“သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသော” သိုးထိန်းများ
“သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသော” သိုးထိန်းများ
“ဘုရားသခင်၏သိုးတော်စုကို . . . အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ . . . သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ်ကြလော့။”—၁ ပေတရု ၅:၂၊ ၃။
၁၊ ၂။ (က) ယေရှုသည် တမန်တော်ပေတရုကို အဘယ်အခွင့်ထူး အပ်နှင်းခဲ့ပြီး ယေရှု၏ယုံကြည်စိတ်ချမှုသည် အဘယ်ကြောင့် တလွဲမဖြစ်ခဲ့သနည်း။ (ခ) ခန့်အပ်ခံသိုးထိန်းများကို ယေဟောဝါ မည်သို့ယူမှတ်တော်မူသနည်း။
အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မတိုင်မီ တစ်ချိန်တွင် ပေတရုနှင့် အခြားတပည့်ခြောက်ဦးတို့သည် ဂါလိလဲပင်လယ်ကမ်းခြေတွင် ယေရှုပြင်ဆင်ပေးသည့် နံနက်စာကို စားသုံးနေခဲ့ကြသည်။ ရှင်ပြန်ထမြောက်ပြီးသောယေရှုကို ယခု ပေတရုတွေ့ မြင်ရခြင်းသည် ဦးဆုံးအကြိမ်မဟုတ်ခဲ့ချေ။ ယေရှုအသက်ရှင်နေကြောင်း သိရှိရသည့်အတွက် ပေတရု အလွန်စိတ်လှုပ်ရှားခဲ့သည်။ သို့သော် သူသည် စိတ်တထင့်ထင့် ဖြစ်နေပေမည်။ အကြောင်းမှာ အစောပိုင်း ရက်အနည်းငယ်က လူအများရှေ့တွင် ယေရှုကိုမသိဟု သူငြင်းဆိုခဲ့၍ဖြစ်သည်။ (လုကာ ၂၂:၅၅-၆၀; ၂၄:၃၄; ယောဟန် ၁၈:၂၅-၂၇; ၂၁:၁-၁၄) ယုံကြည်ခြင်းကင်းမဲ့မှုအတွက် နောင်တရသောပေတရုကို ယေရှုအပြစ်တင်ခဲ့သလော။ အပြစ်မတင်ခဲ့ချေ။ သို့အစား ယေရှုသည် မိမိ၏ “သိုးသငယ်တို့ကို” ကျွေးမွေး၍ ထိန်းကျောင်းရသည့်အခွင့်ထူးကို ပေတရုအား အပ်နှင်းခဲ့သည်။ (ယောဟန် ၂၁:၁၅-၁၇) ပထမရာစုခရစ်ယာန်အသင်းတော်၏ ကျမ်းစာသမိုင်းမှတ်တမ်းက ဖော်ပြသည့်အတိုင်း ပေတရုအပေါ် ယေရှု၏ယုံကြည်စိတ်ချမှုသည် တလွဲမဖြစ်ခဲ့ပေ။ စမ်းသပ်မှုများ ပြင်းထန်နေပြီး အသင်းတော်များ အလျင်အမြန်တိုးပွားနေသည့် ကာလတစ်လျှောက်တွင် ပေတရုသည် အခြားသောတမန်တော်များ၊ ယေရုရှလင်မြို့ရှိ အသက်ကြီးသူတို့နှင့်အတူ ခရစ်ယာန်အသင်းတော်ကို ထိန်းကျောင်းခဲ့သည်။—တမန်တော် ၁:၁၅-၂၆; ၂:၁၄; ၁၅:၆-၉။
၂ ယနေ့ ယေဟောဝါသည် ယေရှုခရစ်မှတစ်ဆင့် အရည်အချင်းရှိအမျိုးသားများကို ဝိညာဉ်ရေးသိုးထိန်းများအဖြစ် ခန့်အပ်ကာ လူ့သမိုင်း၏ အကျပ်တည်းဆုံးကာလများတစ်လျှောက် မိမိ၏သိုးတို့ကို ဦးဆောင်စေသည်။ (ဧဖက် ၄:၁၁၊ ၁၂; ၂ တိမောသေ ၃:၁) ထိုအမျိုးသားများအပေါ် ယေဟောဝါ၏ယုံကြည်စိတ်ချမှုသည် တလွဲဖြစ်ခဲ့ပါသလော။ ကမ္ဘာတစ်ခွင်တွင် အေးချမ်းငြိမ်သက်နေသော ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း တည်ရှိနေခြင်းက ယင်းသို့မဖြစ်ကြောင်း သက်သေထူသည်။ အဆိုပါသိုးထိန်းများသည် ပေတရုကဲ့သို့ပင် မှားတတ်သူများဖြစ်ကြသည်မှာ မှန်ပါသည်။ (ဂလာတိ ၂:၁၁-၁၄; ယာကုပ် ၃:၂) သို့ဖြစ်သည့်တိုင် ယေဟောဝါသည် မိမိသားတော်၏ “အသွေးနှင့်ဝယ်တော်မူသော” သိုးများကို ကြည့်ရှုစောင့်ရှောက်ရန် ထိုအမျိုးသားများထံ ယုံကြည်စွာအပ်နှံတော်မူ၏။ (တမန်တော် ၂၀:၂၈) ယေဟောဝါသည် ထိုအမျိုးသားများအား “နှစ်ဆသောရိုသေမှုကို ခံထိုက်သူများ” ဟုယူမှတ်ကာ အလွန်ချစ်မြတ်နိုးတော်မူ၏။—၁ တိမောသေ ၅:၁၇၊ ကဘ။
