အား ပရောဖက်ပြု​စေသည့် ဖြစ်ရပ်​များ​ကား အဘယ်နည်း။

ဧဇရ​ကျမ်း​တွင် သမိုင်း​နောက်ခံ​တချို့​ကို ဖော်ပြ​ထား​သည်။ ဘီစီ ၅၃၇ တွင် ဂျူး​များ ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ ပြန်လာ​ပြီး ဘီစီ  ၅၃၆ တွင် မြို့ဝန်​ဇေရုဗဗေလ​နှင့် ယဇ်ပုရောဟိတ်​မင်းကြီး ယောရှု​တို့သည် ဝတ်ပြုရာ​အိမ်တော်​အသစ် အုတ်မြစ်ချ​ခြင်း​ကို ကြီးကြပ်​ခဲ့​ကြသည်။ (ဧဇရ ၃:၈-၁၃; ၅:၁) ယင်းသည် ရွှင်လန်းစရာ​အခါသမယ ဖြစ်​ခဲ့​သော်လည်း မကြာမီတွင် ဂျူး​များ ကြောက်ရွံ့ထိတ်လန့်​လာ​ကြ​၏။ ဧဇရ ၄:၄ အရ ရန်သူများ​ဖြစ်သည့် “ပြည်သား​တို့သည် ယုဒ​အမျိုး​တို့ကို လက်​အားလျော့​စေ​၍ တည်ဆောက်​ခြင်း​အမှုကို နှောင့်ယှက်” ခဲ့​ကြသည်။ အထူးသဖြင့် ရှမာရိ​လူမျိုးများ​ဖြစ်သော ရန်သူ​တို့သည် ဂျူး​များ​အကြောင်း မဟုတ်မမှန် စွပ်စွဲ​ခဲ့​ကြ​၏။ ထို​ဆန့်ကျင်သူ​တို့သည် ဝတ်ပြုရာ​အိမ်တော်​ဆောက်လုပ်ရေး​လုပ်ငန်း​ကို ပိတ်ပင်​ဖို့ ပါးရှား​ဘုရင်​အား နားချ​ခဲ့​ကြသည်။—ဧဇရ ၄:၁၀-၂၁

ဝတ်ပြုရာ​အိမ်တော်​လုပ်ငန်း​နှင့်​ပတ်သက်​သည့် သူတို့၏​စိတ်​ထက်သန်မှု​မှာ တဖြည်းဖြည်း လျော့နည်းလာ​ခဲ့​သည်။ ဂျူး​များသည် ကိုယ်ရေးကိုယ်တာ​လိုက်စားမှု​များ​ဘက် လှည့်​သွား​ကြသည်။ သို့​နှင့် ဝတ်ပြုရာ​အိမ်တော်​အုတ်မြစ်ချ​ပြီး ၁၆ နှစ်​အကြာ ဘီစီ ၅၂၀ တွင် ဝတ်ပြုရာ​အိမ်တော်​လုပ်ငန်း​ကို ပြန်​စ​ကြဖို့ လူ​တို့အား​နှိုးဆော်​ရန် ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့ကို ယေဟောဝါ​စေလွှတ်​တော်​မူ​ခဲ့​သည်။ (ဟဂ္ဂဲ ၁:၁; ဇာခရိ ၁:၁) ဘုရားသခင့်​တမန်​များ​၏ နှိုးဆော်​မှု​နှင့် ယေဟောဝါ​ထောက်မ​ကူညီ​ကြောင်း ထင်ရှား​သည့် အထောက်အထား​များ​ကြောင့် ဂျူး​များသည် ဝတ်ပြုရာ​အိမ်တော်​လုပ်ငန်း​ကို ပြန်​စ​ခဲ့​ကြ​ပြီး ဘီစီ ၅၁၅ တွင် လက်​စ​သတ်ခဲ့​သည်။—ဧဇရ ၆:၁၄၊ ၁၅

၇။ ပရောဖက်​ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့​ခေတ်​ရှိ အခြေအနေ​နှင့် မျက်မှောက်ခေတ်​အခြေအနေ​တို့​တွင် အဘယ်​ဆင်တူချက်​ရှိ​သနည်း။

