မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံကျမ်းအပိုင်းတစ်မှ ပေါ်လွင်ချက်များ

ဆာလံကျမ်းအပိုင်းတစ်မှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ဆာလံကျမ်း​အပိုင်း​တစ်​မှ ပေါ်လွင်​ချက်​များ

ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​အား ချီးမွမ်း​ကျူးဧခြင်း​အများစု​ပါဝင်သော ကျမ်းစောင်​ကို အဘယ်​အမည်ပေး​ရန် သင့်လျော်​သနည်း။ ဆာလံ​ဟူသော​အမည်​ထက် သင့်လျော်​သည့်​အမည် မရှိပေ။ ဤ​အရှည်ဆုံး​ကျမ်းစောင်​တွင် ဘုရားသခင်​၏ ကောင်းမြတ်လှ​သော အရည်အသွေးများ၊ တန်ခိုး​ပါ​သော​လုပ်ရပ်များနှင့် ပရောဖက်ပြုချက်​အမြောက်အမြား​ကို ဖော်ပြ​သည့် လှပ​စွာ​သီကုံး​ထားသော သီချင်းများ​ပါဝင်​သည်။ ကျူးဧ​သီချင်း​အများစုမှာ ကျမ်း​ရေးသူ​တို့ ဘေးဆိုးများ​တွေ့ကြုံ​ရင်ဆိုင်​ရ​စဉ် သူတို့၏​ခံစားချက်​များ​ကို ထုတ်ဖော်​သည်။ ယင်း​တွင် ပရောဖက်​မောရှေ​ခေတ်​မှ​စ၍ ပြည်နှင်ခံရ​ချိန်​နောက်ပိုင်း​အထိ နှစ်ပေါင်း​တစ်ထောင်​ကြာ​အချိန်အတွင်း အဖြစ်အပျက်​များ​အကြောင်း ပါရှိ​သည်။ ကျမ်း​ရေးသူ​များ​မှာ မောရှေ၊ ဘုရင်​ဒါဝိဒ်​နှင့် အခြား​ပုဂ္ဂိုလ်​များ​ဖြစ်သည်။ ဆာလံကျမ်း​ကို ယခု​နောက်ဆုံး​ပုံစံ​အတိုင်း​ဖြစ်လာ​စေရန် ယဇ်ပုရောဟိတ်​ဧဇရ စီစဉ်​ခဲ့​သည်​ဟု ယူဆကြ​သည်။

ရှေး​အချိန်​ကတည်းက ဆာလံကျမ်း​ကို သီချင်း​ပေါင်း​ချုပ်​ငါး​ခု သို့​မဟုတ် အပိုင်း​ငါး​ပိုင်း​အဖြစ် ခွဲခြား​ထား​၏– (၁) ဆာလံ ၁-၄၁ (၂) ဆာလံ ၄၂-၇၂ (၃) ဆာလံ ၇၃-၈၉ (၄) ဆာလံ ၉၀-၁၀၆ (၅)  ဆာလံ ၁၀၇-၁၅၀ တို့​ဖြစ်​ကြသည်။ ဤ​ဆောင်းပါး​တွင် ပထမ​အပိုင်း​ကို သုံးသပ်ပါ​မည်။ ဤ​အပိုင်း​ရှိ ဆာလံ​သုံး​ပုဒ်​မှ​လွဲ​၍ ကျန်​အားလုံး​ကို ရှေးခေတ်​ဣသရေလ​ဘုရင်​ဒါဝိဒ် ရေးစပ်​သီကုံး​ခဲ့​၏။ ဆာလံ ၁၊ ၁၀၊ ၃၃ တို့ကို​မူ မည်သူ​ရေးစပ်​ခဲ့​ကြောင်း မသိ​ရှိ​ရ​ချေ။

‘ထာဝရ​ဘုရားသခင်​သည် ငါ​၏​ကျောက် ဖြစ်​တော်​မူ​၏’

(ဆာလံ ၁:၁–၂၄:၁၀)

