မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲခက်ခဲမှုကို ဘုရားသခင်ခွင့်ပြုရသည့်အကြောင်း သိလာခြင်းက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့

ဆင်းရဲခက်ခဲမှုကို ဘုရားသခင်ခွင့်ပြုရသည့်အကြောင်း သိလာခြင်းက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့

ဘဝ​အတ္ထုပ္ပတ္တိ

ဆင်းရဲ​ခက်ခဲ​မှု​ကို ဘုရားသခင်​ခွင့်ပြု​ရသည့်​အကြောင်း သိလာ​ခြင်း​က ကျွန်တော့်​ဘဝကို ပြောင်းလဲ​စေ​ခဲ့

ဟယ်ရီ ပ​လွိုင်ယန် ပြောပြ​သည်

ဆင်းရဲ​ခက်ခဲ​မှုကို ဘုရားသခင် ဘာကြောင့်​ခွင့်ပြု​ထား​တာလဲ။ အဲဒီ​မေးခွန်း​က ကလေး​ဘဝက​တည်း​က ကျွန်တော့်​ကို စိတ်​အနှောင့်အယှက်​ပေး​ခဲ့​တယ်။ ကျွန်တော့်​မိဘတွေက အလုပ်​ကြိုးစား​သူ၊ရိုး​ဖြောင့်​ပြီး မိသားစုကို အလေးထား​တဲ့​သူတွေပါ။ အဖေက ဘာသာရေး မလိုက်​စား​ဘူး၊ အမေကတော့ အနည်း​အကျဉ်း​ပဲ။ ဒါ​ကြောင့် အဲဒီ​မေးခွန်းရဲ့​အဖြေကို သူတို့မပြောပြ​နိုင်ခဲ့​ဘူး။

ဒုတိယ​ကမ္ဘာ​စစ်​ကြီး​အတောအတွင်း​နဲ့ စစ်​ပြီး​တဲ့​နောက် အမေရိကန်​ရေတပ်​မှာ သုံးနှစ်​ကျော်​ကျော် အမှုထမ်း​နေတုန်း အဲဒီ​မေးခွန်းရဲ့​အဖြေကို ကျွန်တော်​ပို​ပြီး သိချင်​လာ​မိတယ်။ စစ်​ကြီး​ပြီး​တဲ့​နောက် တရုတ်​ပြည်​ကို ကယ်ဆယ်​ရေး​ပစ္စည်း​တွေ သွား​ပို့ပေး​ရမယ့်​သင်္ဘော​မှာ ကျွန်တော်​တာဝန်ကျ​တယ်။ အဲဒီမှာ ကျွန်တော်​တစ်နှစ်​နီးပါး​နေခဲ့ရ​လို့ လူ​အတော်များများ ဆင်းရဲ​ခက်ခဲ​နေကြ​တာ​ကို မျက်ဝါးထင်ထင်​မြင်တွေ့ခဲ့​ရတယ်။

တရုတ်​လူမျိုး​တွေ​ဟာ လုံ့လ​ဝီရိယ​ရှိပြီး ဉာဏ်​ထက်​ကြတယ်။ ဒါပေမဲ့ လူအများ​ဟာ ဆင်းရဲ​နွမ်းပါး​မှု​ကြောင့်၊ ပြီး​တော့ ဒုတိယ​ကမ္ဘာ​စစ်​ရဲ့​အကျိုးဆက်​ဖြစ်​တဲ့ အကြမ်းဖက်မှု​တွေ​ကြောင့် အကြီးအကျယ်​ဆင်းရဲ​ခက်ခဲ​နေကြ​တယ်။ ကျွန်တော်​တို့​ကုန်းပေါ်​တက်​တဲ့​အခါ အာဟာရချို့တဲ့ပြီး စု​တ်​စုတ်ပြတ်​ပြတ် ဝတ်စား​ထား​တဲ့ ကလေး​တွေ လာ​တောင်း​တာ​ကို​မြင်ရင် ကျွန်တော်​ပို​လို့​စိတ်ထိခိုက်​မိတယ်။

အဘယ်ကြောင့်​နည်း

၁၉၂၅ ခုနှစ်၊ အမေရိကန်​ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား​ပြည်နယ်​မှာ ကျွန်တော်​မွေးဖွား၊ ကြီးပြင်း​လာခဲ့တယ်။ အဲဒီ​အခြေအနေ​မျိုးကို ကျွန်တော်​တစ်ခါ​မှ မတွေ့ဖူး​ဘူး။ ဒါ​ကြောင့် ‘အတိုင်းအဆမဲ့​တန်ခိုး​နဲ့​ပြည့်စုံ​တဲ့ ဖန်ဆင်း​ရှင်​တစ်ပါး​သာ​ရှိမယ်ဆိုရင် လူ​အတော်များများကို၊ အထူးသဖြင့် အပြစ်မဲ့​ကလေး​တွေ​ကို ဘာကြောင့်​ဒီလိုမျိုး ဝေဒနာ​ခံစား​စေ​ရတာလဲ’ ဆိုပြီး အပြန်​ပြန်​မေးခွန်းထုတ်​မိတယ်။

ဘုရားသခင်​သာ တကယ်​ရှိမယ်ဆိုရင် ဒီလိုမျိုး​အပျက်အစီး​တွေ၊ အစုလိုက်​အပြုံလိုက် သတ်ဖြတ်မှု​တွေ၊ သေခြင်းနဲ့ ရာစုနှစ်များ​တစ်လျှောက်—အထူးသဖြင့် လူ​သန်းပေါင်း ၅၀ ကျော်​အသက်ဆုံးရှုံး​ခဲ့​တဲ့ ဒုတိယ​ကမ္ဘာ​စစ်​အတောအတွင်း—လူတွေ​ခံစား​ခဲ့​ရတဲ့ ဆင်းရဲ​ခက်ခဲ​မှု​တွေ​ကို ဘာကြောင့်​ခွင့်ပြု​ထား​ရသလဲ​ဆိုတာ​ကိုလည်း ကျွန်တော်​သိချင်ခဲ့တယ်။ ဒါ​တင်​မ​က စစ်​ဖြစ်​ချိန်​အတောအတွင်း​မှာ ခရစ်ယာန်​ဓမ္မ​ဆရာ​တွေ သွေးထိုး​ပေး​လို့ လူမျိုး​မတူ​ရုံ​နဲ့ ဘာသာတူ​အချင်းချင်း ဘာကြောင့်​သတ်ဖြတ်​နေကြ​တယ်​ဆိုတာ​ကိုလည်း သိချင်ခဲ့တယ်။

