မိမိ၏သိုးတော်စုအတွက် သိုးထိန်းများကို ယေဟောဝါလေ့ကျင့်ပေး
မိမိ၏သိုးတော်စုအတွက် သိုးထိန်းများကို ယေဟောဝါလေ့ကျင့်ပေး
‘ထာဝရဘုရားသခင်သည် ဉာဏ်ပညာကိုပေးတော်မူ၏။ အသိပညာနှင့်နားလည်နိုင်သောဉာဏ်သည် နှုတ်တော်မှထွက်၏။’—သု. ၂:၆၊ သမ္မာ။
၁၊ ၂။ နှစ်ခြင်းခံပြီးသော အမျိုးသားများသည် အသင်းတော်ရှိ ထပ်ဆင့်တာဝန်များကို အဘယ်ကြောင့် တက်လှမ်းယူကြသနည်း။
“အကြီးအကဲအဖြစ် ခန့်အပ်ခံရတုန်းက ကျွန်တော် အရမ်းဝမ်းသာတယ်။ ဒီအခွင့်ထူးကို ယေဟောဝါရဲ့အမှုတော်ကို တိုးချဲ့လုပ်ဆောင်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် ကျွန်တော်ယူမှတ်တယ်။ ကျွန်တော့်အတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးပြန်ဆပ်ရမယ်လို့ ခံစားရတယ်။ ဒါ့အပြင် အသင်းတော်က ညီအစ်ကိုညီအစ်မတွေကို အတတ်နိုင်ဆုံး အပြည့်အဝကူညီပေးချင်တယ်၊ တခြားအကြီးအကဲတွေ ကျွန်တော့်ကို ကူညီပေးခဲ့သလို သူတို့ကိုလည်း ကူညီပေးချင်တယ်” ဟု ကြီးကြပ်မှူးအဖြစ် ခုနစ်နှစ်အမှုဆောင်ခဲ့သူ နစ်ခ်ကဆို၏။ သူသည် ပျော်ရွှင်သော်လည်း စိုးရိမ်နေ၏။ “ခန့်အပ်ခံရတုန်းက ကျွန်တော်ဟာ အသက် ၂၀ ကျော်ပဲရှိသေးတဲ့အတွက် အသင်းတော်ကို ထိထိရောက်ရောက် ထိန်းကျောင်းနိုင်ဖို့ ပိုင်းခြားသိမြင်မှုနဲ့ ဉာဏ်ပညာစတဲ့ အရည်အသွေးကောင်းတွေ မရှိမှာစိုးရိမ်တယ်။”
၂ မိမိ၏သိုးတော်စုကို ကြည့်ရှုစောင့်ရှောက်ရန် ယေဟောဝါခန့်အပ်ထားသူတို့တွင် ပျော်ရွှင်စရာအကြောင်း များစွာရှိပါသည်။ ပျော်ရွှင်ရသည့် အကြောင်းရင်းတစ်ရပ်နှင့်စပ်လျဉ်း၍ တမန်တော်ပေါလုသည် ယေရှု၏စကားများကိုကိုးကား၍ ဧဖက်မြို့မှအကြီးအကဲများကို ဤသို့ သတိရစေခဲ့သည်– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။” (တမန်တော် ၂၀:၃၅၊ ကဘ) နှစ်ခြင်းခံပြီးသော အမျိုးသားများသည် ဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲများအဖြစ် ယေဟောဝါနှင့် အသင်းတော်အတွက် ပို၍အမှုဆောင်နိုင်ကြသည်။ ဥပမာ၊ ဓမ္မအမှုထမ်းများသည် အကြီးအကဲများကို ကူညီပေးခွင့်ရကြ၏။ ဤဓမ္မအမှုထမ်းများသည် အချိန်ကုန်သော်လည်း အရေးပါသည့်တာဝန်များကို ထမ်းဆောင်ကြသည်။ အရေးကြီးသည့်လုပ်ငန်းတွင် ပါဝင်အမှုဆောင်ရန် ဤညီအစ်ကိုများကို လှုံ့ဆော်ပေးသည့်အရာမှာ ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်သည့် မေတ္တာဖြစ်သည်။—မာကု ၁၂:၃၀၊ ၃၁။
၃။ ညီအစ်ကိုတချို့သည် အသင်းတော်အခွင့်ထူးများကို တက်လှမ်းယူရန် အဘယ်ကြောင့် တွန့်ဆုတ်ကြသနည်း။
