စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
စစ်မှန်သောဝတ်ပြုရေး ‘အိမ်တော်’ သို့ ‘လူမျိုးအပေါင်းမှ နှစ်သက်ဖွယ်သောအရာများ’ ကို အဘယ်အရာက ရောက်လာစေသနည်း။—ဟဂ္ဂဲ ၂:၇။
ပရောဖက်ဟဂ္ဂဲ မှတစ်ဆင့် ယေဟောဝါ ဤသို့ကြိုဟောထားသည်– “လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည်ရောက်၍ ဤအိမ်ကို ဘုန်းနှင့်ငါပြည့်စုံစေမည်။” (ဟဂ္ဂဲ ၂:၇) “လူမျိုးအပေါင်း” ကို လှုပ်ခြင်းကြောင့် လူမျိုးတို့မှ “နှစ်သက်ဖွယ်သောအရာ” ဖြစ်သည့် ရိုးဖြောင့်သူများ စစ်မှန်သောဝတ်ပြုရေးသို့ စုရုံးရောက်ရှိလာခြင်းလော။ မဟုတ်ပါ။
လူမျိုးတို့ကို အဘယ်အရာက လှုပ်စေပြီး ဤသို့လှုပ်ခြင်းကြောင့် အဘယ်အရာဖြစ်ပေါ်လာသည်ကို သုံးသပ်ကြည့်ပါ။ “လူမျိုးတို့သည် အဘယ်ကြောင့်ရုန်းရင်းခတ်ပြုကြသနည်း။ လူ စုတို့သည် အဘယ်ကြောင့်အချည်းနှီးကြံစည်ကြသနည်း” ဟု ကျမ်းစာဆိုထားသည်။ (ဆာလံ ၂:၁) သူတို့ “ကြံစည်” တွေးတောနေသော “အချည်းနှီး” အရာမှာ သူတို့၏သြဇာအာဏာကို ဆက်တည်မြဲစေရန်ဖြစ်သည်။ သူတို့၏အုပ်ချုပ်မှုကို ခြိမ်းခြောက်သည့်အရာလောက် မည်သည့်အရာကမျှ သူတို့ကို မလှုပ်ခါစေပါ။
တည်ထောင်ပြီးသော ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေဟောဝါသက်သေများ ကမ္ဘာချီဟောပြောခြင်းသည် လူမျိုးတို့အတွက် ထိုသို့သောခြိမ်းခြောက်မှု အမှန်ပင်ဖြစ်လာ၏။ စင်စစ်အားဖြင့် ယေရှုခရစ်အုပ်ချုပ်သည့် ဘုရားသခင့်မေရှိယနိုင်ငံတော်က “[လူ့] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး” လိမ့်မည်။ (ဒံယေလ ၂:၄၄၊ ၄၅) ကျွန်ုပ်တို့ ၏ဟောပြောခြင်းတွင်ပါသော တရားစီရင်ချက်သတင်းက လူမျိုးတို့ကို လှုပ်ခါစေသည်။ (ဟေရှာယ ၆၁:၂) ဟောပြောခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်၍ တိုးချဲ့လာသည်နှင့်အမျှ လှုပ်ခါခြင်းသည်လည်း ပို၍ပြင်းထန်လာလေသည်။ ဟဂ္ဂဲ ၂:၇ တွင် ကြိုဟောထားသော လှုပ်ခါခြင်းက အဘယ်အရာကို နိမိတ်ပြသနည်း။
ဟဂ္ဂဲ ၂:၆ တွင် ဤသို့ ဖတ်ရ၏– ‘ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်မိန့်တော်မူသည်ကား ကာလမကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တစ်ဖန်ငါလှုပ်ဦးမည်။’ ဤအခန်းငယ်ကို ကိုးကားပြီး တမန်တော်ပေါလုက ဤသို့ ရေးသားခဲ့သည်– ‘ယခုတစ်ဖန် ငါသည် မြေကြီးနှင့်ကောင်းကင်ကို လှုပ်ဦးမည်ဟု ကတိတော်ရှိ၏။ တစ်ဖန်ဟူသောစကား၏အဓိပ္ပာယ်ကား မလှုပ်သောအရာတို့ [ဘုရားသခင့်နိုင်ငံတော်] ကိုတည်စေခြင်းငှာ လှုပ်သောအရာတို့ကို လောကအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။’ (ဟေဗြဲ ၁၂:၂၆၊ ၂၇) ဘုရားသခင်တည်ထောင်မည့် ကမ္ဘာသစ် နေရာယူရန် ဤအစီအစဉ်စနစ်တစ်ခုလုံး ခါထုတ်ခံရတော့မည်။
စိတ်နှလုံးရိုးဖြောင့်သူတို့ စစ်မှန်သောဝတ်ပြုရေးသို့ ဆွဲဆောင်ခံရခြင်းသည် လူမျိုးတို့ကိုလှုပ်ခါခြင်းကြောင့် မဟုတ်ချေ။ သို့သော် လူမျိုးတို့ကို လှုပ်ခါစေသည့် တည်ထောင်ပြီးသော ဘုရားသခင့်နိုင်ငံတော်အကြောင်း ကမ္ဘာချီဟောပြောခြင်းကပင် လူတို့ကို ယေဟောဝါနှင့် ကိုယ်တော့်ဝတ်ပြုရေးထံ ဆွဲဆောင်သည်။ “ထာဝရဧဝံဂေလိတရား” ကြေညာခြင်းက စိတ်ရင်းမှန်သူများအား စစ်မှန်သောဘုရားသခင်၏ဝတ်ပြုရေးသို့ ရောက်ရှိလာစေသည်။—ဗျာ. ၁၄:၆၊ ၇။
ဘုရားသခင့်နိုင်ငံတော်သတင်းတရားတွင် တရားစီရင်ခြင်းနှင့် ကယ်တင်ခြင်းသတင်းပါရှိသည်။ (ဟေရှာယ ၆၁:၁၊ ၂) ကမ္ဘာချီဟောပြောခြင်းသည် နည်းနှစ်နည်းဖြင့် သက်ရောက်မှု ရှိ၏– လူမျိုးအပေါင်းကို လှုပ်ခါစေသည်၊ ယေဟောဝါ၏ဘုန်းတော်အတွက် လူမျိုးတို့မှ နှစ်သက်ဖွယ်သောအရာများ ရောက်ရှိလာစေသည်။