ပထမ​ဆာလံ​တွင်  ယေဟောဝါ​၏​တရားတော်​၌ မွေ့လျော်သူ​သည် ပျော်ရွှင်​ကြောင်း ဖော်ပြ​ပြီး​သည်​နှင့် ဒုတိယ​ဆာလံ​က ဘုရားသခင့်​နိုင်ငံတော်​အကြောင်း အဓိက​ဖော်ပြ​သည်။ * ဤ​ဆာလံ​အပိုင်း​တစ်​တွင် ဘုရားသခင်​ထံ အသနားခံချက်များ ပါဝင်​သည်။ ဥပမာ၊ ဆာလံ ၃-၅၊ ၇၊ ၁၂၊ ၁၃၊ ၁၇ သည် ရန်သူ​တို့​လက်​မှ ကယ်လွှတ်​ပေး​ပါ​ရန် အသနားခံချက်များ​ဖြစ်၏။ လူ​၏​သေးနုပ်​မှု​နှင့်​နှိုင်း​လျှင် ယေဟောဝါ​ကြီးမြတ်​တော်​မူ​ကြောင်း ဆာလံ ၈ က ပေါ်လွင်​စေ​သည်။

ဒါဝိဒ်​သည် ယေဟောဝါ​အား မိမိ​လူမျိုး​ကို ကာကွယ်​တော်​မူ​ရှင်​အဖြစ် ဖော်ပြ​ကာ ဤသို့​သီဆို​ခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​သည် ငါ​၏​ကျောက်၊ . . . ငါ​၏​ရဲတိုက်​ဖြစ်​တော်​မူ​၏။’ (ဆာလံ ၁၈:၂) ဆာလံ ၁၉ တွင် ယေဟောဝါ​အား ဖန်ဆင်း​ရှင်၊ ပညတ်ပေးရှင်​အဖြစ်၊ ဆာလံ ၂၀ တွင် ကယ်တင်ရှင်​အဖြစ်၊ ဆာလံ ၂၁ တွင် ခန့်အပ်​ခံ​ဘုရင်​၏​ကယ်တင်ရှင်​အဖြစ် ချီးမွမ်း​ထား​သည်။ ဆာလံ ၂၃ တွင် ကိုယ်တော်​အား ကြီးမြတ်သော​သိုးထိန်းရှင်၊ ဆာလံ ၂၄ တွင် ဘုန်း​အသရေ​ပြည့်စုံသော​ဘုရင်​အဖြစ် ပုံဖော်​ထား​သည်။

ကျမ်းစာ​မေးခွန်းများ​၏​အဖြေ–

၂:၁၊ ၂—လူမျိုး​တို့သည် အဘယ် “အချည်းနှီး” အရာ​ကို ကြံစည်​ကြ​သနည်း။ လူ့​အုပ်စိုးရှင်​များ မိမိတို့​အာဏာ​တည်မြဲ​ရေး​အတွက် မပြတ်​ပူပန်​ကြ​နေခြင်း​မှာ “အချည်းနှီး” အရာ​ဖြစ်သည်။ သူတို့၏​ရည်ရွယ်ချက်​သည် လုံးဝ​အထမြောက်​မည်​မဟုတ်သောကြောင့် အချည်းနှီး​ပင်။ လူမျိုး​တို့သည် ‘ထာဝရ​ဘုရားသခင်​နှင့် ခရစ်တော်​ကို ရန်ဘက်ပြု’ သည့်​အတွက် အောင်မြင်​နိုင်​မည်​လော။

၂:၇—‘ယေဟောဝါ​၏ အမိန့်တော်’ ကား​အဘယ်နည်း။ ဤ​အမိန့်တော်​မှာ ယေဟောဝါ​သည် မိမိ​ချစ်​မြတ်နိုးသော​သား ယေရှု​ခရစ်​နှင့်​ဖွဲ့​သော ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ် ဖြစ်သည်။—လုကာ ၂၂:၂၈၊ ၂၉

၂:၁၂—ရှင်ဘုရင်​တို့သည် အဘယ်​နည်းဖြင့် “သားတော်ကို နမ်း” နိုင်​ကြ​သနည်း။ ကျမ်းစာ​ခေတ်တွင် နမ်း​ခြင်း​သည် ခင်မင်​ရင်းနှီးမှု​နှင့်​သစ္စာရှိ​မှု​ကို ဖော်ပြ​သည်။ ဧည့်သည်​များ​ကို ကြိုဆို​ကြောင်း ဖော်ပြ​သည့်​နည်း​လည်း​ဖြစ်၏။ ရှင်ဘုရင်များ သားတော်ကို​နမ်း​ကြ​ဟု​မိန့်မှာ​ခြင်း​မှာ ကိုယ်တော်​အား မေရှိယ​ဘုရင်​အဖြစ် ကြိုဆို​ကြ​ရန်ဖြစ်​သည်။

