ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက် မကြာမီ ပြည့်စုံလာတော့မည်
ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက် မကြာမီ ပြည့်စုံလာတော့မည်
အာဒံနှင့်ဧဝတို့ ပရဒိသုတွင်ရှိနေစဉ်ပင် ဘုရားသခင်၏ ဤအမိန့်တော်ကို သူတို့ရရှိခဲ့ကြသည်– “များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”—ကမ္ဘာဦး ၁:၂၈။
မြေကြီးကို နိုင်နင်းခြင်းဟုဆိုရာတွင် ဒေသငယ်လေးတစ်ခုကိုသာ ပျိုးစုပြုထောင်ခြင်းမဟုတ်ချေ။ အာဒံ၊ ဧဝနှင့် သူတို့၏သားစဉ်မြေးဆက်များသည် ကမ္ဘာမြေတစ်ခုလုံး ပရဒိသုဖြစ်လာသည်အထိ တိုးချဲ့သွားကြရမည်ဖြစ်သည်။ သို့သော် ကနဦးလူသားမောင်နှံသည် အပြစ်လုပ်သည့်အတွက် ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံခဲ့ရသည်။ (ကမ္ဘာဦး ၃:၂၃၊ ၂၄) သို့ဖြစ်၍ မြေကြီးကို ဘယ်သောအခါမျှ နိုင်နင်းတော့မည်မဟုတ်ဟု မဆိုလိုပါ။
နာခံမှုရှိသောလူသားများသည် ဘုရားသခင့်ကောင်းချီး ခံစားကြရမည်ဖြစ်သောကြောင့် မြေကြီးကို နိုင်နင်းပါလိမ့်မည်။ ရှေးဣသရေလလူမျိုးသည် ဘုရားသခင့်ကောင်းချီးခံစားရသောအခါ သူတို့၏သီးနှံများ ဖြစ်ထွန်းအောင်မြင်ခဲ့သည်။ ကျွန်ုပ်တို့၏ကမ္ဘာမြေသည် တဖြည်းဖြည်းနှင့် ပရဒိသုဖြစ်လာသောအခါ ထိုသို့ဖြစ်လာလိမ့်မည်။ ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာတွင် ကတိပြုထားသည့်အတိုင်း “မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးတော်မူ၏။” (ဆာလံ ၆၇:၆) တစ်နည်းအားဖြင့်ဆိုလျှင် ကမ္ဘာ့မြက်ခင်းများ၊ တောတောင်စိမ့်စမ်း၊ မြစ်ချောင်းအင်အိုင်၊ သစ်ပင်ပန်းမန်များ ရွှင်လန်းကြလိမ့်မည်။ (ဆာလံ ၉၆:၁၁-၁၃; ၉၈:၇-၉) ထိုအခါ ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးသည် စိမ်းလန်းသောအပင်များ၊ ရောင်စုံငှက်များ၊ အံ့ဖွယ်တိရစ္ဆာန်များနှင့် ဖော်ရွေသောလူများဖြင့် သက်ဝင်လှုပ်ရှားနေပေလိမ့်မည်။
ရောက်လာတော့မည့် ကမ္ဘာသစ်!
