ယေရှု၏ပုံသက်သေကိုလိုက်ပြီး နွမ်းပါးသူများကို စိုးရိမ်ကြောင့်ကြမှုပြပါ
ယေရှု၏ပုံသက်သေကိုလိုက်ပြီး နွမ်းပါးသူများကို စိုးရိမ်ကြောင့်ကြမှုပြပါ
ဆင်းရဲနွမ်းပါးမှုနှင့် ဖိနှိပ်မှုသည် ရှေးယခင်ကပင် တည် ရှိလာခဲ့ရာဖြစ်သည်။ ဘုရားသခင့်ပညတ်တော်က နွမ်းပါးသူများကို ကာကွယ်ပေးပြီး သူတို့၏အခက်အခဲများကို လျော့ပါးစေသော်လည်း ဣသရေလလူမျိုးများသည် ထိုပညတ်ကို အကြိမ်ကြိမ် မနာခံခဲ့ကြပေ။ (အာမုတ် ၂:၆) ဆင်းရဲသားများအား ဆက်ဆံပုံကို ပရောဖက်ယေဇကျေလ ပြစ်တင်ပြောဆိုခဲ့သည်။ သူက “ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း၊ ဓားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက်ခြင်း၊ တစ်ပါးအမျိုးသားတို့အား မတရားသဖြင့်ညှဉ်းဆဲခြင်းကိုပြုကြ၏” ဟုဆိုခဲ့သည်။—ယေဇကျေလ ၂၂:၂၉။
ယေရှု မြေကြီးပေါ်ရှိစဉ်က အခြေအနေသည်လည်း အလားတူပင်ဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များသည် ဆင်းရဲသောသူများနှင့် အကူအညီလိုအပ်နေသူများကို လုံးဝဂရုမစိုက်ခဲ့ကြ။ “မုဆိုးမအိမ်ကို လုယူသိမ်းစား” ပြီး အသက်ကြီးသောသူနှင့် အကူအညီလိုနေသူတို့များအား ကြည့်ရှုပြုစုခြင်းထက် မိမိတို့၏ဓလေ့ထုံးစံများကို ပို၍စိတ်ဝင်စားကြသည့် ဘာသာရေးခေါင်းဆောင်များကို “ငွေကိုတပ်မက်” သူများဟု ခေါ်ထားသည်။ (လုကာ ၁၆:၁၄; ၂၀:၄၇; မဿဲ ၁၅:၅၊ ၆) ယေရှု၏ ကောင်းသောရှမာရိလူပုံ ဥပမာတွင် ယဇ်ပုရောဟိတ်တစ်ဦးနှင့်လေဝိလူတစ်ဦးသည် ထိခိုက်ဒဏ်ရာရသူတစ်ဦးကိုမြင်သောအခါ သွား၍ကူညီမည့်အစား လမ်းတစ်ဖက်ခြမ်းမှ သူ့ကိုရှောင်လွှဲသွားကြသည်မှာ စိတ်ဝင်စားဖွယ်ပင်။—လုကာ ၁၀:၃၀-၃၇။
နွမ်းပါးသူများကို ယေရှု စိုးရိမ်ကြောင့်ကြမှုပြ
ယေရှုသည် ဆင်းရဲသားများ၏ အခက်အခဲများကို အပြည့်အဝနားလည်ပြီး သူတို့၏လိုအပ်ရာများကိုလည်း အလွန်အမင်းအကင်းပါးပါး သိတတ်သူဖြစ်ကြောင်း ကိုယ်တော်၏အသက်တာနှင့်ပတ်သက်သော ခရစ်ဝင်ကျမ်းမှတ်တမ်းက ဖော်ပြသည်။ ယေရှုသည် ကောင်းကင်တွင်နေထိုင်သော်လည်း မိမိအသရေကိုစွန့်၍ လူသားအသက်တာယူကာ “ကျွန်ုပ်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူ” ခဲ့သည်။ (၂ ကောရိန္သု ၈:၉) လူအုပ်ကိုတွေ့သောအခါ ယေရှုသည် “သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။” (မဿဲ ၉:၃၆) “မိမိတို့ ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍” ပေးသော ချမ်းသာသူများ၏အလှူကိုမဟုတ်ဘဲ ဆင်းရဲသောမုဆိုးမ၏ သေးငယ်သောအလှူကိုသာ ယေရှုစိတ်စွဲမှတ်ခဲ့ကြောင်း ဆင်းရဲသောမုဆိုးမမှတ်တမ်းက ဖော်ပြသည်။ သူသည် “အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချ” ခဲ့သောကြောင့် ကိုယ်တော်၏စိတ်နှလုံးကို ထိမိခဲ့သည်။—လုကာ ၂၁:၄။