အဝေးကြည့်​မှန်ပြောင်း

၁၉၃၉ ခုနှစ်၊ ဒုတိယ​ကမ္ဘာ​စစ်​အစပြုချိန်​ကစပြီး လူ့​မိသားစုကြီး အစုလိုက်​အပြုံလိုက် သတ်ဖြတ်​ခံ​ခဲ့​ရတာ​ကြောင့် ဘုရားသခင်​ရှိ​မှာ​မဟုတ်ဘူးလို့ ကျွန်တော်​ယူဆတယ်။ ဒါနဲ့ အထက်တန်း​ကျောင်း သိပ္ပံ​ဘာသာရပ်​သင်​ချိန်မှာ ကျွန်တော်​တို့​ကျောင်းသား​ယောက်​တိုင်း​ကို သိပ္ပံနဲ့​ဆိုင်​တဲ့​ပစ္စည်း​တစ်ခုခု လုပ်​ခိုင်းတယ်။ ကျွန်တော်​က နက္ခတ္တ​ဗေဒ​ပညာရပ်​ကို စိတ်ဝင်စား​တဲ့​အတွက် အချင်း​ရှစ်​လက်မ​ရှိတဲ့ ကြေး​မုံ​နဲ့ အလင်းပြန်​အဝေးကြည့်​မှန်ပြောင်း​ကြီး​တစ်ခု​ကို တာဝန်​ယူ​ပြုလုပ်​ခဲ့​တယ်။

အဲဒီ​မှန်ပြောင်း​ကြီး​ကို ပြုလုပ်​ဖို့ တစ်လက်​မ​ကျော်​ကျော်​ထူ​ပြီး အချင်း​ရှစ်​လက်မ​ရှိတဲ့ ကြေး​မုံ​ပြား​တစ်ချပ်​ကို​ဝယ်၊ မှန်​ဖြတ်​ကိရိယာ​နဲ့ ဝိုင်း​သွား​အောင် ဖြတ်လိုက်​တယ်။ ပြီး​တော့ ကြေး​မုံ​ခွက်​ဖြစ်လာ​စေဖို့ တ​ပင်​တ​ပန်း​ပွတ်တိုက်​ရတယ်။ စာသင်​နှစ်, နှစ်ဝက်​ရဲ့ အားလပ်ချိန်​မှန်သမျှ အဲဒါ​လုပ်တာ​နဲ့​ကုန်​သွား​ရော။ ကြေး​မုံ​ခွက်​ပြီးသွား​တော့ သတ္တုပြွန်​မှာ​တပ်​ပြီး စွမ်းအား​အမျိုးမျိုး​ရှိတဲ့ ကြည့်မှန်​ဘီလူး​ကို မှန်ပြောင်း​ပေါ်မှာ တပ်ဆင်​လိုက်တယ်။

တိမ်​ကင်းစင်​တဲ့ လ​မိုက်​ည​တစ်ည​မှာ အဲဒီ​မှန်ပြောင်း​ကို ပထမ​ဆုံး​အကြိမ် အိမ်ပြင်​ထုတ်ပြီး ကြယ်​တွေ​ကို ပြီး​တော့ နေ​အဖွဲ့အစည်း​မှာ​ရှိတဲ့ ဂြိုဟ်​တွေ​ကို ချိန်​ပြီး​ကြည့်​လိုက်တယ်။ ကောင်းကင်​တန်ဆာ အများကြီး​ရှိနေတာ၊ အရာအားလုံး စနစ်တကျ​ရှိနေတာကို ကျွန်တော်​အတော်လေး အံ့အားသင့်​ခဲ့​ရတယ်။ ပြီး​တော့ တချို့ “ကြယ်​တွေ” ဟာ တကယ်တော့ ကျွန်တော်​တို့​ရဲ့ နဂါးငွေ့တန်း ဂလက်ဆီ​လို​မျိုး ဂလက်ဆီ​တွေ​ဖြစ်​ပြီး ဂလက်ဆီ​တစ်ခုစီ​မှာ ကြယ်​ဘီလီယံ​နဲ့​ချီ​ရှိတယ်ဆိုတာ သိလိုက်​ရတော့ ပို​လို့​တောင်​အံ့အားသင့်​ခဲ့​ရတယ်။

‘ဒါတွေ​အားလုံး သူ့အလိုလို​တော့ လုံးဝ​မဖြစ်​နိုင်ဘူး’ ဆိုပြီး ကျွန်တော်​စဉ်းစား​မိတယ်။ စနစ်တကျ​ရှိနေတဲ့​အရာတစ်ခု​မှ သူ့အလိုလို​ဖြစ်လာ​တာ​မရှိဘူး။ စကြဝဠာကြီး တကယ့်ကို​စည်းစနစ်တကျ​ရှိနေတာ ဉာဏ်ကြီးရှင်​တစ်ပါး​က ပြုလုပ်​ထား​ပုံ​ပဲ။ ဒါဆိုရင် ဘုရားသခင်​တစ်ပါး ရှိ​လေ​မလား။ အဝေးကြည့်​မှန်ပြောင်း​ကနေ တွေ့ရှိ​ခဲ့​တာ​တွေ​ကြောင့် ဘုရားသခင်​မရှိဘူး​ဆို​တဲ့ အရင်တုန်းက ခံယူ​ချက်​က သိပ်​မ​ပြင်းထန်​တော့​ဘူး။