၃။ ဝိညာဉ်ရေးသိုးထိန်းများသည် စေတနာစိတ်နှင့် ထက်သန်သည့်စိတ်ကို မည်သို့ထိန်းသိမ်းကြသနည်း။
၃ ဝိညာဉ်ရေးသိုးထိန်းများသည် သိုးတော်စုရှေ့တွင် ပုံသက်သေပြသူများဖြစ်နိုင်ရန် စေတနာစိတ်နှင့် ထက်သန်သည့်စိတ်ကို မည်သို့ထိန်းသိမ်းကြသနည်း။ သူတို့သည် ပေတရုနှင့် ပထမရာစုမှ အခြားသောသိုးထိန်းများကဲ့သို့ပင် ကြီးလေးသောတာဝန်ကို ထမ်းဆောင်နိုင်ရန် လိုအပ်သောခွန်အားပေးသည့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကို အားထားကြသည်။ (၂ ကောရိန္သု ၄:၇) သန့်ရှင်းသောဝိညာဉ်တော်သည် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ် ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် ချုပ်တည်းခြင်းဟူသော ဝိညာဉ်အသီးများကိုလည်း သီးပွင့်စေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) သိုးထိန်းများသည် ဘုရားသခင့်သိုးတော်စုကို ဂရုတစိုက် ထိန်းကျောင်းစဉ် အဆိုပါ ဝိညာဉ်အသီးများသီးခြင်းဖြင့် ပုံသက်သေပြနိုင်သည့် သတ်သတ်မှတ်မှတ် နည်းတချို့ကို သုံးသပ်ကြည့်ကြစို့။
သိုးတစ်စုလုံးကိုရော သိုးတစ်ကောင်ချင်းစီကိုပါ ချစ်လော့
၄၊ ၅။ (က) ယေဟောဝါနှင့်ယေရှုသည် သိုးတော်စုကိုချစ်ကြောင်း မည်သို့ဖော်ပြကြသနည်း။ (ခ) ဝိညာဉ်ရေးသိုးထိန်းများ သိုးတော်စုကိုချစ်ကြောင်း ပြသကြသည့်နည်းတချို့ကား အဘယ်နည်း။
၄ ဘုရားသခင့်ဝိညာဉ်တော်က သီးပွင့်ပေးလိုက်သော ဦးဆုံးအရည်အသွေးမှာ ချစ်ခြင်းမေတ္တာဖြစ်၏။ ယေဟောဝါသည် သိုးတော်စုတစ်စုလုံးကို ချစ်မြတ်နိုးကြောင်း ဝိညာဉ်အစာ အလျှံပယ်စီမံပေးခြင်းဖြင့် ပြသတော်မူ၏။ (ဟေရှာယ ၆၅:၁၃၊ ၁၄; မဿဲ ၂၄:၄၅-၄၇) သို့တိုင် ကိုယ်တော်သည် သိုးတော်စုကို ကျွေးမွေးရုံမျှမက သိုးတစ်ကောင်ချင်းစီကိုလည်း တွယ်တာတော်မူ၏။ (၁ ပေတရု ၅:၆၊ ၇) ယေရှုသည်လည်း သိုးတော်စုကို ချစ်တော်မူ၏။ ကိုယ်တော်သည် သိုးတော်စုအတွက် အသက်စွန့်တော်မူခဲ့ပြီး သိုးတစ်ကောင်ချင်းစီကို “နာမည်” နှင့်တကွ သိတော်မူ၏။—ယောဟန် ၁၀:၃၊ ၁၄-၁၆။
၅ ဝိညာဉ်ရေးသိုးထိန်းများသည် ယေဟောဝါနှင့်ယေရှုကို တုပကြသည်။ သူတို့သည် အသင်းတော်ကို ‘သွန်သင်ပေးခြင်း’ ဖြင့် ဘုရားသခင့်သိုးတော်စုတစ်စုလုံးကို ချစ်ကြောင်း ပြသကြသည်။ သူတို့၏ ကျမ်းစာအခြေပြု ဟောပြောချက်များဖြင့် သိုးတော်စုကို ကျွေးမွေး၍ ကာကွယ်ပေးသည်။ ဤနည်းဖြင့် သူတို့၏ ကြိုးစားလုပ်ဆောင်မှုများမှာ မြင်သာပါသည်။ (၁ တိမောသေ ၄:၁၃၊ ၁၆) အသင်းတော်အစည်းအဝေးများနှင့် အခြားလုပ်ဆောင်မှုများကို “တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်” ကြောင်းသေချာစေရန် အသင်းတော်မှတ်တမ်းများ ပြုစုထိန်းသိမ်းခြင်း၊ စာပေးစာယူလုပ်ခြင်း၊ ဇယားဆွဲခြင်းနှင့် အခြားသောကိစ္စရပ်များလုပ်ဆောင်ခြင်းတို့မှာမူ မမြင်သာချေ။ (၁ ကောရိန္သု ၁၄:၄၀) ဤလုပ်ဆောင်မှုအများစုကို လူအများ မမြင်သောကြောင့် အသိအမှတ်ပြုမခံရသလောက်ပင်။ ယင်းသည် အမှန်ပင် မေတ္တာနှင့်ဆိုင်သောအလုပ်ဖြစ်၏။—ဂလာတိ ၅:၁၃။