ယခု ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင် ကတိပြုထားသောကမ္ဘာသစ်ထဲ ဝင်လုဆဲဆဲရှိနေပြီ။ “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏” ဟု တမန်တော်ပေတရု ရေးသားခဲ့သည်။ (၂ ပေတရု ၃:၁၃) ပေတရု၏အဆိုပါစကားကို ဖတ်ပြီးနောက် တချို့က ဤကမ္ဘာဂြိုဟ်သည် မည်သည့်အခါမျှ ပရဒိသုဖြစ်လာမည်မဟုတ်ဟု ကောက်ချက်ချပေမည်။ ၎င်းအစား ပကတိမိုးကောင်းကင်နှင့် မြေကြီးသည် ဖယ်ရှားခံရမည်ဟု သူတို့ယူမှတ်ကြပေမည်။ ထိုသို့ ဖြစ်နိုင်မည်လော။
“မိုးကောင်းကင်သစ်” ကားအဘယ်နည်း။ ဘုရားသခင်ဖန်ဆင်းထားသည့် ပကတိကောင်းကင်ကို ဆိုလိုနေခြင်းမဟုတ်ချေ။ (ဆာလံ ၁၉:၁၊ ၂) ပြည်သူများကိုအုပ်ချုပ်သည့် လူ့အစိုးရများဖြစ်သော ပုံဆောင် “မိုးကောင်းကင်” ကို ပေတရု အထက်ပါကျမ်းချက်များတွင် ရည်ညွှန်းနေခြင်းဖြစ်သည်။ (၂ ပေတရု ၃:၁၀-၁၂) အဆိုပါ “မိုးကောင်းကင်” သည် လူသားများကို အောင်မြင်စွာ မအုပ်ချုပ်နိုင်သောကြောင့် ဖျက်ဆီးခံရလိမ့်မည်။ (ယေရမိ ၁၀:၂၃; ဒံယေလ ၂:၄၄၊ ၄၅) ၎င်းတို့ကိုအစားထိုးမည့် “မိုးကောင်းကင်သစ်” မှာ ဘုရားသခင့်နိုင်ငံတော်ဖြစ်သည်။ ထိုနိုင်ငံတော်ကို ဘုရင်ယေရှုခရစ်နှင့် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ကြသော ကိုယ်တော်၏တွဲဖက်အမွေခံ ၁၄၄,၀၀၀ တို့ဖြင့် ဖွဲ့စည်းထားသည်။—ရောမ ၈:၁၆၊ ၁၇; ဗျာ. ၅:၉၊ ၁၀; ၁၄:၁၊ ၃။
ပေတရုဖော်ပြသော “မြေကြီးသစ်” မှာ ကမ္ဘာဂြိုဟ်အသစ်တစ်လုံး မဟုတ်ပါ။ ယေဟောဝါသည် ဤကမ္ဘာမြေကို လူသားများ ထာဝစဉ်နေထိုင်နိုင်ရန် ပြည့်ဝစုံလင်စွာ ဖန်ဆင်းထားတော်မူသည်။ (ဆာလံ ၁၀၄:၅) တစ်ခါတစ်ရံ သမ္မာကျမ်းစာက လူများကို “မြေကြီး” ဟူ၍ ရည်ညွှန်းဖော်ပြတတ်သည်။ (ကမ္ဘာဦး ၁၁:၁) ဖျက်ဆီးခံရတော့မည့် မြေကြီးမှာ ဆိုးသွမ်းသည့် ဤလောက၏အစိတ်အပိုင်းဖြစ်သော လူ့အဖွဲ့အစည်းများဖြစ်သည်။ နောဧခေတ် ရေလွှမ်းမိုးချိန်ကလည်း ဘာသာတရားမဲ့လောကသည် ဖျက်ဆီးခံခဲ့ရသည်။ (၂ ပေတရု ၃:၅-၇) သို့ဖြစ်လျှင် “မြေကြီးသစ်” ကား အဘယ်နည်း။ ယင်းသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သည့် “သဘောဖြောင့်သောသူ” များ၏ အဖွဲ့အစည်းသစ်တစ်ခုဖြစ်သည်။ (ဆာလံ ၁၂၅:၄; ၁ ယောဟန် ၂:၁၇) “မြေကြီးသစ်” အတွက် ဥပဒေအားလုံးကို “ကောင်းကင်သစ်” က ပြဋ္ဌာန်းမည်ဖြစ်သည်။ ၎င်းတို့ကို လိုက်နာကြရန် ကမ္ဘာပေါ်ရှိ သစ္စာရှိသူတို့က အရေးယူဆောင်ရွက်ပေးကြလိမ့်မည်။
အလွန်ကောင်းသည့် အသစ်သောအရာများ!
