သာဒိမြို့သားမယ်လတို သမ္မာကျမ်းစာအမှန်တရားကိုခုခံကာကွယ်ခဲ့သူလော
သာဒိမြို့သားမယ်လတို သမ္မာကျမ်းစာအမှန်တရားကိုခုခံကာကွယ်ခဲ့သူလော
ခရစ်ယာန်စစ်များသည် ဟေဗြဲပြက္ခဒိန်၏ နိသန်လ ၁၄ ရက်နှင့်ကိုက်ညီသောနေ့တွင် နှစ်စဉ် သခင့်ညစာစားပွဲ ကျင်းပကြသည်။ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူသော ယေရှု၏မိန့်မှာချက်ကို သူတို့လိုက်နာနေခြင်းဖြစ်၏။ အေဒီ ၃၃၊ ထိုနေ့ရက်တွင်ပင် ယေရှုသည် ပသခါပွဲကျင်းပပြီးနောက် ပူဇော်ရာယဇ်အဖြစ် မိမိ၏သေခြင်းကို အောက်မေ့ရာပွဲ အစပြုကျင်းပခဲ့သည်။ ထိုနေ့ရက်မကုန်ဆုံးမီတွင် ကိုယ်တော်သေဆုံးခဲ့သည်။—လုကာ ၂၂:၁၉၊ ၂၀; ၁ ကောရိန္သု ၁၁:၂၃-၂၈။
အေဒီ ဒုတိယရာစုအတွင်း အချို့က အောက်မေ့ရာပွဲကျင်းပချိန်နှင့် ကျင်းပနည်းကို စတင်ပြောင်းလဲခဲ့ကြသည်။ အာရှမိုင်းနားတွင် ယေရှုသေဆုံးခဲ့သည့်နေ့စွဲကို ဆက်အသုံးပြုခဲ့ကြသည်။ သို့သော် ကိုးကားချက်တစ်ခု၏ထောက်ပြချက်အရ “ရောမနှင့် အလက်ဇန္ဒြီးယားမြို့တွင် ယေရှုရှင်ပြန်ထမြောက်သည့် တနင်္ဂနွေနေ့၌ ပွဲတော်ကျင်းပသည့်ထုံးစံရှိပြီး” ယင်းကို ထမြောက်ရာပသခါပွဲဟုခေါ်ကြသည်။ ကွာတိုဒက်စမန်စ် (ဆယ့်လေးရက်သမားများ) ဟုလူသိများသော အုပ်စုတစ်စုသည် ယေရှုခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲကို နိသန် ၁၄ ရက်နေ့တွင်ကျင်းပရန် ခုခံပြောဆိုခဲ့ကြသည်။ သာဒိမြို့သား မယ်လတိုသည် ယင်းကိုလက်ခံသူတစ်ဦးဖြစ်၏။ မယ်လတိုကား မည်သူနည်း။ သူသည် ဤကျမ်းစာအမှန်တရားအပြင် အခြားအရာများကို အဘယ်နည်းဖြင့် ခုခံကာကွယ်ခဲ့သနည်း။
‘ဉာဏ်အလင်းပေးသူ’ တစ်ဦး
ဒုတိယရာစုနှစ်အဆုံးပိုင်းတွင် စီစရီအာမြို့နေ ယူစီးဘီးယပ်စ်၏ ခရစ်ယာန်သာသနာ့သမိုင်း စာအုပ်အရ ဧဖက်မြို့ရှိ ပလစ်ခရတိစ်သည် ရောမသို့ စာတစ်စောင်ရေးပို့ကာ “ခရစ်ဝင်ကျမ်းနှင့်အညီ ပသခါပွဲတော်ကို ဆယ့်လေးရက်နေ့တွင် ကျင်းပခြင်းမှ မည်သည့်အခါမျှ သွေဖည်မသွားဘဲ ခရစ်ယာန်ဘာသာ၏စည်းမျဉ်းအတိုင်း လိုက်နာ” နေခြင်းဖြစ်ကြောင်း ခုခံပြောဆိုခဲ့သည်။ ဤစာအရ လစ်ဒီယာနိုင်ငံ၊ သာဒိမြို့သား ဂိုဏ်းအုပ်မယ်လတိုသည် နိသန် ၁၄ ရက်တွင် ပွဲတော်ကျင်းပခြင်းကို ထောက်ခံသူတစ်ဦးဖြစ်သည်။ ထိုစာတွင် မယ်လတိုသည် ‘ကွယ်လွန်ပြီးဖြစ်သော ဉာဏ်အလင်းပေးသူများ’ အနက် တစ်ဦးအဝင်ဖြစ်သည်ဟု သူနှင့်တစ်ခေတ်သားများက ယူမှတ်ကြောင်း ဖော်ပြထားသည်။ မယ်လတိုသည် အိမ်ထောင်မပြုဘဲ “သန့်ရှင်းသောဝိညာဉ်တော်နှင့် ဆက်နွှယ်နေသည့်ကိစ္စများကိုသာ အရေးထားခဲ့ပြီး သာဒိမြို့တွင် သင်္ဂြိုဟ်ခြင်းခံခဲ့ရကာ ကောင်းကင်မှခေါ်တော်မူခြင်းအားဖြင့် ရှင်ပြန်ထမြောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်” ဟုပလစ်ခရတိစ်က ဆိုခဲ့သည်။ ယင်းက မယ်လတိုသည် ခရစ်တော်ပြန်ကြွလာချိန်ရောက်မှ ရှင်ပြန်ထမြောက်ခြင်းဖြစ်မည်ကို ယုံကြည်သူတစ်ဦးဖြစ်ကြောင်း ဆိုလိုပေမည်။—ဗျာ. ၂၀:၁-၆။
မယ်လတိုသည် ရဲရင့်ပြတ်သားသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ အမှန်မှာ သူသည် အေဒီ ၁၆၁ မှ ၁၈၀ အထိစိုးစံခဲ့သူ ရောမဧကရာဇ် မားကပ်သြရဲလီယပ်စ်ထံ ခရစ်ယာန်များအတွက် ချေပချက်ကိုရေးပို့ခဲ့ရာ ယင်းသည် မှတ်တမ်းတင်ခဲ့သမျှတွင် ဦးဆုံးစာတစ်စောင်ဖြစ်သည်။ မယ်လတိုသည် ခရစ်ယာန်ဘာသာကို ခုခံကွယ်ကာရန်၊ ဆိုးသွမ်းသူနှင့်လောဘကြီးသူများကို ဖော်ထုတ်ရန် မကြောက်ရွံ့ခဲ့ချေ။ ထိုလူဆိုးများသည် ခရစ်ယာန်တို့၏ပိုင်ဆိုင်ရာများကို ရယူလို၍ ဧကရာဇ်၏အမိန့်အမျိုးမျိုးကို အကြောင်းပြကာ သူတို့အား နှိပ်စက်ညှဉ်းပန်းပြီး မတော်မတရားအပြစ်ဒဏ်စီရင်ကြသည်။
မယ်လတိုသည် ဧကရာဇ်ထံ ဤသို့ သတ္တိရှိရှိရေးသားခဲ့သည်– “အကျွန်ုပ်တို့သည် ဤတောင်းဆိုချက်တစ်ခုတည်းသာ တင်ပြလိုသည်။ ဤ [ခရစ်ယာန်များ] ပဋိပက္ခတွင် ပြဿနာ၏အရင်းခံမှာ မည်သူဖြစ်သည်ကို အရှင်ကိုယ်တိုင် ဆန်းစစ်ပါ။ ခရစ်ယာန်များသည် သေဒဏ်၊ အပြစ်ဒဏ်ခံထိုက်သလော သို့မဟုတ် ဘေးကင်းလုံခြုံခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်ရထိုက်သလောဆိုသည်ကို ဖြောင့်မှန်စွာစီရင်ဆုံးဖြတ်ပါ။ သို့သော် ရိုင်းစိုင်းသည့်ရန်သူများကိုပင် စီရင်ရန်မသင့်လျော်သော ဤအမိန့်ဥပဒေအသစ်ကို အရှင်ပြဋ္ဌာန်းခြင်း မဟုတ်ပါစေနှင့်။ အကျွန်ုပ်တို့ ခံနေရသော တရားမဲ့နှိပ်စက်ညှဉ်းဆဲခြင်းကို လျစ်လျူမရှုရန် အနူးအညွတ်တောင်းပန်ပါသည်။”
ခရစ်ယာန်ဘာသာကိုသမ္မာကျမ်းစာဖြင့် ခုခံကာကွယ်ခြင်း
မယ်လတိုသည် သမ္မာကျမ်းစာလေ့လာရာတွင် အလွန်စိတ်ဝင်စားခဲ့သည်။ ကျွန်ုပ်တို့တွင် သူရေးသားခဲ့သောစာပေများ၏စာရင်း အပြည့်အစုံမရှိသော်လည်း အချို့ခေါင်းစဉ်များက ကျမ်းစာဆိုင်ရာအကြောင်းအရာများကို သူစိတ်ဝင်စားကြောင်း ဖော်ပြနေသည်။ သူ၏စာပေအချို့မှာ ခရစ်ယာန်အသက်တာနှင့် ပရောဖက်များအကြောင်း၊ ယုံကြည်ခြင်းရှိသူအကြောင်း၊ ဖန်ဆင်းခြင်းအကြောင်း၊ နှစ်ခြင်း၊ အမှန်တရား၊ ယုံကြည်ခြင်းနှင့် ခရစ်တော်ဖွားမြင်ခြင်းအကြောင်း၊ ဧည့်ဝတ်ကျေပွန်ခြင်းအကြောင်း၊ သော့ချက်အကြောင်း၊ နတ်ဆိုးနှင့် ယောဟန်၏အပေါကလစ်အကြောင်းတို့ဖြစ်ကြသည်။