၃ ခရစ်ယာန်အမျိုးသားတစ်ဦးသည် အရည်အချင်းမပြည့်မီဟု ခံစားရသောကြောင့် ဓမ္မအမှုထမ်း၊ ထိုမှတစ်ဆင့် အကြီးအကဲဖြစ်ရန် တက်လှမ်းဖို့ တွန့်ဆုတ်နေလျှင်ကော အသို့နည်း။ နစ်ခ်ကဲ့သို့ပင် သူသည် အောင်မြင်သောသိုးထိန်းတစ်ဦးဖြစ်ရန် လိုအပ်သော အရည်အချင်းများမရှိဟု စိုးရိမ်နေပေမည်။ နှစ်ခြင်းခံပြီးသော ညီအစ်ကိုတစ်ဦးအနေနှင့် သင်လည်း ဤသို့ပင်ခံစားနေရသလော။ ထိုသို့စိုးရိမ်ခြင်းက သင့်လျော်ပါသည်။ သိုးတော်စုအပေါ် ဆက်ဆံပုံနှင့်ပတ်သက်၍ ခန့်အပ်ခံသိုးထိန်းများနှင့် ယေဟောဝါ စာရင်းရှင်းတော်မူမည်။ ယေရှုဤသို့မိန့်ဆိုခဲ့၏– “အကြင်သူသည် များစွာသောကျေးဇူးကိုခံ၏၊ ထိုသူသည်အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကိုအပ်နှင်း၏၊ ထိုသူကိုများစွာတောင်းလိမ့်မည်။”—လုကာ ၁၂:၄၈။
၄။ ယေဟောဝါသည် မိမိ၏သိုးတော်စုကို ဂရုစိုက်စောင့်ရှောက်ရန် ခန့်အပ်ထားသူတို့ကို မည်သို့ကူညီပေးတော်မူသနည်း။
၄ ယေဟောဝါသည် ဓမ္မအမှုထမ်းများ၊ အကြီးအကဲများအဖြစ် ကိုယ်တော်ခန့်အပ်ထားသူတို့ကို အကူအညီမပေးဘဲ ကိုယ့်ဝန်ကိုယ်ထမ်းဖို့ မျှော်လင့်တော်မူသလော။ ထိုသို့မဟုတ်ဘဲ ကိုယ်တော်သည် ကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်နှင့် အောင်မြင်ရန် လက်တွေ့ကျအကူအညီ ပေးထားတော်မူ၏။ ရှေ့ဆောင်းပါးတွင် ဆွေးနွေးခဲ့သည့်အတိုင်း ယေဟောဝါသည် သူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းပေးခြင်းဖြင့် ဝိညာဉ်အသီးများသီးပွင့်စေကာ သိုးများကို နူးညံ့သိမ်မွေ့စွာ ဂရုစိုက်စောင့်ရှောက်စေ၏။ (တမန်တော် ၂၀:၂၈; ဂလာတိ ၅:၂၂၊ ၂၃) ထို့ပြင် ယေဟောဝါသည် သူတို့အား ဉာဏ်ပညာ၊ အသိပညာနှင့် ပိုင်းခြားသိမြင်မှု ပေးတော်မူ၏။ (သု. ၂:၆) ကိုယ်တော်မည်သို့ပေးတော်မူသနည်း။ ယေဟောဝါသည် မိမိ၏သိုးတော်စုကို ဂရုစိုက်စောင့်ရှောက်ရန် ခန့်အပ်ထားသူတို့ကို လေ့ကျင့်ပေးသည့် နည်းသုံးနည်းကို ဆွေးနွေးကြည့်ကြစို့။
အတွေ့အကြုံရှိ သိုးထိန်းများဖြင့် လေ့ကျင့်ပေး
၅။ ပေတရုနှင့်ယောဟန်တို့သည် အဘယ်ကြောင့် အောင်မြင်သောသိုးထိန်းများ ဖြစ်ကြသနည်း။
၅ တမန်တော်ပေတရုနှင့် ယောဟန်တို့သည် ဆဲန်ဟီဒရင်ရှေ့မှောက် ရှိနေသောအခါ ထိုတရားရုံးမှ လောကပညာတတ်တရားသူကြီးများက သူတို့ကို “လူတတ်မဟုတ်၊ လူသာမည” အဖြစ် သတ်မှတ်ခဲ့ကြသည်။ သူတို့သည် ရေးတတ်၊ ဖတ်တတ်သော်လည်း ကျမ်းစာကို ရဗ္ဗိဆရာများထံမှ သင်ယူလေ့လာခဲ့ခြင်းမရှိကြချေ။ သို့တိုင် ပေတရုနှင့်ယောဟန်အပြင် အခြားတပည့်များသည် နားထောင်ခဲ့ကြသူများစွာကို ယုံကြည်သူများဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်သည့် ထိရောက်သောသွန်သင်သူများဖြစ်ကြောင်း သက်သေထူခဲ့ကြပြီ။ ထိုသာမန်အမျိုးသားတို့သည် ဤမျှထူးချွန်သော သွန်သင်သူများ မည်သို့ဖြစ်လာခဲ့ကြသနည်း။ ပေတရုနှင့်ယောဟန်တို့၏စကားကို နားထောင်ပြီးနောက် တရားရုံးက “ထိုသူနှစ်ယောက်တို့သည် အထက်က ယေရှုနှင့်အတူရှိသည်ကိုသတိရ” သွားသည်။ (တမန်တော် ၄:၁-၄၊ ၁၃) မှန်ပါသည်၊ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ရခဲ့ကြ၏။ (တမန်တော် ၁:၈) ယင်းက သူတို့ကို ယေရှုလေ့ကျင့်ပေးခဲ့ကြောင်း ဝိညာဉ်ရေးအလင်းကွယ်နေသည့် တရားသူကြီးများကိုပင် သိမြင်စေခဲ့သည်။ ယေရှုသည် တမန်တော်များနှင့်အတူ မြေကြီးပေါ်ရှိစဉ် သိုးကဲ့သို့စိတ်ထားရှိသူများကို မည်သို့စုသိမ်းရမည်သာမက ထိုသူတို့ သိုးတော်စုအဝင်ဖြစ်လာသောအခါ သူတို့ကို မည်သို့ထိန်းကျောင်းရမည်ကိုပါ သွန်သင်ပေးခဲ့၏။—မဿဲ ၁၁:၂၉; ၂၀:၂၄-၂၈; ၁ ပေတရု ၅:၄။