ယေဟောဝါသည် ကမ္ဘာမြေကို လူသားများနေထိုင်ရန် အထူးကောင်းမွန်သောနေရာတစ်ခုအဖြစ် ဖန်ဆင်းထားသည်။ မိမိ၏ မြေကြီးဆိုင်ရာဖန်ဆင်းခြင်းအားလုံးကို ကြည့်ပြီး “အလွန်ကောင်းသည်” ဟု ကိုယ်တော်တိုင် မိန့်တော်မူခဲ့၏။ (ကမ္ဘာဦး ၁:၃၁) ၎င်းနောက်တွင် အာဒံနှင့်ဧဝတို့ကို ပုန်ကန်သူများဖြစ်လာစေရန် စာတန် လှုံ့ဆော်ပေးခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅; ဗျာ. ၁၂:၉) သို့ရာတွင် ဖြောင့်မတ်သူတို့သည် “မှန်သောအသက်” ကို များမကြာမီရနိုင်ကြရန် ဘုရားသခင် အရေးယူလုပ်ဆောင်ပေးတော်မူမည်။ ထိုအသက်ကား ပရဒိသုတွင် ပြည့်ဝစုံလင်စွာ ‘ထာဝစဉ်အသက်ရှင်ခြင်း’ ဖြစ်၏။ (၁ တိမောသေ ၆:၁၂၊ ၁၉) ထိုအခါ ကျွန်ုပ်တို့ခံစားကြရမည့် ကောင်းချီးအချို့ကို ယခု သုံးသပ်ကြည့်ကြစို့။
ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်း စာတန်သည် ချုပ်နှောင်ခံရသည့်အတွက် လူတို့ကို ဘေးပြုနိုင်တော့မည်မဟုတ်ပါ။ တမန်တော်ယောဟန်က ဤသို့ပြောသည်– “ကောင်းကင်တမန် [ကောင်းကင်တမန်မင်း မိက္ခေလ သို့မဟုတ် ယေရှုခရစ်] သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကိုကိုင်လျက်၊ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း . . . စာတန်တည်းဟူသော နဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။” (ဗျာ. ၂၀:၁-၃; ၁၂:၁၂) တွင်းနက်ထဲ စာတန်ပစ်ချခံရစဉ် လူအပေါင်းသည် သူ၏သြဇာလွှမ်းမိုးမှု မခံရတော့သည့်အပြင် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် အခြားသောကောင်းချီးများစွာကိုလည်း ခံစားကြရလိမ့်မည်။
ဆိုးသွမ်းမှု၊ အကြမ်းဖက်မှုနှင့် စစ်မှုတို့ရှိတော့မည်မဟုတ်။ သမ္မာကျမ်းစာက ဤသို့ကတိပြုသည်– “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉) ယေဟောဝါဘုရားသခင်သည် “မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ” လိမ့်မည်။ (ဆာလံ ၄၆:၉) ယင်းတို့သည် လုံခြုံမှု၊ ငြိမ်းချမ်းမှုရှိမည်ဟူသည့် စိတ်ချရသောအာမခံချက်များပါတကား။
ကျန်းမာရေးနှင့်ညီညွတ်ပြီး အရသာရှိ ခဲဖွယ်စားဖွယ်များ အလျှံပယ်ရှိပါလိမ့်မည်။ “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်” ဟု ဆာလံဆရာ သီဆိုခဲ့သည်။ (ဆာလံ ၇၂:၁၆) ထိုအခါ မည်သူမျှ ဆာလောင်မွတ်သိပ်ကြတော့မည်မဟုတ်ချေ။
မည်သူမျှ ဖျားနာတော့မည်မဟုတ်။ မှန်ပါသည်၊ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တော့ချေ။ (ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆) ယေရှုခရစ် ကမ္ဘာပေါ်ရှိစဉ် နူနာစွဲသူများ၊ ခြေဆွံ့သူများနှင့် မျက်စိကန်းသူများကို ကုသပေးခဲ့သည်။ (မဿဲ ၉:၃၅; မာကု ၁:၄၀-၄၂; ယောဟန် ၅:၅-၉) ကမ္ဘာသစ်တွင် အဘယ်အရာများလုပ်ဆောင်ပေးမည်ကို စဉ်းစားကြည့်ပါလေ! မျက်မမြင်သူ၊ နားပင်းသူ၊ ခြေဆွံ့သူနှင့် စကားအသူတို့သည် ကျန်းမာပကတိဖြစ်လာကြသောအခါ မည်မျှပျော်ရွှင်လိုက်မည်ကို မြင်ယောင်ကြည့်ပါ။
