သင်တို့လက်ကို အားကြီးစေကြလော့
သင်တို့လက်ကို အားကြီးစေကြလော့
“ပရောဖက်တို့ဟောပြောသော ဤစကားကို ယခုကာလ၌ ကြားသောသူတို့ သင်တို့လက်ကိုအားကြီးစေကြလော့။”—ဇာခရိ ၈:၉။
၁၊ ၂။ ဟဂ္ဂဲကျမ်းနှင့်ဇာခရိကျမ်းတို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် အာရုံစိုက်သင့်သနည်း။
ဟဂ္ဂဲနှင့်ဇာခရိတို့၏ ပရောဖက်ပြုချက်များကို လွန်ခဲ့သော အနှစ် ၂,၅၀၀ ကတည်းက ရေးသားခဲ့သော်လည်း သင့်အတွက် အမှန်ပင် အရေးကြီးသည်။ ဤကျမ်းနှစ်စောင်ပါ မှတ်တမ်းများသည် သမိုင်းမှတ်တမ်းမျှသာ မဟုတ်ချေ။ ယင်းတို့သည် ‘ကျွန်ုပ်တို့ကိုဆုံးမရန် အထက်က ရေးထားသမျှ’ ထဲတွင် အပါအဝင်ဖြစ်၏။ (ရောမ ၁၅:၄) ယင်းကျမ်းစောင်များမှ ကျွန်ုပ်တို့ဖတ်ရှုခဲ့ရာအများစုသည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ ဘုရားသခင့်နိုင်ငံတော် တည်ထောင်ခဲ့ပြီးကတည်းက ဖြစ်ပျက်လျက်ရှိသည့် တကယ့်အခြေအနေများကို စဉ်းစားစေသည်။
၂ ရှေးခေတ်ဘုရားသခင့်လူမျိုးများ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များနှင့် အခြေအနေများကို ရည်ညွှန်း၍ တမန်တော်ပေါလုက ဤသို့ဆိုခဲ့သည်– “ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ရေးထားလျက်ရှိသတည်း။” (၁ ကောရိန္သု ၁၀:၁၁) သို့ဖြစ်၍ ‘ဟဂ္ဂဲနှင့်ဇာခရိကျမ်းသည် ကျွန်ုပ်တို့ခေတ်အတွက် အဘယ်အကျိုးရရှိစေသနည်း’ ဟု သင်တွေးပေမည်။
၃။ ဟဂ္ဂဲနှင့်ဇာခရိတို့သည် အဘယ်အရာအပေါ် အာရုံစိုက်ခဲ့ကြသနည်း။
၃ ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း ဟဂ္ဂဲနှင့်ဇာခရိတို့၏ ပရောဖက်ပြုချက်များတွင် ဂျူးများ ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်လာပြီးနောက် ဘုရားသခင်ပေးတော်မူသောပြည်တော်သို့ ပြန်လာကြသည့်အကြောင်း ပါဝင်သည်။ အဆိုပါပရောဖက်နှစ်ပါးသည် ဝတ်ပြုရာအိမ်တော် ပြန်လည်တည်ဆောက်ခြင်းအပေါ် အာရုံစိုက်ခဲ့ကြသည်။ ဘီစီ ၅၃၆ တွင် ဂျူးများသည် ဝတ်ပြုရာအိမ်တော်အုတ်မြစ်ကို ချခဲ့ကြ၏။ အသက်ကြီးသူ ဂျူးတချို့က အတိတ်ကို အာရုံပြုခဲ့ကြသော်လည်း အများအားဖြင့်မူ “ဝမ်းမြောက်သောစိတ်နှင့် ကြွေးကြော်” ခဲ့ကြသည်။ အမှန်မှာ ကျွန်ုပ်တို့ခေတ်၌ ယင်းထက် ပို၍ပင်အရေးပါသည့်အရာ ဖြစ်ပျက်ရန်ရှိသေးသည်။ မည်သို့အားဖြင့်နည်း။—ဧဇရ ၃:၃-၁၃။
၄။ ပထမကမ္ဘာစစ်ပြီးနောက် မကြာမီတွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၄ ပထမကမ္ဘာစစ်ပြီးနောက် မကြာမီတွင် ယေဟောဝါ၏ ဝိညာဉ်တော်ဖွားများသည် မဟာဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်လာခဲ့ကြသည်။ ယင်းက ယေဟောဝါထောက်မနေကြောင်း ဖော်ပြသည့် အရေးပါသောအချက်ဖြစ်သည်။ ယင်းမတိုင်မီ အစောပိုင်းက ဘာသာရေးခေါင်းဆောင်များနှင့် ၎င်းတို့၏ နိုင်ငံရေးမဟာမိတ်များသည် ကျမ်းစာကျောင်းသားများ၏ လူထုရှေ့ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို ရပ်တန့်စေနိုင်ခဲ့ကြသည်ဟု ထင်ရသည်။ (ဧဇရ ၄:၈၊ ၁၃၊ ၂၁-၂၄) သို့ရာတွင် ယေဟောဝါဘုရားသခင်သည် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကြုံတွေ့ရသည့် အတားအဆီးများကို ဖယ်ရှားပေးတော်မူခဲ့သည်။ ၁၉၁၉ ခုနှစ်မှစ၍ ဆယ်စုနှစ်များစွာတစ်လျှောက်တွင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း တိုးတက်လာကာ ယင်းတိုးတက်မှုကို အဘယ်အရာကမျှ မဟန့်တားနိုင်ခဲ့ချေ။
၅၊ ၆။ အဘယ်ကြီးကျယ်ခမ်းနားသည့် အောင်မြင်ပြီးမြောက်မှုကို ဇာခရိ ၄:၇ က ညွှန်ပြသနည်း။
၅ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါ၏ နာခံမှုရှိသည့် ကျေးကျွန်များ၏ ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းသည် ကိုယ်တော်၏ထောက်မမှုကြောင့် ရှေ့ဆက်တိုးတက်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ ဇာခရိ ၄:၇ တွင် ဤသို့ဖတ်ရ၏– “လူများတို့က ‘ကျေးဇူးတော်ရှိပါစေသော။ ကျေးဇူးတော်ရှိပါစေသော’ ဟုကြွေးကြော်လျက် ထိုမင်းသည် တိုက်ထောင့်အထွတ်ကျောက်ကို တင်ထားရလိမ့်မည်။” ဤအချက်က ကျွန်ုပ်တို့ခေတ်၏ အဘယ်ကြီးကျယ်ခမ်းနားသည့် အောင်မြင်ပြီးမြောက်မှုကို ဖော်ပြသနည်း။
၆ ဇာခရိ ၄:၇ က အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၏ စစ်မှန်သောဝတ်ပြုရေးသည် ကိုယ်တော်၏ဝိညာဉ်ရေး ဝတ်ပြုရာအိမ်တော်၏ မြေကြီးရင်ပြင်တွင် စုံလင်ပြည့်ဝသည့်အခြေအနေ ရောက်ရှိလာမည့်အချိန်ကို ညွှန်ပြပါသည်။ ထိုဝတ်ပြုရာအိမ်တော်ဟူသည် ယေရှုခရစ်၏ အပြစ်ဖြေရာယဇ်ကိုအခြေပြုပြီး ယေဟောဝါထံ လူတို့ချဉ်းကပ်နိုင်သည့် အစီအစဉ်ဖြစ်သည်။ မဟာဝိညာဉ်ရေး ဝတ်ပြုရာအိမ်တော်သည် အေဒီ ပထမရာစုနှစ်ကတည်းက တည်ရှိခဲ့သည်မှာမှန်၏။ သို့သော် မြေကြီးရင်ပြင်၌ရှိသည့် စစ်မှန်သောဝတ်ပြုရေးသည် စုံလင်ပြည့်ဝသည့် အခြေအနေသို့ ရောက်ရဦးမည်ဖြစ်သည်။ သန်းပေါင်းများစွာသော ဝတ်ပြုသူတို့သည် ယခုအခါ ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်၏ မြေကြီးရင်ပြင်တွင် အမှုဆောင်နေကြသည်။ ထိုသူတို့အပြင် ရှင်ပြန်ထမြောက်လာသူများစွာသည် ယေရှုခရစ် အနှစ်တစ်ထောင်အုပ်စိုးစဉ်အတွင်း စုံလင်လာကြပေမည်။ အနှစ်တစ်ထောင်အကုန်တွင် သန့်စင်ထားသည့် ကမ္ဘာပေါ်၌ ဘုရားသခင်၏ စစ်မှန်သောဝတ်ပြုသူများသာ ကျန်ရှိမည်ဖြစ်သည်။
၇။ ကျွန်ုပ်တို့ခေတ်၌ စစ်မှန်သောဝတ်ပြုရေးကို စုံလင်ပြည့်ဝသည့်အခြေအနေသို့ ရောက်ရှိစေခြင်းတွင် ယေရှုသည် အဘယ်အခန်းကဏ္ဍ၌ပါဝင်ပြီး ယင်းက ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အားပေးမှုဖြစ်သင့်သနည်း။