ယေရှုသည် ဆင်းရဲသောသူများကို သနားရုံသာမဟုတ်ဘဲ သူတို့၏လိုအပ်ရာများကိုလည်း ကိုယ်တိုင်ကိုယ်ကျ စိုးရိမ်ကြောင့်ကြမှုပြတော်မူခဲ့သည်။ ဆင်းရဲသောဣသရေလလူများကိုပေးရန် ကိုယ်တော်နှင့် ကိုယ်တော်၏တမန်တော်တို့တွင် ဘုံရန်ပုံငွေရှိသည်။ (မဿဲ ၂၆:၆-၉; ယောဟန် ၁၂:၅-၈; ၁၃:၂၉) မိမိနောက်လိုက်ဖြစ်လိုသူသည် ဆင်းရဲသောသူများအား ကူညီရမည့်တာဝန်ကို အသိအမှတ်ပြုရန် ယေရှု အားပေးခဲ့သည်။ ချမ်းသာကြွယ်ဝသော လူငယ်အရာရှိတစ်ဦးကို ကိုယ်တော်က “ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အားပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့” ဟုမိန့်ဆိုခဲ့သည်။ လူငယ်သည် သူ၏ဥစ္စာပစ္စည်းများကို မစွန့်လွှတ်လိုခြင်းက ဘုရားသခင်နှင့် လူလူချင်းထက် ချမ်းသာကြွယ်ဝမှုကို သူပိုချစ်ကြောင်းပြသည်။ ထို့ကြောင့် ထိုသူတွင် ယေရှုနောက်လိုက်တစ်ဦးဖြစ်ရန် လိုအပ်သော အရည်အချင်းများ မရှိပေ။—လုကာ ၁၈:၂၂၊ ၂၃။
ခရစ်တော်၏နောက်လိုက်များသည် နွမ်းပါးသူများကို စိုးရိမ်ကြောင့်ကြ
ယေရှုသေဆုံးပြီးနောက် တမန်တော်များနှင့် ခရစ်တော်၏ အခြားနောက်လိုက်များသည် မိမိတို့တွင်ရှိသော ဆင်းရဲသောသူများကို စိုးရိမ်ကြောင့်ကြမှုဆက်ပြခဲ့ကြသည်။ အေဒီ ၄၉ ခန့်တွင် တမန်တော်ပေါလုသည် ယာကုပ်၊ ပေတရု၊ ယောဟန်တို့နှင့်တွေ့ဆုံပြီး သတင်းကောင်းဟောရန် ယေရှုခရစ်ထံမှရရှိသော သူ့တာဝန်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ပေါလုနှင့်ဗာနဗတို့သည် “တစ်ပါးအမျိုးသားတို့” ထံသွားပြီး သူတို့၏ဟောပြောခြင်းတွင် လူမျိုးခြားတို့ကိုအာရုံစိုက်သင့်ကြောင်း သူတို့သဘောတူခဲ့ကြသည်။ သို့သော် ယာကုပ်နှင့်သူ့အပေါင်းပါများက ပေါလုနှင့်ဗာနဗတို့အား “ဆင်းရဲသောသူများကိုအောက်မေ့” ရန် တိုက်တွန်းခဲ့ကြသည်။ ထိုသို့ပင် ပေါလုသည် “ကြိုးစားအားထုတ်” လုပ်ဆောင်ခဲ့သည်။—ဂလာတိ ၂:၇-၁၀။