၆၊ ၇။ (က) သိုးထိန်းများသည် အဘယ်နည်းတစ်နည်းဖြင့် သိုးများကို ကောင်းစွာသိကျွမ်းနိုင်သနည်း။ (ခ) တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ခံစားချက်များကို အကြီးအကဲတစ်ဦးအား ဝေမျှခြင်းက အဘယ်ကြောင့်အကျိုးရှိသနည်း။
၆ မေတ္တာရှိခရစ်ယာန်သိုးထိန်းများသည် အသင်းတော်ရှိ သိုးတစ်ကောင်ချင်းစီကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုတင်ပြရန် ကြိုးစားကြသည်။ (ဖိလိပ္ပိ ၂:၄) သိုးတစ်ကောင်စီကို သိုးထိန်းများ ကောင်းစွာသိကျွမ်းနိုင်သည့် နည်းတစ်နည်းမှာ လူထုရှေ့ဟောပြောခြင်းလုပ်ငန်းတွင် သူတို့နှင့်အတူ ပါဝင်လုပ်ဆောင်ခြင်းဖြင့်ဖြစ်သည်။ ယေရှုသည် ဟောပြောခြင်းလုပ်ငန်းတွင် မိမိနောက်လိုက်များနှင့်အတူ ပါဝင်လုပ်ဆောင်ခဲ့ပြီး ထိုအခါသမယများတွင် အခွင့်ကောင်းယူ၍ သူတို့ကိုအားပေးခဲ့သည်။ (လုကာ ၈:၁) အတွေ့အကြုံရှိ ခရစ်ယာန်သိုးထိန်းတစ်ဦးက ဤသို့ဆို၏– “ညီအစ်ကိုညီအစ်မ တစ်ယောက်ယောက်ကို သိကျွမ်းပြီး အားပေးဖို့ အကောင်းဆုံးနည်းတစ်နည်းကတော့ လယ်ကွင်းဓမ္မအမှုမှာ သူနဲ့အတူ ပါဝင်လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်သိလာရတယ်။” သင်သည် လယ်ကွင်းဓမ္မအမှုတွင် အကြီးအကဲတစ်ဦးနှင့်အတူ ပါဝင်အမှုဆောင်ခွင့်မရသေးပါက အမြန်ဆုံးစီစဉ်လျှင် မကောင်းပေလော။
၇ မိမိနောက်လိုက်များ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းကြေကွဲမှုများကို မျှဝေခံစားရန် မေတ္တာက ယေရှုကို လှုံ့ဆော်ပေးခဲ့သည်။ ဥပမာ၊ တပည့် ၇၀ သည် ဟောပြောခြင်းလုပ်ငန်းမှ ဝမ်းမြောက်သောစိတ်နှင့်ပြန်လာကြသောအခါ ယေရှုသည် “ဝမ်းမြောက်တော်မူ” ၏။ (လုကာ ၁၀:၁၇-၂၁) သို့ရာတွင် လာဇရုသေဆုံးသွား၍ မာရိနှင့် မိသားစုဝင်များ၊ မိတ်ဆွေများ ငိုကြွေးကြသည်ကို မြင်တော်မူသောအခါ “ယေရှုသည် မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၃-၃၅) အလားတူ၊ ယနေ့လည်း ဂရုစိုက်တတ်သည့် သိုးထိန်းများသည် သိုးများနှင့် မစိမ်းကားကြချေ။ မေတ္တာက သူတို့အား “ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်” ရန်၊ “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေး” ရန် လှုံ့ဆော်ပေးသည်။ (ရောမ ၁၂:၁၅) သင့်အသက်တာတွင် ပျော်ရွှင်မှုဖြစ်စေ၊ ဝမ်းနည်းမှုဖြစ်စေ တွေ့ ကြုံခံစားရပါက သင့်ခံစားချက်များကို ခရစ်ယာန်သိုးထိန်းများအား လွတ်လွတ်လပ်လပ် ဝေမျှပါလေ။ သင်၏ဝမ်းမြောက်မှုကို ကြားသိရခြင်းက သူတို့အတွက် အားပေးမှုဖြစ်စေမည်။ (ရောမ ၁:၁၁၊ ၁၂) သင်ကြုံတွေ့ရသည့် စမ်းသပ်မှုများအကြောင်း သိရှိရသည့်အခါ သင့်ကို သူတို့ အားပေးနှစ်သိမ့်ကြပေမည်။—၁ သက်သာလောနိတ် ၁:၆; ၃:၁-၃။