‘ဒီလောက်​အံ့ဖွယ်ကောင်း​တဲ့ စကြဝဠာ​ကို​ဖန်ဆင်း​နိုင်​တဲ့​တန်ခိုး​နဲ့ ဉာဏ်ပညာ​ရှိတဲ့ ဘုရားသခင်​တစ်ပါး တကယ်​သာ​ရှိခဲ့ရင် မြေကြီးပေါ်​က ဝမ်းနည်း​ကြေကွဲစရာ​အဖြစ်တွေ​ကို ပြုပြင်ပေး​လို့​မရနိုင်​ဘူးလား။ စိတ်​ဆင်းရဲ​စ​ရာတွေကို အစ​ကတည်းက ဘာဖြစ်​လို့​ဖြစ်ပေါ်​ခွင့်​ပေး​ရတာလဲ’ ဆိုပြီး မေးခွန်းထုတ်​မိတယ်။ ဘာသာရေး​လိုက်စားသူ​တွေ​ကို ဒါတွေ​မေးကြည့်​တော့​လည်း စိတ်​ကျေနပ်​လောက်​တဲ့​အဖြေကို မရခဲ့​ဘူး။

အထက်တန်း​ကျောင်း​ပြီး​တော့ ကောလိပ်​တက်ပြီး​တဲ့​နောက် အမေရိကန် ရေတပ်​ထဲ​ဝင်​လိုက်တယ်။ စစ်တပ်​မှာ​ခန့်​ထား​တဲ့ ခရစ်ယာန်​ဓမ္မ​ဆရာ​က​လည်း ကျွန်တော့်​မေးခွန်းတွေကို အဖြေ​မပေးနိုင်​ခဲ့​ဘူး။ ဘာသာရေး​လိုက်စား​သူတွေကလည်း “ဘုရားသခင့်​လုပ်ဆောင်ပုံတွေကို နားလည်​ရ​ခက်တယ်” ဆို​တဲ့​အဖြေ​မျိုး​ပဲ ဖြေ​လေ့​ရှိတယ်။

ရှာပုံတော်​ဆက်​ဖွင့်​ခြင်း

ဆင်းရဲ​ခက်ခဲ​မှု​တွေ​ကို ဘုရားသခင် ဘာကြောင့်​ခွင့်ပြု​ထား​တာလဲ​ဆို​တဲ့​မေးခွန်း​ကို တရုတ်​ပြည်​က​ပြန်လာ​ပြီး​တော့​လည်း မေး​နေတုန်းပဲ။ အဲဒီ​မေးခွန်း​ကို ကျွန်တော့်​ခေါင်း​ထဲ​က ထုတ်​လို့​ကို​မရဘူး၊ အထူးသဖြင့် ပစိဖိတ်​သမုဒ္ဒရာ​ကို ဖြတ်​ပြီး​ပြန်အလာ ကျွန်တော်​တို့​ရပ်နား​ခဲ့​တဲ့ ကျွန်း​တွေ​ပေါ်​က စစ်​သင်္ချိုင်း​တွေ​ကို​မြင်ရ​ချိန်မှာ​ဖြစ်တယ်။ အားလုံးနီးပါး​က အခု​မှ လူ​လား​မြောက်​ခါ​စ​လူရွယ်​တွေ​ရဲ့ အုတ်ဂူ​တွေ​ဖြစ်တယ်။

အမေရိကန်​ပြည်ထောင်စု​ကို ပြန်​အရောက် ရေတပ်​က​ထွက်​ပြီး​တဲ့​နောက် မက်ဆာချူးဆက်​ပြည်နယ်၊ ကိန်း​ဘ​ရ​စ်​မြို့မှာ​ရှိတဲ့ ဟား​ဗက်​တက္ကသိုလ်​မှာ တစ်နှစ်​ကျောင်း​ဆက်​တက်​ရတယ်။ အဲဒီ​ကနေ​ကျောင်း​ပြီးသွား​ပြီး ဘွဲ့​ရခဲ့တယ်၊ ဒါပေမဲ့ ကယ်လီဖိုးနီးယား​ကို မပြန်​ဘူး။ အမေရိကန်​ပြည်ထောင်စု အရှေ့ဘက်​ကမ်းရိုးတန်း​မှာ ခဏလောက်​နေပြီး ကျွန်တော့်​မေးခွန်းတွေကို အဖြေရှာ​မယ်၊ ဘာသာ​တရား အတော်များများ​ရှိတဲ့ နယူးယောက်​မြို့ကို​သွားပြီး ဝတ်ပြုရေး​အခမ်းအနား​တွေ တက်​ကြည့်​မယ်​လို့ စိတ်ကူး​ထား​တယ်။

 နယူးယောက်​မှာ​ရှိတဲ့  ကျွန်တော့်​အဒေါ်​အစ္စဘဲလ် ကာ​ပီ​ဂျီ​ယန်​က သူ့​အိမ်မှာ​လာ​နေဖို့ ဖိတ်တယ်။ သူနဲ့ သူ့​သမီး​နှစ်ယောက်​ဖြစ်​တဲ့ ရို့စ်​နဲ့ ရုသ်​တို့​ဟာ ယေဟောဝါသက်သေ​တွေ​ပါ။ သူတို့ရဲ့​ယုံကြည်ချက်တွေ​က စိတ်ဝင်စားစရာ​ကောင်း​မှာ​မဟုတ်ဘူး​အထင်နဲ့ ကျွန်တော်​ဟာ တခြား​ဘာသာရေး​ဝတ်ပြုပွဲ​တွေ​ကို​တက်၊ လူတွေနဲ့​စကားပြော​ကြည့်​ပြီး သူတို့ရဲ့​စာပေ​တွေ​ကို ဖတ်ရှုကြည့်​တယ်။ ဆင်းရဲ​ခက်ခဲ​မှု​တွေ​ကို ဘုရားသခင် ဘာကြောင့်​ခွင့်ပြု​ထား​သလဲ​ဆိုတာ မေးကြည့်​ပေမဲ့ သူတို့လည်း အဖြေ​မသိ​ဘူး။ ဒါဆိုရင်​တော့ ဘုရားသခင်​မရှိလို့ပဲ​ဖြစ်​ရမယ်ဆို​ပြီး ကျွန်တော်​ကောက်ချက်​ချ​လိုက်တယ်။

