မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကယ်တင်ခံရရန် သင် အသင့်ဖြစ်နေပြီလော

ကယ်တင်ခံရရန် သင် အသင့်ဖြစ်နေပြီလော

ကယ်တင်​ခံရ​ရန် သင် အသင့်​ဖြစ်နေ​ပြီ​လော

“ဤ​ကာလ​အမျိုး​တွင် သင်သည် ငါ့​ရှေ့၌​ဖြောင့်မတ်​ကြောင်းကို ငါ​သိမြင်​သည်​ဖြစ်၍​သင်၏​အိမ်သူအိမ်သား​အပေါင်း​တို့​နှင့်​တကွ သင်္ဘော​ထဲ​သို့​ဝင်​ကြလော့။”—ကမ္ဘာဦး ၇:၁

၁။ နောဧ​ခေတ်တွင် ကယ်တင်​ခံရ​ရန် အဘယ်အရာကို ယေဟောဝါ​ပြင်ဆင်​ပေး​တော်​မူ​ခဲ့​သနည်း။

ယေဟောဝါ​သည် နောဧ​ခေတ်​မှ ‘ဘုရားသခင်​ကို​မကိုးကွယ်​သော လောကသား​အပေါင်း​တို့ကို ရေလွှမ်းမိုး​စေတော်မူ’ ခဲ့​သော်လည်း ကယ်တင်ခြင်း​အတွက် အစီအစဉ်​တစ်ခု ပြု​လုပ်ပေး​တော်​မူ​ခဲ့​သည်။ (၂ ပေတရု ၂:၅) စစ်မှန်သော​ဘုရားသခင်​သည် ဖြောင့်မတ်​သော​နောဧ​ကို ကမ္ဘာချီ​ရေလွှမ်းမိုး​ချိန်​တစ်လျှောက် အသက်ဆက်​နိုင်​ရန် သင်္ဘော​တစ်စင်း​ကို မည်သို့​ဆောက်လုပ်​ရမည်​နှင့်​ပတ်သက်​၍ အသေးစိတ်​ညွှန်ကြား​ခဲ့​သည်။ (ကမ္ဘာဦး ၆:၁၄-၁၆) ယေဟောဝါ​၏ နာခံမှု​ရှိသော ကျေးကျွန်​တစ်ဦး​ဖြစ်သည့်​အလျောက် နောဧ​သည် ‘မှာ​ထား​တော်​မူ​သည်​အတိုင်း ပြု​ခဲ့​၏။’ ယနေ့ ကျွန်ုပ်​တို့​အသက်ရှင်နေ​ရခြင်း​မှာ တစ်စိတ်​တစ်​ဒေသ​အားဖြင့်  နောဧ နာခံမှု​ရှိခဲ့​ခြင်း​ကြောင့်​ဖြစ်သည်။—ကမ္ဘာဦး ၆:၂၂

၂၊ ၃။ (က) နောဧ​၏​လုပ်ဆောင်မှုကို သူနှင့်​တစ်ခေတ်​တည်း​သားများ​က မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ (ခ) မည်သည့်​ယုံကြည်​စိတ်ချမှု​ဖြင့် သင်္ဘော​ထဲ​သို့ နောဧ​ဝင်​ခဲ့​သနည်း။

သင်္ဘော​ဆောက်​ခြင်း​သည်   သေးငယ်သော​တာဝန်​တစ်ခု မဟုတ်ပါ။ နောဧ​နှင့် သူ့​မိသားစု​လုပ်ဆောင်နေ​သည့်​အရာ​ကို လူများစွာက အလွန်​အံ့သြ​ခဲ့​ကြ​ပေမည်။ သို့သော် ကယ်တင်ခြင်း​ရ​ရန် သင်္ဘော​ထဲ​ဝင်​ဖို့​လို​သည်ကို​မူ သူတို့​လက်မခံခဲ့​ကြ​ချေ။ နောက်ဆုံး ဆိုးသွမ်း​သော​လောက​အပေါ် ဘုရားသခင်​၏​စိတ်ရှည်မှု ကုန်ဆုံး​ခဲ့​သည်။—ကမ္ဘာဦး ၆:၃; ၁ ပေတရု ၃:၂၀

ယင်းကို နောဧ​နှင့်​သူ့​မိသားစု​သည် ဆယ်စုနှစ်​များစွာ အားသွန်ခွန်စိုက် ဆောက်လုပ်​ပြီး​နောက် ယေဟောဝါ​က နောဧ​ကို “ဤ​ကာလ​အမျိုး​တွင် သင်သည် ငါ့​ရှေ့၌​ဖြောင့်မတ်​ကြောင်းကို ငါ​သိမြင်​သည်​ဖြစ်၍ သင်၏​အိမ်သူအိမ်သား​အပေါင်း​တို့​နှင့်​တကွ သင်္ဘော​ထဲ​သို့​ဝင်​ကြလော့” ဟု​မိ​န့်တော်​မူ​ခဲ့​သည်။ ယေဟောဝါ​၏​စကား​ကို ယုံကြည်​စိတ်ချ​စွာ​ဖြင့် “နောဧ​သည် မိမိ​သား၊ မယား၊ ချွေး​မများ​နှင့်​တကွ သင်္ဘော​ထဲ​သို့​ဝင်” ခဲ့​သည်။ ယေဟောဝါ​သည် မိမိ​အား ဝတ်ပြု​ကိုးကွယ်​သူတို့ကို ကာကွယ်​ရန် တံခါး​ကို​ပိတ်​ခဲ့​သည်။ မြေကြီးပေါ်​တွင် ရေလွှမ်းမိုး​ဘေး​ကျရောက်​လာသော​အခါ  သင်္ဘော​သည် ကယ်တင်ခြင်း​အတွက် မှီခို​အားထား​နိုင်သော ဘုရားသခင်​ပြင်ဆင်​ပေး​သည့်​အရာ ဖြစ်လာ​ခဲ့​သည်။—ကမ္ဘာဦး ၇:၁၊ ၇၊ ၁၀၊ ၁၆