ဤ​အဖြစ်အပျက်​အားလုံး​သည် ကျွန်ုပ်​တို့အတွက် အထူး​အဓိပ္ပာယ်​ရှိကြောင်း သင်​သိပါသလော။ ‘ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော သတင်းကောင်း’ ဟောပြောခြင်း​နှင့်​ဆက်နွှယ်​သည့်​လုပ်ငန်း​တွင် ကျွန်ုပ်​တို့​ပါဝင်​ကြသည်။ (မဿဲ ၂၄:၁၄) ယင်း​လုပ်ငန်း​ကို ပထမ​ကမ္ဘာ​စစ်​နောက်ပိုင်း​တွင် အထူး​အလေးပေး​၍ လုပ်ဆောင်ခဲ့​ကြ​၏။ ရှေးခေတ်​ဂျူး​များသည် ပကတိ​ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ လွတ်မြောက်​ခဲ့​ကြ​သကဲ့သို့ ယေဟောဝါ​၏ မျက်မှောက်ခေတ်​လူမျိုး​လည်း ကမ္ဘာ့​အယူမှား ဘာသာရေး​အင်ပါယာ​ဖြစ်သည့် မဟာ​ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ လွတ်မြောက်​ခဲ့​ကြသည်။ ဘုရားသခင်​၏ ဝိညာဉ်​တော်​ဖွား​များသည် ဟောပြောခြင်း၊ သွန်သင်ခြင်း​နှင့် လူ​တို့အား စစ်မှန်သော​ဝတ်ပြုရေး​ဘက် လမ်းညွှန်​ပေးခြင်း​တို့​တွင် ဝီရိယ​ရှိ​ရှိ လုပ်ဆောင်ခဲ့​ကြသည်။ ထို​လုပ်ငန်း​ကို မကြုံစဖူး​အတိုင်းအတာ​ဖြင့် ယနေ့​အထိ ဆက်လုပ်​ဆောင်​နေပြီး သင်လည်း ယင်း​လုပ်ငန်း​တွင် ပါဝင်​နေ​ပေမည်။ ဤ​စနစ်ဆိုး​၏​အဆုံး နီးကပ်​နေပြီ​ဖြစ်​ရာ ယခု​အချိန်​သည် ယင်း​လုပ်ငန်း​ကို လုပ်ဆောင်​ရမည့်​အချိန်​ဖြစ်သည်။ လူ့​ရေးရာ​များ​ကို ယေဟောဝါ ကြားဝင်​ဆောင်ရွက်​ချိန်​ဖြစ်သော ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ရောက်လာ​သည်​အထိ ဘုရားသခင်​ခန့်အပ်​ထား​သည့် ဤ​အလုပ်ကို ဆက်​လုပ်ဆောင်​သွား​ရမည်။ (မဿဲ ၂၄:၂၁) ယင်းက ဤ​ကမ္ဘာ​မြေပေါ်​မှ ဆိုးယုတ်မှု​ကို​ပယ်ရှား​ပစ်​ပြီး စစ်မှန်သော​ဝတ်ပြုရေးကို တည်ထောင်​သွားပါ​လိမ့်​မည်။

၈။ ကျွန်ုပ်​တို့၏​လုပ်ငန်း​ကို ဘုရားသခင် ထောက်​မပေး​နေကြောင်း မည်သို့​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့၏ ပရောဖက်ပြု​ဖော်ပြချက်​အရ ကျွန်ုပ်​တို့သည် ဤ​လုပ်ငန်း​တွင် နှလုံး​အကြွင်းမဲ့​ပါဝင်​ကြ​မည်​ဆိုလျှင် ယေဟောဝါ​၏​ထောက်မမှု​နှင့် ကောင်းချီး​ခံစားရ​မည်​ကို စိတ်ချ​နိုင်​ပါ​သည်။ လူ​တချို့က ဘုရားသခင့်​ကျေးကျွန်​များ​ကို ဖိနှိပ်​ရန်၊ ၎င်းတို့၏​လုပ်ငန်း​ကို ပိတ်ပင်​ရန် ကြိုးပမ်း​ကြ​လင့်​ကစား မည်သည့်​အုပ်ချုပ်ရေး​က​မျှ ဟောပြောခြင်း​လုပ်ငန်း တိုးတက်​နေ​မှု​ကို ရပ်တန့်​သွား​အောင် မတားဆီး​နိုင်​ခဲ့​ချေ။ ပထမ​ကမ္ဘာ​စစ်​ပြီး​ကတည်းက ယနေ့​အချိန်အထိ ဆယ်စုနှစ်​များစွာ ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို တိုးတက်​စေခြင်း​ဖြင့် ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့​ပုံ​ကို စဉ်းစား​ကြည့်​ပါ။ သို့သော် လုပ်ဆောင်​စ​ရာ​များစွာ ရှိ​နေပါ​သေး​သည်။

၉။ ရှေးခေတ်​က အဘယ်​အခြေအနေ​ကို ကျွန်ုပ်​တို့ ဂရုပြု​သင့်​သနည်း။ အဘယ်ကြောင့်​နည်း။

ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့​ထံ​မှ  ကျွန်ုပ်​တို့​သင်ယူ​သိရှိရာ​သည် ဟောပြော​၍ သွန်သင်​ပေး​ပါ​ဟူသော ဘုရားသခင့်​အမိန့်တော်ကို ပို​၍​နာခံ​ရန် မည်သို့​လှုံ့ဆော်ပေး​နိုင်​သနည်း။ ဤ​ကျမ်းစောင်​နှစ်စောင်​မှ ကျွန်ုပ်​တို့​ရရှိနိုင်​မည့် သင်ခန်းစာ​တချို့​ကို သတိပြု​ကြည့်​ကြ​စို့။ ဥပမာ၊ ပြည်တော်ပြန်​ဂျူး​များ ဝတ်ပြုရာ​အိမ်တော် ပြန်​တည်ဆောက်​သည့်​လုပ်ငန်း​နှင့် ဆက်နွှယ်​နေသည့် အသေးစိတ်​အချက်အလက်​တချို့​ကို သုံးသပ်ကြည့်​ကြ​စို့။ ဖော်ပြ​ခဲ့​သည့်​အတိုင်း ဗာဗုလုန်​မှ ယေရုရှလင်​သို့ ပြန်လာ​ကြ​သည့် ဂျူး​များသည် ဝတ်ပြုရာ​အိမ်တော်​လုပ်ငန်း​တွင် မ​စွဲမြဲ​တော့​ချေ။ အုတ်မြစ်ချ​ပြီး​နောက်​တွင် လျော့​ရိ​လျော့​ရဲ​ဖြစ်လာ​ကြသည်။ သူတို့​အကြား​တွင် အဘယ်​လွဲမှား​သည့်​အမြင် ရှိခဲ့​ကြ​သနည်း။ ယင်း​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။

မှန်ကန်သော​အမြင်​ရှိ​ခြင်း

၁၀။ ဂျူး​များသည် အဘယ်​လွဲမှား​သည့် အမြင်​ရှိခဲ့​ကြ​ပြီး အဘယ်​ရလဒ်​ရခဲ့​သနည်း။

၁၀ ပြည်တော်ပြန်​ဂျူး​များသည် “အချိန်​မ​ရောက်​သေး” ဟု ပြောဆို​ခဲ့​ကြသည်။ (ဟဂ္ဂဲ ၁:၂) ဝတ်ပြုရာ​အိမ်တော်​အုတ်မြစ်​စ​ချ​ချိန်​ဖြစ်သည့် ဘီစီ ၅၃၆ တွင် သူတို့သည် “အချိန်​မ​ရောက်​သေး” ဟု မပြော​ဆို​ခဲ့​ကြ​ချေ။ သို့သော် မကြာမီတွင် အိမ်နီးချင်း​များ​၏ ဆန့်ကျင်မှု​နှင့် အုပ်ချုပ်သူ​တို့၏ ကြားဝင်​စွက်ဖက်​မှု​တို့​ကြောင့် သူတို့၏​လုပ်ငန်း​ထိခိုက်လာ​ခဲ့​သည်။ ဂျူး​များသည် မိမိတို့​ကိုယ်ပိုင်​အိမ်များ​နှင့် စည်းစိမ်​ချမ်းသာ​တို့ကို ပို​၍​အလေးပေး​လာ​ကြသည်။ အဖိုးတန်​သစ်​များနှင့်​ဆောက်လုပ်​ထား​သည့် ၎င်းတို့၏​အိမ်များ​နှင့် မပြီးသေး​သည့် ဝတ်ပြုရာ​အိမ်တော်​၏ ကွာခြားမှု​ကို သတိပြုမိ​၍ ယေဟောဝါ​က “သင်တို့သည် အမိုး​နှစ်ထပ်​နှင့်​ပြည့်စုံသော​အိမ်​၌ နေချိန်​ရှိ​လျက်​ပင် အိမ်တော်​ပျက်​လျက်​နေရ​မည်​လော” ဟု မိန့်တော်မူ​ခဲ့​သည်။—ဟဂ္ဂဲ ၁:၄

၁၁။ ယေဟောဝါ​သည် ဟဂ္ဂဲ​ခေတ်​မှ ဂျူး​များ​ကို အဘယ်ကြောင့် ဆုံးမ​တော်​မူ​ခဲ့​ရသနည်း။

၁၁ မှန်ပါသည်။ ဂျူး​တို့၏​ဦးစား​ပေး​ရာ​များ ပြောင်း​သွား​လေ​ပြီ။ ဘုရားသခင့်​လူမျိုး​သည် ဝတ်ပြုရာ​အိမ်တော်​ဆောက်​ရမည်​ဟူသော ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​ကို ဦးစား​ထား​မည့်​အစား သူတို့​ကိုယ်တိုင်​နှင့် သူတို့၏​နေအိမ်များ​ကို​သာ အာရုံစိုက်​လာ​ခဲ့​ကြသည်။ ဘုရားသခင့်​ဝတ်ပြုရာ​အိမ်တော်​လုပ်ငန်း​ကို လျစ်လျူရှုခဲ့​ကြသည်။ ဟဂ္ဂဲ ၁:၅ တွင် မှတ်တမ်း​တင်ထား​သည့် ယေဟောဝါ​၏​စကားတော်​က “ကိုယ်​ကျင့်​သော​အကျင့်​တို့ကို ဆင်ခြင်​ကြ” ရန် ဂျူး​များ​ကို အားပေးခဲ့​သည်။ သူတို့​လုပ်​နေသည့်​အရာ​ကို ရပ်တန့်​၍ ဆင်ခြင်​ရန်၊ ဝတ်ပြုရာ​အိမ်တော်​ဆောက်​ခြင်း​ကို အသက်တာ​၏ ဦးစား​ပေး​နေရာတွင် မထားသည့်​အတွက် သူတို့​ဆုံးရှုံး​ခဲ့​ရာ​များ​ကို ဆန်းစစ်​ကြည့်​ရန် ယေဟောဝါ​မိန့်တော်မူ၏။

၁၂၊ ၁၃။ ဂျူး​များ​၏​အခြေအနေ​ကို ဟဂ္ဂဲ ၁:၆ က မည်သို့​ဖော်ပြ​သနည်း။ ထို​အခန်းငယ်​၏​အဓိပ္ပာယ်​ကား အဘယ်နည်း။

၁၂ သင်​ထင်​သည့်​အတိုင်း​ပင် ဂျူး​များ ဦးစား​ထား​ရမည့်​အရာ လွဲမှား​နေသည့်​အတွက် ထိခိုက်​နစ်နာ​ခဲ့​ကြသည်။ ဟဂ္ဂဲ ၁:၆ တွင် ဖော်ပြ​ထား​သည့် ဘုရားသခင့်​ရှုမြင်ချက်​ကို သတိပြု​ကြည့်​ပါ– “သင်တို့သည် များစွာသော​မျိုးစေ့ကို ကြဲ​သော်လည်း အသီးအနှံ​နည်းပါး​ရ၏။ စား​ရ​သော်လည်း ဝ​စွာ​မစား​ရ​ကြ။ သောက်​ရ​သော်လည်း ဝ​စွာ​မ​သောက်​ရ​ကြ။ အဝတ်ကို​ဝတ်​ရ​သော်လည်း နွေး​စွာ​မ​ဝတ်​ရ​ကြ။ အလုပ်လုပ်​၍ အ​ခ​ကို​ခံရ​သော်လည်း မ​လုံ​သော​အိတ်ထဲမှာ သိုထား​ရ​ကြ​၏။”