၆။ ယေရှုနှင့်ပေါလုသည် အခြားသူတို့ကို လေ့ကျင့်ပေးရာတွင် အဘယ်စံနမူနာပြခဲ့ကြသနည်း။
၆ ယေရှုသည် ထမြောက်ပြီးနောက် သိုးထိန်းများအဖြစ် ကိုယ်တော်ခန့်အပ်ထားသူတို့ကို ဆက်၍လေ့ကျင့်ပေးခဲ့သည်။ (ဗျာ. ၁:၁; ၂:၁–၃:၂၂) ဥပမာ၊ ကိုယ်တော်သည် ပေါလုကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ပြီး သူ့ကိုလေ့ကျင့်ပေးရာတွင် ကြီးကြပ်ခဲ့သည်။ (တမန်တော် ၂၂:၆-၁၀) ပေါလုသည် ရရှိခဲ့သည့် လေ့ကျင့်မှုကို တန်ဖိုးထားခဲ့ပြီး သင်ယူသိရှိခဲ့ရာတို့ကို အခြားအကြီးအကဲများထံ လက်ဆင့်ကမ်းခဲ့၏။ (တမန်တော် ၂၀:၁၇-၃၅) ဥပမာ၊ “ရှက်ကြောက်စရာအကြောင်းမရှိဘဲ” ဘုရားသခင့်လုပ်ငန်းတော်တွင် “ဆရာသမား” ဖြစ်ရန် တိမောသေကို လေ့ကျင့်ပေးရာတွင် အချိန်နှင့်ခွန်အားများစွာ အသုံးပြုခဲ့၏။ (၂ တိမောသေ ၂:၁၅) သို့နှင့် ဤအမျိုးသားနှစ်ဦးသည် အလွန်ရင်းနှီးလာခဲ့သည်။ အစောပိုင်းတွင် တိမောသေထံ ပေါလုဤသို့စာရေးခဲ့၏– “သားသည် အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည် ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်။” (ဖိလိပ္ပိ ၂:၂၂) ပေါလုသည် တိမောသေကိုဖြစ်စေ၊ အခြားမည်သူ့ကိုပင်ဖြစ်စေ သူ၏တပည့်ဖြစ်စေရန် မကြိုးစားခဲ့ချေ။ သို့အစား ‘သူသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့’ ယုံကြည်သူအချင်းချင်းလည်း ‘သူ့နည်းတူကျင့်ကြ’ ရန် အားပေးခဲ့သည်။—၁ ကောရိန္သု ၁၁:၁။
၇၊ ၈။ (က) အကြီးအကဲများသည် ယေရှုနှင့်ပေါလုကို တုပကြသောအခါ ရလဒ်ကောင်းများရခဲ့ကြောင်း အဘယ်တွေ့ ကြုံမှုက ဖော်ပြသနည်း။ (ခ) အကြီးအကဲများသည် ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများဖြစ်ရန် အလားအလာရှိသူတို့ကို အဘယ်အချိန်တွင် စတင်လေ့ကျင့်ပေးသင့်သနည်း။
၇ အတွေ့အကြုံရှိ သိုးထိန်းများသည် ယေရှုနှင့်ပေါလုကိုတုပ၍ နှစ်ခြင်းခံပြီးသော ညီအစ်ကိုများကို လေ့ကျင့်ပေးရန် အစပြုလုပ်ဆောင်ကြရာ ထပ်တူရလဒ်ကောင်းများ ရရှိခဲ့ကြသည်။ ချက်ဒ်၏အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ သူသည် ဘာသာရေးကွဲပြားသည့်အိမ်ထောင်တွင် ကြီးပြင်းလာခဲ့သော်လည်း မကြာသေးမီက အကြီးအကဲတစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူဤသို့ဆို၏– “နှစ်တွေတစ်လျှောက် အတွေ့အကြုံရှိ အကြီးအကဲတချို့ရဲ့ အကူအညီတွေကြောင့် ဝိညာဉ်ရေးမှာ တိုးတက်လာခဲ့တယ်။ ကျွန်တော့်အဖေက မယုံကြည်သူဆိုတော့ အဲ့ဒီအကြီးအကဲတွေ ကျွန်တော့်ကို အထူးစိတ်ဝင်စားမှုပြခဲ့လို့ သူတို့ဟာ ကျွန်တော့်အတွက် ဝိညာဉ်ရေးဖခင်တွေလိုပါပဲ။ ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်တော့်ကို အချိန်ယူလေ့ကျင့်ပေးခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော် အသင်းတော်တာဝန်တွေရလာတဲ့အခါ အထူးသဖြင့် အကြီးအကဲတစ်ယောက်က လေ့ကျင့်ပေးခဲ့တယ်။”