မျက်မှောက်ခေတ် ဆင်တူချက်​များ

၄၊ ၅။ (က) ယေရှုသည် မိမိ​ရောက်ရှိချိန်​ကို အဘယ်​အချိန်​နှင့် နှိုင်းယှဉ်ခဲ့​သနည်း။  (ခ) နောဧ​ခေတ်​နှင့် ကျွန်ုပ်​တို့​ခေတ်တွင် အဘယ်​ဆင်တူချက်​များ​ရှိ​သနည်း။

“လူသား​သည် ကြွလာ​သောအခါ နောဧ​လက်ထက်​၌​ဖြစ်​သကဲ့သို့ ဖြစ်​လိမ့်​မည်။” (မဿဲ ၂၄:၃၇) ဤ​စကား​များ​ဖြင့် ယေရှုသည် မိမိ၏​မျက်မြင်မရ​ရောက်ရှိချိန်​နှင့် နောဧ​ခေတ် ဆင်တူ​မည်​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​ပြီး ထိုသို့​ပင်​အမှန်​ဖြစ်​ခဲ့​သည်။ အထူးသဖြင့် နောဧ​ဟောခဲ့​သော သတိပေး​သတင်း​စကား​နှင့်​ဆင်တူ​သည့် သတင်းကို ၁၉၁၉ ခုနှစ်​မှ​စပြီး လူမျိုးအပေါင်း​အား ကြေညာ​လာ​ခဲ့​သည်။ သူတို့၏​တုံ့ပြန်​ပုံ​သည် နောဧ​ခေတ်​မှ​လူ​တို့​နှင့် ယေဘုယျ​အားဖြင့် ဆင်တူ​သည်။

အကြမ်းဖက်မှု​နှင့် ပြည့်နှက်​နေသော​လောကကို ကမ္ဘာချီ​ရေလွှမ်းမိုးခြင်း​ဖြင့် ယေဟောဝါ အရေးယူ​တော်​မူ​ခဲ့​သည်။ (ကမ္ဘာဦး ၆:၁၃) နောဧ​နှင့်​မိသားစု​သည် ထို​အကြမ်းဖက်မှုများတွင် မပါဝင်ဘဲ ငြိမ်းချမ်း​စွာ သင်္ဘော​ဆောက်​ခဲ့​ကြောင်း တွေ့မြင်​သူအား​လုံး​အတွက် သိသာ​ထင်ရှား​ခဲ့​သည်။ ဤ​တွင်​လည်း ယနေ့ခေတ်​နှင့် ဆင်တူချက်​ကို တွေ့မြင်​နိုင်​သည်။ စိတ်ရင်းမှန်​သူတို့သည် ယနေ့​အချိန်တွင် “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ၊ ဘုရားသခင်​၏​အမှုတော်ကို​ဆောင်သော​သူ၊ မ​ဆောင်သော​သူတို့ကို ပိုင်းခြား​၍​သိ” မြင်နိုင်​ကြသည်။ (မာလခိ ၃:၁၈) ယေဟောဝါသက်သေ​များ​၏ ရိုးသားမှု၊ ကြင်နာ​မှု၊ ငြိမ်သက်မှု​နှင့် ဝီရိယ​ရှိ​မှု​တို့ကို ဘက်လိုက်မှု​မရှိ​သူများ​က အထင်ကြီး​ပြီး ထို​အရည်အသွေးများ​ကြောင့် လောကသား​အများစု​နှင့် ဘုရားသခင့်​လူမျိုး​ကို ခွဲခြား​သိရှိ​ကြသည်။ သက်သေခံ​များသည် မည်သည့်​အကြမ်းဖက်မှု​မျိုးကို​မဆို ရှောင်​ကြ​ပြီး ယေဟောဝါ​၏​ဝိညာဉ်​တော် လမ်းပြမှု​ကို​သာ ခံယူ​ကြသည်။ ထို့​ကြောင့် သူတို့သည် ငြိမ်သက်မှု​ကောင်းချီး​ခံစား​ကြ​ရသည်။ ဖြောင့်မတ်​သော​လမ်းစဉ်​ကိုလည်း လိုက်လျှောက်​ကြသည်။—ဟေရှာယ ၆၀:၁၇

၆၊ ၇။ (က) နောဧ​ခေတ်​မှ​လူများ​သည် အဘယ်အရာကို နားမလည်​ခဲ့​ကြ​သနည်း။ ယင်းသည် ယနေ့ခေတ်​နှင့် မည်သို့​ဆင်တူ​သနည်း။ (ခ) ယေဟောဝါသက်သေ​များသည် ထူးခြား​သည်​ဟု​ယူမှတ်​ခံရ​ကြောင်း မည်သည့်​ဥပမာ​များ​က ဖော်ပြ​သနည်း။

