မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်ဘုရင်၏အမှုတော်ကို သစ္စာရှိစွာထမ်းဆောင်ခြင်း

ခရစ်တော်ဘုရင်၏အမှုတော်ကို သစ္စာရှိစွာထမ်းဆောင်ခြင်း

ခရစ်တော်​ဘုရင်​၏​အမှုတော်ကို သစ္စာရှိ​စွာ​ထမ်းဆောင်ခြင်း

“အရပ်ရပ်​တို့​၌​နေ၍ အသီးသီးအခြားခြား​သော ဘာသာ​စကား​ကို​ပြော​သော လူမျိုးတကာ​တို့ကို အုပ်စိုး​စေခြင်း​ငှာ ထို​သူသည် နိုင်ငံ​နှင့်​တကွ အာဏာစက်​တန်ခိုး​ကို​ရ၏။”—ဒံယေလ ၇:၁၄

၁၊ ၂။ ခရစ်တော်​သည် အေဒီ ၃၃ တွင် ဘုရားသခင့်​နိုင်ငံတော်​တန်ခိုး​အာဏာကို အပြည့်အဝ​မရသေး​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရှိ​ကြ​သနည်း။

အဘယ်​အုပ်စိုးရှင်​သည် မိမိ​လက်အောက်ခံ​ပြည်သား​များ​အတွက် အသက်​စွန့်ပြီး တစ်ဖန်​ပြန်​အသက်ရှင်​ကာ ဘုရင်​အဖြစ် အုပ်စိုး​နိုင်​မည်​နည်း။ အဘယ်​ရှင်ဘုရင်​သည် မြေကြီးပေါ်​တွင်​နေ၍ လက်အောက်ခံ​ပြည်သား​များ မိမိကို ယုံကြည်​ကိုးစား​ကာ သစ္စာစောင့်သိ​စေရန် လုပ်ဆောင်​ပြီး​နောက် ကောင်းကင်​မှ အုပ်စိုး​နိုင်​မည်​နည်း။ ဤ​အရာ​နှင့် အခြားသော​အရာများ​ကို တတ်စွမ်း​နိုင်​သည့် တစ်ပါး​တည်း​သော​ပုဂ္ဂိုလ်​မှာ ယေရှု​ခရစ်​ပင်​ဖြစ်သည်။ (လုကာ ၁:၃၂၊ ၃၃) ခရစ်တော်​သေဆုံး​၍ ရှင်ပြန်ထမြောက်​ပြီး ကောင်းကင်​သို့​တက်​သွား​သည့်​နောက် အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ဘုရားသခင်​သည် “အသင်းတော်​အဖို့​အလို​ငှာ သူ့ကို အလုံးစုံ​တို့၏​အချုပ်အခြာ ဦးခေါင်း​ဖြစ်စေ​တော်​မူ​၏။” (ဧဖက် ၁:၂၀-၂၂; တမန်​တော် ၂:၃၂-၃၆) ဤနည်းဖြင့် ခရစ်တော်​သည် အကန့်အသတ်​နှင့် စတင်​အုပ်စိုး​နေပြီ​ဖြစ်သည်။ ကိုယ်တော်​၏ ဦးဆုံး​လက်အောက်ခံ​ပြည်သား​တို့မှာ “ဘုရားသခင်​၏​ဣသရေလ​အမျိုး” ဖြစ်သော ဝိညာဉ်​ရေး​ဣသရေလ​ဖြင့် ဖွဲ့စည်းထား​သည့် ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​ဖြစ်​ကြသည်။—ဂလာတိ ၆:၁၆; ကောလောသဲ ၁:၁၃

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ​ပြီး​နောက် အနှစ် ၃၀ နီးပါး​ကြာသော် တမန်​တော်​ပေါလု​က ခရစ်တော်​သည် ဘုရားသခင့်​နိုင်ငံတော်​တန်ခိုး​ကို အပြည့်အဝ​မရသေး​သော်လည်း ‘ဘုရားသခင်​၏​လက်ယာတော်​ဘက်၌ ထိုင်၍ မိမိ​ရန်သူ​တို့ကို မိမိ​ခြေတင်ရာ​မချ​မထား​မီ​တိုင်အောင် မျှော်လင့်​လျက်​နေ​တော်​မူ’ ကြောင်း ထောက်ခံ​ခဲ့​သည်။ (ဟေဗြဲ ၁၀:၁၂၊ ၁၃) ထို့နောက် အေဒီ ပထမ​ရာစု​အဆုံးတိုင်​လေ​သော် စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​သည် ခရစ်တော်​ယေရှု​အား တည်ထောင်​ခါ​စ ကောင်းကင်​နိုင်ငံတော်​၏ ရှင်ဘုရင်​အဖြစ် တင်မြှောက်​သည့် စိတ်အာရုံ​တစ်ခု​ကို သက်ကြီးရွယ်အို တမန်​တော်​ယောဟန် ကြိုမြင်​ခဲ့​သည်။ (ဗျာ. ၁၁:၁၅; ၁၂:၁-၅) ကျွန်ုပ်​တို့​ခေတ်​အမြင်​မှ​ကြည့်​လျှင် ခရစ်တော်​သည် ၁၉၁၄ ခုနှစ် *တွင် ကောင်းကင်​၌ မေရှိယ​ဘုရင်​အဖြစ် စတင်​အုပ်စိုး​ခဲ့​ကြောင်း ထောက်ခံ​သည့် မငြင်း​နိုင်သော သက်သေ​အထောက်အထားကို ပြန်​သုံးသပ်​နိုင်​ကြသည်။

၃။ (က) ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းသည် ၁၉၁၄ ခုနှစ်​ကတည်းက အဘယ်​သို့​သော​ကဏ္ဍသစ်​တစ်ခု ဖြစ်​ခဲ့ပြီ​နည်း။ (ခ) ကိုယ့်​ကိုယ်ကို အဘယ်​မေးခွန်းများ မေး​နိုင်​ကြ​သနည်း။

