မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏အလိုတော်နှင့် ညီသော ဆုံးဖြတ်ချက်များကို မည်သို့ ချနိုင်မည်နည်း

ဘုရားသခင်၏အလိုတော်နှင့် ညီသော ဆုံးဖြတ်ချက်များကို မည်သို့ ချနိုင်မည်နည်း

ဘုရားသခင်​၏​အလိုတော်နှင့် ညီသော ဆုံးဖြတ်ချက်​များ​ကို မည်သို့ ချ​နိုင်​မည်​နည်း

အမေရိကန်​ပြည်ထောင်စု​မှ အမျိုးသား​တစ်ဦး​သည် ဒေါ်လာ ၂၅,၀၀၀ တန် ချက်​လက်မှတ်​တစ်စောင်​နှင့်အတူ ဘဏ်​တစ်ခု​သို့ ရောက်လာ​သည်။ ယင်း​ငွေ​ကို ကာလရှည်​အတိုး​ရ​အပ်​ငွေ​အဖြစ် ဘဏ်​တွင်​အပ်နှံ​ရန် ရည်ရွယ်​ထား​သည်။ သို့သော် ဘဏ်​ဝန်ထမ်း​တစ်ဦး​က စ​တော့​ဈေးကွက်​သည် ရေရှည်​တွင် အရှုံး​မရှိကြောင်း အခိုင်အမာ​ဆို​ကာ ငွေ​ကို ထို​တွင်​ရင်းနှီး​မြှုပ်နှံ​ရန် အကြုံ​ပြု​သည်။ အမျိုးသား​သည် အကြံပေး​သည့်​အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်​လိုက်​သည်။ နောက်ပိုင်း မကြာမီတွင် သူ၏​ရင်းနှီး​မြှုပ်နှံ​မှု ငွေ​အတော်များများ ဆုံးရှုံး​သွားလေသည်။

ပညာရှိ​ဆုံးဖြတ်ချက်​များ ချ​နိုင်​ရန် မလွယ်ကူ​ကြောင်း ယင်း​ဖြစ်ရပ်​က ဖော်ပြ​သည်။ ကျွန်ုပ်​တို့ နေ့စဉ်​နှင့်​အမျှ​ချ​နေရ​သော ဆုံးဖြတ်ချက်​များစွာ​နှင့်​ပတ်သက်​၍​ကော မည်သို့​နည်း။ ကျွန်ုပ်​တို့​ချ​လိုက်​သော ဆုံးဖြတ်ချက်​များသည် အောင်မြင်မှု သို့​မဟုတ် ရှုံးနိမ့်​မှု​အပြင် အနှေး​နှင့်​အမြန် သေ​ရေး၊ ရှင်​ရေး​ကို​ပင် ဖြစ်ပေါ်​စေနိုင်​သည်။ သို့​ဆိုလျှင် ကျွန်ုပ်​တို့သည် ပညာရှိ​ဆုံးဖြတ်ချက်​များ​ချ​ကြောင်း မည်သို့​စိတ်ချ​နိုင်​သနည်း။

ဤ​လမ်း​သည် မှန်​၏’

ကျွန်ုပ်​တို့သည် နေ့စဉ်​နှင့်​အမျှ ဘာ​စား​မည်၊ ဘာ​ဝတ်​မည်၊ အဘယ်​နေရာသို့​သွား​မည်​အစ​ရှိသော ဆုံးဖြတ်ချက်​များ ချ​နေရ​သည်။ အချို့​ဆုံးဖြတ်ချက်​များသည် အသေးအဖွဲ​ဖြစ်​ပုံ​ရှိသော်လည်း ဝမ်းနည်းဖွယ်​အကျိုးဆက်များ ဖြစ်ပေါ်​စေနိုင်​သည်။ ဥပမာ၊ ဦးဆုံး​အကြိမ် ဆေးလိပ်​သောက်​ရန် ဆုံးဖြတ်​လိုက်ခြင်း​ကြောင့် တစ်သက်တာလုံး ဆေးလိပ်​စွဲ​သွား​စေနိုင်​သည်။ ထို့ ကြောင့် အသေးအဖွဲ​ဟု​ထင်​ရသော ဆုံးဖြတ်ချက်​များ​ကို လျှော့မတွက်​သင့်​ပေ။