၈၊ ၉။ (က) အကြီးအကဲတစ်ဦးသည် မိမိဇနီးသည်ကိုချစ်ကြောင်း မည်သို့ဖော်ပြခဲ့သနည်း။ (ခ) သိုးထိန်းတစ်ဦးသည် မိသားစုကိုမေတ္တာပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၈ သိုးတော်စုအပေါ်ထားရှိသည့် သိုးထိန်းတစ်ဦး၏မေတ္တာကို သူ၏မိသားစုနှင့် ဆက်ဆံပုံတွင် အထူးတွေ့ မြင်ရသည်။ (၁ တိမောသေ ၃:၁၊ ၄) သူသည် အိမ်ထောင်သည်ဖြစ်ပါက သူ၏ဇနီးသည်ကို ချစ်သည့်မေတ္တာနှင့် ဂုဏ်တင်မှုတို့က အခြားခင်ပွန်းသည်များ အတုယူရန် ပုံသက်သေဖြစ်စေသည်။ (ဧဖက် ၅:၂၅; ၁ ပေတရု ၃:၇) လင်ဒါအမည်ရှိ ခရစ်ယာန်အမျိုးသမီးတစ်ဦးပြောသည့် စကားများကို သုံးသပ်ကြည့်ပါ။ သူ၏ခင်ပွန်းသည် သူမသေဆုံးမီ အနှစ် ၂၀ ကျော်ကြာ ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုထမ်းခဲ့၏။ ညီအစ်မက ဤသို့ဆိုသည်– “ကျွန်မခင်ပွန်းဟာ အသင်းတော်ကိစ္စနဲ့ အမြဲအလုပ်များနေသူဖြစ်ပေမဲ့ ကျွန်မကို ပူးပေါင်းပါဝင်စေခဲ့တယ်။ ကျွန်မရဲ့ထောက်မမှုကို ကျေးဇူးတင်ကြောင်း ဖော်ပြတတ်ပြီး သူအားတဲ့အခါ ကျွန်မနဲ့အတူနေပေးတယ်။ ဒါကြောင့် ကျွန်မကိုချစ်တယ်လို့ ခံစားရပြီး အသင်းတော်အတွက် သူအချိန်ကုန်နေတာကို ကျွန်မ သဝန်မတိုဘူး။”
၉ ခရစ်ယာန်သိုးထိန်းတစ်ဦးသည် သားသမီးရှိပါက သူတို့လေးများကို မေတ္တာဖြင့်ဆုံးမပဲ့ပြင်ပေးပြီး မကြာမကြာ ချီးမွမ်းပေးခြင်းက အခြားမိဘများအတွက် စံနမူနာကောင်းဖြစ်သည်။ (ဧဖက် ၆:၄) သူသည် သိုးထိန်းတစ်ဦးအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့် အပ်ခံရသည့်တာဝန်နှင့်အညီ နေထိုင်ကြောင်း သူ၏မိသားစုအပေါ်ပြသည့်မေတ္တာက အမှန်သက်သေထူနေသည်။—၁ တိမောသေ ၃:၄၊ ၅။
ဆက်သွယ်ခြင်းဖြင့် ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုကို တိုးပွားစေပါ
၁၀။ (က) အသင်းတော်၏ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုသည် မည်သို့ထိခိုက်သွားနိုင်သနည်း။ (ခ) ပထမရာစုအသင်းတော်၏ငြိမ်သက်မှုကို အဘယ်အရေးကိစ္စက ခြိမ်းခြောက်ခဲ့ပြီး ယင်းကို မည်သို့ဖြေရှင်းခဲ့ကြသနည်း။
၁၀ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်ယာန်တစ်ဦးချင်းကိုဖြစ်စေ၊ အကြီးအကဲအဖွဲ့တွင်ဖြစ်စေ၊ အသင်းတော်တစ်ခုလုံးကိုဖြစ်စေ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို သီးပွင့်စေနိုင်သည်။ သို့ ရာတွင် ရင်းနှီးပွင့်လင်းစွာ မဆက်သွယ်ပါက အဆိုပါဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ထိခိုက်နိုင်၏။ ရှေးခေတ်မှ ရှောလမုန် ဤသို့ဆိုခဲ့သည်– “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။” (သု. ၁၅:၂၂) သို့သော် ရိုသေလေးစားစွာ ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြောဆိုခြင်းက ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုကိုတိုးပွားစေသည်။ ဥပမာ၊ အရေဖျားလှီးခြင်းကိစ္စက ပထမရာစုအသင်းတော်၏ငြိမ်သက်မှုကို ခြိမ်းခြောက်လာသောအခါ ယေရုရှလင်မြို့မှ အုပ်ချုပ်ရေးအဖွဲ့သည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာခဲ့ကြသည်။ ထို့ပြင် သူတို့သည် ယင်းကိစ္စနှင့်ပတ်သက်၍ ရှု မြင်ချက်အမျိုးမျိုးကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အားတက်သရော