မှန်ပါသည်၊ ၁၉၁၄ ခုနှစ်​ကတည်းက ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းသည် စိတ်​လှုပ်ရှား​စ​ရာ​ကဏ္ဍသစ်​တစ်ခု ဖြစ်​ခဲ့ပြီ။ ခရစ်တော်​သည် ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​၏ ရှင်ဘုရင်​အဖြစ် “[မိမိ] ရန်သူ​တို့၏​အလယ်​၌” တက်ကြွ​စွာ အုပ်စိုး​လျက်​ရှိသည်။ (ဆာလံ ၁၁၀:၁၊ ၂; မဿဲ ၂၄:၁၄; ဗျာ. ၁၂:၇-၁၂) ထို့​ပြင် ကိုယ်တော်​၏ သစ္စာရှိ​လက်အောက်ခံ​ပြည်သား​များသည် လူ့​သမိုင်း​၌ ပြိုင်ဘက်​ကင်း​သည့် ကမ္ဘာချီ​ကျမ်းစာ​ပညာပေး​အစီအစဉ်​တွင် ပါဝင်​လုပ်ဆောင်ခြင်းဖြင့် ကိုယ်တော်​၏​အခွင့်အာဏာကို ထက်သန်​စွာ ထောက်ခံ​နေကြ​သည်။ (ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၂၈:၁၈) ဘုရားသခင့် “နိုင်ငံတော်သား​များ” ဖြစ်​ကြသော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တို့သည် ‘ခရစ်တော်​၏​သံအမတ်’ များ​အဖြစ် အမှုဆောင်​ကြသည်။ သူတို့ကို ဘုရားသခင့်​နိုင်ငံတော်​၏ သံတမန်များ​အဖြစ် အမှုဆောင်​ကြ​သည့် တိုးပွား​နေသော ခရစ်တော်​၏ “အခြားသိုး” က သစ္စာရှိ​ရှိ ထောက်​မပေး​ကြသည်။ (မဿဲ ၁၃:၃၈; ၂ ကောရိန္သု ၅:၂၀; ယောဟန် ၁၀:၁၆) သို့​တိုင် ကျွန်ုပ်​တို့​တစ်ဦးစီ​အနေ​နှင့် ခရစ်တော်​၏​အခွင့်အာဏာကို အမှန်တကယ် အသိအမှတ်ပြု​မပြု ဆန်းစစ်​ဖို့​လိုအပ်​သည်။ ကိုယ်တော်​ကို ကျွန်ုပ်​တို့ စွဲစွဲမြဲမြဲ သစ္စာရှိ​ကြ​သလော။ ကောင်းကင်​မှ​အုပ်စိုး​သည့် ရှင်ဘုရင်​တစ်ပါး​ကို ကျွန်ုပ်​တို့​သစ္စာ​စောင့်သိကြောင်း မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။ ခရစ်တော်​အပေါ် ကျွန်ုပ်​တို့​သစ္စာစောင့်သိ​ရသည့် အကြောင်းရင်း​များ​ကို ဦးစွာ​သုံးသပ်ကြည့်​ကြပါစို့။

သစ္စာစောင့်သိ​ရန် လှုံ့ဆော်ပေး​သည့် ရှင်ဘုရင်​တစ်ပါး

၄။ ယေရှုသည် မြေကြီးပေါ် ဓမ္မ​အမှုဆောင်​စဉ် မင်းလောင်း​တစ်ပါး​အနေ​ဖြင့် အဘယ်အရာ​လုပ်ဆောင်ခဲ့​သနည်း။

ကျွန်ုပ်​တို့သည် ခရစ်တော်​လုပ်ဆောင်ခဲ့​ရာ​ကို​သာမက ကိုယ်တော်​၏​ထင်ရှားသော​အရည်အသွေးများ​ကို ကျေးဇူး​တင်​လေးမြတ်၍ ကိုယ်တော့်​အပေါ် သစ္စာစောင့်သိ​ကြသည်။ (၁ ပေတရု ၁:၈) မြေကြီးပေါ်​ရှိ​စဉ် မင်းလောင်း​ယေရှုသည် ဘုရားသခင်​သတ်မှတ်​ထားချိန်​တွင် ကမ္ဘာ​တစ်ဝန်းလုံး​ကို အုပ်စိုး​သည့်​အခါ လုပ်ဆောင်ပေး​မည့်​အရာ​ကို အနည်း​အကျဉ်း ပြသ​သွားခဲ့သည်။ ဆာငတ်​နေသူတို့​ကို ကိုယ်တော်​ကျွေးမွေး​ခဲ့​၏။ ဖျားနာသူ၊ မျက်စိ​မမြင်​သူ၊ ကိုယ်​အင်္ဂါ​ချို့တဲ့​သူ၊ နား​မကြား​သူနှင့် ဆွံ့အ​နေသူတို့​ကို ကိုယ်တော်​ကုသ​ပေး​ခဲ့​၏။ လူသေ​အချို့​ကို​ပင် အသက်ပြန်ရှင်​စေ​ခဲ့​သည်။ (မဿဲ ၁၅:၃၀၊ ၃၁; လုကာ ၇:၁၁-၁၆; ယောဟန် ၆:၅-၁၃) ယေရှု၏​မြေကြီး​အသက်တာ​အကြောင်း ကောင်းစွာ​သိထား​မည်​ဆိုလျှင် မြေကြီး​၏​အနာဂတ်​အုပ်စိုးရှင်​အဖြစ် ကိုယ်တော်​၏​အရည်အသွေးများ​ကို ကျွန်ုပ်​တို့​သိကျွမ်း​လာ​မည်။ ယင်း​တို့​အထဲ​တွင် ကိုယ်ကျိုး​စွန့်​မေတ္တာသည် အထင်ရှားဆုံး​ဖြစ်သည်။ (မာကု ၁:၄၀-၄၅) ယင်း​နှင့်​ဆက်စပ်​၍ န​ပို​လီယံ ဘို​နာ​ပတ်​က ဤသို့​ဆို​ခဲ့​၏– “အလက်ဇန္ဒြား၊ ဆီဇာ၊ ရှားလမိန်း​နှင့် ကျွန်ုပ်​ကိုယ်တိုင်​သည် အင်ပါယာ​များ တည်ထောင်​ခဲ့​ကြသည်။ သို့သော် မည်သည့်​အရာ​အပေါ်​အခြေပြု​၍ ကျွန်ုပ်​တို့​အောင်မြင်​ခဲ့​ကြ​သနည်း။ ဩဇာ​အာဏာ​အပေါ်​ဖြစ်၏။ ယေရှု​ခရစ်​တစ်ပါး​တည်း​သာ မေတ္တာကို​အခြေခံ​၍ သူ၏​နိုင်ငံတော်​ကို တည်ထောင်​ခဲ့​ပြီး ယနေ့​တွင် လူ​သန်းပေါင်း​များစွာ​သည် ကိုယ်တော်​အတွက် အသက်ပေး​လို​ကြသည်။”