အသေးအဖွဲ​ဟု​ထင်​ရသည့် ဆုံးဖြတ်ချက်​များ​ချ​သည့်​အခါ​တွင်​ပင် လမ်းညွှန်မှု​အတွက် မည်သည့်​နေရာတွင် ရှာဖွေ​နိုင်​သနည်း။ ကျွန်ုပ်​တို့သည် ခက်ခဲ​သော​ဆုံးဖြတ်ချက်​များ​ချ​ရသည့်​အခါ ယုံကြည်​အားထား​ရသော အကြံဉာဏ်​ပေး​သူ​တစ်ဦး ရှိ​မည်​ဆိုလျှင် အလွန်​ကောင်း​လှ​ပေမည်။ ထို​အကြုံ​ပေး​ပုဂ္ဂိုလ်​မျိုးကို သင်​ရှာတွေ့နိုင်​ပါ​သည်။ မျက်မှောက်ခေတ်​နှင့်​အပ်စပ်​မှု​ရှိသော ရှေး​စာအုပ်​တစ်အုပ်​တွင် ဤသို့​ဆို​၏– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်​သို့​လမ်းလွဲ​လျှင် ‘ဤ​မည်​သော​လမ်း​သည် မှန်​၏။ ဤ​လမ်း၌​သွားလော့’ ဟု သင့်​နောက်​၌​ပြော​သော​စကားသံ​ကို ကိုယ်​နား​နှင့်​ကြား​ရ​လိမ့်​မည်။” (ဟေရှာယ ၃၀:၂၁) ယင်း​စကား​များသည် မည်​သူ့​ထံ​မှ​နည်း။ ယင်း​လမ်းညွှန်ချက်ကို ယုံကြည်​အားထား​နိုင်​ကြောင်း မည်သို့​စိတ်ချ​နိုင်​သနည်း။

အဆိုပါ​အာမခံချက်ကို သမ္မာကျမ်းစာ​တွင်​တွေ့ရှိ​ရခြင်း​ဖြစ်​ပြီး ယင်းကို သန်းနှင့်ချီ​သော​သူတို့ လေ့လာ​နေ​ကာ ဖန်ဆင်း​ရှင်​ယေဟောဝါ​မှုတ်သွင်း​သည်​ဟု လက်ခံ​လာ​ကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ယေဟောဝါ​သည် ကျွန်ုပ်​တို့ မည်သို့​ဖန်ဆင်း​ခံရ​ကြောင်း သိတော်မူ​သောကြောင့် အကောင်းဆုံး​လမ်းညွှန်ချက်ကို ပေး​နိုင်​သည်။ ကိုယ်တော်​သည် အနာဂတ်​ကိုလည်း ကြိုသိ​မြင်နိုင်​ပြီး “အ​ဦး​မှ​စ၍ အဆုံးတိုင်အောင်​လည်းကောင်း၊ ရှေး​ကာလ​မှ​စ၍ မဖြစ်သေး​သော အမှုအရာ​တို့ကို​လည်းကောင်း ဖော်ပြ​လျက် ‘ငါ့​အကြံ​တည်​လိမ့်​မည်’ ” ဟု​ဆို​လေ​သည်။ (ဟေရှာယ ၄၆:၁၀) ဆာလံဆရာ​က ယေဟောဝါ​၏​နှုတ်မြွက်တော်​ကို ယုံကြည်​ကြောင်း ဤသို့​ဖော်ပြ​ခဲ့​သည်– ‘နှုတ်မြွက်တော်​သည် အကျွန်ုပ်​ခြေရှေ့​မှာ မီးခွက်​ဖြစ်၍ အကျွန်ုပ်​လမ်းခရီး​ကို လင်း​စေပါ​၏။’ (ဆာလံ ၁၁၉:၁၀၅) မှန်ပါသည်၊ မျက်မှောက်​လောက​၏ ရှုပ်ထွေး​ပွေလီ​လှ​သော အခြေအနေ​များ​ကြား ကျွန်ုပ်​တို့ လုံခြုံမှု​ရှိနေ​စေရန် ယေဟောဝါ မည်သို့​လမ်း​ပြပေး​နေသနည်း။ ဘုရားသခင့်​အလိုတော်နှင့်​ညီသော ဆုံးဖြတ်ချက်​များ​ကို မည်သို့​ချ​နိုင်​မည်​နည်း။