နာခံမှုရှိသောလူသားများ တဖြည်းဖြည်းစုံလင်လာကြသည့်အခါ ဇရာထောင်းသည်ကို မတွေ့ရတော့ဘဲ ပြန်ပျိုနုလာမည်ကို တွေ့မြင်ကြရလိမ့်မည်။ ထိုအခါ မျက်မှန်များ၊ တုတ်ကောက်များ၊ ချိုင်းထောက်များ၊ ဘီးတပ်ကုလားထိုင်များ၊ ဆေးရုံများနှင့် ဆေးဝါးများရှိတော့မည်မဟုတ်။ ကျွန်ုပ်တို့သည် လူငယ့်ခွန်အားနှင့် ပြန်ပြည့်ဖြိုးလာသည့်အတွက် အကြီးအကျယ်ပြောင်းလဲလာမည်တကား။ (ယောဘ ၃၃:၂၅) နေ့စဉ် လန်းလန်းဆန်းဆန်းနိုးထလာပြီး တစ်နေ့တာလုပ်ငန်းကို ပျော်ရွှင်စွာ စတင်နိုင်ကြပါလိမ့်မည်။
ကျွန်ုပ်တို့ချစ်ရသူများနှင့် အခြားသူတို့ ရှင်ပြန်ထမြောက်လာခြင်းက စိတ်ရွှင်လန်းအားရစရာဖြစ်လိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) အာဗေလ၊ နောဧ၊ အာဗြဟံ၊ စာရာ၊ ယောဘ၊ မောရှေ၊ ရုသ၊ ဒါဝိဒ်၊ ဧလိယ၊ ဧသတာစသောသူတို့ကို ကြိုဆိုရခြင်းသည် စိတ်လှုပ်ရှားစရာပင်။ သန်းနှင့်ချီသော အခြားသူတို့သည်လည်း ထမြောက်လာကြလိမ့်မည်။ ၎င်းတို့အများစုမှာ ယေဟောဝါအား မသိခဲ့ကြသော်လည်း ဘုရားသခင်အကြောင်း၊ ကိုယ်တော့်ရည်ရွယ်ချက်များနှင့် ကိုယ်တော့်သားတော် ယေရှုခရစ်အကြောင်း သင်ပေးလိုသူများက သူတို့ကို ကြိုဆိုကြလိမ့်မည်။ မိမိတို့၏ဖန်ဆင်းရှင်ကို ရှင်ပြန်ထမြောက်လာသူတို့ သိလာကြသောအခါ မြေကြီးသည် ယေဟောဝါအား သိကျွမ်းခြင်းပညာနှင့် အမှန်ပင်ပြည့်စုံလာပါလိမ့်မည်။
အကောင်းဆုံးမှာ ကျွန်ုပ်တို့သည် စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကို ထာဝစဉ်ကိုးကွယ်နိုင်ကြခြင်းဖြစ်သည်။ ‘ယေဟောဝါ၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်’ ခွင့်ရကြမည်။ ထို့ပြင် လှပသောအိမ်များကို အတူတကွဆောက်၍ မြေကြီးကို ထွန်ယက်ကာ ကမ္ဘာမြေကို နိုင်နင်းကြလိမ့်မည်။ (ဆာလံ ၁၀၀:၁-၃; ဟေရှာယ ၆၅:၂၁-၂၄) အသီးအနှံဖြစ်ထွန်းပြီး အေးချမ်းသာယာသောပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရခြင်းသည် စိတ်ကြည်နူးစရာကောင်းလိုက်မည်ဖြစ်ခြင်း။ ယင်းပရဒိသုသည် ယေဟောဝါ၏သန့်ရှင်းသောနာမတော်ကို အမှန်တကယ်ဂုဏ်တင်မည်။—ဆာလံ ၁၄၅:၂၁; ယောဟန် ၁၇:၃။
လူသားများကြုံရမည့် နောက်ဆုံးစမ်းသပ်မှု
ယေရှု၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်း ကိုယ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ် အကျိုးကျေးဇူးများကို နာခံမှုရှိသူတိုင်း အကျိုး ခံစားရလိမ့်မည်။ ဤသို့ဖြင့် နောက်ဆုံးတွင် အပြစ်အားလုံး ဖယ်ရှားခံရပြီး လူအပေါင်း စုံလင်လာကြလိမ့်မည်။ (၁ ယောဟန် ၂:၂; ဗျာ. ၂၁:၁-၄) အာဒံ၏အပြစ်ကြောင့် ခံစားရသည့်ဆိုးကျိုးများကို လုံးဝဖယ်ရှားပြီးနောက် စုံလင်သောလူသားများအနေနှင့် စိတ်ဓာတ်ရေး၊ ကာယရေး၊ ကိုယ်ကျင့်တရားရေးနှင့် ဝိညာဉ်ရေးတို့တွင် ဘုရားသခင်၏စံနှုန်း ပြည့်မီသူများ ဖြစ်လာကြလိမ့်မည်။ သို့ဖြင့် သူတို့သည် အပြစ်ကင်းစင်ပြီး စုံလင်လာသောအခါ မူလအစအတိုင်း အသက်ရှင်ကြရလိမ့်မည်။ (ဗျာ. ၂၀:၅) ဤသို့ဖြစ်လာခြင်းနှင့် မြေကြီးပရဒိသုတို့ကြောင့် ယေဟောဝါ၏ဘုန်းတော် ထင်ရှားလိမ့်မည်ဖြစ်ခြင်း!