ဆွေးနွေးသုံးသပ်ပြီးနောက်မှ ဆုံးဖြတ်ချက်ချနိုင်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့ တညီတညွတ်တည်းချလိုက်သော ဆုံးဖြတ်ချက်ကို အသင်းတော်များအား ကြားပြောသည့်အခါ ညီအစ်ကိုများသည် “ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။” (တမန်တော် ၁၅:၆-၂၃၊ ၂၅၊ ၃၁; ၁၆:၄၊ ၅) ယင်းကြောင့် ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုတိုးပွားခဲ့သည်။
၁၁။ အကြီးအကဲများသည် အသင်းတော်အတွင်း ဝမ်းမြောက်မှုနှင့်ငြိမ်သက်မှုကို မည်သို့တိုးပွားစေနိုင်သနည်း။
၁၁ ယနေ့လည်းအလားတူပင်၊ သိုးထိန်းများသည် ဆက်သွယ်မှုကောင်းရှိသူများဖြစ်ခြင်းဖြင့် အသင်းတော်အတွင်း ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုကို တိုးပွားစေကြသည်။ အသင်းတော်၏ငြိမ်သက်မှုကို ခြိမ်းခြောက်သည့် ပြဿနာများပေါ်ပေါက်လာပါက တွေ့ ဆုံဆွေးနွေးကာ မိမိတို့၏ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုကြသည်။ သိုးထိန်းအချင်းချင်းပြောဆိုသည့်စကားများကို တလေးတစား နားထောင်ပေးကြသည်။ (သု. ၁၃:၁၀; ၁၈:၁၃) သန့်ရှင်းသောဝိညာဉ်တော်ရဖို့ ဆုတောင်းပြီးနောက် ကျမ်းစာမူများနှင့် ‘သစ္စာနှင့်သတိပညာရှိကျွန်’ မှထုတ်ဝေပေးထားသည့် လမ်းညွှန်ချက်များကိုအခြေခံ၍ ဆုံးဖြတ်ချက်များချကြသည်။ (မဿဲ ၂၄:၄၅-၄၇; ၁ ကောရိန္သု ၄:၆) အကြီးအကဲအဖွဲ့မှ ကျမ်းစာကိုအခြေပြု၍ ဆုံးဖြတ်ချက်ကောင်းချလိုက်သည့်အခါ အကြီးအကဲတစ်ဦးစီအနေနှင့် မိမိ၏အမြင်သည် အများစုနှင့်မတူညီသည့်တိုင် ထိုဆုံးဖြတ်ချက်ကို လက်ခံခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ညွှန်ကြားမှုကို လက်အောက်ခံကြသည်။ ထိုသို့ကျိုးနွံမှုပြခြင်းဖြင့် ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုတိုးပွားပြီး ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရာတွင် သိုးများအတွက် စံနမူနာကောင်းဖြစ်စေသည်။ (မိက္ခာ ၆:၈၊ ကဘ) သင်သည် အသင်းတော်ရှိ သိုးထိန်းများ၏ ကျမ်းစာအခြေပြုဆုံးဖြတ်ချက်များနှင့်အညီ ကျိုးနွံစွာ ပူးပေါင်းဆောင်ရွက်နေပါသလော။
စိတ်ရှည်၍ကြင်နာပါ
၁၂။ ယေရှုသည် တမန်တော်များနှင့်ဆက်ဆံရာတွင် စိတ်ရှည်ပြီး ကြင်နာမှုပြဖို့ အဘယ်ကြောင့် လိုအပ်ခဲ့ရသနည်း။
၁၂ ယေရှုသည် တမန်တော်များ ကြိမ်ဖန်များစွာ အမှားပြုခဲ့လင့်ကစား သူတို့ကို စိတ်ရှည်ရှည်နှင့် ကြင်နာစွာ ဆက်ဆံခဲ့သည်။ ဥပမာ၊ ယေရှုသည် သူတို့ကို စိတ်နှိမ့်ချမှုရှိဖို့လိုကြောင်း အကြိမ်ကြိမ် အလေးပေးပြောဆိုခဲ့၏။ (မဿဲ ၁၈:၁-၄; ၂၀:၂၅-၂၇) သို့သော် ယေရှု၏မြေကြီးအသက်တာ နောက်ဆုံးညတွင် တမန်တော်များ၏ခြေကို ဆေးပေးခြင်းဖြင့် နှိမ့်ချမှုဆိုင်ရာသင်ခန်းစာကို ပေးပြီးခါစတွင်ပင် “အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်းငြင်းခုံ” ခဲ့ကြ၏။ (လုကာ ၂၂:၂၄; ယောဟန် ၁၃:၁-၅) တမန်တော်များကို ယေရှု ပြစ်တင်ကြိမ်းမောင်းခဲ့သလော။ အပြစ်တင်မည့်အစား သူတို့နှင့် ကြင်နာစွာ ဤသို့ကျိုးကြောင်းဆင်ခြင်ခဲ့သည်– “အဘယ်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လော။ သို့သော်လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။” (လုကာ ၂၂:၂၇) ယေရှု၏စိတ်ရှည်မှုနှင့် ကြင်နာမှုအပြင် ကိုယ်တော်၏ပုံသက်သေကောင်းက နောက်ပိုင်းတွင် တမန်တော်များ၏နှလုံးကို ထိမိခဲ့သည်။