၈ ချက်ဒ်၏တွေ့ကြုံမှုက ဖော်ပြသည့်အတိုင်း အမြော်အမြင်ရှိသောသိုးထိန်းတို့သည် ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများဖြစ်ရန် အလားအလာရှိသူတို့ကို အဆိုပါအခွင့်ထူးများအတွက် အရည်အချင်းမပြည့်မီခင် ကြာမြင့်စွာကတည်းကပင် စတင်လေ့ကျင့်ပေးကြသည်။ အဘယ်ကြောင့် ထိုသို့လေ့ကျင့်ပေးရသနည်း။ အကြောင်းမှာ ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများသည် ခန့်အပ်မခံရမီကပင် မြင့်မားသောကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစံနှုန်းရှိဖို့လိုကြောင်း ကျမ်းစာက မိန့်မှာထား၍ဖြစ်သည်။ သူတို့သည် “သင့်တော်မှုရှိမရှိ ဦးစွာစမ်းသပ်ခံကြရ” မည်။—၁ တိမောသေ ၃:၁-၁၀၊ ကဘ။
၉။ ရင့်ကျက်သောသိုးထိန်းများတွင် အဘယ်တာဝန်ရှိသနည်း။ အဘယ်ကြောင့်နည်း။
၉ နှစ်ခြင်းခံပြီးသော ညီအစ်ကိုများသည် စမ်းသပ်ခံရမည်ဖြစ်သောကြောင့် သူတို့ကို အရင်ဦးစွာ လေ့ကျင့်ပေးခြင်းက ကျိုးကြောင်းညီညွတ်ပါသည်။ ဥပမာပြရမည်ဆိုလျှင် ကျောင်းသားတစ်ဦးကို ဆရာများက သေသေချာချာ မလေ့ကျင့်ပေးဘဲ ခက်ခဲသောစာမေးပွဲတစ်ခုကို ဖြေဆိုခိုင်းပါက အဆိုပါကျောင်းသားသည် စာမေးပွဲအောင်ပါမည်လော။ ကျရှုံးဖို့အကြောင်း ပိုများမည်ဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်မှုလိုအပ်၏။ သို့သော် တာဝန်ကျေသောဆရာများသည် ကျောင်းသားများကို စာမေးပွဲအောင်ရုံသာမက သူတို့ရရှိသည့် အသိပညာကို အသုံးချတတ်ရန်လည်း လေ့ကျင့်ပေးကြသည်။ ထိုနည်းတူ၊ လုံ့လရှိသောအကြီးအကဲများသည် နှစ်ခြင်းခံပြီးသော ညီအစ်ကိုများကို သေသေချာချာ လေ့ကျင့်ပေးခြင်းအားဖြင့် ခန့်အပ်ခံအမျိုးသားတစ်ဦး ပြည့်မီရမည့် အရည်အချင်းများရှိစေရန် ကူညီပေးကြသည်။ သူတို့သည် အဆိုပါညီအစ်ကိုများကို ခန့်ထားလို၍သာမကဘဲ သိုးတော်စုကို ကောင်းစွာကြည့်ရှု စောင့်ရှောက်နိုင်စွမ်းရှိရန် ထိုသို့ကူညီပေးကြခြင်းဖြစ်သည်။ (၂ တိမောသေ ၂:၂) နှစ်ခြင်းခံပြီးသော ညီအစ်ကိုများသည် ဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲအဖြစ် အရည်အချင်းပြည့်မီရန် ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ကြရမည်။ (တိတု ၁:၅-၉) သို့သော် အတွေ့အကြုံရှိ သိုးထိန်းများသည် အသင်းတော်တာဝန်များကို လက်လှမ်းယူနေသူတို့ကို လိုလိုလားလား လေ့ကျင့်ပေးခြင်းဖြင့် သူတို့အလျင်အမြန် တိုးတက်လာရန် ကူညီပေးနိုင်ကြသည်။
၁၀၊ ၁၁။ သိုးထိန်းများသည် ထပ်ဆင့်အခွင့်ထူးများအတွက် အခြားသူတို့ကို မည်သို့လေ့ကျင့်ပေးနိုင်သနည်း။