၅။ ယေရှု၏​ကိုယ်​ရည်​ကိုယ်​သွေးသည် အဘယ်ကြောင့် အလွန်​ဆွဲဆောင်မှု​ဖြစ်​ခဲ့​သနည်း။

ယေရှုသည် နူးညံ့​သိမ်မွေ့ ပြီး စိတ်​နှိမ့်ချ​သူ​ဖြစ်​ရာ ဝန်လေး၍ စိတ်​ပင်ပန်း​နေသူတို့​သည် ကိုယ်တော်​၏ တည်ဆောက်မှု​ဖြစ်စေ​သော သွန်သင်ချက်​များနှင့် ကြင်နာ​တတ်​သည့် ကိုယ်​ရည်​ကိုယ်​သွေးကြောင့် လန်းဆန်းမှု​ရခဲ့​ကြသည်။ (မဿဲ ၁၁:၂၈-၃၀) ကလေး​သူငယ်​များ​ပင် ကိုယ်တော်​နှင့်အတူ​နေရ​သည်ကို သက်သောင့်သက်သာ​ရှိသည်။ စိတ်​နှိမ့်ချ၍ အမြော်အမြင်​ရှိသူတို့​သည် ကိုယ်တော်​၏​တပည့်​များ ဖြစ်လာ​ကြသည်။ (မဿဲ ၄:၁၈-၂၂; မာကု ၁၀:၁၃-၁၆) ကိုယ်တော်​သည် ထောက်ထား​စာနာ​ပြီး တလေးတစား​ဆက်ဆံ​တတ်​သဖြင့် ဘုရားသခင်​အား​ကြောက်ရွံ့​သော အမျိုးသမီးများ​ပင် ကိုယ်တော်​အပေါ် သစ္စာ​စောင့်သိ​ခဲ့​ကြသည်။ အမျိုးသမီး​တချို့​မှာ​မူ ကိုယ်တော်​အမှုဆောင်​စဉ် ကိုယ်တော်​အား​ကျွေးမွေး​ပြုစု​ရန် မိမိတို့၏​အချိန်၊ ခွန်အား​နှင့် ရုပ်​စ္စည်း​များ ပေးဆက်​ခဲ့​ကြသည်။—လုကာ ၈:၁-၃

၆။ လာဇရု​သေဆုံး​သွားသော​အခါ စာနာ​သနားစိတ်​ကို ယေရှု​မည်သို့​ပြသ​ခဲ့​သနည်း။

ခရစ်တော်​သည် အချစ်ဆုံး​မိတ်ဆွေ​လာဇရု သေဆုံး​သွားသော​အခါ စာနာ​သနားစိတ်​ပြ​ခဲ့​သည်။ မာရိနှင့်​မာသ​တို့ ဝမ်းနည်းပူဆွေး​နေသော​ကြောင့် ကိုယ်တော်​အလွန်​စိတ်ထိခိုက်​သွားပြီး ဝမ်းနည်းပူဆွေးမှု​ကို မထိန်းနိုင်​ဘဲ “မျက်ရည်ကျ​တော်​မူ​၏။” ကိုယ်တော်​သည် မကြာမီ လာဇရု​အား အသက်ပြန်ရှင်​စေမည်​ကို သိထား​သည့်​တိုင် ဝမ်းနည်း​ကြေကွဲမှု​ကြောင့် “စိတ်ပူ​ပန်​ခြင်း​ရှိ” ၏။ ထို့နောက် မေတ္တာ​နှင့် သနား​ကြင်နာ​မှု​တို့၏ လှုံ့ဆော်မှု​ကြောင့် ယေရှုသည် ဘုရားသခင်​ပေး​ထားသော အခွင့်အာဏာကို​အသုံးပြု၍ လာဇရု​အား သေခြင်း​မှ အသက်ပြန်ရှင်​စေ​ခဲ့​သည်။—ယောဟန် ၁၁:၁၁-၁၅၊ ၃၃-၃၅၊ ၃၈-၄၄

၇။ ကျွန်ုပ်​တို့၏​သစ္စာစောင့်သိမှုကို ယေရှု​အဘယ်ကြောင့် ရထိုက်​သနည်း။ (စာမျက်နှာ ၃၁ ရှိ လေးထောင့်ကွက်​ကိုလည်း​ရှု။)