အဖြေရှာ​တွေ့ခြင်း

အဲဒီနောက် ယေဟောဝါသက်သေ​တွေ​ရဲ့ အမြင်ကို​သိရ​အောင် သူတို့ရဲ့​စာပေ​တွေ​ကို ဖတ်​ကြည့်​လို့​ရ​မရ အဒေါ်​တို့​သားအမိကို မေးကြည့်​တယ်။ သူတို့ရဲ့​စာပေ​ကို ဖတ်ရှု​ကြည့်​တဲ့​အခါ သက်သေခံတွေဟာ . . . တခြား​ဘာသာ​တွေ​နဲ့ မတူဘူး​ဆိုတာ ချက်ချင်း​သတိပြုမိ​ခဲ့​တယ်။ကျမ်းစာ​ထဲ​ကနေ အဖြေပေး​ထားပြီး အဖြေ​တွေ​က​လည်း စိတ်​ကျေနပ်စရာ​ပဲ။ မကြာ​ပါ​ဘူး၊ ဆင်းရဲ​ခက်ခဲ​မှု​တွေ​ကို ဘုရားသခင် ဘာကြောင့်​ခွင့်ပြု​ထား​တာလဲ​ဆို​တဲ့ ကျွန်တော့်​မေးခွန်း​အဖြေကို ရရှိခဲ့တယ်။

ဒါ​တင်​မ​က​သေး​ဘူး၊ ယေဟောဝါ​သက်သေတွေဟာ ကျမ်းစာ​အခြေပြု ယုံကြည်ချက်တွေ​အတိုင်း အသက်ရှင်နေ​ထိုင်​ကြ​တာ တွေ့ရ​တယ်။ ဥပမာ၊ ဒုတိယ​ကမ္ဘာ​စစ်​အတွင်းမှာ ဂျာမနီ​နိုင်ငံ​က  ယေဟောဝါသက်သေ​လူရွယ်​တွေ ဘာများ​လုပ်ကြ​သလဲ၊  စစ်​ထဲ​ကို​ဝင်၊ “ဟို​င်းလ် ဟစ်တလာ” လို့​ပြော​ပြီး စ​ကြာ​တံဆိပ်​ကို အလေးပြု​ကြသလား​လို့ အဒေါ်​ကို​မေးကြည့်​တယ်။ သူတို့​အဲဒါတွေ​မလုပ်ကြဘူး၊ ကြားနေ​တဲ့​အတွက် ချွေး​တပ်​စခန်း​တွေ​အ​ပို့​ခံ​ခဲ့​ရပြီး အတော်များများ အသတ်ခံခဲ့ရ​တယ်​တဲ့။ စစ်​အတောအတွင်း နေရာအနှံ့​မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ အနေအထား​က ကြားနေ​ခြင်း​ပဲ၊ ဒီမိုကရက်တစ်​နိုင်ငံ​တွေ​မှာ​နေတဲ့ ယေဟောဝါသက်သေ​လူရွယ်​လေး​တွေ​တောင်​မှ  ကြားနေ​မှု​ကြောင့် ထောင်ကျ​ခဲ့​ကြတယ်​လို့ အဒေါ်​ရှင်းပြတယ်။

အဲဒီနောက် “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်” လို့​ဖော်ပြ​ထား​တဲ့ ယောဟန် ၁၃:၃၅ ကို အဒေါ်​ဖတ်​ခိုင်းတယ်။ စစ်မှန်​တဲ့​ခရစ်ယာန်​တွေ​ဟာ ဘယ်​နေရာမှာပဲ​နေ​နေ သူတို့ကို​ခွဲခြား​သိမြင်​စေ​တဲ့​အမှတ်အသား ချစ်ခြင်း​မေတ္တာ​ရှိနေရမယ်။ မျက်နှာ​ချင်း​ဆိုင် စစ်တိုက်​တာ၊ လူမျိုး​မတူ​လို့ အချင်းချင်း​သတ်ဖြတ်​တာတွေကို သူတို့​ဘယ်တော့မှ လုပ်မှာ​မဟုတ်ဘူး။ “ရောမ​စစ်ပွဲ​တွေ​မှာ ယေရှုနဲ့ ကိုယ်တော့်​တပည့်​တွေ အချင်းချင်း​တိုက်ခိုက်၊ သတ်ဖြတ်​နေမယ်​ထင်​သလား” လို့​အဒေါ်​က​မေးတယ်။

၁ ယောဟန် ၃:၁၀-၁၂ ကိုလည်း ဖတ်​ကြည့်​ခိုင်းတယ်။ အဲဒီမှာ ဒီလို​ပြော​ထား​တယ်– ‘ထိုသို့​သော​လက္ခဏာ​အားဖြင့် ဘုရားသခင်​၏​သားတို့​နှင့် စာတန်​၏​သားတို့​သည် ထင်ရှား​ကြ​၏။ ဖြောင့်မတ်ခြင်း​တရားကို​မကျင့်​သော​သူ၊ မိမိ​ညီအစ်ကို​ကို မချစ်​သော​သူ​မည်​သည်​ကား၊ ဘုရားသခင်​နှင့်​မဆိုင်။ . . . စာတန်​နှင့်​ဆိုင်၍ မိမိ​ညီ​ကို​သတ်​သော ကာဣန​ကဲ့သို့​မဟုတ်၊ ငါ​တို့သည် အချင်းချင်းချစ်​ရ​ကြ​မည်။”

ကျမ်းစာ​ပြော​ထား​တာ ရှင်းရှင်း​လေး​ပဲ။ ခရစ်ယာန်စစ်​တွေ​ဟာ ဘယ်​နိုင်ငံ​မှာပဲ​နေ​နေ အချင်းချင်းချစ်​ကြတယ်။ ဒါ​ကြောင့် သူတို့ရဲ့​ဝိညာဉ်​ရေး​ညီအစ်ကို​တွေ​ကို​ဖြစ်စေ၊ တခြား​ဘယ်သူ​မဆို​ကို​ဖြစ်စေ ဘယ်တော့မှ သတ်​မှာ​မဟုတ်ဘူး။ အဲဒါ​ကြောင့် ကိုယ်တော့်​နောက်လိုက်​တွေ​နဲ့​ပတ်သက်​လို့ ယေရှု​က “အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည်​မဆက်ဆံ​ကြ​ပါ” ဆိုပြီး ပြော​နိုင်​ခဲ့​တာပေါ့။—ယောဟန် ၁၇:၁၆