၁၃ ဂျူး​များသည် ဘုရားသခင် ပေး​တော်​မူ​သော​နယ်မြေ​တွင် နေထိုင်ကြ​သော်လည်း ယင်း​နယ်မြေ​သည် သူတို့​အလိုရှိ​သလော​က် မဖြစ်​ထွန်း​တော့​ချေ။ တင်ကြို​သတိပေး​ခဲ့​သည့်​အတိုင်း ယေဟောဝါ​သည် သူတို့​အပေါ် ကောင်းချီး​မ​သွန်းလောင်း​တော့​ချေ။ (တရားဟောရာ ၂၈:၃၈-၄၈) ယေဟောဝါ​၏ ကူညီ​ထောက်မမှု မရတော့​သည့်​အတွက် ဂျူး​များသည် မျိုးစေ့ကြဲ​သော်လည်း အနည်းငယ်​သာ ရိတ်သိမ်း​ရသည်။ သူတို့သည် ဝဝလင်လင် မစား​ကြ​ရတော့​ချေ။ ကိုယ်တော်​၏​ကောင်းချီး မရရှိ​သည့်​အတွက် နွေးထွေး​သော​အဝတ်အစား​များ​ကို မ​ဝတ်ဆင်​နိုင်​ကြ​တော့​ချေ။ အလုပ်လုပ်​၍​ရသော​ငွေ​သည် အိတ်​ပေါက်​နှင့်​ဖား​ကောက်​သကဲ့သို့ မည်သည့်​အကျိုး​မှ​မရှိတော့​ချေ။ “သောက်​ရ​သော်လည်း ဝ​စွာ​မ​သောက်​ရ​ကြ [“မ​မူးယစ်​ရ​ကြ၊” က​ဘ]” ဟူ​သည့်​ဖော်ပြချက်​က အဘယ်အရာကို​ဆိုလို​သနည်း။ မူးယစ်​ခြင်း​သည် ဘုရားသခင့်​ကောင်းချီး​ဖြစ်သည်ဟု ဆိုလိုခြင်း​မဟုတ်​ချေ။ ကိုယ်တော်​သည် မူးယစ်​ခြင်း​ကို ပြစ်တင်​ရှုတ်ချ​တော်​မူ​၏။ (၁ ဓမ္မ​ရာဇဝင် ၂၅:၃၆; သု. ၂၃:၂၉-၃၅) သို့​အစား အဆိုပါ​ဖော်ပြချက်​မှာ ဘုရားသခင့်​ကောင်းချီး​ကို ဂျူး​များ​မခံစား​ရ​ဟူသော ရည်​စောင်​ချက်​နောက်တစ်ခု​ဖြစ်ပါ​သည်။ သို့​နှင့် သူတို့​ဝိုင်​လုပ်သော​အခါ အလုံအလောက်​မရတော့​ချေ။ အကန့်အသတ်​နှင့်​သာ​ရရှိ​သည့်​အတွက် ယုဒသန်​ကျမ်း​က ဟဂ္ဂဲ ၁:၆ ကို “သောက်​ရ​သော်လည်း ဝ​စွာ​မ​သောက်​ရ​ကြ” ဟု ပြန်ဆို​ထား​သည်။

၁၄၊ ၁၅။ ဟဂ္ဂဲ ၁:၆ မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရသနည်း။

၁၄ ဂျူး​များ​ထံ​မှ ကျွန်ုပ်​တို့​ရယူ​သင့်​သည့် သင်ခန်းစာ​မှာ အိမ်ပုံစံ​များ၊ အိမ်​အဆင်အပြင်​များ​အကြောင်း မဟုတ်​ချေ။ ပြည်နှင်ဒဏ်​မခံရမီ ကြာမြင့်စွာ​က ဣသရေလ​ပြည်​တွင် “ဆင်​စွယ်​ဖြင့်​ပြီး​သော​အိမ်” နှင့်​နေ၍ “ဆင်​စွယ်​ခုတင်​ပေါ်မှာ​အိပ်” စက်​လဲလျောင်း​ကြ​သည့် ချမ်းသာ​ကြွယ်ဝသူ​တို့ကို ပရောဖက်​အာမုတ် ပြစ်တင်​ဆုံးမ​ခဲ့​သည်။ (အာမုတ် ၃:၁၅; ၆:၄) မွမ်းမံ​ပြင်ဆင်​ထား​သည့်​အိမ်​နှင့် အလှဆင်​ထား​သည့်​ပရိဘောဂ​များ​မှာ မ​တည်တံ့​ခဲ့​ချေ။ ယင်း​တို့ကို အောင်ပွဲရ​ရန်သူများ​က သိမ်းယူ​သွား​ကြ​၏။ သို့​တိုင် အနှစ် ၇၀ ပြည်နှင်ဒဏ်​ခံရ​ပြီး​နောက် နှစ်များ​စွာ​အကြာတွင်​လည်း ဘုရားသခင့်​လူမျိုး​အတော်များများ​သည် ထို​ဖြစ်ရပ်​မှ သင်ခန်းစာ​မယူ​ခဲ့​ကြ​ချေ။ ကျွန်ုပ်​တို့​ကော သင်ခန်းစာယူ​ကြ​မည်​လော။ ကျွန်ုပ်​တို့​တစ်ဦးစီ ဤသို့​မေး​ခြင်း​က သင့်လျော်​လှ​ပေ​သည်– ‘ငါ့​အိမ်နဲ့​အဆင်အပြင်​တွေ​ကို ငါ​ဘယ်လောက်​အထိ အလေးထား​သလဲ။ အလုပ်အကိုင်​ကောင်း​ရရှိနိုင်​ပေမဲ့ နှစ်ပေါင်း​များစွာ အချိန်ကုန်​နိုင်​ပြီး ဝတ်ပြုရေးရဲ့ အရေးပါတဲ့​ကဏ္ဍ​တွေ​ကို ထိခိုက်​နိုင်​တဲ့ ထပ်ဆင့်​ပညာရေး​ဆည်းပူးခြင်း အစီအစဉ်​ကော ဘယ်လို​လဲ။’—လုကာ ၁၂:၂၀၊ ၂၁; ၁ တိမောသေ ၆:၁၇-၁၉