၇ မြို့ဝန်ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းကြီးယောရှုတို့သည် ဝတ်ပြုရာအိမ်တော် ဆောက်လုပ်ပြီးချိန်ဖြစ်သည့် ဘီစီ ၅၁၅ တွင် သက်သေများအဖြစ် ရှိနေခဲ့ကြသည်။ စစ်မှန်သောဝတ်ပြုရေး စုံလင်ပြည့်ဝသည့်အထိ လုပ်ဆောင်ရာတွင် ယေရှု၏အဓိက အခန်းကဏ္ဍကို ဇာခရိ ၆:၁၂၊ ၁၃ တွင် ဤသို့ကြိုဟောထားသည်– ‘ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်၏အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ “အညွန့်အမည်ရှိသောသူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ပေါက်၍ ထာဝရဘုရားသခင်၏ ဝတ်ပြုရာအိမ်တော်ကို တည်ဆောက်လိမ့်မည်။ . . . ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင်ပေါ်မှာ ယဇ်ပုရောဟိတ်လည်းဖြစ် . . . မည်။” ’ ကောင်းကင်၌နေသူဖြစ်ပြီး ဒါဝိဒ်မင်းမျိုး၏အညွန့်ဖြစ်သူ ယေရှုသည် ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်ရှိ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ထောက်မပေးနေသည်ဟူသော အချက်ကိုကြည့်ခြင်းအားဖြင့် ယင်းလုပ်ငန်း၏တိုးတက်မှုကို တစ်ဦးတစ်ယောက်က ဆီးတားနိုင်သည်ဟု သင်ထင်ပါသလော။ ထင်မည်မဟုတ်ချေ။ ဤအချက်က ကျွန်ုပ်တို့သည် နေ့စဉ်စိုးရိမ်ပူပန်မှုများကြောင့် ခရစ်ယာန်ဓမ္မအမှုမှ အာရုံလွဲမသွားဘဲ ရှေ့ဆက်လုပ်ဆောင်ရန် အားပေးမှုဖြစ်သင့်သည် မဟုတ်ပေလော။
ဦးစားပေးရာများ
၈။ ကျွန်ုပ်တို့၏အသက်တာတွင် အဘယ်ကြောင့် ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်လုပ်ငန်းကို ပထမနေရာ၌ ထားရမည်နည်း။
၈ ယေဟောဝါ၏ထောက်မမှုနှင့် ကောင်းချီးရရန် ကျွန်ုပ်တို့၏အသက်တာတွင် ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်လုပ်ငန်းကို ပထမနေရာ၌ထားရမည်။ “အချိန်မရောက်သေး” ဟုပြောခဲ့ကြသည့် ဂျူးများနှင့်မတူဘဲ ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေရကြောင်းကို သတိရ,ရမည်။ (ဟဂ္ဂဲ ၁:၂; ၂ တိမောသေ ၃:၁) ယေရှုက မိမိ၏တည်ကြည်သော နောက်လိုက်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟော၍ တပည့်ဖြစ်စေကြမည်ဟု ကြိုဟောခဲ့၏။ ကျွန်ုပ်တို့လုပ်ဆောင်နေရသည့် အခွင့်ထူးကို လျစ်လျူမရှုမိရန် သတိပြုရမည်။ လောက၏ဆန့်ကျင်မှုများကြောင့် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်း ခေတ္တရပ်တန့်သွားခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ပြန်စခဲ့သော်လည်း ယင်းလုပ်ငန်းသည် စုံလင်ပြည့်ဝမှုမရှိခဲ့ချေ။ သို့သော် စုံလင်ပြည့်ဝသည့်အခြေအနေသို့ သေချာပေါက် ရောက်လာမည်ဖြစ်ကြောင်း သင်ယုံကြည်စိတ်ချနိုင်ပါသည်။
၉၊ ၁၀။ ယေဟောဝါ၏ကောင်းချီးသည် မည်သည့်အရာအပေါ် မူတည်သနည်း။ ယင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၉ ကျွန်ုပ်တို့သည် အားကြိုးမာန်တက် ဆက်လုပ်ဆောင်နေသည်နှင့်အမျှ တစ်ဦးချင်းအနေနှင့်ရော အုပ်စုလိုက်အနေနှင့်ပါ ကောင်းချီးခံစားကြရမည်။ ယေဟောဝါ၏ကတိတော်မှ ကျွန်ုပ်တို့ရရှိနိုင်သည့် အာမခံချက်ကို သတိပြုကြည့်ပါ။ ဂျူးများသည် ဝတ်ပြုရာအိမ်တော် အုတ်မြစ်ချခြင်းလုပ်ငန်းကို အားကြိုးမာန်တက် ပြန်စလုပ်ဆောင်ပြီး