ယေရှုသည် မှန်ကန်​ရာ​ကို ချစ်​မြတ်နိုး​ပြီး အရေခြုံမှု​နှင့် ဆိုးယုတ်မှု​ကို ရွံမုန်း​သောကြောင့် ကျွန်ုပ်​တို့​ကြည်ညို​လေးစား​ကြ​ရသည်။ ကိုယ်တော်​သည် လို​ဘ​ကြီး​သည့် ကုန်သည်​များ​ကို ဝတ်ပြုရာ​အိမ်တော်​မှ နှစ်ကြိမ်​တိုင်တိုင် သတ္တိ​ရှိရှိ​မောင်းထုတ်​ခဲ့​သည်။ (မဿဲ ၂၁:၁၂၊ ၁၃; ယောဟန် ၂:၁၄-၁၇) ထို့​ပြင် ကိုယ်တော်​သည် လူသား​တစ်ဦး​အနေ​နှင့် မြေကြီးပေါ်​ရှိ​စဉ် ဆင်းရဲခြင်း​မျိုးစုံ ကြုံတွေ့ခဲ့​ရ​ရာ ကျွန်ုပ်​တို့​ရင်ဆိုင်​နေရ​သည့် ပြဿနာ​များနှင့် စိတ်ဖိစီးမှု​များ​ကို ကိုယ်ချင်းစာ​ပေး​တတ်​သည်။ (ဟေဗြဲ ၅:၇-၉) မုန်းတီးမှု​နှင့် မတရားမှု​တို့​ကြောင့် ဆိုးရွား​စွာ​ထိခိုက်​ခံ​နေရသူ​တို့၏ ခံစားချက်​ကိုလည်း ကိုယ်တော်​နားလည်ခဲ့​၏။ (ယောဟန် ၅:၁၅-၁၈; ၁၁:၅၃၊ ၅၄; ၁၈:၃၈–၁၉:၁၆) ခမည်းတော်​၏​အလိုတော်ကို ပြီးမြောက်​စေရန်​နှင့် မိမိ၏​လက်အောက်ခံ​များ ထာဝရ​အသက်​ရ​ရန် ရက်စက်​စွာ သတ်ပစ်​ခြင်း​ကို သတ္တိရှိရှိ ခံရပ်​ခဲ့​သည်။ (ယောဟန် ၃:၁၆) ခရစ်တော်​၏ ဤ​အရည်အသွေးများ​က သင့်​အား ကိုယ်တော်​၏​အမှုတော်ကို သစ္စာရှိ​ရှိ​ထမ်းဆောင်​ဖို့ လှုံ့ဆော်ပေး​သည်မဟုတ်​လော။ (ဟေဗြဲ ၁၃:၈; ဗျာ. ၅:၆-၁၀) သို့သော် ခရစ်တော်​ဘုရင်​၏ လက်အောက်ခံ​များ​ဖြစ်​ဖို့ အဘယ်အရာ​လို​သေး​သနည်း။

လက်အောက်ခံ​တစ်ဦး​ဖြစ်​ရန် အရည်အချင်း​ပြည့်မီခြင်း

၈။ ခရစ်တော်​၏ လက်အောက်ခံ​များ​အား အဘယ်အရာ​တောင်းဆို​ထား​သနည်း။

ဤ​နှိုင်းယှဉ်​ချက်​ကို စဉ်းစား​ကြည့်​ပါ။ နိုင်ငံ​တစ်နိုင်ငံ​၏ နိုင်ငံသား​တစ်ဦး​ဖြစ်​ရန် အခြေခံ​သတ်မှတ်ချက်​တချို့​ကို ပြည့်မီ​ဖို့​လိုအပ်​သည်။ နိုင်ငံသား​ဖြစ်လာ​မည့်​သူတို့သည် အမူအကျင့်​ကောင်းပြီး သတ်မှတ်​ထားသော ကျန်းမာ​ရေး​စံချိန်​စံညွှန်း​ကို ပြည့်မီ​ဖို့​လို​ပေမည်။ အလားတူ၊ ခရစ်တော်​၏ လက်အောက်ခံ​များသည် မြင့်မားသော​ကျင့်ဝတ်​စံနှုန်း​များ စောင့်ထိန်း​ပြီး ဝိညာဉ်​ရေး​ကျန်း​ခံ့​ရန်လို​သည်။—၁ ကောရိန္သု ၆:၉-၁၁; ဂလာတိ ၅:၁၉-၂၃

၉။ ခရစ်တော်​အား ကျွန်ုပ်​တို့​သစ္စာ​စောင့်သိကြောင်း မည်သို့​ပြသ​နိုင်​ကြ​သနည်း။

ယေရှု​ခရစ်​သည် မိမိ၏​လက်အောက်ခံ​များ​အား ကိုယ်တော်​နှင့် ကိုယ်တော့်​နိုင်ငံတော်​ကို သစ္စာစောင့်သိ​ရန်​လည်း တော်မှန်​စွာ​တောင်းဆို​တော်​မူ​၏။ မြေကြီးပေါ်​တွင် မင်းလောင်း​အဖြစ် ကိုယ်တော်​အသက်ရှင်ခဲ့​စဉ်​က သွန်သင်​ခဲ့​ရာ​တို့​နှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​အားဖြင့် သစ္စာ​စောင့်သိကြောင်း သူတို့​ပြသ​ကြသည်။ ဥပမာ၊ ထို​သူတို့သည် စည်းစိမ်ဥစ္စာ​ပိုင်ဆိုင်​ဖို့​ထက် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​နှင့် ကိုယ်တော့်​အလိုတော်ကို ရှေးဦး​ထား​ကြသည်။ (မဿဲ ၆:၃၁-၃၄) ထို့​ပြင် သူတို့သည် အခက်ခဲဆုံး​အခြေအနေ​များ ကြုံ​ရသည့်တိုင် ခရစ်တော်​၏​ကိုယ်​ရည်​ကိုယ်​သွေး​ကို ထက်သန်​စွာ ရောင်ပြန်ဟပ်​ကြသည်။ (၁ ပေတရု ၂:၂၁-၂၃) ခရစ်တော်​၏​လက်အောက်ခံ​များသည် ကိုယ်တိုင်​အစပြု​၍ အခြား​သူတို့ကို ကောင်းမှု​ပြုခြင်း​အားဖြင့် ကိုယ်တော်​၏​ပုံသက်သေ​ကို တုပ​ကြသည်။—မဿဲ ၇:၁၂; ယောဟန် ၁၃:၃-၁၇

၁၀။ (က) မိသားစုတွင်​နှင့် (ခ) အသင်းတော်တွင် ခရစ်တော်​အပေါ်​သစ္စာ​စောင့်သိကြောင်း မည်သို့​ပြသ​နိုင်​ကြ​သနည်း။