ခွင့်ပြု​ထား​ရသည့်​အကြောင်းရင်း

ဆင်းရဲ​ခက်ခဲ​မှု​တွေ​ကို ဘုရားသခင် ဘာကြောင့်​ခွင့်ပြု​ထား​ကြောင်း သမ္မာကျမ်းစာ​အဆိုကို သိပ်​မကြာခင် ကျွန်တော်​သိလာ​ရတယ်။ ဘုရားသခင်​ဟာ ကျွန်တော်​တို့​ရဲ့​ကနဦး​မိဘ​နှစ်ပါး​ကို စုံလင်စွာ​ဖန်ဆင်း​ခဲ့​ပြီး ပရဒိသု​ဥယျာဉ်​မှာ နေရာချ​ပေး​ခဲ့​တယ်။ (ကမ္ဘာဦး ၁:၂၆; ၂:၁၅) လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ဆို​တဲ့ တကယ်​လိုချင်​စ​ရာ​ကောင်း​တဲ့ လက်ဆောင်မွန်​ကိုလည်း ပေးအပ်​ခဲ့​တယ်။ ဒါပေမဲ့ အဲဒီ​စွမ်းရည်​ကို သူတို့​တာဝန်​သိ​သိ အသုံးပြု​ရမှာ​ဖြစ်တယ်။ ဘုရားသခင်​နဲ့ ကိုယ်တော့်​ပညတ်​တွေ​ကို သူတို့​နာခံ​မယ်​ဆိုရင် ပရဒိသု​မှာ စုံလင်​သူများ​အဖြစ် ဆက်​အသက်ရှင်​ကြရမယ်။ မြေကြီး​တစ်ပြင်လုံး ပရဒိသု​ဖြစ်လာ​တဲ့​အထိ သူတို့​တိုးချဲ့​ရမှာ​ဖြစ်တယ်။ သူတို့ရဲ့​သားစဉ်မြေးဆက်​တွေ​က​လည်း စုံလင်​ကြ​မယ်​ဆိုတော့ အချိန်တန်​ရင် ကမ္ဘာ​မြေကြီး​ဟာ ပြီးပြည့်စုံ​လင်၊ ပျော်ရွှင်သူ​တွေ​နေထိုင်ရာ တကယ့်ကို​သာယာ​လှပတဲ့ ပရဒိသု​ဖြစ်လာ​လိမ့်မယ်။—ကမ္ဘာဦး ၁:၂၈

ဒါပေမဲ့ အာဒံနဲ့​ဧဝ​တို့​ဟာ ဘုရားသခင်​ဆီက​ခွဲထွက်​ပြီး ကိုယ့်​လမ်း​ကိုယ်​လျှောက်ဖို့​ရွေးချယ်​ခဲ့ရင် စုံလင်သူ​တွေ ဖြစ်ခွင့်​ရတော့​မှာ​မဟုတ်ဘူး။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) လူသားတွေ​အတွက် ဝမ်းနည်းစရာ​ကောင်း​တာ​က ကျွန်တော်​တို့​ရဲ့​ကနဦး​မိဘတွေဟာ လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ကို အလွဲသုံး​ပြီး ဘုရားသခင်​ဆီက သီးခြားခွဲ​ထွက်​ခဲ့​ကြတယ်။ စာတန်​ဆိုပြီး လူသိ​များ​လာတဲ့ ပုန်ကန်​တဲ့​ဝိညာဉ်​သတ္တဝါ​တစ်ပါး​က သူတို့ကို သွေးထိုး​ပေး​ခဲ့​တယ်။ စာတန်​ဟာ ဘုရားသခင်​ကို အမှီအခို​မပြု​ဘဲ သီးခြား​လွတ်လပ်​စွာ နေချင်​တယ်၊ ဘုရားသခင်​တစ်ပါး​တည်း​သာ​ရထိုက်တဲ့ ဝတ်ပြု​ကိုးကွယ်​မှု​ကိုလည်း လိုချင်​မက်မော​ခဲ့​တယ်။—ကမ္ဘာဦး ၃:၁-၁၉; ဗျာ. ၄:၁၁

ဒီလိုနဲ့ စာတန်​ဟာ ‘ဤ​လောကကို​အစိုးရ​သော ဘုရားသခင်’ ဖြစ်လာ​ခဲ့​တယ်။ (၂ ကောရိန္သု ၄:၄) ‘ဤ​လောက​တစ်ခုလုံး​သည် ဆိုးညစ်သူ​၏​တန်ခိုး​ဩဇာ​အောက်တွင် ရောက်နေ​သည်’ လို့ သမ္မာကျမ်းစာ​က​ဆိုတယ်။ (၁ ယောဟန် ၅:၁၉က​ဘ) ယေရှု​က စာတန်​ကို “ဤ​လောကကို​အစိုး​ရသော​မင်း” လို့​ခေါ်​ခဲ့​တယ်။ (ယောဟန် ၁၄:၃၀) စာတန်​နဲ့ ကနဦး​မိဘ​နှစ်ပါး​ရဲ့ မနာခံမှုကြောင့် လူသား​အားလုံး မစုံလင်မှု၊ အကြမ်းဖက်မှု၊ သေခြင်း၊ ဝမ်းနည်းပူဆွေးမှု​နဲ့ ဆင်းရဲ​ခက်ခဲ​မှု​တွေ​ကို ကြုံတွေ့​ခံစား​ကြရတယ်။—ရောမ ၅:၁၂

‘လူသည် မစီရင်ပိုင်’