ဧကရာဇ်ကလောဒိလက်ထက်တွင် ရောမအင်ပါယာတစ်ခွင် အကြီးအကျယ် အစာခေါင်းပါးခြင်းဘေးဖြစ်ခဲ့သည်။ ထို့ကြောင့် အန္တိအုတ်မြို့မှခရစ်ယာန်များသည် “အသီးအသီးတတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသောညီအစ်ကိုတို့အား အကူအမပေးလိုက်မည်ဟု စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ထံသို့ပေးလိုက်ကြ၏။”—တမန်တော် ၁၁:၂၈-၃၀။
ယေရှု၏နောက်လိုက်များသည် အထူးသဖြင့် ယုံကြည်သူချင်း ဆင်းရဲသားများနှင့် အကူအညီလိုအပ်နေသူများကို စိတ်ဝင်စားမှုပြရမည်ကို ယနေ့ စစ်မှန်သောခရစ်ယာန်များ အသိအမှတ်ပြုကြသည်။ (ဂလာတိ ၆:၁၀) ထို့ကြောင့် သူတို့သည် ဆင်းရဲချို့ငဲ့သူများ၏ ရုပ်ပစ္စည်းလိုအပ်ရာများကို အမှန်တကယ် စိုးရိမ်ကြောင့်ကြပေးကြသည်။ ဥပမာအားဖြင့် ၁၉၉၈ ခုနှစ်တွင် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း နေရာအတော်များများတွင် အကြီးအကျယ် မိုးခေါင်ရေရှားဖြစ်ခဲ့သည်။ ထို့ကြောင့် စပါး၊ ပဲ၊ ပြောင်းတို့ပျက်စီးသွားခဲ့ရာ ယင်းသည် ၁၅ နှစ်အတွင်း အဆိုးရွားဆုံးသော ငတ်မွတ်ခေါင်းပါးမှုဖြစ်သည်။ အချို့သောနေရာများတွင် သောက်ရေပင် ရှားပါးလာခဲ့သည်။ နိုင်ငံ၏အခြားဒေသများရှိ ယေဟောဝါသက်သေတို့သည် ကယ်ဆယ်ရေးကော်မတီများကို ချက်ချင်းဖွဲ့စည်းကာ အချိန်တိုလေးအတွင်း အစားအစာတန်ချိန်ပေါင်းများစွာ စုဆောင်းခဲ့ကြပြီး အထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ရေးစရိတ်ကိုပင် ပေးဆောင်ခဲ့သည်။
ကယ်ဆယ်ရေးကြိုးပမ်းမှုများကို ကူညီခဲ့သည့် သက်သေခံများ ဤသို့ရေးသားခဲ့သည်– “ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို အခုလိုကူ ညီပေးရတာ၊ အထူးသဖြင့် ယေဟောဝါရဲ့စိတ် ရွှင်လန်းစေတယ်ဆိုတာ သေချာတဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်တယ်။ ယာကုပ် ၂:၁၅၊ ၁၆ မှာပါတဲ့စကားတွေကို ကျွန်တော်တို့ ဘယ်တော့မှမေ့မှာမဟုတ်ဘူး။” ထိုအခန်းငယ်များတွင် “ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍ နေ့တိုင်းစားရသောအစာမရှိသောအခါ သင်တို့တွင် တစ်စုံတစ်ယောက်သောသူက ‘ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့’ ဟုပြောလျက် သူတို့ကိုယ်နှင့်တော်လျော်သောအသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း” ဟုဖော်ပြထားသည်။