၁၃၊ ၁၄။ သိုးထိန်းများသည် အထူးသဖြင့် မည်သည့်အချိန်တွင် ကြင်နာရမည်နည်း။
၁၃ ထိုနည်းတူ ဝိညာဉ်ရေးသိုးထိန်းတစ်ဦးသည် တစ်ဦးတစ်ယောက်ကို တစ်စုံတစ်ရာသော အားနည်းချက်တစ်ခုနှင့်စပ်လျဉ်း၍ ထပ်တလဲလဲ သွန်သင်ဆုံးမရန်လိုပေမည်။ သိုးထိန်းသည် ထိုပုဂ္ဂိုလ်ကို သည်းမခံနိုင်အောင် ဖြစ်လာပေမည်။ သို့သော် သူသည် ‘မတရားစွာပြုသောသူကို သတိပေး’ သည့်အခါ မိမိလည်း မှားတတ်ကြောင်း သတိရမည်ဆိုလျှင် မိမိညီအစ်ကိုအပေါ် စိတ်ရှည်၍ ကြင်နာမှုပြနိုင်သည်။ ဤနည်းဖြင့် သိုးထိန်းများအပါအဝင် ခရစ်ယာန်အားလုံးအပေါ် အဆိုပါအရည်အသွေးများပြခဲ့ကြသည့် ယေရှုနှင့်ယေဟောဝါတို့ကို သူတုပနေခြင်းဖြစ်သည်။—၁ သက်သာလောနိတ် ၅:၁၄; ယာကုပ် ၂:၁၃။
၁၄ တစ်ခါတစ်ရံ သိုးထိန်းများသည် ကြီးလေးသောအပြစ်ပြုခဲ့သူတစ်ဦးကို ပြင်းပြင်းထန်ထန် ဆုံးမဖို့လိုပေမည်။ ထိုပုဂ္ဂိုလ်သည် နောင်တမရပါက သိုးထိန်းများသည် အဆိုပါပြစ်မှားသူကို အသင်းတော်မှ နှင်ထုတ်ရပေမည်။ (၁ ကောရိန္သု ၅:၁၁-၁၃) သို့ရာတွင် ထိုသူ့အပေါ် သူတို့၏ဆက်ဆံပုံမှာ အပြစ်ပြုသူကိုမဟုတ်ဘဲ အပြစ်ကိုမုန်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။ (ယုဒ ၂၃) သိုးထိန်းများဘက်မှ ကြင်နာမှုပြမည်ဆိုလျှင် လမ်းမှားသွားသောသိုးအတွက် နောက်ဆုံးတွင် သိုးအုပ်ထံ ပြန်လှည့်လာဖို့ လွယ်ကူပေမည်။—လုကာ ၁၅:၁၁-၂၄။
ယုံကြည်ခြင်းက ကောင်းမှုပြုရန် လှုံ့ဆော်ပေး
၁၅။ သိုးထိန်းများသည် ယေဟောဝါ၏ကောင်းမြတ်မှုကို အဘယ်နည်းတစ်နည်းဖြင့် တုပကြပြီး ထိုသို့တုပရန် သူတို့ကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။
၁၅ ယေဟောဝါသည် မိမိအပေါ် ကျေးဇူးမသိတတ်သူများရှိသည့်တိုင် “ခပ်သိမ်းသောသူတို့အား ကောင်းမှုပြုချင်သောသဘောရှိ” တော်မူ၏။ (ဆာလံ ၁၄၅:၉၊ ကဘ; မဿဲ ၅:၄၅) မိမိလူမျိုးကိုစေလွှတ်၍ ဘုရားသခင့် “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို” ဟောပြောစေခြင်းတွင် ယေဟောဝါ၏ကောင်းမြတ်မှုသည် အထူးထင်ရှား၏။ (မဿဲ ၂၄:၁၄) သိုးထိန်းများသည် ဤဟောပြောခြင်းလုပ်ငန်းတွင် ဦးဆောင်ခြင်းဖြင့် ဘုရားသခင်၏ကောင်းမြတ်မှုကို ထင်ဟပ်ကြသည်။ မဆုတ်မနစ်ကြိုးစားအားထုတ်ရန် သူတို့ကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။ ယေဟောဝါနှင့် ကိုယ်တော်၏ကတိတော်များကို အခိုင်အမာယုံကြည်ခြင်းဖြစ်သည်။—ရောမ ၁၀:၁၀၊ ၁၃၊ ၁၄။
၁၆။ သိုးထိန်းများသည် သိုးများအပေါ် မည်သို့ “ကောင်းမှုပြု” နိုင်ကြသနည်း။