စိုးလ်အကြွင်းမဲ့ဝတ်ပြုရေးတွင် ပြန်ပါဝင်လာသည်နှင့် ယေဟောဝါက “ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်” ဟု မိန့်တော်မူခဲ့သည်။ (ဟဂ္ဂဲ ၂:၁၉) သူတို့သည် ကိုယ်တော်၏မျက်နှာသာတော်ကို အပြည့်အဝ ပြန်ခံစားကြရမည်။ ယခု ဘုရားသခင့်ကတိတော်မှ ဤကောင်းချီးများကို ဆင်ခြင်သုံးသပ်ကြည့်ပါ– “မျိုးစေ့ကို ငြိမ်ဝပ်စွာကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးကိုလည်းကောင်း၊ မြေသည် မိမိစီးပွားကိုလည်းကောင်း၊ မိုးကောင်းကင်သည် နှင်းရည်ကိုလည်းကောင်း ပေးရလိမ့်မည်။ ကျန်ကြွင်းသောဤလူတို့သည် ဤအရာအလုံးစုံကို ရတတ်စေခြင်းငှာ ငါပြုမည်။”—ဇာခရိ ၈:၉-၁၃။
၁၀ ယေဟောဝါသည် ဂျူးများကို ဝိညာဉ်ရေးအရရော ရုပ်ပိုင်းအရတွင်ပါ ကောင်းချီးပေးခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း ကိုယ်တော်ပေးအပ်ထားသောလုပ်ငန်းကို အားကြိုးမာန်တက်၊ ပျော်ရွှင်စွာလုပ်ဆောင်ပါက ကိုယ်တော်ကောင်းချီးပေးပါလိမ့်မည်။ ယင်းကောင်းချီးများတွင် ကျွန်ုပ်တို့အချင်းချင်းကြားတွင် ငြိမ်သက်မှု၊ လုံခြုံမှု၊ ဝပြောမှုနှင့် ဝိညာဉ်ရေးတိုးတက်မှုတို့ ပါဝင်သည်။ သို့တိုင် ဝတ်ပြုရာအိမ်တော်နှင့်ဆိုင်သောလုပ်ငန်းကို ယေဟောဝါအလိုရှိသည့် နည်းလမ်းအတိုင်း လုပ်ဆောင်နေမှသာ ဘုရားသခင့်ကောင်းချီး မပြတ်ခံစားရမည်ကို သင်စိတ်ချနိုင်ပါသည်။
၁၁။ ကျွန်ုပ်တို့ကိုယ်ကို မည်သို့ဆန်းစစ်ကြည့်နိုင်သနည်း။
၁၁ ယခုအချိန်သည် “ကိုယ်ကျင့်သောအကျင့်တို့ကို ဆင်ခြင်” ရမည့်အချိန်ဖြစ်၏။ (ဟဂ္ဂဲ ၁:၅၊ ၇) ကျွန်ုပ်တို့သည် ဘဝ၏ဦးစားထားရာများကို ဆန်းစစ်ကြည့်ရန် အချိန်ယူသင့်သည်။ ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ထင်ရှားစေခြင်းနှင့် ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်နှင့်ဆိုင်သော လုပ်ငန်းတိုးချဲ့ခြင်းတို့တွင် ပါဝင်သည့်အတိုင်းအတာနှင့်အညီ ယေဟောဝါ၏ကောင်းချီးခံစားနေရသည်။ သင်သည် မိမိကိုယ်ကို ဤသို့မေးပေမည်– ‘ငါ့ရဲ့ဦးစားထားရာတွေ ပြောင်းလဲသွားပြီလား။ ယေဟောဝါ၊ ကိုယ်တော်ရဲ့အမှန်တရားနဲ့ ကိုယ်တော်ရဲ့လုပ်ငန်းတော်အတွက် ငါ့ရဲ့ဇွဲက ငါနှစ်ခြင်းခံချိန်တုန်းကလိုပဲ ထက်သန်နေဆဲလား။ သက်သောင့်သက်သာရှိတဲ့ဘဝကို စိတ်ဝင်စားတဲ့အတွက်ကြောင့် ယေဟောဝါနဲ့ ကိုယ်တော်ရဲ့နိုင်ငံတော်ကနေ အာရုံလွဲသွားပြီလား။ တခြားသူတွေ ဘယ်လိုထင်ကြမလဲဆိုတဲ့ လူတွေကိုကြောက်တဲ့စိတ်ကြောင့် တွန့်ဆုတ်နေသလား။’—ဗျာ. ၂:၂-၄။
၁၂။ ဂျူးများကြားတွင် ပေါ်ပေါက်ခဲ့သည့် အဘယ်အခြေအနေကို ဟဂ္ဂဲ ၁:၆၊ ၉ ၌အသားပေးထားသနည်း။