ဖန်ဆင်း​ရှင်​ရဲ့​ပညတ်​တွေ​ကို လျစ်လျူရှုခြင်း အကျိုးဆက်​တွေ​ကို လူ့​မိသားစုကြီး​သိရှိ​စေဖို့ ဘုရားသခင်​ဟာ နှစ်ပေါင်း​ထောင်ချီ​ကြာ ခွင့်ပြု​ထားခဲ့​တယ်။ ဒီလို​ခွင့်ပြု​ခဲ့​တဲ့​အတွက် ‘လူသည် မိမိ​သွားရာလမ်းကို​အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​များ​ကို မစီရင်ပိုင်၊ . . . အို​ထာဝရ​ဘုရားသခင် အကျွန်ုပ်​တို့ကို ဆုံးမ​တော်​မူ​ပါ’ ဆို​တဲ့ ကျမ်းစာ​အဆို​မှန်​ကြောင်း လူသား​အားလုံး​သိရှိဖို့ အချိန်​အလုံအလောက်​ရခဲ့​ပါ​ပြီ။—ယေရမိ ၁၀:၂၃၊ ၂၄၊  သမ္မာ။

ရာစုနှစ်တွေ​ကုန်လွန်​ပြီး​တဲ့​နောက် အခု​ဆိုရင်  ဘုရားသခင်​ဆီက  သီးခြားခွဲ​ထွက်​တဲ့ အုပ်ချုပ်ရေး​ဟာ မအောင်မြင်​ဘူးဆို​တာ ကျွန်တော်​တို့​မြင်တွေ့​နိုင်တယ်။ ဒါ​ကြောင့် ဘုရားသခင်​နဲ့ ကိုယ်တော့်​ပညတ်​တွေ​ကို အမှီအခို​မပြု၊ ဆိုးကျိုး​တွေ​ပဲ​ဖြစ်ပေါ်​စေ​တဲ့ လူ့​စမ်းသပ်မှု​ကို​အဆုံးတိုင်​စေဖို့ ဘုရားသခင်​ရည်ရွယ်​ထား​တယ်။

အံ့မခန်းဖွယ်​အနာဂတ်

မကြာခင် ဘုရားသခင်​ဟာ ရက်စက်​ကြမ်းကြုတ်​တဲ့ ဒီ​အစီအစဉ်​စနစ်​ကို အဆုံးတိုင်​စေမယ်​လို့ ကျမ်းစာ​ပရောဖက်ပြုချက်​က ဖော်ပြ​တယ်– “ခဏ​ကြာပြီး​မှ မတရားသော​သူသည်​မရှိ​ရ။ . . . စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁

ဒံယေလ ၂:၄၅ မှာပါတဲ့ ပရောဖက်ပြုချက်​က ဒီလို​ဆိုတယ်– “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော နိုင်ငံ​တစ်ခု​ကို ထို​မင်းကြီး​များ [လက်ရှိ​အုပ်ချုပ်ရေး​အမျိုးမျိုး] လက်ထက်​၌ ကောင်းကင်ဘုံ​ရှင်​ဘုရားသခင်​သည် တည်ထောင်​စေတော်မူ​မည်။ ထို​နိုင်ငံ​သည် အခြားသော​လူမျိုး​လက်​သို့​မရောက်ရ​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော​နိုင်ငံ​ရှိသမျှ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။”  နောက်​တစ်ခါ ဘယ်တော့မှ လူတွေကို အုပ်ချုပ်ခွင့်​ပြု​တော့​မှာ​မဟုတ်ဘူး။ ဘုရားသခင့်​နိုင်ငံတော်​က မြေကြီး​တစ်ပြင်လုံး​ကို အုပ်ချုပ်​တော့​မယ်။ အဲဒီ​အုပ်ချုပ်မှု​အောက်မှာ မြေတစ်ပြင်လုံး ပရဒိသု​ဖြစ်လာ​မယ်၊ လူတွေလည်း တဖြည်းဖြည်း​စုံလင်​လာပြီး ထာဝစဉ်​ပျော်ရွှင်စွာ အသက်ရှင်​ကြ​ပါ​လိမ့်မယ်။ သမ္မာကျမ်းစာ​က “ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ” လို့ ကတိပြု​တယ်။ (ဗျာ. ၂၁:၄) ကျွန်တော်​တို့အတွက် အံ့မခန်းဖွယ်​အနာဂတ်​ကို ဘုရားသခင်​စီစဉ်​ပေး​ထား​ပါ​လား!

ဘဝ​အပြောင်းအလဲ

စိတ်​ကျေနပ်စရာ​ကောင်း​တဲ့ အဖြေ​တွေ​ရရှိခဲ့​လို့ ကျွန်တော့်​ဘဝ​ပြောင်းလဲ​သွားတယ်။ အဲဒီ​အချိန်​က​စ​လို့ ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​ပြီး တခြား​သူတွေလည်း အဖြေရှာ​တွေ့​အောင် ကူညီ​ပေး​ချင်​တယ်။ ‘လောက​နှင့်​လောက​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ ထာဝရ​တည်​၏’ လို့​ဆို​တဲ့ ၁ ယောဟန် ၂:၁၇ အရေးပါ​ကြောင်း ကျွန်တော်​သိမြင်ခဲ့တယ်။ ဘုရားသခင့်​ကမ္ဘာသစ်​မှာ ထာဝရ​အသက်​ရ​ချင်​လိုက်တာ။ နယူးယောက်​မှာပဲ​နေပြီး ယေဟောဝါသက်သေ​တွေ​ရဲ့​အသင်းတော်​နဲ့ ပူးပေါင်း​မယ်​လို့ ကျွန်တော်​စိတ်ပိုင်းဖြတ်​လိုက်တယ်၊ ကျွန်တော်​သိခဲ့​ရတာတွေကို တခြား​သူတွေလည်း​သိလာအောင် ကူညီ​ပေး​ရာ​မှာ တွေ့ကြုံမှု​ကောင်း​တွေ အများကြီး​ရရှိခဲ့တယ်။