၁၀ ယေရှု၏​နောက်လိုက်​များသည် မိသားစုတွင် ကိုယ်တော်​၏​အရည်အသွေးများ​ကို တင်ပြခြင်း​ဖြင့်​လည်း ကိုယ်တော်​အား သစ္စာ​စောင့်သိကြောင်း​ပြ​ကြသည်။ ဥပမာ၊ လင်ယောက်ျား​များသည် မိမိတို့၏​ဇနီးသည်​နှင့် သားသမီး​များ​ကို ဆက်ဆံ​ရာ​တွင် ခရစ်တော်​ကို​တုပခြင်း​ဖြင့် မိမိတို့၏​ကောင်းကင်ဘုရင်​ကို သစ္စာ​စောင့်သိကြောင်း​ပြ​ကြသည်။ (ဧဖက် ၅:၂၅၊ ၂၈-၃၀; ၆:၄; ၁ ပေတရု ၃:၇) ဇနီးသည်​တို့သည် စင်ကြယ်သော​အကျင့်​နှင့် “နူးညံ့​ငြိမ်သက်ခြင်း​သဘော” တင်ပြခြင်း​အားဖြင့် ခရစ်တော်​ကို သစ္စာ​စောင့်သိကြောင်း​ပြ​ကြသည်။ (၁ ပေတရု ၃:၁-၄ ; ဧဖက် ၅:၂၂-၂၄) သားသမီး​များ​က​လည်း နာခံမှု​ဆိုင်ရာ ခရစ်တော်​၏​ပုံသက်သေ​ကို လိုက်လျှောက်ခြင်း​အားဖြင့် ကိုယ်တော့်​အပေါ် သစ္စာစောင့်သိ​ကြ​၏။ ကိုယ်တော်​၏​မိဘများသည် စုံလင်​သူများ​မဟုတ်​ကြသော်လည်း ယေရှု​ငယ်ရွယ်စဉ်​က သူတို့ကို လက်အောက်ခံ​ခဲ့​၏။ (လုကာ ၂:၅၁၊ ၅၂; ဧဖက် ၆:၁) ခရစ်တော်​၏​လက်အောက်ခံ​တို့သည် “စိတ်​ကြင်နာ​ခြင်း၊ ညီအစ်ကို​ချင်း​ကဲ့သို့​ချစ်ခြင်း၊ သနားစုံမက်​ခြင်း” တို့​ပြ​ခြင်း​ဖြင့် ကိုယ်တော့်​ကို သစ္စာရှိ​စွာ တုပ​ကြသည်။ သူတို့သည် ခရစ်တော်​နည်းတူ စိတ်​နှိမ့်ချ​ကာ ရန်​တုံ့​မ​မူ​ဖို့ ကြိုးစား​ကြသည်။—၁ ပေတရု ၃:၈၊ ၉; ၁ ကောရိန္သု ၁၁:၁

တရား​အတိုင်း လိုက်နာ​သည့် လက်အောက်ခံ​များ

၁၁။ ခရစ်တော်​၏​လက်အောက်ခံ​တို့သည် အဘယ်​ပညတ်​များ​ကို လိုက်နာ​ကြ​သနည်း။

၁၁ နိုင်ငံ​တစ်နိုင်ငံ​၏ နိုင်ငံသား​ဖြစ်​လို​သူတို့သည် ထို​နိုင်ငံ​၏​ဥပဒေ​များ​ကို လိုက်နာ​ရမည်​ဖြစ်​သကဲ့သို့ ခရစ်တော်​၏​လက်အောက်ခံ​များလည်း ယေရှု​မိန့်မှာ​ခဲ့​ရာ၊ သွန်သင်​ခဲ့​ရာ​မှန်သမျှ​နှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​ဖြင့် “ခရစ်တော်​၏​တရား” ကို လိုက်နာ​ကြသည်။ (ဂလာတိ ၆:၂) အထူးသဖြင့် သူတို့သည် မေတ္တာ​ဆိုင်ရာ “ရွှေ​ပညတ်” အတိုင်း သစ္စာရှိ​ရှိနေ​ထိုင်​ကြသည်။ (ယာကုပ် ၂:၈) ဤ​ပညတ်​များ​တွင် အဘယ်အရာ​ပါဝင်​သနည်း။

၁၂၊ ၁၃။ “ခရစ်တော်​၏​တရား” ကို ကျွန်ုပ်​တို့​မည်သို့ သစ္စာရှိ​စွာ​လိုက်နာ​ကြ​သနည်း။

၁၂ ခရစ်တော်​၏​လက်အောက်ခံ​တို့သည် မစုံလင်မှု​များ၊ ချို့တဲ့​အားနည်းချက်များ​နှင့် မကင်း​ကြ​ချေ။ (ရောမ ၃:၂၃) သို့​ဖြစ်၍ သူတို့သည် “ညီအစ်ကို​များ​ကို ချစ်​ယောင်​မ​ဆောင်” ဘဲ “အချင်းချင်း အား​ကြီးသော​ချစ်ခြင်း​မေတ္တာ​ရှိကြ” ရန် ယင်း​မေတ္တာကို ဆက်၍​ပျိုးထောင်​နေဖို့လို​သည်။ (၁ ပေတရု ၁:၂၂) “တစ်ယောက်​နှင့်​တစ်ယောက် အပြစ်တင်စရာ​အခွင့်​ရှိလျှင်” ခရစ်ယာန်​တို့သည် “အချင်းချင်း​သည်းခံ၍ အပြစ်ကို​လွှတ်​ကြ” ခြင်း​အားဖြင့် ခရစ်တော်​၏​တရားကို သစ္စာရှိ​စွာ ကျင့်သုံး​ကြသည်။ ဤ​ပညတ်​ကို လိုက်နာခြင်းက သူတို့အား မစုံလင်မှု​များ​ကို လျစ်လျူရှု​စေပြီး အချင်းချင်းချစ်​ကြ​ရန် အကြောင်း​များ​ရှာတွေ့​စေ​သည်။ “စုံလင်ခြင်း​အဖွဲ့အစည်း​တည်း​ဟူသော” ချစ်ခြင်း​မေတ္တာကို ယူတင်​ဝတ်ဆောင်​ကာ ကျွန်ုပ်​တို့၏ မေတ္တာ​ပြည့်ဝသော​ရှင်ဘုရင်​ကို သစ္စာရှိ​စွာ လက်အောက်ခံ​ကြ​သူတို့နှင့်​အတူ ရှိနေ​ရခြင်း​ကို သင်​လေးမြတ်​သည်မဟုတ်​လော။—ကောလောသဲ ၃:၁၃၊ ၁၄

၁၃ ထို့​ပြင် ပုံသက်သေ​အဖြစ်​ပြ​ခဲ့​သည့် မိမိ၏​မေတ္တာသည် လူသား​အချင်းချင်း တင်ပြ​ကြ​သည့် မေတ္တာ​ထက် ပို​၍​ကြီးမြတ်​ကြောင်း ယေရှု​ရှင်းပြ​ခဲ့​၏။ (ယောဟန် ၁၃:၃၄၊ ၃၅) ကျွန်ုပ်​တို့ကို​ချစ်သော​သူတို့အား​သာ ချစ်​တုံ့ပြန်​မည်​ဆိုလျှင် ကျွန်ုပ်​တို့ မည်သို့​မျှ “ထူးခြား” မည်​မဟုတ်​ချေ။ ဤ​တွင် ကျွန်ုပ်​တို့၏​မေတ္တာသည် မပြည့်စုံ၊ ချို့တဲ့​နေပါ​လိမ့်​မည်။ မိမိတို့​အား မုန်းတီး​၍ ညှဉ်းဆဲ​သူတို့ကို​ပင် မူ​အပေါ်​အခြေပြု​သော မေတ္တာပြ​ခြင်း​ဖြင့် ခမည်းတော်​၏​မေတ္တာတော်ကို တုပ​ကြ​ရန် ယေရှု​တိုက်တွန်း​ခဲ့​သည်။ (မဿဲ ၅:၄၆-၄၈) ဤ​မေတ္တာသည် ဘုရားသခင့်​နိုင်ငံတော်​ကို လက်အောက်ခံ​သူတို့အား ၎င်းတို့၏​အဓိက​လုပ်ငန်း​အပေါ် သစ္စာစောင့်​သိနေ​ရန်​လည်း လှုံ့ဆော်ပေး​၏။ ထို​လုပ်ငန်း​ကား အဘယ်နည်း။

သစ္စာစောင့်သိမှု စမ်းသပ်ခံ​ရ

၁၄။ ဟောပြောခြင်း​လုပ်ငန်း​သည် အဘယ်ကြောင့် အလွန်​အရေးကြီး​သနည်း။

၁၄ ဘုရားသခင့်​နိုင်ငံတော်​ကို လက်အောက်ခံ​သူတို့သည် အရေးတကြီး​လုပ်ငန်း​ဖြစ်သော “ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်းကို သက်သေခံ” နေကြ​သည်။ (တမန်​တော် ၂၈:၂၃) မေရှိယနိုင်ငံတော်​သည် ယေဟောဝါ​၏ စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို သံသယ​ကင်းရှင်း​စေမည်​ဖြစ်သော​ကြောင့် ထိုသို့​လုပ်ဆောင်ဖို့ အလွန်​အရေးကြီး​သည်။ (၁ ကောရိန္သု ၁၅:၂၄-၂၈) ကျွန်ုပ်​တို့ သတင်းကောင်း​ဟောပြော​သည့်​အခါ ကြားနာသူ​တို့အား ဘုရားသခင့်​နိုင်ငံတော်​၏ လက်အောက်ခံ​များ​ဖြစ်ခွင့်​ရစေသည်။ ထို့​ပြင် သတင်းတရားကို တုံ့ပြန်​ပုံ​အပေါ်​မူတည်၍ လူသားများ​ကို ခရစ်တော်​ဘုရင် တရား​စီရင်​မည်။ (မဿဲ ၂၄:၁၄; ၂ သက်သာလောနိတ် ၁:၆-၁၀) သို့​ဖြစ်၍ ခရစ်တော်​အား ကျွန်ုပ်​တို့​သစ္စာ​စောင့်သိကြောင်း​ပြ​နိုင်​သည့် အဓိက​နည်း​မှာ အခြား​သူတို့အား ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ဟောပြောပါ​ဟူသော ကိုယ်တော်​၏​မိန့်မှာချက်ကို နာခံခြင်း​အားဖြင့်​ဖြစ်သည်။—မဿဲ ၂၈:၁၈-၂၀

၁၅။ ခရစ်ယာန်​တို့၏ သစ္စာစောင့်သိမှု​သည် အဘယ်ကြောင့် စမ်းသပ်ခံ​နေရ​သနည်း။

၁၅ စာတန်​သည် ဟောပြောခြင်း​လုပ်ငန်း​ကို အစွမ်းကုန်​ဆန့်ကျင်​သကဲ့သို့ လူ့​အုပ်စိုးရှင်​တို့​က​လည်း ခရစ်တော်​၏ ဘုရားသခင်​ပေး​အခွင့်အာဏာကို အသိအမှတ်​မပြု​ကြ​ချေ။ (ဆာလံ ၂:၁-၃၊ ၆-၈) သို့​နှင့် မိမိ၏​နောက်လိုက်​များ​အား ယေရှု​က “ကျွန်​သည် မိမိ​သခင်​ထက် သာ၍​ကြီးမြတ်​သည်မဟုတ် . . .။ သူတို့သည် ငါ့ကို​ညှဉ်းဆဲ​လျှင် သင်တို့ကို ညှဉ်းဆဲ​ကြလိမ့်မည်” ဟု​သတိပေး​ခဲ့​သည်။ (ယောဟန် ၁၅:၂၀) ထို့​ကြောင့် ခရစ်တော်​၏​နောက်လိုက်​များသည် ဝိညာဉ်​ရေး​တိုက်ပွဲ​တွင် ပါဝင်​ဆင်နွှဲ​နေရ​ပြီး သူတို့၏​သစ္စာစောင့်သိမှု​မှာ စမ်းသပ်ခံ​နေရ​သည်။—၂ ကောရိန္သု ၁၀:၃-၅; ဧဖက် ၆:၁၀-၁၂

၁၆။ ဘုရားသခင့်​နိုင်ငံတော်​၏ လက်အောက်ခံ​များသည် “ဘုရားသခင်​၏​ဥစ္စာ​ကို” ဘုရားသခင်​အား မည်သို့ “ဆက်​ပေး​ကြ” သနည်း။