၁၆ သိုးထိန်းများသည် ဟောပြောခြင်းဖြင့် “ခပ်သိမ်းသောသူတို့အား” ‘ကောင်းမှုပြု’ ကြသည့်အပြင် ‘ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကောင်းမှုပြု’ ကြရန် တာဝန်ရှိသည်။ (ဂလာတိ ၆:၁၀) ဤသို့ကောင်းမှုပြုသည့် နည်းတစ်နည်းမှာ အားပေးမှုဖြစ်စေသော သိုးထိန်းလည်ပတ်မှုများပြုခြင်းဖြစ်သည်။ “သိုးထိန်းလည်ပတ်မှု လုပ်ရတာကို ကျွန်တော်ပျော်တယ်။ အဲ့လိုလုပ်တဲ့အတွက် ညီအစ်ကိုညီအစ်မတွေရဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို ချီးမွမ်းခွင့်ရတယ်၊ သူတို့ရဲ့ကြိုးစားမှုတွေကို တန်ဖိုးထားတယ်ဆိုတာ သိမြင်လာအောင် ကူညီပေးခွင့်ရတယ်” ဟုအကြီးအကဲတစ်ဦးကဆို၏။ တစ်ခါတစ်ရံ သိုးထိန်းများသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် တိုးတက်နိုင်သည့်နည်းများနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်ကို အကြံပေးပေမည်။ ထိုသို့ပြုရာတွင် ပညာရှိသောသိုးထိန်းများသည် တမန်တော်ပေါလုကို တုပကြသည်။ သက်သာလောနိတ်မြို့ရှိ ညီအစ်ကိုများကို ပေါလုဤသို့ မေတ္တာရပ်ခံခဲ့သည်ကို သုံးသပ်ကြည့်ပါ– “ငါတို့ပညတ်သည်အတိုင်း သင်တို့သည် ယခုကျင့်ကြ၏။ နောက်၌လည်း ကျင့်ကြလိမ့်မည်ဟု သခင်ဘုရားကိုအမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။” (၂ သက်သာလောနိတ် ၃:၄) ထိုသို့ ယုံကြည်စိတ်ချကြောင်း ဖော်ပြခြင်းက သိုးများ၏စိတ်ရင်းစေတနာကို လှုံ့ဆော်ပေးပြီး “ဦးဆောင်သောသူတို့ကိုနာခံ” ရန် ပို၍လွယ်ကူစေမည်။ (ဟေဗြဲ ၁၃:၁၇၊ ကဘ) အားပေးမှုဖြစ်စေသော သိုးထိန်းလည်ပတ်မှုအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြလျှင် မကောင်းပေလော။
နူးညံ့သိမ်မွေ့ မှုတွင် ချုပ်တည်းခြင်းရှိဖို့လို
၁၇။ ပေတရုသည် ယေရှုထံမှ အဘယ်သင်ခန်းစာရခဲ့သနည်း။
၁၇ ယေရှုသည် အမျက်နှိုးဆွခံရသည့်အခါ၌ပင် နူးညံ့သိမ်မွေ့သူဖြစ်သည်။ (မဿဲ ၁၁:၂၉) ယေရှုသည် သစ္စာဖောက်ခံရကာ အဖမ်းခံရချိန်တွင် နူးညံ့သိမ်မွေ့ ပြီး အလွန့်အလွန် စိတ်ချုပ်တည်းမှုပြတော်မူခဲ့၏။ ပေတရုမှာမူ စိတ်လိုက်မာန်ပါဖြင့် ဓားကိုဆွဲထုတ်ပြီး လက်တုံ့ပြန်ခဲ့သည်။ သို့သော် ယေရှုက သူ့ကို ဤသို့သတိပေးခဲ့သည်– “ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ့်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူသည်ကိုလည်းကောင်း သင်သည်မထင်သလော။” (မဿဲ ၂၆:၅၁-၅၃; ယောဟန် ၁၈:၁၀) ပေတရုသည် သင်ခန်းစာကောင်းကောင်းရသွားပြီး နောက်ပိုင်းတွင် ခရစ်ယာန်များကို ဤသို့သတိပေးခဲ့သည်– ‘ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍၊ ခြေရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။ . . . ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။’—၁ ပေတရု ၂:၂၁-၂၃။
၁၈၊ ၁၉။ (က) သိုးထိန်းများသည် နူးညံ့သိမ်မွေ့မှုနှင့် ချုပ်တည်းမှုကို အထူးသဖြင့် မည်သည့်အချိန်တွင် ပြသကြသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်မည်နည်း။