နောဧ​နှင့်​တစ်ခေတ်​တည်း​သားများ​သည် နောဧ​တွင် ဘုရားသခင်​၏ ကျော​ထောက်​နောက်ခံ​မှု​ရှိကြောင်း၊ သူသည် ဘုရားသခင့်​ညွှန်ကြားချက်​အတိုင်း ပြုလုပ်​နေကြောင်း နားမလည်​ခဲ့​ကြ​ပေ။ ထို့​ကြောင့် သူတို့သည် နောဧ​၏​ဟောပြောခြင်းကို အရေးတယူ​မရှိခဲ့၊ သတိပေး​ချက်​အတိုင်း​လည်း မလုပ်ဆောင်​ခဲ့​ကြ​ချေ။ ယနေ့ခေတ်​ကော။ ယေဟောဝါသက်သေ​များ​၏ လုပ်ဆောင်မှု​နှင့် အကျင့်အကြံ​ကို လူများစွာ သဘောကျ​ကြသော်လည်း အများစုမှာ သတင်းကောင်း​နှင့် သမ္မာကျမ်းစာ​သတိပေး​ချက်​များ​ကို အရေးတယူ​မရှိကြ​ချေ။ အိမ်နီးချင်း​များ၊ အလုပ်ရှင်​များ သို့​မဟုတ် ဆွေမျိုး​များသည် စစ်မှန်သော​ခရစ်ယာန်​တို့၏ အရည်အသွေးကောင်း​များ​ကို ချီးမွမ်း​ပြောဆို​ကြသော်လည်း “ယေဟောဝါသက်သေ​တွေ​ဖြစ်နေ​တာ​တစ်ခု​ပဲ ပြောစရာ​ရှိတယ်” ဟု ညည်းတွား​ကြသည်။ သက်သေခံ​များသည် ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် ချုပ်တည်း​ခြင်း​ကဲ့သို့​သော အရည်အသွေးများ တင်ပြ​နေခြင်း​မှာ ဘုရားသခင့်​ဝိညာဉ်​တော်​၏ ဦးဆောင်မှု​ကြောင့်​ဖြစ်​ကြောင်း သူတို့ အရေးမထား​ကြ​ချေ။ (ဂလာတိ ၅:၂၂-၂၅) ဤ​အရည်အသွေးကောင်း​များ​ကို သူတို့​တင်ပြ​ကြ​ခြင်း​ကြောင့် သူတို့၏​သတင်း​စကား​သည် ပို​၍​ယုံကြည်​လက်ခံ​စ​ရာ​ဖြစ်​သင့်​သည်။

ဥပမာ၊  ရုရှား​နိုင်ငံ​တွင်  ယေဟောဝါသက်သေ​များသည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်လုံး ဆောက်​နေကြ​သည်။ အလုပ်လုပ်​နေ​သူ​တစ်ဦး​နှင့်  ရပ်​စကားပြော​နေသော  အမျိုးသား​တစ်ဦး​က “ခင်ဗျား​တို့​ရဲ့ ဆောက်လုပ်ရေး​လုပ်ငန်းခွင်​က အတော်​ထူးခြား​တာ​ပဲ!  ဆေးလိပ်​သောက်​တဲ့​သူတွေ၊ ဆဲဆို​တဲ့​သူတွေနဲ့ မူးယစ်​သောက်​စား​နေတဲ့​သူ တစ်ယောက်မှ​မရှိဘူး” ဟု​မှတ်ချက်ချ​ပြီး “ဒါနဲ့ ခင်ဗျား​ကော ယေဟောဝါသက်သေ​တစ်ယောက်ပဲ​လား” ဟု​မေးခဲ့သည်။ အလုပ်လုပ်​နေ​သူက “မဟုတ်ဘူးလို့ ကျွန်တော်​ပြော​ရင် ခင်ဗျား​ယုံ​မလား” ဟု​မေး​ရာ သူက “လုံးဝ​မယုံ​ဘူး” ဟု​ချက်ချင်း​ပြန်ဖြေ​ခဲ့​သည်။ အခြား​ရုရှား​မြို့​တစ်မြို့​တွင် မြို့တော်ဝန်​က ယေဟောဝါသက်သေ​များ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​တစ်လုံး ဆောက်​နေသည်​ကို​မြင်​သောအခါ အလွန်​အထင်ကြီး​လေးစား​သွား​သည်။ ဝတ်ပြုရေး​အုပ်စု​အားလုံး ထူး​မခြားနား​ပါ​ဟု တစ်ချိန်က မိမိ​ယူမှတ်ခဲ့​သော်လည်း စိတ်ရင်းမှန်​ရှိ၍ ကိုယ်ကျိုး​မ​ရှာ​သော  ယေဟောဝါသက်သေ​များ​၏ လုပ်ဆောင်မှုကို တွေ့မြင်​ပြီး​နောက် ထိုသို့​မယူမှတ်​တော့​ဟု သူ​ပြော​ခဲ့​သည်။ ယင်း​တို့​မှာ ယေဟောဝါ​၏​လူမျိုး​သည် သမ္မာကျမ်းစာ​စံနှုန်း​များ​ကို မလိုက်နာ​သူတို့နှင့် ခြားနား​ကြောင်း ဖော်ပြ​သည့် ဥပမာ​နှစ်ခု​မျှ​သာ​ဖြစ်သည်။

၈။ ဆိုးသွမ်း​သော ဤ​လောက​၏​အဆုံး​မှ ကျွန်ုပ်​တို့ ကယ်တင်​ခံရ​ရေး​သည် အဘယ်အရာ​ပေါ်​မူတည်​သနည်း။