ကျမ်းစာ​မူများ​ကို လိုက်နာပါ

ယေဟောဝါ​ဘုရားသခင်​သည် ခရစ်ယာန်​များ ပညာရှိ​ဆုံးဖြတ်ချက်​များ​ချ​နိုင်​ရန် ကိုယ်တော်​၏​မူများ​ကို ပေး​ထား​သည်။ ကျမ်းစာ​မူများ​ကို သင်ယူ​လေ့လာခြင်း၊ လက်တွေ့​ကျင့်သုံး​ခြင်း​ကို ဘာသာ​စကား​အသစ်​တစ်ခု သင်ယူ​ကာ ပြောဆိုခြင်း​နှင့် နှိုင်းယှဉ်​နိုင်​သည်။ သင်သည် ထို​ဘာသာ​စကား​ကို ကျွမ်းကျင်​လာပြီ​ဆိုလျှင် ထို​ဘာသာ​စကားပြော​ဆို​သူ​တစ်ဦး၏ စကား​အမှား​များ​ကို သိလာ​နိုင်​မည်။ ယင်း​အမှား​ကို သဒ္ဒါ​နည်း​ကျ​ကျ ထောက်ပြ​နိုင်​မည်​မဟုတ်သော်လည်း မှား​နေကြောင်း သင်​သိ​သည်။ သင်သည် ဘုရားသခင်​၏​မူများ​ကို သိရှိ​ကာ ကျင့်သုံး​တတ်လာ​သည့်​အခါ တစ်စုံတစ်ရာ​သော​ဆုံးဖြတ်ချက်​သည် မှား​နေကြောင်း၊ ဘုရားသခင့်​မူများ​နှင့် ဆန့်ကျင်​နေကြောင်း ပြော​နိုင်​မည်​ဖြစ်သည်။

ဥပမာ၊ ဆံပင်ပုံစံ​ရွေးချယ်ရာ​တွင် လူငယ်​တစ်ဦး​ကြုံ​ရနိုင်​သည့် ဆုံးဖြတ်ချက်​ကို သုံးသပ်ကြည့်​ပါ။ ဆံပင်ပုံစံ​အကြောင်း ကျမ်းစာ​တွင် သတ်သတ်မှတ်မှတ်​မိန့်မှာ​မထား​ပါ။ သို့သော် ကျမ်းစာမူ​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​သည်– “မိန်းမ​တို့သည် ကျစ်​သော​ဆံပင်၊ ရွှေ​တန်ဆာ၊ ကျောက်​ပုလဲ အဖိုးထိုက်​သော​အဝတ်​နှင့် ကိုယ်ကို​မဆင်​ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေ​စောင့်​ခြင်း​အားဖြင့် လျောက်ပတ်​သော​အဝတ်​နှင့်​လည်းကောင်း၊ ဘုရားသခင်​အား ရိုသေ​လေးမြတ်ခြင်းကို ဝန်ခံ​ပြုစု​သော မိန်းမ​ဆင်​သင့်​သည်​အတိုင်း ကောင်းသော​အကျင့်​နှင့်​လည်းကောင်း ကိုယ်ကို​တန်ဆာဆင်​စေခြင်း​ငှာ ငါ​အလိုရှိ၏။” (၁ တိမောသေ ၂:၉၊ ၁၀) ဤ​တွင် ပေါလု​သည် အမျိုးသမီးများနှင့်​ပတ်သက်​၍ ရေး​နေခြင်း​ဖြစ်သော်လည်း ယင်း​မူ​သည် ကျားမ,မရွေး​နှင့် သက်ဆိုင်​သည်။ ယင်း​မူ​ကား အဘယ်နည်း။ ကျွန်ုပ်​တို့၏​အသွင်အပြင်​သည် ဣန္ဒြေ​ရှိပြီး ကောင်းသော​သတိရှိ​သင့်​သည်။ ထို့​ကြောင့် လူငယ်​တစ်ဦး​သည် မိမိကိုယ်ကို ဤသို့​မေး​နိုင်​သည်– ‘ငါ့ ရဲ့​ဆံပင်ပုံစံ​က ခရစ်ယာန်​တစ်ဦး​အနေ​နဲ့ ဣန္ဒြေရှိ​ကြောင်း ဖော်ပြ​နေရဲ့လား။’

