ဆင်းရဲနွမ်းပါးမှု ယနေ့ အခြေအနေ
ဆင်းရဲနွမ်းပါးမှု ယနေ့ အခြေအနေ
ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့လမ်းများပေါ်တွင် လေးလံသောဝန်တင်ထားသည့်လှည်းကို ဆွဲသွားနေသည့် ဗီစန်တာ *ကို အမြဲလိုလို မြင်တွေ့နိုင်သည်။ ကတ်ထူစက္ကူ၊ သတ္တုအပိုင်းအစနှင့် ပလတ်စတစ်တို့ကို သူလိုက်စုသိမ်းလေ့ရှိသည်။ ညမှောင်လာသည့်အခါ ကတ်ထူစက္ကူကို လှည်းအောက်တွင်ခင်းပြီး အိပ်စက်သည်။ သူအိပ်စက်သည့်နေရာမှ လမ်းပေါ်တွင် သွားလာနေသော ကားများနှင့်ဘတ်စကားများ၏ ဆူ ညံသံကို ယဉ်ပါးနေပုံရသည်။ တစ်ချိန်က သူ့တွင်အလုပ်အကိုင်၊ အိမ်နှင့် မိသားစုရှိခဲ့သော်လည်း ယခုဘာမျှမရှိတော့ချေ။ ယခု သူသည် လမ်းပေါ်တွင် ခက်ခက်ခဲခဲအသက်ဆက်နေရသည်။
ဝမ်းနည်းစရာမှာ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့သည် ဗီစန်တာကဲ့သို့ ဆင်းဆင်းရဲရဲ အသက်ရှင်နေကြရသည်။ ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် လူများစွာတို့သည် လမ်းပေါ်တွင် သို့မဟုတ် ဆင်းရဲသားရပ်ကွက်များတွင် မဖြစ်မနေ နေထိုင်ကြရသည်။ ခြေကျိုးနေသူများ၊ မျက်မမြင်များ၊ နို့ စို့ကလေးနှင့်မိခင်များ တောင်းစားနေကြသည်ကို နေရာအနှံ့ တွေ့ မြင်နေရ၏။ မီးပွိုင့်များတွင် ရပ်ထားသောကားများကြား ငွေအနည်းငယ်ရရန် ကလေးများ အပြေးအလွှား သကြားလုံးရောင်းကြရသည်။
ထိုသို့သော ဆင်းရဲနွမ်းပါးမှု အဘယ်ကြောင့်ရှိနေရသည်ကို ရှင်းပြရန် ခက်လှသည်။ ဗြိတိသျှစီးပွားရေးမဂ္ဂဇင်းက “လူသားမျိုးနွယ်သည် ဆင်းရဲနွမ်းပါးမှုကို တိုက်လှန်ရန် လိုအပ်သည့် ဆေးဘက်ဆိုင်ရာပညာ၊ နည်းပညာဆိုင်ရာကျွမ်းကျင်မှုများနှင့် ဉာဏ်ပညာတို့ကို တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် ပိုင်ဆိုင်ထားသည်” ဟု မှတ်ချက်ချသည်။ လူသားများ ယနေ့ ပိုင်ဆိုင်ထားသော အသိပညာမှ လူများစွာတို့ အကျိုးအမြတ်ရနေသည်မှာ မှန်ပါသည်။ တိုးတက်ဖွံ့ဖြိုးဆဲနိုင်ငံများစွာရှိ မြို့ကြီးများ၏ လမ်းများသည် ပြောင်လက်နေသောကားများဖြင့် ပြည့်ကျပ်နေသည်။ ကုန်တိုက်များတွင် ခေတ်သစ်ယဉ်ကျေးမှု၏ နောက်ဆုံးပေါ်ပစ္စည်းများဖြင့် ပြည့်နေပြီး ယင်းတို့ကို ဝယ်လိုသူများမှာလည်း အောတိုက်ပင်။ ဘရာဇီးရှိ ကုန်တိုက်နှစ်ခုတွင် အထူးအရောင်းမြှင့်တင်ရေးကာလများ ပြုလုပ်ကြသည်။ သူတို့သည် ၂၀၀၄၊ ဒီဇင်ဘာ ၂၃ မှ ၂၄ ရက်အထိ ညလုံးပေါက်ဆိုင်ဖွင့်ကြသည်။ ကုန်တိုက်တစ်ခုဆိုလျှင် ဝယ်သူများကို ကပြဖျော်ဖြေရန် ကချေသည်များကို ငှားရမ်းခဲ့ကြသည်။ ယင်းက ဈေးဝယ်သူ ၅၀၀,၀၀၀ နီးပါးကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့တိုင် လူများစွာမှာ ချမ်းသာသူအချို့၏ ကြွယ်ဝမှုမှ အကျိုးမရကြပါ။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းစပ်ကြား ကွာဟမှု ကြီးမားနေသောကြောင့် လူများစွာက ဆင်းရဲမှုကို တိုက်လှန်ရန် အရေးတကြီးလိုအပ်သည်ဟု
ကောက်ချက်ချခဲ့ကြသည်။ ဗေဇာ ဘရာဇီး မဂ္ဂဇင်းက “ဤ [၂၀၀၅] နှစ်တွင် ဆင်းရဲနွမ်းပါးမှုကို တိုက်လှန်ခြင်းသည် ကမ္ဘာချီအဓိကအစီအစဉ်ဖြစ်သင့်သည်” ဟုဆိုသည်။ ထို့ ပြင် ဗေဇာက ဒုတိယကမ္ဘာစစ်ပြီးနောက် ဥရောပတစ်ခွင် စီးပွားရေးပြန်လည်ထူထောင်နိုင်ရန် အမေရိကန် ဦးဆောင်သည့် အစီအစဉ်အသစ်တစ်ခုအကြောင်းလည်း အစီရင်ခံတင်ပြခဲ့သည်။ သို့သော် ယင်းအစီအစဉ်အသစ်သည် အထူးသဖြင့် အာဖရိကကဲ့သို့သော အဆင်းရဲဆုံးနိုင်ငံများကို အကူအညီပေးရန် ရည်ရွယ်သည်။ ထိုစီမံကိန်းများသည် တိုးတက်သယောင်ရှိသော်လည်း ထိုမဂ္ဂဇင်းကပင် “ရလဒ်နှင့်ပတ်သက်၍ မေးစရာမေးခွန်းများစွာရှိသည်။ ရန်ပုံငွေများသည် အမှန်တကယ်ပေးလိုသူများထံ တစ်ခါတစ်ရံမှသာ ရောက်ရှိသောကြောင့် နိုင်ငံအများကပင် ထိုအစီအစဉ်အတွက် ငွေပေးရန်တွန့်ဆုတ်ကြသည်” ဟုထပ်ဆိုသည်။ ဝမ်းနည်းစရာမှာ အကျင့်ယိုယွင်းမှုနှင့် လွန်စွာရှုပ်ထွေးသော ဗျူရိုကရေစီ တရားဝင်လုပ်ထုံးတို့ကြောင့် အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီ၏ ရန်ပုံငွေများသည် အမှန်တကယ်လိုအပ်နေသူများထံ မည်သည့်အခါမျှမရောက်ရှိကြချေ။ဆင်းရဲနွမ်းပါးမှုသည် ဆက်၍ရှိနေမည်ကို ယေရှုသိတော်မူသည်။ ကိုယ်တော်က “ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏” ဟူ၍ မိန့်ဆိုခဲ့သည်။ (မဿဲ ၂၆:၁၁) ယင်းက ဆင်းရဲနွမ်းပါးမှုသည် ကမ္ဘာ့မြင်ကွင်း၏ တစ်စိတ်တစ်ဒေသ အမြဲဖြစ်သွားမည်ဟု ဆိုလိုသလော။ အခြေအနေ တိုးတက်ကောင်းမွန်လာရန် အဘယ်အရာမျှ မပြုလုပ်နိုင်တော့ပြီလော။ ဆင်းရဲနွမ်းပါးသူများကိုကူ ညီရန် ခရစ်ယာန်များ အဘယ်အရာပြုလုပ်နိုင်သနည်း။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 နာမည်ပြောင်းထားသည်။