၁၅ ဟဂ္ဂဲ ၁:၆ ၌ ကျွန်ုပ်​တို့​ဖတ်​ခဲ့​ကြ​သည့်​အတိုင်း ကျွန်ုပ်​တို့​အသက်တာတွင် ဘုရားသခင့်​ကောင်းချီး ခံစား​ရဖို့​လို​ကြောင်း သတိပြု​သင့်​သည်။ ရှေးခေတ်​မှ ဂျူး​များသည် ဘုရားသခင့်​ကောင်းချီး မခံစား​ခဲ့​ရ​ချေ။ သို့​အစား ကြောက်မက်​ဖွယ် ဆိုးကျိုး​များ​သာ ခံစား​လိုက်ရ​၏။ ကျွန်ုပ်​တို့​တွင်​လည်း ပစ္စည်းဥစ္စာ အမြောက်အမြား​ရှိသည်​ဖြစ်စေ၊ မရှိ​သည်​ဖြစ်စေ ယေဟောဝါ​၏​ကောင်းချီး မခံစား​ရ​ပါ​က ဝိညာဉ်​ရေး​ထိခိုက်​မည်​မှာ သေချာ​ပါ​သည်။ (မဿဲ ၂၅:၃၄-၄၀; ၂ ကောရိန္သု ၉:၈-၁၂) သို့သော် ယေဟောဝါ​၏​ကောင်းချီး​ကို ကျွန်ုပ်​တို့ မည်သို့​ရယူ​ခံစား​နိုင်​သနည်း။

ဝိညာဉ်​တော်​အားဖြင့် ယေဟောဝါ​ကူညီ

၁၆-၁၈။ ရှေးခေတ်​မှ အခြေအနေ​တွင် ဇာခရိ ၄:၆ ၏​အဓိပ္ပာယ်​ကား အဘယ်နည်း။

၁၆ ဟဂ္ဂဲ​၏​လုပ်ဖော်ဆောင်ဖက် ပရောဖက်​ဇာခရိ​က ဘုရားသခင်​ထံ​အပ်နှံ​ထား​သည့်​လူမျိုး​ကို ပြန်၍​လှုံ့ဆော်​ကာ ကောင်းချီး​ပေး​ခဲ့​သည့် ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို ပေါ်လွင်​စေ​ခဲ့​သည်။ သင့်ကိုလည်း ကိုယ်တော်​ကောင်းချီး​ပေး​မည်​ဟု ယင်းက​ဖော်ပြ​ပါ​သည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– ‘ “ဤ​အမှုသည် ဗိုလ်ခြေ​အားဖြင့်​မဟုတ်၊ အာဏာတန်ခိုး​အားဖြင့်​မဟုတ်၊ ငါ့​ဝိညာဉ်​အားဖြင့် ဖြစ်​လိမ့်​မည်” ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရားသခင် မိ​န့်တော်​မူ​၏။’ (ဇာခရိ ၄:၆) ဤ​ကျမ်းချက်​ကိုးကား​သည်ကို သင်​မကြာခဏ ကြားဖူး​မည်​ဖြစ်သော်လည်း ယင်း​ကျမ်းချက်​သည် ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့​ခေတ်​ရှိ ဂျူး​များ​အတွက်ရော သင့်အတွက်​ပါ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၁၇ ဟဂ္ဂဲကျမ်း​နှင့် ဇာခရိကျမ်း​ပါ မှုတ်သွင်းခံ​စကား​များ​က ထို​ခေတ်​အတွက် အလွန်​အကျိုး​ဖြစ်ထွန်း​ခဲ့​သည်ကို ပြန်​အမှတ်ရပါ။ ထို​ပရောဖက်​နှစ်ပါး​သည် တည်ကြည်သော​ဂျူး​များ​ကို မည်သို့​အားသစ်လောင်း​ပေး​ခဲ့​သနည်း။ ဟဂ္ဂဲ​သည် ဘီစီ ၅၂၀၊ ဆဋ္ဌမ​လ​တွင် စတင်​ပရောဖက်ပြု​ခဲ့​၏။ ဇာခရိ​မူ ထို​နှစ် အ​ဋ္ဌ​မလ​တွင် စ၍​ပရောဖက်ပြု​ခဲ့​သည်။ (ဇာခရိ ၁:၁) ဟဂ္ဂဲ ၂:၁၈ တွင် သင်​ဖတ်​ရသည့်​အတိုင်း န​ဝ​မလ​တွင် ဝတ်ပြုရာ​အိမ်တော် အုတ်မြစ်ချ​ခြင်း​လုပ်ငန်း​ကို အင်တိုက်အားတိုက် ပြန်လည်​လုပ်ဆောင်ခဲ့​ကြသည်။ သို့​နှင့် ဂျူး​များသည် ပြန်​လုပ်ဆောင်ရန် လှုံ့ဆော်​ခံ​ခဲ့​ရပြီး ယေဟောဝါ​ထောက်မ​မည်​ကို ယုံကြည်​စိတ်ချ​စွာ​ဖြင့် ကိုယ်တော်​အား နာခံ​ခဲ့​ကြသည်။ ဇာခရိ ၄:၆ ပါ​စကား​များသည် ဘုရားသခင်​၏​ထောက်မမှု​နှင့် ဆက်စပ်​နေ​၏။