လူငယ်​တစ်ဦး​သည် တပည့်​ဖြစ်သူ​ယာကုပ်​၏ အောက်ပါ​စကား​များ​မှ အကူ​ညီ​ဖြစ်စေ​သော​အဘယ်​မူကို ရယူ​နိုင်​သနည်း။ ‘မတရားသော​မေထုန်​၌ မှီဝဲ​သော​ယောက်ျား​မိန်းမ​တို့၊ လောက​မိတ်သဟာယ​သည် ဘရားသခင်​နှင့် ဆန့်ကျင်ဘက်​ဖြစ်သည်​ကို မသိကြ​သလော။ ဤ​လောက​နှင့် မိတ်သဟာယ​ဖွဲ့​သော​သူသည် ဘုရားသခင်​၏​ရန်သူ ဖြစ်၏။’ (ယာကုပ် ၄:၄) ခရစ်ယာန်​များသည် ဘုရားသခင်​၏​ရန်သူ​ဖြစ်သော လောက​နှင့်​မိတ်ဆွေ​ဖြစ်​ခြင်း​ကို မစဉ်း​စား​လို​ကြ​ချေ။ ရွယ်တူချင်း​များ​ကြိုက်​နှစ်သက်သော ဆံပင်ပုံစံ​သည် သူ့​အား ဘုရားသခင့်​မိတ်ဆွေ သို့​မဟုတ် လောက​၏​မိတ်ဆွေ ဖြစ်စေ​သလော။ ဆံပင်ပုံစံ​နှင့်​ပတ်သက်ပြီး စဉ်းစား​နေသော လူငယ်​တစ်ဦး​သည် ပညာရှိ​ဆုံးဖြတ်ချက်​ချ​ရာ​တွင် ထို​ကဲ့သို့​သော​ကျမ်းစာမူ​ကို အသုံးပြုနိုင်​သည်။ ကျမ်းစာမူ​များသည် ဆုံးဖြတ်ချက်​များ​ချ​ရာ​တွင် အမှန်​ကူညီ​ပေး​သည်။ ကျွန်ုပ်​တို့သည် ကျမ်းစာ​မူများ​ကို​အခြေ​ပြုပြီး ဆုံးဖြတ်​တတ်​သည့်​အကျင့် ရှိနေပြီ​ဆိုလျှင် ပညာရှိ​ဆုံးဖြတ်ချက်​များ​ချရန် လွယ်ကူ​လာပြီး မလိုလား​ဖွယ်​အကျိုးဆက်များ​ကို ရှောင်ရှား​နိုင်​သည်။

သမ္မာကျမ်းစာ​တွင် မူများ​စွာ တွေ့ရှိ​နိုင်​သည်။ ကျွန်ုပ်​တို့၏​အခြေအနေ​နှင့်​ပတ်သက်​၍ တိုက်ရိုက်​ဖော်ပြ​ထား​သည့် ကျမ်းချက်​ကို ရှာတွေ့​ချင်​မှ ရှာတွေ့​ပေမည်။ သို့​တိုင် လူ​အချို့​သည် ဘုရားသခင့်​လမ်းညွှန်ချက်ကို မည်သို့​လိုက်နာ​ခဲ့​ပြီး အချို့​မှာ ဘုရားသခင့်​သတိပေး​ချက်​ကို မည်သို့​လျစ်လျူ ရှု ခဲ့​ကြောင်း ဖတ်ရှု​နိုင်​သည်။ (ကမ္ဘာဦး ၄:၆၊ ၇၊ ၁၃-၁၆; တရားဟောရာ ၃၀:၁၅-၂၀; ၁ ကောရိန္သု ၁၀:၁၁) အဆိုပါ​မှတ်တမ်းများ​ကို ဖတ်ရှု​ပြီး ထွက်ပေါ်​လာ​သည့်​ရလဒ်များ​ကို သုံးသပ်ခြင်း​ဖြင့် ဘုရားသခင့်​အလိုတော်နှင့်​အညီ ဆုံးဖြတ်​နိုင်​ရန် ကူညီ​ပေး​မည့် ကျမ်းစာ​မူများ​ကို သိမြင်​လာပေမည်။