၁၆ သို့သော် ဘုရားသခင့်​နိုင်ငံတော်​၏ လက်အောက်ခံ​တို့သည် လူ့​အာဏာပိုင်​များ​ကို မ​ခန့်​လေးစား​မပြု​ဘဲ မိမိတို့၏​မျက်မြင်မရ ရှင်ဘုရင်​ကို သစ္စာစောင့်သိ​ကြသည်။ (တိတု ၃:၁၊ ၂) ယေရှု​က “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အား ဆက်​ပေး​ကြလော့။ ဘုရားသခင်​၏​ဥစ္စာ​ကို​ကား ဘုရားသခင်​အား ဆက်​ပေး​ကြလော့” ဟု​မိန့်ဆိုခဲ့​၏။ (မာကု ၁၂:၁၃-၁၇) သို့​ဖြစ်၍ ခရစ်တော်​၏​လက်အောက်ခံ​တို့သည် ဘုရားသခင့်​ဥပဒေ​များနှင့်​မဆန့်ကျင်​သော အစိုးရ​ဥပဒေ​များ​ကို လိုက်နာ​ကြသည်။ (ရောမ ၁၃:၁-၇) သို့သော် ဂျူး​အထက်​တရားရုံး​သည် ယေရှု၏​တပည့်​များ​ကို မဟောပြော​ရန် အမိန့်ပေး​ခြင်း​ဖြင့် ဘုရားသခင့်​ဥပဒေ​များ​ကို ဆန့်ကျင်​သောအခါ ယေရှု၏​နောက်လိုက်​များ​က “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်” ရမည်​ဖြစ်​ကြောင်း အခိုင်အမာ​နှင့် တလေးတစား ပြောဆို​ခဲ့​ကြသည်။—တမန်​တော် ၁:၈; ၅:၂၇-၃၂

၁၇။ ကျွန်ုပ်​တို့သည် သစ္စာစောင့်သိမှု​ဆိုင်ရာ စမ်းသပ်မှု​များ​ကို ရဲစွမ်းသတ္တိ​ဖြင့် အဘယ်ကြောင့် ရင်ဆိုင်​နိုင်​ကြ​သနည်း။

၁၇ ခရစ်တော်​၏​လက်အောက်ခံ​များသည် နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့်​အခါ မိမိတို့၏​ရှင်ဘုရင်​အပေါ် ဆက်​သစ္စာစောင့်သိ​ရန် ရဲစွမ်းသတ္တိ​ရှိဖို့လို​သည်။ သို့သော် ယေရှု ဤသို့​မိန့်ဆိုခဲ့​၏– ‘ငါ့​ကြောင့် သင်တို့ကို ကဲ့ရဲ့​ညှဉ်းဆဲ​၍ မမှန်​ဘဲ​လျက် အပြစ်​တကာ​တင်​ကြသောအခါ သင်တို့သည် ပျော်ရွှင်​ကြ​၏။ ဝမ်းမြောက်​ရွှင်မြူး​ခြင်း​ရှိကြလော့။ အကြောင်း​မူ​ကား၊ ကောင်းကင်ဘုံ​၌ သင်တို့၏​အကျိုး​သည် ကြီး​လှ​ပေ​၏။’ (မဿဲ ၅:၁၁၊ ၁၂) ခရစ်တော်​၏ အစောပိုင်း​နောက်လိုက်​များသည် အဆိုပါ​စကား​များ​မှန်ကန်ကြောင်း တွေ့ကြုံ​ခဲ့​ရသည်။ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ဆက်​ဟောပြော​သည့်​အတွက် အပြင်းအထန်​ရိုက်နှက်​ခံရ​သည့်​တိုင် ‘သခင်​ယေရှု၏​နာမ​ကြောင့် မိမိတို့သည် အရှက်ကွဲခြင်း​ကို ခံထိုက်​ကြသည်​ဟု မှတ်တော်မူ​သောကြောင့် ဝမ်းမြောက်​သော​စိတ်​ရှိ၍ . . . ဝတ်ပြုရာ​အိမ်တော်၌​လည်းကောင်း၊ အိမ်​၌​လည်းကောင်း နေ့တိုင်း​အစဉ် ဆုံးမ​သွန်သင်​လျက် ယေရှုသည် ခရစ်တော်​ဖြစ်၏​ဟူ၍ ဧဝံဂေလိတရား​ကို မပြတ်​ဟောပြောလျက်​နေကြ၏။’ (တမန်​တော် ၅:၄၁၊ ၄၂) သင်သည် အခက်အခဲ​များ၊ ဖျားနာ​မှု၊ ချစ်​မြတ်နိုး​ရသူ​ဆုံးပါးမှု သို့​မဟုတ် ဆန့်ကျင်မှု​ကို​ခံရပ်​ပြီး ထပ်တူ​သစ္စာစောင့်သိ​မည်​ဆိုလျှင် ချီးမွမ်း​ခံထိုက်​ပါ​သည်။—ရောမ ၅:၃-၅; ဟေဗြဲ ၁၃:၆

၁၈။ ပုန္တိပိလတ်​အား ယေရှု​ပြော​သည့်​စကား​က အဘယ်အရာကို ဖော်ပြ​သနည်း။

၁၈ ယေရှုသည် ဘုရင်​အဖြစ်​ခန့်အပ်​မခံရမီ​က ရောမမြို့​ဝန် ပုန္တိပိလတ်​ကို ဤသို့​ရှင်းပြ​ခဲ့​သည်– “ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​မစပ်ဆိုင်။ ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​လျှင် ငါသည် ယုဒ​လူ​တို့​လက်​သို့ မ​ရောက်​စေခြင်း​ငှာ ငါ​၏​လူတို့သည် တိုက်လှန်​ကြလိမ့်မည်။ ယခု​မူ​ကား ငါ​၏​နိုင်ငံ​သည် ဤ​ဒေသ​အရပ်နှင့်​မစပ်ဆိုင်။” (ယောဟန် ၁၈:၃၆) ထို့​ကြောင့် ကောင်းကင်​နိုင်ငံတော်​၏ လက်အောက်ခံ​များသည် မည်​သူ့ကို​မျှ လက်နက်ကိုင်​၍​မတော်​လှန်​သကဲ့သို့ မည်သည့်​လူ့​ပဋိပက္ခ​တွင်​မျှ မပါဝင်​ကြ​ချေ။ ‘ငြိမ်သက်ခြင်း​မင်းသား’ အပေါ် သစ္စာစောင့်သိ​လျက် သူတို့သည် သဘောထား​ကွဲလွဲ​နေသော လောက​ရေးရာ​များ​တွင် လုံးလုံး​ကြားနေ​ကြသည်။—ဟေရှာယ ၂:၂-၄; ၉:၆သမ္မာ၊ ၇။