ဆောပိုလိုမြို့ရှိ ယေဟောဝါသက်သေများ၏ အသင်းတော်တစ်ခုမှ နှိမ့်ချမှုရှိပြီး စိတ်ထက်သန်သည့် ရုပ်ပစ္စည်းနွမ်းပါးသော သက်သေခံတစ်ဦးသည် သူ၏အခြေခံလိုအပ်ရာများရရှိရန် ကြိုးစားရုန်းကန်နေရသည်။ သူဤသို့ဆိုသည်– “ကျွန်မ ဆင်းဆင်းရဲရဲ အသက်ရှင်ရပေမဲ့ သမ္မာကျမ်းစာသတင်းတရားက ကျွန်မဘဝကို တကယ်အဓိပ္ပာယ်ရှိစေတယ်။ သက်သေခံချင်းတွေဆီကနေ အကူအညီသာမရခဲ့ရင် ကျွန်မဘယ်လိုဖြစ်သွားမယ်ဆိုတာ မသိဘူး။” မကြာသေးမီက ဤအလုပ်ကြိုးစားသော ခရစ်ယာန်အမျိုးသမီးသည် ခွဲစိတ်ကုသရန် လိုအပ်ခဲ့သော်လည်း ကုန်ကျစရိတ်ပေးရန် မတတ်နိုင်ခဲ့ပေ။ ဤအချိန်တွင် အသင်းတော်ရှိ ခရစ်ယာန်ညီအစ်ကိုညီအစ်မများသည် ခွဲစိတ်ကုသရန် ကုန်ကျမည့်ငွေကို ပေးခဲ့ကြသည်။ အကူအညီလိုအပ်နေသော ယုံကြည်သူချင်းများအား အကူအညီပေးခြင်းကို ကမ္ဘာတစ်ဝန်းရှိ စစ်မှန်သောခရစ်ယာန်များ လက်တွေ့ကျင့်သုံးလျက်ရှိသည်။
ဤသို့သောတွေ့ ကြုံမှုများသည် အလွန်ကြည်နူးဖွယ်ကောင်းသော်လည်း စိတ်ရင်းမှန်သည့် ထိုသို့သောကြိုးပမ်းမှုများသည် ဆင်းရဲနွမ်းပါးမှုကို အမြစ်ပါမကျန် ပပျောက်သွားအောင်မပြုလုပ်နိုင်သည်မှာ ရှင်းနေပါသည်။ တန်ခိုးအာဏာရှိသည့် အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအသင်းအဖွဲ့ ကြီးများပင် အောင်မြင်မှုအနည်းငယ်ရရှိခဲ့သော်လည်း ကြာမြင့်စွာကပင်တည် ရှိလာခဲ့သည့် ဆင်းရဲနွမ်းပါးမှုပြဿနာကို လုံးဝမပပျောက်စေနိုင်ပါ။ ထို့ကြောင့် လူသားများကို ဘေးသင့်စေသည့် ဆင်းရဲနွမ်းပါးမှုနှင့် အခြားပြဿနာများနှင့်ပတ်သက်သည့် အပြီးသတ်ဖြေရှင်းနည်းကား အဘယ်နည်း ဟူသည့်မေးခွန်း ပေါ်ပေါက်လာသည်။
သမ္မာကျမ်းစာသွန်သင်ချက်များက တည်မြဲသောထောက်မမှုပေး
ယေရှုခရစ်သည် ဆင်းရဲသောသူများနှင့် အခြားလိုအပ်ချက်ရှိသူများကို အမြဲကောင်းမှုပြုကြောင်း ခရစ်ဝင်ကျမ်းမှတ်တမ်းများက ဖော်ပြသည်။ (မဿဲ ၁၄:၁၄-၂၁) သို့သော် အဘယ်အရာကို ကိုယ်တော် ဦးစားပေးခဲ့သနည်း။ လိုအပ်နေသူများကို အချိန်အတန်ကြာကူညီပေးပြီးနောက် တစ်ချိန်တွင် တပည့်များကို ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “ငါသည်နီးစပ်သောမြို့ရွာတို့ ၌ တရားဟောခြင်းငှာ သွားကြကုန်အံ့။” ယေရှုသည် မကျန်းမာသူများနှင့် လိုအပ်သူများကို ကူညီပေးခြင်းမှရပ်တန့်ပြီး ဟောပြောခြင်းလုပ်ငန်းကို အဘယ်ကြောင့် ဆက်လုပ်ခဲ့သနည်း။ ကိုယ်တော်က “ထိုသို့အလိုငှာ [ဟောပြောရန်] ငါကြွလာပြီ” ဟု ရှင်းပြခဲ့သည်။ (မာကု ၁:၃၈၊ ၃၉; လုကာ ၄:၄၃) လိုအပ်နေသူများကို ကောင်းမှုပြုခြင်းသည် ယေရှုအတွက် အရေးကြီးသော်လည်း ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းက ကိုယ်တော်၏အဓိကတာဝန်ဖြစ်သည်။—မာကု ၁:၁၄၊ ၁၅။