၁၀ အတွေ့အကြုံရှိ သိုးထိန်းများသည် အခြားသူတို့ကို အသင်းတော်တာဝန်များ ထမ်းဆောင်နိုင်ရန် မည်သို့သေသေချာချာ လေ့ကျင့်ပေးနိုင်ကြသနည်း။ ဦးစွာ သိုးထိန်းများသည် အသင်းတော်ရှိညီအစ်ကိုများနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်း၊ ‘အမှန်တရားကို မှန်ကန်စွာ ပိုင်းခြား’ ရာတွင် သူတို့၏စွမ်းရည်တိုးတက်စေရန် ကူညီပေးခြင်းဖြင့် သူတို့ကို စိတ်ဝင်စားကြောင်းပြသင့်သည်။ (၂ တိမောသေ ၂:၁၅) ရင့်ကျက်သောသိုးထိန်းများသည် အခြားသူတို့၏အစေကိုခံခြင်းမှ ရရှိလာသည့် ရွှင်လန်းဝမ်းမြောက်မှုနှင့် ဝိညာဉ်ရေးပန်းတိုင်များချပြီး အရောက်လှမ်းခြင်းမှ ရရှိသည့် ကျေနပ်ရောင့်ရဲမှုအကြောင်းများကို ညီအစ်ကိုများနှင့် ဆွေးနွေးပြောဆိုကြသည်။ ထို့ပြင် သူတို့သည် ညီအစ်ကိုတစ်ဦး “သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူ” မည်သို့ဖြစ်လာနိုင်ကြောင်း သတ်သတ်မှတ်မှတ် အကြံပြုချက်များကို ကြင်နာစွာပေးသည်။—၁ ပေတရု ၅:၃၊ ၅။
၁၁ ညီအစ်ကိုတစ်ဦးသည် ဓမ္မအမှုထမ်းအဖြစ် ခန့်အပ်ခံရသည့်အခါ သူ့ကို ပညာရှိသိုးထိန်းများက ဆက်၍လေ့ကျင့်ပေးကြသည်။ အကြီးအကဲအဖြစ် အနှစ် ၅၀ နီးပါးအမှုထမ်းခဲ့သူ ဘရုစ်က ဤသို့ဆို၏– “ခန့်အပ်ပြီးခါစ ဓမ္မအမှုထမ်းတစ်ဦးနဲ့အတူထိုင်ပြီး သစ္စာနဲ့သတိပညာရှိကျွန်က ထုတ်ဝေပေးထားတဲ့ ညွှန်ကြားချက်တွေ ပြန်သုံးသပ်ရတာကို ကျွန်တော်နှစ်သက်တယ်။ သူ့ကိုပေးအပ်ထားတဲ့တာဝန်နဲ့ဆိုင်တဲ့ လမ်းညွှန်ချက်တစ်ခုခုကို ဖတ်ရှုလေ့လာကြတယ်။ ပြီးတော့ သူ့ရဲ့တာဝန်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တဲ့အထိ သူနဲ့အတူ လုပ်ဆောင်ချင်တယ်။” ဓမ္မအမှုထမ်းတစ်ဦးသည် အတွေ့အကြုံရလာသည်နှင့်အမျှ သိုးထိန်းလည်ပတ်မှုတွင်လည်း လေ့ကျင့်ခံရနိုင်သည်။ “ဓမ္မအမှုထမ်းတစ်ဦးနဲ့အတူ သိုးထိန်းလည်ပတ်မှုသွားတဲ့အခါ ကျွန်တော်တို့လည်ပတ်မယ့်သူအတွက် ဒါမှမဟုတ် မိသားစုအတွက် အားပေးလှုံ့ဆော်မှုဖြစ်စေမယ့် ကျမ်းချက်တွေကို ရွေးချယ်တတ်ဖို့ သူ့ကိုကူညီပေးတယ်။ ဓမ္မအမှုထမ်းတစ်ဦးဟာ အောင်မြင်တဲ့သိုးထိန်းတစ်ဦးဖြစ်ဖို့ နှလုံးထိမိစေတဲ့ကျမ်းချက်တွေ အသုံးပြုတတ်ရမယ်” ဟု ဘရုစ်ကဆက်ပြောသည်။—ဟေဗြဲ ၄:၁၂; ၅:၁၄။
၁၂။ အတွေ့အကြုံရှိသိုးထိန်းများသည် ခန့်အပ်ပြီးခါစ အကြီးအကဲများကို မည်သို့လေ့ကျင့်ပေးနိုင်သနည်း။
၁၂ ခန့်အပ်ပြီးခါစ သိုးထိန်းများသည်လည်း ထပ်ဆင့်လေ့ကျင့်ပေးမှုမှ အကျိုးများစွာရရှိကြသည်။ အစောပိုင်းတွင်ဖော်ပြခဲ့သည့် နစ်ခ်က ဤသို့ပြောသည်– “အထူးသဖြင့် အသက်ကြီးတဲ့ ကြီးကြပ်မှူးနှစ်ယောက်ရဲ့ လေ့ကျင့်ပေးမှုက အတော်လေး အထောက်အကူဖြစ်တယ်။ အဲဒီညီအစ်ကိုတွေက ကိစ္စရပ်တချို့ကို ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာ နားလည်ကြတယ်။ ကျွန်တော်ပြောတာတွေကို အမြဲစိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး ကျွန်တော့်ရဲ့အမြင်ကို သူတို့သဘောမတူရင်တောင် အလေးအနက်ထားပြီး စဉ်းစားပေးကြတယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကို သူတို့ နှိမ့်နှိမ့်ချချနဲ့ တလေးတစားဆက်ဆံတာကိုကြည့်ပြီး ကျွန်တော် အများကြီးသင်ယူခဲ့ရတယ်။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ဒါမှမဟုတ် အားပေးတဲ့အခါ ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့လိုကြောင်း အဲ့ဒီအကြီးအကဲတွေက ကျွန်တော်စွဲမှတ်သွားအောင် ပြောပြကြတယ်။”
သမ္မာကျမ်းစာအားဖြင့် လေ့ကျင့်ပေး
၁၃။ (က) ညီအစ်ကိုတစ်ဦးသည် အောင်မြင်သောသိုးထိန်းတစ်ဦးဖြစ်ရန် အဘယ်အရာလိုအပ်သနည်း။ (ခ) ‘ငါဟောသောတရားသည် ငါ၏တရားမဟုတ်’ ဟုယေရှုအဘယ်ကြောင့် မိန့်ဆိုခဲ့သနည်း။
၁၃ “ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ” ဖြစ်လာရန် သိုးထိန်းတစ်ဦးလိုက်လျှောက်ရမည့် ပညတ်တရားများ၊ မူများနှင့် ပုံနမူနာများ သမ္မာကျမ်းစာတွင်ပါရှိသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ညီအစ်ကိုတစ်ဦးသည် လောကပညာ ကောင်းစွာတတ်ထားမည်ဖြစ်သော်လည်း သူ၏ကျမ်းစာအသိပညာနှင့် ယင်းကိုလက်တွေ့ကျင့်သုံးပုံက သူ့အား သိုးထိန်းကောင်းတစ်ဦး ဖြစ်စေသည်။ ယေရှု၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်သည် ကမ္ဘာပေါ်အသက်ရှင်ခဲ့သမျှသောသူတို့တွင် အသိပညာအကြွယ်ဆုံး၊ အမြော်အမြင်အရှိဆုံး၊ ပညာအရှိဆုံး ဝိညာဉ်ရေးသိုးထိန်းတစ်ပါးဖြစ်သော်လည်း ယေဟောဝါ၏သိုးများကို သွန်သင်သောအခါ မိမိ၏ဉာဏ်ပညာကို အားမကိုးခဲ့ချေ။ ကိုယ်တော်ဤသို့ မိန့်ဆိုခဲ့သည်– ‘ငါဟောသောတရားသည် ငါ၏တရားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ တရားဖြစ်၏။’ ယေရှုသည် ကောင်းကင်ခမည်းတော်ကို အဘယ်ကြောင့် ဂုဏ်တင်ခဲ့သနည်း။ ကိုယ်တော် ဤသို့ရှင်းပြသည်– “မိမိကိုယ်ပိုင်တရားစကားကို ဟောပြောသွန်သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။”—ယောဟန် ၇:၁၆၊ ၁၈၊ ခမ (ခေတ်သုံးမြန်မာသမ္မာကျမ်း)။
၁၄။ သိုးထိန်းများသည် မိမိဘုန်းအသရေကိုရှာခြင်းမှ မည်သို့ရှောင်နိုင်သနည်း။
၁၄ သစ္စာရှိသိုးထိန်းများသည် မိမိဘုန်းအသရေကိုရှာဖို့ မကြိုးစားကြချေ။ သူတို့သည် မိမိတို့၏ဉာဏ်ပညာကို အားမကိုးဘဲ သမ္မာကျမ်းစာကိုအခြေပြု၍ သွန်သင်အားပေးကြသည်။ သိုးထိန်းတစ်ဦး၏တာဝန်မှာ သိုးများအား အကြီးအကဲများ၏စိတ်ကို ခံယူရန်မဟုတ်ဘဲ “ခရစ်တော်၏စိတ်” ကိုခံယူရန် ကူညီပေးဖို့ဖြစ်ကြောင်း သူတို့သဘောပေါက်ကြသည်။ (၁ ကောရိန္သု ၂:၁၄-၁၆) ဥပမာ၊ အိမ်ထောင်ရေးပြဿနာကြုံနေရသည့် ဇနီးမောင်နှံကို ကူညီပေးနေသူ အကြီးအကဲတစ်ဦးသည် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ မှထုတ်ဝေပေးထားသည့် ကျမ်းစာမူများနှင့် အချက်အလက်ပေါ်တွင်မဟုတ်ဘဲ မိမိ၏အတွေ့အကြုံအပေါ် အခြေပြု၍ သွန်သင်ပေးမည်ဆိုလျှင် အသို့နည်း။ (မဿဲ ၂၄:၄၅) ဒေသခံဓလေ့ထုံးတမ်းများ၏ ဩဇာလွှမ်းမှုကို အလွန်အကျွံခံထားရသော၊ အတွေ့အကြုံနည်းခြင်းကြောင့် အကန့်အသတ်ဖြစ်သော အကြံဉာဏ်မျိုး ဖြစ်ကောင်းဖြစ်ပေမည်။ အချို့သောဓလေ့ထုံးတမ်းများကိုယ်နှိုက်က မမှားသည့်အပြင် အဆိုပါအကြီးအကဲသည်လည်း ဘဝအတွေ့အကြုံရှိသူဖြစ်မည်မှာ မှန်ပါသည်။ သို့သော် သိုးထိန်းတို့သည် သိုးများအား လူ့အတွေးအခေါ် သို့မဟုတ် ဒေသခံဓလေ့ထုံးတမ်း၏ စည်းမျဉ်းများကို နားထောင်စေမည့်အစား ယေရှု၏စကားသံနှင့် ယေဟောဝါ၏မိန့်ဆိုချက်များကို နားထောင်ဖို့ အားပေးမည်ဆိုလျှင် အကျိုးအရှိဆုံးဖြစ်မည်။—ဆာလံ ၁၂:၆; သု. ၃:၅၊ ၆။
‘သစ္စာနှင့်သတိပညာရှိကျွန်’ အားဖြင့် လေ့ကျင့်ပေး
၁၅။ ယေရှုသည် ‘သစ္စာနှင့်သတိပညာရှိကျွန်’ ကို အဘယ်တာဝန်အပ်နှင်းခဲ့သနည်း။ ဤကျွန်အတန်းအစား အောင်မြင်ရသည့် အကြောင်းရင်းတစ်ခုကား အဘယ်နည်း။
၁၅ တမန်တော်ပေတရု၊ ယောဟန်နှင့် ပေါလုကဲ့သို့သောသိုးထိန်းများသည် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ဟု ယေရှုဖော်ပြခဲ့သည့်အုပ်စုမှ အဖွဲ့ဝင်များဖြစ်ကြသည်။ ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်ချုပ်ရန် မျှော်လင့်ချက်ရှိသည့် မြေကြီးပေါ်မှ ယေရှု၏ဝိညာဉ်တော်ဖွား ညီအစ်ကိုများဖြင့် ဤကျွန်အတန်းအစားကို ဖွဲ့စည်းထားသည်။ (ဗျာ. ၅:၉၊ ၁၀) ဤစနစ်၏ နောက်ဆုံးနေ့ရက်များအတွင်း မြေကြီးပေါ်ရှိ ခရစ်တော်၏ညီတော်များ၏ အရေအတွက်သည် သိသိသာသာ လျော့နည်းလာလေပြီ။ သို့သော် အဆုံးမရောက်မီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောပါဟူသော ယေရှုအပ်နှင်းခဲ့သည့်လုပ်ငန်းကို တစ်ခါနှင့်မျှမတူအောင် ပိုမိုတိုးချဲ့လုပ်ဆောင်နေပါသည်။ သို့ဖြစ်၍ အဆိုပါကျွန်အတန်းအစားသည် ထူးထူးခြားခြား အောင်မြင်ခဲ့ပြီ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် သူတို့ကို ကူညီထောက်မရန် “အခြားသိုး” မှအဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့၍ဖြစ်သည်။ (ယောဟန် ၁၀:၁၆; မဿဲ ၂၄:၁၄; ၂၅:၄၀) ယနေ့ အဆိုပါလုပ်ငန်း၏ အများစုအပိုင်းကို ဤတည်ကြည်သောအုပ်စုက အောင်မြင်ပြီးမြောက်စေသည်။
၁၆။ ကျွန်အတန်းအစားသည် ခန့်အပ်ခံအမျိုးသားများကို မည်သို့လေ့ကျင့်ပေးသနည်း။
၁၆ ကျွန်အတန်းအစားသည် ဤလေ့ကျင့်မှုကို မည်သို့ထောက်ကူပေးသနည်း။ ပထမရာစုတွင် ကျွန်အတန်းအစား၏ ကိုယ်စားလှယ်များသည် အသင်းတော်များ၌ ကြီးကြပ်မှူးများကို လေ့ကျင့်ပေးရန်နှင့် တာဝန်ခန့်အပ်ရန် အခွင့်အာဏာအပ်နှင်းခံခဲ့ရသည်။ ကြီးကြပ်မှူးများကလည်း သိုးများကို တစ်ဖန် ပြန်လေ့ကျင့်ပေးခဲ့ကြ၏။ (၁ ကောရိန္သု ၄:၁၇) ယနေ့လည်း ထိုနည်းတူပင်။ ကျွန်အတန်းအစားကို ကိုယ်စားပြုသော ဝိညာဉ်တော်ဖွားအကြီးအကဲ အုပ်စုငယ်လေးဖြစ်သည့် အုပ်ချုပ်ရေးအဖွဲ့သည် ၎င်း၏ကိုယ်စားလှယ်များကို ကမ္ဘာတစ်ဝန်း သောင်းနှင့်ချီသော အသင်းတော်များတွင် ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများကို လေ့ကျင့်ပေးရန်နှင့် တာဝန်ခန့်အပ်ရန် အခွင့်အာဏာပေးထားသည်။ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့သည် သိုးများကို အကောင်းဆုံးနည်းဖြင့် ကြည့်ရှုစောင့်ရှောက်ပေးရန် ဌာနခွဲကော်မတီဝင်များ၊ နယ်လှည့်ကြီးကြပ်မှူးများ၊ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကို လေ့ကျင့်ပေးသည့်ကျောင်းများ ဖွဲ့စည်းပေးသည်။ စာများဖြင့်လည်းကောင်း၊ ကင်းမျှော်စင်ဆောင်းပါးများဖြင့်လည်းကောင်း၊ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းဟူသော အခြားစာပေများဖြင့်လည်းကောင်း ထပ်ဆင့်ညွှန်ကြားပေး၏။ *
၁၇။ (က) ယေရှုသည် ကျွန်အတန်းအစားကို ယုံကြည်စိတ်ချကြောင်း မည်သို့ဖော်ပြခဲ့သနည်း။ (ခ) ဝိညာဉ်ရေးသိုးထိန်းများသည် ကျွန်အတန်းအစားကို ယုံကြည်စိတ်ချကြောင်း မည်သို့ဖော်ပြနိုင်ကြသနည်း။
၁၇ အဆိုပါကျွန်အတန်းအစားကို ယေရှုအလွန်ယုံကြည်စိတ်ချ၍ “မိမိဥစ္စာရှိသမျှ” ဖြစ်သော မြေကြီးဆိုင်ရာအကျိုးစီးပွားအားလုံးကို သူတို့ထံအပ်နှင်းခဲ့သည်။ (မဿဲ ၂၄:၄၇) ခန့်အပ်ခံသိုးထိန်းများကလည်း ကျွန်အတန်းအစားအပေါ် ယုံကြည်စိတ်ချကြောင်း အုပ်ချုပ်ရေးအဖွဲ့မှ ရရှိသည့် လမ်းညွှန်ချက်များကို ကျင့်သုံးခြင်းဖြင့် တင်ပြကြသည်။ သိုးထိန်းများသည် အခြားသူတို့ကို လေ့ကျင့်ပေးသည့်အခါ၊ သူတို့ကိုယ်တိုင် ကျမ်းစာအားဖြင့် လေ့ကျင့်မှုခံယူသည့်အခါ၊ ကျွန်အတန်းအစားမှစီမံပေးသည့် လေ့ကျင့်မှုကို လက်တွေ့ကျင့်သုံးသည့်အခါ သိုးတော်စုအတွင်း စည်းလုံးမှုတိုးပွားစေသည်။ ခရစ်ယာန်အသင်းတော်သား တစ်ဦးစီအပေါ် အလွန်ဂရုစိုက်သည့် အမျိုးသားများကို ယေဟောဝါလေ့ကျင့်ပေးတော်မူခဲ့သည့်အတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်လေးမြတ်ကြပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 ယေဟောဝါသက်သေများထုတ်ဝေသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ရင့်ကျက်သော ဝိညာဉ်ရေးသိုးထိန်းများသည် အခြားသူတို့ကို မည်သို့လေ့ကျင့်ပေးကြသနည်း။
• သိုးထိန်းများသည် အဘယ်ကြောင့် ကိုယ်ပိုင်အတွေးအခေါ်ကို အခြေပြု၍ မသွန်သင်ကြသနည်း။
• သိုးထိန်းများသည် ကျွန်အတန်းအစားအပေါ် မည်သို့နှင့်အဘယ်ကြောင့် ယုံကြည်စိတ်ချကြသနည်း။
[လေ့လာရန်မေးခွန်းများ]
ယေဟောဝါသက်သေများထုတ်ဝေသည်။
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]
ခရစ်ယာန်အကြီးအကဲများသည် အသင်းတော်ရှိ ငယ်ရွယ်သောအမျိုးသားများကို လေ့ကျင့်ပေးကြ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ သည် အကြီးအကဲများကိုများစွာလေ့ကျင့်ပေး