သစ္စာရှိ​လက်အောက်ခံ​များ​အတွက် တည်မြဲသော​ဆုကျေးဇူး​များ

၁၉။ ခရစ်တော်​၏​လက်အောက်ခံ​များသည် အနာဂတ်​ကို ယုံကြည်​စိတ်ချ​စွာ အဘယ်ကြောင့် စောင့်မျှော်​နိုင်​ကြ​သနည်း။

၁၉ “ဘုရင်​တို့၏​ဘုရင်”  ဖြစ်သော ခရစ်တော်​၏ သစ္စာရှိ​လက်အောက်ခံ​များသည် အနာဂတ်​ကို ယုံကြည်​စိတ်ချ​စွာ စောင့်မျှော်​ကြသည်။ ထို့​ပြင် မကြာမီ ကိုယ်တော်​၏​နိုင်ငံတော်​တန်ခိုး​အာဏာ​သည် မြေကြီးပေါ်​သက်ရောက်​တော့​မည်​ကို စိတ်အား​ထက်သန်​စွာ သူတို့​စောင့်မျှော်​ကြသည်။ (ဗျာ. ၁၉:၁၁–၂၀:၃; မဿဲ ၂၄:၃၀) ဘုရားသခင့် “နိုင်ငံတော်သား” များ​ဖြစ်​ကြသော ဝိညာဉ်​တော်​ဖွား သစ္စာရှိ​အကြွင်းအကျန်​သည် ကောင်းကင်​တွင် ခရစ်တော်​နှင့်အတူ ရှင်ဘုရင်များ​အဖြစ်​စိုးစံ​ရမည့် မိမိတို့၏​အဖိုးတန်​အမွေ​ကို​ခံယူ​ရန် မျှော်လင့်​စောင့်စား​ကြသည်။ (မဿဲ ၁၃:၃၈; လုကာ ၁၂:၃၂) ခရစ်တော်​၏ သစ္စာရှိ “အခြားသိုး” က​လည်း “ငါ့​ခမည်းတော်​ထံ ကောင်းချီး​မင်္ဂလာ​ကို​ခံ​သော​သူတို့ ကမ္ဘာဦး​က​ပင် သင်တို့​အဖို့ ပြင်ဆင်​သော​နိုင်ငံ​ကို လာ၍​အမွေခံ​ကြလော့” ဟူ​သည့် မိမိတို့​ရှင်ဘုရင်​၏​ကြေညာ​ချက်​ကို စိတ်အား​ထက်သန်​စွာ စောင့်မျှော်​ကြသည်။ (ယောဟန် ၁၀:၁၆; မဿဲ ၂၅:၃၄) သို့​ဖြစ်၍ ဘုရားသခင့်​နိုင်ငံတော်​၏ လက်အောက်ခံ​များ​အားလုံး ခရစ်တော်​ဘုရင်​၏​အမှုတော်ကို သစ္စာရှိ​စွာ ဆက်​ထမ်းဆောင်​ဖို့ သန္နိ​ဋ္ဌာန်​ချ​နိုင်​ကြ​ပါစေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ကျမ်းစာ​ဖြင့် ကျိုးကြောင်း​ဆင်ခြင်ခြင်း၊ စာမျက်နှာ ၃၃၇-၉ ရှိ “ယေဟောဝါသက်သေ​များ​က ၁၉၁၄ တွင် ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ခဲ့ပြီ​ဟု အဘယ်ကြောင့်​ဆို​ကြ​သနည်း” ကို​ရှု။

သင်​ရှင်းပြ​နိုင်​သလော

• ခရစ်တော်​သည် ကျွန်ုပ်​တို့၏​သစ္စာစောင့်သိမှုကို အဘယ်ကြောင့်​ရထိုက်​သနည်း။

• ခရစ်တော်​၏​လက်အောက်ခံ​များသည် ကိုယ်တော်​အား သစ္စာ​စောင့်သိကြောင်း မည်သို့​ပြသ​ကြ​သနည်း။

• ခရစ်တော်​ဘုရင်​အပေါ် ကျွန်ုပ်​တို့ အဘယ်ကြောင့် သစ္စာစောင့်သိ​လို​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

ခရစ်တော်​၏ ထင်ရှားသော​အခြား​အရည်အသွေးများ

မျက်နှာမလိုက်​မှုယောဟန် ၄:၇-၃၀

သနား​ကြင်နာ​မှုမဿဲ ၉:၃၅-၃၈; ၁၂:၁၈-၂၁; မာကု ၆:၃၀-၃၄

ကိုယ်ကျိုး​စွန့်​မေတ္တာယောဟန် ၁၃:၁; ၁၅:၁၂-၁၅

သစ္စာစောင့်သိမှုမဿဲ ၄:၁-၁၁; ၂၈:၂၀; မာကု ၁၁:၁၅-၁၈

စာနာ​ထောက်ထား​မှုမာကု ၇:၃၂-၃၅; လုကာ ၇:၁၁-၁၅; ဟေဗြဲ ၄:၁၅၊ ၁၆

အကျိုးသင့်အကြောင်းသင့်​ရှိ​မှုမဿဲ ၁၅:၂၁-၂၈

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် အချင်းချင်းချစ်​ခြင်း​ဖြင့် “ခရစ်တော်​၏​တရား” ကို သစ္စာရှိစွာ နာခံကြ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ခရစ်တော်​၏​အမှုတော်ကို သစ္စာရှိ​စွာ​ထမ်းဆောင်​ရန် ကိုယ်တော်​၏​အရည်အသွေးများ​က သင့်ကို လှုံ့ဆော်ပေး​သလော