ကမ္ဘာချီ​ရေလွှမ်းမိုး​ဘေး​တွင် ပျက်စီး​ခဲ့​သော “ရှေး​လောက” ၏​နောက်ဆုံး​အချိန်ပိုင်း​အတွင်း နောဧ​သည် “ဖြောင့်မတ်ခြင်း​တရားကို​ဟော” သည့် တည်ကြည်သူ​တစ်ဦး​အဖြစ် အသက်ရှင်ခဲ့​သည်။ (၂ ပေတရု ၂:၅) လက်ရှိ​အစီအစဉ်​စနစ်​၏ ဤ​နောက်ဆုံး​နေ့ရက်​များ​တွင် ယေဟောဝါ​လူမျိုးတော်သည် ဘုရားသခင်​၏​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို အခြားသူများ​အား အသိပေး​နေကြ​ပြီး ကမ္ဘာသစ်​အတွင်း​သို့ ကယ်တင်​ခံရ​နိုင်​ခွင့် သတင်းကောင်းကို ကြေညာ​လျက်​ရှိသည်။ (၂ ပေတရု ၃:၉-၁၃) နောဧ​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော သူ၏​မိသားစု​သည် သင်္ဘော​ဖြင့်​ကယ်ဆယ်​ခံရ​သကဲ့သို့ ယနေ့​အချိန်တွင် လူတို့က​ယ်​တင်​ခံရ​ရေး​သည် သူတို့၏ ယုံကြည်ခြင်း​နှင့် ယေဟောဝါ​၏ စကြဝဠာ​အဖွဲ့အစည်း​မှ မြေကြီးဆိုင်ရာ​အပိုင်း​နှင့် တည်ကြည်​စွာ​ပေါင်းသင်း​ခြင်း​အပေါ် မူတည်​ပါ​သည်။

ကယ်တင်​ခံရ​ရန် ယုံကြည်ခြင်း​လိုအပ်

၉၊ ၁၀။ စာတန်​၏​အစီအစဉ်​စနစ်​အဆုံး​မှ ကျွန်ုပ်​တို့​ကယ်တင်​ခံရ​ရန် ယုံကြည်ခြင်း​သည် အဘယ်ကြောင့် မရှိမဖြစ်​လိုအပ်​သနည်း။

စာတန်​၏​ဩဇာ​အောက်​၌​ရှိသော ဤ​လောက​အပေါ် ကျရောက်​လု​နီးပြီ​ဖြစ်သည့် ပျက်စီးခြင်း​မှ ကယ်တင်​ခံရ​ရန် လူတစ်ဦး အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။ (၁ ယောဟန် ၅:၁၉) သူသည် ကာကွယ်​မှု​လိုအပ်ကြောင်း ဦးစွာ​အသိအမှတ်ပြု​ရမည်။ ထို့နောက် ယင်း​ကာကွယ်​မှု​ကို ရယူ​ရမည်။ နောဧ​ခေတ်​မှ​လူတို့သည် သူတို့၏​ပုံမှန်​လုပ်ငန်းဆောင်တာ​များနှင့် နေ့စဉ်​လုံးပန်း​နေကြ​ပြီး ကျရောက်​လာတော့​မည့် ပျက်စီးခြင်း​မှ​ကာကွယ်​ခံရ​ရန် လိုအပ်​သည်​ဟု မယူဆ​ခဲ့​ကြ​ချေ။ သူတို့တွင် ဘုရားသခင်​အား ယုံကြည်ခြင်းလည်း မရှိကြ​ချေ။

၁၀ နောဧ​နှင့်​သူ့​မိသားစု​မူ ကာကွယ်​ခံရ​ရန်​နှင့် ကယ်တင်​ခံရ​ရန် လိုအပ်မှု​ကို အသိအမှတ်ပြု​ခဲ့​ကြသည်။ စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​ကိုလည်း ယုံကြည်​ကြောင်း တင်ပြ​ခဲ့​သည်။ တမန်​တော်​ပေါလု​က “ယုံကြည်ခြင်း​မ​ရှိလျှင် [ယေဟောဝါ] ၏​စိတ်တော်နှင့်​မ​တွေ့​နိုင်။ အကြောင်း​မူ​ကား၊ ဘုရားသခင့်​အထံတော်​သို့ ချဉ်းကပ်​သော​သူသည် ဘုရားသခင်​ရှိ​တော်​မူ​သည်ကို​လည်းကောင်း၊ ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို​လည်းကောင်း ယုံကြည်​ရမည်” ဟု​ရေးသားခဲ့​သည်။ ပေါလု​က ဤသို့​ထပ်​ဆို​သည်– ‘နောဧ​သည် မမြင်​သေး​သော​အမှုအရာ​တို့ကို ဖော်ပြ​သတိပေး​ခံရ​ပြီး​မှ ယုံကြည်ခြင်း​အားဖြင့် ကြောက်ရွံ့​သော​စိတ်​ရှိ၍ မိမိ​အိမ်သူအိမ်သား​တို့ကို ကယ်တင်ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ​၏။ ထို​ယုံကြည်ခြင်း​အားဖြင့် လောကီ​သားတို့ကို​အပြစ်​တင်၍ ယုံကြည်ခြင်း​နှင့်ယှဉ်သော ဖြောင့်မတ်ခြင်း​ကိုလည်း အမွေခံ​ရ၏။’—ဟေဗြဲ ၁၁:၆၊ ၇