၁၂ ဘုရားသခင့်နာမတော် ထင်ရှားစေခြင်းလုပ်ငန်းကို လျစ်လျူရှုမိသောကြောင့် ကိုယ်တော်ထံမှ ကြွယ်ဝသောကောင်းချီး မခံစားရသည့်အဖြစ်မျိုး ကျွန်ုပ်တို့ မလိုလားကြပါ။ ဟဂ္ဂဲ ၁:၉ တွင် ဖော်ပြထားသည့်အတိုင်း ပြည်တော်ပြန်ဂျူးများသည် ဝတ်ပြုရာအိမ်တော်ဆောက်လုပ်ခြင်းတွင် အစကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် “အသီးအသီး မိမိတို့အိမ်သို့ပြေး” ကုန်ကြသည်ကို ပြန်အမှတ်ရပါ။ သူတို့သည် နေ့စဉ်လိုအပ်ရာများနှင့် ဘဝပုံစံတို့ဖြင့် အလုပ်များလာကြသည်။ အကျိုးဆက်အနေနှင့် အသီးအနှံ “နည်းပါး” ခဲ့သည်။ ဝစွာမစားရ၊ ဝစွာမသောက်ရ၊ နွေးစွာမဝတ်ရကြတော့ချေ။ (ဟဂ္ဂဲ ၁:၆) ယေဟောဝါသည် ကောင်းချီးကို ရုပ်သိမ်းတော်မူလေပြီ။ ယင်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာယူနိုင်သနည်း။
၁၃၊ ၁၄။ ဟဂ္ဂဲ ၁:၆၊ ၉ မှရရှိသည့် သင်ခန်းစာကို မည်သို့ကျင့်သုံးနိုင်သနည်း။ ယင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၃ ဘုရားသခင်၏ကောင်းချီးများ ဆက်ခံစားလိုလျှင် ယေဟောဝါ၏ဝတ်ပြုရေးကို လျစ်လျူရှုလိုက်သည့်အထိ ကိုယ်ကျိုးရှာခြင်းကို တွန်းလှန်ရမည်ဖြစ်ကြောင်း သင်သဘောတူပါသလော။ စည်းစိမ်ဥစ္စာနောက်လိုက်ခြင်း၊ ဖြတ်လမ်းနည်းဖြင့် ချမ်းသာလိုခြင်း၊ ဤအစီအစဉ်စနစ်တွင် အလုပ်ကောင်းကောင်းရရှိရန် ထပ်ဆင့်ပညာရေးဆည်းပူးဖို့ ရည်မှန်းချက်ကြီးကြီးထားခြင်း သို့မဟုတ် ကိုယ့်အလိုဆန္ဒကိုဖြည့်ဆည်းလိုသည့် အစီအစဉ်များဆွဲခြင်းတို့က ကျွန်ုပ်တို့၏အာရုံကိုလွဲသွားစေလျှင် ယင်းတို့ကို တွန်းလှန်ရမည်။
၁၄ ထိုသို့သောကိစ္စများကိုယ်နှိုက်က အပြစ်မဟုတ်ချေ။ သို့သော် ထာဝရအသက်ရှုထောင့်မှကြည့်လျှင် ထိုအရာတို့သည် “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်” များဖြစ်ကြောင်း သင်သိမြင်ပါသလော။ (ဟေဗြဲ ၉:၁၄) အဘယ်အဓိပ္ပာယ်ဖြင့်နည်း။ ယင်းတို့သည် ဝိညာဉ်ရေးကို သေစေ၏၊ အကျိုးမပေးသည့်အပြင် အသီးမသီးသောသူ ဖြစ်သွားစေသည်။ တစ်ဦးတစ်ယောက်သည် ယင်းတို့ကို စွဲစွဲမြဲမြဲလိုက်စားပါက ဝိညာဉ်ရေးတွင် သေသွားနိုင်၏။ တမန်တော်များလက်ထက်တွင် ဝိညာဉ်တော်ဖွားခရစ်ယာန်တချို့ ထိုသို့ဖြစ်ခဲ့ကြသည်။ (ဖိလိပ္ပိ ၃:၁၇-၁၉) ကျွန်ုပ်တို့ခေတ်၌လည်း ခရစ်ယာန်တချို့ ထိုသို့ဖြစ်ခဲ့ကြသည်။ ခရစ်ယာန်လုပ်ငန်းဆောင်တာများမှ တဖြည်းဖြည်း သွေဖည်သွားပြီး အသင်းတော်နှင့်ဝေးကွာသွားခဲ့သူတချို့ကို သင်သိရှိပေမည်။ ယခု သူတို့သည် ယေဟောဝါ၏အမှုတော်ကို ပြန်ထမ်းဆောင်လိုစိတ်မရှိကြတော့ချေ။ ထိုသို့သောသူများ ယေဟောဝါထံပြန်လှည့်လာမည်ကို ကျွန်ုပ်တို့မျှော်လင့်နိုင်ကြသော်လည်း အဖြစ်မှန်မှာ “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်” တို့ကိုလိုက်စားခြင်းကြောင့် ယေဟောဝါ၏မျက်နှာသာတော်နှင့် ကောင်းချီးမခံစားရတော့ခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေက မည်မျှဝမ်းနည်းစရာကောင်းသည်ကို သင်နားလည်နိုင်ပေသည်။ ယင်းသည် ဘုရားသခင့်ဝိညာဉ်တော်အသီးဖြစ်သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ဆုံးရှုံးလိုက်ရသည့်သဘောပင်။ နွေးထွေးသည့် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းတွင် ပါဝင်ခွင့်မရသည့် ဆုံးရှုံးနစ်နာမှုကိုလည်း စဉ်းစားကြည့်ပါလေ။—ဂလာတိ ၁:၆; ၅:၇၊ ၁၃၊ ၂၂-၂၄။