ခရစ်တော်၏အနှစ်တစ်ထောင် အုပ်ချုပ်မှုအပြီးတွင် စာတန်နှင့် သူ၏နတ်ဆိုးများဖြစ်သည့် ဆိုးသွမ်းသောကောင်းကင်တမန်များကို အနှစ်တစ်ထောင်ခန့်လှောင်ထားသော တွင်းနက်ကြီးမှ တစ်ခဏလွှတ်ပေးလိမ့်မည်။ (ဗျာ. ၂၀:၁-၃) ဘုရားသခင်ထံမှ လူများသွေဖည်သွားရန် သူတို့ကို နောက်ဆုံး ကြိုးစားခွင့်ပေးလိမ့်မည်။ အချို့သူတို့သည် မကောင်းသောဆန္ဒများအတိုင်း လုပ်ဆောင်ကြမည်ဖြစ်သော်လည်း ဤပုန်ကန်မှုသည် အောင်မြင်မည်မဟုတ်ချေ။ ယေဟောဝါသည် တစ်ကိုယ်ကောင်းဆန်သောသူတို့ကို စာတန်နှင့် သူ၏နတ်ဆိုးအားလုံးနှင့်အတူ ဖျက်ဆီးပါလိမ့်မည်။ ထို့နောက် မည်သည့်အခါမျှ ဆိုးသွမ်းမှု ရှိတော့မည်မဟုတ်။ အပြစ်ပြုသူများ ထာဝစဉ်ရှိတော့မည်မဟုတ်။ ဖြောင့်မတ်သူများမှာမူ ထာဝရအသက် ရကြလိမ့်မည်။—ဗျာ. ၂၀:၇-၁၀။
ထိုတွင် သင်ရှိမည်လော
ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးသူတို့သာ ထာဝစဉ် ချမ်းမြေ့ပျော်ရွှင်ကြရလိမ့်မည်။ ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းသည် လုံးဝငြီးငွေ့စရာဖြစ်မည်မဟုတ်ပေ။ ယင်းအစား၊ ယေဟောဝါဘုရားသခင်၏အသိပညာသည် အလွန်ကျယ်ဝန်းနက်နဲလှသောကြောင့် အချိန်ကုန်လွန်လာလေလေ ဘဝတွင် စိတ်ဝင်စားစရာ တိုးများလာလေလေဖြစ်မည်။ (ရောမ ၁၁:၃၃) သင်ယူစရာအသစ်အဆန်းတစ်ခုခု အမြဲရှိပြီး အသိပညာဆည်းပူးရန် အချိန်များစွာ ရှိပါလိမ့်မည်။ အဘယ်ကြောင့်နည်း။ သင်သည် အနှစ် ၇၀၊ ၈၀ မျှသာ အသက်ရှင်မည်မဟုတ်ဘဲ ထာဝစဉ်အသက်ရှင်မည်ဖြစ်သောကြောင့်တည်း။—ဆာလံ ၂၂:၂၆; ၉၀:၁၀; ဒေ. ၃:၁၁။
ဘုရားသခင်ကို သင်ချစ်မည်ဆိုလျှင် ကိုယ်တော်၏အလိုတော်ကို ပျော်ရွှင်စွာ အမြဲဆောင်ရွက်လိမ့်မည်။ တမန်တော်ယောဟန် ဤသို့ရေးသားခဲ့သည်– “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။” (၁ ယောဟန် ၅:၃) ထို့ကြောင့် ဖြောင့်မတ်ရာကို လုပ်ဆောင်ခြင်းဖြင့် ယေဟောဝါဘုရားသခင်၏စိတ်တော်နှင့်တွေ့ရန် သင့်ကို မည်သည့်အရာကမျှ အတားအဆီးမဖြစ်ပါစေနှင့်။ ဘုရားသခင့်စကားတော်ဖြစ်သည့် သမ္မာကျမ်းစာက သင့်အား ကမ်းလှမ်းထားသော အလွန်တောက်ပသောမျှော်လင့်ချက်ကို စိတ်စွဲမှတ်ထားပါလေ။ ယေဟောဝါ၏အလိုတော်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားပါ။ ယင်းလမ်းစဉ်မှ ဘယ်တော့မျှ သွေဖည်မသွားပါနှင့်။ သို့ပြုလျှင် ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလာပြီး ကျွန်ုပ်တို့၏ကမ္ဘာ့စံအိမ်သည် ထာဝရပရဒိသုဖြစ်လာသောအခါ ထိုတွင် သင်ရှိပါလိမ့်မည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဘုရားသခင်၏ကောင်းချီးကြောင့် ဣသရေလနိုင်ငံတွင် သီးနှံများ ဖြစ်ထွန်းအောင်မြင်ခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ပရဒိသုတွင် အဘယ်ကောင်းချီးများ ခံစားရရန် သင်မျှော်လင့်သနည်း