၁၁။ အတိတ်​က ယေဟောဝါ ကာကွယ်​ပေး​ပုံ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၁ ကျွန်ုပ်​တို့သည် လက်ရှိ​ဆိုးသွမ်း​သော​အစီအစဉ်​စနစ် ဖျက်ဆီးခြင်း​မှ ကယ်တင်​ခံရ​ရန် ယင်း​စနစ်​ဖျက်ဆီး​ခံရ​မည်​ကို ယုံကြည်​ရုံ​ထက်မက ပြုလုပ်​ရန် လိုအပ်​သည်။ ကျွန်ုပ်​တို့သည် ကယ်တင်ခြင်း​အတွက် ဘုရားသခင်​ပြင်ဆင်​ပေး​သည့်​အရာများ​ကို ယုံကြည်​ကြောင်း​တင်ပြ​ပြီး ယင်း​မှ အပြည့်အဝ​အကျိုး​ရယူ​ရမည်။ မှန်ပါသည်၊ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်​၏ ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို ယုံကြည်​ကြောင်း တင်ပြ​ရန်လို​အပ်​သည်။ (ယောဟန် ၃:၁၆၊ ၃၆) သို့သော် နောဧ​သင်္ဘော​ထဲ​တွင် ရှိနေ​သူများ​သာ ကမ္ဘာချီ​ရေလွှမ်းမိုးခြင်း​မှ လွတ်မြောက်​ခဲ့​သည်ကို သတိရ​သင့်​သည်။ ထို​နည်းတူ ရှေး​ဣသရေလ​နိုင်ငံ​ရှိ ခိုလှုံရာ​မြို့များ​သည် မရည်ရွယ်​ဘဲ​လူသတ်​မိ​သူ​တစ်ဦး​အတွက် အကာအကွယ်​ဖြစ်သည်။ သို့သော် သူသည် ယင်း​မြို့​သို့ ဦးစွာ​ပြေး​ပြီး ယဇ်ပုရောဟိတ်​မင်းကြီး သေဆုံး​သည်​အထိ ထို​တွင်​နေထိုင်​မှ​သာ ကာကွယ်​ခံရ​မည်​ဖြစ်သည်။ (တောလည်ရာ ၃၅:၁၁-၃၂) မောရှေ​အချိန်​က အီဂျစ်​ပြည်​အပေါ်​သို့ ကျရောက်​သော ဆယ်ခု​မြောက်​ကပ်ဘေး​တွင် အီဂျစ်​လူမျိုး​တို့၏​သားဦးများ အသတ်ခံရ​သော်လည်း ဣသရေလလူ​တို့၏​သားဦးများ​မူ လွတ်မြောက်​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ မောရှေ​ကို ယေဟောဝါ ဤသို့​ညွှန်ကြား​ခဲ့​သည်– “[ဣသရေလလူ​တို့သည် ပသခါ] သိုးသငယ်​၏​အသားကို​စား​ရသော အိမ်​၏​တံခါးထုပ်​နှင့် တံခါး​တိုင်​နှစ်ဖက်​၌၊ သိုးသငယ်​၏​အသွေးကို​ယူ၍ ထိုး​ရမည်။ . . . နံနက်​တိုင်အောင် အဘယ်သူမျှ မိမိ​အိမ်တံခါး​ပြင်​သို့ မထွက်မသွား​ရ။” (ထွက်မြောက်ရာ ၁၂:၇၊ ၂၂) မည်သည့်​ဣသရေလ​သားဦး​က တံခါး​တိုင်​နှစ်ဖက်​နှင့် တံခါးထုပ်​တို့ကို သွေး​သုတ်​ထားသော​အိမ်​၏ အပြင်ဘက်​သို့ သွားခြင်း​ဖြင့် ဘုရားသခင်​ပေး​သော​ထို​ညွှန်ကြားချက်​များ​ကို လျစ်လျူရှု​ဝံ့​ပါ​မည်​နည်း။

၁၂။ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် မိမိကိုယ်ကို အဘယ်​မေးခွန်း​မေးသင့်​ပြီး အဘယ်ကြောင့်​နည်း။

၁၂ ထို့​ကြောင့် ကျွန်ုပ်​တို့၏​အခြေအနေ​ကို အသေအချာ​သုံးသပ်​သင့်​ပေ​သည်။ ဝိညာဉ်​ရေး​အရ ကာကွယ်​ပေး​သည့် ယေဟောဝါ​၏​အစီအစဉ်​အတွင်း ကျွန်ုပ်​တို့ အမှန်တကယ်​ရှိနေ​သလော။ ကြီးစွာ​သော​ဆင်းရဲခြင်း ကျရောက်​လာသော​အခါ ထိုသို့​သော​ကာကွယ်​မှု​ကို ရှာ​ခဲ့​သူတို့သည် မျက်ရည်ကျ​သည်​အထိ ကျေးဇူး​တင်​ဝမ်းသာ​ကြ​ပါ​လိမ့်​မည်။ အခြားသူ​တို့အတွက်​မူ နာကျင်​ကြေကွဲ​ခြင်း​နှင့် နောင်တ​မျက်ရည်များ​သာ ကျ​ကြ​ရ​ပေမည်။

အဆင့်ဆင့် ပြုပြင်​ပြောင်းလဲမှု​များ​က ကျွန်ုပ်​တို့ကို ပြင်ဆင်​ပေး

၁၃။ (က) အဖွဲ့အစည်း​ဆိုင်ရာ ပြုပြင်​ပြောင်းလဲမှု​များ​က မည်သည့်​ရည်ရွယ်ချက်ကို အထမြောက်​စေ​သနည်း။ (ခ) အဆင့်ဆင့် ပြုပြင်​ပြောင်းလဲမှု​အချို့​ကို ရှင်းပြပါ။