မယ်လတိုသည် ဟေဗြဲကျမ်းစောင်အရေအတွက် တိကျမှန်ကန်မှုကို သုသေတနပြုရန် ကျမ်းစာနယ်မြေများသို့ ကိုယ်တိုင်သွားရောက်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ သူဤသို့ရေးခဲ့သည်– “အရှေ့ပိုင်းကို သွားပြီး သမ္မာကျမ်းစာပါ အကြောင်းအရာတွေ ဟောပြော၊ ဖြစ်ပျက်ခဲ့တဲ့နေရာတွေကို ရောက်ခဲ့တယ်။ ဓမ္မဟောင်းကျမ်းစောင်တွေကို သေချာလေ့လာ၊ မှတ်တမ်းပြုစုပြီးတော့ မင်းဆီ ပို့လိုက်ပါတယ်။” မယ်လတို၏ကျမ်းစာရင်းတွင် နေဟမိနှင့် ဧသတာကျမ်းတို့ မပါဝင်ချေ။ သို့တိုင် ယင်းကျမ်းစာရင်းသည် ခရစ်ယာန်အမည်ခံသူများ ရေးသားခဲ့သော ဟေဗြဲကျမ်းရင်းဝင်ကျမ်းစောင်များ၏ ရှေးအကျဆုံးစာရင်းဖြစ်သည်။
ယင်းသို့သုတေသနပြုစဉ် မယ်လတိုသည် ဟေဗြဲကျမ်းစောင်မှ ယေရှုနှင့်ပတ်သက်သော ပရောဖက်ပြုချက်များပါသည့် အခန်းငယ်များကို ကောက်နုတ်ပြုစုခဲ့သည်။ ကောက်နုတ်ချက်ဟုခေါင်းစဉ်ပေးထားသော မယ်လတို၏စာအုပ်တွင် ယေရှုသည် ကြာမြင့်စွာကပင် စောင့်မျှော်ခဲ့ရသော မေရှိယဖြစ်ကြောင်း၊ မောရှေပညတ်နှင့် ပရောဖက်များကလည်း ခရစ်တော်ကိုညွှန်ပြခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရွေးနုတ်ဖိုး၏တန်ဖိုးကို ခုခံကာကွယ်ခြင်း
အာရှမိုင်းနားရှိ အရေးပါသောမြို့များတွင် ဂျူးရပ်ကွက်ကြီး ရှိသည်။ မယ်လတိုနေထိုင်သော သာဒိမြို့ရှိ ဂျူးများသည် နိသန်လ ၁၄ ရက်တွင် ဟေဗြဲပသခါပွဲကို ကျင်းပကြသည်။ မယ်လတိုသည် ပသခါဟူသောခေါင်းစဉ်ဖြင့် ဆုံးမနှိုးဆော်စာ ရေးသားခဲ့သည်၊ ယင်းတွင် ပညတ်တရားအောက် ပသခါပွဲကျင်းပခြင်းသည် မှန်ကန်ကြောင်း ဖော်ပြပြီး နိသန် ၁၄ ရက်တွင် ခရစ်ယာန်များ သခင့်ညစာစားပွဲကျင်းပခြင်းကို ထောက်ခံထားသည်။
မယ်လတိုသည် ထွက်မြောက်ရာ အခန်းကြီး ၁၂ ကိုအဓိပ္ပာယ်ဖွင့်ဆိုကာ ပသခါပွဲသည် ခရစ်တော်၏ပူဇော်ရာယဇ်ကို ပုံဆောင်ကြောင်း ဖော်ပြပြီးနောက် ခရစ်ယာန်များသည် အဘယ်ကြောင့် ပသခါပွဲကျင်းပရန် မလိုကြောင်း ရှင်းပြခဲ့သည်။ ယင်းကြောင့်ပင် ဘုရားသခင်သည် မောရှေပညတ်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အဘယ်ကြောင့် ခရစ်တော်၏ပူဇော်ရာယဇ်လိုအပ်ကြောင်း ဖော်ပြခဲ့သည်– ဘုရားသခင်သည် အာဒံ ပျော်ရွှင်စွာနေထိုင်နိုင်ရန် ဧဒင်ဥယျဉ်တွင် နေရာချပေးခဲ့သည်။ သို့ရာတွင် ပထမဆုံးလူသားသည် ကောင်းမကောင်းသိကျွမ်းရာအပင်၏ အသီးကိုမစားနှင့်ဟူသော ဘုရားသခင်၏ပညတ်ကို မနာခံခဲ့ပေ။ ထို့ကြောင့် ရွေးနုတ်ဖိုးလိုအပ်ရခြင်းဖြစ်သည်။
ယေရှုသည် ကမ္ဘာပေါ်သို့စေလွှတ်ခြင်းခံရပြီး ယုံကြည်သူလူသားများကို အပြစ်နှင့်သေခြင်းမှရွေးနုတ်ရန် သစ်တိုင်ပေါ်အသေခံခဲ့ကြောင်း သူ ထပ်လောင်းရှင်းပြသည်။ စိတ်ဝင်စားစရာမှာ မယ်လတိုသည် သစ်တိုင်ပေါ်တွင် ယေရှုသေဆုံးခြင်းအကြောင်း ရေးသားရာတွင် “သစ်” ဟုအဓိပ္ပာယ်ရှိသော ဂရိစကားလုံး ဇိုင်လွန်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။—တမန်တော် ၅:၃၀; ၁၀:၃၉; ၁၃:၂၉။
အာရှမိုင်းနားတစ်ခွင်လောက်သာ မယ်လတိုကို လူသိများသည်မဟုတ်ချေ။ တာတူလျန်၊ အလက်ဇန္ဒြီးယားမြို့မှ ကလီးမင့်၊ ဩရီဂျင်တို့လည်း သူ၏စာပေများကို ကောင်းစွာသိကြသည်။ သို့သော် သမိုင်းပညာရှင် ရန်ယာရို ကန်တာလာမက်ဆာက ဤသို့ဆိုခဲ့သည်– “မယ်လတို၏စာပေများ တဖြည်းဖြည်းပျောက်ကွယ်သွားစေသော သူ၏ကျဆုံးခြင်းသည် တနင်္ဂနွေနေ့တွင် ပသခါပွဲကျင်းပသည့်ဓလေ့ထုံးစံ အနိုင်ရပြီးနောက် ကွာတိုဒက်စမန်စ်များအား စ၍အယူမှားသူများဟုသတ်မှတ်ချိန်တွင် အစပြုခဲ့သည်။” နောက်ဆုံး မယ်လတို၏စာပေ လုံးဝနီးပါးပျောက်ကွယ်သွားခဲ့သည်။
အယူဖောက်ပြန်ခြင်း၏သားကောင် ဖြစ်ခဲ့သလော
တမန်တော်များကွယ်လွန်ပြီးနောက် ကြိုဟောထားသည့် အယူဖောက်ပြန်ခြင်းသည် စစ်မှန်သောခရစ်ယာန်ဘာသာအတွင်းသို့ စိမ့်ဝင်လာသည်။ (တမန်တော် ၂၀:၂၉၊ ၃၀) မယ်လတိုသည် ယင်း၏သားကောင်ဖြစ်ခဲ့သည်မှာ ရှင်းနေပါသည်။ သူ့စာပေများ၏ ရှုပ်ထွေးလှသောရေးသားပုံက ဂရိအတွေးအခေါ်နှင့် ရောမခေတ်စာပေအရေးအသားများ ထင်ဟပ်နေပုံရသည်။ ယင်းကြောင့် မယ်လတိုသည် ခရစ်ယာန်ဘာသာကို “ကျွန်ုပ်တို့၏အတွေးအခေါ်” ဟုခေါ်ဆိုခြင်းဖြစ်သည်။ သူသည် အမည်ခံခရစ်ယာန်ဘာသာနှင့် ရောမအင်ပါယာတို့ပေါင်းစည်းခြင်းကို “အောင်မြင်ခြင်း၏မှတ်တိုင်” အဖြစ်ယူဆခဲ့သည်။
မယ်လတိုသည် တမန်တော်ပေါလု၏ ဤဆုံးမစကားကို လုံးဝမလိုက်နာခဲ့ပေ– “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကတရားနုကိုလိုက်၍ လောကပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။” ထို့ကြောင့် မယ်လတိုသည် ကျမ်းစာအမှန်တရားကို အတိုင်းအတာတစ်ခုအထိ ခုခံကာကွယ်ခဲ့သော်လည်း ကဏ္ဍအတော်များများတွင် ယင်းအတိုင်း မလိုက်နာခဲ့ပေ။—ကောလောသဲ ၂:၈။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေရှုသည် နိသန်လ ၁၄ ရက်တွင် သခင့်ညစာစားပွဲကို အစပြုကျင်းပခဲ့