၁၈ ဂျူး​လူမျိုး​တို့ ပြည်တော်ပြန်​ကြ​သည့် ဘီစီ ၅၃၇ ၌ သူတို့တွင် စစ်တပ်​ဟူ၍​မရှိခဲ့​ချေ။ သို့သော် ဗာဗုလုန်​မှ အပြန်ခရီး​လမ်း​တွင် ယေဟောဝါ​သည် သူတို့ကို ကာကွယ်​ပေး​ပြီး လမ်းပြ​တော်​မူ​ခဲ့​သည်။ မကြာမီ ဝတ်ပြုရာ​အိမ်တော်​အလုပ်ကို သူတို့​စတင်​သောအခါ ကိုယ်တော်​၏​ဝိညာဉ်တော်သည် ကိစ္စရပ်​များ​ကို ညွှန်ကြား​ခဲ့​၏။ သူတို့သည် အလုပ်ကို စိတ်ရောကိုယ်ပါ ကြိုးစားပမ်းစား ပြန်​လုပ်ဆောင်​မည်​ဆိုပါ​က ကိုယ်တော်​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် သူတို့ကို ထောက်မ​တော်​မူ​မည်​ဖြစ်သည်။

၁၉။ ဘုရားသခင့်​ဝိညာဉ်တော်သည် အဘယ်​အဖျက်အမှောင့်​များ​ကို နှိမ်နင်း​လိုက်​သနည်း။

၁၉ ဇာခရိ​သည် စိတ်အာရုံ​ရှစ်ခု​ကို တစ်ခု​ပြီး​တစ်ခု ဖော်ပြခြင်း​အားဖြင့် ယေဟောဝါ​သည် ဝတ်ပြုရာ​အိမ်တော်​လုပ်ငန်း​ကို ပြီးစီး​သည့်​အထိ တည်ကြည်​စွာ လုပ်ဆောင်ခဲ့​သော မိမိ၏​လူမျိုး​နှင့်အတူ ရှိ​တော်​မူ​သည်ကို ယုံကြည်​စိတ်ချ​စေ​ခဲ့​၏။ အခန်းကြီး ၃ တွင် မှတ်တမ်း​တင်ထား​သည့် စတုတ္ထ​မြောက်​စိတ်အာရုံ​မှာ ဝတ်ပြုရာ​အိမ်တော်​တည်ဆောက်​သည့်​အလုပ် ပြီးစီး​ရန် ဂျူး​များ​ကြိုးစား​အားထုတ်​နေသည်​ကို စာတန်​က​လည်း မ​နား​မနေ ဆီးတား​နေကြောင်း ဖော်ပြ​ထား​ပါ​သည်။ (ဇာခရိ ၃:၁) ဝတ်ပြုရာ​အိမ်တော်​သစ်​ထဲ​တွင် ယဇ်ပုရောဟိတ်​မင်းကြီး ယောရှု​သည် လူများ​အကျိုးအတွက် အမှုထမ်း​နေသည်​ကို စာတန်​နှစ်သက်​မည်​မဟုတ်​ကြောင်း သေချာ​ပါ​သည်။ ဂျူး​များ ဝတ်ပြုရာ​အိမ်တော်​ဆောက်လုပ်​နေသည်​ကို စာတန် အကြီးအကျယ်​နှောင့်ယှက်​ခဲ့​သော်လည်း ယေဟောဝါ​၏​ဝိညာဉ်​တော်​က အနှောင့်အယှက်​များ​ကို ဖယ်ရှား​ပေး​ပြီး ဝတ်ပြုရာ​အိမ်တော်​ဆောက်လုပ်​ပြီးစီး​သည့်​အထိ ဂျူး​များ ဆက်​လုပ်ဆောင်​နိုင်အောင် ခွန်​အားပေး​ရာ​၌ အဓိက​ပါဝင်​ခဲ့​သည်။

၂၀။ ဂျူး​များ ဘုရားသခင့်​အလိုတော်​ထမ်းဆောင်​နိုင်​ရန် သန့်ရှင်းသော​ဝိညာဉ်​တော်​က မည်သို့​ကူညီ​ပေး​ခဲ့​သနည်း။