သမ္မာကျမ်းစာက ခရစ်ယာန်များအား ယေရှု၏ ‘ခြေရာကိုလျှောက်လိုက်’ ရန် တိုက်တွန်းထားသောကြောင့် ယနေ့ ခရစ်ယာန်များသည် အခြားသူများကိုကူညီရန် ကြိုးပမ်းရာတွင် ဦးစားပေးရမည့်အရာများ နှင့်ပတ်သက်လာသည့်အခါ ရှင်းလင်းသောလမ်းညွှန်ချက်ကို ရရှိထားကြသည်။ (၁ ပေတရု ၂:၂၁) သူတို့သည် ယေရှုကဲ့သို့ လိုအပ်နေသူများကို ကူညီပေးကြပါသည်။ သို့ သော် ယေရှုကဲ့သို့ ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းနှင့်စပ်လျဉ်းသည့် သမ္မာကျမ်းစာသတင်းတရား သွန်သင်ပေးခြင်းလုပ်ငန်းကို သူတို့ အဓိကဦးစားထားကြသည်။ (မဿဲ ၅:၁၄-၁၆; ၂၄:၁၄; ၂၈:၁၉၊ ၂၀) သို့သော် အခြားသူများအား ကူညီသည့် တခြားနည်းလမ်းများထက် ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ သတင်းတရားဟောပြောခြင်းကို အဘယ်ကြောင့် ဦးစားပေးသင့်သနည်း။
လူတို့သည် သမ္မာကျမ်းစာ၏ လက်တွေ့ကျအကြံပြုချက်ကို သိရှိပြီးလိုက်လျှောက်သည့်အခါ ဆင်းရဲနွမ်းပါးမှုအပါအဝင် နေ့စဉ်ဘဝပြဿနာများကို ကောင်းစွာကိုင်တွယ်တတ်လာကြောင်း ကမ္ဘာတစ်ဝန်းရှိ ဘဝဖြစ်ရပ်မှန်တွေ့ကြုံမှုများက ဖော်ပြသည်။ ထို့ပြင် ယေဟောဝါသက်သေများ ယနေ့ ဟောပြောနေသည့် သမ္မာကျမ်းစာပါ ဘုရားသခင့်နိုင်ငံတော် သတင်းတရားသည် လူတို့ကို အဆိုးရွားဆုံးအခြေအနေများအောက်တွင်ပင် အသက်ရှင်ရကျိုးနပ်စေသည့် အနာဂတ်မျှော်လင့်ချက်ရှိစေသည်။ (၁ တိမောသေ ၄:၈) ယင်းမျှော်လင့်ချက်ကား အဘယ်နည်း။
ကျွန်ုပ်တို့၏ အနာဂတ်နှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့အာမခံထားသည်– “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် [ဘုရားသခင့်] ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) သမ္မာကျမ်းစာတွင် “မြေကြီး” ဟုသုံးသည့်အခါ ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်သည့် လူသားများကို တစ်ခါတစ်ရံ ဆိုလိုသည်။ (ကမ္ဘာဦး ၁၁:၁) ထို့ကြောင့် ကတိပြုထားသည့် ဖြောင့်မတ်သော “မြေကြီးသစ်” သည် ဘုရားသခင့်မျက်နှာသာရ လူ့အဖွဲ့အစည်းဖြစ်သည်။ ကိုယ်တော်၏နှစ်သက်မှုရရှိသူများသည် ခရစ်တော်၏အုပ်ချုပ်မှုအောက်တွင် ထာဝရအသက်ဆုကျေးဇူးရရှိမည်ဖြစ်ပြီး မြေကြီးပရဒိသုတွင် ကျေနပ်ဖွယ်ဘဝအသက်တာဖြင့် နေထိုင်ကြလိမ့်မည်ဟုလည်း ဘုရားသခင့်နှုတ်မြွက်တော်က ကတိပြုသည်။ (မာကု ၁၀:၃၀) ထိုအံ့ချီးဖွယ်အနာဂတ်ကို ဆင်းရဲသောသူများအပါအဝင် လူသားအားလုံးရရှိနိုင်ပါသည်။ ထို “မြေကြီးသစ်” တွင် ဆင်းရဲနွမ်းပါးမှုပြဿနာ ထာဝစဉ်အဆုံးတိုင်ပေလိမ့်မည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ယေရှုသည် မည်သို့ ‘ဆင်းရဲသောသူကို ချမ်းသာပေးတော်မူလိမ့်မည်’ နည်း—ဆာလံ ၇၂:၁၂