ဥပမာ၊ ယေရှု​ခရစ်​နှင့် တမန်​တော်​ပေတရု​ပြောဆို​ခဲ့​သော​စကား​များ​ကို သုံးသပ်ကြည့်​ပါ။ ဗိမာန်တော်​အခွန်​တည်း​ဟူသော ဒိဒြမ္မ​ကို​ခံ​သော​သူတို့သည် ပေတရု​အား “သင်၏​ဆရာ​သည် ဒိဒြမ္မ​ကို​မပေး​သလော” ဟု​မေးမြန်း​၏။ ပေတရု​က “ပေး​ပါ​သည်” ဟု​ဖြေဆို​လေ​၏။ ထို့နောက် မကြာမီ ယေရှု​က “ရှင်ဘုရင်​တို့သည် အဘယ်သူ​မှာ အခွန်​ကို​ခံ​ကြ​သနည်း။ မိမိ​သား​မှာ​ခံ​ကြ​သလော။ သူတစ်ပါး​မှာ​ခံ​ကြ​သလော” ဟု​ပေတရု​အား မေး​တော်​မူ​သည်။ ထို​အခါ ပေတရု​က “သူတစ်ပါး​မှာ​ခံ​ကြ​ပါ​သည်” ဟု​လျှောက်​သော် ယေရှု​က “သို့ ဖြစ်​လျှင် သား​မူ​ကား လွတ်​ရ၏။ သို့သော်လည်း ထို​သူတို့သည် ငါ​တို့​ကြောင့် မ​မှားယွင်း​မည်​အကြောင်း အိုင်​သို့​သွား​၍ ငါးမျှား​ကို​ချ​လော့။ ရှေးဦး​စွာ​ရသော​ငါး​ကို​ယူ၍ ပါးစပ်​ကို​ဖွင့်​လျှင် သ​တာ​တဲ​တစ်ပြား​ကို တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အဖို့​နှင့် သင့်​အဖို့ ထို​သူ​အားပေး​လော့” ဟု​မိန့်တော်မူ၏။ (မဿဲ ၁၇:၂၄-၂၇) ဤ​မှတ်တမ်း​တွင် အဘယ်​မူ ကို တွေ့​နိုင်​သနည်း။

ယေရှုသည် မေးခွန်းများ​ဆက်တိုက်​မေး​ခြင်း​ဖြင့် ပေတရု​၏ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို လမ်းကြောင်း​ပေး​ခဲ့​သည်။ ယေရှုသည် ဘုရားသခင်​၏​သားတော်​အနေ​နှင့် အခွန်​မှ​ကင်းလွတ်​သည်။ ယင်း​အချက်​ကို အစပိုင်း​တွင် ပေတရု နားမလည်​ခဲ့​သော်လည်း ယင်းကို​နားလည်​ရန် ယေရှု ကြင်နာ​စွာ ကူညီ​ပေး​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ယေရှုကို​တုပ​သည့်​အနေ​နှင့် အခြားသူ​တို့ အမှား​ပြုလုပ်​မိ​သောအခါ သူတို့​အမှား​ကို ထောက်ပြ​ခြင်း သို့​မဟုတ် အပြစ်တင်​ခြင်း​ပြု​မည့်​အစား သနား​ကြင်နာ​စွာ​ဆက်ဆံ​ရန် ဆုံးဖြတ်​နိုင်​သည်။

အခွန်​ပေး​ရခြင်း​မှာ အခြား​သူများကို ထိမိ​မလဲ​စေရန်​ဖြစ်​ကြောင်း ပေတရု​သိရှိ​သွားပြီ။ ဤ​မှတ်တမ်း​တွင် ကျွန်ုပ်​တို့​သင်ယူ​နိုင်​သည့် နောက်ထပ်​မူ​တစ်ခု​ရှိပါ​သည်။ ကျွန်ုပ်​တို့​လုပ်ပိုင်ခွင့်​ထက် အခြား​သူတို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထောက်ထား​ခြင်း​သည် ပို​၍​အရေးကြီး​သည်​ဟူ၍ ဖြစ်သည်။

အခြား​သူတို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို  လေးစားကြောင်း​ဖော်ပြ​သည့် ဆုံးဖြတ်ချက်​များ​ချရန် အဘယ်အရာက လှုံ့ဆော်ပေး​သနည်း။ ကိုယ်​နှင့်​စပ်ဆိုင်​သူကို ချစ်ခြင်း​ဖြစ်သည်။ ဘုရားသခင်​အား စိတ်နှလုံး​အကြွင်းမဲ့​ချစ်​ရမည်​ဟူသော ပညတ်​ပြီး​လျှင် ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကိုယ်​နှင့်​အမျှ​ချစ်ခြင်း​ဟူသော​ပညတ်​သည် ဒုတိယ​အရေးကြီးဆုံး​ဖြစ်​ကြောင်း ယေရှု​သွန်သင်​ခဲ့​သည်။ (မဿဲ ၂၂:၃၉) သို့သော် ကျွန်ုပ်​တို့သည် အတ္တဆန်​သည့်​လောကတွင် နေထိုင်​ရပြီး ကျွန်ုပ်​တို့၏​အပြစ်ပြု​လို​စိတ်​က ကိုယ်ကျိုးရှာ​သည့်​ဘက်​သို့ တိမ်း​ညွတ်​စေ​သည်။ ထို့​ကြောင့် လူတစ်ဦး​သည် ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကိုယ်​နှင့်​အမျှ​ချစ်​ရန် စိတ်နှလုံး​ကို​အသစ်​ပြုပြင်​ရမည်။—ရောမ ၁၂:၂