၁၅။ ဟဂ္ဂဲ ၂:၁၄ က ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်မှု၏ လေးနက်မှုကို မည်သို့ဖော်ပြသနည်း။
၁၅ ယင်းသည် အလွန်အလေးအနက်ထားရမည့် ကိစ္စတစ်ရပ်ဖြစ်၏။ ဟဂ္ဂဲ ၂:၁၄ အရ ပကတိအနေနှင့်ရော ဥပစာသဘောအနေနှင့်ပါ မိမိတို့အိမ်ကို အမိုးနှစ်ထပ်ဖြစ်အောင်ဆောက်ပြီး ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်ကို လျစ်လျူရှုခဲ့ကြသည့် ဂျူးများကို ကိုယ်တော်မည်သို့ရှုမြင်ခဲ့ကြောင်း သတိပြုကြည့်ပါ။ ‘ “ဤလူမျိုး၊ ဤပြည်သားတို့သည် ငါ့မျက်မှောက်၌ ထို့အတူဖြစ်ကြ၏။ သူတို့လုပ်ဆောင်သမျှသည်လည်း ထို့အတူဖြစ်၏။ ငါ့ထံမှာပူဇော်သောအရာသည်လည်း ညစ်ညူး၏” ဟု ထာဝရဘုရားသခင်မိန့်တော်မူ၏။’ စိတ်နှစ်ခွရှိသည့်ဂျူးများ စစ်မှန်သောဝတ်ပြုရေးကို လျစ်လျူရှုနေသရွေ့ ယေရုရှလင်မြို့ရှိ ယာယီယဇ်ပလ္လင်တွင် ပူဇော်သည့် မည်သည့်ပူဇော်ရာယဇ်ကိုမျှ မလက်ခံနိုင်ပါ။—ဧဇရ ၃:၃။
စိတ်ချရသည့် ထောက်မမှု
၁၆။ ဇာခရိရရှိခဲ့သည့် စိတ်အာရုံများအပေါ် အခြေပြု၍ အဘယ်အရာကို ဂျူးများယုံကြည်စိတ်ချနိုင်ကြသနည်း။
၁၆ ဘုရားသခင့်ဝတ်ပြုရာအိမ်တော် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွင် လုပ်ဆောင်ခဲ့ကြသည့် နာခံမှုရှိသောဂျူးများသည် ဇာခရိရရှိခဲ့သည့် ဆက်တိုက်စိတ်အာရုံရှစ်ခုကြောင့် ဘုရားသခင်၏ထောက်မမှု ရရှိမည်ကို ယုံကြည်စိတ်ချခဲ့ကြသည်။ ပထမစိတ်အာရုံအရ ဝတ်ပြုရာအိမ်တော်ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးမည်ဖြစ်ပြီး ဂျူးများ အလုပ်ကို နာခံမှုရှိရှိ လုပ်ဆောင်နေသရွေ့ ယေရုရှလင်မြို့နှင့် ယုဒနိုင်ငံသည် ကြွယ်ဝပြည့်စုံမည်ဟု အာမခံထား၏။ (ဇာခရိ ၁:၈-၁၇) ဒုတိယစိတ်အာရုံက စစ်မှန်သောဝတ်ပြုရေးကို ဆန့်ကျင်သည့် အုပ်စိုးမှုအားလုံး အဆုံးတိုင်လိမ့်မည်ဖြစ်ကြောင်း ကတိပြုထားသည်။ (ဇာခရိ ၁:၁၈-၂၁) အခြားသောစိတ်အာရုံများက ဆောက်လုပ်ရေးလုပ်ငန်းကို ဘုရားသခင်ကာကွယ်မည်၊ လူမျိုးအပေါင်းမှ များစွာသောသူတို့သည် ဆောက်ပြီးသွားသည့် ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်သို့လာကြမည်၊ စစ်မှန်သောငြိမ်သက်မှုနှင့် လုံခြုံမှုရှိမည်၊ ဘုရားသခင်ပေးထားသောလုပ်ငန်းကို လုပ်ဆောင်ရာတွင် မကျော်လွှားနိုင်ဟုထင်ရသည့် အတားအဆီးများကို ဖယ်ရှားပစ်မည်၊ ဆိုးသွမ်းမှုကိုဖယ်ရှားမည်၊ ကောင်းကင်တမန်များ ဦးစီးကြီးကြပ်ပြီး ကာကွယ်ပေးမည်ကို ယုံကြည်စိတ်ချစေပါသည်။ (ဇာခရိ ၂:၅၊ ၁၁; ၃:၁၀; ၄:၇; ၅:၆-၁၁; ၆:၁-၈) ဘုရားသခင်ထောက်မမည်ဟူသော အာမခံချက်ကြောင့် နာခံမှုရှိသူတို့သည် သူတို့၏ဘဝပုံစံကို ပြုပြင်ပြောင်းလဲပြီး သူတို့ကို လွတ်မြောက်စေခဲ့သည့် ဘုရားသခင်၏လုပ်ငန်းတော်အပေါ် အာရုံစိုက်ခဲ့ကြကြောင်း သင်နားလည်နိုင်ပါသည်။