၁၉၄၉ ခုနှစ်​မှာ ရို့စ်​မာ​ရီ လူးဝစ္စ​နဲ့ ကျွန်တော်​ဆုံတွေ့​ရတယ်။ ရို့စ်​ရ​ယ်၊ သူ့​ညီအစ်မ​ခြောက်​ယောက်​နဲ့ သူတို့​အမေ​စာ​ဒီ​က ယေဟောဝါသက်သေ​တွေ​ဖြစ်တယ်။ ရို့စ်​က ဟောပြောခြင်း​လုပ်ငန်းမှာ အချိန်ပြည့်​အမှုထမ်း​နေတာ။ သူ့မှာ ကောင်း​တဲ့​အရည်အချင်းတွေ အများကြီး​ရှိတာ​ကြောင့် ကျွန်တော်​ချက်ချင်းပဲ သူ့ကို​စွဲလမ်း​သွားတယ်။ ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ​မှာ ကျွန်တော်​တို့​လက်ထပ်​လိုက်ပြီး နယူးယောက်​မှာပဲ ဆက်နေ​ကြတယ်။ ဘုရားသခင့်​ကမ္ဘာသစ်​မှာ ထာဝစဉ်​အသက်ရှင်ဖို့​မျှော်လင့်ချက်​နဲ့ အချိန်ပြည့်​လုပ်ငန်းမှာ ကျွန်တော်​တို့​ပျော်​နေခဲ့​ကြတယ်။

၁၉၅၇ ခုနှစ်​မှာ ကျွန်တော်​တို့​ဇနီး​မောင်နှံဟာ နယူးယောက်၊ ဘ​ရွတ်​က​လင်​မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​မှာ အချိန်ပြည့်​အမှုထမ်း​ဖို့ ဖိတ်ခေါ်​ခံ​ခဲ့​ရတယ်။ ၂၀၀၄၊ ဇွန်လ​မှာ ကျွန်တော်​တို့​ရဲ့ ပျော်စရာ​ကောင်း​တဲ့ အိမ်ထောင်သက်  ၅၄ နှစ်​ပြည့်​ခဲ့ပြီ၊ အဲဒီ​ထဲ​က ၄၇ နှစ်​က ဘ​ရွတ်​က​လင်​ဌာနချုပ်​မှာ​ဖြစ်တယ်။ ယုံကြည်ချက်​ချင်း​တူ​သူ ထောင်ပေါင်း​များစွာနဲ့​အတူ ယေဟောဝါ​ကို​အမှုထမ်းခဲ့​ရတဲ့ စိတ်​ချမ်းမြေ့​စ​ရာ​ကောင်း​တဲ့ နှစ်တွေ​ပါ။

ခံရ​အခက်ဆုံး​ဝေဒနာ

ဝမ်းနည်းစရာက ၂၀၀၄၊ ဒီဇင်ဘာ​လ​အစောပိုင်းမှာ ရို့စ်​မာ​ရီ​ရဲ့​အဆုတ်​တစ်ခြမ်း​မှာ ကင်ဆာ​အကျိတ်​တစ်ခု​ကို ရှာဖွေ​တွေ့ရှိ​ခဲ့​တယ်။ အကျိတ်​က အမြန်​ကြီး​လာတဲ့​အတွက် ခွဲထုတ်​ပစ်​ရမယ်​လို့ ပါရဂူ​တွေ​က​ဆုံးဖြတ်​တယ်။ ဒီဇင်ဘာ​လ​အကုန်ပိုင်း​မှာ ခွဲစိတ်​ကုသ​တယ်၊ တစ်ပတ်​လောက်​အကြာမှာ ဆေးရုံ​က ရို့စ်​ရဲ့​အခန်း​ထဲ ကျွန်တော်​ရှိနေတုန်း ခွဲစိတ်​ဆရာဝန်​က “ရို့စ်​မာ​ရီ၊ အိမ်ပြန်​တော့! ခင်ဗျား​ရောဂါ ပျောက်​ပြီ!” လို့​လာ​ပြော​တယ်။

ဒါပေမဲ့ အိမ်​ရောက်​ပြီး ရက်​အနည်းငယ်​အကြာမှာ ရို့စ်​မာ​ရီ​ရဲ့​ဝမ်းဗိုက်​နဲ့ တခြား​နေရာတွေမှာ တအား​နာ​လာတယ်။ နာ​တာ​မ​ပျောက်​နိုင်တာ​နဲ့ ဆေးရုံ​ကို​ပြန်သွား​စစ်​ကြည့်​တယ်။ အကြောင်း​တချို့​ကြောင့် အရေးပါတဲ့​အင်္ဂါ​တချို့ဟာ သွေး​ခဲ​စေ​တဲ့​အတွက် အဲဒီ​အင်္ဂါ​တွေ​က လိုအပ်​တဲ့​အောက်ဆီဂျင်​ဓာတ် မရဘူး​ဖြစ်နေ​တယ်။ ဆရာဝန်​တွေ​က တတ်စွမ်း​နိုင်​သ၍ အတတ်နိုင်ဆုံး​ကုသ​ပေး​ကြ​ပေမဲ့ မအောင်မြင်ခဲ့ဘူး။ အပတ်​အနည်းငယ်​အကြာ ၂၀၀၅၊ ဇန်နဝါရီ ၃၀ ရက်​နေ့မှာ ကျွန်တော့်​ဘဝရဲ့ အ​ကြေကွဲ​ရ​ဆုံး​အဖြစ်ကို ကြုံတွေ့​ခံစား​ခဲ့​ရတယ်။ ကျွန်တော်​အမြတ်နိုးဆုံး ရို့စ်​မာ​ရီ ကွယ်လွန်​သွားခဲ့တယ်။