လူများစွာ​သည် ယင်း​သို့ ပြု ပြင်​ပြောင်းလဲ​ခဲ့​ကြ​ပြီး ကြီး​လေး​သော​ကိစ္စ​တွင်​ဖြစ်စေ၊ အသေးအဖွဲ​ကိစ္စ​တွင်​ဖြစ်စေ ဆုံးဖြတ်ချက်​ချ​သည့်​အခါ အခြား​သူများကို ထည့်တွက်​စဉ်းစား​ခဲ့​ကြသည်။ ပေါလု ဤသို့​ရေးခဲ့​သည်– “ညီအစ်ကို​တို့ သင်တို့သည် လွတ်ခြင်း​အခွင့်​ကို​ရသော​သူ​ဖြစ်​ကြ​၏။ သို့သော်လည်း ဇာတိ​ပကတိ​အား​အခွင့်​ကို​ပေး၍ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အချင်းချင်း​ချစ်၍ အမှု​ချင်း​ကို ဆောင်ရွက်​ကြလော့။” (ဂလာတိ ၅:၁၃) ယင်းကို မည်သို့​ပြု​နိုင်​မည်​နည်း။ လူများ သမ္မာကျမ်းစာ​လေ့လာ​နိုင်​ဖို့ အကူအညီ​ပေး​ရန် တော​မြို့လေး​သို့ ပြောင်းရွှေ့​လာ​သည့် အမျိုးသမီးငယ်​တစ်ဦး​ကို သုံးသပ်ကြည့်​ပါ။ သူသည် လူ​တို့​နှင့်​စကားပြော​ဆို​သည်​နှင့်​အမျှ သူ့​အဝတ်အစား​သည် မြို့​ပြ​ဖက်ရှင်​အရ ဣန္ဒြေရှိ​သော်လည်း ဤ​ဒေသ​တွင် လူအများ​ပြောစရာ​ဖြစ်​နေကြောင်း သိရှိ​လာ​သည်။ သူ၏​ဝတ်စား​ဖြီးလိမ်းပုံ​သည် ဣန္ဒြေရှိ​သော်​သည်း ‘ဘုရားသခင်​၏​နှုတ်မြွက်တော်​ကို ကဲ့ရဲ့​ခြင်း​နှင့်​ကင်းလွတ်​စိမ့်​သော​ငှာ’ အရောင်​ဖျော့​ဖျော့​ကို​ဝတ်ဆင်​ရန် ဆုံးဖြတ်​ခဲ့​သည်။—တိတု ၂:၄-၆

သင်၏​ဝတ်စား​ဖြီးလိမ်းပုံ သို့​မဟုတ် သင့်​အကြိုက်​တို့​နှင့်​ပတ်သက်​၍ ဆုံးဖြတ်​စ​ရာ​များ​ပေါ်လာ​လျှင်​ကော မည်သို့​တုံ့ပြန်​မည်​နည်း။ ဆုံးဖြတ်ချက်​ချ​တော့​မည်​ဆိုလျှင် အခြားသူများ​၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထည့်​စဉ်းစားပါ​က ယေဟောဝါ​နှစ်သက်​တော်​မူ​မည်​ဖြစ်​ကြောင်း စိတ်ချ​နိုင်​သည်။

ရေရှည်​အတွက် ရှု မြင်တတ်​ပါ

ဆုံးဖြတ်ချက်​များ​ချ​ရာ​တွင် ကျမ်းစာမူ​များနှင့် အခြား​သူတို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​အပြင် အဘယ်အရာကို ထည့်သွင်း​သုံးသပ်​သင့်​သနည်း။ ခရစ်ယာန်​တို့​လျှောက်​ရသည့်​လမ်း​သည် ခက်ခဲ​ကြမ်းတမ်း​ပြီး ကျဉ်း​မြောင်း​သော်လည်း ဘုရားသခင်​ချမှတ်​ထား​သည့် ကန့်သတ်ချက်​အတွင်း လွတ်လပ်မှု​များစွာ​ရှိပါ​သည်။ (မဿဲ ၇:၁၃၊ ၁၄) ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​သည် အနာဂတ်​တွင် ဝိညာဉ်​ရေး၊ စိတ်ဓာတ်​ရေး​နှင့် ကျန်းမာ​ရေး​ပိုင်း​ကို မည်သို့​ထိခိုက်​စေနိုင်​ကြောင်း သုံးသပ်ကြည့်​ရန် လိုအပ်​သည်။

