မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း

ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း

ကမ္ဘာ​မြေ​အတွက် ဘုရားသခင့်​ရည်ရွယ်ချက်ကား အဘယ်နည်း

သင်း​ပျံ့​မွှေး​ကြို​င်​သော​ပန်း​ခင်း​ထဲ လမ်းလျှောက်ခြင်း​ကို အဘယ်ကြောင့် ပျော်မွေ့​ကြ​သနည်း။ သာယာလှပ​သော​အင်း​အိုင် သို့​မဟုတ် တိမ်ဖုံး​နေသည့်​တောင်တန်း​များ​ကို မြင်ရ​သည့်​အခါ အဘယ်ကြောင့် ကြည်နူး​ကြ​သနည်း။ ကျေးငှက်​လေး​များ​၏ တေး​သီ​သံ​ကို အဘယ်ကြောင့် နားစွင့်​လို​ကြ​သနည်း။ ခုန်​လွှား​ပုံ​လှပသော​သမင်​တစ်ကောင် သို့​မဟုတ် မြက်ခင်းပြင်​တွင် ကျက်စား​နေသော သိုးအုပ်​တစ်အုပ်​ကို မြင်​လိုက်ရ​သည့်​အခါ အဘယ်ကြောင့် ပီတိ​ဖြစ်​ရသနည်း။

ထို​မေးခွန်း​အားလုံး​အတွက် အဖြေ​တစ်ခု​တည်း​ရှိ၏။ ကျွန်ုပ်​တို့သည် ပရဒိသု​တွင်​နေထိုင်ရန် ဖန်ဆင်း​ခံရ​ခြင်း​ကြောင့်​ပင်! ထိုသို့​သော​နေရာ​မျိုး​တွင် ကျွန်ုပ်​တို့၏​ကနဦး​မိဘ အာဒံ​နှင့်​ဧဝ​တို့ ဘဝ​စ​ခဲ့​ကြသည်။ ပရဒိသု​တွင် နေထိုင်​လို​သော​ဆန္ဒ​ကို သူတို့​ထံ​မှ ကျွန်ုပ်​တို့​ရရှိ​သကဲ့သို့ သူတို့ကလည်း ဖန်ဆင်း​ရှင်  ယေဟောဝါ​ထံ​မှ ရရှိခဲ့​ကြသည်။ ဤမျှ​ကောင်းမွန်​လှ​သော ကမ္ဘာ​မြေ​စံအိမ်​တွင် ပျော်မွေ့နိုင်​ရန် လိုအပ်သော​အရည်အသွေးများ​ဖြင့် ကျွန်ုပ်​တို့​ဖန်ဆင်း​ခံရ​သောကြောင့် ပရဒိသု​တွင် လူသားများ ပျော်ရွှင်​ကြ​မည်​ကို ကိုယ်တော်​သိတော်မူ၏။

ယေဟောဝါ​သည် ကမ္ဘာ​မြေ​ကို အဘယ်ကြောင့် ဖန်ဆင်း​တော်​မူ​သနည်း။ လူသားများ “နေစရာ​ဖို့” ကိုယ်တော်​ဖန်ဆင်း​ခဲ့​သည်။ (ဟေရှာယ ၄၅:၁၈) ‘မြေကြီးကို ဖန်ဆင်း​တော်​မူ​သော​အရှင်’ သည် လှပသော​ပရဒိသု​စံအိမ် ဧဒင်ဥယျာဉ်​ကို အာဒံ​နှင့်​ဧဝ​တို့အား ပေး​ခဲ့​သည်။ (ယေရမိ ၁၀:၁၂; ကမ္ဘာဦး ၂:၇-၉၊ ၁၅၊ ၂၁၊ ၂၂) ၎င်း​ဥယျာဉ်​ရှိ စမ်း​ချောင်းများ၊ သစ်ပင်​ပန်း​မ​န်​များ​ကြောင့် သူတို့​စိတ်​ကြည်နူး​လိုက်​မည်​ဖြစ်​ခြင်း! ကောင်းကင်​ယံ​တွင် ငှက်​ကလေး​များ လေ​ဟု​န်​စီး​နေပြီး မြေပြင်​ပေါ်​တွင် တိရစ္ဆာန်​အမျိုးမျိုး လှည့်လည်​ကျက်စား​နေကြ​သော်လည်း လူသားများ​ကို လုံးဝ​အန္တရာယ်​မပြု​ကြ​ချေ။ ငါး​များနှင့် အခြား​ရေ​သတ္တဝါများ​လည်း ကမ္ဘာ​၏​ကြည်လင်​သန့်ရှင်းသော​ရေ​တွင် ကူးခပ်​သွားလာ​နေကြ၏။ အကောင်းဆုံး​မှာ အာဒံ​နှင့်​ဧဝ​တို့ အတူ​ရှိနေကြ​ခြင်း​ဖြစ်သည်။ သူတို့သည် သားသမီး​များစွာ မွေးဖွားပြီး သူတို့၏​မိသားစုကြီး​နှင့်အတူ ပရဒိသု​စံအိမ်​ကို ပျော်ရွှင်စွာ တိုးချဲ့​နိုင်​ကြ​မည်​ဖြစ်သည်။