အဲဒီအချိန်မှာ ကျွန်တော့်​အသက် ၈၀ ပြည့်​ခါနီး​ပြီ၊ လူ့​ဆင်းရဲ​ဝေဒနာတွေကို တစ်သက်လုံး မြင်တွေ့ခဲ့​ဖူး​ပေမဲ့ ဒီ​တစ်ခါ​တော့ မတူဘူး။ ရို့စ်​မာ​ရီ​နဲ့​ကျွန်တော်​ဟာ သမ္မာကျမ်းစာ​အရ “တစ်​သား​တစ်ကိုယ်တည်း” ဖြစ်တယ်။ (ကမ္ဘာဦး ၂:၂၄) သူများတွေ ဝေဒနာ​ခံစားရ​တာ​ကို မြင်တွေ့ခဲ့​ဖူး​သလို ဆွေမျိုး​မိတ်သင်္ဂဟ​တွေ သေဆုံး​တဲ့​အခါ ကျွန်တော်​ကိုယ်တိုင်​လည်း ခံစား​ခဲ့​ဖူး​ပါ​တယ်။ ဒါပေမဲ့ ကျွန်တော့်​ဇနီး​ဆုံးသွား​ချိန်မှာ ခံစား​ရတဲ့​ဝေဒနာ​က​တော့ ပို​ပြီး​ဆိုးဝါး​ပြင်းထန်​တယ်၊ ပို​ပြီး​ကြာ​တယ်။ ဒီ​အချိန်အထိ လူ့​မိသားစုကြီး​ခမျာ ချစ်​မြတ်နိုး​ရသူတွေ သေဆုံး​ချိန်မှာ ဘယ်လောက်​ဝမ်းနည်း​ကြေကွဲ​ရတယ်ဆိုတာ အခု​ကျွန်တော် ကောင်းကောင်း​သဘောပေါက်​ပြီ။

ဒါပေမဲ့၊ ဆင်းရဲ​ခက်ခဲ​မှု စတင်​လာပုံ​နဲ့ ဘယ်လို​အဆုံးသတ်​မယ်​ဆိုတာ သိထားတဲ့​အတွက် စိတ်သက်သာရာ​ရ​ပါ​တယ်။ ဆာလံ ၃၄:၁၈ က ‘ထာဝရ​ဘုရားသခင်​သည် ကျိုးပဲ့​သော​စိတ်​ရှိသောသူ​တို့​နှင့် နှလုံး​ကြေကွဲ​သော​သူတို့ကို​နီး​တော်​မူ​၏’ လို့​ဆိုတယ်။ သင်္ချိုင်း​မှာ​ရှိတဲ့​လူသေ​တွေ ရှင်ပြန်ထမြောက်​လာပြီး ဘုရားသခင့်​ကမ္ဘာသစ်​မှာ ထာဝစဉ်​အသက်ရှင်ခွင့်​ရှိမယ်​ဆို​တဲ့ ကျမ်းစာ​သွန်သင်ချက်​ကို​သိရှိ​ထားခြင်း​က အဲဒီ​ဝေဒနာ​ကို ခံရပ်​နိုင်​စေ​ခဲ့​တဲ့ အဓိက​အကြောင်းရင်း​ပါ​ပဲ။ တမန်​တော် ၂၄:၁၅ က “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်” လို့​ဆိုတယ်။ ရို့စ်​မာ​ရီ​ဟာ ဘုရားသခင်​ကို အင်မတန်​ချစ်တဲ့​သူပါ။ ဘုရားသခင်​က​လည်း သူ့ကို​ချစ်​ပြီး အောက်မေ့​သတိရ​မယ်၊ ကိုယ်တော်​သတ်မှတ်​ထား​တဲ့​အချိန်၊ သိပ်​မကြာခင်​မှာ ပြန်​အသက်ရှင်​စေမယ်​ဆိုတာ ကျွန်တော်​လုံးဝ​ယုံကြည်တယ်။—လုကာ ၂၀:၃၈; ယောဟန် ၁၁:၂၅

ချစ်​မြတ်နိုး​ရသူ​တစ်ဦး ဆုံးရှုံး​ရတဲ့​အတွက် အကြီးအကျယ် ဝမ်းနည်း​ကြေကွဲ​ရပေမဲ့ ရှင်ပြန်ထမြောက်​လာတဲ့​သူကို ကြိုဆို​ရတဲ့​ပျော်ရွှင်မှု​ဟာ ပို​ပြီး​ကြီးမား​ပါ​လိမ့်မယ်။ (မာကု ၅:၄၂) “ကိုယ်တော်​၏​လူသေ​တို့သည် အသက်ရှင်​ကြ​ပါ​လိမ့်​မည်။ . . .  မြေ​သည်လည်း မိမိ​သင်္ချိုင်း​သားတို့​ကို ထုတ်ဖော်​ရ​ပါ​လိမ့်​မည်” ဆို​တဲ့ ကျမ်းစာ​ကတိ​ရှိတယ်။ (ဟေရှာယ ၂၆:၁၉) တမန်​တော် ၂၄:၁၅ မှာ​ဖော်ပြ​ထား​တဲ့ “ဖြောင့်မတ်​သော​သူ” များစွာဟာ စောစောထ​မြောက်​လာမယ့်​ပုံ​ရှိတယ်။ တကယ်​ပျော်စရာ​ကောင်း​မယ့်​အချိန်​ပဲ! ပြန်လာ​မယ့်​သူတွေထဲမှာ ရို့စ်​မာ​ရီ​လည်း​ပါ​လိမ့်မယ်။ သူ့ကို​ချစ်​မြတ်နိုးသူ​တွေ​က လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ကြ​မှာ​ပါ! အဲဒီ​အချိန်ကျရင် ဆင်းရဲ​ခက်ခဲ​မှု ဝေဒနာ​တွေ​မရှိတော့တဲ့​ကမ္ဘာ​မှာ အသက်ရှင်​ရမှာဖြစ်​လို့ ကျေနပ်စရာ​ကောင်း​လိုက်မယ့်​ဖြစ်​ခြင်း!

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

တရုတ်​ပြည်​တွင်​တာဝန်ကျ​နေစဉ် ဆင်းရဲ​ခက်ခဲ​မှုများ​ကို ကျွန်တော်​တွေ့မြင်​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

၁၉၉၇ ခုနှစ်​မှ​စ၍ ဘ​ရွတ်​က​လင်၊ ယေဟောဝါသက်သေ​များ​၏ ကမ္ဘာ့​ဌာနချုပ်​တွင် ကျွန်တော်​အမှုထမ်းခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

၁၉၅၀ ပြည့်နှစ်​တွင် ရို့စ်​မာ​ရီ​နှင့် လက်ထက်​ခဲ့

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

၂၀၀၀ ပြည့်နှစ်၊ ကျွန်တော်​တို့၏ နှစ် ၅၀ မြောက် မင်္ဂလာ​နှစ်ပတ်လည်​နေ့တွင်