သင်သည် အလုပ်​တစ်ခု​လက်ခံရန် စဉ်းစား​နေသည်​ဆိုပါစို့။ အလုပ်​အမျိုးအစား​မှာလည်း ကောင်းမွန်​သင့်လျော်​ပေမည်။ ခရစ်ယာန်​အစည်းအဝေး​များ၊ စည်းဝေးကြီး​များ တက်ရောက်​နိုင်​သည်။ လစာ​မှာလည်း သင်​မျှော်လင့်​ထား​သည်ထက် ပို​များနေ​သည်။ အလုပ်ရှင်​က သင့်​ကျွမ်းကျင်​မှု​ကို အလွန်​တန်ဖိုး​ထားပြီး ယင်းကို အပြည့်အဝ​အသုံးချ​စေ​လို​သည်။ ထို့​ပြင် ထို​အလုပ်​မျိုးကို သင်လည်း နှစ်သက်​သည်။ ကမ်းလှမ်းချက်​ကို​လက်မခံနိုင်စရာ​အကြောင်း ရှိပါ​မည်​လော။ ထို​အလုပ်​တွင် လုံးဝ​အာရုံ​နှစ်​မြုပ်​သွား​မည်​ကို ကြိုသိ​နေလျှင်​ကော မည်သို့​နည်း။ အချိန်ပို​ဆင်း​ဖို့​မလိုဟု သင့်​အား ဆို​ပေမည်။ သို့သော် အလုပ်​ပြီးစီး​ရန် သင်​လုပ်သင့်​သည်ထက် အချိန်ပို​ဆင်း​လို​မည်​လော။ အဆိုပါ အချိန်ပို​ဆင်း​ခြင်း​မျိုး မကြာခဏ​ကြုံ​ရနိုင်သလော။ ယင်းသည် သင့်​မိသားစု​အပြင် နောက်ဆုံး​တွင် သင် လုံးဝ​မပျက်ကွက်​သင့်​သော ဝိညာဉ်​ရေး​လုပ်ဆောင်မှုများ​မှ သင့်ကို ဝေးကွာ​သွား​စေနိုင်​သလော။

ဂျင်မ်​သည် သူ၏​အလုပ်​နှင့်​ပတ်သက်​၍ အရေးကြီးသော ဆုံးဖြတ်ချက်​ချ​ခဲ့​ပုံ​ကို သုံးသပ်ကြည့်​ပါ။ သူသည် အလုပ်ကို မမော​နိုင်​မ​ပန်း​နိုင် ကြိုးစား​လုပ်ဆောင်​ကာ ရာထူးတက်​ခဲ့​သည်။ နောက်ဆုံး​တွင် ကုမ္ပဏီ​၏ အရှေ့တိုင်း​ရုံးခွဲ​တွင် ဦးဆောင်​ညွှန်ကြားရေးမှူး၊ အမေရိကန်​ပြည်ထောင်စု​ရုံး​တွင် စီမံခန့်ခွဲရေး​မှူး​နှင့် ဥရောပ​ရုံး​တွင် ဒါရိုက်တာ​ဘုတ်​အဖွဲ့ ဝင်​တစ်ဦး​ဖြစ်လာ​သည်။ သို့သော် ဂျပန်​နိုင်ငံ​တွင် စီးပွားရေး​ကျဆင်း​သည့်​အခါ ငွေ​နှင့် ဩဇာ​အာဏာ​ရှိ​ရန် ကြိုးစား​ခြင်း​သည် အချည်းနှီး​ဖြစ်​ကြောင်း သိရှိ​သွား​သည်။ သူ​ပင်ပင်ပန်းပန်း​ရှာဖွေ​စုဆောင်း​ခဲ့​သော ငွေ​များ ချက်ချင်း​ပျောက်ဆုံး​သွား​သည်။ သူ၏​ဘဝ ဦးတည်ရာ​မဲ့​ဖြစ်​ခဲ့​ရသည်။ “နောက်​ဆယ်နှစ်​လောက်​ဆို ဘယ်လိုများ​ဖြစ်နေ​မလဲ” ဟု​သူ့ကိုယ်သူ​မေးခဲ့သည်။ သူ၏​ဇနီး​နှင့် သားသမီးတို့၏​ဘဝ​သည် ပို​၍​အဓိပ္ပာယ်​ပြည့်ဝ​ကြောင်း သတိပြုမိ​လာ​သည်။ သူတို့သည် နှစ်များ​တစ်လျှောက် ယေဟောဝါသက်သေ​များနှင့် ပေါင်းသင်း​ခဲ့​ကြသည်။ ဂျင်မ်​လည်း သူ၏​မိသားစု​ကဲ့သို့ ပျော်ရွှင်​ကျေနပ်မှု ခံစား​လို​သည်။ ထို့​ကြောင့် သူသည် သမ္မာကျမ်းစာ​ကို စတင်​လေ့လာ​ခဲ့​သည်။

ဂျင်မ်​၏​ဘဝ​ပုံစံ​က ခရစ်ယာန်​တစ်ဦး​အဖြစ် အဓိပ္ပာယ်​ရှိသော​အသက်တာ​ရရှိရန် အဆီးအတား​ဖြစ်စေ​ကြောင်း မကြာမီ သိမြင်​လာ​သည်။ သူသည် အာရှ၊ အမေရိကန်​ပြည်ထောင်စု၊ ဥရောပ​သို့ အမြဲ​ခရီးထွက်​နေရ​ပြီး ကျမ်းစာ​လေ့လာ​ရန်၊ ယုံကြည်သူချင်း​များနှင့်​ပေါင်းသင်း​ရန် အချိန်​သိပ်​မပေးနိုင်​ခဲ့​ပေ။ သူ​ဆုံးဖြတ်ချက်​ချ​ရတော့မည်– ‘အနှစ် ၅၀ ကြာ နေထိုင်ခဲ့​တဲ့ ဘဝမျိုးနဲ့​ပဲ ဆက်သွား​မလား။ ဒါမှ​မဟုတ် ဘဝ​လမ်းစဉ်​အသစ်​တစ်ခု​ကို လိုက်စား​မလား။’ သူ့​ဆုံးဖြတ်ချက်​၏ ရေရှည်​အကျိုးဆက်ကို ဆုတောင်း​သုံးသပ်​ပြီး ဝိညာဉ်​ရေးရာ​အတွက် အချိန်ပေး​နိုင်​မည့်​အလုပ်​တစ်ခု​မှ​လွဲ​၍ ကျန်​အလုပ်​အားလုံး​ကို စွန့်လွှတ်​ရန် ဆုံးဖြတ်​ခဲ့​သည်။ (၁ တိမောသေ ၆:၆-၈) သူ၏​ဆုံးဖြတ်ချက်​သည် သူ့ကို ပို​၍​ပျော်ရွှင်​စေပြီး ခရစ်ယာန်​လုပ်ဆောင်မှုများ​တွင် အလုပ်​များနေ​စေ​သည်။

သင်၏​ဆုံးဖြတ်ချက်​များသည်  ကြီး​လေး​သည်​ဖြစ်စေ၊ အသေးအဖွဲ​ဖြစ်စေ အရေးပါ​သည်။ ယနေ့ သင်၏​ဆုံးဖြတ်ချက်​တစ်ခု​သည် အောင်မြင်ခြင်း သို့​မဟုတ် ရှုံးနိမ့်​ခြင်း​အပြင် သင့်​အနာဂတ်​တွင် အသက်ရှင်ခြင်း​နှင့် သေခြင်းကို​ပင် ဖြစ်စေ​နိုင်​သည်။ သင်သည် သမ္မာကျမ်းစာ​မူများ၊ အခြား​သူတို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့် သင့်​လုပ်ရပ်​၏ ရေရှည်​အကျိုးဆက်​တို့ကို ထည့်သွင်း​သုံးသပ်ပါ​က ပညာရှိ​ဆုံးဖြတ်ချက်​များ ချ​နိုင်​မည်​ဖြစ်သည်။ ဘုရားသခင်​၏​အလိုတော်နှင့်​ညီသော ဆုံးဖြတ်ချက်​များ​ကို ချပါ​လေ။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

အသေးအဖွဲ​ဟု ထင်​ရသော ဆုံးဖြတ်ချက်​များ​က ဝမ်းနည်းဖွယ်​အကျိုးဆက်များ ဖြစ်ပေါ်​စေနိုင်

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ပညာရှိ​စွာ​ဆုံးဖြတ်​နိုင်​ရန် ကျမ်းစာ​မူများ​က​သူ့ ကို​မည်သို့ ကူညီ​ပေး​နိုင် ခဲ့​သနည်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေရှုသည် ပေတရု​အား ထောက်ထား​ကြင်နာ​စွာ ပြောဆို​ခဲ့