၂၀ အဆိုပါ​လုပ်ငန်း​ကို အစိုးရ​အရာရှိများ​၏ ဆန့်ကျင်​ပိတ်ပင်​မှု​က မကျော်လွန်​နိုင်​သည့် အတားအဆီး​တစ်ခု ဖြစ်​ဟန်​တူ​ခဲ့​သည်။ သို့​တိုင် ဤ “တောင်” နှင့်​တူသော အတားအဆီး​သည် ဖယ်ရှားခံ​ရပြီး “ညီသော​အရပ်” ဖြစ်​ရ​လိမ့်​မည်​ဟု ယေဟောဝါ ကတိပြု​တော်​မူ​ခဲ့​၏။ (ဇာခရိ ၄:၇) ထို​အတိုင်း​ဖြစ်ပျက်​ခဲ့​သည်။ ပထမ​မြောက် ဒါရိ​မင်း​သည် ကုရုမင်း​ထုတ်ပြန်ခဲ့​သည့် ဝတ်ပြုရာ​အိမ်တော်​တည်ဆောက်​ခွင့် မူရင်း​အမိန့်စာ​ကို ပြန်​ရှာဖွေ​ဖော်​ထုတ်ခဲ့​ပြီး ပိတ်ပင်​မှု​ကို ဖျက်သိမ်း​ပေး​ခဲ့​၏။ ထို့​ပြင် ဂျူး​လူမျိုးများ​၏ ဆောက်လုပ်ရေး​လုပ်ငန်း​အတွက် ကုန်ကျ​စရိတ်​ကို ဘဏ္ဍာတော်​ထဲ​မှ​ထုတ်ပေး​ရန် အမိန့်ထုတ်​ပြန်​ခဲ့​သည်။ အခြေအနေ​မှာ အံ့သြဖွယ်ကောင်း​လောက်​အောင် ပြောင်းပြန်​ဖြစ်​ခဲ့​သည်။ ဤသို့​ဖြစ်စေ​ရန် ဘုရားသခင့်​ဝိညာဉ်​တော်​က ကြားဝင်​လုပ်ဆောင်ခဲ့​ခြင်း​လော။ လုပ်ဆောင်ခဲ့ကြောင်းကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ဘီစီ ၅၁၅၊ ပထမ​မြောက် ဒါရိ​မင်း​နန်းစံ ဆဋ္ဌမ​နှစ်​တွင် ဝတ်ပြုရာ​အိမ်တော်​ဆောက်လုပ်​ခြင်း​ကို လက်​စ​သတ်ခဲ့​လေ​သည်။—ဧဇရ ၆:၁၊ ၁၅

၂၁။ (က) ရှေး​အချိန်တွင် ဘုရားသခင်​သည် “လူမျိုးအပေါင်း​တို့ကို” မည်သို့ “လှုပ်” တော်​မူ​ခဲ့​ပြီး ‘နှစ်သက်ဖွယ်သော​အရာများ’ မည်သို့​ထွက်ပေါ်​လာ​သနည်း။ (ခ) မျက်မှောက်ခေတ်တွင် မည်သို့ပြည့်စုံ​ခဲ့​သနည်း။

၂၁ ဟဂ္ဂဲ ၂:၅ တွင် ပရောဖက်​က သိနာ​တောင်​၌ ဂျူး​လူမျိုးများ​နှင့် ဘုရားသခင် ပဋိညာဉ်ဖွဲ့​ခဲ့​သည့်​အကြောင်းကို ပြန်​သတိပေး​ခဲ့​သည်။ ထို​အချိန်တွင် “တစ်​တောင်​လုံး ပြင်းစွာ​လှုပ်” ခဲ့​၏။ (ထွက်မြောက်ရာ ၁၉:၁၈) အခန်းငယ် ၆ နှင့် ၇ တွင် ဥပစာစကား​ဖြင့် ဖော်ပြ​ထား​သည့်​အတိုင်း ယေဟောဝါ​သည် ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့​ခေတ်တွင် နောက်ထပ်​လှုပ်ခြင်း​တစ်မျိုး​ကို ထပ်​လှုပ်​စေပါ​လိမ့်​မည်။ ပါးရှန်း​အင်ပါယာ​၏ နိုင်ငံရေး​အခြေအနေ​သည် မငြိမ်မသက်​ဖြစ်လာ​ပါ​လိမ့်​မည်။ သို့သော် ဝတ်ပြုရာ​အိမ်တော်​ဆောက်လုပ်ရေး​လုပ်ငန်း​သည် ပြီးစီး​ရမည်။ ဂျူး​မဟုတ်​သူများ​ဖြစ်သော ‘လူမျိုးအပေါင်း​မှ နှစ်သက်ဖွယ်သော​အရာများ’ သည် အဆိုပါ​ဝတ်ပြု​ကိုးကွယ်​ရာ​နေရာ၌ ဂျူး​လူမျိုး​နှင့်အတူ ဘုရားသခင့်​ဘုန်းတော်​ကို ချီးမွမ်း​ကြ​မည်။ ကျွန်ုပ်​တို့​ခေတ်တွင် သာ၍​ကြီးကျယ်​သော​နည်း​မှာ ဘုရားသခင်​သည် ခရစ်ယာန်​ဟောပြောခြင်း​ဖြင့် ‘လူမျိုးအပေါင်း​ကို​လှုပ်​ခဲ့’ ရာ ‘လူမျိုးအပေါင်း​မှ နှစ်သက်ဖွယ်သော​အရာများ’ သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန် အကြွင်းအကျန်​တို့​နှင့်အတူ ဘုရားသခင်​အား ဝတ်ပြု​ကိုးကွယ်​လာ​လေ​ပြီ။ ဝိညာဉ်​တော်​ဖွား​များနှင့် အခြားသိုး​တို့သည် ယခု​အခါ ယေဟောဝါ​၏​အိမ်တော်ကို ဘုန်းတော်​နှင့်​ပြည့်စုံ​နေ​စေ​ကြ​ပါ​သည်။ အဆိုပါ စစ်မှန်သော​ဝတ်ပြုသူ​တို့သည် ‘ကောင်းကင်​နှင့်​မြေကြီးကို’ ယေဟောဝါ ‘လှုပ်​ဦး’ မည့်​အချိန်၊ တစ်နည်း​အားဖြင့် တိုင်းနိုင်ငံ​တို့၏​ရာဇ​ပလ္လင်​များ​ကို မှောက်လှန်​၍ အမျိုးမျိုးသော​တိုင်းနိုင်ငံ​တန်ခိုး​အား ဖျက်ဆီး​မည့်​အချိန်ကို ယုံကြည်ခြင်းဖြင့် စောင့်မျှော်​နေကြပါ​သည်။—ဟဂ္ဂဲ ၂:၂၂