ယနေ့ ကမ္ဘာ​မြေ​သည် ပရဒိသု​မဖြစ်​သော်လည်း ယင်းကို ပျော်ရွှင်သော​မိသားစု​၏​စံအိမ်​နှင့်  နှိုင်းယှဉ်​နိုင်​သည်။ ဘုရားသခင်​ပေး​ထား​သည့် ကမ္ဘာ့​စံအိမ်​တွင် ကျွန်ုပ်​တို့​လိုအပ်သော အလင်း၊ အပူ၊ ရေ​နှင့် အစားအစာ​များ​ရှိသည်။ နေ​၏​အလင်းရောင်၊ ၎င်း​၏​အပူဓာတ်​နှင့် လ​ရော​င်​တို့အတွက် ကျွန်ုပ်​တို့ အလွန်​ကျေးဇူး​တင်စရာ​ပင်။ (ကမ္ဘာဦး ၁:၁၄-၁၈) အပူဓာတ်​ရရှိရန် အသုံးပြုနိုင်​သည့် ကျောက်မီးသွေး​နှင့် ရေနံ​ကဲ့သို့​သော လောင်စာများ​လည်း မြေကြီး​ထဲ​တွင်​ရှိသည်။ ရေသံသရာ​နှင့် မြစ်ချောင်း​အင်း​အိုင်၊ ပင်လယ်​သမု ဒ္ဒ​ရာ​တို့​ကြောင့် ကျွန်ုပ်​တို့​ရေ​ရရှိ ကြသည်။ ထို့​ပြင်  ကမ္ဘာ​မြေ​တွင် ကော်ဇော​ပ​မာ မြက်ခင်း​များလည်း​ရှိသည်။

အိမ်​တစ်အိမ်​၏ ရိက္ခာ​အခန်း​တွင် စားစရာ​များ​ရှိသကဲ့သို့ ကမ္ဘာ့​ရိက္ခာ​တိုက်​တွင် စားစရာ​အလျှံပယ်​ရှိ၏။ ယေဟောဝါ​သည် ကောက်ပဲသီးနှံ၊ သစ်သီးခြံ​များ​ကို ပေးခြင်း​အားဖြင့် ‘ကျွန်ုပ်​တို့အား ကျေးဇူးပြု​လျက်၊ အစာ​အာဟာရ​နှင့်​ဝ​ပြော​၍ ဝမ်းမြောက်​စေ’ ၏။ (တမန်​တော် ၁၄:၁၆၊ ၁၇) ယခု​ပင်​လျှင် ကမ္ဘာ​မြေ​သည် ဤမျှ​ကောင်းမွန်သော စံအိမ်​တစ်ဆောင်​ဖြစ်နေ​ရာ “ပျော်ရွှင်သော​ဘုရားသခင်” ယေဟောဝါ​သည် ယင်းကို ကမ္ဘာ့​ပရဒိသု ဖြစ်စေ​သည့်​အခါ  မည်မျှ​ကောင်း​လိုက်​မည်​ဖြစ်​ကြောင်း မြင်ယောင်​ကြည့်​လိုက်ပါ။—၁ တိမောသေ ၁:၁၁က​ဘ။

[Picture Credit Lines on page 2]

COVER: Earth: NASA photo; Stars: NASA, ESA and AURA/​Caltech