၁၃ ယေဟောဝါ​သည် ကိုယ်တော်​၏ မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​တွင် အဆင့်ဆင့်​ပြုပြင်​ပြောင်းလဲမှု​များ​ကို ပြုလုပ်​လာ​ခဲ့​သည်။ ယင်း​တို့သည် ကျွန်ုပ်​တို့၏ ဝိညာဉ်​ရေး​ကို​ကာကွယ်​ပေး​သည့် ကိုယ်တော်​၏​အစီအစဉ်ကို တင့်တယ်​စေပြီး မြဲမြံ​ခိုင်ခံ့​စေ​ကာ အားဖြည့်ပေး​သည်။ ၁၈၇၀ ပြည့်လွန်​နှစ်များ​မှ ၁၉၃၂ ခုနှစ်​အထိ အကြီးအကဲ​များနှင့် သင်းထောက်​များ​ကို အသင်းသားများ​၏​မဲပေး​စနစ်​ဖြင့် ရွေးချယ်​တင်မြှောက်​ခဲ့​သည်။ ၁၉၃၂ ခုနှစ်​ရောက်​သောအခါ ထို​ရွေးချယ်​ထားသော အကြီးအကဲ​များ​ကို အသင်းတော်က ရွေးချယ်​တင်မြှောက်​သော လုပ်ငန်းတော်​ကော်မတီ​ဖြင့် အစားထိုး​ခဲ့​ပြီး ထို​ကော်မတီ​သည် ခန့်အပ်​ထားသော လုပ်ငန်းတော်​ဒါရိုက်တာ​ကို ထောက်ကူ​ပေး​ရန်ဖြစ်​သည်။ ၁၉၃၈ ခုနှစ်​အတွင်း​တွင် အသင်းတော်​ရှိ​အမှုထမ်း​အားလုံး​ကို သီအိုကရက်တစ်​နည်းဖြင့်​ခန့်အပ်​ရန် အစီအစဉ်များ ပြုလုပ်​ခဲ့​သည်။ ၁၉၇၂ ခုနှစ်​မှ​စ၍ ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေး​အဖွဲ့ ညွှန်ကြားမှု​အောက်တွင် အသင်းတော်များ​သည် ထောက်ခံချက်​များ​ပေး​ပြီး ယင်း​တို့ကို အုပ်ချုပ်ရေး​အဖွဲ့က အတည်ပြု​လက်ခံပါ​က ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​ကို သီအိုကရက်တစ်​နည်းဖြင့် ခန့်အပ်​သည် ဟူသော​စာ​များ ပြန်​ပို့ပေး​သည်။ နှစ်များ​တစ်လျှောက် အုပ်ချုပ်ရေး​အဖွဲ့​လုပ်ဆောင်​ရသော ကဏ္ဍ​တိုးများ​လာပြီး ပြုပြင်​ပြောင်းလဲမှု​များ​က ယင်း​၏​လုပ်ဆောင်မှုများ​ကို လွယ်ကူ​စေ​ခဲ့​သည်။

၁၄။ ၁၉၅၉ ခုနှစ်​တွင် အဘယ်​လေ့ကျင့်ရေး​အစီအစဉ် အစပြု​ခဲ့​သနည်း။

၁၄ ၁၉၅၀ ပြည့်နှစ်​တွင် ဆာလံ ၄၅:၁၆ ကို ဂရုတစိုက်​သုံးသပ်​ပြီး ဆက်လက်​ပြုလုပ်​သွား​မည့် လေ့ကျင့်မှု​အစီအစဉ်ကို အစပြု​ခဲ့​သည်။ ယင်း​အခန်းငယ်​တွင် ဤသို့​ဖတ်​ရသည်– “ကိုယ်တော်​၏​အဘ​များ​ကိုယ်စား သားများ​ကို​ရ​၍ မြေကြီး​တစ်ပြင်လုံး​တွင် မင်း​အရာ​၌ ခန့်​ထား​တော်​မူ​လိမ့်​မည်။” ယခု အသင်းတော်ကို​ဦးဆောင်​နေသော အကြီးအကဲ​များသည် ယခု​နှင့် အာမဂေဒုန်​ပြီး​နောက် သီအိုကရက်တစ်​တာဝန်​များ​အတွက် လေ့ကျင့်​ခံ​နေကြ​ရသည်။ (ဗျာ. ၁၆:၁၄၊ ၁၅) ၁၉၅၉ ခုနှစ်​တွင် ဘုရားသခင့်​နိုင်ငံတော်​ဓမ္မ​အမှု​ကျောင်း​ကို အစပြု​ခဲ့​သည်။ ထို​အချိန်တွင် အသင်းတော်​အမှုထမ်းများ​ဟု ထို​စဉ်​က​ခေါ်​သည့် ဦးစီး​ကြီးကြပ်မှူး​များ​အတွက် အဓိက​ထား​၍ တစ်လ​ကြာ​သည့် ညွှန်ကြားမှု​သင်တန်းကို စီစဉ်​ပေး​ခဲ့​သည်။ ထို​ကျောင်း​သည် ယနေ့​တိုင် ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​အားလုံး​ကို​ပါ ညွှန်ကြားချက်​ပေး​သည့်​ကျောင်း​အဖြစ် တိုးချဲ့​လာ​ခဲ့​သည်။ ထို​ညီအစ်ကို​များ​က တစ်ဖန်၊ အသင်းတော်​အသီးသီး​ရှိ သက်သေခံ​များ​ကို ပြန်​လေ့ကျင့်ပေး​ကြသည်။ ဤနည်းဖြင့် အသင်းတော်​သား​အားလုံး​သည် ဝိညာဉ်​ရေး​အရ​ထောက်မမှု​နှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ကြေညာ​သူများ​အဖြစ် သူတို့၏​ဓမ္မ​အမှု​တွင် ပို​ထိရောက်​မှု​ရှိ​ရန် ကူညီ​ပေး​မှု​တို့ကို ရရှိ​ကြသည်။—မာကု ၁၃:၁၀

၁၅။ ခရစ်ယာန်​အသင်းတော်​၏ သန့်ရှင်း​စင်ကြယ်မှု​ကို ထိန်းသိမ်း​ကာကွယ်​သည့် နည်း​နှစ်နည်း​ကား အဘယ်နည်း။

၁၅ ခရစ်ယာန်​အသင်းတော်​ဝင် ဖြစ်​လို​သူတို့သည် သတ်မှတ်​ထားသော​တောင်းဆိုချက်​များ​ကို ပြည့်မီ​ရမည်။ နောဧ​သင်္ဘော​ထဲ​သို့ ပြက်ရယ်ပြု​သူများ ဝင်ခွင့်​မရ​သကဲ့သို့ မျက်မှောက်ခေတ်​ပြက်ရယ်ပြု​သူများကို​လည်း အသင်းတော်က လက်မခံသည်​မှာ ကျိုးကြောင်း​ဆီလျော်​ပါ​သည်။ (၂ ပေတရု ၃:၃-၇) အထူးသဖြင့် ၁၉၅၂ ခုနှစ်​မှ​စ၍ ယေဟောဝါသက်သေ​များသည် နောင်တ​မယူ​သော​အပြစ်ပြု​သူများကို နှင်ထုတ်ခြင်း​ဖြင့် အသင်းတော်ကို ကာကွယ်​ပေး​သည့် အစီအစဉ်ကို ပို​၍​ထောက်ခံ​လာ​ခဲ့​သည်။ မှန်ပါသည်၊ စစ်မှန်သော​နောင်တ​ရသည့် အပြစ်ပြု​သူများ “သွားဖို့​ရာ ဖြောင့်သော​လမ်း​တို့ကို ပြင်ဆင်” နိုင်​ရန် သူတို့ကို မေတ္တာပါ​စွာ ကူညီ​ပေး​ကြသည်။—ဟေဗြဲ ၁၂:၁၂၊ ၁၃; သု. ၂၈:၁၃; ဂလာတိ ၆:၁

၁၆။ ယေဟောဝါ​လူမျိုးတော်​၏ ဝိညာဉ်​ရေး​အခြေအနေ​ကား အဘယ်နည်း။

၁၆ ယေဟောဝါ​လူမျိုးတော်​၏ ဝိညာဉ်​ရေး​ကြွယ်ဝသော အခြေအနေ​သည် မမျှော်လင့်​ထား​ရာ သို့​မဟုတ် မတော်တဆ​ဖြစ်လာ​ရာ မဟုတ်ပါ။ ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ ဤသို့​မိန့်ဆိုခဲ့သည်– “ငါ​၏​ကျွန်​တို့သည် စား​ကြလိမ့်မည်။ သင်တို့​မူ​ကား မွတ်​သိပ်​ကြလိမ့်မည်။ ငါ​၏​ကျွန်​တို့သည် သောက်​ကြလိမ့်မည်။ သင်တို့​မူ​ကား ရေငတ်​ကြလိမ့်မည်။ ငါ​၏​ကျွန်​တို့သည် ဝမ်းမြောက်​ကြလိမ့်မည်။ သင်တို့​မူ​ကား၊ ရှက်ကြောက်​ကြလိမ့်မည်။ ငါ​၏​ကျွန်​တို့သည် ရွှင်လန်းသော​စိတ်​နှင့် သီချင်းဆို​ကြလိမ့်မည်။ သင်တို့​မူ​ကား ဝမ်းနည်း​သော​စိတ်​နှင့် ငိုကြွေး​ကြလိမ့်မည်။ ကြေကွဲ​သော​နှလုံး​နှင့် ညည်းတွား​မြည်တမ်း​ကြလိမ့်မည်။” (ဟေရှာယ ၆၅:၁၃၊ ၁၄) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး သန်စွမ်း​နေ​စေရန် အာဟာရပြည့်​သော အချိန်တန်​ဝိညာဉ်​အစာ အလျှံပယ်​ကျွေးမွေး​လျက်​ရှိသည်။—မဿဲ ၂၄:၄၅