၁၇။ ကျွန်ုပ်တို့ရရှိထားသည့် အာမခံချက်ကြောင့် ကိုယ့်ကိုယ်ကို မည်သို့မေးသင့်သနည်း။
၁၇ အလားတူ၊ စစ်မှန်သောဝတ်ပြုရေး လုံးလုံးအောင်ပွဲခံမည်ဟူသော အာမခံချက်က ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်အပေါ် အလေးအနက်ထားပြီး ပြုမူလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးသင့်သည်။ သင့်ကိုယ်ကို ဤသို့မေးပါ– ‘အခုအချိန်ဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်း လုပ်ဆောင်ရမယ့်အချိန်ဆိုတာ ယုံကြည်မယ်ဆိုရင် ငါ့ရဲ့ဘဝပန်းတိုင်တွေ၊ ဘဝပုံစံတွေဟာ ငါ့ရဲ့ယုံကြည်မှုနဲ့အညီ ဖြစ်နေရဲ့လား။ ငါဟာ ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်ကို သင့်လျော်တဲ့အချိန်ပေးပြီး လေ့လာနေသလား။ ဘုရားသခင့်ပရောဖက်ပြုချက်စကားတွေကို အာရုံစိုက်ပြီး တွေ့ဆုံရတဲ့တခြားသူတွေအပါအဝင် ခရစ်ယာန်ချင်းတွေနဲ့ အဲ့ဒီအကြောင်းတွေကို ပြောဆိုနေသလား။’
၁၈။ ဇာခရိ အခန်းကြီး ၁၄ အရ ရှေ့တွင် အဘယ်အရာဖြစ်ပျက်လာမည်နည်း။
၁၈ ဇာခရိသည် မဟာဗာဗုလုန်ပျက်စီးခြင်းနှင့်အတူ အာမဂေဒုန်စစ်ပွဲအကြောင်း ဖော်ပြခဲ့သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– ‘နေ့မဟုတ်၊ ညမဟုတ်၊ ထာဝရဘုရားသခင်သိတော်မူသော နေ့ရက်တစ်ရက်ဖြစ်၍ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။’ မှန်ပါသည်၊ ယေဟောဝါ၏နေ့ရက်သည် မြေကြီးပေါ်ရှိ ကိုယ်တော်၏ရန်သူများအဖို့ အမှန်ပင်မှောင်မိုက်၍ အေးစက်သောနေ့ ဖြစ်ပါလိမ့်မည်။ သို့သော် ယေဟောဝါအပေါ်တည်ကြည်သော ဝတ်ပြုသူများအတွက်မူ အလင်းနှင့်မျက်နှာသာတော် မပြတ်ခံစားရမည့်နေ့ ဖြစ်ပါလိမ့်မည်။ ထို့ပြင် ကမ္ဘာသစ်တွင် အရာရာတိုင်း ယေဟောဝါ၏သန့်ရှင်းမြင့်မြတ်မှုကို ကြွေးကြော်ကြမည့်အကြောင်း ဇာခရိဖော်ပြခဲ့၏။ ဘုရားသခင်၏ မဟာဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်ရှိ စစ်မှန်သောဝတ်ပြုရေးသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဝတ်ပြုရေးပုံစံဖြစ်ပေလိမ့်မည်။ (ဇာခရိ ၁၄:၇၊ ၁၆-၁၉) အလွန်ထူးခြားသည့် အာမခံချက်ပေတည်း။ ကျွန်ုပ်တို့သည် ကြိုဟောထားရာများ ပြည့်စုံလာသည်ကို တွေ့ ကြုံခံစားရမည်ဖြစ်ကာ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းလာသည်ကို တွေ့ မြင်ကြရမည်။ ထိုနေ့သည် ယေဟောဝါအတွက် ထူးခြားသည့်နေ့ ဖြစ်ပါလိမ့်မည်။
တည်မြဲသောကောင်းချီးများ
၁၉၊ ၂၀။ ဇာခရိ ၁၄:၈၊ ၉ သည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အားရှိစရာဖြစ်သနည်း။