အခန်း ကြီး ၃ ထိပ်စီးခေါင်းစဉ်—ဆာလံကျမ်း​အချို့​ကို ထိပ်စီး​ခေါင်းစဉ်​တပ်ထား​ခြင်း​က အဘယ်​အတွက်​နည်း။ တစ်ခါတစ်ရံ ခေါင်းစဉ်​သည် ကျမ်း​ရေးသူ​ကို ဖော်ပြ​၏။ ထို့​ပြင် ဆာလံ ၃ မှာ​ကဲ့သို့ ဆာလံ​တစ်ပုဒ်​ကို​စပ်ဆို​ရသော အခြေအနေ​များ​အကြောင်း ဖော်​ပြပေး​သည်။ ထိပ်စီး​ခေါင်းစဉ်​သည် သီချင်း​တစ်ပုဒ်​၏​ရည်ရွယ်ချက် သို့​မဟုတ် ယင်းကို​အသုံးပြုပုံ (ဆာလံ ၄ နှင့်) အပြင် တေးဂီတ​အညွှန်း (ဆာလံ ၆) ကိုလည်း ဖော်​ပြပေး​သည်။

၁၁:၁-၃—အဘယ်​အ​မှီ​တ​ကဲ​တို့သည် ပျက်​ရသနည်း။ ယင်း​တို့သည် လူ​ဘောင်​အဖွဲ့အစည်း​တည်မှီ​ရာ အ​မှီ​တ​ကဲ​များ​ဖြစ်သော ဥပဒေ၊ အမိန့်၊ တရား​မျှတမှု​တို့ ဖြစ်သည်။ ယင်း​တို့​ပြိုပျက်​သွားသော​အခါ လူမှုရေး​ဖောက်ပြန်မှု​များ ကြီးစိုး​လာပြီး တရား​မျှတမှု​ရှိတော့မည် မဟုတ်​ချေ။ အဆိုပါ​အခြေအနေ​များ​တွင် “ဖြောင့်မတ်​သော​သူ” သည် ဘုရားသခင်​အား အကြွင်းမဲ့​ကိုးစား​ရမည်။—ဆာလံ ၁၁:၄-၇

၂၁:၃—“ရွှေ​စင်​သရဖူ”  ကား  အဘယ်အရာကို ပုံဆောင်​သနည်း။ ယင်းသည် တကယ့်​သရဖူ​လော သို့​မဟုတ် ဒါဝိဒ် အကြိမ်ကြိမ်​အောင်ပွဲခံ​ခဲ့​သောကြောင့် ဘုန်း​တန်ခိုး​တိုးလာ​ခြင်း​ကို ပုံဆောင်​သလော​ဆို​သည်ကို မဖော်​ပြ​ထား​ပါ။ သို့သော် ယင်း​အခန်းငယ်​က ၁၉၁၄ ခုနှစ်​တွင် ယေဟောဝါ​ထံ​မှ ယေရှု​ရရှိခဲ့​သော ဘုရင့်​အရိုက်အရာ​သရဖူ​ကို ပရောဖက်ပြု​ရည်ညွှန်း​သည်။ ရွှေ​နှင့်​ပြုလုပ်​ထားခြင်း​က ကိုယ်တော့်​အုပ်စိုးမှု​သည် အမြင့်မြတ်ဆုံး​ဖြစ်​ကြောင်း တင်ပြ​သည်။

၂၂:၁၊ ၂—ဒါဝိဒ်​သည် မိမိကို ယေဟောဝါ​စွန့်ပစ်​ပြီ​ဟု အဘယ်ကြောင့်​ခံစားရ​သနည်း။ ဒါဝိဒ်​ကို ရန်သူများ အကြီးအကျယ်​ဖိအားပေး​သည့်​အတွက် သူ၏ “နှလုံး​သည် ဖယောင်း​ကဲ့သို့​ဖြစ်၍ ရင်ထဲမှာ အရည်ကျို” ခံရ​သကဲ့သို့​ဖြစ်နေ​၏။ (ဆာလံ ၂၂:၁၄) မိမိကို ယေဟောဝါ​စွန့်ပစ်​ပြီ​ဟု သူ​ခံစား​နေရပုံ​ပေါ်​သည်။ ယေရှုလည်း နှက်တိုင်​တင်​ခံရ​ချိန်​တွင် အလားတူ​ခံစား​ခဲ့​ရ၏။ (မဿဲ ၂၇:၄၆) ဒါဝိဒ်​၏​စကား​များ​က ဆိုးရွား​လှ​သော​အခြေအနေ​တွင် လူသား​တစ်ဦး​အနေ​နှင့် သူ၏​တုံ့ပြန်​ပုံ​ကို ဖော်ပြ​သည်။ သို့သော် ဆာလံ ၂၂:၁၆-၂၁ တွင်​ပါ​သည့် ဒါဝိဒ်​၏​ဆုတောင်းချက်​အရ ဘုရားသခင်​အား သူ​ယုံကြည်​နေဆဲ​ဖြစ်​ကြောင်း ထင်ရှား​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁:၁၊ ၂ယေဟောဝါ​အား မချစ်​သူတို့နှင့် မ​ပေါင်း​သင့်​ပေ။—၁ ကောရိန္သု ၁၅:၃၃

၁:၂ဝိညာဉ်​ရေးရာ​များ​ကို တွေးတော​ဆင်ခြင်ခြင်း​မပြု​သည့် နေ့ရက်​တစ်ရက်​မျှ မရှိစေ​ရ​ပါ။—မဿဲ ၄:၄

၄:၄ကျွန်ုပ်​တို့​စိတ်ဆိုး​သောအခါ နောင်တ​ရ​စ​ရာ​ဖြစ်စေ​မည့်​စကား​များ မပြော​မိဖို့ လျှာ​ကို​ထိန်း​ခြင်း​သည် ပညာရှိ​၏။—ဧဖက် ၄:၂၆၊ ၂၇

၄:၅စိတ်ရင်းမှန်​ရှိပြီး ယေဟောဝါ​၏ တောင်းဆိုချက်​များနှင့်​အညီ ကျင့်ကြံ​မှ​သာ ကျွန်ုပ်​တို့၏ ဝိညာဉ်​ရေး​ပူဇော်ရာ​ယဇ်များ​သည် “တရား​သဖြင့်​ယဇ်​ပူဇော်” ခြင်း​ဖြစ်သည်။

၆:၅အသက်ဆက်ရှင်​လို​သည့် အကောင်းဆုံး​အကြောင်းရင်း​မှာ အဘယ်နည်း။—ဆာလံ ၁၁၅:၁၇

၉:၁၂ယေဟောဝါ​သည် သွေးပြစ်​ကျူးလွန်​ခြင်း​ကို အပြစ်ပေး​ရန် လူ​အသက်​သတ်​ခြင်း​အမှုကို စစ်​တော်​မူ​၍ “နှိမ့်ချလျက်​ရှိသောသူ​တို့၏ အော်ဟစ်​ခြင်း​အသံ” ကို မေ့လျော့​တော်​မ​မူ​ပါ။

၁၅:၂၊ ၃; ၂၄:၃-၅စစ်မှန်သော​ဝတ်ပြုသူ​များသည် မှန်ရာကို​ပြောဆို​ရမည်။ မဟုတ်မမှန်​ကျိန်ဆို​ခြင်း၊ ရှုတ်ချ​ပြောဆိုခြင်း​တို့ကို ရှောင်​ရမည်။

၁၅:၄ကျမ်းစာ​နှင့်​ဆန့်ကျင်​သော ကတိ​တစ်ခု​မဟုတ်​ကြောင်း​သိ​ရှိလျှင် မည်မျှ​ပင်​ခက်ခဲ​ပါစေ ကတိတည်​ရမည်။

၁၅:၅ယေဟောဝါ​အား ဝတ်ပြုသူ​များသည် ငွေ​အလွဲသုံးစား​ပြုလုပ်ခြင်း​ကို ရှောင်​ရမည်။

၁၇:၁၄၊ ၁၅‘လောကသား’ တို့သည် လူကုံထံ​ဖြစ်​ရန်၊ အိမ်ထောင်​သား​မွေး​ရန်၊ အမွေ​ချန်​ထား​ရန် အပတ်တကုတ်​ကြိုးစား​ကြသည်။ ဒါဝိဒ်​မူ ဘုရားသခင့် “မျက်နှာတော်​ကို​ဖူးမြင်” ရန် သို့​မဟုတ် မျက်နှာသာ​ရ​ရန် ဘုရားသခင့်​ရှေ့တွင် နာမည်​ကောင်း​ရ​ရေး​ကို အဓိက​ထား​သည်။ သူသည် ယေဟောဝါ​၏​ကတိတော်​များ၊ အာမခံချက်​များ​ကို သတိပြုမိ​သောအခါ ကိုယ်တော်​၏ “ပုံသဏ္ဌာန်​တော်​အားဖြင့် . . . အလို​ပြည့်စုံ” သည်၊ မိမိ​နှင့်အတူ ယေဟောဝါ​ရှိ​နေသည်​ဟု ခံစားရ​၍ ဝမ်းသာ​အားရ​ဖြစ်​ခဲ့​သည်။ ဒါဝိဒ်​ကဲ့သို့​ပင် ကျွန်ုပ်​တို့​လည်း ဝိညာဉ်​ရေး​ဘဏ္ဍာများ​အပေါ် အာရုံမစိုက်​သင့်​ပေ​လော။

၁၉:၁-၆စကား​မပြော​တတ်၊ မဆင်​ခြင်​တတ်သော ဖန်ဆင်း​ရာ​များ​ပင် ယေဟောဝါ​၏​ဘုန်းတော်​ကို ကြား​ပြော​ကြ​လျှင် စဉ်းစား​တွေးခေါ်​နိုင်၊ စကားပြော​ဆိုနိုင်၊ ဝတ်ပြု​ကိုးကွယ်​နိုင်သော ကျွန်ုပ်​တို့ သည် ထို​ထက်​ပို​၍ ပြုသင့်​သည်မဟုတ်​ပေ​လော။—ဗျာ. ၄:၁၁

၁၉:၇-၁၁ယေဟောဝါ​၏​တောင်းဆိုချက်​များသည် ကျွန်ုပ်​တို့အတွက် အလွန်​ပင်​အကျိုးရှိ​လှ​သည်။

၁၉:၁၂၊ ၁၃။ မှားယွင်း​ခြင်း​နှင့် ရောင့်တက်ခြင်း​တို့ကို ရှောင်သင့်​သည်။

၁၉:၁၄ကျွန်ုပ်​တို့၏​အပြုအမူကို​သာမက စဉ်းစား၊ ပြောဆို​သမျှ​ကို​ပါ ဂရုစိုက်​သင့်​သည်။

ကိုယ်တော်​သည် အကျွန်ုပ်၏​သမာဓိ​ကြောင့်​စောင်မ​တော်​မူ​၏’

(ဆာလံ ၂၅:၁–၄၁:၁၃)

ဤ​အပိုင်း​မှ ပထမဦးဆုံး​ဆာလံ​နှစ်​ပုဒ်​တွင် သမာဓိ​စောင့်သိ​ရန် ဒါဝိဒ်​၏​ပြင်းပြ​သော​စိတ်​နှင့် ခိုင်မာ​သော​သန္နိ​ဋ္ဌာန်​သည် ထူးခြား​လိုက်​လေ​ခြင်း။ “အကျွန်ုပ်​မူ​ကား ဖြောင့်မတ်ခြင်း​လမ်း​သို့ လိုက်ပါ​၏” ဟု​သူ​သီဆို​ခဲ့​သည်။ (ဆာလံ ၂၆:၁၁) သူ၏​အပြစ်​များ​ကို ခွင့်လွှတ်​ပါ​ရန် ဤသို့​ဆုတောင်း​ဝန်ခံခဲ့​သည်– “ငါသည် အပြစ်ကို မဖော်​မပြ​ဘဲ​နေစဉ်​အခါ တစ်နေ့လုံး​ညည်းတွား​သော​အားဖြင့် ငါ့​အရိုး​တို့သည် ဆွေးမြေ့​ခြင်း​သို့ ရောက်​ကြ​၏။” (ဆာလံ ၃၂:၃) ‘ထာဝရ​ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူတို့ကို ကြည့်ရှု​တော်​မူ​၏။ သူတို့​အော်ဟစ်သံ​ကိုလည်း နားထောင်​တော်​မူ​၏’ ဟူ၍ ဘုရားသခင်​အပေါ် တည်ကြည်သူ​တို့ကို ဒါဝိဒ်​စိတ်ချ​စေ​သည်။—ဆာလံ ၃၄:၁၅

ဆာလံ ၃၇ တွင်​ပါ​သော အကြံပြုချက်​သည် ဣသရေလလူ​တို့အတွက်​နှင့် ဤ​အစီအစဉ်​စနစ်​၏ နောက်ဆုံးသော​နေ့ရက်​များ​တွင် အသက်ရှင်နေ​သော ကျွန်ုပ်​တို့အတွက်​ပါ အလွန်​တန်ဖိုး​ရှိ​လေ​စွ။ (၂ တိမောသေ ၃:၁-၅) ယေရှု​ခရစ်​နှင့်​ပတ်သက်​၍ ဆာလံ ၄၀:၇၊ ၈ က ဤသို့​ပရောဖက်ပြု​သည်– “ကျမ်းစာလိပ်​၌ အကျွန်ုပ်​အား မှာ​ထား​တော်​မူ​သည့်​အတိုင်း ဆောင်ရွက်ရန် ရောက်လာ​ပါ​ပြီ။ အို  အကျွန်ုပ်၏​ဘုရားသခင် အလိုတော်ကို​ဆောင်ရွက်​ရာ​၌ အားရ​ဝမ်းမြောက်​ပါ​၏။ တရားတော်​သည်လည်း အကျွန်ုပ်​နှလုံး​ထဲမှာ​ရှိပါ၏။” ဤ​အပိုင်း​၏​နောက်ဆုံး​ဆာလံ​သည် ဗေသရှေဘ​နှင့် ဒါဝိဒ်​မှားယွင်း​ပြီး​နောက် စိတ်​ဆင်းရဲ​နေသည့်​နှစ်များ​အတွင်း ယေဟောဝါ​၏​ကူညီ​မစမှု​ကို တောင်းခံ​ခြင်း​အကြောင်း ဖြစ်သည်။ သူ ဤသို့​သီဆို​ခဲ့​၏– ‘ကိုယ်တော်​သည် အကျွန်ုပ်၏​သမာဓိ​ကြောင့် စောင်မ​တော်​မူ​၏။’—ဆာလံ ၄၁:၁၂က​ဘ။

ကျမ်းစာ​မေးခွန်းများ​၏​အဖြေ–

၂၆:၇—ကျွန်ုပ်​တို့သည် ဒါဝိဒ်​နည်းတူ ယေဟောဝါ​၏ ယဇ်​ပလ္လင်တော်​ကို ပုံဆောင်​သဘောဖြင့် မည်သို့ ဝန်းရံ​လျက်​နေနိုင်​မည်​နည်း။ ယဇ်​ပလ္လင်​သည် လူသား​တို့ကို​ရွေးနုတ်​ရန် ယေရှု​ခရစ်​၏ ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို လက်ခံခြင်း​ဖြစ်သော ဘုရားသခင့်​အလိုတော်ကို ပုံဆောင်​သည်။ (ဟေဗြဲ ၈:၅; ၁၀:၅-၁၀) ကျွန်ုပ်​တို့သည် ထို​ပူဇော်ရာ​ယဇ်ကို ယုံကြည်ခြင်း​အားဖြင့် ယေဟောဝါ​၏​ယဇ်ပလ္လင်ကို ဝန်းရံ​လျက်​နေနိုင်​ကြသည်။

၂၉:၃-၉ယေဟောဝါ​၏​အသံတော်​ကို ထိတ်လန့်ဖွယ် မိုးချုန်းသံ​နှင့်​ပုံခိုင်း​ခြင်း​က အဘယ်အရာကို ရုပ်လုံးဖော်​သနည်း။ ယေဟောဝါ​၏ စိုးရွံ့​ထိတ်လန့်ဖွယ်​တန်ခိုးတော်​ကို ရုပ်လုံးဖော်​ခြင်း​သာ​ဖြစ်သည်။

၃၃:၆—ယေဟောဝါ​၏ “နှုတ်​တော်​အသက်” ကား​အဘယ်နည်း။ ယင်းသည် ပကတိ​ကောင်းကင်​ကို​ဖန်ဆင်း​ရာ​တွင် အသုံးပြု​ခဲ့​သော ဘုရားသခင်​၏ တက်ကြွ​လှုပ်ရှား​သော​စွမ်းအား သို့​မဟုတ် သန့်ရှင်းသော​ဝိညာဉ်​တော်​ဖြစ်သည်။ (ကမ္ဘာဦး ၁:၁၊ ၂) နှုတ်​တော်​အသက်​ဟု​ခေါ်​ရခြင်း​မှာ ရပ်​ဝေး​ရှိ​အရာတို့ကို ပြီးမြောက်​စေနိုင်​သည့် နှုတ်ထွက်​စွမ်းအား​နှင့်​တူသော​ကြောင့်  ဖြစ်၏။

၃၅:၁၉သမ္မာ—မိမိကို​မုန်း​သော​သူတို့သည် မျက်​ရိပ်​ပြ​ခြင်း​ကို  မပြု​ကြ​ပါစေ​နှင့်​ဟု ဒါဝိဒ် အဘယ်ကြောင့် တောင်းဆို​ခဲ့​သနည်း။ မျက်​ရိပ်​ပြ​ခြင်း​ဆို​သည်​မှာ ရန်သူများ​က ဒါဝိဒ်​ကို​ဆန့်ကျင်​၍ မလိုမုန်းထား​စိတ်ဖြင့်​ပြုသော အကြံအစည်​များသည် အထမြောက်​သောကြောင့် ကျေနပ်​အားရ​နေခြင်း​ကို ဖော်ပြ​သည်။ ယင်း​သို့​မဖြစ်စေ​ရန် ဒါဝိဒ်​တောင်းဆို​နေခြင်း​ဖြစ်၏။

ကျွန်ုပ်​တို့ အတွက် သင်ခန်းစာ–

၂၆:၄အင်တာနက်​စကားဝိုင်း​များ​တွင် မိမိတို့​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အသိ​မပေး​သူများ၊ ကျောင်း​နှင့်​အလုပ်ခွင်​တွင် မရိုးမသား​စိတ်ဖြင့် မိတ်ဆွေ​ဟန်ဆောင်​သူများ၊ စိတ်ရင်းမှန်​ဟန်ဆောင်​သော အယူဖောက်ပြန်သူ​များ၊ နှစ်​ဘဝ​စံ​သူများ​နှင့် မပေါင်းသင်း​ပါ​က ပညာရှိရာ​ရောက်​သည်။

၂၆:၇၊ ၁၂; ၃၅:၁၈; ၄၀:၉ကျွန်ုပ်​တို့သည် ခရစ်ယာန်​အစည်းအဝေး​များ​တွင် ယေဟောဝါ​အား လူအများရှေ့ ချီးမွမ်း​ကြ​ရမည်။

၂၆:၈; ၂၇:၄ခရစ်ယာန်​အစည်းအဝေး​များ တက်​ရသည်ကို ကျွန်ုပ်​တို့​ပျော်မွေ့​ကြ​သလော။

၂၆:၁၁ဒါဝိဒ်​သည် သမာဓိ​စောင့်သိ​ရန် သန္နိ​ဋ္ဌာန်​ချထား​ကြောင်း​ဖော်ပြ​စဉ် သူ့ကို ရွေးနုတ်​ပေး​ပါ​ရန် အသနားခံ​ခဲ့​သည်။ မှန်ပါသည်၊ ကျွန်ုပ်​တို့ မစုံလင်​ကြသော်လည်း သမာဓိ​စောင့်သိ​နိုင်​ကြ​၏။

၂၉:၁၀ယေဟောဝါ​သည် “မိုးသက်မုန်တိုင်း” ပေါ်မှာ ထိုင်​တော်​မူ​ခြင်း​က ကိုယ်တော်​သည် မိမိ၏​တန်ခိုးတော်​ကို အပြည့်အဝ​ထိန်းချုပ်​ထား​ကြောင်း ဖော်ပြ​သည်။

၃၀:၅ယေဟောဝါ​၏​အဓိက​အရည်အသွေး​မှာ မေတ္တာ​ဖြစ်၏။ အမျက်တော်​မဟုတ်ပေ။

၃၂:၈၊ ၉ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ဇ​က်​ကြိုး​ဖြင့်​ဆွဲ​မှ သို့​မဟုတ် နှင်​တံ​သုံး​မှ နာခံ​တတ်သော မြည်း​လား​ကဲ့သို့ မဖြစ်စေ​လို​ပါ။ ယင်းအစား ကိုယ်တော်​၏​အလိုတော်ကို သိ​နားလည်​သောကြောင့် ကိုယ်တော်​အား နာခံမှု​ပြ​စေ​လို​သည်။

၃၃:၁၇-၁၉လူ​ဖန်တီး​သော အစီအစဉ်​မှန်သမျှ မည်မျှ​ပင်​သြဇာ​ရှိပါစေ ကျွန်ုပ်​တို့ကို မ​ကယ်တင်​နိုင်​ပါ။ ယေဟောဝါ​နှင့် ကိုယ်တော်​၏​နိုင်ငံတော်​ကို​သာ ယုံကြည်​ကိုးစား​ကြ​ရမည်။

၃၄:၁၀ယင်းသည် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေးဦး​ထား​သူတို့​အတွက် အမှန်တကယ်​အားရှိစရာ​ပင်။

၃၉:၁၊ ၂မတရားသော​သူများ​က ကျွန်ုပ်​တို့​နှင့်​ယုံကြည်ခြင်း​တူ​သူများကို အန္တရာယ်​ပြု​ရန် သတင်းထောက်​လှမ်း​သည့်​အခါ ကျွန်ုပ်​တို့သည် “ကိုယ်​နှုတ်​ကို​ချည်နှောင်” ၍ နှုတ်ဆိတ်​နေခြင်း​က ပညာရှိရာ​ရောက်​သည်။

၄၀:၁၊ ၂ယေဟောဝါ​အား မျှော်လင့်ခြင်းသည် ‘ပျက်စီး​ရာ​တွင်း​နှင့် အလွန်​ဆိုးသော​ရွှံ့​ထဲ​က ဆယ်​နုတ်’ ခံရ​သကဲ့သို့ စိတ်ဓာတ်ကျ​ဆင်း​မှု​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်​စေ​သည်။

၄၀:၅၊ ၁၂ကျွန်ုပ်​တို့၏​ကောင်းချီး​များသည် “ရေတွက်​၍​မကုန်နိုင်​အောင် များ​လှ” ကြောင်း အမြဲ​အမှတ်ရနေ​ပါ​က ဘေးဆိုးများ၊ ချွတ်ယွင်းချက်​များ မည်မျှ​ပင်​များပြားနေ​ပါစေ ကျွန်ုပ်​တို့ သောကရောက်​နေ​မည်​မဟုတ်ပေ။

“ယေဟောဝါ​သည် မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း”

ဤ​ဆာလံ ၄၁ ပုဒ်​သည် အလွန်​အားရစရာ  ကောင်း​လိုက်​လေ​ခြင်း။  ကျွန်ုပ်​တို့သည် စမ်းသပ်မှု​များ​ခံ​နေရ​သည်​ဖြစ်စေ၊ ကိုယ့်​ကိုယ်ကို​သိသောစိတ် မကြည်လင်​သည်​ဖြစ်စေ ဘုရားသခင်​၏​တန်ခိုး​ပါ​သော ဤ​ကျမ်း​များ​မှ  ခွန်အား​ရရှိနိုင်​သည်။ (ဟေဗြဲ ၄:၁၂) ဤ​ဆာလံကျမ်း​များ​တွင် အသက်တာ​အတွက် လမ်းညွှန်ချက်​ကောင်း​များ  ပါရှိ​သည်။ ကျွန်ုပ်​တို့သည် မည်သည့်​အခက်အခဲ​ပင် ကြုံတွေ့​နေရ​ပါစေ ကျွန်ုပ်​တို့ကို ယေဟောဝါ​စွန့်ပစ်​မည်​မဟုတ်​ကြောင်း ထပ်တလဲလဲ​အာမခံ​ထား​သည်။

ဆာလံကျမ်း​၏  ဤ​ပထမ​အပိုင်း​ကို အောက်ပါ​စကား​များ​ဖြင့် နိဂုံး​ချုပ်​ထား​သည်– ‘ဣသရေလ​လူမျိုး၏​ဘုရားသခင် ယေဟောဝါ​သည် ကမ္ဘာ​အဆက်ဆက် မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း။ အာမင်​နှင့်​အာမင်။’ (ဆာလံ ၄၁:၁၃) ၎င်းတို့ကို​သုံးသပ်​ပြီး​နောက် ယေဟောဝါ​အား ချီးမွမ်း​ရန် ကျွန်ုပ်​တို့ လှုံ့ဆော်​ခံရ​သည်မဟုတ်​ပေ​လော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဆာလံ ၂ သည် ဒါဝိဒ်​ခေတ်တွင် ပထမ​အကြိမ်​ပြည့်စုံ​ခဲ့​သည်။

[စာမျက်နှာ ၁၉ ပါ အကျဉ်း​ဖော်ပြချက်]

သက်မဲ့​ဖန်ဆင်း​ရာ​များ​ပင် ယေဟောဝါ​၏​ဘုန်းတော်​ကို ကြား​ပြော​ကြ​လျှင် ကျွန်ုပ်​တို့သည် ထို​ထက်​ပို​၍ ပြုသင့်​သည်မဟုတ်​လော

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ပထမ​ပိုင်း ဆာလံ ၄၁ ပုဒ်​မှ အများစုကို ဒါဝိဒ်​ရေးစပ်​ခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အဘယ်​ဆာလံ​က ယေဟောဝါ​အား ကြီးမြတ်သော​သိုးထိန်းရှင်​အဖြစ် ပုံဖော်​ထား​ကြောင်း သိပါသလော

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဝိညာဉ်​ရေးရာ​များ​ကို​တွေးတော​ဆင်ခြင်ခြင်း​မပြု​ဘဲ​နေသည့် နေ့ရက်​တစ်ရက်​မျှ မရှိစေ​ပါ​နှင့်

[Picture Credit Line on page 17]

Stars: Courtesy United States Naval Observatory

[Picture Credit Line on page 19]

Stars, pages 18 and 19: Courtesy United States Naval Observatory

[Picture Credit Line on page 20]

Stars: Courtesy United States Naval Observatory