ကယ်တင်​ခံရ​ရန် အသင့်​ဖြစ်နေ​လော့

၁၇။ ကယ်တင်​ခံရ​ရန် အသင့်​ဖြစ်နေ​ဖို့ အဘယ်အရာက ကူညီ​ပေး​မည်​နည်း။

၁၇ ယခု​အချိန်​သည် တစ်ခါ​နှင့်​မျှ​မတူ​အောင် ‘မေတ္တာ​စိတ်​ရှိစေရန်၊ ကောင်းသော​အကျင့်ကို​ကျင့်​စေရန် တိုက်တွန်း​နှိုးဆော်​ရသော​အခွင့်​ကို​ရှာ၍ အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု​ပြီး လူ​အချို့​တို့၏​ထုံးစံ​ရှိသည်​အတိုင်း အချင်းချင်း​စည်းဝေး​ခြင်း​အမှုကို မရှောင်​မလွှဲ​ဘဲ အချင်းချင်း​တို့ကို တိုက်တွန်း​နှိုးဆော်​ကြ’ ရမည့်​အချိန်​ဖြစ်သည်။ (ဟေဗြဲ ၁၀:၂၃-၂၅) ယေဟောဝါသက်သေ​များ​၏ အသင်းတော် ၉၈,၀၀၀ ကျော်​မှ​တစ်ခု​နှင့် နီးနီးကပ်ကပ်​နေပြီး တက်ကြွ​စွာ​ပေါင်းသင်း​ခြင်း​က ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ ကယ်တင်ခြင်း​အတွက် ပြင်ဆင်​နေနိုင်​ရန် ထောက်ကူ​ပေး​ပါ​လိမ့်​မည်။ ကျွန်ုပ်​တို့သည် “လူသစ်” ကို​ယူတင်​ဝတ်ဆောင်​ရန် ကြိုးစား​ကာ ကယ်တင်ခြင်း​အတွက် ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​ကို အခြားသူများ သိလာအောင် စိတ်နှလုံး​အကြွင်းမဲ့ အားသွန်ခွန်စိုက်​ကူညီ​ပေး​ကြ​ရာ​တွင် ယုံကြည်သူချင်း​တို့၏ ထောက်မမှုကို ရရှိကြ​ပါ​လိမ့်​မည်။—ဧဖက် ၄:၂၂-၂၄; ကောလောသဲ ၃:၉၊ ၁၀; ၁ တိမောသေ ၄:၁၆

၁၈။ ခရစ်ယာန်​အသင်းတော်​နှင့် နီးနီးကပ်ကပ်​နေ​ရန် အဘယ်ကြောင့် သင်​စိတ်ပိုင်းဖြတ်​ထား​သနည်း။

၁၈ စာတန်​နှင့် သူ၏​ဆိုးသွမ်း​သော​လောကသည် ခရစ်ယာန်​အသင်းတော်​မှ ကျွန်ုပ်​တို့ ဝေးကွာ​သွား​ရန် အစွမ်းကုန်​ကြိုးစား​သွေးဆောင်​လျက်​ရှိသည်။ သို့သော် ကျွန်ုပ်​တို့သည် အသင်းတော်​၏​အစိတ်အပိုင်း ဆက်​ဖြစ်​နေနိုင်​ပြီး လက်ရှိ​ဆိုးညစ်သော​အစီအစဉ်​စနစ်​၏ အဆုံး​မှ လွတ်မြောက်​နိုင်​ပါ​သည်။ ယေဟောဝါ​ကို​ချစ်သော​မေတ္တာ​နှင့် ကိုယ်တော့်​မေတ္တာပါ​အစီအစဉ်များ​အတွက် ကျေးဇူး​တင်​လေးမြတ်စိတ်​က စာတန့်​ကြိုးစား​အားထုတ်မှု​များ​ကို ခုခံ​တွန်းလှန်​ရန် ယခင်​က​ထက်​ပို​၍​ခိုင်မာ​စွာ စိတ်ပိုင်းဖြတ်​ထား​ဖို့ ကျွန်ုပ်​တို့ကို လှုံ့ဆော်​ပေး​ပါစေ။ လောလောဆယ် ခံစား​နေရ​သည့် ကောင်းချီး​များ​ကို တွေးတော​ဆင်ခြင်ခြင်း​က ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​ကို ခိုင်မာ​စေ​လိမ့်​မည်။ ထို​ကောင်းချီး​အချို့​ကို နောက်​ဆောင်းပါး​တွင် သုံးသပ်ပါ​မည်။

သင့်​အဖြေ​များ​ကား အဘယ်နည်း

• ကျွန်ုပ်​တို့၏​အချိန်​သည် နောဧ​ခေတ်​နှင့် မည်သို့​ဆင်တူ​သနည်း။

• ကယ်တင်​ခံရ​ရန် အဘယ်​အရည်အသွေး​သည် မရှိမဖြစ်​လိုအပ်​သနည်း။

• အဘယ် အဆင့်ဆင့်​ပြုပြင်​ပြောင်းလဲမှု​များ​က ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​သည့် ယေဟောဝါ​၏​အစီအစဉ်ကို အားဖြည့်ပေး​သနည်း။

• ကယ်တင်​ခံရ​ရန် ကျွန်ုပ်​တို့​ကိုယ်တိုင်​ကိုယ်​ကျ မည်သို့​အသင့်ပြင်​ဆင်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

နောဧ​နှင့်​တစ်ခေတ်​တည်း​သားများ​သည်​နောဧ​၏​သတင်းစကားကို အရေးတယူ​မရှိခဲ့​ကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဘုရားသခင်​၏​သတိပေး​သတင်း​စကား​များ​ကို အရေးတယူ​ပြု​ထိုက်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​ဓမ္မ​အမှု​ကျောင်း​သည် အဘယ်​ရည်ရွယ်ချက်ကို အထမြောက်​စေ​သနည်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယခု​အချိန်​သည် ခရစ်ယာန်​အသင်းတော်​နှင့်​နီးကပ်​ကပ်​နေရ​မည့်​အချိန်​ဖြစ်