၂၂။ တိုင်းနိုင်ငံ​တို့သည် မည်သို့ “လှုပ်” ခြင်း​ခံရ​ကြ​သနည်း။ အဘယ်​ရလဒ်​ဖြင့်​နည်း။ အဘယ်အရာ​ဖြစ်ပျက်​ရန် ကျန်​သေး​သနည်း။

၂၂ “ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်း” တို့​နှင့်​ပုံဖော်​ပြ​ထား​သည့် လူ့​အင်အားစု​အသီးသီး​တွင် ဖရိုဖရဲ​ဖြစ်​နေကြောင်း ကျွန်ုပ်​တို့ကို သတိပေး​ထား​သည်။ အပြောင်းအလဲ​တစ်ခု​မှာ စာတန်​နှင့် သူ၏​နတ်ဆိုး​များသည် မြေကြီး​ဝန်းကျင်​ကို ပစ်ချ​ခံ​လိုက်ရ​သည်။ (ဗျာ. ၁၂:၇-၁၂) ထို့​ပြင် ဘုရားသခင့်​ဝိညာဉ်​တော်​ဖွား​များ ဦးဆောင်​နေကြ​သည့် ဟောပြောခြင်း​လုပ်ငန်း​သည် ဤ​အစီအစဉ်​စနစ်​၏ မြေကြီးဆိုင်ရာ​လူ့​အင်အားစု​များ​ကို အမှန်ပင် လှုပ်ခါ​ခဲ့​လေ​သည်။ (ဗျာ. ၁၁:၁၈) သို့​ဖြစ်​လင့်​ကစား လူမျိုးအပေါင်း​မှ နှစ်သက်ဖွယ်သော​အရာများ​ဖြစ်သော ‘လူအုပ်ကြီး’ သည် ဝိညာဉ်​ရေး​ဣသရေလ​လူမျိုး​နှင့်အတူ ယေဟောဝါ​အား​ဝတ်ပြုရာ​တွင် ပူးပေါင်း​လာ​ခဲ့​ကြသည်။ (ဗျာ. ၇:၉၊ ၁၀) မကြာမီ ဘုရားသခင်​သည် အာမဂေဒုန်​၌ တိုင်းနိုင်ငံ​တို့ကို လှုပ်​တော့​မည်​ဟူသော သတင်းကောင်းကို ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့်​အတူ လူအုပ်ကြီး​က ဟောပြောနေကြ​ပါ​သည်။ ဤ​ဖြစ်ရပ်​က ကမ္ဘာ​တစ်ခွင် စစ်မှန်သော​ဝတ်ပြုရေး လွှမ်းမိုး​ရန် လမ်း​ဖွင့်ပေး​ပါ​လိမ့်​မည်။

သင်​မှတ်မိ​သလော

• မည်သည့်​အချိန်တွင်​နှင့် မည်သို့သော​အခြေအနေ​များ​တွင် ဟဂ္ဂဲ​နှင့်​ဇာခရိ​တို့ အမှုဆောင်ခဲ့​ကြ​သနည်း။

• ဟဂ္ဂဲ​နှင့် ဇာခရိ​တို့၏​သတင်းစကားကို သင်​မည်သို့ ကျင့်သုံး​နိုင်​သနည်း။

ဇာခရိ ၄:၆ ပါ​စကား​သည် သင့်အတွက် အဘယ်ကြောင့် အားရစရာ​ဖြစ်သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့ကို ဘုရားသခင်​ထောက်မ​နေကြောင်း ဟဂ္ဂဲကျမ်း​နှင့် ဇာခရိကျမ်း​တို့​က စိတ်ချ​စေ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

“သင်တို့သည် အမိုး​နှစ်ထပ်​နှင့်​ပြည့်စုံသော​အိမ်​၌ နေချိန်​ရှိ​လျက်​ပင် အိမ်တော်​ပျက်​လျက်​နေရ​မည်​လော”

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​လူမျိုး​သည် ‘လူမျိုးအပေါင်း​မှ နှစ်သက်ဖွယ်သော​အရာများ’ ထံ​အရောက်သွား​၍ သတင်းကောင်း​ဝေမျှ​ကြ