၁၉ ထိုသို့အံ့ဖွယ်ပြီးမြောက်အောင်မြင်မှု ဖြစ်ပြီးသည့်နောက် စာတန်နှင့် သူ၏နတ်ဆိုးများသည် တွင်းနက်ကြီးထဲတွင် မလှုပ်ရှားနိုင်သည့်အခြေအနေမျိုးတွင် ချုပ်နှောင်ခံရမည်။ (ဗျာ. ၂၀:၁-၃၊ ၇) ထို့နောက် ခရစ်တော်အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်းတွင် ကောင်းချီးများ မပြတ် သွန်းလောင်းပါလိမ့်မည်။ ဇာခရိ ၁၄:၈၊ ၉ က ဤသို့ဆို၏– ‘ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှထွက်၍ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ပင်လယ်သို့တစ်ဝက်၊ အနောက်ပင်လယ်သို့တစ်ဝက် စီးသွားလိမ့်မည်။ ထာဝရဘုရားသခင်သည် တစ်ပြည်လုံးတွင် ရှင်ဘုရင်ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားသခင်တစ်ပါးတည်း၊ နာမတော်တစ်ပါးတည်း ဖြစ်တော်မူမည်။’
၂၀ အသက်ကိုထောက်ပံ့ပေးသော ယေဟောဝါ၏အစီအစဉ်ကို ပုံဖော်သည့် “အသက်ရေ၊” သို့မဟုတ် “အသက်ရေစီးရာမြစ်” သည် မေရှိယနိုင်ငံတော်တည်ရာဌာနမှ မပြတ်စီးဆင်းလာမည်။ (ဗျာ. ၂၂:၁၊ ၂) ယေဟောဝါအားကိုးကွယ်သည့် လူအုပ်ကြီးသည် အာမဂေဒုန်ကိုကပ်ကျော်ပြီး အာဒံကြောင့်ခံရသည့် သေဒဏ်စီရင်ချက်မှ လွတ်မြောက်လာခြင်းဖြင့် အကျိုးကျေးဇူးခံစားရကြမည်။ သေဆုံးသွားကြသူတို့ပင် ရှင်ပြန်ထမြောက်ခြင်းဖြင့် အကျိုးခံစားကြရမည်။ ဤသို့ဖြင့် ကမ္ဘာပေါ်တွင် ယေဟောဝါ၏အုပ်ချုပ်မှုအသစ် စတင်မည်။ ကမ္ဘာပေါ်ရှိ လူသားအားလုံးသည် ယေဟောဝါအား စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၊ တစ်ပါးတည်းသော ကိုးကွယ်ထိုက်သည့်အရှင်အဖြစ် အသိအမှတ်ပြုလာကြမည်။
၂၁။ ကျွန်ုပ်တို့၏သန္နိဋ္ဌာန်သည် မည်သို့ဖြစ်သင့်သနည်း။
၂၁ ဟဂ္ဂဲနှင့်ဇာခရိတို့ ကြိုဟောခဲ့ရာအားလုံး၊ ပြည့်စုံခဲ့သည့်အရာအားလုံးကိုထောက်၍ ဘုရားသခင်ပေးထားသည့်လုပ်ငန်းကို ကိုယ်တော့်ဝိညာဉ်ရေး ဝတ်ပြုရာအိမ်တော်၏ မြေကြီးရင်ပြင်တွင် ကြိုးစားလုပ်ဆောင်ရန် ခိုင်လုံသောအကြောင်းရင်းရှိပါသည်။ စစ်မှန်သောဝတ်ပြုရေး စုံလင်ပြည့်ဝသည့်အခြေအနေ ရောက်ရှိလာသည့်အထိ ကျွန်ုပ်တို့အားလုံး ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ပထမနေရာ၌ထားဖို့ ကြိုးစားနိုင်ကြပါစေ။ ဇာခရိ ၈:၉ တွင် ဤသို့တိုက်တွန်းထားသည်– “ပရောဖက်တို့ဟောပြောသော ဤစကားကို ယခုကာလ၌ ကြားသောသူတို့ သင်တို့လက်ကို အားကြီးစေကြလော့။”
သင်မှတ်မိသလော
• အဘယ်သမိုင်းဆိုင်ရာဆင်တူချက်ကို ဟဂ္ဂဲနှင့်ဇာခရိကျမ်းတို့က မျက်မှောက်ခေတ်နှင့် သက်ဆိုင်စေသနည်း။
• ဟဂ္ဂဲကျမ်းနှင့် ဇာခရိကျမ်းတို့သည် ဦးစားထားရာများနှင့်စပ်လျဉ်း၍ အဘယ်သင်ခန်းစာပေးသနည်း။
• ဟဂ္ဂဲကျမ်းနှင့် ဇာခရိကျမ်းတို့ကို သုံးသပ်ခြင်းဖြင့်အဘယ်ကြောင့် အနာဂတ်ကို ယုံကြည်စိတ်ချစေသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဟဂ္ဂဲနှင့်ဇာခရိတို့သည် ဂျူးများအား စိုးလ်အကြွင်းမဲ့လုပ်ဆောင်ကြရန်နှင့် ယင်းမှ ကောင်းချီးခံစားကြရန် အားပေးခဲ့
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
သင်သည်‘သင့်အိမ်သို့ပြေး’နေသလော
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ကောင်းချီးပေးမည်ဟု ယေဟောဝါ ကတိပြုတော်မူခဲ့ပြီးကတိတော်အတိုင်း ကိုယ်တော်ပေးခဲ့