တရားမျှတခြင်း– “ထိုမင်းသည် ကိုယ်တော်၏လူတို့တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက် ငတ်မွတ်သောသူတို့၏သားသမီးများကို ကယ်မ၍ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက်ပါလိမ့်မည်။” (ဆာလံ ၇၂:၄) ခရစ်တော်အုပ်ချုပ်ချိန်တွင် ကမ္ဘာမြေပေါ် လူတိုင်းအတွက် တရားမျှတမှုရှိပေလိမ့်မည်။ ချမ်းသာနိုင်သည့်နိုင်ငံများစွာကို ဆင်းရဲစေသည့် အကျင့်ယိုယွင်းမှု နှင့် ဖျက်လိုဖျက်ဆီးပြုလိုသူများအတွက် ထိုတွင်နေရာမရှိပေ။
ငြိမ်သက်ခြင်း– “လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့မရောက်မီတိုင်အောင် တရားသောသူသည်ပွင့်လန်း၍ [“ငြိမ်သက်ခြင်း၊” ကဘ] ချမ်းသာ များပြားလိမ့်မည်။” (ဆာလံ ၇၂:၇) ကမ္ဘာပေါ်ရှိ ဆင်းရဲနွမ်းပါးမှုများစွာမှာ လူတို့၏ပဋိပက္ခများနှင့် စစ်များကြောင့်ဖြစ်သည်။ ခရစ်တော်သည် ဆင်းရဲနွမ်းပါးမှုဖြစ်စေသည့် အဓိကအကြောင်းရင်းများကို ပယ်ဖျက်ခြင်းဖြင့် ကမ္ဘာပေါ်သို့ ပြည့်ဝစုံလင်သော ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးပါလိမ့်မည်။
သနားကြင်နာမှု ရှိခြင်း– “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။” (ဆာလံ ၇၂:၁၂-၁၄) ဆင်းရဲနွမ်းပါးသူနှင့် ဖိနှိပ်ခံနေရသူများသည် ဘုရင်ယေရှုခရစ်၏ ဦးဆောင်မှုအောက်တွင် စည်းလုံးပျော်ရွှင်သော လူ့မိသားစုကြီးထဲတွင် ပါဝင်လာကြလိမ့်မည်။
ပေါကြွယ်ဝခြင်း– “ပြည်တော်၌ များစွာသောစပါးရှိ . . . လိမ့်မည်။” (ဆာလံ ၇၂:၁၆) ခရစ်တော်အုပ်ချုပ်ချိန်အတွင်း ရုပ်ပစ္စည်းပေါကြွယ်ဝမှုရှိပေလိမ့်မည်။ယနေ့အချိန်တွင် မကြာခဏ ဆင်းရဲနွမ်းပါးမှုကိုဖြစ်စေသော အစာရှားပါးမှုနှင့် ငတ်မွတ်ခေါင်းပါးမှုတို့ကို လူတို့ ခံစားရတော့မည်မဟုတ်ပေ။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ယေရှုသည် နွမ်းပါးသူတို့၏ လိုအပ်ရာများကို ကိုယ်တိုင်ကိုယ်ကျ စိုးရိမ်ကြောင့်ကြမှုပြတော်မူခဲ့
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာသတင်းတရားက စစ်မှန်သောမျှော်လင့်ချက်ပေး