၁၈ ထိုနည်းတူ၊ အောင်မြင်သောသိုးထိန်းများသည် မမျှမတ ဆက်ဆံခံရလျှင်ပင် နူးညံ့သိမ်မွေ့ ကြသည်။ ဥပမာ၊ အသင်းတော်ရှိသူ တစ်ဦးဦးကို ကူညီပေးဖို့ ကြိုးစားသည့်တိုင် ထိုသူသည် တလိုတလားတုံ့ပြန်ချင်မှ တုံ့ပြန်ပေမည်။ အကူအညီလိုအပ်နေသူတစ်ဦးသည် ဝိညာဉ်ရေးတွင်ထိခိုက်၍ ဖျားနာနေမည်ဆိုလျှင် ထိုသူသည် သွန်သင်ချက်ကို ‘သန်လျက်နှင့်ထိုးသကဲ့သို့ စကားကို မဆင်မခြင်ပြော’ ခြင်းဖြင့် တုံ့ပြန်ပေမည်။ (သု. ၁၂:၁၈၊ ကဘ) သို့ရာတွင် ယေရှုနည်းတူ သိုးထိန်းများသည် စကားနာထိုးခြင်း၊ ကလဲ့စားချေခြင်းဖြင့် လက်တုံ့မပြန်ကြချေ။ သို့အစား သူတို့သည် ကိုယ်ကိုယ်ချုပ်တည်းကာ စိတ်ကြင်နာမှုပြကြသဖြင့် အကူအညီလိုနေသူအတွက် ကောင်းချီးဖြစ်စေမည်။ (၁ ပေတရု ၃:၈၊ ၉) သင်သည် သွန်သင်ခံရသည့်အခါ အကြီးအကဲများ၏ပုံသက်သေမှ သင်ယူပြီး နူးညံ့သိမ်မွေ့မှုနှင့် ချုပ်တည်းမှုကို တင်ပြပါသလော။
၁၉ ယေဟောဝါနှင့်ယေရှုသည် ကမ္ဘာချီသိုးတော်စုကို တလိုတလားကြည့်ရှု ထိန်းကျောင်းနေသည့် ထောင်နှင့်ချီသော သိုးထိန်းများ၏ ကြိုးစားလုပ်ဆောင်မှုကို အလွန်တန်ဖိုးထားမည်မှာ သေချာပါသည်။ ‘သန့်ရှင်းသူတို့ကို အလုပ်အကျွေးပြု’ ခြင်းဖြင့် အကြီးအကဲများကို ထောက်မပေးကြသည့် ထောင်နှင့်ချီသော ဓမ္မအမှုထမ်းများကိုလည်း ယေဟောဝါနှင့် ကိုယ်တော်၏သားတော်သည် အလွန်ချစ်ခင်တွယ်တာတော်မူ၏။ (ဟေဗြဲ ၆:၁၀) သို့ ဖြစ်၍ နှစ်ခြင်းခံပြီးသောညီအစ်ကိုအချို့သည် ဤ “ကောင်းသောအမှုအရာ” ကို တက်လှမ်းယူရန် အဘယ်ကြောင့် တွန့်ဆုတ်နေကြမည်နည်း။ (၂ တိမောသေ ၃:၁) သိုးထိန်းများအဖြစ် ယေဟောဝါခန့်ထားတော်မူသောသူတို့ကို ကိုယ်တော်မည်သို့လေ့ကျင့်ပေးသနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။
သင်မှတ်မိသလော
• သိုးထိန်းများသည် သိုးတော်စုကိုချစ်ကြောင်း ဖော်ပြသည့်နည်းအချို့ကား အဘယ်နည်း။
• အသင်းတော်ရှိသူအားလုံး ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုကို မည်သို့တိုးပွားစေနိုင်သနည်း။
• သိုးထိန်းများသည် သွန်သင်ချက်ပေးရာတွင် အဘယ်ကြောင့် စိတ်ရှည်ပြီး ကြင်နာမှုရှိသနည်း။
• အကြီးအကဲများသည် ကောင်းမြတ်ခြင်းနှင့် ယုံကြည်ခြင်းကို မည်သို့ပြသကြသနည်း။
[လေ့လာရန်မေးခွန်းများ]
အသင်းတော်အတွက်အမှုဆောင်ရန် အကြီးအကဲများကို မေတ္တာကလှုံ့ဆော်ပေး
သူတို့သည် အပန်းဖြေခြင်း . . .
. . . နှင့် ခရစ်ယာန်ဓမ္မအမှုတွင်လည်း မိသားစု နှင့်အတူ အချိန်သုံးကြ
အကြီးအကဲများစပ်ကြားတွင် ဆက်သွယ်ရေးကောင်းရှိ ခြင်းက အသင်းတော်အတွင်း ဝမ်းမြောက်မှု နှင့် ငြိမ်သက်မှု ကိုတိုးပွားစေ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အသင်းတော်အတွက်အမှုဆောင်ရန် အကြီးအကဲများကို မေတ္တာကလှုံ့ဆော်ပေး
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သူတို့သည် အပန်းဖြေခြင်း . . .
. . . နှင့် ခရစ်ယာန်ဓမ္မမှုတွင်လည်း မိသားစုနှင့်အတူ အချိန်သုံးကြ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
အကြီးအကဲများကြားတွင် ဆက်သွယ်ရေကောင်းရှိခြင်းက အသင်းတော်အတွင်း ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုကိုတိုးပွားစေ