ကလေးတစ်ဦး၏ နှလုံးကို ထိမိခြင်း
ကလေးတစ်ဦး၏ နှလုံးကို ထိမိခြင်း
စစ်တိုက်တမ်းကစားနေသော ကလေးတစ်ဦးကိုကြည့်ပြီး သင် စိတ်မကောင်းဖြစ်ဖူးသလော။ ဖျော်ဖြေရေးလောကတွင် အကြမ်းဖက်မှုစိမ့်ဝင်ပျံ့နှံ့နေသောကြောင့် ကလေးငယ်များကြားတွင်ပင် ထိုသို့သောမြင်ကွင်းများသည် မဆန်းတော့ပေ။ စစ်လက်နက်ကစားစရာများအစား အေးအေးဆေးဆေးရှိသည့် ကစားနည်းများကို ကလေးတစ်ဦး စိတ်ဝင်စားလာအောင် သင်မည်သို့ကူညီပေးမည်နည်း။ အာဖရိကရှိ ယေဟောဝါသက်သေများ၏ သက်တမ်းကြာ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်သူ ဗောလ်တရော့တ်သည် ကလေးတစ်ဦးကို ထိုသို့ကူညီပေးရန် နည်းလမ်းရှာတွေ့ ခဲ့သည်။
ဗောလ်တရော့တ် နေထိုင်သည့်နိုင်ငံတွင် စစ်ဖြစ်နေခြင်းကြောင့် အာဖရိကရှိ အခြားနိုင်ငံသို့ သူပြောင်းရွှေ့ ခဲ့သည်။ ထိုတွင် သူသည် ငါးနှစ်အရွယ်သားငယ်ရှိသည့် မိခင်နှင့် ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ မိခင်ထံ သူလည်ပတ်တိုင်း ကလေးသည် သူ၏တစ်ခုတည်းသော ပလပ်စတစ်သေနတ်ငယ်နှင့် ကစားနေတတ်သည်။ ပစ်မှတ်တစ်ခုခုဆီ ချိန်ရွယ်သည်ကို ဗောလ်တရော့တ် တစ်ခါမှမတွေ့သော်လည်း သေနတ်ထဲ ကျည်ထည့်သယောင် ဖွင့်လိုက်ပိတ်လိုက်နှင့် အလုပ်များနေတတ်သည်။
ဗောလ်တရော့တ်က သူ့အားဤသို့ပြော၏– “ဗာနာ၊ သားတို့နိုင်ငံမှာ အန်တီ ဘာကြောင့်လာနေရသလဲသိလား။ စစ်ကြောင့်ပဲ။ ကြောက်စရာကောင်းတဲ့လူတွေက ဒီလိုသေနတ်တွေကိုင်ပြီး လူတွေကိုပစ်ခတ်ကြလို့ အန်တီထွက်ပြေးလာရတာ။ အဲဒီလို ပစ်ခတ်တာ ကောင်းတယ်လို့ သားထင်လား။”
ဗာနာက “မကောင်းဘူး” ဟု ဝမ်းနည်းသည့်ပုံနှင့်ပြန်ဖြေသည်။
“သားပြောတာအမှန်ပဲ” ဟု ဗောလ်တရော့တ်က ပြောလိုက်ပြီး ဤသို့ဆက်ပြော၏– “သားတို့ဆီကို အပတ်တိုင်း အန်တီ ဘာကြောင့်လာလည်သလဲဆိုတာ သိလား။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါသက်သေတွေက တခြားသူတွေကို ဘုရားသခင်နဲ့ရော အိမ်နီးချင်းတွေနဲ့ပါ ချစ်ချစ်ခင်ခင်ရှိအောင် ကူညီပေးချင်လို့ပဲ။” ဗာနာ၏မိခင်ထံမှ ခွင့်တောင်းပြီး သူဤသို့ဆက်ပြော၏– “သားရဲ့သေနတ် အန်တီကိုပေးမယ်ဆိုရင် အဝေးကြီးကို လွှင့်ပစ်လိုက်မယ်။ ပြီးရင် သားကိုအန်တီက လေးဘီးထရပ်ကားအရုပ်ပေးမယ်လို့ ကတိပေးတယ်။”
ဗာနာက သူ့အရုပ်သေနတ်ကို ပေးလိုက်၏။ လေးပတ်ကြာ စောင့်လိုက်ရပြီးနောက် သူ၏သစ်သားထရပ်ကားအရုပ် အသစ်လေးကို ရရှိသောအခါ ဝမ်းသာအားရယူလိုက်လေသည်။
စစ်လက်နက်များနှင့်ပုံစံတူ ကစားစရာများကို သင့်ကလေးများ လွှင့်ပစ်လိုစိတ်ပေါ်သည်အထိ သူတို့နှလုံးကိုထိမိအောင် အချိန်ယူစကားပြောပါသလော။ သို့ဆိုလျှင် သူတို့တစ်သက်တာလုံးအတွက် အကျိုးပြုမည့်သင်ခန်းစာတစ်ခုကို သင်ပေးနေခြင်း ဖြစ်ပါလိမ့်မည်။